Apollo's dream constellation

Apollo's dream constellation

ဘုရားကအနုပညာကို
တားမြစ်တော်မူပါတယ်

ငါ့မှာ
ဘုရားတားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ ချစ်ခဲ့ရ ။

-အောင်ချိမ့်

06/11/2024

❝ မြေစာမြက်များအကြောင်း ❞

( ၁ )

စစ်ဗုံရိုက်သံတွေအကြား
စစ်သားရုပ်များနဲ့အတူ
ကလေးအရုပ်ကလေးတစ်ခုပါနေတယ်။

အရာခပ်သိမ်းသော
ဆုံးရှုံးမှုရင်ခုန်သံများအကြား
သူတို့ဟာ
မိဘမဲ့များအဖြစ်
မျက်နှာကပ် ငိုစရာမရှိတဲ့အခါ
စစ်ကရေးတဲ့ ကဗျာတစ်ပုဒ်ဟာ
ကမ္ဘာကို တုန်လှုပ်သွားစေတယ်။

ယုံကြည်မှုနဲ့ ချစ်ခြင်းတရားဟာ
စစ်လေယာဥ်တွေ အကြားမှာ
ယမ်းငွေတွေနဲ့အတူ
ဝေဝါး ပျောက်ကွယ်သွားလို့။

ကလေးတွေရဲ့ အိမ်ပြန်ချိန်ရောက်ပြီ
သူတို့ကို အိမ်ပြန်စေမယ်၊
အိမ်ပြန်ပို့ပါဆိုတော့
စစ်ကြီးကပြောတယ်
ငါ သူတို့ကို ခေါ်ထားမယ်တဲ့။

ကလေးတစ်ယောက်ရဲ့
ရင်ခုန်သံဟာ၊
သူကြိုက်တဲ့
ကစားစရာနဲ့ မုန့်တွေဘဲ
လက်ထဲက သေနတ်မဟုတ်ဘူး၊
ကိုယ်တိုင်မဟုတ်တဲ့ ကိုယ်ပိုင်ဘဝ
ပျောက်ဆုံးခဲ့တာ ဘာကြောင့်လဲ။

ပန်းကလေးတွေရဲ့ နှလုံးသားကို
လက်လွတ်မိတဲ့အခါ
ကမ္ဘာကြီးရဲ့ သံသရာမှာ
မေတ္တာတရားဟာ
ချစ်ခြင်းနှင့်အတူ
သမိုင်းထဲက
ဖျောက်ဖျက်ခြင်း ခံရလိမ့်မယ်။

စာနာစိတ်နဲ့ ကိုယ်ချင်စာတရားဟာ
သေနတ်ဒဏ်ရာဗလပွနဲ့ သွေးအိုင်ထဲလဲလို့။

လူသတ်လက်နက်ဟာ
ရေပြွတ်တစ်လက် ဖြစ်လာတဲ့အခါ
ကျည်ဆံတွေဟာ
ပန်းတွေဖြစ်တဲ့အခါမှသာ
မေတ္တာသက္ကရာဇ်ရဲ့ ပြက္ခဒိန်ကို
အနာဂတ်မှာ သူတို့ရေးဆွဲနိုင်လိမ့်မယ်။

# ခက်လွင်

05/11/2024

❝ ဒီနိုင်ငံကြီးဖျားနေတယ် ❞

ကွန်မြူနစ်ကဗျာဆိုလို့
ငါစိတ်ပါလက်ပါ
ဖတ်မိတာပါကွာ။

မင်းခြင်ထောင်ထဲက တိုက်ပွဲက၊
လားရှိုးကလူတွေရဲ့
သေပွဲတွေလောက်၊
စိတ်မချမ်းမြေ့စရာလဲ မတွေ့ပါလား။

ငါကိုယ်တိုင်
အပ်နဲ့ ထိုးဖောက်ထားတဲ့
တစ်ခါသုံး အဖော်ကို
ငါပြန်သုံးမိတာ သိလိုက်ရသလိုဘဲ၊

❝ တကယ်က
နိုင်ငံရေးဆိုတာ
ပန်းဆိုးတန်းက ပေါင်တံလှလှ
မိန်းမတစ်ယောက်လောက်မှ
လူငယ်တွေကို
မဆွဲဆောင်နိုင်သေးတာ ❞

ဒီခေတ်ဆိုးကြီးထဲ
မင်းရင်ဝကို
ဆူးနဲ့အစိုက်မခံရခင်အထိတော့
မင်းရှင်သန်နေရအုံးမှာပါဘဲ။

ငါလဲ အတူတူဘဲကိုယ့်လူ
ရွှေပြည်အေးတရားတွေ၊
Raggaeသီချင်းတွေနဲ့
ဒီနိုင်င်ငံကြီးနေကောင်းဖို့
ဒရစ်ချိတ်လို့ မရတော့ဘူး။

အော်ပရေးရှင်းခန်းထဲ
ဒီနိုင်ငံကြီးကိုထည့်ပြီး
ခွဲသင့် ခွဲ၊ စိပ်သင့် စိပ်ရတော့မှာဘဲ
မတတ်နိုင်တော့ဘူးကိုယ့်လူရေ။

တိုင်းပြည်က
အတွင်းဆောင်မှာ
အမှောင်ကျနေတာကြာလှပေါ့
ခုတော့ ဒီနိုင်ငံကြီးဖျားနေလေရဲ့။
-ဆန်းမြင့်

04/11/2024

❝ ဥပေက္ခာ ❞

ကျုပ်ကိုယ်တိုင်က
ပြုတာမဟုတ်ခဲ့သော်ငြား
ကျုပ်ကိုပြုခြင်းခံခဲ့ရ။

ကျုပ်ဘော်ဒါ
ခက်လွင်ဆိုတဲ့
ကောင်ကတော့
ပြောရှာပါရဲ့၊
❝ မင်းက ထီလက်မှတ်မရှိဘဲ
ထီပေါက်ချင်တဲ့ကောင် ❞ တဲ့။

❝ ဟုတ်တယ် ❞
ကျုပ်ဟာ
ထီပေါက်စဥ်စာရွက်ကို
အသည်းအမဲဖတ်ပြီး
ဒီလအတွက်
ထီမထိုးရသေးတာကို
မေ့ခဲ့တဲ့ကောင်ဘဲ။

-ဆန်းမြင့်

04/11/2024

သူ နဲ့ ကျနော်
လက်ထက်တဲ့နေ့
လကမ္ဘာကို ဟန်းနီးမွန်းသွားမယ်။

သံဃာကျောင်းတိုက်အကုန်
ဆွမ်းလောင်းမယ်၊
မိဘမဲ့ကလေးတွေရှင်ပြုမယ်။

ချို့တဲ့သူများ လာပါ၊
ထိုင်ပါ၊စားပါ၊သောက်ပါ
ဒါနပြုတဲ့ မင်္ဂလာရက်မြတ်အလှူ၊
ထီလက်မှတ်မရှိဘဲ ထီပေါက်ချင်သူ။


# ခက်လွင်

03/11/2024

❝ ခင်ခင်ပျိုရေ စောင့်ခဲ့တယ် ❞

#အောင်ချိမ့်
ကဗျာအတွဲ - (၂ဝ) ပုဒ်။

၁။ ခင်ခင်ပျိုရေ

ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇဝါပန်းများ မွှေးခဲ့လို့
ငါ့စိတ် ထိန်းနိုင်ခဲ့
မိုးတဖြောက်ဖြောက် နေ့တွေ ကုန်လွန်နိုင်ခဲ့ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

မဖြောင့်ဖြူးခြင်း အချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ် ။
ခင်ခင်ပျိုရေ ၊ စောင့်ခဲ့တယ် ။ ။

၂။ ခင်ခင်ပျိုရေ ငါ့ဘဝသမိုင်းတစ်လျှောက်

ဂူကြီးထဲမှ မီးတုတ်ကိုင် ထွက်လာသလို
ငါ စောင့်ခဲ့တယ် ။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်း မြန်တတ်တယ် ။
မီးရထား ဘူတာရုံမှာ ရထားစောင့်သလို
ငါ စောင့်ခဲ့တယ် ။

‘ ပါမလာဘူးလား
မပါလာဘူးလား ’
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၃။ ခင်ခင်ပျိုရေ မှတ်တမ်းတစ်ရွက်

မိုးညို့ညို့အောက် ဖြတ်လျှောက်ခဲ့ပြီး
မှောင်ခဲ့တယ် ။
တံတားအောက် ဖြတ်လျှောက်ပြီး
မှောင်ခဲ့တယ် ။
မှောင်ခဲ့တယ် ၊ မှောင်ခဲ့တယ်
မှောင်ခဲ့တယ် ။
ငါဟာလည်း ဘာမို့လဲ
မှောင်ခဲ့တယ် ။
အဝီစိက ခုမှ တက်လာသလို
မှောင်ခဲ့တယ် ။
ငါ့ကိုယ်မှာ အဲဒီ အမှောင်နံ့စွဲလို့
ဒီဘဝမှာ ဒီမှာ မင်း ကိုယ်နံ့ကို ငါ တောင့်တလို့ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၄။ ခင်ခင်ပျိုရေ ပိုကောင်းတဲ့ကဗျာ

ထင်မြင်ချက်များ ၊ မှတ်ချက်များ
ငါ့မျက်နှာနဲ့ တူခဲ့တယ် ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။
အရောင်ပိုတဲ့ ကောင်းကင်
ပိုကောင်းတဲ့ ကဗျာ
ပိုကောင်းတဲ့ ဘဝ
ငါက ဟိုလူ့ပြောပြ ဒီလူ့ပြောပြ ။
မိန်းကလေးရေ . . . ၊ အလုပ်တွေ များနေသလား ။
မုန့်ဟင်းခါး တစ်ပန်းကန် အတွက်လည်း
ကျေးဇူးပါပဲ ။
နှင်းတောထဲ ရောက်နေသူထံ
ကျောက်မီးသွေး ပို့ဖို့ဆိုတာ
ကောင်းပါတယ်
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၅။ ခင်ခင်ပျိုရေ ငါ့အကြောင်း

ငါတို့ နေနေသော နေ့ရက်များဟာ
အံ့သြစရာ ။
အလိုမပြည့်ရင်းနဲ့
ထပ်၍ ထပ်၍ အလိုရှိခဲ့ကြ ။
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ ။
ပြီး ၊ ဒါ ဟုတ်ရဲ့လား
ပြီး ၊ ဘာတွေဖြစ်လာမလဲ ။
အချစ်ဆိုတာမှာပဲ
နစ်နာစရာ ရှိလာတယ် ။
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ် ။
တက်တူးထိုးဖို့ လိုဦးမလား !
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၆။ ခင်ခင်ပျိုရေ မပြီးသေးသောပန်းချီကား

ဘယ်လမ်းမှ မရွေးဘဲ
ဒီလမ်းပဲ ရွေးခဲ့တယ် ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

အမိဝမ်းက လာခဲ့တယ်
ကျောင်းသွားခဲ့တယ်
အလုပ်လုပ်ခဲ့တယ်
အလုပ်ရှုပ်ခဲ့တယ် ။
ဒါပေမဲ့ အလုပ်မပြီးသေးဘူး
အလုပ် မပြီးသေးဘူး ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၇။ ခင်ခင်ပျိုရေ ခေတ်အဆက်ဆက်မေတ္တာဖြင့်

ငါ့ကို မျက်မှန်တပ်လိုက်ရင်
သူ့ကို မျက်မှန်ချွတ်လိုက်ရင်
ငါတို့နှစ်ယောက်ဟာ
တူလွန်းလေစွ ။
မင်းနဲ့ငါ
တူလွန်းလေစွ ။
ပါလာသည့် ကောင်းမှု ၊ မကောင်းမှု
တူလွန်းလေစွ ။
ဒါကြောင့်သာ ဒီသံသရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြ ။

ဆုံတွေ့ဖို့
တကယ် လိုခဲ့ကြ ။
ခင်ခင်ပျိုရေ
ငါတို့ တူလွန်းလေစွ ။
အခက်အခဲတွေ
ခက်ခဲခဲ့ကြ ။
တကယ် မခက်ဘဲ
ခက်ခဲခဲ့ကြ ။
တကယ် ခက်၍လည်း
ခက်ခဲခဲ့ကြ ။
အဲဒီမှာ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၈။ ခင်ခင်ပျိုရေ ငါတို့အနီးမှာ

တစ်ပုဒ်မှ နောက်တစ်ပုဒ်သို့
အနုပညာ တစ်ခုမှ နောက်တစ်ခုသို့
‘ ဝ ’ မှ ‘ ၁ ’ နှင့် ‘ ၂ ’ သို့
‘ ၃ ’ နှင့် ‘ ၄ ’ သို့ ။
၎င်းကဲ့သို့
ငါ စောင့်လို့ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ချောင်းအတန်တန်ခြား
ခရီးအတန်တန်ခြား
အကန့်အတန်တန်ခြား
ကမ္ဘာအတန်တန်ခြား
ဘယ်ကမ္ဘာ ရောက်သွားသွား
ငါတို့ အနီးမှာ
ငါတို့ ရှိခဲ့ကြ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၉။ ခင်ခင်ပျိုရေ ဒီလိုအချိန်တွေ

ရှုခင်းတွေ ကုန်သွားပြီလား
ရှုခင်းတွေ ကုန်သွားမှာလား
ရုပ်ရှင်တွေ ကုန်သွားမှာလား
သီချင်းတွေ ကုန်သွားမှာလား
ဘဝတွေ ကုန်သွားမှာလား
နေ့စဉ် တက်တက်ကြွကြွ ရုံးသွားတဲ့ ရုံးစာရေးများ
ကုန်သွားမှာလား
ငါ့လက်ဖက်ရည်တစ်ခွက် မကုန်ခင် ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ရှုခင်းတွေ မကုန်နိုင်ဘူး မဟုတ်လား
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
မကုန်ဘူး မဟုတ်လား
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
လာဦးမှာ မဟုတ်လား ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁ဝ။ ခင်ခင်ပျိုရေ ငါစောင့်ခဲ့ရ

ယနေ့ အမှား ဘယ်နှခုဟု
ယနေ့ အမှန် ဘယ်နှခုဟု
ဂရို့ချိုးခဲ့သလို
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ငါ စောင့်ခဲ့ရ . . .
ငါ စောင့်ခဲ့ရ ။
ငါ့အဖြေကို ငါ စောင့်ခဲ့ရ
ငါ့စာရင်းကို ငါ စောင့်ခဲ့ရ ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ ။ ။

၁၁။ ခင်ခင်ပျိုရေ ခေါ်ကြိမ်များ
အကြီးအကျယ် သင်္ဘောမှောက်ခဲ့တယ်
ရေကူးမတတ်ဘဲ ကူးခဲ့တယ်
ကမ်းမမြင် ငှက်မမြင် ပြင်ကျယ်ကြီးထဲ
ငါ မြုပ်တော့မယ် . . .
ဘယ်သူမှ မကြား
တစ်ယောက်နဲ့တစ်ယောက် မကြား ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

မင်း အစက်တစ်စက်
ငါ အစက်တစ်စက်
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၂။ ခင်ခင်ပျိုရေ ကဗျာတစ်ပုဒ်

အကောင်းတွေချည်း ကွက်ရေးဖို့
ငါ ဒီစာမျက်နှာမှာ စဉ်းစားတယ် ။

ငါ ရေးနေတာတွေ မကောင်းတွေမို့လား
ငါ စဉ်းစားခဲ့တယ် ။

အဲသလိုနဲ့ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၃။ ခင်ခင်ပျိုရေ ချောင်းကြည့်ပေါက်ကလေး

မလိုလို့လည်း မရ
လိုလို့လည်း မရ
အနုပညာနဲ့ နေ့စဉ် ငါ နေခဲ့သလို ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ပလက်ဖောင်း အကျယ်ကြီးနဲ့ ငါတို့ မြို့ရဲ့လမ်း
မရှိတော့ပြီ ။
ကုက္ကိုပင် အကြီးကြီးတွေ
မရှိတော့ပြီ ။
ချောင်းကြည့်ပေါက်ကလေး တစ်ပေါက်ရှိတဲ့ အထပ်ခိုးလေး
မရှိတော့ပြီ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။
ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ်
မရှိတော့ပြီ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၄။ ခင်ခင်ပျိုရေ အသက်ရှူငွေ့များ
ဓာတ်ကြိုးတန်းပေါ် ခိုတွေသီးလို့
သစ်သားအိမ်ကလေးရှေ့ ရောင်စုံပူဖောင်းတွေ လွင့်လို့
ရပ်ကွက်ကလေးဟာ အသက်ဝင်လာလို့
လူတွေ အသက်ဝင်လာလို့ ။
သွားကြ ၊ လာကြ
ကြံကြ ၊ ရှာကြ ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ဒီလို တစ်နေ့ဟာ
တစ်နေ့ပြီး တစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီး တစ်ကွေ့
ငါတို့ဟာ တစ်ရွေ့ပြီး တစ်ရွေ့
ငါတို့ဟာ တငွေ့ငွေ့ ။

ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၅။ ခင်ခင်ပျိုရေ သီချင်းတစ်ပုဒ်

သီချင်းတွေဟာ အမြဲပဲ
စီးဆင်းနေခဲ့ကြ
သီချင်းက
တစ်ယောက်တည်းနဲ့လည်း ညည်းလို့ရတယ် မဟုတ်လား ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

သီချင်းတစ်ပုဒ်လောက်ဖြစ်စေ
ငါ ဆိုခဲ့ချင်ပါတယ် ။
သီချင်းတစ်ပုဒ်ပဲ ဖြစ်စေ
ငါ တတ်နိုင်ခဲ့ချင်ပါတယ် ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၆။ ခင်ခင်ပျိုရေ မင်းပြောပြရလိမ့်မယ်

ကိုယ်လည်း ဒီမျှ
သူလည်း ဒီမျှ
ဝေစုအညီ ရကြသလို
ဒုက္ခဆိုလည်း ဒုက္ခ ၊ ပျော်ရွှင်မှုဆိုလည်း ပျော်ရွှင်မှု
အမှန်တရားကိုလည်း ညီတူညီမျှ
မယူချင် မရ
ယူချင် ရရဲ့ ။
ခင်ခင်ပျိုရေ
ယူချင်သော် ရရဲ့ ။

ငါ့မှာက ရ မရ
မင်း ပြောပြရလိမ့်မယ် ။
နှစ်များ များခဲ့တောင်မှ
မင်း ပြောပြရလိမ့်မယ် ။
နှလုံးသားနဲ့ တွေ့တဲ့အမှန်
မင်း ပြောပြရလိမ့်မယ်
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၇။ ခင်ခင်ပျိုရေ အားနာပါတယ်မိန်းကလေးရယ်
ကိုယ့်ရှိတာလေး ပါမသွားအောင်
သတိ ဝီရိယနဲ့ပေါ့
မများပါဘူး
ကိုယ့်ရှိတာလေး ပါမသွားအောင် ။

ခင်ခင်ပျိုရေ
မများပါဘူး ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

အားနာပါတယ် မိန်းကလေးရယ်
သတိ ဝီရိယနဲ့ပေါ့ ။
ခင်ခင်ပျိုရေ ငါ စောင့်ခဲ့တယ် ။ ။

၁၈။ ခင်ခင်ပျိုရေ အဖော်ကွဲသူ

ကိုယ့်အိမ်မှာ
ကိုယ့်အိပ်ရာ ရှိလိမ့် ။
ကိုယ့်အိပ်ရာမှာ
ကိုယ် ရှိပါလိမ့် ။

အူကြောင်ကြောင် ရှင်ဖူး
ထ ပျံသန်းဖူး
ဖူးယောင်ဖူး
ငါဟာ အရူးတစ်ပိုင်း ကပြ ။
ပြီးတော့ ၊ အဖော်ကွဲ
တစ်ယောက်တည်း အိမ်ပြန်ကြ ။

အဖြစ်အပျက်က အရှင်းကြီး
ငါတို့က မရှင်းခဲ့ပုံပါ ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၁၉။ ခင်ခင်ပျိုရေ ကသစ်ပန်းတွေပွင့်ပေါ့

ကဗျာဆရာယောင် ဆောင်ကာ
ငါ စောင့်ခဲ့တယ် ။
ရှုံးလို့ ရှုံးမှန်း မသိ
ငါ စောင့်ခဲ့တယ် ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။
နိစ္စဓူဝမှန်မှန်
နှစ်ဘဝနေ
နှစ်ခါသေသလို
ငါ စောင့်ခဲ့တယ် ။
ခင်ခင်ပျိုရေ ၊ ကသစ်ပန်းတွေ ပွင့်ပေါ့ ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။

၂ဝ။ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ် ။
မီးလျှံလို
ကြိုးတန်းမှာ လိမ်ညှစ်လှန်းထားတဲ့ အဝတ်လို
ပျောက်ဆုံးသော အရာလို
ငါ စောင့်ခဲ့တယ် ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ကိုယ်ကသာ ပြောစရာရှိပြီး
သူက ပြောစရာ မရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ် ။
ငါ စောင့်ခဲ့တယ် ။ ။

#အောင်ချိမ့်
အောင်ချိမ့်ကဗျာပေါင်းချုပ်

03/11/2024

ကျွန်တော်တို့ Apollo's dream constellation pageရဲ့အဓိကရည်ရွယ်ချက်ကတော့ရှင်းပါတယ်
adminတွေကိုယ်တိုင်ဖန်တီးထားတဲ့ကဗျာတွေ
တက်သစ်စလူငယ်တွေရဲ့ဖန်တီးမှုကဗျာတွေ ခေတ်အရွေ့နဲ့အညီပြောင်းလဲလာတဲ့ကဗျာအရွှေ့တွေနဲ့အတူ
ကဗျာရေးခြင်းကဗျာရွတ်ခြင်းစတာတွေအပြင်
တက်သစ်လူငယ်တွေအတွက်လမ်းစတစ်ခုဖြစ်စေမဲ့ကဗျာ့နှလုံးသားရပ်ဝန်းလေးတစ်ခုအနေနဲ့စတင်လိုက်တာဘဲဖြစ်ပါတယ်ဗျာ။

's dream constellation admin team

Telephone

Website