Professional Lecturer Dr. Sandi Win - Generate Ideas

Professional Lecturer Dr. Sandi Win - Generate Ideas

Our Mission
To generate Ideas!! Our Vision
To be a better community!! Our Slogan
Boost to better l

05/12/2023
30/11/2023

GPA ( Goal, Plan, Action..)

ဒီရက်ပိုင်းခေါင်းထဲရောက်နေတာကတော့ အစီအစဉ်ရေးဆွဲခြင်းအကြောင်းပါပဲ… ပလန်မရှိရင်ပက်လက်လန်တယ်ဆိုတဲ့စကားလဲရှိတယ်မလား… အစီအစဉ်မရှိလိုကတော့ဘာပဲလုပ်လုပ်ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့အချိန်တွေသာကုန်ပြီးအလုပ်မပြီးဖြစ်တတ်ပါသည်။

ရလဒ်မထွက်ပဲအကြောင်းပြချက်တွေပဲပေးနေတဲ့သူတွေအတွက်နေရာကောင်းမရနိုင်ပါ။
တွဲဖက်လုပ်ကိုင်သူတွေအတွက်လဲစိတ်ပျက်မှု့ကိုခံစားရနိုင်ပါသည်။

အစီစဉ်မဆွဲခင်သေချာပေါက်ရှိရမည်အရာကတော့တိကျတဲ့ပန်းတိုင်ပါပဲရှင်…. တိကျတဲ့ပန်းတိုင်မရှိပဲဖြစ်ခြင်ရာဖြစ်ဆိုပြီးဆွဲထားတဲ့အစီအစဉ်ကနေတော့ဖြစ်ခြင်ရာဖြစ်နေတဲ့ရလဒ်တွေပဲထွက်မှာမို့ ရှင်းလင်းတိကျတဲ့ပန်းတိုင်ရှိဖို့အင်မတန်အရေးကြီးလှပါတယ်။

ဘာဖြစ်ခြင်တယ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့အဆင့်ပြီးရင်လက်တွေလုပ်ဆောင်ဖြစ်ဖို့ကလဲအရေးကြီးလှပါတယ်။ ပိန်ခြင်တယ်၊ လမ်းလျှောက်မယ်ဆိုပြီး ပြေးစက်ဘေးမှာအိပ်နေလို့မရပါဘူးရှင်။

ပန်းတိုင်ရယ်၊ အစီစဉ်ရယ်၊ လက်တွေ့လုပ်ဆောင်ချက်ရယ် ချက်ကျလက်ကျအလုပ်လုပ်မှာရောက်ခြင်တဲ့ပန်းတိုင်ကိုရောက်မှာဖြစ်ပါတယ်။

အခက်ဆုံးကတော့လက်တွေ့လုပ်ဆောင်ဖို့ပါပဲ။
ဖြစ်ခြင်တာလဲလွယ်တယ်၊ အစီစဉ်ဆွဲတာကလဲလွယ်တယ်၊ အမှန်တကယ်လုပ်ဆောင်ရတော့မယ်ဆိုလျှင်စွန့်လွှတ်ရတာတွေ၊ နဂိုအတိုင်းမဟုတ်တာတွေ၊ မသက်သာမှု့တွေစတင်ခံစားရင်ဆိုင်ရပါပြီ။
ဒီအခါမှာအရေးကြီးတာကတော့ပြင်းပြတဲ့စိတ်ဆန္ဒပါပဲ။
‘ဆန္ဒကိတ္တောမသမ္ပစတိ ‘ဆိုတဲ့စကားအတိုင်းပဲ ပြင်းပြသောစိတ်ဆန္ဒရှိသောအရာတိုင်းပြီးပြည့်စုံ၏ဆိုတဲ့စကားအတိုင်းပါပဲ…. မိမိဖြစ်ခြင်သောအရာအပေါ်ထားရှိသောစိတ်ပြင်းပြမှု့အချိူးအတိုင်းရလဒ်အောင်မြင်မှု့ရရှိမှာဖြစ်ပါတယ်…..

တစ်ခုခုဖြစ်ခြင်တာမဖြစ်သေးရင်ဖြစ်ဖို့အစွမ်းကုန်အားထုတ်ပြီးပြီးလားဆိုတာဆန်းစစ်ကြည့်ရမှာပါ။ လူတွေဟာအများအားဖြင့်ဖြစ်ခြင်တာသာပြောပြီးအားထုတ်မှု့မှာအားမပါပေ။ထို့ကြောင့်ရလဒ်တွေကလဲပီပီပြင်ပြင်မရှိပါပေ။……

ခြုံငုံပြောရရင်ဖြင့် ဖြစ်ခြင်တာလဲသေချာရှိရမည်။ဖြစ်ဖို့လဲအစီစဉ်ဆွဲရမည်။
လက်တွေ့လဲလုပ်ဆောင်ရမည်။
ဖြစ်ခြင်စိတ်လဲပြင်းပြရမည်။
ဤလေးချက်သာပြည့်စုံလျှင်မဖြစ်နိုင်သောအရာမရှိပါပေ။

အမှန်တကယ်ဖြစ်ခြင်သောအရာမျာလျှင်လျှင်မြန်မြန်ချောချောမွေ့မွေ့ပြီးမြောက်ကြပါစေရှင်

ချစ်တဲ့

တီချယ်

မနက်ခင်း ၁၀:၅၉မိနစ်

၃၀-၁၁-၂၀၂၃

ကြာသာပတေးနေ့

15/11/2023

ဒီနေ့ညပါရှင်

26/10/2023

ဒီ page မှာရေးထားသမျှထဲက တီချယ့်ဆောင်းပါး တစ်ပုဒ်ကိုရွေးခြယ်ပြီးသုံးသပ်ချက် ရေးပေးပါနော်…. Post တင်ပြီး tag ပေးပါ။
အကောင်းဆုံး ၃ ယောက်ကို သီတင်းကျွတ်လပြည့်နေ့မှာလက်ဆောင်ပေးမှာဖြစ်ပါတယ်….

26/10/2023

‘ဝန်ဆောင်ခ……’

လူတွေဟာပိုမိုကောင်းမွန်တဲ့ဘဝနေထိုင်မှု့ကိုနှစ်သက်ကြပါတယ်၊ ပိုသက်သာခြင်တယ်၊ ပိုလှခြင်တယ်၊ ပိုလွယ်ခြင်တယ်၊ ပိုမြန်ခြင်တယ်၊ အသက်ရှည်ကျန်းမာခြင်တယ်၊ ပိုဂရုစိုက်ခံခြင်ကြတယ်ဆိုတာ သဘာဝအမှန်ပါပဲ…..

လူတွေရဲ့လိုအပ်ချက်နဲ့ဆန္ဒကိုဖြည့်ပေးဖို့စီးပွါးရေးလုပ်ငန်းတွေကလဲဝန်ဆောင်မှု့တွေအပြိုင်အဆိုင်ပေးပြီး၊ ဝန်ဆောင်ခတွေလဲကျသင့်သလောက်ယူကြပါတယ်…..

ဖရဲသီးဖျော်ရည်တခွက်ကို ၄ထောင်ပေးရတဲ့ sky bar မှာ ဖရဲသီးတလုံးကို ၁၀၀၀၊ အိမ်မှာဖျော်ရင်တအိမ်လုံးသောက်ရတယ်လို့ကပ်သပ်ပြောလို့မရပါဘူး။
သပ်ရပ်လှပတဲ့အခင်းအကျင်း၊ စားပွဲပေါ်အရောက်အေးမြအရသာရှိတဲ့ဖျော်ရည်တခွက်၊ ဝန်ထမ်းများရဲ့ဝန်ဆောင်မှု့အတွက်ဒီလောက်တော့ပေးရမှာပါပဲ။

ဝန်ထမ်းရှာဖွေရေးဝန်ဆောင်မှု့လုပ်ငန်းတွေပေါ်ခါစက မိတ်ဆွေလုပ်ငန်းရှင်တယောက်က သတင်းစာမှာကြော်ငြာထည့်ပြီးမိမိဖာသာခေါ်မည်၊ ကုန်ကျစရိတ်သက်သာတယ်လို့ပြောဖူးပါတယ်။ တကယ်တမ်းခေါ်တော့ တနေကုန် အလုပ်အပျက်၊ အကိုင်ပျက် CV လက်ခံရ၊ အင်တာဗျူးရ၊ မဆိုင်တာတွေ၊ ဆိုင်တာတွေတာဝန်ယူရနှင့် အလုပ်ပျက်ပြီး နောက်များတော့ကိုယ်တိုင်မခေါ်တော့ပါဘူးဖြစ်ဖူးသည်။

Phone bill နံပတ်တွေရိုက်ထည့်ရတဲ့အချိန်တုန်းက ကျမလဲအပျင်းထူပြီး ဆိုင်ရှင်ကိုရိုက်ထည့်ခိုင်းဖူးပါသည်။ ဆိုင်ရှင်က ထည့်ခ ၁၀၀ တောင်းတော့ ငြိုငြင်ပြီးမထည့်ခိုင်းပါ။ ကိုယ်တိုင်ထည့်တော့အချိန်ကြာ၊ နံပတ်မှားနှင့်စိတ်အနှောင့်အယှက်ဖြစ်ရတာ ၁၀၀ မကပါဘူး။ ကိုယ့်ရဲ့ဝန်ကိုဆောင်ပေးသူကိုဝန်ဆောင်ခပေးသင့်သည်ပဲမဟုတ်ပါလား…..

တချိူ့လုပ်ငန်းတွေကအပြိုင်အဆိုင်တအားများလာတဲ့အခါမှာ အခမဲ့ဝန်ဆောင်မှု့ဆိုတာတွေနှင့်စွဲဆောင်လာကြပါသည်။ ဝယ်ယူစားသုံးသူတွေကလဲအခမဲ့ရရှိတဲ့ဝန်ဆောင်မှု့တွေများလာတဲ့အခါမှာရပိုင်ခွင့်လို့ထင်လာကြပြီး ကျသင့်ခပေးရသောဝန်ဆောင်ခများပေးရသည်ကိုမပေးခြင်ကြတော့ပေ….

မာလာရှမ်းကောဆိုင်တစ်ဆိုင်ကပါဆယ်ဝယ်စားရင်ဗူးဖိုး ၅၀၀ အမြဲတောင်းလေ့ရှိပါသည်။ တခါတရံ ကသိကအောင့်ဖြစ်သလိုရှိပေမဲ့ ရောက်လာတော့လဲ ဗူးနဲ့၊ အပူထိန်းငွေစက္ကူနဲ့၊ တူ၊ ဟင်းရည်၊ အချဉ်တွေစုံစုံလင်လင်မြင်ရတဲ့အခါ၊ အိမ်အရောက်ငွေချေခွင့်ရတဲ့အရာတွေဟာ ကျေးဇူးတင်စရာပါပဲ……

အင်တာနက်ဝန်ဆောင်မှု့ပေးတဲ့ကုမ္ပဏီတွေမှာလဲဒီလိုပါပဲ၊ ဝန်ဆောင်မှု့တုံ့ပြန်ချိန်လျှင်မြန်မှု့အလိုက်ငွေကြေးပမာဏပေးဆောင်ရတာခြင်းမတူပါဘူး။ဟိုဖက်ကလဲကုန်ကျစရိတ်ခြင်းမတူတဲ့အခါရောင်းကြေးမတူတာအမှန်တရားပါပဲ…..

လေဆိပ်၊ ကားဂိတ်၊ ဘူတာရုံမှာ ပစ္စည်းသယ်ပေးတာလဲဝန်ဆောင်မှု့ပါပဲ…. သူတပါးရဲ့လုပ်အားဖြင့်ပေးသောဝန်ဆောင်မှု့ကိုယူပြီးရင်တော့ဝန်ဆောင်ခပေးဖို့မတွန့်ဆုတ်သင့်ပါပေ….

မိမိအိမ်အရောက်ပစ္စည်းလာပို့သောdelivery သမားများရဲ့ဝန်ဆောင်ခကိုလဲမှန်မှန်ကန်ကန်ပေးယုံသာမက ကျေးဇူးတောင်တင်ရအုံးမှာပါ…… မဟုတ်ရင နေပူထဲသွားရမယ်၊ အဝတ်လဲရမယ်၊ လမ်းကျပ်တဲ့ဒဏ်ခံရမယ်….. စသဖြင့်ပေါ့

ဝန်ဆောင်မှု့သည် လက်ဆုပ်လက်ကိုင်ပြစရာအရာဝတ္ထူမရရှိခြင်းကြောင့်ထင်သာမြင်သာမရှိပါ။
ဝယ်ယူစဉ်အချိန်အတွင်းတပြိုင်တည်းသုံးဆောင်ရပါသည်။ ဥပမာ ခရီးသွားသည့်အခါ အထူးတန်းခုံအတွက်ငွေပိုပေးရပေမဲ့ ခရီးစဉ်ပြီးဆုံးသောအခါ ယူဆောင်သွားလို့မရပါ။ ခရီးသွားနေစဉ်သာသက်သောင့်သက်သာရှိခြင်းဟုသောခံစားချက်ကိုပေးတာပါ။

စူပါမားကတ်ထဲကကန်စွန်းရွက်တန်ဖိုးနဲ့စျေးထဲကကန်စွန်းရွက်တန်ဖိုးလဲမတူတာဟာ ဝန်ဆောင်ခတွေပေါင်းထည့်ထားလို့ပါပဲ…. ဒါကိုအားနည်းချက်အနေနဲ့စျေးကြီးတယ်လို့ပြောလို့မရပါ။ သူ့တန်ဖိုးနှင့်သူမို့ပါလေ………

ဝန်ဆောင်မှု့တွေ​ပျော်ပျော်ကြီးသုံးပြီးဝန်ဆောင်ခတွေပျော်ပျော်ကြီးပေးကြပါစို့……

ချစ်တဲ့

တီချယ်

၂၆-၁၀-၂၀၂၃

မနက်ခင်း ၆:၄၅မိနစ်

ကြာသာပတေးနေ့

24/10/2023

‘ နေ’ နဲ့ ‘လ’

ဒီနေ့ပုံမှန်ခြောက်သွေ့ပြီးသိမ်းဆည်ရမဲ့အဝတ်တွေဟာမိုးအုံ့ပြီးမခြောက်ပါဘူး…. ကောင်းကင်မှာနေမင်းကြီးကိုရိပ်ရိပ်သာတွေ့ရပေမဲ့ထူထဲလှတဲ့မိုးတိမ်တွေကိုထွင်းဖောက်ပြီးအလင်းမပေးနိုင်ခဲ့ပါဘူး…. အဝတ်စိုတွေတရွှဲရွှဲနဲ့နေရတာအဆင်မပြေလှပါ……

နေ့စဉ်ပုံမှန်သာနေကြနေမင်းကြီးမမြင်ရတော့မှသူ့တန်ဖိုးတွေကိုစဉ်းစားမိပါတော့တယ်…

အေးမြတဲ့လမင်းကြီးဆိုပြီးတမ်းတကြ၊ သီချင်းတွေဆိုကြ၊နာမည်တွေပေးကြနဲ့ လမင်းကြီးဟာ လူသားတွေရဲ့နှုတ်ဖျားမှာရေပန်းစားလှပါတယ်…..

တကယ်တမ်းတော့ လမင်းကြီးဟာကိုယ်ပိုင်အလင်းရောင်မရှိပါဘူး၊ နေမင်းကြီးဆီကနေအလင်းယူပြီးပြန်ဖြန့်ပေးတာပါ.. နေမင်းကြီးဆီကနေပူလောင်ပြင်းရှတဲ့အလင်းရောင်ဟာ လမင်းကြီးဆီကနေတော့ အေးမြပြီးသာယာချမ်းမြေ့စေတဲ့အလင်းကိုပြန်ပေးပါတယ်…..

လမင်းဆီကနေ အမြဲတမ်းတူညီတဲ့အလင်းကိုမရကြပါဘူး… ဆန်းစလကအနည်းငယ်သောအလင်းကိုသာပေးပြီး တဖြေးဖြေးခြင်းအလင်းရောင်ကတိုးလာပြီး လပြည့်နေ့မှသာပြည့်ပြည့်ဝဝအလင်းကိုပေးတာပါ…..

လပြည့်ပြီးရင်လဲတဖြည့်ဖြည့်အလင်းပေးနိုင်မှု့ပုံစံပြောင်းသွားပြီးလုံးဝအလင်းမပေးတဲ့လကွယ်နေ့အထိဖြစ်ပါတယ်…. လမင်းကြီးလဲအားလပ်ရက်ယူတယ်တူပါရဲ့….

နေမင်းကြီးကတော့ အလင်းပေးမှု့ကော၊ ပုံစံကောဘယ်တော့မှမပြောင်းလဲပဲမနက်ရောက်ပြီဆိုတာနဲ့အာရုံအလင်းကစပြီးညနေဝင်တဲ့အချိန်အထိပေးနိုင်သမျှအလင်းအားနဲ့လောကကြီးကိုအလှဆင်ပေးသွားတာပါ…. အားလပ်ရက်၊ နားရက်လဲမရှိပါဘူး…. အမြဲတမ်းပြည့်ပြည့်ဝဝပါပဲ……

နေမင်းရဲ့တန်ဖိုးကိုတော့တခုပ်တရပြောလေ့၊ သီဆိုလေ့မရှိကြပါဘူး….. ပူလိုက်တာ၊ စူးလိုက်တာနဲ့စိတ်ပျက်စကားဆိုတာများပါတယ်……

နေမသာတဲ့နေ့တွေဆိုလျှော်ထားတဲ့အဝတ်တွေမခြောက်ပါဘူး၊ အနံ့အသက်တွေမကောင်းပါဘူး၊ အခြောက်လှမ်းရမဲ့သီးနှံတွေမခြောက်ပါဘူး…….. မရတော့မှတန်ဖိုးကိုသိပြီး နေပွင့်မှဖြစ်မှာဆိုပြီးပြောကြပါတယ်….

ရနေကြရနေရင်တန်ဖိုးကိုသတိမထားမိပဲ မိမိရဲ့ရပိုင်ခွင့်လိုပဲထင်တတ်ကြပါတယ်……
လောကလူသားတွေကလဲအတူတူပါပဲ…. အေးမြတဲ့အခါအေးမြလိုက်.. ပျောက်တဲ့အခါပျောက်လိုက်…. ရော့နည်းတဲ့အခါရော့နည်းလိုက်ရှိတဲ့ဆက်ဆံရေးတွေကိုတခုပ်တရတန်ဖိုးထားကြပေမဲ့…. နေမင်းကြီးကဲ့သို့အလင်းစွမ်းအားပြည့်ပြည့်အမြဲပေးတတ်သူတွေကိုမေ့နေတတ်ကြပါတယ်……
မိခင်မေတ္တာဘွဲ့တွေကဖခင်မေတ္တာဘွဲ့တွေထက်များသလိုပါပဲ…….

အမြဲတမ်းအဆင်သင့်ရှိနေတဲ့ချစ်ခြင်းမေတ္တာထက်…. အပေါ်ယံရွှေမှုံကြဲဆက်ဆံရေးတွေကိုသာတန်ဖိုးထားမိကြတာမျိူးပါ….

ဘယ်ဆက်ဆံရေးမျိူးကိုမဆိုတန်ဖိုးထားရမှာဖြစ်ပေမဲ့…. နေမင်းကြီးသာမရှိရင်လမင်းရဲ့အေးမြတဲ့အလင်းရောင်လဲမရှိနိုင်ဘူးဆိုတာသိထားရမှာပါ….

ကိုယ်ရနေတဲ့ချစ်ခြင်းမေတ္တာအလင်းရောင်ဟာ နေမင်းကြီးလိုမပြောင်းမလဲအင်အားအပြည့်ရှိနေတာလား… အေးမြအလင်းပေးတဲ့လမင်းကြီးလိုတဆင့်ခံလားဆိုတာသေသေချာချာသိရမှာဖြစ်ပါတယ်…… ဘယ်လိုပဲဖြစ်ဖြစ် နှစ်မျိူးလုံးကတန်ဖိုးရှိပါတယ်….. သူ့တန်ဖိုးနဲ့သူပေါ့လေ……

တွေးဆဆင်ခြင်မိပါစေ

ချစ်တဲ့

တီချယ်

၂၄-၁၀-၂၀၂၃

အင်္ဂါနေ့

ည ၆:၄၅

15/10/2023

အဟောင်းစားကြသူများ……

လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတော့ ‘ ဆရာမရဲ့တပည့်မလေးကျွန်တော့်အလုပ်မှာအလုပ်လာဝင်တယ် ငယ်ပေမဲ့ communication ကောင်းတယ်၊ team work ကောင်းတယ်၊ negotiation ကောင်းတယ်၊ response မြန်တယ်… မဆိုးဘူးပဲ… ပုံမှန် non experienced တွေကအဲ့လောက်သုံးမရဘူးဗျ..’….
ထိုကလေးမကိုကျမသိပါတယ်.. ပထမနှစ်ကတည်းကကြိုးစားသူ၊ လေ့လာမှု့အားကောင်းသူ၊ ပူးပေါင်းဆောင်ရွက်တတ်သူပါ။
အခုလိုလုပ်ငန်းခွင်စဝင်ကတည်းကအဆင်ပြေတာသိပ်ထူးဆန်းတာလဲမဟုတ်ပါ။ အမြဲမပြတ်ကြိုးစားလေ့လာသင်ယူအားထုတ်ခဲ့သူမို့အကျိူးရလဒ်ခံစားရမှာသေချာပါတယ်။

ဒီရက်ပိုင်းတွေးနေမိတာကတော့ …….ယနေ့ကျမတို့ရောက်နေကြတဲ့နေရာတွေ၊ ရပိုင်ခွင့်တွေဟာ ဟိုလွန်ခဲ့တဲ့အချိန်တွေတုန်းကကြိုးစားတည်ဆောက်ခဲ့၊ သင်ယူခဲ့တဲ့အရာတွေရဲ့အကျိူးရလဒ်တွေပဲမဟုတ်ပါလား….

အခုစိုက်၊ အခုစားလို့ရတဲ့အပင်လဲမရှိပါ။ဖြစ်ခြင်တဲ့အရာတွေဖြစ်လာဖို့၊ ဖြစ်ခြင်တာတွေဖြစ်လာဖို့ အချိန်သေချာပေးပြီးပြင်ဆင်ရတာပါ။ ငွေ၊ အချိန်၊ အင်အား၊ ချူပ်တီးသီးခံမှု့၊ စွန့်လွှတ်မှု့တွေရဲ့နောက်မှာသာလျှင်အားထုတ်မှု့နှင့်ထိုက်တန်သော ပန်းတိုင်အောင်မြင်မှု့ကိုလက်ခံရရှိမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၇နှစ်ခန့်က အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ရဲ့အမျိူးသမီးကပြောခဲ့ဖူးပါတယ်။ အသက်ကြီးလာရင်အေးအေးချမ်းချမ်းနဲ့ရတနာရောင်းဖို့အခုကျောက်မျက်ပညာနှင့်ပါတ်သက်တဲ့သင်တန်းတက်နေတာပါတဲ့။ ပြီးခဲ့တဲ့နှစ်ကစပြီးရတနာစျေးကွက်ထဲကိုရောက်ရှိလာပြီးယနေ့မှာတော့အောင်မြင်တဲ့ရတနာဆိုင်ပိုင်ရှင်ကြီးဖြစ်လာခဲ့ပါပြီ။ ဒါဟာအရင်ကတည်းကပြင်ဆင်အားထုတ်ကြိုးပမ်းခဲ့လို့သာမိမိဖြစ်ခြင်တဲ့အရာဖြစ်လာခဲ့ခြင်းသာပါ။

ကံကောင်းခြင်းဆိုတာဟာ ကြိုတင်ပြင်ဆင်ခြင်နဲ့အခွင့်လမ်းတို့ပေါင်းဆုံခြင်းပါပဲတဲ့….. ကြိုတင်ပြင်ဆင်ထားခြင်းမရှိရင် မည်သို့သောအခွင့်လမ်းတွေပဲလာလာ၊ အခွင့်အရေးမရပါဘူးရှင်။

လုပ်ငန်းခွင်တွေမှာလစ်လပ်ရာထူးတွေပေါ်လာတဲ့အခါမှာထိုနေရာမှာခန့်ထားဖို့လုပ်ငန်းအတွင်းကလူတွေကိုလိုအပ်တဲ့အရည်အချင်းရှိသလားလို့အရင်ကြည့်လေ့ရှိပါတယ်။ အခန့်မသင့်စွာပဲ ထိုက်သင့်တဲ့အရည်အချင်းတွေမရှိတဲ့အခါမှာ အပြင်ကိုထွက်ပြီးဝန်ထမ်းအသစ်ရှာရပါတယ်။

လုပ်ငန်းခွင်မှာရာထူးတွေမတက်တာ၊ အခွင့်အလမ်းတွေမရတာ၊ အထက်လူကြီးရဲ့ရွေးခြယ်မှု့မခံရတာဟာ ပိုင်ရှင်နဲ့လဲမဆိုင်ပါဘူး၊ ပြင်ပအချက်နဲ့လဲမဆိုင်ပါဘူး၊ မိမိကိုယ်တိုင်ရဲ့ကြိုးပမ်းအားထုတ်မှု့အားနည်း၍ဖြစ်ပါတယ်။

မိမိကိုယ်တိုင်မိမိတိုးတက်ဖို့အားထုတ်ကြိုးပမ်းမှု့တွေလုံလောက်ခဲ့ပါရဲ့လား… နည်းကုန်၊လမ်းကုန်ရှာဖွေသုံးစွဲခဲ့ပါရဲ့လား…. အမှန်တရားကခါးသီးတယ်ဆိုတဲ့အတိုင်းပါပဲ မိမိမှာရရှိနေတဲ့အခွင့်အလမ်း၊ ဝင်ငွေ၊ ကံကောင်းမှု့တွေဟာ မိမိကိုယ်တိုင်အစွမ်းကုန်ကြိုးပမ်းအားထုတ်မှု့တွေနဲ့တိုက်ရိုက်အချိူးကျပါတယ်…..

အဟောင််းဆိုတာစားရင်းကုန်သွားမှာပါ။ အနာဂါတ်မှာကျက်သရေရှိရှိနေရာတစ်ခုမှာနေရာရဖို့ဆိုရင်အပြောင်းအလဲတွေကိုရင်ဆိုင်စီမံနိုင်ဖို့ အသိပညာ၊ အတတ်ပညာတွေကခေတ်နှင့်အညီပြောင်းလဲနေဖို့ကအင်မတန်အရေးကြီးပါတယ်..

အသိပညာ၊ အတတ်ပညာဆိုတာကလဲသူ့အလိုလိုရလာတဲ့အမျိူးမဟုတ်ပါ။ သေချာရည်ရွယ်ပြီးတည်ဆောက်မှသာလိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာသင့်တော်စွာသုံးဖို့လိုအပ်တဲ့ပညာတွေရလာမှာဖြစ်ပါတယ်။

အဟောင်းတွေစား၍မကုန်ခင်အသစ်တွေစိုက်ထားကြပါစို့၊ ကိုယ်မစားရလဲတခြားလူတွေစားလို့ရတာပဲလေ…. မြင့်မြတ်တဲ့လူသားဆိုတာ တခြားသူတွေအတွက်လဲစဉ်းစားပေးရတာမဟုတ်ပါလား……

တွေးဆဆင်ခြင်မိပါစေ

ချစ်တဲ့

တီချယ်

၁၅-၁၀-၂၀၂၃

တနင်္ဂနွေနေ့ ည ၉:၃၀

15/09/2023

‘ အသုံးချတာအသုံးကျလို့ပါ’

ဒီနေ့ခေတ်လုပ်ငန်းခွင်အများစုတွင်လုပ်ဖော်ကိုင်ဖက်အခြင်းခြင်ရာထူးတက်လျှင်သူကဘာများထူးနေလို့လဲဆိုတဲ့မေးခွန်းကိုမေးကြလေ့ရှိပါသည်။

အရည်အချင်းရှိမှု့ထက်၊ အပြစ်များကိုထောက်ပြလေ့ရှိကြသည်။ တချိူ့အရည်အချင်းများကထင်သာမြင်သာရှိပေမဲ့တချို့အရည်အချင်းများကထင်သာမြင်သာမရှိပါ။
အရေးကြီးသောအရည်အချင်းတရပ်မှာတာဝန်ခံမှု့တာဝန်ယူမှု့ဖြစ်ပါသည်။
တာဝန်ရှိတာနှင့်တာဝန်ယူတာမတူပါ။ တာဝန်ရှိတာကပေးအပ်ထားတာဖြစ်ပြီ၊တာဝန်ယူတာကတော့ကာယကံရှင်ကိုယ်တိုင်ကအလုပ်ပြီးမြောက်အောင်စိတ်ရော၊ကိုယ်ပါပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်။

အောင်မြင်တဲ့လူတစ်ယောက်ရဲ့သွင်ပြင်လက္ခဏာထဲမှာ တာဝန်ယူတာဝန်ခံခြင်းပါပါတယ်။

တာဝန်ယူတဲ့အမှုအကျင့်ရှိသောသူများနှင့်တွဲဖက်လုပ်ကိုင်ခြင်သူပေါများလှပါသည်။တာဝန်ရှိပေမဲ့အမြဲတမ်းခေါင်းရှောင်တတ်သောသူများ၊ ဖြေရှင်းချက်အကြောင်းပြချက်ပေါင်းစုံပေးတတ်သူများအဖို့ တွဲဖက်လုပ်ကိုင်ခြင်သူရှားပါးလှသည်။

အများကိုအုပ်ချူပ်ချူပ်ရမည့်ရာထူးတာဝန်ပေးဖို့လူရွေးခြယ်သောအခါတွင်တာဝန်ယူမှု့တာဝန်ခံမှု့ရှိသောသူကိုအဓိကရွေးခြယ်လေ့ရှိပါသည်။

တခါတရံတွင်မိမိ၏လုပ်ဖော်ကိုင်ဖက်များကရာထူးတက်သွားပြီးမိမိကမူလနေရာတွင်ကျန်ခဲ့သောအခါတွင်စဉ်စားရမည့်အချက်မှာ မိမိတွင်တာဝန်ခံမှု့တာဝန်ယူမှု့ရှိရဲ့လားဆိုသောအချက်ဖြစ်ပါသည်။

တခါတရံ တချို့လုပ်ငန်းခွင်များတွင်မိမိ၏တာဝန်ကိုပင်ကျေပြွန်အောင်မထမ်းဆောင်နိုင်ပဲတခြားလူများ၏အပြစ်ကိုပဲရှာဖွေထောက်ပြတတ်သောဝန်ထမ်းများကိုတွေ့ရှိရတတ်ပါသည်။

အသုံးပြုဖို့ရာအသုံးကျဖို့လိုအပ်ပါသည်။အထူးသဖြင့်စီးပွါးရေးဆိုင်ရာလုပ်ငန်းခွင်များတွင် အသုံးမကျတဲ့လူတစ်ယောက်ကို မျက်နှာလိုက်ခြင်ယုံသက်သက်ဖြင့်နေရာပေး၍မရပါ။

ရာထူးနှင်အတူတာဝန်ဆိုတာတွဲရက်ပါနေသောကြောင့်ဖြစ်ပါသည်။တာဝန်မယူနိုင်ပဲရာထူးဆိုတာယူလို့မရပါ။ ဒါ့ကြောင့်လဲ ရာထူးတိုးလျှင် အရည်အချင်းမြင့်သွားခြင်းကြောင့်ဟုယူဆပြီး ဂုဏ်ယူပါတယ်လို့ပြောကြခြင်းဖြစ်ပါသည်။

လူတစ်ယောက်ရဲ့အရည်အချင်းကိုတိုင်းတာဖို့ ‘တိုးတက်မှု့နှင်အများအတွက်တာဝန်ယူနိုင်မှု့’ အချက်နှစ်ချက်ကိုအဓိကအသုံးပြုကြလေ့ရှိသောကြောင့် မိမိသည်မိမိ၏အသက်အရွယ်ရာထူးနှင့်ကိုက်ညီသောတာဝန်ခံမှု့တာဝန်ယူမှု့ရှိပြီလားဆိုတာစဉ်းစားစရာပါ။

ဂုဏ်ယူခံထိုက်သောသူများဖြစ်ကြပါစေရှင်

လေးစားချစ်ခင်လျှက်

တီချယ်

နေ့လည် ၁:၁၄မိနစ်

သောကြာနေ့

၁၅-၉-၂၀၂၃

05/09/2023

No man is an island !!!!

‘ပီတိကိုစားအားရှိပါ၏……’ ဆိုတဲ့စကားလေးကိုငယ်စဉ်ကတည်းကကြားဖူးပေမဲ့သိပ်နားမလည်ပါ။

တခါတရံလက်ဆောင်ပေးခြင်တဲ့စိတ်တွေဖြစ်လာတတ်သောကျမ… လက်ခံပေးမည့်သူကိုလိုက်ရှာရပါသည်… တချိူ့ပစ္စည်းတွေကလိုက်ဖက်မည့်သူအတွက်မှအကျိူးရှိမည်မဟုတ်ပါလား….ပေးခြင်သောပစ္စည်းနှင့်လက်ခံမည်သူ့ကွက်တိဖြစ်သောအခါပီတိစိတ်ဖြစ်လာပြီး လက်ခံပေးမည့်သူကိုကျေးဇူးတင်ရပါသည်။

ကျမဝတ်စုံများကလဲ ဝဝကစ်ကစ်လေးတွေမှတော်မှာပါ။ အိတ်တွေကလဲအဖွားကြီးဒီဇိုင်းမို့လက်ခံပေးမည့်သူရှာရတာအမောပါလေ…..

ပီတိဆိုတာဝယ်လို့မရ၊ ဘယ်ဆိုင်မှာမှလဲတင်မရောင်းပါ။
ငွေတွေရှိတိုင်းလဲမဟုတ်၊ လက်ခံပေးသောသူများကပါအကျိူးရှိတယ်ဆိုပြီးကျေနပ်ခံယူမှသာရသည်ပဲမဟုတ်ပါလား…..

ရွာမှာအလှူအတန်းသွားလုပ်တဲ့အခါမှာရွာသူရွာသားများကအလုပ်အကိုင်တွေအပျက်ခံပြီးကူညီကြ၊ ဝိုင်းဝန်းကြ၊ အတူတူပျော်ရွှင်ပေးကြ၊ အခက်ခဲတွေ့ရင်ဝိုင်းဝန်းဖြေရှင်းပေးကြနဲ့အင်မတန်ပျော်ရွှင်ကျေနပ်ဖွယ်ရာပီတိခံစားရခြင်းသည် မိမိတစ်ကိုယ်တည်းဖန်တီး၍မရပါပေ……

အလကားပေးတိုင်းလဲယူမဲ့သူမရှိပါကပေးလို့မရပါ။ သင်ကြားပေးသော်လဲ ခံယူမည့်သူမရှိပါက သင်ကြားပေးလို့မရပါ။ ကျွေးမွေးပြုစုလိုသော်လဲ ကျွေးမွေးပြုစုခံမည်သူမရှိပါကမတတ်နိုင်ပါပေ။ ချစ်ခြင်းမေတ္တာတွေပေးခြင်သော်လဲယူမည့်သူရှိမှပေးလို့ရခြင်းသာပါ…

ကျမနားမှာစာလာသင်သော ဆယ်ကျော်သက်ကလေးများကိုမကြာခဏမုန့်ဝယ်ကျွေးဖြစ်ပြီးသူတိုနှင့်အတူတူဝိုင်းထိုင်စားရင်ပီတိကိုခံစားလေ့ရှိပါသည်။
တပြိုင်နက်ထဲ ကလေးများကိုကျေးဇူးတင်ကြောင်းပြောဖြစ်သည့်အခါ သူတို့ကအံ့ဩစွားဖြင့် သားတို့ကကျေးဇူးတင်ရမှာမဟုတ်ဖူးလားတဲ့လေ၊ သူတို့လေးတွေသာအားပါးတရမစားရင်ကျမလဲကျွေးမွေးခွင့်မရပါပေ။

စာသင်သည့်အတန်းတိုင်းတွင်လဲကျေးဇူးတင်ကြောင်းပြောဖြစ်သည့်အကြောင်းမှာလဲ သင်ယူသူများရှိလို့သာ မျှဝေခွင့်ရပြီးပီတိကိုခံစားရပါသည်။ မိမိကိုယ်တိုင်ပျော်ရွှင်ရသည့်အခါဘဝအဓိပ္ပါယ်ပြည့်ဝသလိုခံစားရပြီးတန်ဖိုးထားမိပါသည်။

ဟင်းချက်ညံ့သောကျမ သားတွေအတွက်ထမင်းဂျိူင့်ထည့်သည်အခါ နေ့စဉ်ဟင်းဆင်တူဖြစ်နေတာ မူကြိုအရွယ်ကတည်းကပါ။ ပဲဟင်း၊ အရွက်ကြော်၊ အဖိုးကြော်ပေးထားတဲ့အသားကြော် အမြဲတမ်းဆင်တူပါ။ သားအကြီးလေးဆိုရင် ဆယ်စုနှစ်နီးပါးရှိပါတော့မည်။ ဒါပေမဲ့ ရတယ်အမေ သားတို့အဆင်ပြေတယ်၊စားနိုင်တယ်နှင့်ဂျီးမထူပေးတဲ့ကလေးတွေကိုလဲကျေးဇူးတင်ရပါသည်။ လိမ်မာတဲ့ကလေးလေးတွေကြောင့်ပီတိဖြစ်ရပါသည်။

ကျမရဲ့ခပ်ကြမ်းကြမ်းဆုံးမစကားတွေနဲ့အသားကျနေတဲ့အနီးကပ်ချစ်တပည့်များကြောင့်လဲပီတိဖြစ်ရပါတယ်လေ…. တီချယ်ကတော့လေ ဆိုပြီးသီးခံပြီးအနားကနေထွက်မသွားကြတာလဲကျေးဇူးတင်ရင်းပီတိဖြစ်ရပါသည်။

ဟာသတွေပြောရင်ရီမောပေးတဲ့သူကိုကျေးဇူးတင်ဖြစ်ပါသည်။ တချိူ့စာလေးတွေရေးဖြစ်တဲ့အခါလဲ ပရိတ်သတ်ကိုကျေးဇူးတင်ရပါသည်။

လူဆိုတာကျွန်းမဟုတ်လို့ ထီးထီးကြီးနေလို့မရပါ။ အပြန်အလှန်ချစ်ခင်ထောက်ပံ့ခြင်းအားဖြင့် ဝယ်ယူလို့မရအောင်တန်ဖိုးကြီးမားလှတဲ့ပီတိဆိုသောခံစားချက်ကိုရရှိမှာဖြစ်ပါတယ်…….

ပီတိကိုခံစားခွင့်ရအောင်ကူညီပေးသောတစ်ယောက်ခြင်းစီကိုကျေးဇူးတင်ပါတယ်ရှင်……

တွေးဆဆင်ခြင်မိပါစေ…..

ချစ်တဲ့

တီချယ်

၅-၉-၂၀၂၃

အင်္ဂါနေ့

နေ့လည် ၁၁:၄၅မိနစ်

07/08/2023

‘Life is choice ‘

‘ တီချယ်ရေ… သားတော်မောင်က chess ကစားတာသိပ်ဝါသနာပါတာ၊ သူ့အတွက်အချိန်ပေးပြီးကစားနေရတယ်… ဒါမှကလေးကပျော်တာ’ ကျမမိတ်ဆွေတစ်ယောက်ပြောလိုက်တဲ့စကားကြောင့်စဉ်းစားစရာဖြစ်သွားပါတယ်….. တချိူ့ကလေးက ကရာတေး၊ တချိူ့ကလေးက ဘော်လုံး၊ တချိူ့ကရေကူး၊ တချိူ့က ကြက်တောင်၊ တချိူ့က စက်ဘီးစီး စသဖြင့်ရွေးခြယ်တဲ့အားကစားတွေကမတူကြပါ။
ရွေးခြယ်မှု့မတူသလို၊ လိုအပ်ချက်တွေ၊ အားထုတ်ပုံလဲမတူကြသလိုရလဒ်တွေလဲမတူကြပါပေ…

ဒီနေ့လဲအိမ်လာလည်တဲ့တပည့်လေးတစ်ယောက်က သူငယ်ငယ်လေးကတည်းကရတနာတွေကိုအရမ်းကြိုက်နှစ်သက်လို့ဝယ်စုရင်းနဲ့အခုတော့ရတနာကုန်သည်ဖြစ်နေကြောင်း၊ ကျောက်မျက်ရတနာတွေမြင်ရင်စိတ်ချမ်းသာလွန်းလို့ ဒီအလုပ်နဲ့အသက်မွေးရတာကြိုက်ကြောင်းသူရွေးခြယ်ထားတဲ့အလုပ်အကြောင်းကိုနှစ်နှစ်ခြိုက်ခြိုက်ပြောပြနေပါတယ်။

မကြာခင်ပုဂံသွားလည်မဲ့ကျမ သွားဖူးမည့်ဘုရားစာရင်းတွေပြုစုတဲ့အခါ… အချိန်အကန့်သတ်ကြောင့်အနည်းငယ်ကိုသာရွေးခြယ်ဖြစ်သည်။ သွားမဲ့နေရာတွေက ရွေးခြယ်သူ၏ရွေးခြယ်မှု့အရအကန့်သတ်တွေနဲ့ပါ။

ပွဲအခမ်းနားတစ်ခုကျင်းပမဲ့အချိန်မှာလဲ ဘယ်အချိန်၊ ဘယ်နေရာမှာဘယ်လိုကျင်းပမလဲ၊ ဘာတွေကျွေးမွေးမလဲ၊ ဘယ်သူတွေကိုဖိတ်မှာလဲ စသဖြင့် ရွေးခြယ်ကြရတာပါပဲ။

ဘယ်နေရာမှာနေထိုင်ကြမလဲဆိုတာကလဲရွေးခြယ်ကြရတာပါပဲ၊ မြို့ထဲမှာလား၊ မြိုးပြင်မှာလား၊ တိုက်ခန်းလား၊ ခြံနဲ့လား၊ အငှါးလား၊ အပိုင်နဲ့လား၊ ပေါင်းနေမှာလား၊ ခွဲနေမှာလား စသဖြင့်ရွေးခြယ်ကြရပြန်ပါတယ်…

စီးပွါးရေးလုပ်တော့ကောအတူတူပါပဲ…… တစ်ဦးတည်းပိုင်လား၊ အစုစပ်လား၊ ကုမ္ပဏီလား.. ကုန်ပစ္စည်းထုတ်မှာလား၊ ဝန်ဆောင်မှု့ရောင်းမှာလား… လက်လီလား၊ လက်ကားလား၊ အကြီးကြီးလား၊ သေးသေးလေးလား စသဖြင့်ရွေးခြယ်ရတာပါပဲ။

Social media သုံးတော့ကောရွေးရတာပါပဲ… ဘာတွေကိုကြည့်မှာလဲ၊ ဘယ်လိုသုံးမှာလဲ၊ ဘယ်သူ့ကိုမိတ်ဆွေအဖြစ်ထားမှာလဲး…ဘယ်ပုံတွေတင်မှာလဲး….စသဖြင့်ပေါ့

စကားပြောတော့လဲ ဒီလိုပါပဲ…. ပြောလိုက်ရင်ဘာဖြစ်သွားမလဲး… မပြောရင်ကောရမလား….. လူနှင့်တိရိစ္ဆာန်ကြားကွာဟချက်အကြီးဆုံးက သတိညာဏ်ပညာမို့၊ မိမိရဲ့စကားလုံး၊အသုံးနှုန်း၊ အပြုမူတွေကိုမှန်မှန်ကန်ကန်ရွေးခြယ်တတ်ဖို့လိုအပ်လှပါတယ်….

ပညာသင်တော့ကော… ရွေးရတာပါပဲ။ ကိုယ့်အသက်မွေးဝမ်းကြောင်းအပေါ်မူတည်ပြီးဘယ်အရာတွေဖြည့်မှာလဲး၊ onlineကနေလား၊ ကျောင်းသွားတက်မှာလား၊ certificate လား၊ diploma လား၊ MBA လား စသဖြင့်ပေါ့…..

ရွေးခြယ်ခွင့်ရှိနေတဲ့အရာတွေကိုသတိညာဏ်လေးနဲ့ရွေးခြယ်ခြင်းအားဖြင့်မှန်ကန်တဲ့ဘဝနေထိုင်မှု့ပုံစံကိုရနိုင်ပါတယ်….

တွေးဆဆင်ခြင်မိပါစေရှင်

ချစ်တဲ့

တီချယ်

ည ၁၀:၀၉မိနစ်

တနင်းလာည

၇-၈-၂၀၂၃

09/07/2023

စိတ်ဝင်စားမှု့များပါ…..

မနေ့ညကအတန်းတစ်ခုမှာ တပည့်လေးတွေရဲ့မျှဝေမှု့တွေကြောင့်တွေးစရာတွေအများကြီးရခဲ့ပါတယ်။

အမြဲတမ်း လူငယ်တွေ၊ ကလေးမိခင်တွေဘဝတိုးတက်ဖို့ကြိုးစားပေးခဲ့တာမို့သူတို့ဘဝလေးတွေတိုးတက်အောင်မြင်လာရင်ရတဲ့ပီတိကဘာနဲ့မှမလဲနိုင်ပါပေ။

ဝင်ငွေရလမ်းတွေအမျိူးမျိူးဖန်တီးထားသင့်ကြောင်းနဲ့ထားရှိရမည့်စိတ်ထား၊ တွေးတောပုံတွေအသင်ခံထားရတဲ့တပည့်များစွာထဲကအခုဆိုရလဒ်တွေမြင်ရပါပြီ။
အချိန်ကသူဖာသာသွားနေတာပါ။ ရပ်လို့ပြောလဲမရ၊ သွားလို့ပြောလဲမရပါ။
စီမံရမှာကမိမိကိုယ်ကိုယ်ကိုပါ။
ဘာမှမလိုခြင်ဘူး… လက်ရှိဘဝကိုကျေနပ်တယ်၊လက်ရှိဝင်ငွေကိုကျေနပ်တယ်ဆိုရင်တော့ဘာမှမပြောလိုပါ။
လူတိုင်းဟာချမ်းသာအဆင်ပြေမှု့နဲ့ထိုက်တန်ပါတယ်။အဲ့အတွက်လဲလောကသဘာဝအရ အရင်းအမြစ်တွေကအများကြီးအလျှံပယ်ပေးထားတာပါ။

သတိမထားမိလို့မတွေ့ကြတာပါ။
ရောင်နေတဲ့သူတွေအများကြီးရှိနေသလို… ဝယ်စားနေတဲ့သူတွေလဲအများကြီးပါပဲ….
စျေးကွက်လိုအပ်ချက်တွေလဲအများကြီးရှိပါတယ်…
နေ့စဉ်လူ့ဘဝမှာ ရှင်သန်ဖို့ဝယ်ယူစားသုံးကြရပါတယ်။ လူသန်းပေါင်းများစွာပါ။

မြေ၊ရေ၊လေ၊လူ၊အရည်အချင်း၊အဆက်အသွယ်၊စျေးကွက်လိုအပ်ချက်၊ပါတ်ဝန်းကျင်စသဖြင့်အခြေနေတွေကအများကြီးပါ…….

မနေ့ကအတန်းမှာတပည့်လေးတစ်ယောက်ကသူအချိန်ပြည့်ထမ်းဆောင်နေတဲ့ဆရာမအလုပ်ပြီးရင် ဆံအုပ်လေးတွေလုပ်တယ်၊ လက်လီလက်ကားပြန်ရောင်းတယ်၊ ဇာတိကနေဖျာတွေယူရောင်းတယ်၊ ရလာတဲ့ငွေကိုအပေါင်လုပ်ငန်းမှာပြန်ပြီးရင်းနှီးမြုပ်နှံတယ်တဲ့လေ…..အလုပ်တွေကအပြည့်၊ ဝင်ငွေကလဲကောင်း၊ နေရတာပျော်ရွှင်နေတော့ စိတ်ဓါတ်ကျချိန်တောင်မရှိဘူးတဲ့လေ…..
နောက်တစ်ယောက်ကလဲ အချိန်ပြည့်အလုပ်ပြီးရင် သူတတ်မြောက်ထားတဲ့စာရင်းကိုင်ပညာကိုအသုံးပြုပြီးအပိုဝင်ငွေရှာတယ်တဲ့၊ အာမခံကိုယ်စားလှယ်လဲလုပ်သေးတယ်တဲ့…..
နောက်တယောက်ကလဲ အချိန်ပြည့်အလုပ်ပြီးရင်၊ digital marketer အလုပ်ကို part timeလုပ်တယ်၊ online ကနေလဲစျေးရောင်းတယ်၊ ဝင်ငွေတွေကိုဖြောင့်လို့ပဲ၊ အဆင်ပြေတယ်တဲ့…

ကြားရတာအားရစရာကြီးပါ။ ဘဝကသူပြဠာန်းထားသလိုနေမယ်ဆိုလဲဖြစ်ပါတယ်။ ကိုယ့်ပြဠာန်းချက်နဲ့ပြင်မယ်ဆိုလဲရပါတယ်၊ အဓိကကခံယူချက်ပါပဲ….
ပြောင်းလဲတော့မယ်ဆိုရင်တော့ ‘ငါ့မှာဘာရှိလဲ’၊ ‘ ငါဘာစိတ်ဝင်စားတာလဲ’၊ ‘ လူတွေဘာလိုခြင်တာလဲ’ စတဲ့မေးခွန်းးတွေနဲ့စသင့်ပါတယ်။

တချိူ့တွေလဲ အလုပ်တမျိူးတည်းနဲ့ကိုတိုင်ပတ်ပြီးပိတ်မိနေကြတာမျိူးပါ။
အမြင့်ကြီးကိုဖြောင့်ဖြောင့်တန်းတန်းသွားမှာလား…. အကိုင်း၊ အခက်လက်တွေခွဲမှာလားဆိုတာကတော့ သင့်ရဲ့ရွေးခြယ်မှု့ပါပဲ….

ဘာမှစိတ်မဝင်စားဘူးဆိုရင်တော့ငွေရှာဖို့ခက်သွားပြီမို့စိတ်ဝင်စားမှု့များဖို့လိုအပ်ပါတယ်…. အေးတာနဲ့ပျင်းတာနဲ့မတူပါ။အကြားအမြင်ဗဟုသုတများခြင်းဟာ မင်္ဂလာတပါးမို့ အသိပညာ၊အတတ်ပညာများစွာသိရှိတတ်မြောက်ခြင်းဟာ ဝင်ငွေရလမ်းတွေဖန်တီးဖို့အထောက်အကူဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အချိန်ပိုင်းအလုပ်တွေလဲအမျိူးမျိူးရှိနေပါပြီ….စိတ်ဝင်တစားရှာဖွေရင်လက်တကမ်းမှာပါပဲ…. အကြောင်းပြချက်ပေးမှာလား… မဖြစ်ဖြစ်အောင်လုပ်မှာလား….. ပိတ်သွားတဲ့လမ်းမှာလမ်းပွင့်ဖို့ထိုင်စောင့်နေမှာလား…. နောက်တလမ်းရှာသွားမှာလားဆိုတာကတော့သင့်ရဲ့ရွေးခြယ်မှု့ပါပဲ…

ချစ်တဲ့

တီချယ်

မနက်ခင်း ၉:၂၅မိနစ်

၉-၇-၂၀၂၃

တနင်္ဂနွေနေ့

08/07/2023

ခွံ့ကျွေးပါ……

ခွံ့ကျွေးခြင်းဆိုတာ ချစ်ခြင်းမေတ္တာနဲ့ဖေးမကူညီခြင်း၊နွေးထွေးစာနာခြင်း၊ဂရုစိုက်ခြင်းတို့ရဲ့သရုပ်ပင်ဖြစ်ပါသည်။

ကလေးတွေငယ်စဉ်အချိန်၊ မမာမကျန်းဖြစ်နေချိန်၊ သက်ကြီးရွယ်အိုများ စသဖြင့်အကူညီလိုအပ်သူများကိုခွံ့ကျွေးလေ့ရှိပါသည်။

နောက်တမျိူးကတော့ချစ်သူတွေချစ်မြတ်နိုးမှု့ပြသခြင်းအားဖြင့်ခွံ့ကျွေးကြလေ့ရှိပါသည်။

သက်ကြီးရွယ်အိုနှင့်နာတာရှည်ရောဂါသည်မှလွဲ၍အချိန်အကြာကြီးနှင့်အမြဲတမ်းခွံကျွေးစရာမလိုပါပေ။ လူသားတစ်ယောက်မှာမိမိကိုယ်ကိုယ်တာဝန်ယူဖို့ကိုယ်အင်္ဂါအစိတ်အပိုင်းအပြည့်အစုံပါသည်ပဲလေ။ ယူနိုင်၊စားနိုင်၊သွားနိုင်၊တွေးတောဆင်ခြင်နိုင်၊ဆုံးဖြတ်နိုင်သည်ပဲလေ။

တချိူ့လူတွေကျတော့မိမိတွင်ရှိသောကိုယ်ပိုင်အရင်းအမြစ်များကိုကုန်စင်အောင်အသုံးမပြုကြပဲတပါးသူအပေါ်ကိုမျှော်လင့်ချက်ထားမှီခိုလေ့ရှိကြပါသည်။
ကျမတို့ မာစတာတန်းတစ်ခုတက်တုန်းကပါမောက္ခဆရာကြီးကမေးပါတယ်’ မင်းတို့စာတမ်းကိစ္စတွေစနေပြီလားကွ’ ၊ ကျမတို့လဲအူကြောင်ကြောင်နဲ့ ဌာနကဘာမှမပြောသေးကြောင်းပြောမိပါတယ်၊ ထိုအခါ ဆရာကြီးက ‘ မင်းတို့စာတမ်းပြီးဖို့မင်းတို့မှာပဲအဓိကတာဝန်ရှိတာလေ၊ ဘယ်သူလုပ်ပေးဖို့စောင့်နေတာလဲ၊ သွားရောက်မေးမြန်း၊လိုအပ်တာတွေပူးပေါင်းမှမြန်မြန်အကောင်ထည်ပေါ်မှာပေါ့’ ဟုဆုံးမခဲ့ဖူးသည်။

လူတွေက တဖက်ကမေတ္တာစေတနာနှင့်ကူညီလုပ်ဆောင်ပေးလျှင် မိမိရဲ့ရပိုင်ခွင့်ဟုထင်ပြီးမျှော်လင့်ကြလေ့ရှိသည်။

ကျမကိုယ်တိုင် Ph. D တက်စဉ်က ကြီးကြပ်သူကိုအရာရာမေးမြန်းလေ့ရှိသည်။ သူ့မှာပြောပြဖို့တာဝန်ရှိသည်ဟုပဲထင်ခဲ့မိသည်။ တနေ့တော့ဆရာမရဲ့သီးခံနိုင်စွမ်းကုန်သွားဟန်တူပါရဲ့ ‘ မင်း google မသုံးတတ်ဖူးလား’ ဟုစာပြန်လာပါသည်။
အစကဒေါသဖြစ်မိပေမဲ့၊ တွေးလေရှက်လေပါ၊မိမိစာတမ်းရေးဖို့မိမိမှာတာဝန်အရှိဆုံးပဲ၊ မဖြစ်နိုင်တဲ့အဆုံးမှသာတဖက်သားဆီကအကူညီယူသင့်ကြောင်းကိုလက်ခံလာတဲ့အခါမှာတပါးသူအပေါ်မှာအချောင်ရမှီခိုလိုမှု့တွေရော့နည်းလာပြီးစွမ်းဆောင်ရည်တက်လာသည်ကိုသိသိသာသာတွေ့မြင်ရပါသည်။

ကျမတို့တော်တော်များများအပြည့်အဝအားထုတ်ကြိုးပမ်းမှု့အားနည်းကြသည်။ တခုခုဆိုလျှင်’ ငါအပြည့်အဝကြိုးစားအားထုတ်ပြီးပြီလား…’ ဟုမေးကြည့်သင့်ပါသည်။

ကျမကိုယ်တိုင်ငယ်စဉ်ကအင်္ဂလိပ်စာလုံးအဓိပ္ပါယ်မသိလျှင်ကိုယ်တိုင်မရှာပဲလူကြီးတွေကိုမေးလေ့ရှိပါသည်။ သူတို့ကလဲမေးတိုင်းပြောပြနေတော့ကိုယ့်အမှားကိုမသိမိပါ။ တရက်တော့ပွင့်လင်းမှန်ကန်တဲ့လူကြီးတစ်ယောက်က dictionary ကြည့်ဖို့နဲ့မိမိကိုယ်တိုင်ရှာဖွေသိရှိခြင်းကပိုမိုအကျိူးရှိကြောင်းပြောပြပါသည်။
အခုတော့ကိုယ့်အားကိုယ်ကိုယ်ခြင်းကပိုပြီးမြန်မြန်ဆန်ဆန်သွားနိုင်ကြောင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှု့လဲပိုရှိကြောင်းသေသေချာချာသိနေပါပြီ။

ဟိုနေ့ကတပည့်လေးတယောက်ဖုန်းဆက်လာပါတယ်၊ ခန်းမကြီးတခုငှါးဖို့ ၅နေရာမှာစုံစမ်းတာမရလို့တီချယ်များသိမလားလို့တဲ့၊ အားလဲနာနေပုံပါ။ ကျမချက်ချင်းကူညီပေးဖြစ်သည်။ အဆင်ပြေသွားတော့လဲဝမ်းသာရပါသည်။ အများကိုကူညီပြီးရလာတဲ့ပီတိဆိုတာဝယ်ယူလို့မရပါ။ ဒါပေမဲ့အသုံးချခံရတဲ့ပုံစံမျိူးတော့မဖြစ်သင့်ပါပေ။

အရာရာလာမေးနေသောတပည့်တစ်ယောက်ကိုပြောမိဖူးသည်၊ ‘ ဟဲ့ ငါ yellow book မဟုတ်ဖူး၊ ကိုယ့်ဟာကိုယ်ကြိုးစားရှာ’ လို့လေ၊ အရာရာလာမေးနေတော့လဲသီးမခံနိုင်တော့ပါ။

မိဘများအနေနှင့်လဲကလေးတွေငယ်စဉ်ကတည်းကမိမိတာဝန်မိမိယူတတ်အောင်ထိန်းကြောင်းပဲ့ပြင်ပေးရမည်ဖြစ်ပါသည်။

ဒီလိုခွံကျွေးခံခြင်တဲ့စိတ်နေစိတ်ထားရှိသူတွေလူးအသိုင်းဝိုင်းမှာများလာခြင်းဟာ တခြားသူအပေါ်မှာဝန်ပိစေပါသည်။ ဟိုဟာဆိုလဲ မသိလို့၊ ဟိုဟာဆိုလဲပြောပြပါအုံး၊ ဟိုဟာဆိုလဲရှင်းပြပါအုံးနှင့် တပါးသူကိုဆရာမွေးပြီးအသုံးချတတ်ကြသည်။

အမှန်ကတော့အခက်ခဲဆိုတာကိုကြိုးပမ်းအားထုတ်ကျော်လွှားပြီးမှတဆင့်မြှင့်နိုင်မှာပါ။
မဟုတ်ရင်တော့ အခိုင်းခံ၊ အညွှန်ကြားခံ၊အမြဲတောင်းပန်နေရတဲ့နေရာကနေတက်မှာမဟုတ်ပါဘူး။
ခွံကျွေးတယ်ဆိုတာခဏပဲကောင်းတာမဟုတ်ပါလား……

တွေးဆဆင်ခြင်မိပါစေ

ချစ်တဲ့

တီချယ်

မနက်ခင်း ၆:၅၃မိနစ်

၈-၇-၂၀၂၃

29/06/2023

‘ဆွမ်းတော်ဗျိူ့…’

မကွေးတိုင်းဖက်ကရွာလေးတစ်ရွာမှာနေထိုင်ခဲ့စဉ်ကမနက်ခင်းဆိုလျှင် ‘ ဆွမ်းတော်ဗျို့’ ဆိုတဲ့အသံနှင့်အတူ ဆွမ်းခံကြွလေ့ရှိပါသည်။
ကျမနေသည့်အိမ်ကလဲနေ့စဉ် ဆွမ်းဟင်း၊ထမင်းလောင်းလှူလေ့ရှိပါသည်။
ဆွမ်းဟင်းထည့်သည့်ဂျိူင့်တွေက သေးသေးနှင့်အရေအတွက်များများပါ။ တရွာလုံးကဝိုင်းလှူကြတာအားရစရာပါပဲ။
လှုတာဘယ်လောက်ကြာပြီလဲဆိုတော့ ‘ ငါတို့တသက်ပါပဲအေ.. အမေက ဆွမ်းဝတ်မပျက်စေနဲ့လို့မှာခဲ့တာအေ့’ လို့ပြောပါတယ်။

ကျမလဲ လွန်ခဲ့တဲ့ ၅နှစ်လောက်က ဆွမ်းဂျိူင့်ပို့ဖူးပါတယ်၊ ၄ဆင့်ဂျိူင့်ကြီးနဲ့ပြည့်ပြည့်စုံစုံများများပေါ့လေ၊ ၃/၄ ရက်ပဲပို့လိုက်နိုင်ပါတယ်၊ အကြောင်းအမျိူးမျိူးနဲ့ဆက်ပြီးမပို့နိုင်ခဲ့ပါ။
တနှစ်လျှင်၃/၄ကြိမ်သာကျောင်းမှာဆွမ်းသွားကပ်ဖြစ်ပါတယ်။ နေ့စဉ်တာဝန်မထမ်းနိုင်ခဲ့ပါပေ။
တစ်ရက်ဆွမ်းပို့ခဲ့တဲ့ဆရာတော်နှင့်တွေ့လို့ဆွမ်းဂျိုင့်မပို့ဖြစ်တော့တဲံအကြောင်းရှင်းပြတော့ ‘ ကျူပ်ကစောစောကတည်းကသိပါတယ်၊ ကြီးကြီးများများဆွမ်းဂျိုင့်တွေကတာရှည်မခံဖူး၊ သေးသေးကျစ်ကျစ်နဲ့ပုံမှန်ဂျိူင့်တွေ၊ တစ်ဇွန်း၊ တစ်ခွက်သမားတွေသာကြာရှည်ဆောင်ရွက်နိုင်ကြတာ’ တဲ့လေ။

ကျမ တွေးစရာတွေအများကြီးဖြစ်သွားရပါသည်။ မနိုင်ဝန်ကိုရေရှည်ထမ်းလို့မရပါ။
‘ ဖြေဖြေမှန်မှန်၊ အောင်ပွဲခံ’ မဟုတ်ပါလား၊ ‘ တနေ့တလှံ၊ ပုဂံဘယ်မရွေ့’ မဟုတ်ပါလား၊ ‘ ကြာကြာဝါးမည့်သွားအရိုးကြည့်ရှောင်’ မဟုတ်ပါလား။
မည်သည့်နေရာတွင်မဆိုကန့်သတ်ချက်တွေရှိပါသည်။ အချိန်၊ ငွေ၊ ခွန်အား၊ နုပျိူမှု့၊ နေရာ၊ဥစ္စာပစ္စည်းတို့ အရာရာ အကန့်သတ်နဲ့ပါ။ စနစ်တကျ၊ ကျစ်ကျစ်လစ်လစ်သုံးစွဲနိုင်ပါမှ အကျိူးလဲရှိ၊ သုံးသင့်သုံးထိုက်တဲ့အချိန်အထိရေရှည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ခန္ဓာကိုယ်၏ကြံ့ခိုင်မှု့၊ ခံနိုင်စွမ်းသည်လဲထိုနည်းလမ်းအတိုင်းပါပဲ၊ ကန့်သတ်ချက်များစွာနှင့်ပါ။
မျက်စိကိုအလွန်အကျွံသုံးလျှင် မျက်စိထိလာမည်ဖြစ်သည်။ အထ၊ အထိုင်ဂရုမစိုက်လျှင် ခါးနာ၊ ဒူးနာ၊ ကျီးပေါင်းစသဖြင့်ခန္ဓာကိုယ်ထိခိုက်မှု့၊ ပျက်စိမှု့များဖြစ်နိုင်ပြီးအရွယ်မတိုင်ခင်အိုမင်းခြင်း၊ စိတ်နှင့်လူမကပ်ခြင်း၊ ဘဝအသက်ရှင်ရပ်တည်မှု့အဓိပ္ပါယ်မရှိသလိုခံစားလာရခြင်းစသဖြင့်ဖြစ်ပွါးနိုင်ပါသည်။

အချိန်မပေးရင်၊ အချိန်ယူခံရသည့်သဘောရှိပါသည်။ ကျန်းမာခြင်းအတွက်အချိန်မပေးလျှင်၊ မကျန်းမာခြင်းအတွက်အချိန်ပေးရတတ်ပါသည်။ ပညာသင်ခြင်းအတွက်အချိန်မပေးလျှင်၊ ပညာမတတ်ခြင်းကြောင့်ဖြစ်တဲ့ဆိုးကျိူးများအတွက်အချိန်ပေးရတတ်ပါသည်။
မိမိကိုယ်ကို စိတ်ရော၊ ကိုယ်ပါအနားမပေးလျှင်ခန္ဓာကိုယ်ကဆန္ဒပြတတ်ပါသည်။

အစကတည်းက အတိုင်း၊ အရှည်၊ အချိန်အဆ၊ ခံနိုင်အားရှိမှု့တွေကိုသေချာသိဖို့လိုအပ်လှပါသည်။ အရာရာမျှခြေတန်ဖိုးထားသင့်ပါသည်။
လုပ်ဆောင်ရမည့်အချိန်ဇယားများက သဘာဝကျသင့်သည်။
မိသားစု၊ ဝါသနာ၊ ပညာရေး၊ လူမှု့ရေး၊ စီးပွါးရေး စသဖြင့် မျှမျှတတအချိန်ပေးသင့်ပါသည်။
အလုပ်လုပ်ဖို့အသက်ရှင်တာလား၊ အသက်ရှင်ဖို့အလုပ်လုပ်တာလားဆိုတဲ့မေးခွန်းကိုမေးကြည့်သင့်လှပါသည်။

Work life balance ဆိုတာ လူတိုင်းအတွက်အရေးကြီးပါတယ်။ သဘာဝအလှပတွေခံစားဖို့တောင်အချိန်မရှိရင်တော့ အဓိပ္ပါယ်မဲ့တဲ့ဘဝနေထိုင်မှု့ပါပဲမဟုတ်ပါလား။

အိုဗာတင်းဖျော်လျှင် အိုဗာတင်းပဲသောက်ရမှာပါ။ နွားမွေးထားမှနွားနို့သောက်ရမည်မဟုတ်ပါလား…

တွေးဆဆင်ခြင်မိပါစေ

ချစ်တဲ့

တီချယ်

ညနေ ၅:၂၈မိနစ်

ကြာသာပတေး

၂၉-၆-၂၀၂၃

12/06/2023

အဆစ်လေးပေးပါ…. အပိုလေးပေးပါ…..

ငယ်စဉ်ကတည်းကစျေးသွားဝယ်တဲ့အခါဝယ်သူကလဲအဆစ်တောင်း… စျေးသည်ကလဲအဆစ်ပေးနှင့် ကြည့်လို့ကောင်း၊ ကြားလို့ကောင်းသည်ပေါ့။

ဝယ်သူကလဲ ‘စျေးလျှော့ပါအုံး’ ၊ ‘ အဆစ်ပေးပါအုံး’ ၊ ‘ အပိုလေးနည်းနည်းပေးပါအုံး’ နှင့်ပြောလိုက်ရမှ၊ ရောင်းသူကလဲ ‘ပိုပိုသာသာချိန်ပေးလိုက်တယ်နော့’၊ ‘ ဇောက်ထိုးချိန်ပေးလိုက်တယ်နော့’ နှင့် ခဏခဏကြားရတဲ့ ကျမက ဒါဟာအမှန်တရားလို့ပဲမှတ်ယူခဲ့ဖူးပါသည်။

နောက်မှ အလေးမပြည့်တာတွေ၊ ပြည်ချိန်မပြည့်တာတွေ၊ အရောအနှောတွေ၊ တချိူ့အရာတွေလိမ်ပြောတာတွေ၊ ကိုက်ထိုးမပြည့်တာ၊ တံဆိပ်အတုတွေ၊ အရည်သွေးမပြည့်မှီတာတွေအကြောင်းအများကြီးသိလာခဲ့ရပါသည်။

အချိန်ကြာလာသည်နှင့်အမျှ အလကားရတဲ့အရာဘာမှမရှိဘူး၊ မည်သည့်အရာမှာမဆိုတန်ရာတန်ကြေးရှိသည်ဟုသောအယူအဆကိုသိရှိလာရပါသည်။

တခါကဟင်းချက်စရာတွေဝယ်ရင်း ငါးသယ်က အပို ၂တုံးပေးလိုက်ဖူးသည်။ အပိုရလာတဲ့ကျမဝမ်းသာအားရပေါ့၊ နောက်လဲအဲ့ဆိုင်ကပဲဝယ်မယ်ပေါ့…..
ဟင်းချက်လိုက်သည့်အခါ ထိုနှစ်တုံးကြောင့်ဟင်းတအိုးလုံးပစ်လိုက်ရဖူးပါသည်။ စျေးသည်ကရောင်းလို့မရမဲ့အတူတူ အပိုပေးလိုက်ခြင်းသာပါ။

တချိူ့ဆိုင်တွေကလဲလျှော့စျေးတွေ၊ လက်ဆောင်တွေ၊ရောင်းအားမြှင့်တင်ရေးတွေ၊ တခုဝယ်တခုယူတွေနှင့် အလကားဆိုကြိုက်သော၊ လျှော့စျေးဆိုရင်ကြိုက်သော၊ ကပ်စီးနည်းသူများကိုဆွဲဆောင်လေ့ရှိသည်။

တခါက စူပါမားကတ်ကြီးတခုရဲ့အလည်မှာ အထူးလျှော့စျေးဆိုပြီးပုံးကြီးတွေနှင့် အဝတ်တွေရောင်းနေခဲ့ပါသည်။ ကျမလဲအများနည်းတူ အမြန်တိုးပြီး ကလေးအဝတ်တွေတိုးကြိတ်လုဝယ်ခဲ့ပါသည်။ စိတ်တိုင်းကျရပြီးမှအေးအေးဆေးဆေးကျန်တာတွေပတ်ပြီးဝယ်ရင်းအဝတ်တန်းကိုရောက်သွားဖြစ်တဲ့အခါမှာပုံမှန်အဝတ်စင်ပေါ်ကစျေးနှင့်လျှော့ထားသည့်စျေးမှာအတူတုပင်ဖြစ်နေသည်ကိုတွေ့ရပါသည်။ လူတွေ၏အချောင်ရခြင်သည့်စိတ်ကိုအသုံးချခံရခြင်းသာပါ။

တခါကလဲ ၃သောင်းဖို့ပြည့်လျှင်လိုးရှင်းတဗူးရမည်ဟုသောဆိုင်တခုတွင်မလိုအပ်ပေမဲ့၃သောင်းပြည့်အောင်ဝယ်ခဲ့ဘူးသည်။ အလကားရမည့်လိုးရှင်းကိုလိုခြင်လို့ပါ။ တကယ်တမ်းကျ လိုရှင်းက အရည်သွေးမပြည့်တော့ပဲစေးကပ်ကပ်ဖြင့်အသုံးမဝင်တော့ပါ။

ဖွံဖြိုးပြီးသားနိုင်ငံတွေကလုပ်ငန်းအများစုကတော့ မတိုင်ခင်ကတည်းက ဘာပေးမယ်၊ ဘယ်လောက်ကျမယ်၊ ဘယ်လောက်ကြာမယ်စသဖြင့်ကြိုတင်ကြေငြာထားပြီးငွေလဲကြိုသွင်းရတာပါ။ မိမိပျက်ကွက်ပါကမိမိတာဝန်သာဖြစ်ပြီး တာဝန်ယူမှု့၊ တာဝန်ခံမှု့ကလဲ လူတိုင်းမြင့်မားကြပါသည်။

ပညာရေးတွင်လဲ အချိန်ပိုတွေအများကြီးသင်တဲ့အတန်းကကျောင်းသားတစ်ယောက်ကပြောဖူးပါသည် ‘ အချိန်တိကျတာပဲကြိုက်တယ်၊ အပိုသင်ပေးတာဆိုပေမဲ့ဦးနှောက်ကလဲပူနေပြီ၊ လာကြိုတဲ့သူကလဲစောင့်နေရတယ်၊ ချိန်းထားတာလဲနောက်ကျတယ်၊ ဘာမှမကောင်းဘူး’ တဲ့လေ။ လူတိုင်းကအပိုရနေတာကိုကြိုက်နေကြသည်မဟုတ်ပါ။

အခုတော့အတွေ့အကြုံနှင့်အသက်အရွယ်အရ အလကားလဲမလိုခြင်တော့ပါ။
အပိုလဲမလိုခြင်တော့ပါ။
တန်ရာတန်ကြေးပေးပြီးမှန်ကန်တဲ့တန်ဖိုးရှိတဲ့အရာကိုရရင်ကျေနပ်နေတတ်ပါပြီ…… …အလကားရတဲ့အရာကအလကားပဲဖြစ်သွားတတ်သည်ကိုအများကြီးတွေ့ရပြီးပြီပဲလေ….

တွေးဆဆင်ခြင်မိပါစေ

ချစ်တဲ့

တီချယ်

၁၂-၆-၂၀၂၃

တနင်းလာနေ့

မနက်ခင်း ၁၀:၃၀ မိနစ်

03/06/2023

ဘာဖြစ်ခြင်တာလဲပြော…

‘လက်ခုပ်တီးရတာလွယ်တယ်၊ ကိုယ်တိုင်ကဖို့သာခက်တာ’ ဆိုတဲ့စကားအတိုင်းပဲ ‘ ဟိုလူက ဘယ်လို၊ ဒီလူကဘယ်လို’၊ ‘ သူကအရမ်းတော်တယ်ဘယ်လိုများလုပ်သလဲ’၊ ‘ သူ့ကိုအားကျတယ်’ စသဖြင့် တခြားသူများနှင်ပါတ်သက်တာကိုအလွယ်တကူကောက်ချတတ်ကြပေမဲ့ အမှန်တကယ်လိုက်လုပ်ဖို့ကကာယကံရှင်ရဲ့စိတ်နေစိတ်ထားအပေါ်မှာအများကြီးမူတည်ပါတယ်။
အချိန်စီမံခန့်ခွဲမှု့သင်ကြားနေတဲ့အတန်းတစ်ခုမှာ အတန်းပြီးတော့ ကျောင်းသူတစ်ယောက်ကပြောပါတယ် ‘ အချိန်စီမံခန့်ခွဲမှု့အကြောင်းနားထောင်ရတာကောင်းပါတယ်၊ ဒါပေမဲ့ ကျမဘဝက ရိုးရှင်းတယ်၊ နေ့စဉ်ဘဝကဆင်တူပဲ၊ အဲ့ဒါကြောင့် အခုပြောတယ်ဟာတွေကသုံးလို့မရပါဘူး ဆရာမ’ တဲ့လေ၊ ကျမကလဲ ဟုတ်ပါပြီရှင် အခုဖြစ်နေတဲ့ဘဝ၊ အခုရနေတဲ့ဝင်ငွေကိုကျေနပ်တယ်ဆိုရင် ဒီအတိုင်းပဲနေပါ။

အခုအခြေနေထက်ပိုကောင်းတဲ့အခြေနေ၊ ဝင်ငွေကို ရခြင်တယ်ဆိုရင်တော့ အခုအတိုင်းနေခြင်လို့မရဘူး၊ နေမှု့၊ ထိုင်မှု့၊ သင်ယူမှု့ အားလုံးပြောင်းရမှာပါ။ ဘာမှမထည့်ထားပဲ ဘာမှလိုခြင်လို့မရဘူးလေနော့….

လုပ်ပိုင်ခွင့်ဆိုတာ တာဝန်ယူခြင်းကနေလာတာပါ။ တာဝန်ယူမှု့၊ တာဝန်ခံမှု့မရှိပဲနဲ့ လူအများကလက်ခံတဲ့စီမံခန့်ခွဲသူဖြစ်မလာနိုင်ပါပေ။

အစီစဉ်တွေမဆွဲခင် ကိုယ်ဘာဖြစ်ခြင်တာလဲဆိုတဲ့ပန်းတိုင်တစ်ခုသေသေချာချာရှိဖို့လိုအပ်ပါတယ်……… မဟုတ်ရင်တော့ ပဲ့ထိန်းမပါတဲ့လှေလိုပဲ ဟိုယိမ်းလိုက်၊ ဒီယိမ်းလိုက်ဖြစ်နိုင်ပါတယ်ရှင်…..

လူတစ်ယောက်ကတစ်ခုခုဖြစ်သွားတယ်ဆိုတာဖြစ်စေတဲ့အကြောင်းတရာတွေပြည့်စုံလို့ပါ။ အကြောင်းတရားမရှိပဲ အကျိူးတရားဆိုတာမရှိပါ။ အကြောင်းတရားသာပြည့်စုံပါစေ အကျိူးတရားကငြင်းလို့မရပါဘူး။

ကံကောင်းတယ်ဆိုတာ အခွင့်အလမ်းနဲ့ ကြိုတင်ပြင်ဆင်ခြင်းတို့ပေါင်းဆုံတဲ့အခါမှာဖြစ်တဲ့အရာပါ။ ဘယ်လောက်ပဲအခွင့်လမ်းကောင်းတွေပေါ်ပေါ် မိမိမှာပြင်ဆင်ထားတဲ့အရာတွေမရှိရင် ဖမ်းယူဆုပ်ကိုင်ခြင်လို့မရပါဘူး…..

မိမိကိုယ်ကိုတည်ဆောက်ဖို့မကြိုးစားတဲ့သူတွေဟာ… တပါးသူများအားအပြစ်တင်ခြင်း၊ မနာလိုကဲ့ရဲ့ခြင်း၊ အခြေနေကိုအပြစ်တင်ခြင်း၊ ကံကိုပုံချခြင်းတို့ကိုပြုလုပ်လေ့ရှိပါသည်။

ဘာလုပ်သင့်သလဲလို့အကြံလာတောင်းတဲ့သူတွေကိုအရင်ဆုံးမေးဖြစ်တာကတော့ ဘာဖြစ်ခြင်တာလဲဆိုတဲ့မေးခွန်းပါပဲ……ဖြစ်ခြင်တာရဲ့အနောက်မှာမှ ဘာလုပ်မယ်ဆိုတာဆက်လာမှာပါ။ မဟုတ်ရင်တော့ ဖြစ်ခြင်တာကစိတ်ကူးသက်သက်ပဲဖြစ်နေမှာပါ။

မိမိဘဝဖွံ့ဖြိုးတိုးတက်ဖို့မိမိမှာပဲတာဝန်ရှိတာပါ။မိမိကိုယ်တိုင်ပုံဖော်ထုဆစ်ထားတဲ့ဘဝမှာရှင်သန်နေထိုင်ရတာလောက်ဘဝအဓိပ္ပါယ်ပြည့်စုံတာမရှိပါ။

မိမိဘဝဆိုတဲ့ပန်းချီကားထဲမှာ ဘယ်လိုအရာတွေ၊ ဘယ်လိုအရောင်တွေထည့်မှာလဲ၊ ဘာတွေအသုံးပြုပြီးဆွဲမှာလဲ၊ သူများတွေမြင်ရင်ကော ဘယ်လိုမြင်စေခြင်သလဲ ဆိုတာက မိမိကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ….
ဘာလို့လဲဆိုတော့ သင့်ဘဝ၊ သင့်သမိုင်းဖြစ်နေလို့ပါပဲ……..

တွေးဆဆင်ခြင်မိပါစေ

ချစ်တဲ့

တီချယ်

၃-၆-၂၀၂၃

စနေနေ့ နေ့လည် ၁:၀၀နာရီ

23/05/2023

‘မီး’ နဲ့ ‘ရေ’ ဘာကိုရွေးမှာလဲ

လူမှု့ပါတ်ဝန်းကျင်မှာနေထိုင်ကြတဲ့သူတွေဟာ တစ်ယောက်နဲ့တယောက်ကူးစက်တတ်တဲ့သဘောရှိကြပါသည်။

ဒေါသကြီးတဲ့သူနှင့်အနေများသောအခါ.. တခါတရံဒေါသကြီးတာဟာပုံမှန်ပဲဆိုပြီးအထင်အမြင်ယူဆချက်ဖြစ်လာတတ်ပြီး ဒေါသအပြုအမူတွေဖြစ်မိတတ်ကြသည်။

ယဉ်ကျေးသောသူများနှင့်အနေများတဲ့အခါတွင် အပြော၊ အဆို၊နေထိုင်မှု့များကအစကူးစက်ပြုမှုတတ်ကြသည်။

ဒါကြောင့်လဲ သင်ဘယ်လိုလူလဲဆိုတာသိခြင်ရင် သင်နဲ့အနီးကပ်ပေါင်းသင်းဆက်ဆံနေသော လူ ၅ယောက်ကိုကြည့်ပြီးဆုံးဖြတ်နိုင်တယ်လို့ဆိုကြတာပါ။လမ်းခြင်းတူမှလူခြင်းတွေ့ကြတာပါ။

ကိုယ့်အနားကလူက ကြိုးစားမယ်၊ အနာဂါတ်ပန်းတိုင်မြင့်မယ်၊ စိတ်ဓါတ်တက်ကြွမယ် ဆိုလျှင် ကိုယ်ကပါ ကြိုးစားခြင်စိတ်ဖြစ်လာမယ်၊ ပန်းတိုင်ထားတတ်လာမယ်၊ တက်ကြွစွာနေထိုင်တတ်လာမှာဖြစ်ပါတယ်။

‘အမှားကြာရင်အမှန်’ ဆိုတဲ့အတိုင်းပဲ ဘဝကို ပျင်းရိစွာဖြင့်ဖြတ်သန်းတတ်တဲ့သူ၊ ပေါ့ပေါ့တန်တန်နေတတ်တဲ့သူနှင့်တွေ့ရင်လဲ ‘ အေးဆေးပေါ့’၊ ‘ ဖြစ်သွားလိမ့်မယ်’၊ ‘ အချိန်တန်ရင်နွားပိန်ကန်လိမ့်မယ်’ စသဖြင့်အယူအဆတွေကကိုယ့်ဆီကိုပါရောက်လာတတ်ပါသည်။

အချိန်ကိုလေးစားတတ်သူ၊ ကတိတလုံးတန်ဖိုးထားတတ်သူ၊ သိက္ခာရှိသောသူများနှင့်ပေါင်းသင်းနေထိုင်မိလျှင်မိမိရဲ့အားနည်းချက်များကိုအလွယ်တကူသိမြင်လာပြီးပြုပြင်မိတတ်ကြပါသည်။

‘တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး’ ဆိုတဲ့စကားအတိုင်းပဲ နီးစပ်ရာကိုတိမ်းညွှတ်ကူးစက်တတ်တဲ့သဘောရှိပါသည်။

စိတ်ညစ်စရာအကြောင်းတွေတွေးလေလေ စိတ်ညစ်လေလေဖြစ်ပြီး၊ ပျော်ရွှင်စရာအကြောင်းတွေတွေးခြင်း၊ ပျော်တတ်တဲ့သူနှင့်ပေါင်းဖော်ခြင်းအားဖြင့် အပျော်တွေကူးစက်လာတတ်ပါသည်။

မီးနာနေလျှင်ပူပြီး၊ ရေနားနေလျှင်အေးသလိုပဲ မိမိအနားမှာရှိသော အရာ၏ အငွေ့အသက်၊ ခံစားချက်များက မိမိဆီသို့ကူးစက်စေတတ်ပါသည်။

နေရာတခုခုကိုရောက်ခြင်လျှင် ထိုနေရာကိုရောက်နှင့်သူ သို့မဟုတ် ရောက်ဖူးသူကိုမေးမြန်းခြင်းအားဖြင့် အခြေနေကိုကြိုသိပြီး လိုအပ်သောအရာများကိုကြိုတင်ပြင်ဆင်ထားနိုင်ပါသည်။

စနစ်တကျနေထိုင်တတ်သူနှင့်အနီးကပ်နေတာကြာလျှင် တဖက်လူရဲ့လုပ်ပုံကိုင်ပုံ၊ ပစ္စည်းထားသိုပုံ၊ ပြုမှုပုံတွေမိမိဆီသို့အမှု့မဲ့အမှတ်မဲ့ကူးစက်လာသည်ကိုတွေ့ရပါသည်။

စာအုပ်ဖတ်လျှင်လဲရွေးခြယ်ပြီးဖတ်သင့်လှပါသည်။ စာရေးဆရာမဂျူးဝတ္ထုတွေအဖတ်များတဲ့ကျမ တခုခုပြောလျှင် ‘သေချာတာပေါ့’ ဆိုတဲ့ ဇတ်ကောင်တွေပြောတဲ့စကားကိုအတုခိုးပြီးပြောရင်းအကျင့်ပါနေပါပြီ။

ဆရာတော်ဦးဇောတိကစာအုပ်တွေအဖတ်များလို့လဲ စိတ်ကိုအရှုပ်ထဲမှာရှင်းအောင်ထားရင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေအောက်မှာ လွတ်လပ်စွာရှင်သန်တတ်နေသည်။

ဘဝဟာရွေးခြယ်မှု့များနှင့်တည်ဆောက်ထားတာဖြစ်သောကြောင့် လောင်ခြင်ရင် ‘မီး’နားနေ၊ အေးခြင်ရင်’ ရေ’ နားနေရမှာပဲဖြစ်ပါတယ်။

မှန်မှန်ကန်ကန်ရွေးခြယ်တတ်ပါစေရှင်

ချစ်တဲ့

တီချယ်

၂၃-၅-၂၀၂၃

မနက်ခင်း ၁၀:၃၆ မိနစ်

Videos (show all)

Sandi Education - Founder ဆရာမကြီး ဒေါက်တာစန္ဒီဝင်း၏ "A guide to Personal Development"Free Seminar ကို မတက်ရောက်နိုင်ခဲ့...
How to balance work and life?
Tourism for all!!
Entrepreneur's mindset
Ready for Covit 19 safe service!!
Risk and Insurance!!
Business Seminar!!
How to give feedback and take feedback?

Telephone