Myat Soe Shein

Myat Soe Shein

Author

05/12/2023

နောက်ကျော ဓားနဲ့ထိုးလိုက်တဲ့သူကို
လှည့်ကြည့်လိုက်တော့
မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ်

ရင်ဘတ်ဆောင့်ကန် လိုက်တဲ့သူကို
မျက်နှာချင်းဆိုင် ကြည့်လိုက်တော့
လုပ်ဖော်ကိုင်ဖက်ကြီး ဖြစ်နေတယ်

ခေါင်းပေါ်ခြေထောက်နဲ့ နင်းထားတဲ့သူကို
သတိထားကြည့်လိုက်တော့
တစ်ခါ နှစ်ခါ " ဆရာ "
ခေါ်ဖူးတဲ့သူ ဖြစ်နေတယ်

ခြေထောက်အောက်
ငြှောင့်ဆူးထောင်ထားတဲ့သူကို
လှည့်ကြည့်လိုက်တော့
တပည့်ရင်းချာတစ်ဦး ဖြစ်နေတယ်

ဘေးဘယ်ညာ , ဝဲနှစ်ဖက်မှာ
ဟုတ် … ဟုတ် , မဟုတ်.ဟုတ်
သွားပုတ်လေလွှင့်နေသူတွေကို
ကိုယ့်ရဲ့သတင်း လွှင့်နေသူတွေကို
လှမ်းကြည့်လိုက်တော့
" မျက်နှာစိမ်း " မဟုတ်တဲ့
" မျက်နှာကျက် " တွေဖြစ်နေပြန်တယ်

ဒီလောက်တောင် ခံနေရတာတောင်
ဘာမှ မတုံ့ပြန်တော့ဘူးလား " တဲ့....
အသံတစ်သံက မေးနေရဲ့

(ကိုယ်ပြုသောအမှု မဟုတ်လို့
တုန့်ပြန်ဖို့ လိုမယ်မထင်..
သူ့စားရိတ်နဲ့ သူသွားပါလိမ့်မည်)


Credit....မူရင်းရေးသူ

09/09/2023

ဘဝတစ်လျှောက်လုံး
လှည့်စားမှုတွေနဲ့ပဲ နေသားကျခဲ့တာပါ
ကိုယ့်ဘဝကို ကိုယ်မသနားပဲ
တိုင်တန်းနစ်ရုပ်ရှင်ကြည့်ပြီး မျက်ရည်ကျခဲ့ရတယ်
တကယ်တော့ ကျနော်ဟာ
ချိုတကူးလို လူစားပါပဲ

😰

06/09/2023

ရထားတစ်စီးနဲ့ ခရီးသွားရင်း
ပြတင်းက ငေးမျှော်ကြည့်မိတဲ့ခဏ၊

အနီးကသစ်ပင်တွေ ကျန်ခဲ့ပြီး
အဝေးကသစ်တောတွေ လိုက်လာလေရဲ့။

ဩ ပမ္မဝတီ

14/06/2023

#ရှေးဖြစ်ငယ်ကြောင်း

#ကျွန်တော်စျေးသည်ကြီး

ကျွန်တော် ၄ တန်းနှစ်တုန်းက
ပဲခူးတိုင်းဖဒိုရွာမှာ ကျောင်းတက်တာပါ
ကျောင်းက မူလတန်းကျောင်း
တရုပ်ကျောင်းလို့ ခေါ်ကြပါတယ်
ကျောင်းအုပ်ဆရာကြီးနာမည်က ဦးအောင်သိန်းပါ
ဆရာကြီးကတော်ကကျောင်းမှာ မုန့်ရောင်းပါတယ်
ကျောင်းက အုပ်ခံသစ်သားနှစ်ထပ်အိမ်ကြီးပါ
ဆရာကြီးတို့က ကျောင်းနောက်မှာ အိမ်ကလေးနဲ့နေပါတယ်
ဆရာကြီးကတော်က အိမ်ကြီးရဲ့နောက်ဖေးမီးဖိုဆောင်လိုဂုံးမှာ
အသုပ်၊ ကောက်ညှင်းထုပ်၊ ဆီထမင်းလိုမျိုး​မြန်မာမုန့်တွေရောင်းပါတယ်

ကျွန်တော်မှတ်မိတဲ့ သူငယ်ချင်းတွေကတော့
စောသာထူး၊သိန်းမြနဲ့ ဌေးဌေးဝင်းတို့ပါပဲ

ကျောင်းသွားရင် မနက်ကတည်းကအိမ်မှာ
ထမင်းစားသွားရပါတယ်
အဖေက မုန့်ဖိုးတစ်မတ် ပေးပါတယ်
အဖေမုန့်ဖိုးပေးတယ်ဆိုတာ ဒီလိုခင်ဗျ

မနက်ကျောင်းမသွားခင်
အဖေက တစ်ကျပ်စေ့တစ်စေ့ထုတ်ပေးပါတယ်
သား ဒီတစ်ကျပ်နဲ့ မင်းကျောင်းသွားတဲ့လမ်းက
ဒေါ်ကြင်မွှေးတို့ တရုပ်ဆိုင်မှာ မုန့်ထုပ်တစ်ထုပ်ဝယ်
ပြီးရင်ကျောင်းမှာပြန်ရောင်း
မင်းရောင်းတာကုန်ရင် မင်းတစ်မတ်မြတ်လိမ့်မယ်
အဲ့ဒီတစ်မတ်နဲ့ မင်းနေ့လည်ကျောင်းဆင်းချိန်မုန့်ဝယ်စား
ညနေကျောင်းကပြန်လာရင် အဲ့ဒီတစ်ကျပ်စေ့ပြန်အပ်ရမယ်တဲ့

ကျွန်တော်လည်း ကျောင်းသွားရင် ဒေါ်ကြင်မွှေးတို့ဆိုင်က
တစ်ကျပ်တန် မုန့်အထုပ်ကြီးတစ်ထုပ်ဝယ်ရပါတယ်
အထဲမှာ ၅ ပြားတန်မုန့်ထုပ်ကလေး ၂၅ ထုပ်ပါပါတယ်
စျေးဝယ်ရင်းနဲ့ ကျွန်တော်ပေးထားတဲ့ တစ်ကျပ်စေ့လေးကို
ညနေကျရင် အကြွေတွေနဲ့
ပြန်လဲမယ့်အကြောင်း ပြောခဲ့ရပါတယ်

ကျောင်းရောက်ရင် မုန့်ရောင်းရတာပေါ့
မုန့်ကလည်းရောင်းရ ဆော့ကလည်းဆော့ချင်ဆိုတော့
ဗျူဟာဆင်ရတာပေါ့
ကျွန်တော်နဲ့ဆော့တဲ့သူတွေကို သူတို့ရှုံးရင်
ကျွန်တော့်ဆီက မုန့်ဝယ်စားရပါတယ်
သိန်းမြက ချက်တိုးတာဝါသနာပါတယ်
သူနဲ့ချက်တိုးရင် ကျွန်တော်နိုင်အောင်တိုးရပါတယ်
သူရှုံးတော့ကျွန်တော့ဆီက မုန့်ဆယ်ထုပ်လောက်ဝယ်ရပါတယ်
သူမကုန်ရင်သူများကိုကျွေးပေါ့
ကျန်တဲ့သူတွေနဲ့ချက်တိုးရင်တော့
သူတို့ဝယ်ချင်သလောက်ပဲ ရောင်းပါတယ်
ဌေးဌေးဝင်းတို့နဲ့လည်း သူတို့ခေါ်ရင် လိုက်ဆော့ရပါတယ်
ပြေးတန်းလိုက်တမ်းတို့ ဖန်ခုန်တမ်းတို့ဆော့ပါတယ်
အဲ့ဒီမှာ ရှုံးတဲ့ဘက်က ကျွန်တော့်ဆီကမုန့်ဝယ်စားရပါတယ်
ကျွန်တော်ပါတဲ့ဘက်က ရှုံးရင်လည်းအတူတူပဲပေါ့
အဲ့လိုနဲ့ နေ့တိုင်းမုန့်ရောင်းရင်း ဆော့ရင်း ကျောင်းတက်တာပါ
နေ့လည် ထမင်းစားကျေင်းဆင်းချိန်မှာ
ကျွန်တော် အသည်းအသန်စျေးရောင်းရတာပါ
ဒီမုန့်တွေကုန်မှ ကျွန်တော်လည်းမုန့်ဝယ်စားရမှာမဟုတ်ပါလား
ကျောင်းပြန်တက်ကာနီးမှာ ဆရာကြီးကတော်ရောင်းတဲ့
မုန့်ဗန်းဆီအသည်းအသန်ပြေးရတာပါ
သူ့ဆီမှာက ဗိုက်ဝနိုင်တဲ့မုန့်တွေရှိတော့
သူ့ဆီမှာပဲ ဝယ်စားရတာပါ
ဆရာကြီးကတော်က ကျွန်တော်မုန့်ရောင်းတာသိပေမယ့်
ဘာမှမပြောပါဘူး
ရောင်းတဲ့မုန့်ချင်းကလည်းမတူဘူးလေ
ကျွန်တော်က ကလေးတွေကြိုက်တဲ့
ဗိုက်မဝတဲ့မုန့်ကို ရောင်းတာပါ

ကျွန်တော်က မနက်ကတည်းက ထမင်းစားလာတာရယ်
ဆော့ကစားထားတဲ့အရှိန်ရယ်နဲ့
ဗိုက်က အတော်ဆာနေပါပြီ
ဆရာကြီးကတော်ကလည်း သူ့မှာမုန့်တွေကျန်နေတတ်တော့
ကျွန်တော့်ကို ပိုပေးပါတယ်
ကျွန်တော့်အတွက်တော့ အလှူမှာစားသလိုပါပဲ
ညနေကျောင်းဆင်းရင် ဒေါ်ကြင်မွှေးဆိုင်မှာ
ငွေအကြွေနဲ့ တစ်ကျပ်စေ့ပြန်လဲ​ပြီး
အဖေ့ဆီ ပြန်အပ်ရပါတယ်

ကျွန်တော် အဲ့ဒီကနေ နောက်နှစ်မှာပြောင်းလာရပါတယ်
အဲ့ဒီနောက်ပိုင်း သူငယ်ချင်းတွေနဲ့ပြန်မတွေ့တော့ပါဘူး
ဖဒိုစောသာထူးဆိုရင်တော့ ကျွန်တော့်သူငယ်ချင်းပဲဖြစ်လိမ့်မယ်
သိန်းမြကတော့ တရုပ်ကပြားဆိုတော့
ဘယ်မှာရှိနေမလဲမသိပါဘူး
ဌေးဌေးဝင်းကိုလည်း ပြန်မတွေ့တော့ပါ
သူ့ကိုမှတ်မိတာ အသားညိုညိုနဲ့ ခြေသလုံးမှာ အနာရွတ်ကလေးတွေနဲ့ခင်ဗျ
ငယ်ဘဝကို လွမ်းမိတယ် သူငယ်ချင်းတို့ရယ်

ဩ ပမ္မဝတီ
၁၄.၆.၂၀၂၃

21/05/2023

" ဂမုန်း ခတ္တာ ဇီဇဝါ " တဲ့
အတိတ်ကာလရဲ့ ခံစားမှု ၃ ခု
ဝတ္ထုဖြစ်မည်လား ရေးရပါမည်။

18/05/2023

အဘိုးအိုတစ်ယောက်နဲ့ လူငယ်တစ်ယောက် လမ်းမှာ ဆုံကြတော့ လူငယ်က အဘိုးအိုကို မေးတယ်။

"ကျွန်တော့်ကိုမှတ်မိလား ဆရာ?"

အဘိုးအိုက ခေါင်းခါတယ်။

"ကျွန်တော် ဆရာ့တပည့်ပါဆရာ"
"ဟေ။ဟုတ်လားကွ”
“ဟုတ်ပါတယ်ဆရာ"
"အခုငါ့တပည့် ဘာအလုပ်လုပ်နေလဲ"

“အခု ကျောင်းဆရာ တစ်ဦးအနေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတယ်ဆရာ"

လူငယ်က ဂုဏ်ယူစွာဖြေတယ်။

အဘိုးအိုက ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့
“ကောင်းတယ်ဟေ့။ငါ့လိုပါပဲလားကွ"

“ဟုတ်ပါတယ်ဆရာ။ တကယ်တော့ ကျွန်တော်ဆရာဖြစ်ခဲ့တာက ဆရာ့ကြောင့်လို့ပြောလို့ရပါတယ်။
ဆရာလှုံ့ဆော်မှုကြောင့် သာ ကျွန်တော်ဆရာတစ်ယောက်ဖြစ်လာတာပါ"

စူးစမ်းချင်စိတ်ပြင်းပြနေတဲ့ မျက်နှာထားနဲ့ အဘိုးအိုက မေးတယ်။

"ဟေ ဘယ်လိုအရာက မင်းကို ဆရာလုပ်ဖို့
လှုံ့ဆော်ခဲ့လဲ ငါတောင် မမှတ်မိတော့ဘူးကွ”

လူငယ်က အတိတ်ကာလက အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။

“တစ်နေ့မှာ ကျွန်တော့်သူငယ်ချင်းက ကျောင်းလာတဲ့အခါ သိပ်မိုက်တဲ့ နာရီအသစ်တစ်လုံးပတ်လာတယ်ဆရာ။ နာရီကို မြင်မြင်ချင်း ကျွန်တော်အရမ်းကြိုက်သွား ပြီး လိုချင်ခဲ့တယ်။ ဒါနဲ့ ခိုးယူဖို့ ဆုံးဖြတ်လိုက်တယ်။သူငယ်ချင်းက နာရီကို အိတ်ထဲ ထည့်ထားချိန် ကျွန်တော် ခိုးလိုက်တယ်"

လူငယ်က ဆရာ့ကို ကြည့်တော့ ဆရာက ဆက်ပြောပါဦးလို့ ခေါင်းညိတ်ပြတယ်။

"ခဏကြာတော့ သူငယ်ချင်းက သူ့နာရီပျောက်နေတာ သတိထားမိပြီး အတန်းပိုင်ဆရာကို ချက်ချင်းတိုင်တယ်။အဲဒီဆရာက ဆရာပါဆရာ"

ဆရာဖြစ်သူက ခေါင်းညိတ်ပြတယ်။

ဆရာက 'ဒီကျောင်းသားရဲ့ နာရီက ဒီနေ့ စာသင်ချိန် မှာ ပျောက်သွားတယ်လို့ ပြောတယ်။ ကောက်ရထားသူရှိလား။ ကောက်ရထားရင် ပြန်ပေးပါ"လို့အော်ခဲ့တယ်။
"ကျွန်တော် လိုချင်လို့ ခိုးထားတာမို့ ပြန်မပေးခဲ့ဘူးဆရာ"

ဆရာက တံခါးပိတ်ပြီး ကျွန်တော်တို့အားလုံးကို စက်ဝိုင်းပုံ ဝိုင်းပြီး မတ်တပ်ရပ်ခိုင်းခဲ့တယ်။ကျွန်တော်တို့အားလုံး ကို မျက်လုံးမှိတ်ထားခိုင်းတယ်။ကျွန်တော်တို့အားလုံးလည်း ဆရာ
ညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ကြတယ်။
ကျွန်တော်တို့ ရဲ့အိတ်ကပ်တွေထဲကို ဆရာ လိုက်ရှာခဲ့တယ်"

ဆရာက ကျောင်းသားတစ်ဦးချင်းရဲ့ အိတ်ကပ်တွေကို ရှာခဲ့တယ်။ကျွန်တော့်အိတ်ကပ်ထဲကနေ နာရီတွေ့သွားပေမယ့် ကျန်တဲ့ကျောင်းသားတိုင်းရဲ့ အိတ်ကပ်တွေကို ဆရာ ဆက်ရှာခဲ့တယ်။ အကုန်လုံး ရှာပြီး မှ ဆရာကပြောခဲ့တယ်။
"အားလုံး မျက်စိဖွင့်လို့ ရပြီဟေ့။ နာရီ တွေ့ပြီ"

"အဲဒီနေ့က ဆရာက ကျွန်တော့်ကို နာရီသူခိုးလို့ အများရှေ့မှာ မပြောခဲ့သလို ကျွန်တော်တို့ နောက်တစ်တန်းတက်သွားတဲ့အထိ ဒီအကြောင်းကို မပြောခဲ့ဘူး
နာရီ ဘယ်သူခိုးယူထားတယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။
အဲဒီနေ့က ဆရာက ကျွန်တော့် ဂုဏ်သိက္ခာကို ကယ်တင်ခဲ့တယ်။ တစ်ဘဝစာကယ်တင်လိုက်တာပါ။ အဲဒီနေ့က ကျွန်တော့်ဘဝရဲ့ အရှက်ရဆုံးနေ့ပါပဲဆရာရယ်။
ဒါပေမယ့် အဲဒီနေ့ကပဲ ကျွန်တော်ဟာ သူခိုး၊ လူဆိုးမဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ နေ့ပါပဲ၊
ဆရာက ဘာမှ မပြောခဲ့၊မကြိမ်းမောင်းခဲ့ပေမယ့် လူ့ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာကို ပြသပေးခဲ့တာပါပဲဆရာ။
ဆရာ့ပေးခဲ့တဲ့ ဘဝသင်ခန်းစာကို ကျွန်တော် ရှင်းရှင်းလင်းလင်း ရရှိခဲ့ရပါတယ်။
ကျေးဇူးတင်ပါတယ်၊ တကယ့်ဆရာစစ်စစ်တစ်ယောက်ဖြစ်ဖို့ အတွက် လိုအပ်တာကို နားလည်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို မှတ်မိလားဆရာ"

အဘိုးအိုက ခေါင်းညိတ်တယ်။
"အဲဒီနေ့က အဖြစ်အပျက်ကို ဆရာ မှတ်မိပါတယ်။ကျောင်းသားတိုင်းရဲ့အိတ်ကပ်ထဲမှာ နာရီလိုက်ရှာတဲ့
အခြေအနေကိုလည်းမှတ်မိပါတယ်။
မင်းမျက်နှာကိုတော့ မမှတ်မိဘူးကွ။”
“ဗျာ—-“
“ဘာ လို့လဲဆိုတော့ အဲဒီအချိန်က ကျောင်းသားတွေနည်းတူ ဆရာလည်း မျက်လုံးမှိတ်ထားခဲ့တယ်ကွ"

ဒါဟာ သင်ကြားခြင်းရဲ့ အနှစ်သာရပါပဲ။

အရှက်ခွဲပြီး တည့်မတ်ပေးခဲ့ရင် ဘဝသင်ခန်းစာကို အမှန်တကယ် တတ်မြောက်ခဲ့မှာ မဟုတ်ဘူး။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

17/10/2022

စပယ်နုဖူး ရင်ခွင်ဦးသို့
---------------------
ဩ ပမ္မဝတီ

ရင်စပယ်ဦး နုညံ့ဖူးသစ်
ခူးဆွတ်မခြွေ ပန်းမွှေးစေသား
သက်သေထားမယ်
ခုများခဏ သတိရရင်
ဘဝနောင်ခါ ဆုံဆည်းပါစေ
ဆယ်ဖြာယှက်မိုး နှိမ်ရှိခိုး၍
တုမိုးမပြိုင် ဘုရားတိုင်မည်
ငါးခိုင်ကြာတို့ လှူပါလေ...

ဆယ်ကျော်သက်လွန် ရမက်နွံထဲ
မကျွံစောင့်စည်း ဘဝနီးရေး
ခရီးဝေးကွာ ရှိခဲ့ပါလည်း
ရင်မှာမြတ်နိုး ပန်းတန်ဖိုးကို
ရွယ်ကိုးဘဝ
အလှသာလျင် ကြည့်နေချင်ခဲ့
ရင်ခွင်ဖက်ထွေး နဖူးလေးသာ
နမ်းမွှေးရုံမျှ ချစ်မဝခဲ့
ဘဝခန္ဒာ ဖြူပါစေ...

မိဘမောင်ဖွား စိတ်တူညားလည်း
စည်းများသတ်မှတ် ချစ်တတ်ခဲ့ကြ
သူက ကိုယ့်ကို အစ်ကိုလိုသာ
သူ့ကို ကိုယ်က နှမလိုသာ
ရောင်ပြာမစွက် တစ်သက်ချစ်ရေး
ကြိုတင်တွေးလို့
ဆွေမေးမျိုးပြ နှစ်ဘက်မျှခဲ့
ဆန္ဒထပ်တူ ယူပါလေ...

ကိုယ်ကမခူး ဥယျာဉ်မှူးလို
ပန်းဖူးအငုံ အပွင့်စုံစေ
ရင်ခုန်စိတ်နဲ့ ချစ်တတ်ခဲ့လည်း
မွဲတဲ့ကြမ္မာ ရက်စက်စွာလေ
ပန်းခြွေဆွတ်ခူး နယ်မြေကျူးလို့
ဘီလူးလူမိုက် ဆောင်ယူခိုက်မှာ
မိုးမိုက်မှောင်ကျ တို့ဘဝလည်း
ရှင်ကွဲ ကွဲပြီ
ကျိန်ဆဲ ဝဋ်ကြွေး တို့များဝေးခဲ့
လွမ်းဆွေးစိတ်သာ တူပါစေ...

အိုမင်းခုခါ ချိန်နှောင်းပါလည်း
ရင်မှာညွတ်နူး စပယ်ဖူးကို
အဦးအစ ချစ်ခွင့်ရခဲ့
တသမိန်းမော ကမ်းခြေကြောမှာ
ပြောခဲ့ဖုံဖုံ လွမ်းခွင့်ကြုံရ
ပုံပြင်တစ်ပုဒ် အငိုရုပ်ကို
ပြန်ထုတ်မပြော ကြာပြီကောလေ
လွမ်းသောအခါ
သစ္စာစကား တိုင်တည်ထားချင်
ခုများပြန်တွေ့ မမေ့နဲ့ကွယ်
မုသားကျန်သရွေ့ မတွေ့နဲ့ကွယ်။ ။

10:00 Pm
21. 12. 2020

14/08/2021

#သွေးစွန်းတဲ့ဖေဖော်ဝါရီ

သေတောင် မမေ့ဘူး
သွေးအလူးလူး ခန္ဒာ
ဒဏ်ရာတွေကို ပွေ့ဖက်
ဖောက်ထွက်သွားတဲ့ ကျည်ဆံ
အိပ်မက်နံရံကို မှန်တယ်။

လမ်းမကြီးတွေထဲ
ဖြန့်ကျဲခံရတဲ့ ပွန်းတွေ
ပွန်းကိုစားလိုက်ရတဲ့ နိုက်တွေ
တရားခံအစစ်တွေလား
အာဏာအတွက် ကစားတဲ့ပွဲမှာ
မြေဇာပင်တွေ ကြွေတယ်။

ရယူသူနဲ့ မပေးသူတွေဟာ
လောကပါလ တရားပျောက်
သူတို့က နောက်ကွယ်ရောက်
လက်ထောက်လိုက်တိုင်း
အပြိုင်းအရိုင်းသေပေးကြရ
စစ်တုရင်ခုံပေါ်က ပြည်သူတွေ။

အရူးမီးဝိုင်းနေတဲ့ကာလ
တရားခံအစစ်ကိုရှာကြ
အတ္တဆိုတဲ့တရား
ကြီးသူတွေမှာ ပိုများတယ်။ ။

၂၀-၂-၂၀၂၁

ကိုကောင်း (ပမ္မဝတီ) ၊ မင်းဆက် ( ပမ္မဝတီ)

19/03/2021

အနည်းနှင့်အများ၊ အမှန်နှင့်အမှား

အမှန်တရားနှင့်အမှားတရားသည် ကမ္ဘာလောကတွင် ကနဦးအစကပင်ရှိခဲ့ပါသည်။ လူရယ်လို့ဖြစ်လာပြီဆိုလျင် ထိုတရားနှစ်ခုကို ပိုင်းခြားဝေဖန်သိမြင်နိုင်ရန်လိုအပ်ပါသည်။ သို့မှသာ သဘာဝလောက၏ အကောင်းအဆိုးကို ကောင်းမွန်စွာ ခံစားရမည်ဖြစ်ပါသည်။

အမှန်ကိုသိခြင်းသည် သို့မဟုတ် အမှန်တရားဟုခံယူခြင်းသည် လူဘောင်လောကတွင် လူအနည်းအများနှင့် တိုင်းတာ၍ မရနိုင်ချေ။ တစ်နည်းဆိုရသော် လူအများလက်ခံသည်ဆိုသော်လည်း အမှန်တရားဖြစ်ချင်မှ ဖြစ်မည်။ လူအများလက်ခံ၍ သဘောတူနှစ်သက်သည်ဖြစ်သော်ငြား အမှားတရားလည်းဖြစ်နေနိုင်ပါသည်။

ဥပမာပြုရလျင်ဗုဒ္ဓဘာသာတွင် သိဒ္ဓတ္ထမင်းသားသည် လောက၏သစ္စာတရား လောက၏အမှန်တရားကိုရှာဖွေခဲ့ဖူးပါသည်။ သူ၏စည်းစိမ်အာဏာကိုစွန့်၍ လူ့ပတ်ဝန်းကျင်မှထွက်ကာ သစ္စာကိုရှာဖွေခဲ့သည်။ ဂေါတမဗုဒ္ဓဖြစ်သောအခါက အမှန်တရား သစ္စာလေးပါးကိုသိသူမှာ သူတစ်ဦးတည်းသာရှိခဲ့ဖူးပါသည်။
သိဒ္ဓတ္ထသည်ရာဇဂြိုဟ်ပြည်သို့ ဘုရားရှင်အဖြစ်ဆွမ်းခံကြွတော်မူသောအခါ အမှန်တရားကိုသိသူမှာ ဗုဒ္ဓနှင့်သူ၏သာဝက အနည်းငယ်သာရှိခဲ့သည်။

ထို့ကြောင့်တိုင်းသူပြည်သားများမှာ ရှင်ကြီးဂေါတမကို မေးငေါ့ကဲ့ရဲ့ကြသည်။ ရန်ပြုလိုကြသည်။ ရှင်ဘုရင့်သားတော်မှန်လျှက် သစ်ရည်ဆိုးသောအဝတ်စ ပတ်လျှက် သပိတ်တစ်လုံးနှင့်ထမင်းဟင်းကျွေးကို လိုက်လံတောင်းရမ်းစားရသည်ဟု ကဲ့ရဲ့သင်္ဂြိုလ်ကြသည်။ ဂေါတမဗုဒ္ဓကား မတုန်လှုပ်ခဲ့ချေ။ ဗုဒ္ဓော'သစ္စာတရားလေးပါကို သိသူဖြစ်သဖြင့်သာ မတုန်လှုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်မှ ဂေါတမဗုဒ္ဓသည် သူသိသောအမှန်တရားကို လူသားများနားလည်လက်ခံလာစေရန် ဆုံးမသွန်သင်ညွှန်ပြနိုင်ခဲ့ပါသည်။

ယခုအခါတွင် လူအများ( ၅၀% ထက်မပို)လက်ခံသည်ကို အမှန်တရားဟုသတ်မှတ်ကြသည်။ အများလက်ခံလျင် အမှန်ဟုဆုံးဖြတ်ကြသည်။ အကယ်စင်စစ်အမှန်တရားဟုတ်မဟုတ် ဝေဖန်ဆန်းစစ်ခြင်းမပြုကြပေ။ ဝေဖန်သူ ဆန်းစစ်သူကို ဉာဏ်ရည်မမီဟုကဲ့ရဲ့ကြသည်။ အမှန်တရားစစ်လျင် ဝေဖန်ပိုင်းခြားစိစစ်ခံနိုင်ရမည်ဖြစ်သည်။

လက်ခံသူအရေအတွက်များ၍ အမှန်ဟုဆုံးဖြတ်ကြခြင်းသည် လူ့လောကဥပဒေမဟုတ်ချေ။ တောတွင်းဥပဒေသာဖြစ်သည်။ တောတွင်းဥပဒေမှာ အင်အားသာသူသည်သာ အနိုင်ရကြသည်။ ထိုဥပဒေကို လူ့ဘောင်လောကတွင် အသုံးပြု၍မရချေ။ သုံးသည့်အခါ မှားယွင်းသည်သာမက အင်းအားနည်းသူဘက်မှရှုံးနိမ့်၍ လူနှင့်လူချင်းဆက်ဆံရေးပျက်ယွင်းကြရပေသည်။

ဒီမိုကရေစီစနစ်ကိုကျင့်သုံးသောအခါ ပြည့်ဝသောဒီမိုကရေစီ၏အရသာကို ပြည်သူလူထုအားလုံးမှ မခံစားရဘဲ Equality သာတူညီမျှရှိမှု Organization ပူးပေါင်းဆောင်ရွက်မှုတရားများပျက်ယွင်းရပေမည်။

ထို့ကြောင့် Citizen နိုင်ငံကြီးသားပီသစွာ မိမိတို့ယုံကြည်လက်ခံသည်ကိုလက်မခံသော်ငြား၊ မိမိနှင့်မတူသော်ငြား ရန်သူဟုသဘောမထားဘဲ မတူကွဲပြားခြင်းကို နားလည်လက်ခံနိုင်ကြရန်အရေးကြီးပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာပြည်ကြီး ဒီမိုကရေစီထွန်းကားနိုင်ပါစေ

ချစ်သောစိတ်ဖြင့်

Myat Soe Shein

23/02/2021

ကျွန်တော်နှင့် နိုင်ငံရေးပါတီအလာ့ဂျစ်
********************************

အခန်း ( ၄ )

၂၁ ရာစုအဝင် ၂၀၀၀ ပြည့်နှစ်အလွန်ကာလများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးအသင်းကြီး​၏ ရွှေရောင်နှစ်ကာလများ ဖြစ်နေတော့သည်။ လူမှုရေးအသင်းအဖွဲ့ဟုနာမည်တပ်ထားသော်လည်း အသင်းဝင်လူကြီးများသည် အရေးပါအရာရောက်လာကြသည်။ အုပ်ချုပ်ရေး တရားစီရင်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်လာကြသည်။ နိုင်ငံသားများတွင်လည်း နိုင်ငံသားစီစစ်ရေးကဒ်ပြားထက် ကြံ့ခိုင်ရေးအသင်းဝင်ကဒ်ပြားက အရေးပါလာခဲ့သည်။ ကြံ့ခိုင်ရေးကဒ်ပြနိုင်လျင် ဘာမဆိုလုပ်၍ရသည်ဆိုသောအနေအထားကိုရောက်လုလုဖြစ်လာတော့သည်။ ထိုသို့ တန်ခိုးဩဇာကြီးမားသော်လည်း ကျွန်တော်မှာ ပတ်သက်ရန်စိတ်ကူးမျှပင်မရှိခဲ့ပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် အသင်းဝင်ဝန်ထမ်းများကို အသင်းမှထုတ်ပယ်၍လည်းကောင်း၊ လက်ရွေးစဉ်ဝန်ထမ်းများကို ပင်စင်ယူစေ၍ အသင်းတွင်နေရာပေး၍လည်းကောင်း လူမှုရေးအသင်းမှ နိုင်ငံရေးပါတီအဖြစ်သို့ကူးပြောင်းလိုက်ပါသည်။ ကြံ့ခိုင်ရေးအသင်းကနေ ကြံ့ခိုင်ရေးပါတီသို့အမည်ပြောင်းလိုက်တော့မှ အသင်းစတင်ဖွဲ့စဉ်က ကျွန်တော်မသင်္ကာဖြစ်ခဲ့သည်မှာ ဤသို့ဖြစ်လာမည်ကို ကြိုတင်သိခဲ့သည်လားမပြောနိုင်ပါ။ သေချာတာတစ်ခုကတော့ ကျွန်တော့်အနေဖြင့် ကြံ့ခိုင်ရေးအသင်းစဖွဲ့သည်မှစ၍ အသင်းကြီးဩဇာကြီးမားလာသည့်အလည် နိုင်ငံရေးပါတီသို့ပြောင်းလဲသွားသည့်အဆုံး ကြံ့ခိုင်ရေးအသင်းဝင်ဖြစ်ရန်စိတ်မကူးခဲ့သလို မဖြစ်ခဲ့ရ၍လည်းနောင်တမရခဲ့ခြင်းဖြစ်ပါသည်။

နယကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးမည်ဆိုကာ နိုင်ငံရေးပါတီများဖွဲ့ခွင့်ပေးသောအခါ နိုင်ငံရေးပါတီများမှာ မိုးဦးကျမှိုတွေလို ထွက်ပေါ်လာပါတော့သည်။ ထိုပါတီများအနက် ကျွန်တော်နှင့်ရင်းနှီးသူအချို့မှ အစိုးရဝန်ထမ်းအဖြစ်မှထွက်ကာ နိုင်ငံရေးလောကသို့ဝင်ရောက်ရန် ပြောဆိုကြသော်လည်း ကျွန်တော်စိတ်မလည်ခဲ့ပါ။ ကျွန်တော်​၏မိတ်ဆွေအချို့ကတော့ ပင်စင်ယူပြီး နိုင်ငံရေးပါတီထဲသို့ ခြေစုံပစ်ဝင်သွားကြပါသည်။ သူတို့ကဲ့သို့ပါတီတစ်ခုအတွက် ကျွန်တော့်ဘဝကိုမပေးဆပ်နိုင်သည်မှာ ကျွန်တော်​၏အားနည်းချက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကြိုတင်အကွက်ချစီစဉ်ထားသည်းအတိုင်း အစိုးရဖွဲ့နိုင်ခဲ့သည့်အတွက် အာဏာရပါတီအဖြစ် မြန်မာနိုင်ငံကိုအုပ်ချုပ်ပါတော့သည်။ ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်တွင် ဦးသိန်းစိန်သမ္မတဖြစ်လာသဖြင့် အားရကျေနပ်မှုရှိသော်လည်း ဗိုလ်ချုပ်ကြီးများတစ်ဖြစ်လဲ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုကား ကျွန်တော့်အနေဖြင့်ကြိုက်နှစ်သက်မှုမရှိပါ။ ဦးသိန်းစိန်​၏ အရည်အချင်း စာရိတ္တ သမာဓိဂုဏ်များကို ၎င်းတို့အနေဖြင့် အမီလိုက်နိုင်ခြင်းမရှိကြပေ။ သို့ရာတွင် သမ္မတကြီးဦးသိန်းစိန်သည် ၎င်း​၏အစိုးရအဖွဲ့ဝင်များကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်သွားသည်ကိုတော့ တွေ့မြင်ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပြီးနောက်ပိုင်းတွင် NLD ပါတီ​၏ လှုပ်ရှားမှုသည်လည်း ပြန်လည်အားကောင်းလာပါသည်။ ထိုအချိန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်​၏ ပြောစကားများသည် မှန်ကန်ပြတ်သားလှသဖြင့် ကျွန်တော်​၏နှလုံးအိမ်တွင် စွဲမြဲစွာနေရာယူနေကြပါသည်။ သို့သော်... ထိုသို့သော်မှာ အရေးကြီးပါသည်။ ကျွန်တော်သည် မျိုးချစ်စိတ်ပြင်းထန်သည်ဟု ကိုယ့်ကိုယ်ကို ထင်မြင်ပြီး မြန်မာနိုင်ငံတွင် လူမျိုး ၁၃၅ မျိုးသာရှိပြီး ထိုလူမျိုးများမှာ နိုင်ငံသားအစစ်အမှန်များဖြစ်သည်ဟု ခံယူထားပါသည်။ ထို့အပြင် ကျွန်တော်​၏ အတွေးအခေါ်အယူအဆမှာ conservative ဆန်သည်ဟုထင်ပါသည်။ ထို့ကြောင့် Libral အတွေးအခေါ်သည် ကျွန်တော်နှင့် ဆန့်ကျင်ဘက်သာဖြစ်ပါသည်။

ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ဒီမိုကရေစီစနစ်နှင့်အတူ လစ်ဘရယ်ဝါဒကို စန်းတင်လာသောအခါ ကျွန်တော်​၏ကြည်ညိုလေးစားစိတ်များ လျော့ပါးလာခဲ့ရပါတော့သည်။ အထူးသဖြင့် ရိုဟင်ဂျာဟုသူတို့ကိုယ်ကိုအမည်တပ်သော ဘင်္ဂါလီများအား ပြတ်ပြတ်သားသားငြင်းဆန်သင့်ပါလျက် မငြင်းဆန်ခြင်း ကိုဖီအာနန်အားရခိုင်ပြည်အရေး ကော်မရှင်ဥက္ကဋ္ဌခန့်ခြင်းတို့ကြောင့် ကျွန်တော်မှ ဒေါ်အောင်ဆန်းစုကြည်အပေါ်ပေးထားသောအမှတ်များမှာ သုံညအောက်ရောက်ပြီး အနှုတ်လက္ခဏာပြလာခဲ့ပါတော့သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်းအတိုက်အခံကာလကပြောခဲ့သော ရဲရဲတောက်မိန့်ခွန်းများကို အာဏာရသောအခါမေ့လျော့သွားခြင်းပဲ ဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလတွင် ကျွန်တော့်အဖို့ စိတ်မကောင်းစရာအဖြစ်တစ်ခုဖြစ်ခဲ့ရပါသည်။ ထိုစဉ်က ကျွန်တော်​၏မိသားစုအရေးအခင်း အကြပ်အတည်းအခက်အခဲပြဿနာကိုရင်ဆိုင်နေရစဉ်ဖြစ်ပါသည်။ တစ်နေ့သား ကျွန်တော်နှင့်ကဗျာရေးဖော်လည်းဖြစ် သူငယ်ချင်းလည်းဟုတ် ညီအစ်ကိုလိုလည်းချစ်ခင်ရသော ကိုသန်းအောင်မှ ကျွန်တော့်ထံဖုန်းဆက်လာပါသည်။ ထိုစဉ်က ကိုသန်းအောင်မှာ NLD တွင် မြို့နယ်ဥက္ကဋ္ဌတစ်ယောက်ဖြစ်နေပါသည်။ ကျွန်တော့်အားလာတွေ့မည့်ကိစ္စမှာ ကျွန်တော့်ကိုနှစ်သိမ့်အားပေးရန်အတွက် ဖြစ်ပါသည်။ ကိုသန်းအောင်ရောက်လာတော့ ကျွန်တော်မှ နိုင်ငံရေးစကားများမပြောကြရန် ကြိုတင်သတိပေးခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးအကြောင်းပြောလျင် သဘောထားကွဲလွဲပြီး ကတောက်ကဆဖြစ်မည်စိုး၍ ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့မိသားစုကိစ္စစကားပြောရင်း ကိုသန်းအောင်မှ ဒေါ်အောင်ဆန်းစုကြည်​၏သဘောထား လစ်ဘရယ်စိတ်နေစိတ်ထားများကို ပြောလာပါတော့သည်။ အထူးသဖြင့်မြန်မာနိုင်ငံအတွင်းဝင်ရောက်နေထိုင်ကြသောဘင်္ဂလီများနှင့်ပတ်သက်၍ဖြစ်ပါသည်။ကျွန်တော်လည်းပြန်လှန်ပြောရင်း စကားအခြေအတင်ဖြစ်ကာ အခြေအနေတင်းမာသည့်အနေအထားသို့ရောက်ခဲ့ရပါသည်။ ကိုသန်းအောင်လည်းစိတ်မကောင်းဖြစ်ကာပြန်သွားရပြီး ကျွန်တော်လည်း ဒေါသနှင့်ကျန်ခဲ့ရပါသည်။ နှစ်သိမ့်အားပေးသည့်စကားဝိုင်းသည် မုန်တိုင်းငယ်အသွင်ဆောင်ပြီးစိတ်ဒဏ်ရာရစေခဲ့ပါသည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲကျင်းပသောအခါ NLD ပါတီမှ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လူကိုမကြည့်ပဲ ပါတီကိုမဲပေးရန် စည်းရုံးခဲ့ပါသည်။ ထိုသဘောမှာ မဲအရွေးခံမည့်သူများမှာ ပြည်သူများအတွက်စိတ်ချရသည့် အရည်အချင်းမရှိကြောင်းကို ဝန်ခံသလိုဖြစ်နေပါသည်။ သို့ပါသော်လည်း ကျွန်တော်မှ ကျွန်တော်သိသော ရင်းနှီးသော ကိုယ်စားလှယ်များဖြစ်သည့် ဦးသန်းအောင်နှင့် ဦးစိုးမိုးတို့ကို မဲထည့်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်မှာ ပုသိမ်တွင်တာဝန်ထမ်းဆောင်ချိန်ဖြစ်၍ ငပုတောသို့ ကျွန်တော့်သားမောင်ထင်အောင်ဟိဏ်းကိုခေါ်၍ မဲသွားပေးခြင်းဖြစ်ပါသည်။

၎င်းတို့အားမဲပေးခြင်းမှာ ပါတီကိုကြိုက်နှစ်သက်သည်မဟုတ်ဘဲ လူကိုကြိုက်၍မဲပေးခြင်းဖြစ်ပါသည်။ ၎င်းတို့အနေနှင့် ပြည်သူအတွက် အလုပ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်၍ မဲပေးခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် NLD ပါတီအာဏာရပြီး တစ်နှစ်ကျော်ကြာသည်အထိ ကျွန်တော်ထင်ခဲ့သောရွှေမင်းသားများမှာ ထူးခြားပြောင်မြောက်သောလုပ်ဆောင်ချက်များ လုပ်ဆောင်သည်ကိုမတွေ့ရသောအခါ ပုဂ္ဂိလ်ခင်ပြီးတရားမင်လို့လည်း အကျိုးမရှိကြောင်း နောင်တနှင့်အတူသိရှိလိုက်ရပါတော့သည်။

ထို့အတူ NLD ပါတီသည်လည်း အတိုက်အခံပါတီအဖြစ်ပြောင်မြောက်ခဲ့သလောက် အာဏာရပါတီဘဝတွင် တစ်ပါတီအာဏာရှင်ဆန်ခြင်း ( မိမိလုပ်ချင်သည်ကို လွှတ်တော်တွင်အဆိုတင်ပြီးမဲခွဲအနိုင်ယူခြင်း)၊ ဒီမိုကရေစီစနစ်ဟုပြောဆိုသော်လည်း အတိုက်အခံ​၏ထောက်ပြဝေဖန်မှုကို အလေးဂရုမပြုခြင်း၊ ပါတီခေါင်းဆောင်တစ်ဦးတည်းမှ ဦးဆောင်နေရပြီး ထိုခေါင်းဆောင်သည်ပါတီအတွက် essential မရှိမဖြစ်ပုဂ္ဂိုလ်ဖြစ်နေခြင်း ၊ နိုင်ငံအတွက်တာဝန်များခွဲဝေယူထားကြသော်လည်း အသီးသီးပြတ်သားသောဆုံးဖြတ်လုပ်ဆောင်နိုင်မှုမရှိခြင်း၊ ပွင့်လင်းမြင်သာသည့်သဘောကိုမဆောင်ပဲ အထူးသဖြင့်ဝေဖန်လျင် မိမိပါတီဝင်ပင်ဖြစ်စေကာမူပါတီမှဖယ်ရှားတတ်ခြင်း၊ စနစ်တကျရေးဆွဲထားသော ပါတီမူဝါဒမရှိခြင်းတို့ကြောင့် ပါတီနိုင်ငံရေးအလာ့ဂျစ်ရှိသူ ကျွန်တော့်အတွက် အရာရာသည်ဝေဖန်စရာ အမြင်မတော်စရာများချည်းဖြစ်နေပါတော့သည်။

ယခုအခါတွင်ကျွန်တော်သည် မည်သည့်ပါတီကိုမျှ အလေးအနက်ထားထောက်ခံလိုစိတ်မရှိတော့ဘဲ နိုင်ငံအတွက်အကျိုးပြုပေးနိုင်သော ၊ တိုင်းရင်းသားလူမျိုးများကောင်းစားရေးကို ဦးစားပေးလုပ်ဆောင်နိုင်သော နိင်ငံရေးပါတီကိုသာ ၎င်းတို့​၏လုပ်ဆောင်ချက်ကိုကြည့်ပြီး အားပေးသွားမည်ဖြစ်ပါကြောင်း ကျွန်တော်​၏စာကိုအဆုံးသတ်လိုက်ပါသည်၊

မြတ်စိုးရှိန်
၁၆၀၀
၂၄.၄.၂၀၂၀

20/02/2021

ကျွန်တော်နှင့် နိုင်ငံရေးပါတီအလာ့ဂျစ်
*******************************

အခန်း ( ၃ )

၈၈၈၈ အရေးတော်ပုံကြီးသည် ကာလရက်ရှည်လာသည်နှင့်အမျှ ဇာတ်မျောသဖွယ်ဖြစ်လာပါသည်။ ရန်ကုန်လူထုဟောပြောပွဲ စင်မြင့်များပေါ်တွင် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးသမားကြီးများနေရာယူနေရာမှရုတ်တရက် ဒေါ်အောင်ဆန်းစုကြည်ထွက်ပေါ်လာခဲ့သည်။ သူ​၏ဟောပြောချက်များကို နားထောင်ရင်းလေးစားစိတ်များပေါ်ပေါက်ခဲ့ရသည်။ သူပြောသည့်စကားများအနက် နိုင်ငံရေးပါတီဖွဲ့မှာမဟုတ်ဘူး ဆိုသည့်စကားသည် ကျွန်တော်​၏အသည်းနှလုံးထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် သပိတ်မှောက်ဆန္ဒပြနေသည်မှာ ပါတီဖွဲ့ရန်မဟုတ်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော်နှင့်ခံယူချက်ချင်းတူသည်ဖြစ်၍ ကျွန်တော်​၏ Idol ဖြစ်လာပါသည်။

ထိုစဉ်က ပါတီအသင်းအဖွဲ့ဆို၍ ငပုတောမြို့နယ်တက္ကသိုလ်စာပေးစာယူကျောင်းသားများသမဂ္ဂဖွဲ့ကြရာတွင် အားလုံးကတာဝန်ပေးသဖြင့် ဥက္ကဋ္ဌနေရာတွင်လုပ်ခဲ့ခြင်းပဲရှိပါသည်။ ထိုစဉ် အခြားမြို့ကြီးများ အထူးသဖြင့်ရန်ကုန်တွင် ခေါင်းဖြတ်လူသတ်မှုများ ဂိုထောင်ဖောက်လုယက်မှုများပေါ်ပေါက်လာပါသည်။ ကျွန်တော်တို့မြို့ငယ်ကလေးတွင်တော့ ထိုသို့ဖြစ်စရာအကြောင်းမရှိပါ။ ရပ်ကွက်များထဲတွင်တော့ ကိုယ်ထူကိုယ်ထလုံခြုံရေးစနစ်ဖြင့် အလှည့်ကျကင်းစောင့်ကြရပါသည်။ သပိတ်စခန်းတွင် ဟောပြောပွဲများသိပ်မရှိတော့သလို ဆန္ဒပြခြင်းသည်လည်း အီလည်လည်ဖြစ်လာပါတော့သည်။

ထိုအချိန်တွင် ကြားဖြတ်အစိုးရဖွဲ့ရန်အသံများထွက်လာပြီး ပါတီများလည်းအသီးသီးထွက်ပေါ်လာပါတော့သည်။ ကျွန်တော်တို့သပိတ်စခန်းမှ သပိတ်အင်အားသည်လည်း ပါတီကွဲကာဖရိုဖရဲဖြစ်လာပါတော့သည်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ရေဒီယိုစဖွင့်ချိန်မှာပင် စစ်သီချင်းများဆက်တိုက်ဖွင့်ကာ စစ်တပ်မှအာဏာသိမ်းလိုက်ပါတော့သည်။ ထိုနေ့ညနေ ၅ နာရီလောက်တွင် ပုသိမ်မှပြန်လာမည့် ရှေ့နေဦးတက်ဝင်းမြိုင်အား သင်္ဘောဆိပ်တွင် ကျွန်တော်ဆင်းစောင့်ပါသည်။ ဦးတက်ဝင်းမြိုင်မှာသပိတ်ကော်မတီဥက္ကဋ္ဌဖြစ်သောကြောင့် အခြေအနေနှင့်ဘာဆက်လုပ်ရမည်ကို မေးမြန်းရန်ဖြစ်ပါသည်။

ဦးတက်ဝင်းမြိုင်မှ အခြေအနေမကောင်းကြောင်း သပိတ်စခန်းကိုဖျက်သိမ်းရန်နှင့် ခေတ္တရှောင်နေရန်ပြောပါသည်။ ၎င်းမှသပိတ်စခန်းမှလူများကို ပစ္စည်းများသိမ်းရန်ပြောပြီး၊ ကျွန်တော့်ကိုလည်းကျွန်တော်တို့လုပ်နေသည့်အလုပ်များသိမ်းရန် လက်စလက်နပါမကျန်စေရန်ပြောပါသည်။ ကျွန်တော်တို့သာသနာ့ပါလမှ ပစ္စည်းများကိုတော့ ကိုအေးညွန့်နှင့်အဖွဲ့ကတာဝန်ယူကာဖျောက်ဖျက်လိုက်ကြပါသည်။ ကျွန်တော်လည်းမှောင်စပျိုးချိန်လောက်တွင် တောင်ပိုင်းရှိကျွန်တော့်အစ်ကိုဝမ်းကွဲအိမ်သို့တိမ်းရှောင်ခဲ့ပါသည်။ ကျွန်တော့်အစ်ကိုအိမ်သို့ရောက်သောအခါ ကျွန်တော်တို့အစဦးကထုတ်ခဲ့သည့် လူထုသို့နှိုးဆော်စာ စာရွက်အား အိမ်​၏ဘုရားကျောင်းအောက်တွင်ကပ်ထားသည်ကို ကြည်နူးစရာမြင်တွေ့လိုက်ရပါသည်။ နောက်တစ်နေ့မနက်စောစောတွင် တောင်ပိုင်းမှကိုချစ်ထွေး​က သူ​၏လှေဖြင့် ငပုတောတစ်ဖက်ကမ်းရှိ သူ​၏အမျိုးများနေသည့်တဲသို့လိုက်ပို့ပါသည်။ ကျွန်တော့်အပြင်ကိုဝင်းနိုင်နှင့် အခြားနှစ်ယောက်သုံးယောက်လည်းပါပါသည်။ကျွန်တော်တို့မှာထိုတဲတွင် အခြေအနေတည်ငြိမ်သည်အထိ ခိုအောင်းနေခဲ့ပါသည်။ ထိုစဉ်က အမှတ်တရအရှိဆုံးမှာ ထမင်းကိုငပိရည်ဆမ်း၍ ပုဇွန်ဆိတ်ကလေးတွေကိုရေစင်စင်ဆေးကာ အစိမ်းအတိုင်းစားခဲ့ရခြင်းဖြစ်ပါသည်။

ထို့နောက် သပိတ်စခန်းမှ တိမ်းရှောင်နေသည့်အခြားသူများနှင့်သွားတွေ့ပြီး ထိုင်းဘက်သို့ကူး၍တောခိုရန် တိုင်ပင်ကြသော်လည်းအလှမ်းအကမ်းမရှိ၍ ဘာမှမတတ်နိုင်ခဲ့ပါ။ ထို အာဏာသိမ်းသည့်ညကတည်းက ဦးကျော်အေး ၊ ဆရာဦးဉာဏ်ဝင်းနှင့် ရှေ့နေအဖွဲ့များ ကျောင်းဆရာများ အထူးသဖြင့်စင်ပေါ်တက်ဟောပြောသူများမှာ ငပုတောရဲစခန်းတွင် အထိန်းသိမ်းခံလိုက်ရပါသည်။
ကျွန်တော်တို့အဖွဲ့ထဲမှ စင်ပေါ်တက်ပြောသူမှာ ကိုသန်းအောင်တစ်ယောက်သာရှိပါသည်။ သို့သော်ထိုရက်က ရွာပြန်သွားနှင့်သည်လား ( ကျွန်တော်အသေအခြာမမှတ်မိ ) အထိန်းသိမ်းမခံလိုက်ရပါ။
ဆရာဦးဉာဏ်ဝင်းအထိမ်းသိမ်းခံခဲ့ရသည်မှာ ကျွန်တော့်ပရောဂမကင်းဟု ကျွန်တော်ခံစားရပါသည်။

ထိုကိစ္စ ကျွန်တော်ရှင်းပြပါမည်။ ဆရာဦးဉာဏ်ဝင်းမှာ အခြားသူမဟုတ် ကျွန်တော်တို့ညီအစ်ကိုဆယ်တန်းအောင်တုန်းက မဆလပါတီသို့ဝင်ရန်စည်းရုံးခဲ့သူဖြစ်ပါသည်။ ဆရာက အရေးအခင်းကာလအတွင်းမှာပင် သူ​၏ပါတီဝင်ကဒ်ပြားကို သပိတ်စခန်းသို့အပ်နှံပြီး ပါတီဝင်အဖြစ်မှ ရာသက်ပန်နှုတ်ထွက်ပွဲပြုလုပ်ပါသည်။ ထိုသည်ကို ကျွန်တော်မှ လူထုသတင်းစာတွင် အခြေအနေမကောင်း၍ကူးပြောင်းလာသည့်သဘောသက်ရောက်အောင် ရေးသားခဲ့ပါသည်။ ထိုအခါ ဆရာက သူအမှန်တကယ်နှုတ်ထွက်ခြင်းဖြစ်ကြောင်း သူ​၏ယုံကြည်ချက်အစစ်အမှန်ကိုရေးသားကာ သူ​၏နာမည်ရင်းအမှန်ဖော်၍ စာတစ်စောင်ထုတ်ခဲ့ပါသည်။ ထိုစာအရ သူ့ကိုထိမ်းသိမ်းခြင်းဖြစ်ပါသည်။ ဦးကျော်အေးကတော့ ကျွန်တော်တို့လုပ်သမျှကို ခေါင်းခံသွားရခြင်းဖြစ်ပါသည်။

နောက်နှစ်တွင် ပါတီတွေဖွဲ့ကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခမောက် Logo နှင့်ပါတီတစ်ခုဖွဲ့စည်းလာပါသည်။ ထိုပါတီတွင် ကျွန်မကပါတီနိုင်ငံရေးမလုပ်ပါ မည်သည့်ပါတီတွင်မှပါဝင်မည်မဟုတ်ပါဟု ပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီခေါင်းဆောင်ဖြစ်နေသည်ကို ကျွန်တော်တွေ့လိုက်ရပါသည်။ ကျွန်တော်​၏ Ideal မှာ သူ့လမ်းသူလျှောက်ရင်း ကျွန်တော်နှင့်ဝေးကွာလာပါတော့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျွန်တော် ဒီချုပ်ပါတီကိုပဲမဲပေးခဲ့သလို ကျွန်တော်​၏ဝန်ထမ်းအလုပ်ကိုဆက်လုပ်မြဲလုပ်ခဲ့ပါသည်။ ကျွန်တော်သည်ဝန်ထမ်းအလုပ်ကိုမြတ်နိုးသလိုပါတီနိုင်ငံရေးကိုလည်းစိတ်မဝင်စားသဖြင့် ဒီချုပ်ပါတီနှင့်ခပ်စိမ်းစိမ်းပဲနေခဲ့ပါသည်။

ပါတီနိင်ငံရေးနှင့်ကျွန်တော်မှာ ဘယ်သောအခါမှမနီးစပ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုရလျင် ကျွန်တော့်အမြင်၌ နိုင်ငံရေးပါတီဝင်များသည် အာဏာကိုမက်မောကြသည်။ အာဏာရဖို့အတွက်ပါတီအလိုက် နည်းလမ်းပေါင်းစုံနှင့်အားပြိုင်ကြရသည်။ ကိုယ့်ပါတီအနိုင်ရပါက ကိုယ်အာဏာရအောင်လုပ်ကြရပါသည်။ အာဏာရလာပါကကိုယ့်အကျိုးကိုအရင်ကြည့်ပါတော့သည်။ ကိုယ့်အကျိုးကိုမကြည့်သူပင်လျင် ပြည်သူ့အကျိုးနှင့်ပါတီအကျိုးယှဉ်လာပါက ပါတီအကျိုးကိုဦးစားပေးရပါသည်။ ဤသည်မှာ နိုင်ငံရေးပါတီများ​၏ပုံသေနည်းသာ ဖြစ်ပါတော့သည်။ ထိုကြောင့် ပြည်သူတွေအတွက်ဟု အသံကျယ်ကျယ်ဟစ်တတ်သူ နိုင်ငံရေးသမားများကို အယုံအကြည်မရှိခြင်းဖြစ်ပါသည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒီချုပ်ကို မဲပေးခဲ့ခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာရွေးကောက်ပွဲကာလတွင် စင်ပြိုင်အစိုးရဖွဲ့သည့်ကိစ္စဖြင့်နေအိမ်တွင်အကျယ်ချုပ်ချုက်ထားခံရသောအချိန်ဖြစ်ပါသည်။ ရွေးကောက်ပွဲဝင်အမတ်လောင်းများကို ကျွန်တော်သိရှိခြင်းမရှိပါ။သို့သော် ရွေးကောက်ပွဲအနိုင်ရပါတီမှာ အာဏာမရပဲ အထိန်းသိမ်းခံရပြီး ဦးသန်းရွှေက နယကဥက္ကဋ္ဌ ဖြစ်လာပါသည်။ ထိုကာလများတွင် ကျွန်တော်​၏ဝါသနာအရင်းခံဖြစ်သည့် ကဗျာများ ဝတ္တုများရေးခဲ့သော်လည်း မဂ္ဂဇင်းပါသည်ကနည်းနည်း စီစစ်ရေးကပိတ်မည်စိုး၍ပယ်တာနှင့် စီစစ်ရေးကပိတ်တာများသဖြင့် ကဗျာရေးရသည်ကိုစိတ်ပျက်လာပါသည်။

စစ်အုပ်ချုပ်ရေးဖြစ်သည့် နဝတ နယက ခေတ်တစ်လျှောက်လုံး ပြည်သူများနှင့်အတူ ဝန်ထမ်းများသည်လည်း ခါးသည်းသည့်အရသာကိုခံစားခဲ့ရပါသည်။ အာဏာဖြင့်အုပ်ချုပ်ခြင်းဖြစ်သဖြင့် ငါပြောတာလုပ် ငါလုပ်သလိုမလုပ်နဲ့ ပြန်မပြောနဲ့ခိုင်းတာလုပ် ဗူးပေါက်တာမသိဘူး ရေပါဖို့ပဲလိုတယ် ဆိုသည့်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ခံခဲ့ရပါသည်။ ကျွန်တော်သည်လည်းဝန်ထမ်းဖြစ်သဖြင့် လယ်သမားများထံမှ စပါးဝယ်မရလို့ ဖမ်းခိုင်းသည့်အထဲပါခဲ့ရပါသည်။ သို့သော် ကျွန်တော်ကမဖမ်းဘဲပြန်လွှတ်သဖြင့် ဝန်ထမ်းဆိုင်ရာအရေးယူခြင်းခံခဲ့ရဖူးပါသည်။ ကျွန်တော်မဖမ်းခဲ့သည့်လယ်သမားများနေထိုင်ရာ ဇီးချိုင်အုပ်စု ကြာကန်ရွာသားများမှာ အခုထိဆွေမျိုးသားချင်းများသဖွယ်ခင်မင်ခဲ့ရပါသည်။ ထိုခေတ်ကာလတစ်လျှောက်လုံးတွင်တိုးတက်ခဲ့သည်မှာ လမ်းတံတားများတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့တည်ဆောက်ရာတွင် ပြည်သူလူထု​၏လုပ်အားများကို အတင်းအဓမ္မခိုင်းစေခဲ့ခြင်းဖြစ်သည်။ ထိုသို့ အုပ်ချုပ်နေသည်ကို ကျွန်တော့်စိတ်ထဲ၌ကျေနပ်မှုလုံးဝမရှိပါ။ သို့သော်ပြောဆိုခွင့် ရေးသားခွင့်ပိတ်ထားသဖြင့် ကျွန်တော်​၏ ခံစားချက်များကိုသော့ခတ်ထားခဲ့ရပါသည်။

ထိုအချိန်တွင် နယကအစိုးရက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဟု အမည်တပ်ကာလူမှုရေးအသင်းကြီးတည်ထောင်ပါသည်။ ကျွန်တော်သည်အမှန်တကယ်က အမျိုးသားနိုင်ငံရေးကိုစိတ်ဝင်စားကာ အမျိုုးသားရေးဝါဒီဆန်ပါသည်။ ကြံ့ခိုင်ရေးအသင်းကလည်း အမျိုးသားနိုင်ငံရေးကိုဦးတည်သည်ဟုဆိုကာ ဝန်ထမ်းများကိုအသင်းမဝင်မနေရဝင်စေပါသည်။ ဌာနတွင်းဖိအားများနှင့်တစ်မျိုး စည်းရုံး၍တစ်ဖုံ အသင်းဝင်ရန်တွန်းအားပေးခဲ့ပါသည်။ သို့ပါသော်လည်း ဘာကြောင့်မှန်းမသိကျွန်တော်​၏စိတ်တွင်မသင်္ကာဖြစ်သဖြင့် အသင်းဝင်ရန်ငြင်းဆန်ခဲ့ပါသည်။ ငပုတောမြို့ကြံ့ခိုင်ရေးအသင်းအင်အားစာရင်းတွင် ကျွန်တော့်နာမည်မပါပါ။ အသင်းတွင်ကျွန်တော်​၏ သူငယ်ချင်းများရှိနေ​သော်လည်း အသင်း​၏လှုပ်ရှားမှုများတွင် တစ်စုံတစ်ရာပတ်သက်ခဲ့ခြင်းမရှိပါ။

ကျွန်တော်သည် စစ်အစိုးရကာလနှောင်းပိုင်းတစ်လျှောက်လုံးတွင် အစိုးရဝန်ထမ်းအလုပ်ကိုသာလုပ်ခဲ့ပြီး ကျွန်တော်​၏ဂုဏ်သိက္ခာကိုသာတည်ဆောက်ခဲ့ပါသည်။ထိုကာလသည် စစ်အစိုးရမှရွေးကောက်ပွဲပြုလုပ်သည်အထိဖြစ်ပါသည်။

၂၃၀၀
၂၂. ၄. ၂၀၂၀

19/02/2021

ကျွန်တော်နှင့် နိုင်ငံရေးပါတီအလာ့ဂျစ်
*******************************

အခန်း ( ၂ )

အချိန်က ၁၉၈၈ ဩဂုတ်လ အစပိုင်းရက်များဖြစ်ပါသည်။
​ရန်ကုန် ပုသိမ်စသည့်မြို့ကြီးများတွင် လက်ရှိအာဏာရ မဆလအစိုးရကိုဆန့်ကျင်ဆန္ဒပြသည့် အရေးအခင်းများလှုပ်ရှားနေသော်လည်း တောင်ပိုင်းနှင့်မြောက်ပိုင်း နှစ်ရပ်ကွက်သာရှိသည့် ကျွန်တော်တို့မြို့ကလေးမှာ ငြိမ်သက်လျက်တိတ်ဆိတ်နေပါသည်။
ဟိုအိမ်သည်အိမ်မှ VOA, BBC ရေဒီယို ဖွင့်သည့်အသံများမှတစ်ပါး အခြားအသံမကြားရပါ။ လဘက်ရည်ဆိုင်နှင့်လမ်းဘေးတစ်ချို့တွင်တော့ တီးတိုးပြောဆိုနေကြသည်များရှိပါသည်။

ထိုအချိန်တွင် တစ်ခုခုလုပ်မှဖြစ်မည်ဟုယူဆသော ကျွန်တော်နှင့် သူငယ်ချင်းကိုဝင်းနိုင် ( ထက်မြက်သူ ) တို့က စာတစ်စောင်ထုတ်ရန်တိုင်ပင်ခဲ့ကြပါသည်။
ကျွန်တော်က ကဗျာတစ်ပုဒ်ပါသည့် တစ်မျက်နှာစာ စာရေးကာ၊ကိုဝင်းနိုင်က ဖယောင်းစက္ကူတွင်လက်နှိပ်စက်ရိုက်၍ လူထုသို့နှိုးဆော်စာ အမည်တပ်ကာစာတစ်စောင်ထုတ်ပါသည်။ ဖယောင်းစက္ကူတွင်ကညစ်ဖြင့်ရေးပြီး ဂက်စတန်နာလှိမ့်ရန်မှာ စက်များမှာရုံးဌာနများတွင်သာရှိသဖြင့်အဆင်မပြေပါ။ ထို့ကြောင့်သူငယ်ချင်းနှစ်ယောက် ဖယောင်းစက္ကူ၊ဂက်စတန်နာအင့်ခ်၊ တစ်ပေမီးချောင်းတစ်ချောင်းတို့ဖြင့် စာရွက်မင်လှိမ့်ခြင်းအလုပ်ကိုလုပ်ရပါသည်။ ကိုဝင်းနိုင်​၏အိမ်တွင်ခိုးကြောင်ခိုးဝှက်လုပ်ရခြင်းဖြစ်ပါသည်။

ထိုနေ့က နေ့လည် ၂ နာရီလောက်မှပြီးပါသည်။ စာလှိမ့်ပြီးရလာသည့်နှိုးဆော်စာများကိုလွယ်အိပ်တွင်ထည့်ကာ ငပုတောစျေးပိုင်းနေ ကိုအေးညွန့်ကိုလိုက်ရှာရပါသည်။ စာရွက်များကိုဝေရန်ဖြစ်သဖြင့် အသိအကျွမ်းများသော နှံ့စပ်သော ကိုအေးညွန့်ကသာ ဖြန့်နိုင်မည်ဖြစ်ပါသည်။
ထိုနေ့ညနေပိုင်းတွင် စာရွက်များဝေပြီးနောက် တစ်ညတာကို ရှည်လျားစွာစောင့်ခဲ့ရပါသည်။

နောက်တစ်နေ့မနက်တွင် ငပုတောသားများသည် ထိုဖြန့်ဝေခဲ့သည့်စာရွက်များကို လက်တွင်ကိုင်လျက် မိမိတို့နေအိမ်တွင်းမှ ထွက်လာကြပါတော့သည်။ ငပုတောမြို့တောင်ပိုင်းရပ်ကွက်ယုဇနလမ်းနှင့်အောင်သပြေလမ်းဆုံတွင် လူတစ်ယောက်က ထိုလူထုသို့နှိုးဆော်စာကိုဖတ်၍ ဆန္ဒပြကြရန်ဦးဆောင်တိုက်တွန်းသောအခါ စီတန်းလှည့်လည်သည့် ဆန္ဒပြပွဲစတင်ဖြစ်ပေါ်လာပါတော့သည်။ ထူးဆန်းသည်မှာ ကျွန်တော်တို့ဖြန့်ဝေခဲ့သည့် နှိုးဆော်စာကိုဖတ်ပြီး လှည့်လည်ဆန္ဒပြအောင်တိုက်တွန်းခဲ့သူကို ကျွန်တော်တို့မသိခြင်းပင်ဖြစ်သည်။ထိုအချိန်တွင်မြောက်ပိုင်းရပ်ကွက်မှလည်း လူများစုဝေးကာ စီတန်းလှည့်လည်လာပါသည်။

ဆန္ဒပြသည့်လူများမှာ တောင်ပိုင်းတစ်ဖွဲ့ မြောက်ပိုင်းတစ်ဖွဲ့ဖြစ်ပြီး စီတန်းလှည့်လည်ရာ ကမ်းနားလမ်းသင်္ဘောဆိပ်နားတွင် နှစ်ဖွဲ့ဆုံပါသည်။ ကျွန်တော်တို့ကလည်းဆုံမည့်နေရာအနီးရှိ ဦးစိန်ကြောင်​၏ ထိပ်တန်းစားတော်ဆက် စားသောက်ဆိုင်မှ စားပွဲခုံများကိုငှားယူကာ ထိုဆိုင်ရှေ့တွင်ပင် စတိတ်ခုံလုပ်၍ ဟောပြောပွဲများဆက်လုပ်စေပါသည်။ ဟောပြောနေကြစဉ် ရှေ့နေဦးတက်ဝင်းမြိုင်နှင့်ကျွန်တော်တို့ သပိတ်စခန်းဖွင့်ရန်တိုင်ပင်ကြပါသည်။ ထို့နောက်ဦးတက်ဝင်းမြိုင်ဦးဆောင်လျက် မြောက်ပိုင်းရပ်ကွက်ရှိ စိန်ပန်းကျောင်းဆရာတော်ကြီးထံတွင်ခွင့်တောင်းကာ ဓမ္မာရုံကြီးတွင်သပိတ်စခန်းဖွင့်လိုက်ပါသည်။

ကျွန်တော်မှာ သပိတ်ကော်မတီထဲတွင် အရေးပါသောနေရာကိုမယူပါ၊ စင်ပေါ်တက်ဟောပြောခြင်းလည်းမလုပ်ပါ။ ထိုနေ့ညနေတွင် ကိုအေးညွန့်ကိုခေါ်ကာ ဆရာတော်ထံတောင်းလျှောက်၍ သာသနာ့ပါလတန်ဆောင်းတွင် ကျွန်တော်တို့အလုပ်လုပ်ပါသည်။ ထိုညတွင်သူငယ်ချင်းများအားစုစည်းကာ သတင်းစာပုံစံမျိုး လက်ရေးမူနှင့် ဆန္ဒပြသတင်းများ နိုင်ငံရေးအခြေအနေများကိုဖြန့်ဝေရန်စီစဉ်ကြပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့နှင့်သူငယ်ချင်းဖြစ်နေသော ယခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကဗျာရေးဖော်ကျောင်းဆရာကိုသန်းအောင် ( အနီထက် ) ရောက်နေသဖြင့် ၎င်းကိုတမင်ခေါ်စရာမလိုပဲလာရောက်ပူးပေါင်းပါသည်။

ကျွန်တော်တို့သည် သာသနာ့ပါလကို တံခါးများအလုံပိတ်ကာ ကျွန်တော်နှင့်သူငယ်ချင်းများက သတင်းရေး၊ ကျွန်တော်က စစ်တောင်းစက္ကူစာရွက်တွင် ပေါ်လာမည့်စာပိုဒ်များကို စာဖောင်ဖွဲ့ လက်ရေးလှသည့် ကိုဝင်းနိုင်၊ ကိုလှဝင်း တို့က ဖယောင်းစက္ကူတွင်ကညစ်နှင့်ရေး၊ ကိုမင်းဆွေ ( ကိုကုလား ) နှင့် ကိုအေးညွန့်က ဂက်စတန်နာစက်နှင့်စာလှိမ့်၊ အသီးသီးနေရာယူလုပ်သွားကြပါသည်။ အခုစည်ပင်ကော်မတီဖြစ်နေသောဦးကျော်အေး ( ဝေစော မြစ်ဝကျွန်းပေါ် ) က ကြီးကြပ်ပါသည်။ သတင်းရယူရေးကတော့ ကျွန်တော့်ညီ ကိုမြတ်မိုးရှိန်က သူ့သူငယ်ချင်း ကိုမြင့်အေး ကိုအေးညွန့် တို့တာဝန်ယူပါသည်။ ဖြန့်ဝေရေးကိုတော့ ကိုအေးညွန့်မှ သူ့အဖွဲ့များနှင့်လုပ်ဆောင်ကြပါသည်။

ကျွန်တော်တို့သည် စင်ပေါ်တက်၍ဟောပြောခြင်းမလုပ်ပါ။ တစ်ခါတစ်ရံ စီတန်းလှည့်လည်ရာ၌ လုံခြုံရေးလိုအပ်ပါက လိုက်ပေးပါသည်။ အထူးသဖြင့် စီတန်းလှည့်လည်ဆန္ဒပြနေစဉ် ပါတီယူနစ်ရုံးအား မသမာသူများမှဝင်ရောက်ဖျက်ဆီးမည်ကို စောင့်ကြည့်ပေးခြင်းဖြစ်ပါသည်။
တစ်ညတွင် သပိတ်စခန်းဖွင့်ထားသည့်ဓမ္မာရုံရှိအစ်ကိုတစ်ယောက်က သတင်းပေးလာပါသည်။.......တို့အဖွဲ့က ပါတီယူနစ်ဥက္ကဋ္ဌအိမ်နှင့် ယူနစ်ကော်မတီဝင် ( အခန်း ၁ တွင်ကျွန်တော်တို့ကို လမ်းဘေးကလေကချေတွေဟု ပြောခဲ့သူ ) အိမ်များအားမီးရှို့ဖို့လုပ်နေတယ်ဟု ပြောပါသည်။
ကျွန်တော်လည်း ထိုသတင်းကိုကြားသည်နှင့် လိုက်သွားပြီး အချိန်မီတားဆီးနိုင်ခဲ့ပါသည်။
ထို့ကြောင့်လည်း အရေးအခင်းကာလက ငပုတောမြို့လေးမှာ အပျက်အစီးအသေအပျောက်မရှိခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်မှ ထို့သို့တားဆီးကာကွယ်ပေးခဲ့သော်လည်း ကျွန်တော့်အားလုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြပါသည်။

ထိုနေ့က ကျွန်တော်သည် အရင်နေ့များအတိုင်းပင် ညကတစ်ညလုံးလုပ်ထားသော လူထုသတင်းစာများကို နံနက်ပိုင်းတွင်ဖြန့်ဝေရန် ကိုအေးညွန့်လက်သို့ထည့်ပေးပြီး သာသနာ့ပါလတွင် ခေတ္တနားပါသည်။ နေ့လည်ထမင်းစားချိန်တွင် ခါတိုင်းလိုပဲ သပိတ်စခန်းမှာမစားဘဲ အိမ်တွင်ထမင်းပြန်စားပါသည်။သပိတ်စခန်းလုပ်သည့် စိန်ပန်းကျောင်းတိုက်မှာ မြောက်ပိုင်းတွင်ရှိပြီး ကျွန်တော့်အိမ်မှာ တောင်ပိုင်းရပ်ကွက်မြို့အစွန်မှာရှိပါသည်။ ကျွန်တော်လည်းသွားနေကျအတိုင်း စိန်ပန်းကျောင်းကထွက်ပြီး မေတ္တာလမ်းမှ အောင်သပြေလမ်း နောက် စဉ့်အိုးဘိုလမ်းတွင်ရှိကျွန်တော့်အိမ်သို့ပြန်ပါသည်။ လမ်းတွင်လူသူရှင်းနေပြီး ဘာအနှောက်အယှက်မှမရှိပါ။ ကျွန်တော်ထမင်းစားပြီးချိန်လောက်တွင် ဦးကျော်အေးနှင့် ကိုသန်းအောင် အိမ်သို့ရောက်လာပါသည်။ ထူးထူးခြားခြားဖြစ်နေ၍ ကျွန်တော်မှ မေးကြည့်ရာ အကြောင်းတစ်စုံတစ်ရာမရှိကြောင်းသူတို့ထမင်းစားပြီး၍ သပိတ်စခန်းသို့အတူပြန်ရန်လာခေါ်ခြင်းဖြစ်ကြောင်းပြောသဖြင့် ကျွန်တော်လည်းထပ်မမေးတော့ဘဲ သူတို့နှင့်အတူသပိတ်စခန်းသို့ပြန်ခဲ့ပါသည်။

ကျွန်တော်တို့သုံးဦးစကားတပြောပြောနှင့်လျှောက်လာရာ မေတ္တာလမ်းနှင့် ဓမ္မရိပ်သာလမ်းထောင့်ရှိအကြော်တဲတွင်လူနှစ်ယောက်ကိုတွေ့ပါသည်။ ထိုသူများမှာ ကျွန်တော်နှင့်မျက်မှန်းတန်းမိနေသူများဖြစ်ပါသည်။ တစ်ယောက်​၏လက်ထဲတွင် ဓါးရှည်တစ်ချောင်းကိုင်ထားပြီး၊ ကျန်တစ်ယောက်ကထီးရိုးဝါးအရင်းပိုင်းကိုကိုင်ထားပါသည်။ ကျွန်တော်တို့သုံးယောက်ထိုရှေ့မှကျော်သွားပြီးချိန်တွင် ထိုနှစ်ယောက်ထဲမှတစ်ယောက်က မြတ်စိုးရှိန် ခဏ ဟု လှမ်းခေါ်လိုက်ပါသည်။
ကျွန်တော်လည်း စိတ်ထဲတွင်ဖျင်းကနဲဖြစ်သွားသဖြင့် ပြန်လှည့်သွားမည်ပြုရာ၊ ဦးကျော်အေးနှင့် ကိုသန်းအောင်က ကျွန်တော့်ကိုလှမ်းဆွဲပြီး ဆက်လျှောက်စေခဲ့ပါသည်။ သပိတ်စခန်းသို့ရောက်လျင် ကျွန်တော်မှ မအောင့်နိုင်တော့၍ မေးကြည့်သောအခါ ကျွန်တော်တစ်ယောက်တည်းပြန်တတ်သည်ကိုသိသဖြင့် ထိုကဲ့သို့ကြံစည်ကြခြင်းဖြစ်ကြောင်း ထိုသတင်းကို မိမိတို့ကြိုတင်ရသဖြင့် ယခုကဲသို့လာခေါ်ခြင်းဖြစ်ကြောင်း ၊ သပိတ်စခန်းမှ အခြားလူငယ် ၄ / ၅ ဦးလည်းမလှမ်းမကမ်းတွင်လိုက်ပါလာကြောင်းသိရပါသည်။
အံ့ဩစရာကောင်းသည်မှာ ထိုအကြံအစည်ကိုစေခိုင်းသူမှာ ကျွန်တော်တို့ကဗျာစာအုပ်ထုတ်ရန်တင်စဉ်က ပြောခဲ့သူ မကြာခင်ကမှ အိမ်မီးရှို့မခံရအောင်ကာကွယ်ပေးခဲ့သူ ပါတီယူနစ်ကော်မတီဝင်ဖြစ်ကြောင်း စုံစမ်းသိခဲ့ရခြင်းဖြစ်ပါသည်။

၁၆၅၀
၂၀.၄.၂၀၂၀

Telephone

Website