Htun Myint Mo Pharmacy
အင်္ဂလိပ်ဆေး တိုင်းရင်းဆေးများကို လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပြီ
သွေးတိုးရောဂါ အန္တရာယ်
သွေးတိုးရောဂါဆိုတာဘာလဲ?
လူ့ခန္တာကိုယ်မှာ အပေါ်သွေး အောက်သွေး ဆိုပြီး နှစ်ခုရှိပြီးတော့ ပုံမှန်လူတွေက အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ အောက်မှာ ရှိကြပါတယ်။
ဘယ်အချိန်မှာ သွေးတိုးပြီလို့ခေါ်တာလဲ?
ကိုယ့်ရဲ့သွေးဟာ ပုံမှန်နားနေချိန်မှာတောင် အပေါ်သွေး ၁၄၀ ကျော် အောက်သွေး ၉၀ ကျော်ဖြစ်နေပြီဆိုရင် သွေးတိုးရှိနေပြီလားလို့ သံသယစဝင်သင့်ပါပြီ။
သွေးတိုးရောဂါဘာကြောင့်ဖြစ်တာလဲ?
သွေးတိုးစေရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ များသောအားဖြင့် ကျောက်ကပ်မကောင်းလို့၊ သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ၊ ဟော်မုန်းနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ကြတာရှိပြီး လူအများအားဖြင့်တော့ အကြောင်းအရင်းမရှိဘဲလည်း သွေးတိုးရောဂါ ဖြစ်တတ်ကြပါတယ်။
ဒီရောဂါက မျိုးရိုးလိုက်တတ်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ အရက်သောက်ခြင်း၊ ဆားအလွန်အကျွံ စားသုံးခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။
သွေးတိုးရောဂါရှိနေပြီဆို ဘာတွေလုပ်ရမလဲ?
သွေးတိုးရောဂါဟာ နေထိုင်မှုပုံစံနဲ့ အလွန်သက်ဆိုင်သောကြောင့်
ဆရာဝန်တွေညွှန်းတဲ့သွေးတိုးကျဆေးတွေအပြင်
◦ ဆားလျှော့စားမယ်
◦ ကိုယ်လက်လေ့ကျင့်ခန်း ကို တစ်ရက်ကို နာရီဝက်နဲ့ တစ်ပတ်ကို ၅ ရက်လောက် လုပ်မယ်
◦ ဆေးလိပ်၊ အရက်ဖြတ်မယ်
ဒါတွေ လုပ်ဆောင်ခြင်းအားဖြင့် သွေးတိုးရောဂါကို ထိန်းထားနိုင်ပါတယ်။
သွေးတိုးရောဂါရဲ့နောက်ဆက်တွဲပြဿနာများ
◦ ဆီးချိုရောဂါ
◦ ကျောက်ကပ်ရောဂါ
◦ ဦးနှောက်သွေးကြောပေါက်ခြင်း
အစရှိတာတွေဖြစ်စေနိုင်လို့ သွေးတိုးရောဂါကိုအမြဲ သတိနဲ့ ထိန်းထားဖို့လိုပါတယ်။
သွေးတိုးရောဂါက လုံးဝပျောက်ကင်းအောင် ကုသလို့မရပါဘူး။ လူနေမှုပုံစံကို ပြောင်းလဲနေထိုင်ပြီး သွေးကျဆေးပုံမှန်သောက်မှသာ ထိန်းထားနိုင်တဲ့ရောဂါဖြစ်လို့ ဂရုပြုပြီးထိန်းထားရတဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။
🐞 ကမျဥ်းနီကောင် အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါ (Scrub Typhus) 🐞
Scrub typhus သို့မဟုတ် Bush typhus ရောဂါသည် Orientia tsutsugamushi ဘက်တီးရီးယားပိုးကို သယ်ဆောင်ထားသော ကမျဉ်းနီကောင် (Chiggers: larval mites) ကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ ကူးစက်ဖြစ်ပွားသော ရောဂါဖြစ်ပါသည်။
Scrub typhus ရောဂါကူးစက်ခံရသည့်ဖြစ်စဉ် အများစုကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံ မြောက်ပိုင်းတို့၏ ကျေးလက်ဒေသများတွင် အတွေ့များပါသည်။ Scrub typhus အဖြစ်များသောဒေသများတွင် နေထိုင်သူများ (သို့မဟုတ်) ထိုဒေသများသို့ ခရီးသွားရောက်ဖူးသူများတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။
🐞 ရောဂါလက္ခဏာများ
Scrub typhus ရောဂါလက္ခဏာများသည် ကမျဉ်းနီကောင် အကိုက်ခံရပြီး (၁၀) ရက်အတွင်း ဖြစ်ပေါ်လာတတ်ပါသည်။
👉 အဖြစ်များသော ရောဂါလက္ခဏာများ
- ဖျားခြင်း၊ ချမ်းတုန်ခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ကိုယ်လက်များကိုက်ခဲခြင်း၊
- အရေပြားပေါ်တွင် အနီကွက်များဖြစ်ပေါ်ခြင်း။
👉 အခြားရောဂါလက္ခဏာများ
- ကမျဉ်းနီကောင်ကိုက်ခံရသော အရေပြားတွင် ညိုမည်းသော အနာဖေးကွက် (Eschar) ဖြစ်ပေါ်လာခြင်း၊
- စိတ်ကယောင်ကတမ်းဖြစ်ခြင်းနှင့် သတိလစ်ခြင်း၊
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း။
ရောဂါပြင်းထန်သော လူနာများတွင် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ သွေးယိုခြင်းများ ဖြစ်စေပြီး ကောင်းစွာ ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။
🐞 ရောဂါအမည်တပ်ခြင်းနှင့် စစ်ဆေးခြင်း
Scrub Typhus ရောဂါလက္ခဏာများသည် အခြားရောဂါများ၏ ရောဂါလက္ခဏာများနှင့် လွန်စွာဆင်တူလေ့ရှိပါသည်။ Scrub Typhus ရောဂါ ဖြစ်ပွားမှုရှိနေသော ဒေသများတွင် နေထိုင်/သွားရောက်ခဲ့ပြီးနောက် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့်ပြသ၍ ကုသမှုကို ဆောလျင်စွာ ခံယူသင့်ပါသည်။
ရောဂါဖြစ်ပွားနေသောဒေသများသို့ ခရီးသွားရောက်ခဲ့ဖူးခြင်းရှိပါက ကျန်းမာရေးဝန်ထမ်းများကို မည်သည့်နေရာသို့ မည်သည့်အချိန်တွင် သွားရောက်ခဲ့ဖူးကြောင်း ပြောပြပါ။
🐞 ရောဂါကုသခြင်း
Scrub Typhus ရောဂါကုသရန်အတွက် Doxycycline ပဋိဇီဝဆေးကို ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမည်။ Doxycycline ပဋိဇီဝဆေးကို ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီး စောစောသောက်ပါက ပိုမိုထိရောက်ပြီး လျင်မြန်စွာ ပျောက်ကင်းနိုင်ပါသည်။
🐞 ရောဂါကာကွယ်ခြင်း
Scrub Typhus ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါ။
ရောဂါပိုးသယ်ဆောင်သော ကမျဉ်းနီကောင်များနှင့် ထိတွေ့မှုမရှိစေရန် သတိပြုနေထိုင်ခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေကို လျှော့ချပါ။
Scrub Typhus ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသတွင် နေထိုင်/ ခရီးသွားပါက ကမျဉ်းနီကောင်များကို တွေ့ရလေ့ရှိသည့် ခြုံနွယ်ထူထပ်သည့် နေရာများကို အထူးရှောင်ကြဉ်ရပါမည်။
👉 အိမ်အပြင်ဘက်တွင် အချိန်ကြာကြာ နေထိုင်ရပါက
- Environmental Protection Agency (EPA) အသိအမှတ်ပြု DEET ပါဝင်သော အရေပြားဖျန်းဆေး/ လိမ်းဆေးများကို အဝတ်အစားလွတ်နေသည့် အရေပြားနေရာများနှင့် အဝတ်အစားများပေါ်တွင် ဖျန်း၍ ပိုးမွှားကာကွယ်ရေးအတွက် အသုံးပြုနိုင်ပါသည်။
- အဝတ်အစားများဖြင့် ဖုံးအုပ်ထားမည့် အရေပြားနေရာများသို့ မဖြန်းရ/ မလိမ်းရပါ။
- နေရောင်ခြည်ဒဏ်ခံလိမ်းဆေး (sunscreen) ကို အသုံးပြုပါက ထိုလိမ်းဆေးကို အရင်လိမ်းပြီးမှ ဖျန်းဆေးကို အပေါ်ကဖျန်းပါ/လိမ်းပါ။
👉 မိမိတွင် ကလေးငယ်များ ရှိပါက -
- ကလေးငယ်များကို လက်နှင့် ခြေထောက်များပါ လုံသော အဝတ်အစားများကို ဝတ်ဆင်ပေးပါ။
- ခြင်လုံဆန်ခါ (ဇကာ) ပါသော ကလေးပုခက်၊ ကလေးတွန်းလှည်းများကို အသုံးပြုပါ။
- အရေပြား ဖျန်းဆေး/လိမ်းဆေးများကို ကလေးငယ်၏ လက်၊ မျက်လုံး၊ ပါးစပ်နှင့် အနာဖြစ်နေသော အရေပြားပေါ်သို့ တိုက်ရိုက်မဖျန်းရပါ။
- လူကြီး၏ လက်အတွင်းသို့ အရေပြားဖျန်းဆေးကိုဖျန်းပြီးမှသာ ကလေးငယ်၏ မျက်နှာပေါ်သို့ လိမ်းကျံပေးရပါမည်။
👉 တောတွင်းစခန်းချ နေထိုင်သူများအနေဖြင့် အဝတ်အစား၊ ဘွတ်ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများကို ကမျဉ်းနီကောင်များအား သေစေသော (0.5% Permethrin ပါဝင်သည့်) ဆေးရည်ဖြင့် ပိုးသတ်သန့်စင်နိုင်ပါသည်။
Permethrin ဆေးရည်များသည် အဝတ်အစားများပေါ်တွင် အသုံးပြုရန် ထုတ်လုပ်ထားသော ဆေးရည်ဖြစ်သဖြင့် အရေပြားပေါ်သို့ တိုက်ရိုက်ဖျန်း၍ အသုံးမပြုရပါ။
Reference:
https://www.cdc.gov/typhus/scrub/index.html