စိတ်ငြိမ်းချမ်းမှု Peace and Calm
Life Attains only by Maha Satipatthana Vipassana Meditation!
let's stay at one' s Meditation Centre, Monastry,Nunnery, home on these day and
do meritorious deeds, Speeches, thinks as much as we can!
📒
အဆိုးနဲ့တွေ့ရတဲ့အခါမှာ
အဆိုးဘက်ကချည်း ကြည့်ပြီးစိတ်ပျက်မနေရဘူး။
🌿အကောင်းဘက်ကလဲ လှည့်ပြီးကြည့်တတ်ရတယ်။
အဲဒီလိုစိတ်သက်သာရာ ရအောင်ကုသိုလ်ဖြစ်အောင်ဆင်ခြင်ကြည့်တာမျိုးကို
ယောနိသောမနသိကာရခေါ်တာဘဲ။
🕯️🕯️🕯️🕯️🕯️
"ကာမေသုမိစ္ဆာစာရကံ၏ မကောင်းကျိုးပြ သိသာလှ"
"ဂုံးချော ပါယ်ကျ လူ ဖြစ်က ကွဲရ မိတ်ဆွေများ"
🌼ဣသိဒါသီထရေီ ဝတ်ထု🌼
တစ်နေ့သောအခါမှာ
ဣသိဒါသီဆိုတဲ့ထေရီမနှင့်
ဗောဓိထေရီဆိုတဲ့ထေရီမတို့ဟာ
ပါဋလိပုတ်မြို့အနီးက ဂဂါင်္မြစ်ထဲရှိဖြူစင်သန့်ရှင်းတဲ့သဲသောင်ပြင်ပေါ်မှာခေတ္တ ထိုင်နေကြတယ်။
နှစ်ပါးလုံးအာသဝေါကုန်ခမ်းပြီး ရဟန္တာမချည်းပါဘဲ။
အဲဒီမှာ အေးချမ်းသာယာတဲ့လေကို လဲရှုရှိုက်ရင်း
တသွင်သွင်နဲ့စီးသွားနေတဲ့ကြည်လင် အေးမြတဲ့ဂဂါင်္မြစ်ရေကိုလဲကြည်ရှုရင်း
တရားကိုလဲနှလုံး သွင်းလျက်ခေတ္တထိုင်နေကြဟန်ရှိပါတယ်။
အဲဒီလို ထိုင်နေရင်း
ဗောဓိထေရီက ဣသိဒါသီထေရီကိုကြည့် လိုက်တဲ့အခါရုပ်ရေကလဲအင်မတန်လှပပြီး အသက် အရွယ်နုနယ်နေတာကိုမြင်ရတော့
ဒီလိုအခြေအနေနဲ့ ဒီလိုအရွယ်မှာရဟန်းပြုလာတာဟာထူးတဲ့အကြောင်း တော့ရှိလိမ့်မယ်လို့တွေးတောပြီးတော့ဒီလိုမေးမြန်း လိုက်ပါတယ်။
ပါသာဒိကာသိ အယျေ ဣသိဒါသိ ဝယောပိ တေ အပရိဟီနော။
ကိံ ဒိသွာန ဗျာလိကံ အထာသိ နေက္ခမ္မ မနုယုတ္တာ။
ရှင်မ ဣသိဒါသီရေ
သင်သည်ရုပ်ရေအဆင်းလှပခြင်း ကြောင့် ရှုချင်စဖွယ် သပ္ပါယ် အလွန်တင့်တယ်၍ကြည်ညိုဘွယ် ရှိသည် ဖြစ်ပါပေ၏။သင်၏အရွယ်သည်လည်းမဆုတ် ယုတ်သေးဘဲပျိုမြဲနုမြဲလျက်ရှိပါသေး၏။
ထိုသို့ပျိုမျစ် နုနယ်တင့်တယ်လှပသူဖြစ်ပါလျက်လူ့ဘောင်လောက ၌အဘယ်သို့သောအဆင်မပြေသည့်အပြစ်ဒေါသကို ရှောင်တိမ်းမရတွေ့မြင်ရသောကြောင့်ရဟန်းပြုငြား ရဟန်းတရားကိုအားထုတ်နေသည် ဖြစ်ပါသနည်းလို့ မေးလိုက်ပါတယ်။
သူ့အမေးကရှင်းလင်းပြတ်သားပါတယ်။
လောကမှာ ရုပ် အဆင်းကလဲပြည့်စုံနေတယ်။အသက်အရွယ်ကလဲ ပျိုနုနေတယ်ဆိုယင်လူ့ဘောင်မှာဘဲကာမဂုဏ်အာရုံ တွေနဲ့ပျော်မွေ့နေကြစမြဲဘဲ
ကျောင်းကန်ဘုရားဆီကို မျက်နှာလှည့်ခဲပါတယ်။
လာရောက်ခဲပါတယ်။
သင်္ကန်း ဝတ်ဖို့ ရဟန်းပြုဖို့ဆိုတာကတော့သာပြီးခဲယဉ်းတာဘဲ။
ဒါကြောင့်ဗောဓိထေရီက ဣသိဒါသီထေရီကိုကြည့်ပြီး တော့
"ရှင်မ ဣသိဒါသီရေ
သင့်မှာရုပ်ရေအဆင်းက လဲအလွန်လှပတင့်တယ်ပြီးရှုချင်ဘွယ် ကြည်ညိုဘွယ် ကောင်းလိုက်တာကွယ် အရွယ်ကလဲပျိုပျိုရွယ်ရွယ် အငယ်ကလေးရှိသေးတာဘဲ ဒီလိုရုပ်ရေအဆင်းနဲ့ ဒီလို အရွယ်ဆိုတော့ လူ့ဘောင်လောကမှာ ပျော်မွေ့နေစရာဘဲကွဲ့ သို့ဖြစ်ပါလျက် သင်ရဟန်းပြုလာ တာဟာအဆင်မပြေတဲ့အကြောင်းတော့ရှိရမယ်။ ဘယ်လိုအပြစ်ဒေါသကိုတွေ့မြင်ရလို့ရဟန်းပြုလာပါ သလဲလို့"
မေးလိုတာပါဘဲ။
ဒီတော့ ဣသိဒါသီထေရီမက
သူ့အကြောင်းမှန်ကို
"အရှင်မ ဗောဓိထေရီဘုရား
တပည့်တော်မဟာ ဥဇ္ဇေနီပြည်မှာ သီတင်းသီလနဲ့ပြည့်စုံတဲ့သေဌေးကြီး၏ တစ်ဦးတည်းသောသမီးဖြစ်ပါတယ်။မိဘနှစ်ပါးတို့က အလွန်ချစ်မြတ်နိုးတဲ့သမီးဖြစ်ပါတယ်" စသည်ဖြင့် ဖြေကြားပါတယ်။
အဲဒီဥဇ္ဇေနီပြည်က သီတင်းသီလနဲ့ ပြည့်စုံတဲ့သေဌေးကြီး၏တစ်ဦးတည်းသောသမီးဖြစ်ပါ တယ်တဲ့။
တစ်ဦးတည်းသောသမီးဆိုတော့မိဘတွေက အလွန်အလေးအမြတ်ပြုကြ ယုယုယယနဲ့ချစ်ခင်ကြ တာပေါ့။အဲဒီလိုယုယုယယနဲ့မွေးမြူပြုစုလို့အရွယ် ရောက်လာတဲ့အခါကျတော့ အိန္ဒိယပြည်အလယ်ပိုင်း မြောက်ပိုင်းမှာရှိတဲ့သာကေတမြို့ကပစ္စည်းဥစ္စာပြည့်စုံ ကြွယ်ဝတဲ့သေဌေးကြီးကသူ့သားနဲ့ထိမ်းမြား လက်ထက်ဖို့တောင်းရမ်းလာတယ်။
အဲဒီလို လာရောက်တောင်းရမ်းတဲ့အခါ
အမျိုးဂုဏ်သိရ်စည်းစိမ် ဥစ္စာချင်းတူညီတဲ့အတွက်
ဣသိဒါသီကိုသူ့မိဘများက သာကေတသေဌေးသားနဲ့ထိမ်းမြားလက်ထက်ပေး လိုက်ပါတယ်။
ထိမ်းမြားလက်ထက်ပြီးတယ်ဆိုယင်
မင်္ဂလာဆောင်သတိုးသမီးဟာအိန္ဒိယထုံစံအရ မင်္ဂလာဆောင်သတိုးသားရဲ့မိဘအိမ်ကို
လိုက်ပြီးနေရ တယ်။
အဲဒီရောက်တော့
ဣသိဒါသီဟာ မိဘများ၏အဆုံးအမကိုရထားတဲ့မိကောင်းဖခင်သမီးဖြစ်တဲ့အတိုင်း
ယောက္ခမများကိုလဲမိဘများလိုပင် အရိုအသေပြုပါ တယ်။
ယောက္ခမမိဘများကို ညနေတစ်ကြိမ် နံနက်တစ် ကြိမ် နေ့စဉ်ရှိခိုးပါတယ်တဲ့။
နောက်ပြီးတော့သူ့ခင်ပွန်းရဲ့ညီတွေညီမတွေအရွယ်တူ တွေကိုလဲသူ့ထံရောက်လာယင်နေရာဖယ်ပေးတယ်။ စားဖွယ်သောက်ဖွယ်စသည်ပေးသင့်သမျှကိုလဲပေး ကမ်းတယ်။
စပ်ဆိုင်ရာတွေကိုဒီလိုယဉ်ယဉ်ကျေးကျေး ဆက်ဆံပါတယ်။
သူ့ခင်ပွန်းထံသွားချိန်တန်ယင်
လက် ခြေများကိုသန့်သန့်ပြန့်ပြန့်ဆေးကြောသုတ်သင်ပြီး လက်အုပ်ကလေးချီလို့ရိုရိုသေသေနဲ့သူ့ခင်ပွန်းထံချဉ်း ကပ်တယ် သူ့ခင်ပွန်းကိုခေါင်းဖီးပေးတယ် ကြည့်မှန်ကို ယူပေးပြီးကုလားထုံစံအတိုင်းမျက်စိကိုလဲမျက်စဉ်းညိုနဲ့ ကွင်းပေးတယ်။
အစေခံကျွန်မလိုဘဲသူ့ခင်ပွန်းကို အဝတ်အဆင်တန်ဆာများနဲ့လဲပြင်ဆင်ပေးတယ်။
ထမင်းဟင်းစားသောက်ဖွယ်ဆိုယင်လဲသေဌေးသမီး ဖြစ်ပေမဲ့အိမ်ဖော်တွေအခြားသူတွေကိုမျက်နှာလွှဲမခိုင်း ဘူး။သူကိုယ်တိုင်ဘဲချက်ပြုတ်ပြုပြင်ပြီးကျွေးမွေးပါ တယ်တဲ့။
သူ့ခင်ပွန်းစားတဲ့ပန်းကန်ခွက်ယောက်များကိုလဲသူကိုယ်တိုင်လဲဆေးကြော်တယ်။
ကုန်ကုန်ပြောရ မယ်ဆိုယင်တစ်ဦးတည်းသောသားကလေးကို မိခင်ကပြုစုသလိုဘဲ သူ့ခင်ပွန်းကိုယုယုယယပြုစုလုပ် ကျွေးပါတယ်တဲ့။
ဣသိဒါသီလင့်ဝတ္တရားကျေပြွန်ပုံက တော့အမျိုးသားတွေဘက်ကအလွန်ဘဲအားရစရာ ကျေနပ်စရာကောင်းပါပေတယ်။
ဝတ်တရားကျေပြွန်ရုံမကဘဲ
ဒီလိုကျိုးကျိုးနွံနွံ ရိုရိုသေသေပြုစုလုပ်ကျွေးနေပေမဲ့
ကံမကောင်း အကြောင်းမသင့်ချင်တော့
တစ်လလောက်ကြာတဲ့အခါ
သူ့ခင်ပွန်းက သူ့အပေါ်မှာအကြီးအကျယ်မုန်းတီးပြီး မေတ္တာတွေပျက်သွားတယ်။
ဒါကြောင့် သူ့ခင်ပွန်း သေဌေးသားက
သူ့မိဘများကိုဒီလိုပြောတယ်။
အမေတို့ အဖေတို့
ကျွန်တော်ဟာ ဣသိဒါသီနှင့်အတူမနေနိုင် တော့ဘူး။
ဒီအိမ်မှာ ဣသိဒါသီရှိနေမယ်ဆိုယင် ယခု ကျွန်တော်ပန်ကြားပါတယ် ကျွန်တော်ဒီအိမ်က ထွက်ခွာသွားပါတော့မယ်လို့ပြောတယ်။
ဒီတော့သူ့မိဘ များက "ချစ်သားရယ် ဒီလိုမပြောပါနဲ့ကွယ်
ဣသိဒါသီဟာ လိမ္မာတယ်ကွဲ့ တတ်သိနားလည်တယ် ထကြွလုံ့လရှိတယ် သူ့ဝတ်တရားတွေကို မပျင်းမရိ ကျေကုန်အောင်ရွက်ဆောင်တတ်တယ်ကွဲ့ ချစ်သားရယ်
သင့်မှာ ဘာများမကြိုက်လို့လဲကွယ်
မကျေနပ်စရာတော့မရှိပါဘူး" စသည်ဖြင့်ချော့မော့နားချ ပြီးပြောကြတယ်။
ကျွန်တော့ကိုတော့ သူက ဘာမှနှိပ်စက်ခြင်းမရှိပါဘူး။ ဒါပေမဲ့ကျွန်တော်က
ဣသိဒါသီနဲ့အတူမနေချင်တာပါဘဲ
မချစ်နိုင်ဘဲ သက်သက်မုန်းနေတာပါဘဲ
သူ့ကိုတော့ အလိုမရှိတော့ပါဘူး။
အကယ်၍အမေအဖေတို့က
ဣသိဒါသီနှင့်အတူနေရမယ်ဆိုလို့ရှိယင်တော့ ကျွန်တော်ဟာမပန်ကြားဘဲနဲ့
ဒီအိမ်ကထွက်သွားရပါ လိမ့်မယ်လို့
သဌေးသားက
သူ့မိဘများကိုအကြပ်ကိုင် ပြီးပြောတယ်။
ဒီတော့ သေဌေးကြီးနဲ့ သေဌေးကတော်ကြီးများက
ဣသိဒါသီကိုမေးမြန်းကြတယ်။
ချစ်သမီး ဣသိဒါသီရေ
မင်းတို့ဇနီးမောင်နှံဘယ်လိုများဖြစ်ကြတာလဲကွယ်
သမီးက ငါ့သားကိုဘယ်လိုများပြောဆိုပြစ်မှားမိသလဲ ကွယ်
စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါကွယ်လို့မေးကြတယ်။
ကျွန်မကဖြင့် သူ့ကိုဘာမျှမပြစ်မှား မပြောဆိုမိပါဘူး။ ညှဉ်းဆဲမိတာလဲမရှိပါဘူး။
နားမချမ်းသာစရာ စကားဆိုး ကိုလဲမပြောဘူးပါဘူး။
ချစ်ချစ်ခင်ခင်ရိုရိုသေသေနဲ့ဘဲ ပြုစုနေပါတယ်။
ဒီအထဲကကျွန်မကို သူကမုန်းတီးတာ ကိုတော့
ကျွန်မလဲဘယ်လိုမှမပြုပြင်နိုင်တော့ပါဘူးလို့
ဣသိဒါသီက ဝမ်းနည်းကာ
မျက်နှာမကြည်မသာနဲ့ ပြောရှာတယ်။
ဒီလိုချွေးမဘက်ကအပြစ်မရှိပေမဲ့လူတွေဆိုတာ
ကိုယ့်သားမှသားလို့ထင်ကြတာ။
ဒါကြောင့် ငါတို့၏ သားတစ်ခြားကိုထွက်သွားယင်ခက်ရချေ့ရဲ့လို့တွေး တောပြီးတော့
ဣသိဒါသီကို သူ့မိဘအိမ်ပြန်ပို့လိုက်ကြ တယ်။
ပြန်ပို့တဲ့အခါမှာ
သားဖြစ်သူကိုငဲ့လို့သာပြန်ပို့ရ တယ်။
သူတို့ရဲ့ချွေးမကလေးကိုတော့
အင်မတန်နှမျော ကြပါတယ်။
အင်မတန်နှလုံးမသာခြင်း စိတ်ဆင်းရဲခြင်း ဖြစ်နေရှာကြပါတယ်။
ဒါကြောင့်(ဇိတာမှသေ ရူပိနိံ လက္ခိံ)
မယံ-ငါတို့သည် ရူပိနိံ-ရုပ်ရည်အဆင်းလှပခြင်း အဂါင်္ တင့်တယ်သောလက္ခဏာနှင့်ပြည့်စုံသော
လက္ခိံ-သိရီနတ်သမီးပမာကျက်သရေရှိလှစွာသောချွေးမ ကလေးကို
ဇိတာ-ဆုံးရှုံးကြကုန်သည်
အမှသေ-ကံ အကြောင်းမသင့်လှ၍ဖြစ်ကြရချေသည်တကားလို့ နှုတ်ကတတွက်တွက်နဲ့ ရွတ်ဆိုညည်းညူပြီးသူ့မိဘများ ထံပြန်အပ်ကြပါသတဲ့။
အဲဒီမှာ ဣသိဒါသီကို ဘာမှအပြစ်မရှိပါဘဲနဲ့
သေဌေးသားကမချစ်နိုင်ဘူး မုန်းတယ်ဆိုတာဟာ
ဣသိဒါသီရဲ့
ရှေးကပြုခဲ့တဲ့မကောင်းမှုအကုသိုလ်ကံ ကြောင့်ဖြစ်ကြောင်းနောက်ပိုင်းကျတော့ဖော်ပြထားပါ တယ်။
ဒါပေမဲ့သူ့အပြစ်ချည်းလဲမဟုတ်ပေဘူး။
အဲဒီ သေဌေးသားမှာလဲ
ဒီလိုအမျိုးသမီးကောင်း မိန်းမမြတ်နှင့် အတူနေထိုက်တဲ့ကံကမရှိတဲ့အတွက် ကြောင့်လို့လဲဆိုသင့်ပါတယ်။
အဲဒီတော့ ဣသိဒါသီရဲ့ဖခင်သေဌေးကြီးက
ရုပ်ရည် အလိမ္မာ အစစအရာရာနှင့်ပြည့်စုံနေတဲ့ငါ့သမီးကိုသူတို့ ကပြန်ပို့ကြတယ်။
ရှိပါစေတော့ငါ့သမီးမှာ
လင်ကောင်း တစ်ယောင်တော့ရရှိနိုင်ပါတယ်လို့ကြံစည်ပြီးတော့ ပစ္စည်းဥစ္စာအတော်အတန်ကြွယ်ဝတဲ့ဒုတိယတန်း သေဌေးတစ်ဦး၏သားနဲ့လက်ထက်ထိမ်းမြားပေးပြန် တယ်။
အဲဒီမှာလဲ ဣသိဒါသီက သေဌေးသားကို အိမ်ဦးနတ်ပမာ ရိုရိုသေသေပြုစုလုပ်ကျွေးနေပါတယ်။
ဒါပေမဲ့ အဲဒီသေဌေးသားကလဲ တစ်လလောက်ကြာ တော့ ဣသိဒါသီနဲ့ အတူမနေနိုင်တော့ဘူးလို့ဆိုပြန်ပါ တယ်။ဒါကြောင့် အဲဒီသေဌေးကလဲ
ဣသိဒါသီကို သူ့မိဘအိမ်ပြန်ပို့ပြန်တယ်။
ဒီတော့ ဣသိဒါသီရဲ့ဖခင်သေဌေးကြီးက
စဉ်းစားဆင် ခြင်ကြည့်တယ်။
အလိမ္မာရော ရုပ်ရည်ရော အဖက်ဖက်ကပြည့်စုံနေတဲ့ငါ့သမီးကိုသူတို့ပြန်ပို့ကြတာ ဟာ
ပစ္စည်းရှင်တွေဖြစ်တဲ့အတွက်ပစ္စည်းမာန်တက်ပြီး ပြန်ပို့ကြတာဖြစ်မှာဘဲ
ပစ္စည်းမဲ့ရုပ်ရည်သင့်တော်တဲ့ လူရွယ်တစ်ယောက်နဲ့ဆိုယင်တော့ မြဲလောက်စရာရှိ တယ်လို့
ဆင်ခြင်ပြီးတော့သင့်တော်မည့်သူကိုကြည့်ရှု နေတယ်။
အဲဒီအခါမှာခွက်လက်စွဲပြီးတောင်းစားနေတဲ့ အရွယ်ကောင်းရုပ်ရည်သင့်တော်တဲ့သူတောင်းစား တစ်ယောက်ဟာသူ့အိမ်ရောက်လာတယ်။
ဒီတော့ သေဌေးကြီးက
အဲဒီသူတောင်းစားကိုခေါ်ပြီး အဝတ်တွေကိုလဲ လဲလှယ်ပေးတယ်။
သူတောင်းစားရဲ့ ခွက်ကိုလဲယူပြီး သူ့အိမ်မှာဘဲ သားသမက်အဖြစ်ဖြင့် ချမ်းသာစွာနေဘို့လဲပြောပြီး
သူ့သမီးနှင့်လက်ဆက် ပေးတယ်။
အဲဒီသူတောင်းစားကလဲ ၁၅ ရက်လောက် ကြာတော့စိတ်ပြောင်းလာတယ်။
ဒါကြောင့် သူက
"အရှင်သေဌေးကြီး
ကျွန်တော်ရဲ့အဝတ်ဟောင်းနဲ့ ခွက်ကိုပြန်ပေးပါ။
ရှေးကလိုဘဲ တစ်ဖန်လှည့်လည် တောင်းစားပါတော့မယ်"လို့သေဌေးကြီးကိုပြောတယ်။
ဒီတော့ ဣသိဒါသီရဲ့မိဘဆွေမျိုးတွေက
"လူကလေး မင့်မှာဘာများအလိုမပြည့်တာရှိသလဲပြောပါကွယ် အားမနာပါနဲ့
ငါတို့က ပြုပြင်ဆောင်ရွက်ပေးပါမယ်
တစ်ခြားကိုတော့မသွားပါနဲ့ " လို့ဝိုင်းပြီးတောင်းပန်ပြော ဆိုကြတယ်။
"ဘာမှလိုတာမရှိပါဘူး ကျွန်တော့်ကိုယ် ဟာ တောင်းစားနိုင်အောင်သန်စွမ်းပါတယ်
ဣသိဒါသီနဲ့တော့ တစ်အိမ်တည်းအတူမနေနိုင်တော့ပါ ဘူး။ကျွန်တော်ကိုသွားခွင့်ပြုကြပါ" လို့ပြောဆိုပြီး
အဲဒီ သူတောင်းစားကလဲ
ဣသိဒါသီကိုစွန့်ပစ်သွားသတဲ့။
ကံအကျိုးပေးပုံများသိပ်အံ့သြစရာကောင်းတာဘဲ။
ဒါပေမဲ့ဒီသူတောင်းစားက
သေဌေးအိမ်မှာသားသမက် အဖြစ်နဲ့ချမ်းချမ်းသာသာမနေနိုင်တာကတော့
အဲဒီ သူတောင်းစားမှာလဲ
အဲဒီလိုနေထိုက်တဲ့ကုသိုလ်ကံ မပြည့်စုံလို့လဲဖြစ်နိုင်ပါတယ်။
ဘယ်လိုလဲဆိုယင် မဟောသဓာဇာတ်ထဲက
ဥဒုမ္ဗဒေဝီကိုစွန့်ပြေးတဲ့ လူလိုပေါ့။
ယခုပြောခဲ့အတိုင်း
သူတောင်းစားကတောင်စွန့်ပစ်သွား တဲ့အခါ
သေဌေးကြီးလဲသူ့သမီးအတွက်အိမ်ထောင်ရေး ကိုဆက်လက်မကြံနိုင်တော့ဘူး။
ဣသိဒါသီလဲ အရှက်လဲရ ဝမ်းလဲနည်းပြီး တစ်ကိုယ်တည်း ဒီလို ကြံစည်မိသတဲ့။
"ဘယ်လိုဆိုးဝါးတဲ့ရှေးကံကအကျိုးပေး နေသလဲမသိပါဘူး
လူ့လောကမှာနေစရာတောင် မကောင်းတော့ပါဘူး
မိဘများကိုပန်ကြားပြီးထွက်ခွာ သွားမှပါဘဲ
သေယင်လဲသေပါစေတော့ ဒီလိုမှ မဟုတ်ယင်လဲ ရဟန်းပြုမှကောင်းမှာဘဲ" လို့ကြံစည်မိ တယ်။
အဲဒီလိုကြံစည်နေတုန်းမှာဘဲ
ဇိနဒတ္တာဆိုတဲ့ ထေရီမကြီးက
အဲဒီသေဌေးအိမ်ကိုဆွမ်းခံကြွလာတယ်။
အဲဒီထေရီမကြီးကိုတွေ့မြင်ရတော့
ဣသိဒါသီက နေရာလဲခင်းကျင်းပေးတယ်။
ရိုရိုသေသေရှိခိုးပြီး ဆွမ်း ခဲဘွယ် ဘောဇဉ်များကိုလဲ ကပ်လှူတယ်။
အဲဒီလို ဆွမ်းကပ်လှူပြီးတော့ ဣသိဒါသီက
"တပည့်တော်မ ရဟန်းပြုလိုပါတယ် တပည့်တော်မကို ရဟန်းပြုပေးပါ ထေရီအရှင်မကြီးဘုရား" လို့ လျှောက်ထားတောင်းပန် တယ်။
ဒီတော့ဖခင်သေဌေးကြီးက
"ချစ်သမီးရေ ဘယ်ကိုမျှ မသွားပါနဲ့ကွယ်
ဒီအိမ်မှာဘဲ ချမ်းသာစွာနေပါ
လူ့ဘောင် မှာဘဲ ကုသိုလ်တရားကိုကျင့်ပွားနေတာပေါ့ ရဟန်း သူမြတ်များအား ထမင်း အဖျော် စသည်ကိုပေးလှူပြီး နေတာပေါ့ ဘယ်မှမသွားပါနဲ့" လို့တားမြစ်တယ်။
အင်း . တစ်ဦးတည်းသောသမီးကလေးဆိုတော့
မခွဲချင်ကြပေဘူး။
အဲဒီတော့ ဣသိဒါသီက သူ့ဖခင်သေဌေးကြီးကို လက်အုပ်ချီပြီး ငိုယိုရင်း တောင်းပန်ရှာတယ်။
ကျွန်တော်မသည်
ယုတ်မာသောမကောင်းမှုကို အလွန် အကြူးပြုခဲ့ဘူးသည် ဖြစ်ရာပါသည်။
ထိုယုတ်မာသော မကောင်းမှုကို ရဟန်းပြုလျက် တရားဖက်ဖြင့် ပယ်ဖျက် ချေမှုန်းလိုက်ပါတောအ့ံ့ တဲ့။
ကျွန်မမှာယခုလိုအဆင် မပြေဖြစ်ရတာဟာ
ရှေးဘဝတစ်ခုခုက လွန်လွန်ကြူး ကြူးပြုခဲ့ဘူးတဲ့မကောင်းမှုကံကြောင့်ဖြစ်ပါလိမ့်မယ်။
အဲဒီမကောင်းမှုကံ ကြေပျက်ပပျောက်သွားအောင် ရဟန်းပြုပါရစေ ရဟန်းတရားကျင့်သုံးပြီး
အဲဒီ မကောင်းမှုကံကို ပယ်ဖျောက်ချေမှုန်းပါရစေ လို့
ဣသိဒါသီကတောင်းပန်တယ်။
ဒီတော့ ဖခင်သေဌေးကြီးကလဲ တားမြစ်ရန်မသင့်တာနဲ့ ခွင့်ပြုလိုက်ရတယ်။
ဒီလိုလဲ ဆုမွန်ကောင်းတောင်းလိုက် ပါသေးတယ်။
နတ်လူတို့ထက်မြင့်မြတ်သော ဘုရားသခင်သည် အကြင် မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူလေပြီ ထိုသို့သော အရိယမဂ်ဉာဏ်သို့၎င်း အမြတ်ဆုံးတရား အရဟတ္တဖိုလ်သို့၎င်း ရောက်ပါစေသတည်း နိဗ္ဗာန်ကို လည်းရပါစေသတည်း လို့
ဒီလိုလဲဆုမွန်ကောင်းတောင်း လိုက်ပါသေးတယ်။
အဲဒီလိုဖခင်ကြီးက
ကျေကျေနပ်နပ်ခွင့်ပြုလိုက်တဲ့အခါ
ဣသိဒါသီဟာ မိခင် ဖခင်များကိုရော ဆွေမျိုးထဲက လူကြီးများကိုရော ရှိခိုးကန်တော့ပြီး
ဇိနဒတ္တာထေရီမ ကြီးထံမှာ ရဟန်းပြုပါတယ်။
ရဟန်းပြုပြီးတော့လဲမကြာ ဘူး
သူက ပါရမီထူးရှိနေတဲ့အတွက်ခုနစ်ရက်အတွင်း မှာဘဲ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံတဲ့ ရဟန္တာမဖြစ်သွားတယ်။
ရဟန်းတရားအားထုတ်တာ
ခုနစ်ရက်နဲ့ ရဟန္တာဖြစ် တယ်ဆိုတော့ ပါရမီထူးရှိလို့ပါဘဲ။
🙏ဝိဇ္ဇာသုံးပါးဆိုတာ
🛎️သုံးပါးဝိဇ္ဇာ ပု ဒိ အာ 🛎️ဆိုတဲ့အတိုင်း
(၁)ရှေးရှေးဘဝဟောင်းတွေကိုပြန်ပြီးဆင်ခြင်သိမြင်နိုင် တဲ့ ပုဗ္ဗေနိဝါသဉာဏ်က တစ်ပါး။
(၂)ပကတိမျက်စိဖြင့်မမြင်နိုင်တဲ့ နတ်ပြည် ငရဲပြည် အခြားအရပ်က လူ့ပြည်ဆိုတာတွေကို စိတ်နဲ့မှန်းကြည့်လိုက်ရုံနဲ့မြင်နိုင်တဲ့ ဒိဗ္ဗစက္ခုဉာဏ်က တစ်ပါး။
(၃)အာသဝေါကိလေသာတွေကိုကုန်ခန်းစေနိုင်တဲ့
အရဟတ္တမဂ်ဉာဏ်ဆိုတဲ့ အာသဝက္ခယဉာဏ်က တစ်ပါး။ ဒီဉာဏ်သုံးပါးပါပဲ။
အဲဒီဉာဏ်သုံးပါးထဲက
🙏အာသဝက္ခယဆိုတဲ့ အရဟတ္တမဂ်ဉာဏ်ကိုရယင် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာဖြစ်သွားတော့တာဘဲ။
ဣသိဒါသီဟာ လင်တွေ ကပစ်ပစ်သွားလို့ သံဝေဂရပြီး ရဟန်းပြုလိုက်တော့
ခုနစ်ရက်အတွင်းမှာ ရဟန္တာဖြစ်သွားတယ်ဆိုတာကို ဆင်ခြင်ကြည့်ယင်
လင်တွေက ပစ်ပစ်သွားတာကို ကျေးဇူးတင်ရဦးမှာလိုဖြစ်နေတယ်။
အကယ်၍သာ ပထမသေဌေးသားနှင့်မြဲနေတယ်ဆိုယင် ဒုတိယ သေဌေးသားထံတောင်ရောက်မှာမဟုတ်ဘူး။ရဟန်းပြု ဘို့ဆိုတာစိတ်ကူးတောင်ဖြစ်မှာမဟုတ်ဘူး။
ဒုတိယ သေဌေးသားနဲ့မြဲနေယင် ထို့အတူနေမှာဘဲ။ သူတောင်းစားနဲ့မြဲနေတောင်မှ ရဟန်းပြုဖြစ်ချင်မှပြုဖြစ် မယ်။
ယခုဖြစ်ပုံကတော့သူတို့သုံးဦးလုံးကပစ်သွားတဲ့ အတွက်လောကကြီးကိုစိတ်နာပြီးရဟန်းပြုခဲ့တယ်။
အဲဒီလိုရဟန်းပြုလိုက်တော့ခုနစ်ရက်အတွင်းမှာ ရဟန္တာမဖြစ်သွားတယ်။
သံသရာဝဋ်ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်သွားတယ်။
ဒါကြောင့် ဣသိဒါသီရဲ့ ဖြစ်ပုံကတော့ လင်တွေက ပစ်ပစ်သွားတာကို ကျေးဇူးတင်ရဦးမှာလိုဖြစ်နေတယ်လို့ ပြောရတာဘဲ။
အဲဒါဟာ ယောနိသောမနသိကာရနဲ့
သင့်လျော်အောင် စဉ်းစားပုံဘဲ။😌
အကုသိုလ်မကောင်းကျိုးပေးလို့ ဒုက္ခနဲ့ တွေ့ရပေမဲ့ တစ်ဖက်ကနေကြည့်ယင် ရဟန္တာမဖြစ် သည့်အထိကောင်းကျိုးတွေကိုရသွားတယ်ဆိုတော့
ဣသိဒါသီအဖို့မှာ ဝမ်းသာစရာကောင်းနေပါတယ်။
🌿ဒါကြောင့်အဆိုးနဲ့တွေ့ရတဲ့အခါမှာ
အဆိုးဘက်ကချည်း ကြည့်ပြီးစိတ်ပျက်မနေရဘူး။
🌿အကောင်းဘက်ကလဲ လှည့်ပြီးကြည့်တတ်ရတယ်။
အဲဒီလိုစိတ်သက်သာရာ ရအောင်ကုသိုလ်ဖြစ်အောင်ဆင်ခြင်ကြည့်တာမျိုးကို
ယောနိသောမနသိကာရခေါ်တာဘဲ။
🌛ဒါပေမဲ့ ဣသိဒါသီလို လင်တွေကပစ်သွားတယ်ဆိုတာမျိုးကို တော့
ဘယ်အမျိုးသမီးကမျှမလိုလား မတောင့်တသင့် ပေဘူး။
🍃ဘာကြောင့်လဲဆိုတော့ ဣသိဒါသီမှာ
ရဟန္တာဖြစ်သည်အထိ အကျိုးများသွားပေမယ်လို့ အခြားအမျိုးသမီးတွေမှာတော့
အဲဒီလိုအကျိုးထူးကို ရဘို့ရာခဲယဉ်းပါလိမ့်မယ်။
ဒါကြောင့်ပါဘဲ။
ဣသိဒါသီဟာ ယခုပြောခဲ့တဲ့အတိုင်း သူရထားတဲ့
🛎️ပု ဒိ အာ ဆိုတဲ့ ဝိဇ္ဇာသုံးပါးထဲက
ပုဗ္ဗေနိဝါသဉာဏ်ဖြင့်
ရှေးဘဝဟောင်းတွေကိုပြန်ကြည့်တဲ့အခါမှာ
လွန်ခဲ့တဲ့ခုနစ်ခုမြောက်ဘဝကစပြီး
မကောင်းမှုကိုပြုခဲ့ မိလို့
ဆင်းရဲဒုက္ခမကောင်းကျိုးတွေကိုခံစားလာရတယ် ဆိုတာကိုတွေ့မြင်တယ်။
အဲဒီခုနစ်ဘဝထဲမှာ
(၁)ပထမဘဝက ဧရကစ္ဆဆိုတဲ့မြို့မှာ
ရွှေပန်းထိမ်သည် ဖြစ်ခဲ့တယ်။
ရွှေပန်းထိမ်သည်ဆိုတော့ အမျိုးသမီးတွေနဲ့ နီးစပ်တဲ့အပြင်အရွယ်ကလဲကောင်းတုန်းမို့ အရွယ်မာန်ယစ်ပြီးသူတစ်ပါး၏မယားကိုပြစ်မှားကျူး လွန်ခဲ့မိပါသတဲ့။
အဲဒီဘဝကသေတဲ့အခါမှာ အဲဒီ ကာမေသုမိစ္ဆာစာရကံကြောင့်
(၂)ဒုတိယဘဝမှာငရဲကျပြီး ကြာမြင့်စွာငရဲဆင်းရဲတွေ ကိုခံစားခဲ့ရတယ်။အဲဒီငရဲမှလွတ်လာတဲ့အခါ
(၃)တတိယဘဝမှာ မျောက်မျိုး၌ဖြစ်ခဲ့ရတယ်။
မွေးပြီးလို့ ခုနစ်ရက်ကြာတဲ့အခါ မျောက်ဗိုလ်ကြီးက မျောက်ထီးကိုအလိုမရှိတဲ့အတွက် အဲဒီမျောက်ကလေး ရဲ့ဝှေးစေ့များကိုသွားနဲ့ကိုက်ပြီးသင်းကွပ်လိုက်တယ်။
အဲဒါဟာ ကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဘဲ။
အဲဒီ မျောက်ဘဝကသေတဲ့အခါ
(၄)စတုတ္ထဘဝမှာ ဧဋ္ဌကဆိုတဲ့ သိုးဖြစ်ရတယ်။
အဲဒီ သဒ္ဒါကျမ်း အဘိဓာန်ကျမ်းများအလိုအားဖြင့်ဆိုယင် ဧဋ္ဌကဆိုတာ သိုးပါဘဲ။
ဒါပေမဲ့ ဒီနေရာမှာ အဋ္ဌကထာက အဇ လို့ဖွင့်ထားတဲ့အတွက် ဆိတ်လို့ပဲဆိုကြပါစို့။
အဲဒီ ဆိတ်ဘဝမှာလဲသင်းကွပ်ခံရတယ်။
ဆိတ်ဆိုတာလူ တွေရဲ့ဟင်းမျိုးဖြစ်တဲ့အတွက် အဲဒီဘဝမှာဟင်းလုပ်ဖို့ အသတ်ခံရမှာပါဘဲ။
အဲဒီဘဝကသေတဲ့အခါ
(၅)ပဉ္စမဘဝမှာ နွားဖြစ်ရတယ်။
အဲဒီနွားဘဝမှာလဲ သင်းကွပ်ခံရပြီး ထွန်တို့ ထယ်တို့ လှည်းတို့ကိုရုန်းနေရ တယ်။
ဒါလဲ ကာမသေုမိစ်ဆာစာရကံ၏အကြိုးဘဲ။
နွားဆိုတာနွားသိုးအတိုင်းဆိုယင် အခိုင်းရခက်လို့ သင်းကွပ်လေ့ရှိကြတယ်။
ဘုန်းကြီးတို့ကလေးဘဝ တုန်းက
နွားသင်းကွပ်တာတွေ့မြင်ရဘူးတယ်။
သိပ်ကြောက်စရာကောင်းတာဘဲ။
နွားကိုကြိုးနဲ့ချည်တုပ် ပြီးဝှေးစေ့ကို
ထွန်သွားလိုသစ်သားနဲ့ထုကြရိုက်ကြတာ ဘဲ။
အင်မတန်နာရှာမှာပါဘဲ။
သုံးလေးရက်လောက်အတွင်းမှာ
ဒီနွားဟာအစာကိုကောင်းကောင်းမစားနိုင်ရှာ ဘူး။နောက်ပြီးတော့အဲဒီနွားကိုသန်စွမ်းနေသမျှကာလ ပတ်လုံးထွန်ယက်ဖို့ ဝန်ရုန်းဖို့ ခိုင်းကြတယ်။
နေပူမိုးရွာ မရှောင်ဝန်ကို ရုန်းနေရတယ်။
နေမကောင်းလို့လဲ မပြောနိုင်ရှာဘူး။
သနားစရာပါဘဲ။
နောက်ဆုံးအိုမင်းတဲ့ အခါကျတော့
နွားရှင်က နွားဘိုးမဆုံးရအောင်လို့ နွားသတ်သမားလက်ထဲရောင်းလိုက်တယ်။
တစ်သက် ပတ်လုံး ဝန်ရုန်းပြီးကျေးဇူးပြုနေတဲ့ကျေးဇူးရှင်ကို သူသတ်သမားလက်ထဲ အပ်လိုက်တာပါဘဲ။
အဲဒီအခါ ကျတော့ နွားခမျာမှာ ဘယ်သူမှအားကိုးစရာမရှိရှာဘူး။
နွားသတ်သမားလက်ချက်ဖြင့် အသက်ထွက်ရရှာတော့ တာဘဲ။
အဲဒါဟာ သေသေချာချာစဉ်းစားကြည့်ယင်
ဝမ်းနည်းစရာ အသည်းနာစရာ သိပ်ကောင်းတာဘဲ။
အဲဒီနွားဘဝက မရှုမလှသေရတဲ့အခါ
(၆)ဆဋ္ဌမဘဝမှာ ကျွန်မရဲ့ဝမ်းမှာဖြစ်ရတယ်။
မွေးကတည်းကအိမ်ပေါက်ကျွန်ဖြစ်တော့တာပါဘဲ။
အဲဒါထက်ဆိုးတာကတော့သူ့မှာ မွေးကတည်းက အထီးအမ အဂါင်္မပါဘူး နပုန်းပဏ္ဍုက်ဖြစ်ရတယ်။
ရှက်စရာသိပ်ကောင်းတာဘဲ။
🥀အဲဒါဟာ ကာမသေုမိစ်ဆာစာရကံ၏အကြိုးဘဲ။
အဲဒီ နပုန်းပုဏ္ဍုက် ဘဝမှာ အနှစ်သုံးဆယ်ပတ်လုံးဒုက္ခတွေခံစားပြီး တော့သေတဲ့အခါ
(၇)သတ္တမဘဝမှာ အလွန်ဆင်းရဲမွဲပြာကျနေတဲ့ ဆင်းရဲသားလှည်းသမား၏သမီးဖြစ်ရတယ်။
လှည်းမှူးကြီး၏အတိုးနှင့်တကွအကြွေးကိုပြန်မဆပ် နိုင်တဲ့အတွက်
အဲဒီလှည်းမှူးကြီးက ကျွန်အစေခံအဖြစ် နဲ့ခိုင်းဘို့ အဲဒီသူငယ်မကလေးကိုသိမ်းယူတယ်။
အဲဒီ သူငယ်မကလေးဟာ အဲဒီလှည်းမှူးကြီး၏အိမ်မှာ စေခိုင်းသမျှအမှုကိစ္စတွေကိုလုပ်ကိုင်နေရရှာတယ်။
အဲဒီလိုလုပ်ကိုင်နေရင်းထဲက သူ့မှာကုသိုလ်ကံအား လျော်စွာရုပ်ရည်ကလေးကသပ်သပ်ရပ်ရပ်ရှိတဲ့ အတွက်အရွယ်ရောက်တဲ့အခါ
လှည်းမှူးကြီး၏သား ဂိရိဒါသ ကသူ့ကိုမယားငယ်အဖြစ်နဲ့ယူလိုက်တယ်။
မယားငယ်ဆိုတာ မယားကြီး၏အကျိုးမဲ့ကိုလုပ်တတ် တယ်။
မယားကြီးကလဲ မယားငယ်ရဲ့အကျိုးမဲ့ကိုလုပ် တတ်တာဘဲ။
📒အဲဒါဟာ ယေဘုယျအားဖြင့် ဖြစ်ရိုးဖြစ်စဉ် လို့ဆိုရမှာဘဲ။
ဒါကြောင့် အဲဒီ ဂိရိဒါသ၏ မယားငယ်ဖြစ်တဲ့မိန်းမက
ဂိရိဒါသကို မယားကြီးနဲ့စိတ်ဝမ်းကွဲအောင် ဂုံးတိုက် တယ်။
အဲဒီမယားကြီးဖြစ်တဲ့အမျိုးသမီးကလဲ
သီလနှင့်ပြည့်စုံတယ် သူတော်ကောင်းစိတ်ရှိတယ်။
အဲဒီလို သီလစသောဂုဏ်ကျေးဇူးနှင့်ပြည့်စုံတဲ့ မယားကြီးနဲ့စိတ်ဝမ်းကွဲအောင် ဂုံးတိုက်မိတာဟာ
🌟အင်မတန်ကြီးလေးတဲ့အကုသိုလ်ကံဖြစ်သွားတယ်။
နူရာ ဝဲစွဲ လဲရာ သူခိုးထောင်းဆိုတာလိုဘဲ
ပထမက သူတစ်ပါး၏မယားကိုပြစ်မှားကျူးလွန်ခဲ့မိတဲ့အကုသိုလ် ကံကြောင့် ယုတ်ညံ့တဲ့မိန်းမဘဝရောက်နေရာမှာ ဂုံးတိုက်တဲ့အကုသိုလ်ကံကို
ထပ်ပြီးကျူးလွန်မိပြန်တယ်
📋"ဒါကြောင့် ဟိုတုန်းက
ဂိရိဒါသ၏မယားငယ်ဖြစ်ခဲ့သော ငါသည်
ထိုမယားကြီးကို မုန်းတီးကြောင်းဖြစ်သော
ဂုံးတိုက်စကားကို ပြုခဲ့မိ ပြောဆိုခဲ့မိလေပြီလို့ ဖော်ပြထားပါတယ်။
ကျွန်ပမာ ရိုသေစွာပြုစုလုပ်ကျွေး နေသောငါ့ကို
ခင်ပွန်းဖြစ်သူတို့က မချစ်နိုင်သဖြင့် စွန့်ပစ်ခြင်းသည်
စွန့်ပစ်ခံရခြင်းသည်
ထိုမုန်းတီးအောင် ပြောဆိုသော ဂုံးတိုက်ခြင်း အကုသိုလ်ကံ၏ အကျိုးပေတည်း"
လို့လဲ ဖော်ပြထားပါတယ်။
လှည်းမှူးကြီး၏သားဖြစ်တဲ့ ဂိရိဒါသ၏မယားငယ်ဘဝ တုန်းက
🌟ဂုံးတိုက်ခဲ့တဲ့အကုသိုလ်ကံကြောင့်
သူတောင်းစားကတောင်မချစ်နိုင်ဘဲ မုန်းပြီး သူ့ကိုစွန့်ပစ် သွားကြပါတယ်တဲ့။
မကောင်းမှုကံ၏လည်းကုန်ဆုံးသွား ခြင်းဟူသောအပိုင်းအခြားကို
အကျွန်ုပ်သည် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ရောက်အောင် ထွင်းဖောက် သိမြင်အကျင့်လမ်းစဉ်ဖြင့်သုတ်သင်ပယ်နုတ်ပြုလုပ် အပ်ပါပြီတဲ့။🌿🌿🌿
အဲဒါကအရေးအကြီးဆုံးဘဲ
🙏အရဟတ္တဖိုလ် ရောက်လို့ ရဟန္တာဖြစ်သွားတယ်ဆိုယင်
☀️ ရှေးကပြုဘူး တဲ့မကောင်းမှုကံတွေဟာ
အကျိုးမပေးနိုင်တော့ဘဲ အစွမ်းသတ္တိကုန်သွားကြတော့တာဘဲ။
☀️ကုသိုလ်တွေလဲ ထို့အတူကုန်သွားကြတော့တာဘဲ။နောက်ဘဝတစ်ဖန် ထပ်ပြီးအကျိုးမပေးနိုင်တော့ဘူး။အဲဒီနောက်ဆုံးဘဝမှာ
အသက်ရှည်နိုင်တဲ့ အချိန်ကာလကုန်တဲ့အခါ
ပရိနိဗ္ဗာန် ပြုရုံဘဲရှိတော့တယ်။
🙏ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာတော့
ဘဝအသစ် ရုပ်နာမ်ထပ်ဖြစ်ဖို့ မရှိတော့ဘူး။
ဒါကြောင့် ဣသိဒါသီထေရီမဟာ အသက်အတိုင်းနေပြီး အဲဒီခေတ်တုန်းကဘဲ ပရိနိဗ္ဗာန်စံသွားပါပြီ။
ဆင်းရဲဇာတ် သိမ်းပြီး လုံးဝငြိမ်းသွားပါပြီ။🙏
📝ကောက်နုတ်ချက်
🕯️အဲဒီဝတ္ထုဟာ အမျိုးသားတွေနဲလဲဆိုင်တယ်။
🕯️အမျိုးသမီးတွေနဲ့လဲဆိုင်တယ်။
ပထမ ရွှေပန်းထိမ်သည် ဖြစ်စဉ်က
🌟သူတစ်ပါးတို့၏မယား၌ ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် ငရဲကျရတယ်။
ငရဲမှ လွတ်တော့မျောက်ဖြစ်ပြီး သင်းကွပ်ခံရတယ်။
တစ်ဖန် ဆိတ်ဖြစ်ပြီးတော့လဲသင်းကွပ်ခံရပြန်တယ်။အဲဒီက နောက် နွားဖြစ်ပြီးတော့လဲ သင်းကွပ်ခံရပြန်တယ်။
အဲဒီ ကနောက် ကျွန်မရဲ့ဝမ်းမှာဖြစ်ပြီး နပုန်းပဏ္ဍုက် ဖြစ်ရတယ်။
ဒါတွေဟာ ခေတ္တ ခဏမျှ ပျော်မွေ့ရတဲ့ ကာမေသုမိစ္ဆာစာရကံရဲ့ မကောင်းကျိုးတွေဘဲ။
အဲဒီ ကနောက် ဆင်းရဲသားလှည်းသမားရဲ့သမီးဖြစ်ပြီး အစေခံဘဝရောက်ရာက လှည်းမှူးကြီး၏သား ဂိရိဒါသ၏ မယားငယ်ဖြစ်ရတယ်။
အဲဒီလို ကာမေသုမိစ္ဆာစာရကံ၏မကောင်းကျိုးတွေကိုခံစားနေ ရတုန်းမှာဘဲ
🌟သီတင်းသီလနဲ့ပြည့်စုံတဲ့အမျိုးကောင်း သမီး မယားကြီးဖြစ်သူနဲ့
သူ့ယောက်ျား ဂိရိဒါသကို စိတ်ဝမ်းကွဲအောင်
ဂုံးတိုက်ပြန်တယ်။
ဘယ်လောက် အထိကွဲပြားပြီးဒုက္ခရောက်တယ်ဆိုတဲ့အကြောင်းတော့ စာထဲမှာမပါလို့တိတိကျကျမပြောနိုင်ဘူး။
အကြီး အကျယ်ကွဲပြားပြီး အကြီးအကျယ်ဒုက္ခရောက်ကြဟန် တူပါတယ်။
အဲဒါဟာ မယားငယ်တွေ မယားကြီးတွေ မယားအငယ်အနှောင်းယူတဲ့သူတွေ အထူးသတိပြု စရာပါဘဲ။
🌟အဲဒီ ဂုံးတိုက်တဲ့မကောင်းမှုကံကြောင့်
နောက်ဆုံးဘဝမှာ ဣသိဒါသီဆိုတဲ့ သေဌေးသမီးဖြစ် ရသော်လဲ
သူတောင်းစားကတောင် မချစ်နိုင်အောင်ရှိ ပြီး
ခင်ပွန်းဖြစ်သူတွေက သုံးကြိမ်အထိ အစွန့်အပယ်ခံ ရတယ်။
အဲဒါတွေဟာ ဂုံးတိုက်တဲ့အကုသိုလ်ကံ၏
မကောင်းကျိုးတွေဘဲ။
ဒါကြောင့်
"ဂုံးချော ပါယ်ကျ လူ ဖြစ်က ကွဲရ မိတ်ဆွေများ" လို့ ဆောင်ပုဒ်စီထားတယ်။
အဲဒါကို ဆိုကြရမယ်။
"ဂုံးချော ပါယ်ကျ လူ ဖြစ်က ကွဲရ မိတ်ဆွေများ"။
မဟာစည်ဆရာတော်ဘုရားကြီး
သလ္လေခသုတ်တရားတော်ကြီး(ပထမတွဲ)📒
🙏🙏🙏🙏
ဝေလာမသုတ်မှာဘဲ
ဒါနဟူသမျှထက် အကျိုးကြီးတဲ့ ကုသိုလ်တွေကိုလဲ ဟောကြားထားပါသေးတယ်။
"ကျောင်းအလှူထက် သရဏဂုံက သာ၍ အကျိုးကြီးသည်"တဲ့။
ကဲ အဲဒါကို ဆိုကြရမယ်။
"ကျောင်းအလှူထက် သရဏဂုံက သာ၍ အကျိုးကြီးသည်။ "
ဒါကတော့ စရိတ်စက ဘာမျှ မကုန်ဘဲနဲ့
ပွါးများနိုင်တဲ့ ကုသိုလ်ဘဲ၊
ငါတို့မှာ သံဃိကကျောင်း ဆောက်လှူဘို့ရာ ငွေမရှိဘူး၊
အဲဒီလို အကျိုးကြီးတဲ့ကုသိုလ်ကို
ငါတို့မလုပ်နိုင်ဘူးလို့ အားငယ်မနေကြနဲ့။
အဲဒီကျောင်းအလှူထက် အကျိုးကြီး တဲ့ ကုသိုလ်ကို မြတ်စွာဘုရားက ညွှန်ကြားထားပါတယ်၊
သရဏဂုံဆောက်တည်လိုက်ယင်
အဲဒီ ကျောင်းအလှူထက်အကျိုး ကြီးတဲ့ ကုသိုလ်တွေကို
ရပါတယ်၊
သရဏဂုံ ဆိုတာ
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊
ဓမ်မံ သရဏံ ဂစ်ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိလို့ ဆိုပြီး ဆောက်တည်ရတဲ့ ကုသိုလ်ပါဘဲ။
ဒါကတော့ ဗုဒ္ဓ ̈သာသနာဝင် ပုဂ္ဂိုလ်တွေဟာ နေ့စဉ်နေ့တိုင်းဆိုပြီး ဆောက်တည်နေကြတာ ဘဲ၊
ဒါပေမဲ့ မိရိုးဖလာအနေနဲ့ ဆိုရိုးဆိုစဉ် ဆိုနေကြတာကတော့ သိပ်ပြီးမလေးနက်ဘူး။
🙏အရဟံ အစရှိသော ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားဟာ
အမြင့်အမြတ်ဆုံးဘဲလို့
လေးလေးမြတ်မြတ် အာရုံပြုပြီး
အဲဒီ မြတ်စွာဘုရားကို ကိုးကွယ်ရာအဖြစ်နဲ့
ဆည်းကပ်ပါတယ်၊
အားကိုးပါတယ်လို့
ဒီလို လေးလေးနက်နက် အာရုံပြုပြီး ဆိုဘို့ လိုပါတယ်၊
ဆိုရုံတွင်လဲ မဟုတ်သေးဘူး၊
အမြဲတမ်းလဲ အလေးအမြတ်ပြုပြီး
ယုံကြည် အားကိုးနေရမယ်။
ယခုတော့ တချို့က ခပ်ပေါ့ပေါ့ ဖြစ်နေကြဟန်တူပါတယ်၊ တချို့အိမ်တွေကို ဘုန်းကြီးများ ရောက်သွားတဲ့ အခါ ဘိုးဘိုးအောင်တို့ ဘိုးမင်းခေါင်တို့ ဆိုတာတွေကို ရည်ပြီး ပြင်ထားတဲ့ ကန်တော့ပွဲတွေကို တွေ့ရတယ်၊ တချို့အိမ်မှာ ဆိုယင် အဲဒီဂိုဏ်းပွဲ နတ်ပွဲတွေက ဘုရားပွဲထက် သာနေတာကို တွေ့ရတယ်၊
ဘုရားထက်
ဂိုဏ်းတွေ နတ်တွေကို အားကိုး ယုံကြည်တဲ့ သဘောပါဘဲ၊
အဲဒါတွေက သိပ်နေရာမကျဘူး။
ဒါကြောင့် အားမကိုးသင့်တာတွေကို အားမကိုးဘဲ
ဘုရားကိုသာ အားကိုး ယုံကြည်ပြီး
-ဗုဒ်ဓံသရဏံ ဂစ်ဆာမိ-လို့
လေးလေးနက်နက် ဆိုပြီး
ဆောက်တည် ကျင့်သုံးဘို့ လိုပါတယ်။
ထို့အတူ မြတ်စွာ ဘုရား၏
မဂ် ၄-ပါး၊
ဖိုလ် ၄-ပါး၊
နိဗ္ဗာန်၊
ဒေသနာဆိုတဲ့ တရားတော်ကိုလဲ အမြတ်ဆုံးဘဲလို့
ယုံကြည်အားကိုး ပြီးတော့
-ဓမ်မံ သရဏံ ဂစ်ဆာမိ-လို့
လေးလေးနက်နက် ဆောက်တည်ဘို့ လိုပါတယ်။
ထို့အတူ မြတ်စွာဘုရား၏ တပည့်သား အစစ် ဖြစ်တဲ့
မဂ်ပုဂ္ဂိုလ် ၄-ပါး၊
ဖိုလ် ပုဂ္ဂိုလ် ၄-ပါး
သောတာပန်
သကဒါဂါမ်
အနာဂါမ်
ရဟန္တာဆိုတဲ့ ဒီအရိယာပုဂ္ဂိုလ် ရှစ်ပါးအပေါင်း သံဃာတော်ကိုလဲ အမြတ်ဆုံးဘဲလို့
ယုံကြည် အားကိုးပြီးတော့
-သံဃံ သရဏံဂစ်ဆာမိ-လို့
လေးလေးနက်နက် ဆောက်တည်ဘို့ လိုပါတယ်။
ဆောက်တည်ပြီးတဲ့နောက်လဲ
အမြဲတမ်း အလေးအမြတ်ပြုနေဘို့ လိုပါတယ်၊
အဲဒီလို ရိုရိုသေသေ ဆောက်တည်ကျင့်သုံးနေတဲ့
သရဏဂုံကုသိုလ်ဟာ
ကျောင်းအလှူကြီးထက် အကျိုးကြီးပါတယ်တဲ့။
"သရဏဂုံထက် ငါးပါးသီလက သာ၍ အကျိုးကြီးပုံ" (၇)
အဲဒီ "သရဏဂုံထက် ငါးပါးသီလက သာပြီး အကျိုးကြီးပါတယ်"တဲ့။
အဲဒါကို ဆိုကြရမယ်။
"သရဏဂုံထက် ငါးပါးသီလက သာ၍ အကျိုးကြီးသည်။ "
ငါးပါးသီလ ဆိုတာ
ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေ အမြဲ ဆောက်တည်နေကြတဲ့ သီလပါဘဲ၊
အဲဒါဟာ အများသိပြီး ဖြစ်နေပါတယ်၊
အကျယ်ချဲ့ပြောနေဘို့ မလိုပါဘူး၊
ဒါပေမဲ့ အဲဒီ ငါးပါးသီလကလဲ
လေးလေးနက်နက် ရိုရိုသေသေ ဆောက်တည်ပြီး
ရိုရိုသေသေ စောင့်သုံးသွားဘို့ လိုပါတယ်။
ဒီ သိက္ခာပုဒ် ငါးပါး မပျက်အောင် စောင့်ရှောက်သွားမယ်လို့
ဒီလိုလေးလေးစားစား စောင့်ရှောက်သွားဘို့ လိုပါတယ်၊
သိက္ခာပုဒ်တခုခု မတော်တဆ ပျက်သွားယင်လဲ
နောင်တဖန် မကျူးလွန်တော့ဘူးလို့
လေးလေးနက်နက် နှလုံးသွင်းပြီး
ဆောက်တည်ကျင့်သုံး သွားရတယ်၊
အဲဒီလို လေးလေးနက်နက် ကျင့်သုံးသွားယင်
နိစ္စသီလ အာစိဏ္ဏကံ ဖြစ်ပြီး
အပါယ်လေးပါးမှ လွတ်မြောက်စေ နိုင်ပါတယ်။
ဒါကြောင့် သရဏဂုံထက်
ငါးပါးသီလက အကျိုးကြီးတယ်လို့ ဟောထားပါတယ်။
အဋ္ဌကထာမှာတော့
သရဏဂုံ အရကို မဂ်ဖြင့်ပြီးတဲ့ သရဏဂုံလို့ ဆိုပါတယ်၊
ငါးပါးသီလအရကိုလဲ မဂ်ဖြင့်ပြီးတဲ့ သီလလို့ ဆိုပါတယ်။
အဲဒီလိုဆိုယင် သရဏဂုံနှင့် သီလဟာ တန်းတူဘဲ ဖြစ်နေဘွယ် ရှိပါတယ်၊
သိက္ခာပဒါနိ သမာဒိယေယျ-ဆိုတဲ့ ပါဠိတော်နှင့် ညီမညီလဲ စဉ်းစားစရာ ရှိပါတယ်၊
မဂ်သီလဆိုတာ မဆောက်တည်ရဘဲ အလိုလိုပြီးစီးတဲ့ သီလဖြစ်ပါတယ်၊
ဒါကြောင့် လေးလေးနက်နက် ဆောက်တည်တဲ့ သရဏဂုံနှင့် သီလကိုဘဲ ယူတာက သာပြီးတော့ သင့်ပါတယ်၊
ကျင့်တဲ့သူများအတွက်လဲ သာပြီး အကျိုးရှိပါတယ်။
" ငါးပါးသီလထက် မေတ္တာဘာဝနာက သာ၍ အကျိုးကြီးပုံ (၈) "
နောက်ပြီးတော့
"ငါးပါးသီလထက် မေတ္တာဘာဝနာက သာပြီးအကျိုးကြီးတယ်"လို့လဲ အဲဒီဝေလာမသုတ်မှာ ဟောထား ပါတယ်၊
ကဲ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
" ငါးပါးသီလထက် မေတ္တာဘာဝနာက သာ၍ အကျိုးကြီးသည်။ "
တဦးတယောက်ကိုဖြစ်စေ
အများကိုဖြစ်စေရည်စူးပြီး
ဘေးရန်ကင်းပါစေ၊
ချမ်းသာပါစေ-စသည်ဖြင့်
စိတ်ပါလက်ပါ နဲ့ နှလုံးသွင်းနေတာကို
မေတ္တာဘာဝနာလို့ ခေါ်ပါတယ်၊
စိတ်မပါဘဲ ပါးစပ်က ရွတ်ဆိုနေရုံနဲ့တော့ သဘာဝမကျဘူး၊
ပါးစပ်က ချမ်းသာပါစေ ချမ်းသာပါစေ-လို့ ရွတ်ဆိုနေပြီးတော့ သူတပါးဆင်းရဲအောင် လုပ်နေယင်လဲ နေရာမကျဘူး၊
တကယ့်ကို ချမ်းသာစေလိုတဲ့စိတ်နဲ့ စူးစိုက်ပြီး
ဘေးရန်ကင်းပါစေ၊
စိတ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်ဆင်းရဲ ကင်းပါစေ၊
ချမ်းသာစွာနဲ့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊
ချမ်းသာပါစေ-စသည်ဖြင့် လေးလေးနက်နက် နှလုံးသွင်းနေရတယ်၊
အဲဒီလို နှလုံးသွင်းပွါးများနေတဲ့ မေတ္တာဘာဝနာဟာ ငါးပါးသီလထက် မြတ်ပါတယ် တဲ့။
ဒီနေရာမှာလဲ အဋ္ဌကထာက အပ္ပနာဈာန်လို့ ဆိုပြန်တယ်၊
အပ္ပနာဈာန်လဲ သူပြခဲ့တဲ့ မဂ်သီလထက်တော့
အကျိုးကြီးဘွယ် မရှိပါဘူး၊
ဒါကြောင့် လောကီသီလနှင့် သာမန် မေတ္တာကို ယူတာက
သာပြီး သင့်လျော်ဘွယ်ရှိပါတယ်။
"အနိစ္စာနုပဿနာ အကျိုးအကြီးဆုံး ("၉)
ယခု နောက်ဆုံးအပိုဒ် ရောက်လာပါပြီ၊
ယော စ အစ္ဆရာသင်္ဃာတမတ္တမ္ပိ အနိစ္စသညံ ဘာဝေယျ၊ ဣဒံ တတော မဟပ္ဖလတရံ-တဲ့။
ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။
အစ္ဆရာသင်္ဃာတမတ္တမ္ပိ၊ လက်ဖျစ်တတွက်ကာလမျှသော်လည်း။
အနိစ္စသညံ၊ မမြဲ ဟုထင်သော အမှတ်သညာကို။ ဝါ၊ မမြဲဟု သိသောဉာဏ်ကို။
ဘာဝေယျ၊ ပွါးစေရာ၏။
ဣဒံ၊ ဤမမြဲဟု သိသောဉာဏ် သည်။
တတော၊ ထိုမေတ္တာဘာဝနာထက်။ ဝါ၊ ဝေလာမအလှူမှစ၍ မေတ္တာဘာဝနာတိုင်အောင် ဆိုခဲ့ပြီးသော ထိုကုသိုလ် အပေါင်းထက်။
မဟပ္ဖလတရံ၊ သာလွန်၍ အကျိုးကြီးပေ၏-တဲ့။
အဲဒါဟာ ယခုပြောခဲ့တဲ့ ဝေလာမဒါနမ မေတ္တာဘာဝနာ တိုင်အောင် အကုန်လုံးထက်
အနိစ္စလို့ ရှုပြီး သိတဲ့ ဝိပဿနာဉာဏ်က အကျိုးကြီးတယ်လို့ နိဂုံးချုပ်ပြီး ဟောထားပါတယ်၊
ဒီတော့ အနိစ္စာနုပဿနာကို အကျိုးအကြီးဆုံးလို့မှတ်ရမယ်။
ဒါပေမဲ့ ကိုယ်ပိုင်ဉာဏ်ဖြင့် မသိပါပဲ
မမြဲ မမြဲလို့ ဆိုနေရုံကတော့ အကျိုး သိပ်မကြီးလှပါဘူး၊
ကုသိုလ်ဖြစ် ပါရမီ ဖြစ်လောက်ပဲ ရှိမယ်၊
ယခု ဒီမှာဟောတဲ့ အနိစ္စာနုပဿနာကတော့
ရုပ်နာမ်တရားတွေကို အစဉ်အတိုင်း ရှုပြီးတော့
ခဏမစဲ ဖြစ်ပျက်နေတာကို
ဉာဏ်ဖြင့်တွေ့ရလို့
မမြဲဘူးလို့သိတဲ့ ဉာဏ်ကိုသာ ဆိုလိုပါတယ်၊
ပါဠိမှာ သညာ-အမှတ် ဆိုပေမဲ့
ဉာဏ်နဲ့ ယှဉ်တဲ့ သညာဆိုတော့
ဉာဏ်ကိုဘဲ ဆိုလိုရင်း ဖြစ်ပါတယ်။
ဝိပဿနာဆိုတာ
မြင်တိုင်း
ကြားတိုင်း
နံတိုင်း
စားသိတိုင်း
တွေ့ ထိတိုင်း
ကြံသိတိုင်း ရှုမှတ်ပြီးတော့
သူ့သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ တရားတွေကို
အမှန်အတိုင်းသိတဲ့ ဉာဏ်ဘဲဆိုတာ
ယခုတရားနာနေကြတဲ့ ယောဂီတွေဟာ သိပြီးဖြစ်နေပါတယ်၊
ယခုအချိန်မှာ အဲဒီဝိပဿနာဉာဏ် ဖြစ်ပုံတွေကို အကျယ်ပြော လို့လဲ မဖြစ်ပါဘူး၊
ဒါကြောင့် အကျဉ်းချုပ်ပဲ ပြောရမယ်၊
အဲဒီလို မြင်တိုင်း ကြားတိုင်း စသည်ကို ရှုမှတ်လို့ သမာဓိဉာဏ် ရင့်လာတဲ့အခါမှာ
မြင်တာကလေးလဲ မြင်ပြီး ပျောက်သွား၊
ကြားတာကလေးလဲ ကြားပြီး ပျောက်သွားစသည်ဖြင့် ချက်ခြင်း ပျောက်ပျောက် သွားတာကိုချည်း တွေ့ရတယ်၊
အဲဒီ အခါမှာ-
"ဟုတွာ အဘာဝတော အနိစ္စာ"-
ဖြစ်ပေါ်လာပြီး မရှိတော့ဘဲ
ပျောက်ပျောက်သွားသောကြောင့်
မမြဲဘူး မမြဲဘူးလို့ သိသိလာပါတယ်၊
အဲဒါဟာ အနိစ္စာနုပဿနာဉာဏ်အစစ်ပါဘဲ။
အဲဒီလို သိတဲ့ ဉာဏ်ဟာ ထက်သန်လာယင်
သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလဲ ဖြစ်စေနိုင်တယ်၊ သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလဲ ဖြစ်စေနိုင်တယ်၊
အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလဲ ဖြစ်စေနိုင်တယ်၊
အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလဲ ဖြစ်စေနိုင်တယ်၊
ဒါကြောင့် အဲဒီအနိစ္စာနုပဿနာဉာဏ်က
သာပြီး အကျိုးကြီးတာ။
ဒီသာသနာ့ရိပ်သာမှာ အားထုတ်နေကြတဲ့ ယောဂီတွေ
ဒီက ခွဲပြီး ဖွင့်ထားတဲ့ ကမ္မဋ္ဌာန်းဌာနခွဲတွေမှာ အားထုတ်နေကြတဲ့ ယောဂီတွေ၊
အဲဒီ ယောဂီတွေ အားလုံးဟာ
ဒီအနိစ္စာနုပဿနာဉာဏ်အစစ် ဖြစ်အောင်လို့
အားထုတ်နေကြရတာဘဲ၊
အားထုတ်လို့ အဲဒီ ယောဂီတွေမှာ
ဒီ ဝိပဿနာဉာဏ်အစစ်တွေ တကယ် ဖြစ်နေကြတာဘဲ၊ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊
ကဲ အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။
"မေတ္တာ ဘာဝနာထက် အနိစ္စာနုပဿနာက သာ၍ အကျိုးကြီးသည်။ "
အနုပဿနာ ၃-ပါးနှင့် ဝိမောက္ခ ၃-ပါး ဆိုတာတွေကိုတော့ ဆောင်ပုဒ်ကို ဆိုပြီး အကျဉ်းလောက် ပြောသွားရမယ်။
ကဲ ဆိုကြရမယ်။
"မမြဲဟုမြင်တာက အနိစ္စာနုပဿနာ၊"
အနိမိတ္တာနုပဿနာလဲ ခေါ်သည်၊
အနိမိတ္တမဂ်ကို ရကြောင်းလဲဖြစ်သည်။
ယင်း အနုပဿနာဖြင့် ရသောမဂ်ကို အနိမိတ္တဝိမောက္ခ ခေါ်သည်။
မြင်တာ
ကြားတာ
တွေ့တာ
သိတာတွေကို မှတ်ရင်း မှတ်ရင်း
ဖြစ်ပေါ်လာပြီး ချက်ခြင်း ပျောက်ပျောက်သွားတာကို
တွေ့ရလို့
မမြဲဘူး မမြဲဘူးလို့ သိမြင်သဘောကျကျသွားတာက
အနိစ္စာနုပဿနာ၊
အဲဒါကို အနိမိတ္တာနုပဿနာလို့လဲ ခေါ် သည်။
အဲဒီလို ခေါ်ရခြင်း၏ အကြောင်းကတော့
အဲဒီလို မမြဲတဲ့သဘောကို မသိခင်တုန်းက ဆိုယင်
ကွေးတဲ့အခါ
ဆန့်တဲ့ အခါ
လှုပ်ရှားတဲ့အခါ စသည်မှာ
အမြဲတည်ရှိနေတဲ့ လက်ပုံသဏ္ဌာန် ခြေပုံသဏ္ဌာန် ခေါင်းပုံသဏ္ဌာန် ကိုယ်ပုံသဏ္ဌာန် အစရှိ တဲ့ နိမိတ်ပုံသဏ္ဌာန်တွေနဲ့ ထင်ပေါ်နေခဲ့တယ်၊
အစဉ်ထာဝရ တည်မြဲနေတဲ့ အထည်ဒြဗ်ကြီးအနေနဲ့ ထင်ပေါ်နေခဲ့တယ်။
ယခု အနိစ္စာနုပဿနာဉာဏ် ဖြစ်လာတဲ့အခါကျတော့
တရိပ်တရိပ်နဲ့ ပျောက်ပျောက်သွားတဲ့သဘောသာ ထင်တော့တယ်၊
အမြဲတည် နေဟန် လက်ပုံသဏ္ဌာန် နိမိတ်စသည်တွေ မထင်တော့ဘူး၊
ဒီလို အမြဲတည်နေဟန် ပုံသဏ္ဌာန်နိမိတ်ကင်းတဲ့အတွက်
အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တာနုပဿနာလို့ ခေါ်ရပါတယ်။
အဲဒီ အနိမိတ္တာနုပဿနာ ထက်သန်ပြည့်စုံတဲ့အခါ
အရိယာမဂ်ဉာဏ် ဖြစ်ပေါ်ပြီး
သင်္ခါရနိမိတ် လုံးဝချုပ်ငြိမ်းတဲ့ ကင်းတဲ့ နိဗ္ဗာန်ကို
မျက်မှောက်တွေ့ရတယ်၊
ဒါကြောင့် အဲဒီ မဂ်ကို အနိမိတ္တ ဝိမောက္ခ အနိမိတ္တမဂ် ခေါ်တယ်၊
အဲဒီ အနုပဿနာလဲ အနိမိတ္တမဂ်ကို ရကြောင်းဖြစ်တယ်၊
နောက် ၂-ပိုဒ်လဲ နည်းတူပါဘဲ၊ ဆိုရုံဘဲ ဆိုသွားကြစို့။
"ဆင်းရဲဟု ရှုမြင်တာက ဒုက္ခာနုပဿနာ၊ "
အပ္ပဏိဟိတာနုပဿနာလဲ ခေါ်သည်၊
အပ္ပဏိဟိတ မဂ်ကို ရကြောင်းလဲ ဖြစ်သည်။
ယင်းအနုပဿနာဖြင့် ရသောမဂ်ကို အပ္ပဏိဟိတဝိမောက္ခ ခေါ်သည်။
အတ္တမဟုတ် အတ္တမရှိ သဘောတရားမျှဟု ရှုမြင်တာက အနတ္တာနုပဿနာ၊
သုညတာ နုပဿနာလဲ ခေါ်သည်၊
သုညတမဂ်ကို ရကြောင်းလဲ ဖြစ်သည်။
ယင်းအနုပဿနာဖြင့် ရသောမဂ်ကို
သုညတ ဝိမောက္ခ ခေါ်သည်။
ဒီကနေ့တော့ အချိန်ကကုန်နေပြီ၊
ဒါလောက်ပဲ ဟောနိုင်တယ်၊
ဒီအနုပဿနာ ၃-ပါးနဲ့ ဝိမောက္ခ ၃-ပါးအကြောင်း ကို
ယခုလာမည့် ပြာသိုလဆန်း ၈-ရက်နေ့ကျတော့ ကျောင်းသစ်အောက်ထပ် ဓမ္မာရုံသစ်မှာ မင်္ဂလာတရားနဲ့တွဲပြီး ဟောမယ်၊
အဲဒီကျမှ ဆက်ပြီး နာကြပေတော့။
ကဲ ယခု အစပိုင်းက ပြောခဲ့တဲ့
ဩဝါဒ အကျဉ်းချုပ် ၃-ပိုဒ်ကို ရွတ်ဆိုပြီး တရားသိမ်းကြစို့။
အဲဒီ ၃-ပိုဒ်ကို ရွတ်ဆိုပြီးယင် သာဓုခေါ်ကြရမယ်။ ကဲ ဆိုကြ။
"အပါယ်ဘေးငြိမ်းခွင့်၊ ဉာဏ်အဆင့်၊ အသင့်ရောက်ပါစေ။
ထိုဉာဏ်ဖြင့်လဲ၊ မတော်ဘဲ၊ ဆင်းရဲငြိမ်းပါစေ။
ဖြစ်ပေါ်လာငြား၊ စိတ်ကြမ်းများ၊ ပယ်ရှားနိုင်ပါစေ။ (သာဓု သာဓု သာဓု)
မဟာစည် ဆရာတော်ဘုရားကြီး၏
ကျောင်းအလှူ အနုမောဒနာမှ စာမှတ်စု မျှဝေပါ၏....
“ဗုဒ္ဓချီးကျူး ကုသိုလ်ထူး”
အေးပူစသား၊ ဘေးရန်များ
ပယ်ရှားကင်းစေသည်။
ထိန်းအောင်နေရန်၊ ချမ်းသာရန်
အမှန်ဖြစ်ပေသည်။
ဈာန်ဝင်စားရန်၊ ရှုမှတ်ရန်
ဧကန်ဖြစ်ပေသည်။
ကျောင်းလှူဒါန၊ မြင့်မြတ်လှ
ဗုဒ္ဓချီးကျူးသည်။
ကျောင်းလှူသူဟာ၊ လုံးစုံပါ
လှူရာရောက်ပေသည်။
နေ့ညဉ့်မခြား၊ ကုသိုလ်များ
ဖြစ်ပွားလေတော့သည်။
ဆင်းရဲပယ်ရှား၊ မြတ်တရား
နာကြားရပြန်သည်။
ကျောင်းအလှူရှင်၊ တရားမြင်
ခုပင်ငြိမ်းနိုင်သည်။
(မဟာစည်ဆရာတော်ဘုရားကြီး)
နောက်ဆုံးအချိန်(၂)
●●●●●●●●●●●●●●
ဆေးရုံဝင်းထဲက ကင်ဆာအထူးကုသဆောင်ရှေ့ရောက်တော့ အောက်ထပ် ဆင်ဝင်ဝအောက်မှာ လူတွေတန်းစီနေတာတွေ့ရတယ်။
အမျိုးသမီး,အမျိုးသား အရွယ်စုံလို့ပါပဲ။လက်ထဲမှာခွက်တွေ,ပန်းကန်ပြားတွေ ကိုင်ထားတာတွေ့ရတယ်။
ဘာလုပ်ကြတာလည်းမေးကြည့်တော့
"ကင်ဆာရောဂါရှင်လူနာစောင့်တွေ ညနေစာအတွက်
တန်းစီနေကြတာ"တဲ့။
သူတို့ကိုဖြတ်ကျော်ပြီးအပေါ်ထပ်ကိုတက်ရတယ်။ ပထမထပ်ရောက်တော့ သည်အထပ်မှာမဟုတ်သေးဘူးတဲ့။ဒုတိယထပ်ရောက်တော့လည်းမဟုတ်သေးဘူးဆိုတော့ထပ်တက်ပေါ့။တတိယထပ်ရောက်လို့ ဘယ်ချိုးလိုက်တော့မှ ICU ထဲရောက်တယ်။၃ထပ်ဆက်တိုက်တက်လိုက်ရတော့ နည်းနည်းမောသွားတယ်။
လူနာအခန်းထဲကိုဝင်ခါနီးမှာ ဖိနပ်လဲစီးရတယ်။
လူနာကိုကုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်လျက်သားလေးတွေ့ရတယ်။ကိုယ့်ကိုတွေ့တော့ လက်အုပ်လေးချီပြီး ဂါရဝပြုရှာပါတယ်။
လက်ထဲမှာက ဆေးပိုက်တွေတန်းလန်းနဲ့။မျက်နှာကတော့အတော်
ညှိုးနေရှာပါပြီ။
သူ့ဘေးကအစောင့်မိန်းကလေးက ထိုင်ဖို့ ပလပ်စတစ်ခုန်လေးထိုးပေးတယ်။သီတင်းသုံးဖို့ငြင်းလိုက်ပါတယ်။လူနာကုတင်ကမြင့်နေတယ်။တရားချီးမြှင့်မယ့်သံဃာက အနိမ့်မှာဖြစ်နေတယ်။ဝိနည်းအရမသင့်တော်ပါဘူး။
သေခိယသိက္ခာပုဒ်တွေထဲက "အမြင့်မှာနေသူကို အနိမ့်ပိုင်းကသူက တရားမဟောရ"ဆိုတာကိုသွားသတိရမိလို့ပါ။
သူတို့ကိုတော့ရှင်းပြမနေတော့ပါဘူး။ကားထဲမှာအကြာကြီးထိုင်လာခဲ့ရတာမို့ မတ်တပ်ပဲရပ်တော့မယ်လို့ပြောလိုက်ရပါတယ်။
ICU အခန်းဆိုပေမယ့် hall type ပါပဲ။ အခန်းထဲမှာ လူနာအပါအဝင် မိန်းကလေးတွေချည်းပဲ ၄ယောက်ဖြစ်နေတာမို့ ဝိနည်းအရတရားစကားပြောဖို့ မသင့်တော်ဘူး။
ကားမောင်းလာတဲ့ ဝဏ္ဏကြည်ကလည်းအောက်မှာကားစောင့်ရင်းကျန်ခဲ့တော့ အခန်းထဲမှာယောက်ျားသားရှိလေမလား ဘေးဘယ်ညာလှည့်ကြည့်လိုက်တော့ ကိုယ့်နောက်ကျောမှာ ဆရာဝန်လေးလား ဆေးရုံဝန်ထမ်းလားမသိရတဲ့ ယောက်ျားလေးတစ်ယောက်ထိုင်နေတာတွေ့ရလို့ စိတ်အေးသွားတယ်။
ကိုယ်တရားစကားပြောရင် အဲ့ဒီအမျိုးသားကြားနိုင်တဲ့နေရာမှာရှိလို့ အဆင်ပြေသွားပါပြီ။ကိုယ့်စိတ်ထဲမှာဆွဲထားတဲ့အစီအစဥ်အတိုင်း
စလိုက်ရပါတယ်။
သည်လိုအချိန်မျိုးမှာ
"နေကောင်းလား,သက်သာလား,ကောင်းသွားမှာပါ,အားတင်းထား,fighting "ဆိုပြီး လောကွတ်စကားတွေပြောနေဖို့မလိုတော့ပါဘူး။
အချိန်ဟာ ရွှေထက်တန်ဖိုးရှိနေပြီ။ဘဝကူးဖို့သေချာနေသူတစ်ယောက်ရဲ့နောက်ဆုံးအချိန်ကို သွားဖြုန်းတီးဖို့မသင့်တော့ဘူးပေါ့။
သူ့ရဲ့နောက်ဆုံး စုတိစိတ်ဆီ သယ်ဆောင်သွားမယ့် အာရုံဟာ ရတနာသုံးပါးနဲ့ဆိုင်တဲ့ အာရုံဖြစ်ဖို့အရေးကြီးဆုံးပါ။
ဒါကြောင့်မို့ကိုယ်က လက်ကိုင်ဖုန်းရဲ့ home screenမှာ ရှိနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ပြုံးနေတဲ့ပုံတော်ကို ဖွင့်ပြလိုက်တယ်။
လူနာဟာ လက်အုပ်ချီပြီး အလေးအနက်အာရုံပြုရှိခိုးနေတယ်။
လူနာစောင့်က သူ့ကိုကျောကနေထိန်းပေးထားရတယ်။
သူမျက်လုံးပြန်ဖွင့်လာတယ်။
ကိုယ်က-
"ဆရာတော်ကြီးရဲ့ သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ်တွေကိုအာရုံပြုကြည်ညိုပါ"လို့ပြောတော့ သူကညင်ညင်သာသာ ခေါင်းညိတ်ရှာပါတယ်။လက်အုပ်ကတော့ချီထားမြဲပါပဲ။
"အခု ပရိတ်တရားတော်တွေထဲက နာမကျန်းဖြစ်နေသူတွေအတွက်
ရွတ်လေ့ရွတ်ထရှိတဲ့ ဗောဇ္ဈင်သုတ်ကိုရွတ်ပေးမယ်။ဗောဇ္ဈင်သုတ်ဟာ တရားပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် နာမကျန်းဖြစ်တဲ့အခါ စုန္ဒမထေရ်ကိုလေးလေးစားစား ရွတ်ခိုင်းပြီးနာကြားခဲ့တာ။ဘုရားရှင်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ချက်ချင်းကျန်းမာတော်မူသွားခဲ့တာတဲ့။
ပြီးတော့ အရှင်မဟာမောဂ္ဂလန်တို့ ,အရှင်မဟာကဿပတို့နာမကျန်းဖြစ်တဲ့အခါဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်ပြီး ဗောဇ္ဈင်သုတ်တရား
ချီးမြှင့်တော့ ဧတဒဂ်ရမထေရ်ကြီး၂ပါးစလုံး ကျန်းမာသွားကြတယ်တဲ့။ဒါတွေသိပြီးသားဖြစ်မှာပါ။
အဓိကကတော့တရားတော်ရဲ့ တန်ဖိုးပေါ့လေ။အဲ့ဒါကိုအာရုံပြုနိုင်ဖို့ပါ။ဘုရားရှင်ကိုယ်တော်တိုင် တရားတော်ကို တလေးတစားနဲ့နားထောင်ခဲ့တာကို နှောင်းလူတွေကိုသိစေချင်ပုံရတယ်။
ဒါကြောင့်မို့ ကိုယ်တိုင်သိပြီးသားတရားတော်ကိုတောင် သူတစ်ပါးကိုရွတ်ဆိုစေပြီးမှ အာရုံပြုရင်းနာကြားတာ။တရားတော်ကိုတန်ဖိုးထားကြောင်းသက်သေပြခဲ့တာ။အခု ဘုရားသားတော်တစ်ပါးက
သည်တရားတော်ကိုလာရွတ်ပေးတာကို တရားတော်ကိုတန်ဖိုးထားကြည်ညိုစိတ်နဲ့နားထောင်ပေးဖို့ပါ"
ဗောဇ္ဈင်သုတ်မရွတ်ဖတ်မီ သည်စကားလေးတွေကို ပရိကံအဖြစ်ပြောပြလိုက်တော့ သူခေါင်းညိတ်ပါတယ်။အမှန်တော့ သည်သုတ်ရွတ်ပြီးသွားပေမယ့်လည်း သူပြန်နေကောင်းလာဖို့ မဖြစ်နိုင်တော့မှန်း သူရော ကိုယ်ရောသိနေကြပြီးသားပါ။
ဒါပေမယ့် သူ့ရဲ့ နောက်ဆုံးအချိန်ဆီ သွားနေတဲ့ ဝီထိစိတ်တိုင်းမှာ ဘုရား,တရား,သံဃာဆိုတဲ့ ရတနာသုံးပါးအပေါ် ကြည်ညိုတန်ဖိုးထားစိတ်တွေ ဆက်တိုက်ဖြစ်နေစေချင်တာ ကိုယ့်ရဲ့အဓိကရည်ရွယ်ချက်ပါ။
ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ရောဂါဝေဒနာအပေါ် စိတ်ကိုအာရုံမလှည့်မိစေဖို့နဲ့ အခြားသောရောက်တတ်ရာရာအတွေးတွေမဝင်စေဘဲ
ရတနာသုံးပါးအပေါ်မှာပဲ စိတ်ကို အထိုင်ချပြီးရင်း အထိုင်ချနေတဲ့စိတ်တွေဖြစ်နေဖို့အတွက် ကိုယ်နိုင်စွမ်းသမျှကူညီနေတာပါ။
သူက ကုသိုလ်အလုပ်တွေနဲ့ လက်ပွန်းတတီး ရှိနေခဲ့ဖူးတော့
ကိုယ့်ရဲ့ကူညီပေးမှုတွေကြောင့် ရလာမယ့် ထပ်ဆင့်ကုသိုလ်တွေက
သူ့စိတ်ထဲရာခိုင်နှုန်း အတော်များများနေရာယူသွားနိုင်မယ်ထင်ပါတယ်။
ဗောဇ္ဈင်သုတ်ရွတ်ပြီးတော့ ဝေသာလီပြည်မှာ အရှင်အာနန္ဒာ ညလုံးပေါက်ရွတ်ခဲ့တဲ့ ရတနသုတ်ပရိတ်တော်ကိုလည်းရွတ်ပေးလိုက်ပါတယ်။
မရွတ်ခင်မှာ ရတနာ့သုတ်ပရိတ်တော်ဟာ ဘုရားရဲ့ပါရမီတွေဖြည့်ခဲ့တာတွေနဲ့ ဘုရားရှင်ရဲ့ရတနာထိုက်တဲ့ဂုဏ်တော်တွေ....
တရားတော်ရဲ့ရတနာထိုက်တဲ့ဂုဏ်တော်တွေ.....
သံဃာတော်တွေရဲ့ရတနာထိုက်တဲ့ဂုဏ်တော်တွေကိုဖော်ညွှန်းပြီး သစ္စာဆိုတာ....
ရဟန္တာမထေရ်မြတ်ကြီးတွေရဲ့ဂုဏ်တွေကိုဖော်ညွှန်းပြီး
သစ္စာဆိုတာ.....
ရွတ်ဖတ်သူက အရှင်အာနန္ဒာဆိုတော့ အဲ့ဒီအချိန်မှာ သောတာပန်အရိယာပဲဖြစ်နေသေးတဲ့ အရှင်အာနန္ဒာမှာရှိနေတဲ့သောတာပန်အရိယာတို့ရဲ့ဂုဏ်ရည်တွေကို ဖော်ညွှန်းပြီးသစ္စာဆိုတာ....
သည်သစ္စာစကားတွေကြောင့် သတ္တဝါတွေ ကပ်ဘေး,ရောဂါဘေး,ဆင်းရဲဒုက္ခဘေးတွေကင်းစေဖို့ မေတ္တာပို့ဆုတောင်းတာ
စသဖြင့် သုတ်တော်ရဲ့နောက်ခံသမိုင်းနဲ့ သုတ်တော်ထဲမှာပါဝင်တဲ့အကြောင်းတွေကို သေချာရှင်းပြပြီးမှ ရွတ်ပေးတာပါ။
သူသိပြီးသား ဖြစ်နေရင်တောင် နာဖူးထပ်မံပေါ့လေ။
သူကမျက်စိမှိတ်ကြည်ညိုပြီး သေသေချာချာနှလုံးသွင်းပြီးနာနေပါတယ်။ကိုယ်ရွတ်ဖတ်နေတဲ့ ပရိတ်အသံတွေကျယ်လာလို့လားမသိ။
စကားပြောနေတဲ့ဆေးရုံဝန်ထမ်းတွေဘက်က အသံတိတ်သွားတယ်။
သူတို့လည်း နားစွင့်နေဟန်တူပါရဲ့။
ရတနာ့သုတ်ပြီးတော့ မေတ္တသုတ်, ဓဇဂ္ဂသုတ်ထဲက ဘုရားဂုဏ်တော် ၉ပါး,တရားဂုဏ်တော် ၆ပါးနဲ့ သံဃာဂုဏ်တော် ၉ပါးတို့ကိုရွတ်ပေးပြီး ပုဗ္ဗဏှသုတ်ကိုရွတ်ဆိုပေးပြီးရွတ်ဖတ်သရဇ္ဈာယ်တာတွေ အဆုံးသပ်လိုက်ပါတယ်။
ပြီးတော့ပစ္စည်းလေးပါးအတွက်ရည်မှန်းပြီး သူလှုဒါန်းတဲ့ဝတ္ထုကို အပ်စပ်အောင် လှုဒါန်းစေပြီး ကုသိုလ်အစုစုတို့ကိုအမျှဝေစေလိုက်ပါတယ်။ကိုယ်ကလည်းဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပေးလိုက်ပါတယ်။
ရတနာသုံးပါးရဲ့အနှိုင်းအဆမဲ့တန်ဖိုးတွေ သူ့စိတ်ထဲကိန်းသွားတာသိသာပါတယ်။ကုသိုလ်ပြုအမျှဝေပြီးလို့ မျက်လုံးဖွင့်လိုက်တဲ့အခါ
သူ့မျက်နှာ ကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းဖြစ်လာပါတယ်။
တစ်ကိုယ်လုံးနေရာအနှံ့ နာကျင်ခံခက်တဲ့ကြားကနေ သူပြုံးလာနိုင်ပါသေးတယ်။ပြီးတော့ အသံတိုးတိုးလေးနဲ့ "တော့်တော့်ကို မသက်မသာခံစားနေရတာပါဘုန်းဘုန်း"လို့လည်း ပြောနေရှာပါသေးတယ်။
ကိုယ်ချင်းစာပါတယ်လေ။
ကိုယ်တွေအလှည့်ကျရင်ကော ဘယ်လိုလာမလဲမသိနိုင်သေးပါဘူး။
သူ့ရောဂါဘက် အာရုံလှည့်သွားမှာစိုးလို့ စကားလမ်းကြောင်းပြောင်းပေးလိုက်ရတယ်။
စိတ်ထဲမှာ Oxford ဆရာတော်ရဲ့တရားလေး ဖျတ်ကနဲပေါ်လာတယ်-
"Oxford ဆရာတော် ဟောခဲ့တာလေးရှိတယ်။ခန္ဓာကိုယ်ထဲမှာ နာကျင်ခံခက်တဲ့ဝေဒနာတွေ ပေါ်လာပြီဆိုရင် တည့်တည့်မရှုမှတ်နိုင်တော့ရင် အဲ့ဒီဝေဒနာလေးတွေကို ကရုဏာစိတ်ထားလိုက်ပါ။
ဆရာတော်ကတော့ ဒုက္ခကို ကရုဏာရှုထောင့်က ကြည့်ပေးပါတဲ့။
ဟုတ်တယ်။ဒုက္ခဝေဒနာပြင်းထန်လာရင် စိတ်မှာဒေါမနဿဖြစ်တတ်လွန်းလို့ ကရုဏာစိတ်ကလေးမွေးပြီး အာရုံပြောင်းခိုင်းလိုက်တာ။
ဒါနဲ့ပတ်သက်လို့ ဟိုတလောတုန်းက ဦးဇင်းကိုယ်တိုင်လေ့ကျင့်ဖြစ်ခဲ့တာလေးပြန်ပြောပြရဦးမယ်။ဦးဇင်း page ထဲမှာလည်းရေးထားခဲ့ပြီးသားပါ။ရွှေဥမင်ဆရာတော်ကြီး လွန်တော်မူခဲ့တဲ့ အနှစ်၂၀ပြည့်
အမှတ်တရအနေနဲ့ ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ စံကျောင်းကိုသွားပြီး ဆရာတော်ကြီးရဲ့ကျေးဇူးကို တရားနဲ့ပူဇော်ခဲ့တုန်းကအတွေ့အကြုံလေးပေါ့။
တရားစထိုင်လိုက်တာနဲ့ တဝီဝီအော်ပြီး တရစပ်ကိုက်လိုက်တဲ့ခြင်တွေ
အကောင်အစိတ်,သုံးဆယ်လောက်ရှိမယ်။ကိုယ့်နေရာမှာဆိုရင်တော့ ထဖယ်လိုက်မှာပေါ့။ပြီးရင်တရားထိုင် ခြင်ထောင်လေးထောင်ပြီး ပြန်ထိုင်မှာပေါ့။
အဲ့ဒီနေရာမှာတော့ အဲ့ဒီလိုလိုလုပ်လို့မရတော့ဘူး။
ပရိကံပြုပြီး အဓိဌာန်ထားလိုက်ပြီးပြီ။ခန္ဓာငါးပါး,ရုပ်နာမ်တရားတို့ကို
ဘုရား,တရား,သံဃာနဲ့ကမ္မဌာန်းဆရာတော်တွေကိုလှူဒါန်းထားလိုက်ပြီ။မတတ်နိုင်တော့ဘူးပေါ့။သည်းခံရတော့မယ်။သမာဓိ မကောင်းလည်းနေပေစေတော့။အဓိဌာန်ပါရမီနဲ့ ခန္တီပါရမီရတာပေါ့။တစ်ခုဆုံးရှုံးပေမယ့် နှစ်ခုရတာပေါ့လေ ဆိုပြီး နှလုံးသွင်းလိုက်တယ်။
ပြီးတော့ဦးဇင်းက လူ့ဘဝတုန်းက သွေး၁၃ကြိမ်လှူထားခဲ့ဖူးတာ။
တစ်ကြိမ် တစ်ပုလင်းဆိုရင် ၁၃ကြိမ် ဆိုတော့၁၃ပုလင်းပေါ့။
အခု ခြင်အကောင်၃၀ ကိုက်တယ်ပဲထား။တစ်ကောင်တစ်စက်နှုန်းနဲ့ ဆိုရင် သွေးအစက် ၃၀ပဲရှိမှာ။ကိုယ်လှူခဲ့ဖူးတဲ့ သွေးတစ်ပုလင်းစာတောင်မရှိပါဘူး။အဲဒီလိုတွက်ချက်ပြီးတော့ သူတို့ကို လွတ်လွတ်လပ်လပ် သွေးစုပ်ခွင့်ပေးလိုက်တယ်။release order ပေးလိုက်တာပေါ့။
ကဲ..ကိုက်ကြစမ်းကွာ..သွေးတွေလိုသလောက်စုပ်ကြစမ်းကွာ...မင်းတို့ကိုငါ ခွင့်ပြုတယ်။ခွင့်လွှတ်တယ်ပေါ့။
အဲဒီလိုနှလုံးသွင်းလိုက်တော့ စိတ်တွေလွတ်လပ်သွားတယ်။
သူတို့ဘက်ကိုအာရုံမရောက်တော့ဘူး။သူတို့ကလည်း သွေးတွေစုပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေတော့တယ်။တဝီဝီမအော်တော့ဘူး။အပေးအယူမျှသွားတာပေါ့လေ။
ကိုယ့်မှာသွေးလှူခြင်းဆိုတဲ့ဒါနကုသိုလ်,ဒါနပါရမီတွေဖြစ်...သည်းခံခြင်းဆိုတဲ့ ခန္တီပါရမီတွေဖြစ်..အဓိဌာန်အတိုင်းတည်အောင်စောင့်ထိန်းနိုင်ခြင်းဆိုတဲ့ အဓိဌာန်ပါရမီတွေဖြစ်သွားတော့တာ။
အစက ခြင်တွေကြောင့် သမာဓိရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးဟာ
ကိုယ့်ဘက်ကထားရမယ့် သဘောထားကိုပြင်လိုက်တဲ့အခါ ခြင်ကိုက်ခံရခြင်းကိုမှီပြီး ရလိုက်တဲ့ ဒါန...ခန္တီ...အဓိဌာန်..ဥပေက္ခာ...ကုသိုလ်အားတွေနဲ့ သမာဓိတောင်ပိုကောင်းသွားတာတွေ့ရတယ်။
တရားအားထုတ်ချိန်ပြည့်ပြီးလို့ အဆောင်ပြန်လာချိန်မှာ ခြင်ကိုက်ဖုအာတွေ အတော်များများရှိနေပေမယ့် အဲ့ဒီဘက်ကို အာရုံမပြုဖြစ်တော့ မခံမရပ်နိုင်အောင်ယားတာတွေ ,အယားပြေသွားအောင် ကုတ်ချင်တာတွေလည်းမလုပ်ဖြစ်တော့ဘူး။
နောက် တစ်နာရီ ကျော်လောက်မှာ သူ့ဖာသာသူ ပျောက်သွားတာပဲ။
တော်တော်အံ့ဩဖို့ကောင်းတယ်။ပရိသတ်တစ်ယောက်ကတော့ post ကိုဖတ်ပြီး စိုးရိမ်လို့ လှမ်းသတိပေးတယ်။ခြင်ကိုက်မခံပါနဲ့ တဲ့။
အခုတလော သွေးလွန်တုတ်ကွေးတွေ ဖြစ်နေလို့ပါတဲ့။ ကာယကံရှင်ဦးဇင်းကတော့ သူစိုးရိမ်သလို ဘာမျှ ဖြစ်မသွားပါဘူး။
ဒါကို ဘာ့ကြောင့် ပြောရသလဲဆိုတော့ အခုဒကာမကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ဒကာမကြီးကို နာကျင်ခံခက်တဲ့ ဒုက္ခဝေဒနာတွေဖြစ်အောင်လုပ်နေတဲ့ ပိုးတွေ ဗိုင်းရပ်စ်တွေ အများကြီးရှိနေတယ်။သူတို့ကို မမြင်ရတဲ့ သတ္တဝါတွေစာရင်းထဲ ထည့်သွင်းပြီး မေတ္တာပွားလိုက်ပါ။Oxford ဆရာတော်ဟောသလို ကရုဏာထားကြည့်လိုက်ပါ။
ဦးဇင်းကြုံခဲ့တဲ့အတွေ့အကြုံအရ မြင်ရတဲ့သတ္တဝါစာရင်းဝင် ခြင်တွေအပေါ်ထားခဲ့တဲ့ သဘောထားလိုမျိုး
"ကဲ...နင်တို့ ငါ့ခန္ဓာကိုယ်ထဲက အသွေးအသားတွေကို စိတ်ရှိလက်ရှိစားသုံးကြစမ်းပါ။ငါ နင်တို့ကို
ခွင့်ပြုပါတယ်။ခွင့်လွှတ်ပါတယ်"လို့
ကြိုးစားပြီးနှလုံးသွင်းကြည့်လိုက်ပါလား...။ဒါဆိုရင် ဒကာမကြီး စိတ်လွတ်လပ်သွားပါလိမ့်မယ်။
သူတို့ကိုကရုဏာစိတ်နဲ့ လုပ်ချင်ရာလုပ်ခွင့်ပြုလိုက်တဲ့ release order ပေးကြည့်လိုက်ပါလား။
ဒါဆိုရင်ဒကာမကြီးမှာ ခန္ဓာကိုယ်အသွေးအသားတွေလှုဒါန်းလိုက်တဲ့ဒါနကုသိုလ်,သည်းခံခြင်း ခန္တီပါရမီ,အခုရောဂါ ဝေဒနာခံစားနေတဲ့
အပေါ်နှလုံးသွင်းမှန်,သဘောထားမှန်ခြင်းကြောင့်ဖြစ်လာတဲ့ပညာဉာဏ်တွေ,ပညာပါရမီတွေ အများကြီးရသွားနိုင်တာပေါ့။
ရတနာ့သုတ်အဖွင့်နိဒါန်းမှာပါသလို ဘုရားရှင့်ဖြည့်ခဲ့တဲ့ ပါရမီတော်တွေကို ပူဇော်ပြီးသားလည်း ဖြစ်သွားတာပေါ့"
စကားအရှည်ကြီး တဆက်တည်းပြောလိုက်ရလို့ ကိုယ်လည်းအတော်မောသွားပါပြီ။ကျောင်းက စထွက်လာကာစတုန်းက ဓမ္မက
သူ့သဘောသူဆောင် သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်လို့ အာရုံပြုခဲ့တာတွေ,ဘုရားရှင်ရဲ့သုဂတောဂုဏ်ကို ပွားများခဲ့တာတွေဟာ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ လူနာလက်ခံနိုင်လောက်တဲ့ တရားစကားတွေ စီကာစဥ်ကာ ထွက်လာစေတယ်လို့ ထင်တာပါပဲ။
ကိုယ့်အသံရပ်သွားတော့ လူနာဟာ လက်အုပ်ချီအာရုံပြုထားရာကနေ မျက်လုံးအစုံပြန်ပွင့်လာပါတယ်။ မျက်နှာကလည်းပြုံးလာပါတယ်။
ရောဂါအရှိန်ကြောင့် ဟိုတုန်းကလို ဟက်ဟက်ပက်ပက် ရယ်ရယ်မောမောမလုပ်နိုင်တော့ပေမယ့် အခုသူ့မျက်နှာပေါ်မှာ တွေ့လိုက်ရတဲ့အပြုံးဟာ ခွန်အားအသစ်တစ်ခု ဖြစ်ထွန်းနေပုံရပါတယ်။
သူနဲ့ သူ့အစောင့်တွေကို နှုတ်ဆက်ပြီးပြန်လာခဲ့တယ်။
အပြန်ခရီးမှာ တပည့်မလေး မေနှင်းဆန်းက-
"ဘုန်းဘုန်းပြောသွားတာ တော်တော်ကောင်းတယ်။ခန္ဓာကိုယ်ထဲက ပိုးမွှားလေးတွေကို ကရုဏာထားဖို့ အသွေးအသားတွေကို စားသုံးခွင့်ပြုလိုက်ဖို့ဆိုတာလေ၊ဘုန်းဘုန်းပြောပြီးတဲ့ အချိန်မှာ မမြင့် မျက်နှာ ပြုံးပြီးလန်းသွားတာ တပည့်တော်သတိထားမိတယ်"
"အေးဟ..ဒါကလည်းငါ့မှာ လတ်တလောကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေးရှိထားတော့ ပေါင်းစပ်ပြီး apply လုပ်ပြီး ပြောသွားလို့ရတာပါ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ..ဝဏ္ဏကြည်တို့ မေနှင်းဆန်းတို့ရေ..မင်းတို့ လာကြိုလာပင့်လို့ သည်ကုသိုလ်ပြုခွင့်ရလိုက်တာ။မင်းတို့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ ငါတို့အခုလိုကူညီခွင့်ရလိုက်တာ ဓမ္မပီတိဖြစ်မိပါတယ်"
ကျောင်းပြန်ရောက်တော့ ညအတော်မှောင်နေပါပြီ။
နောက်တစ်နေ့ညမှာတော့ ထင်ထားတဲ့အတိုင်း... မျှော်လင့်ထားတဲ့အတိုင်း ဖုန်းcall တစ်ခုဝင်လာပါတယ်-။
မိုးမိုးစောဝင်း(မီမိုး) ဆီကဖုန်းပါ။အသံကနွမ်းဖျော့ဖျော့။
"ဘုန်းဘုန်းရေ...အခုပဲ ရန်ကုန်ကဖုန်းဝင်လာပါတယ်။
မမြင့် ဆုံးသွားပါပြီ"တဲ့။
"အေးလေ..ဘာပဲဖြစ်ဖြစ် သူ့ရဲ့နောက်ဆုံးအချိန်မှာ ငါတို့ နိုင်သမျှ စွမ်းအားတွေနဲ့ ကူညီ အားဖြည့်ပေးနိုင်ခဲ့ကြတာမဟုတ်လား"
နောက်ဆုံးအချိန်....။
နောက်ဆုံးအချိန်.....။
နောက်ဆုံးအချိန်......။
တကယ်တော့ နောက်ဆုံးအချိန်ဆိုတာ လူတိုင်းနဲ့ အဝေးကြီးမှာမဟုတ်။ကိုယ့်အနားမှာ အမြဲတမ်းရှိနေတဲ့အရာပါ။
"ကွေးသောလက်မဆန့်မီ
ဆန့်သောလက်မကွေးမီ" ဆိုတဲ့စကားရှိတာမို.-
လူတိုင်းအတွက်
အချိန်တိုင်းဟာ
နောက်ဆုံးအချိန်တွေချည်းပဲမဟုတ်လား။
MTS.APPAMADA
7.12.2022
02:40p.m.
Click here to claim your Sponsored Listing.
Videos (show all)
Contact the place of worship
Telephone
Website
Address
Yangon
11021
146 Pinlon Street, , Dagon North
Yangon
Pinlon Baptist Church is a Spirit moving Church which serves the Lord faithfully......
143, St. John Road
Yangon
MCF welcomes every Christian. "By this shall all men know that ye are my disciples, if ye have love one to another." John 13:35
MahabawgaStmyaynegone
Yangon
SHREE THAILLAIMA KALIAMAAN TEMPLE. YANGON ,Myanmar 🇲🇲
Neikbank 3 Street, Taungthugone, Insein
Yangon, 11011
YRBC is founded on Jan 21st, 1994 in Insein, Yangon. Its upholding 1689 Baptist Confession of Faith. Senior Pastor - Pastor Michael H Zahau Assistant Pastor - Pastor David Sang V...
Khain Dhazin Branch Road/1
Yangon
This page is dedicated to all the people. This page will update all the activities of ZBCP Youth. main is to proclaim the goodness of GOD.
Yangon
Religious Organization The Church of Jesus Christ of Latter -day Saints
缅甸,马来西亚,新加坡
Yangon
ဘုရားသခင်ကို အားကိုးပါ၊ ခက်ခဲသောအချိန်တိုင်းကို ဖြတ်ကျော်ရန် သင့်ကို ကူညီလိမ့်မည်။