ခေတ်ပညာ - ကိုယ်ပိုင်ဘာသာရပ်သင်တန်းကျောင်း

Education Service AUTHOR & OPENEYES

28/09/2023

ရာဇဝင်ထဲမှာ ထားခဲ့သောမြန်မာ့ပညာရေး
---------------------------------------
ကျွန်တော်သည် ပညာရေးလောကတွင် ကျင်လည်ခဲ့ပြီး ယနေ့တိုင် ပညာကို မစွန့်လွှတ်နိုင်သေးသူတစ်ဦး ဖြစ်ပါ သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကျောင်းဆရာဘဝက အငြိမ်းစားယူခဲ့သည်။

၁၉၉၅ ခုနှစ်မှသည် ၂၀၁၂ ခုနှစ်အထိ ကာလသည် Generation Z ကာလဖြစ်သည်ဟုဆိုထားသောကြောင့် ကျွန်တော်သည် Z အုပ်စုကြားတွင် ပင်စင်စားဖြစ်ခဲ့ရသည်ဟုဆိုရမည်။

Generation Z သည် နည်းပညာကို အလွန်အမင်းခုံမင်စွဲလမ်းသူများဟု ဆိုပါသည်။ ၂၀၀၀ ပြည့်နှစ်လွန် မွေးဖွား လာခဲ့သော လူငယ်များသည်လည်း ယခုအခါ ဖုန်းနှင့်မျက်နှာမခွာ၊ ကွန်ပျူတာကို အားလုံး သုံးလာနိုင်ကြသည်။ ဆိုရှယ်ကွန်ရက်များပေါ်တွင် သူတို့ကမ္ဘာပတ်နေကြသည်။ ကျွန်တော်တို့နိုင်ငံမှာပင် စာသင်ကျောင်းများက သင်မပေးခဲ့သော ကွန်ပျူတာ နည်းပညာများကို Z အုပ်စုများက ဆရာများထက် ကျွမ်းကျင်စွာတတ်မြောက် နေကြောင်းတွေ့ရသည်။

ကမ္ဘာ့ပညာရေးကို မျက်ခြေ မပြတ်တမ်း လေ့လာရင်းက ၂၀၁၆ ခုနှစ်အတွက် ပီယာဆန်သုတေသနအဖွဲ့၏ အကဲဖြတ်ထုတ်ပြန်သည့် ကမ္ဘာ့အကောင်းဆုံး ပညာနိုင်ငံ ၂၀ ထဲတွင် ထိပ်တန်း ၅ နိုင်ငံစာရင်း၌ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖင်လန်ဟူ၍ သွားတွေ့ရသည်။ အာရှလေးနိုင်ငံက ကမ္ဘာ့အကောင်းဆုံး စာရင်း ဝင်သော်လည်း ကျွန်တော်က ဖင်လန်ပညာရေးကိုသာ စိတ်ဝင်စားမိသည်။ အဘယ်ကြောင့်ဆိုသော် အာရှနိုင်ငံ များ၏ ပညာရေးက စိတ်ဖိစီးမှုတွေများလှသည်။ ပြိုင်ဆိုင်မှုများနှင့် မိဘများ၏ တွန်းအားကြောင့် အာရှနိုင်ငံ တွေက ထိပ်တန်းရောက်နေသော်လည်း အမှန်တကယ် လွတ်လပ် ပေါ့ပါးစွာ ပညာရှာနိုင်သော နိုင်ငံများမှာ အနောက်ဥရောပနိုင်ငံများသာဖြစ်သည်။

အင်တာနက်ထဲတွင် အကောင်းဆုံးပညာပေးနိုင်သည့်လိုင်းမှာ YouTube ဖြစ်ပါသည်။ ရုပ်သံနှင့် ပညာပေးနိုင် သည့်လိုင်းဖြစ်သောကြောင့် အားထားဖွယ်ရာဖြစ်သည်။ အနောက်နိုင်ငံများတွင် ဆရာဝန်ပေါက်စများသည်ပင် ဆရာဝန်ကြီးများ၊ ပါရဂူကြီးများ၏ လက်တွေ့သင်ကြားပြသချက်များကို YouTube တွင် လာရောက် လေ့လာ သင်ယူကြရသည်။ YouTube ထဲတွင် ကောင်းတာတွေလည်း အတုယူနိုင်သည်။ မကောင်းတာတွေလည်း ရှိသည်။ ပညာယူနိုင်သည့်နေရာတစ်နေရာဖြစ်သော http://socialblade.com/youtube/top/category/ education နေရာ တစ်နေရာထဲတွင် လိုင်းပေါင်း ၅၀၀ ခန့်ရှိသည်။ ပညာရေးနှင့် ပတ်သက်ပြီး သိချင်သည့်လိုင်းများကို နှိပ်ကြည့်လိုက်ရုံသာဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ၏ ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပုဂ္ဂလိကတစ်ဦးချင်းအနေဖြင့် မြင်တွေ့ရသည့် အတိုင်း ရိုက်ကူးတင်ထားသည်များရှိသလို၊ သက်ဆိုင်ရာနိုင်ငံများ၊ ကျောင်းများကလည်း ဝါဒဖြန့်သည့်အနေဖြင့် ဗီဒီယို ကလစ်များတင်ထားတတ်သည်။ မည်သည့်ပြကွက်များကိုကြည့်လိုက်သည်ဖြစ်စေ ဗဟုသုတရစရာများ ဖြစ်သည်။

ဖင်လန်နိုင်ငံပညာရေးကို စိတ်ဝင်စားမိသဖြင့် Finland Education ဟုရိုက်ရှာလိုက်သည်နှင့် ကြည့်၍မကုန် လောက်အောင်ကျလာသည်။ ကြည့်စရာရှုစရာများထဲက စိတ်ဝင်စားမိသည့် ဖင်လန်နိုင်ငံပညာရေးအကြောင်းကို ပြန်လည် တင်ပြလိုပါသည်။

ဖင်လန်နိုင်ငံ၏ Education Everywhere ဆိုသည့် အစီအစဉ်ကို Pearson ဖောင်ဒေးရှင်းကပင် ရိုက်ကူးတင် ဆက်ထားခြင်းဖြစ်သည်။ မြင်တွေ့ရသည့် မူလတန်းအဆင့် စာသင်ခန်းလေးထဲတွင် ကျောင်းသား ကျောင်းသူ ၁၂ ဦးခန့်သာရှိသည်။ စာသင်ခန်းတွေက သန့်ရှင်းပြီး ခုံတွေကလည်း ကျယ်ဝန်းကာ အခန်းတစ်ခန်းကို ဆရာ လေးဦး လောက်က တာဝန်ယူသင်ကြားပေးနေကြသည်။ သင်ကြားရာတွင် နည်းပညာအထောက်အကူကို များစွာ အသုံးပြုထားသည်။ Smartboard ခေါ် ကွန်ပျူတာ အီလက်ထရွန်းနစ် ကျောက်သင်ပုန်းကို ဆရာရော ကျောင်းသားများပါ လက်တွေ့သုံးနေကြသည်။

မူလတန်းရောက်လာသည့် ကျောင်းသားများကို မူကြိုတန်းလောက်ကတည်းက စာသင်ကြားပေးထားခြင်း မပြုခဲ့ သောကြောင့် အရိုင်းတုံးလေးများကို စိတ်ကြိုက်ပုံသွင်းနိုင်ကြသည့် အနေအထားဖြစ်သည်။ ကလေးတစ်ယောက် ကို စာချည်းသက်သက်မသင်။ စိတ်ခံစားမှုပျက်စီးသွားမည်ကို အလွန်စိုးရိမ်ကြသည်။ ကလေးဘဝသည် ပျော်ရွှင်စွာ ကုန်ဆုံးစေရမည်ဟု လက်ခံထားကြသည်။ ပညာလည်းသင် ကျန်းမာစေရန်လည်း အလေးထားခြင်း သည် ဖင်လန်ပညာရေး၏ ထူးခြားချက်တစ်ခုဖြစ်သည်။ ထိုစနစ်သည် သူတို့ကျောင်းသား ၉၀ ရာခိုင်နှုန်းခန့် အတွက် စိတ်ချရသည့်စနစ်ဖြစ်ကြောင်း ပညာရှင်များကဂုဏ်ယူကာပြောကြသည်။

ကျောင်းသား ကျောင်းသူတိုင်း ဉာဏ်ရည်မတူညီနိုင်ပေ။ ဉာဏ်ရည် အလွန်နိမ့်သူများအတွက် သူတို့ကျောင်းများ တွင် စပယ်ရှယ်တီချာများကို ထားပေးကြသည်။ သင်ယူမှုတွင် အခက်အခဲရှိနိုင်သည့် ကျောင်းသားများကို တစ်ဦး သို့မဟုတ် နှစ်ဦးတည်းခွဲကာ စိတ်ရှည်စွာ သင်ကြားပေးရခြင်းမှာ အထူးဆရာများ၏ တာဝန်ဖြစ်သည်။ အချို့ ကလေးများသည် စာဖတ်ရာတွင်လည်းကောင်း၊ နားထောင်ရာတွင်လည်းကောင်း အခြား ကလေးများနှင့်မတူ ခက်ခဲတတ်သည်။ ထိုကလေးများကို အထူးဆရာများက ကြပ်မတ်ရသည်။

ဖင်လန်နိုင်ငံတွင် အထူးသင်ကြားပေးရန်လိုသည့် ကလေးတိုင်းကို အထူးသင်ယူနိုင်ရန် အခွင့်အရေးများ ပေးထားသည်။ သူတို့သည် အခြားသူများထက် ဉာဏ်ရည်နိမ့်ကောင်း နိမ့်နိုင်သော်လည်း သူတို့ဝန်းကျင်တွင် အကူ အညီပေးမည့်ဆရာကောင်းများရှိနေသောကြောင့် ပညာရေးသည် စိတ်ဓာတ်ကျစရာ၊ သူတို့နှင့် အလှမ်း ဝေးလွန်း လှသည်ဟု ထင်စရာ အကြောင်းလည်း မရှိပေ။ သူတို့ကို ခွဲခြားဆက်ဆံသည်ဟု မထင်စေရန် လွတ်လပ်မှုကို အခြားသူများထက် ပိုပေးထားသည်။ စာသင်ခန်းသည် သူတို့အတွက် ချုပ်နှောင်ထားသော နေရာတစ်နေရာ မဖြစ်စေရန် အထူးဆရာများက ဂရုထားကြသည်။

အထူးဆရာများသည် အဖွဲ့လိုက်လှုပ်ရှားကြရသည်။ စိတ်ပညာကို နားလည်သောသူများ၊ သူနာပြုအတတ် ကျွမ်းကျင်သူများ၊ သင်ကြားမှုကို နားလည်သောဆရာများ အဖွဲ့လိုက်ပူးပေါင်းပြီး ကလေးများကို တာဝန်ယူကြရ သည်။ ဆရာများသည် တစ်လလျှင် နှစ်ကြိမ် အစည်းအဝေးထိုင်ရသည်။ အစည်းအဝေးတွင် ကျောင်းသားတစ်ဦး ချင်း၏ တိုးတက်မှု ဆုတ်ယုတ်မှု အခြေအနေများကို တင်ပြပြီး အပြန်အလှန်ဆွေးနွေးကြရသည်။ ဆရာများ အားလုံး အမြင်များကို စုပေါင်းခြင်းသည် ကလေးများ၏ အနာဂတ်ကို ဆုံးဖြတ်နေခြင်းလည်း ဖြစ်သည်။ သူတို့ တာဝန်ယူထားရသည့်ကလေးများ၏ တစ်ဦးချင်း ပြဿနာများသည် သူတို့အဖွဲ့၏ တာဝန်များဖြစ်သည်။ အားသာချက် အားနည်းချက်များကို ထောက်ပြကြသည်။

ဖင်လန်နိုင်ငံပညာရေးသမားများ၏ ဆောင်ပုဒ်မှာ မည်သည့်ကလေးမျှ နောက်ကျကျန်မနေစေရ ဖြစ်သည်။ သို့ဖြစ်ရာ ဉာဏ်ရည်နိမ့်သူများကို အကဲဖြတ်ခြင်း၊ နိမ့်သူကို မြင့်သူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း အားလုံးတန်းတူ ပညာကိုသင်ယူနိုင်ခြင်းများဖြစ်စေရန် တာဝန်ယူပေးကြကြောင်းလည်းတွေ့ရသည်။ ပညာရေးကို စိတ်ပါဝင်စားသူများ အနေဖြင့် www.edutopia.org/education-everywhere သို့လည်း သွားရောက် ကြည့်ရှု ကြစေချင်ပါသည်။

ဖင်လန်ပညာရေးက ဖိအားအနည်းဆုံးပညာရေး၊ လွတ်လပ်မှုအများဆုံးပေးပြီး ပျော်ရွှင်စွာ သင်ယူနိုင်မှုကို ဦးစား ပေးသည့် ပညာရေးဖြစ်သည်။ အာရှတွင် ထိပ်တန်းရောက်နေသည့် တောင်ကိုရီးယားနိုင်ငံ၏ ပညာရေးကို လေ့လာကြည့်လိုက်သည့်အခါတွင် ကိုရီးယားမိဘများသည် သူတို့သားသမီးများ ပညာရေးကို အခြားနိုင်ငံ များထက် အကဲပိုကြသည်ကိုတွေ့ရသည်။ သူတို့နိုင်ငံတွင် ပြိုင်ဆိုင်မှုကများလွန်းသောကြောင့် မူလတန်းအရွယ် ကတည်းက မိဘလည်းပြိုင် ကလေးများလည်း ပြိုင်ဆိုင်နေကြရသည်။ သူတို့နိုင်ငံပညာရေးစနစ်က Strong performers and successful reformers in education များဖြစ်လာစေရန် အားထုတ်နေကြသည်။ အောင်မြင်မှုကို ရှေ့တန်းတင်လွန်းသည့်နိုင်ငံဟုဆိုရမည်။

တောင်ကိုရီးယားနိုင်ငံတွင် ၁၉၉၆ ခုနှစ်ကတည်းက ကျောင်းများတွင် ICT ကို အစပျိုးထည့်သွင်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စာသင်ခန်းတိုင်း ICT ကို မဖြစ်မနေသုံးနိုင်သည့် အဆင့်ရောက်သွားပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သူတို့ ပညာရေးကို Smart Education လမ်းကြောင်းကို ချနိုင်ခဲ့သည်။ တစ်နည်းဆိုရလျှင် ကျောင်းပြဋ္ဌာန်း ချက်အားလုံးကို Digitalize လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

Digitalize လုပ်ခြင်းဆိုသည်မှာ ၂၁ ရာစုအတွက် ပညာရေးကို လူတိုင်းရယူ ခံစားနိုင်စေရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ စာအားလုံးကို ကွန်ပျူတာ၊ တက်ဘလက်၊ လက်ပ်တော့၊ မိုဘိုင်းလ်ဖုန်းများပေါ်တွင် ရယူဖတ်ရှုနိုင် သည်။ ပညာရေးကို ICT နှင့်ပေါင်းစပ်လိုက်သောကြောင့် ကလေးတိုင်း မူလတန်းအထက်ဆင့်လောက်ဆိုလျှင် လက်ပ်တော့တွေကိုယ်စီနှင့်ဖြစ်နေကြသည်။
၂၁ ရာစု ပညာရေးလမ်းကြာင်းကို အမီလိုက်နိုင်စေရန်အတွက် ICT ကသာ တွန်းအားတစ်ခုဖြစ်ကြောင်း ပညာရေး ထိပ်တန်းဖြစ်နေသည့် နိုင်ငံအားလုံး နားလည်ကြသည်။ အင်တာနက်ကို အားကိုးကြသည်။ သိလိုသည်များကို အင်တာနက်တွင် ရှာဖွေနိုင်ရန် လမ်းကြောင်းပေးကြသည်။ ကွန်ပျူတာ အင်တာနက်ဖြင့် ပူးပေါင်းလုပ်ဆောင် နိုင်မှုများကို အကဲဖြတ်အမှတ်ပေးခြင်းများကိုလည်း ပြုလုပ်ကြသည်။

ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်သည် ဖိအားမဲ့ ကိုယ်တိုင်လေ့လာမှရသည့် ပညာရေးစနစ်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံကတော့ ဖိအားတွေများသည်။ ကျောင်းပြီးလျှင် နောက်ထပ်တစ်ကျောင်း (ကျူရှင်) ကို တက်ကြရသေးသည်။ ဖင်လန်တွင်ထိုစနစ်မရှိ။ ကျောင်းပြီးလျှင် အိမ်တွင် လေ့လာသင်ယူမှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်စေရန် လမ်းကြောင်းပေးထားသည်။

မြန်မာနိုင်ငံသည် ပညာရေးတွင် အိမ်နီးချင်းနိုင်ငံများထက် များစွာနောက်ကျကျန်ခဲ့သည်။ ပညာရေးစနစ်ကို အကောင်အထည်ဖော်နေသူများသည် ICT ကို ဟန်ပြလောက်သာလုပ်ပြီး လက်တွေ့တွင် သင်ရိုးညွှန်းတမ်း များက လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက်ကတည်းက စာများဖြစ်နေသည်။ မြန်မာနိုင်ငံ ပညာရေးအတွက် အရည်အချင်းပြည့်ဝသည့် ဆရာများကို မွေးထုတ်နိုင်ခြင်းမရှိသေး။ ဆရာအများစုသည် ICT ကို နားမလည်။ ကျောင်းများတွင် ကွန်ပျူတာမရှိ။ ရှိလျှင်လည်း အသုံးမပြုနိုင်။ အင်တာနက်ကလည်းမရ။ ကျောင်းသားတိုင်း ကွန်ပျူတာအင်တာနက်သုံးနိုင်ရေးက အလှမ်းဝေးလှသေးသည်။ ပညာရေးကလည်း ကွန်ပျူတာအင်တာနက် မသုံးလျှင်ရနေသည့် အနေအထားများဖြစ်နေသေးသည်။

အိမ်နီးချင်းနိုင်ငံအားလုံး Smart Education နှင် ၂၁ ရာစုပညာရေးလမ်းကြောင်းကို လိုက်နေသည်။ မြန်မာနိုင်ငံ ကား ၁၉ ရာစုထဲမှာ ဝဲလည်ကာကျန်ခဲ့သည်။

(Photo Credit: Vantaan kaupunki)

တင်ညွန့်

၂၆.၈.၂၀၂၃

28/09/2023

ကေဂျီသည် အဖြေညီရမည်
---------------------------
KG ဆိုတာက Kindergarten ရဲ့အတိုကောက်။ သူတို့နိုင်ငံတွေမှာကတော့ မူကြိုတန်း (Preschool) လို့ သတ်မှတ်တယ်။ မူကြိုတန်းဆိုတာ စာသင်ဖို့မဟုတ်ဘူး။ ကလေးတွေကို ကစားခိုင်းမယ်၊ သီချင်းတွေ ဆိုခိုင်းမယ်၊ လက်တွေ့လုပ်ငန်းတွေဖြစ်တဲ့ ပုံဆွဲခြင်းလုပ်ခိုင်းမယ်၊ ကလေးအချင်းချင်း ပေါင်းသင်း ဆက်ဆံရေးတွေ ကောင်းအောင်တည်ဆောက်ခိုင်းမယ်ဆိုတာမျိုးပဲဖြစ်ရမယ်လို့ KG ကို သတ်မှတ်ထားခဲ့ကြတာပါ။

ကေဂျီဘယ်ကစသလဲဆိုတော့ ၁၈ ရာစုလောက်ကတည်းကစတယ်လို့ပြောရမယ်။ ဘာဗေးရီးယားနဲ့ စထရာ့စ် ဘာ့ခ်မှာ မိဘတွေ အလုပ်သွားစဉ် စောင့်ရှောက်ပြုစုပေးဖို့ ကလေးတွေအတွက် ဂေဟာတစ်ခုစီစဉ်ရာကနေ ကေဂျီ ဆိုပြီးဖြစ်လာရတယ်လို့ဆိုပါတယ်။ စတင်ကတည်းကိုက ကလေးတွေကို ပြုစုပျိုးထောင်ပေးရာမှာ ကလေးများ အတွက် သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးစေသည့်နေရာ ဖြစ်ရမယ်လို့ သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ကြတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ ကေဂျီအတွက် သတ်မှတ်တဲ့ အသက်နှုန်းကလည်း ၂ နှစ်ကနေ ၇ နှစ်လို့သတ်မှတ်ပြီး အဲဒီ အရွယ်တွေနဲ့ ကိုက်ညီတဲ့ သင်ရိုးတွေ ပြဋ္ဌာန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကေဂျီပရိုဂရမ်ဆိုတာ ကလေးဗဟိုပြုစနစ်ပဲဖြစ်သင့်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ၄ နှစ် နဲ့ ၅ နှစ်ကလေး တွေကို အဓိက သင်ကြားဖို့သတ်မှတ်ပြီး Child-centered approach နဲ့ သင်ကြားဖို့ လုပ်ဆောင်လာကြပါတယ်။

ကေဂျီတန်းတွေဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ဟာ

- ကလေးတွေကို လေ့လာသင်ယူနိုင်ဖို့ အချိန်တစ်ခုသတ်မှတ်ပေးခြင်းဖြစ်ရမယ်

- ကလေးတွေကို ကလေးသဘာဝအတိုင်း ပြေးလွှားခုန်ပေါက် ကစားခွင့်တွေ ပေးနိုင်တဲ့ နေရာဖြစ်ရမယ်

- ကလေးတွေကို Grade 1 အဆင့်တက်နိုင်အောင် အထောက်အကူဖြစ်စေနိုင်တဲ့အတန်းဖြစ်ရမယ်

- ကလေးဟာ ကျောင်းလာလည်းပျော်၊ ကျောင်းပြန်လည်းပျော်စေနိုင်တဲ့နေရာတစ်ခုဖြစ်ရမယ်

ကေဂျီတန်းတွေဟာ ကလေးရဲ့ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံစေနိုင်တဲ့ နေရာ တစ်နေရာဖြစ်ရမယ်။ ဒါကြောင့် စာတွေကို မသင်ချင်လည်းသင်၊ စာတွေကို မကျက်ချင်လည်းကျက်နေရတဲ့ နေရာ တစ်နေရာ ဖြစ်နေမယ်ဆိုရင် လုံးဝမှားတယ်လို့ ဆိုရမယ်။ ကလေးဖွံ့ဖြိုးအောင် မိဘ၊ ဆရာ၊ ကျောင်းအဖွဲ့အစည်း၊ ရပ်ကွက်ကျေးရွာအဖွဲ့အစည်း၊ ပညာရေးအဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်းတွေက နားလည်မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ ကေဂျီတန်းတက်ခိုင်းတာ စာမတတ်ဘူးဆိုတဲ့ အယူအဆတွေကို ပြောင်းလဲအောင် လုပ်ရပါလိမ့်ဦးမယ်။

ကေဂျီတန်းမှာ အခြေခံသင့်တဲ့ မူ ၆ ချက်ရှိပါတယ်။

၁။ ကလေးတွေရဲ့ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဘဝတစ်သက်တာ ပညာသင်ကြားလိုရေးကို ဦးစားပေး နိုင်တဲ့ ပညာရေးဖြစ်ရမယ်။ ဆိုလိုတာက ကျောင်းလာတက်တာ တစ်ခါလာတက် စိတ်ပျက်ပြီး နောက်နေ့ ကျောင်း မတက်ချင်ဘူးဆိုတာမျိုး ဖြစ်ကို မဖြစ်စေရဘူး။ ကလေးပညာသင်ချင်အောင် အခြေခံပေးနိုင်တဲ့နေရာ ဖြစ်ရမယ်။

၂။ မိဘ ဆရာပူးပေါင်း ကလေးပညာကောင်းဆိုတာ ဒီအတန်းအဆင့်မှာ မှန်နေဦးမှာပဲ။ ကျောင်းကို ကလေးလွှတ် လိုက်ရင် ပြီးပြီလို့ မိဘတွေကလည်း သဘောမထားသင့်ဘူး။ ဆရာတွေကလည်း ကျောင်းမှာ ငါတို့တာဝန် သူတို့ အိမ်ပြန်ရောက်သွားရင် ငါတို့နဲ့ မဆိုင်ဘူးလို့ သဘောထားလို့ မရဘူး။ အိမ်နဲ့ ကျောင်းဘယ်လို ပူးပေါင်း ဆောင်ရွက်လို့ရတယ်ဆိုတာတွေကို အဖြေရှာနိုင်တဲ့ ပညာဝန်းကျင်တစ်ခုဖြစ်အောင် ကြံဆောင်နေရမယ်။

၃။ အသားအရောင်ကွဲပြားခြားမှု၊ လူမျိုးရေး ကွဲပြားခြားနားမှု၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ မရှိဘူးဆိုတာကို ဖော်ထုတ်ပြသပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။ ကလေးသူငယ်တွေကို ကိုယ့်အခွင့်အရေး လေးစားခွင့်၊ အကောင်းမြင်ခြင်း၊ လေ့လာသင်ယူခြင်းဆိုတာတွေကို စကားလုံးအကြီးကြီးတွေ မသုံးဘဲ ကိုယ်အမူအယာ၊ နှုတ်အမူအရာတွေနဲ့ ပြုမူဆောင်ရွက်နိုင်မှုတွေကနေ ဖော်ထုတ်သိနိုင်တဲ့ နေရာတစ် နေရာ ဖြစ်စေရမယ်

၄။ အစောပိုင်းသင်ယူလေ့လာမှုတွေမှာ ဘာတွေကို လေ့လာသင်ယူစေရမယ်ဆိုတာ ကြိုတင်ပြီးတော့ သင်ရိုးနဲ့ ပြဋ္ဌာန်းချက်တွေကို ထုတ်ပြန်ပေးထားနိုင်ရမယ်။ ဘာတွေသင်မယ်ဆိုတာ မိဘတွေ ကြိုသိနေရင် ပိုကောင်းတယ်။

၅။ ကလေးတွေအတွက် အစောဆုံးသင်ယူမှုမှာ အကောင်းဆုံးနည်းဟာ ကစားခြင်းဆိုတာကို အားလုံး လက်ခံထားဖို့လိုတယ်။ စာသင်တယ်ဆိုတာတောင် ကစားပြီး သင်ယူလေ့လာမှုမျိုးဖြစ်နေစေရမယ်။ ကစားရင်းက စူးစမ်းလေ့လာ၊ လက်တွေ့လုပ်ကြည့်၊ ထိုးထွင်းဉာဏ်နဲ့သိတဲ့ အသိတွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အကောင်းဆုံး ဖန်တီးပေးခြင်းဖြစ်ပါတယ်။

၆။ ကေဂျီကို အကောင်အထည်ဖော်ဖို့ ဆရာတွေဟာ ဘွဲ့ရရင်ပြီးရောဆိုတဲ့ အပေါစားအတွေးတွေ ဖယ်ထုတ်ရ မယ်။ အခြေခံမှာ အခြေခိုင်ရမှာ ဖြစ်တဲ့အတွက် ကလေးရဲ့အကြောင်း၊ ကလေးစိတ်ပညာ၊ ကလေးသဘော တရားကို ကောင်းစွာနားလည် သုံးသပ်နိုင်တဲ့သူတွေဖြစ်ဖို့လိုတယ်။ ဒါကြောင့် ပေါပေါပဲပဲ ဘာအခြေခံမှမရှိတဲ့ သူတွေလက်ထဲကို ကလေးတွေ အပ်လိုက်ရတာ အန္တရာယ်ကြီးတယ်။ ပညာရေးသဘောတရား၊ ပညာရေး စိတ်ပညာ၊ ကလေးတွေရဲ့ သဘောတရားကို ကောင်းစွာနားလည်တဲ့ ကလေးပညာရှင်ဆရာတွေကို သီးခြား မွေးထုတ်ပြီးမှသာ ကလေးတွေကို သူတို့လက်ထဲအပ်သင့်တယ်။

ကေဂျီမှာ အခြေခံရမယ့် အရွယ်ဟာ ၄ နှစ်ကနေ ၅ နှစ် အရွယ်တွေပဲဖြစ်သင့်ပါတယ်။ ကလေးတွေကို အတန်း အစား အမျိုးအစား မခွဲခြားပဲ တစ်သားတည်းထားပြီး သင်ကြားနိုင်ဖို့လည်း အရေးကြီးတယ်။ ဘယ်လို ကလေးမျိုးတွေဖြစ်နေရမယ်ဆိုတာလည်း အရေးကြီးပါတယ်

- သူတို့ကိုယ်တိုင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိရမယ်

- ကျန်းမာရမယ်၊ အရွယ်နဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်သော ဉာဏ်ရည်ရှိရမယ်

- စိတ်ခံစားမှုရှိရမယ်၊ ပြိုင်လိုစိတ်ရှိရမယ်

- စူးစမ်းလေ့လာလိုစိတ်ရှိရမယ်၊ သင်ယူလိုစိတ်ရှိရမယ်

- အပေါင်းအသင်းကို ခင်မင်တဲ့စိတ်၊ ပူးပေါင်းလုပ်ဆောင်လိုစိတ်တွေရှိရမယ်

အထက်ပါသဘောတရားတွေကတော့ ဆရာတွေကပိုင်းဖြတ်ပြီး လေ့လာထားရမှာဖြစ်ပါတယ်။ အဲဒီလို အခြေခံ ရှိတဲ့ ကလေးတွေဖြစ်မှ ကေဂျီတန်းဟာအောင်မြင်မယ်။ ဉာဏ်ရည်မမီ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုမရှိတဲ့ ကလေးတစ် ယောက်ကို အားကောင်းမောင်းသန်းကလေးတွေနဲ့ တစ်တန်းတည်းထားပြီး လေ့လာသင်ယူခိုင်းဖို့ဆိုတာ အခက် အခဲတွေ အများကြီးရှိနိုင်တဲ့အတွက် မိဘတွေကလည်း နားလည်ဖို့လိုပါတယ်။ သူတို့အတွက်လည်း သီးခြားပြုစု ပျိုးထောင်တဲ့ နေရာတွေ ရှိသင့်တယ်။

ကလေးတွေကို အစောပိုင်းကတည်းက ဘာကြောင့် ကစားခိုင်းသလဲဆိုတော့ ကစားခြင်းဟာ ကလေးရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ဆက်စပ်နေလို့ဖြစ်ပါတယ်။ အစောပိုင်းက စာနဲ့မဖိဘဲ လွတ်လပ်စွာကစားခြင်းနဲ့ မိတ်ဆက်ခြင်း ခံထားရတဲ့ ကလေးတွေရဲ့ ဦးနှောက်ဟာ သိသာစွာဖွံ့ဖြိုးတိုးတက်နေတတ်ပါတယ်။ ဒီအရွယ်မှာ လွတ်လပ်မှုကို ခံစားပိုင်ခွင့်ရှိခြင်းဟာ အနာဂတ်သူ့ဘဝအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒီအရွယ်မှာ လွတ်လပ် ပျော်ရွှင်မှုနဲ့ တွေ့ကြုံစေလိုက်တာဟာ ပညာသင်ကြားခြင်းဆိုတာ ပျင်းစရာကောင်း၊ ကြောက်စရာ ကောင်းတဲ့ ဖြစ်စဉ်ကြီးတစ်ခုမဟုတ်ပါလားဆိုတဲ့ အသိမျိုးကို သေရာပါတဲ့အထိ ရရှိသွားစေနိုင်ပါတယ်။

လက်ဦးဆရာနေရာမှာ အရာသွင်းခြင်းခံရတဲ့ မိဘတွေကလည်း အရေးကြီးတာကြောင့် ကျောင်းမလွှတ် မီကတည်းက ပညာသင်ကြားခြင်းဆိုတာ ကြောက်စရာကောင်းအောင် မလုပ်ပေးသင့်ပါဘူး။ ကျောင်းမှာက ကလေးတွေကို လွတ်လပ်ခြင်းနဲ့ သင်ကြားပေးပြီး အိမ်မှာ စာတွေ အတင်းသင်နေမယ်ဆိုရင်လည်း ကလေးဟာ ကျောင်းပျော်ပြီး အိမ်ပြေးချင်တဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။

၄ နှစ် ၅ နှစ် အရွယ် ကျောင်းကိုရောက်လာတဲ့ ကလေးတွေဟာ လူမှုရေးနောက်ခံ အမျိုးမျိုး၊ လူတန်းစား အသီးသီးကို အခြေခံလာကြမယ့် သူတွေ ဖြစ်ကြပါတယ်။ ယခင်က သူငယ်တန်းစထားဖို့ မထားမီတစ်နှစ်လောက် ကြိုပြီး စာတွေကို သင်ထားတတ်ပါတယ်။ သူငယ်တန်းလာတက်တဲ့ကလေးတွေဟာ သူငယ်တန်းကို ကျေနေကြ တာများတယ်။ ဒီကလေးတွေက သူငယ်တန်းဆိုပြီး အတန်းထဲလာထိုင် သူငယ်တန်းစာကို ပြန်ကိုင်ရတော့ သူတို့ အတွက် ထူးခြားမှု ဘယ်မှာရှိတော့မလဲ။

ဒါကြောင့် ကလေးတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဦးနှောက်ထဲမှာ ပုံသွင်းခဲ့သည်ဖြစ်စေ ကျောင်းကိုရောက်လာရင် ကျောင်းကနေ ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဘယ်လိုပုံစံနဲ့ရောက်လာတဲ့ ကလေးဖြစ်ပါစေ ဆရာတွေက ကိုယ်သင်ကြားလိုတဲ့ ပုံစံထဲရောက်အောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ဆိုတာ သူတို့အကြိုက်ဆုံးဖြစ်တဲ့ ပျော်ရွှင်စွာ ကစားခြင်းနဲ့ပဲစတင်တာ အကောင်းဆုံးဖြစ်ပါတယ်။

ကလေးတွေကို ပျော်ရွှင်စွာ ကစားခိုင်းပြီး တစ်နေ့ကို လေးနာရီလောက် လွှတ်ပေးထားသင့်တယ်။ အဲဒီလို လေးနာရီလောက် လွှတ်ထားချိန်ဟာ ဆရာတွေက လေ့လာအကဲခတ် စောင့်ကြည့်တာမျိုးမဟုတ်ဘဲ သက်သာတဲ့ အလုပ်မျိုးတစ်ခုလို့ သတ်မှတ်လိုက်ရင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ကစားရင်းစာသင်တယ်ဆိုတာ ပေါ့ပေါ့လေးတွေးလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကလေးတွေ ပျော်ရွှင်စွာ ပြေးလွှားကစားနေချိန်မှာ ဆရာတွေက ဦးနှောက်ကစားပြီး ဘယ်အချိန်၊ ဘယ်နေရာမှာ ငါတို့ ဘာလေး ထည့်သွင်းလုပ်ဆောင်ခိုင်းလိုက်ရင် ကောင်းမလဲ ဆိုတဲ့ အတွေးမျိုးဖြစ်မလာရင် အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးတွေလိုလှုပ်ရှား၊ ကလေးတွေနဲ့ အတူလိုက်ပြီးကစားနေတဲ့ ဆရာဆရာမများဖြစ်အောင် ဦးစွာ အားထုတ်ဖို့လိုမယ်လို့ထင်ပါတယ်။

(Photo Credit: TOOTRiS)

တင်ညွန့်

၁၂.၈.၂၀၂၃

28/09/2023

ကွာလတီပညာရေး
-------------------
အရည်အသွေးပညာရေးအကြောင်း အစရလာလို့ အိန္ဒိယနိုင်ငံ သမ္မတကြီး ပရာနပ် မူခါဂျီးရဲ့ Quality Education အကြောင်း ပြောသွားတာလေးကို သတိရမိတယ်။

မူခါဂျီးက ကျွန်တော်တို့ Quality Education အကြောင်းပြောရင် ကျွမ်းကျင်မှုဆိုတာ ထည့်မပြောလို့ မရဘူး။ ကျွန်တော်တို့နိုင်ငံ လူဦးရေအနေအထား၊ ဘာသာရေး လူမျိုးရေး ကွဲပြားမှုတွေကြောင့် ကလေးတစ်ယောက်ကို ဘွဲ့ပေးလိုက်မယ်ဆိုရင် အဲဒီပေးလိုက်တဲ့ဘွဲ့ဟာ ဘက်စုံ လွှမ်းခြုံပြီး ကျွမ်းကျင်မှုကို အခြေခံတဲ့ ဘွဲ့မျိုးဖြစ်ဖို့လို တယ်။ အလုပ်အကိုင် အခွင့်အလမ်းကို အထောက်အကူမပေးနိုင်တဲ့ ပညာရေးကို ကျွန်တော်တို့က Quality Education လို့ မသတ်မှတ်နိုင်ဘူး လို့ ပြောခဲ့ပါတယ်။

သူပြောချင်တာက ပညာဆိုတာ ဘဝမှာ ရှာဖွေစားသောက်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းကို အထောက် အကူပြုမှ Quality Education ဖြစ်တယ်လို့ ခံယူပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ စာချည်းသက်သက် မသင်ဘဲ တကယ့်ပညာလည်း သင်ပေးကြပါလို့ အိန္ဒိယသမ္မတဟောင်းကပြောလိုက်တာဖြစ်ပါတယ်။

မူခါဂျီးက သူတို့နိုင်ငံမှာ လုပ်ငန်းခွင်နဲ့ အံဝင်စေတဲ့ ပညာရေးကို အကောင်အထည်ဖော်နေပေမယ့် ကမ္ဘာ့အဆင့်နဲ့ ယှဉ်ရင် သူတို့နိုင်ငံ တက္ကသိုလ်တွေက အဆင့် ၂၀၀ လောက်ရောက်နေတာကိုလည်း စိတ်ထဲမှာ အားမလိုအားမရ ဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံမှာ ခုဆိုရင် တက္ကသိုလ်ပေါင်း ၇၀၀ ရှိတယ်။ အချက်အချာကျတဲ့ တက္ကသိုလ်ကြီးက ၄၄ ခုရှိတယ်။ ကောလိပ်ပေါင်း ၃၆၀၀၀ ရှိတယ်။ သူတို့နိုင်ငံလူဦးရေက သန်း ၁၀၀၀ ကျော် (၁ ဒသမ ၂၅၂ ဘီလီယံ) ရှိတယ်။ သမ္မတကြီး တောင်းဆိုနေတာက တက္ကသိုလ်တွေ ကောလိပ်တွေ ဘယ်လောက်များများ ကိုယ့်လူမျိုးတွေကို အလုပ်နဲ့ ပညာရေး ပေါင်းစပ်ပေးနိုင်တဲ့ Quality ပညာရေးပဲ။

ဆိုလိုချင်တာက ဘယ်ကျောင်းကထွက်ထွက် အမေရိကန်ဖြစ်ဖြစ်၊ ပြင်သစ်ဖြစ်ဖြစ်၊ အင်္ဂလန်ဖြစ်ဖြစ် ရောက်တဲ့ တိုင်းပြည် ရောက်တဲ့နေရာတိုင်းမှာ လုပ်ငန်းခွင်ကို အသင့်ဝင်ရောက်နိုင်တဲ့ အိုင်တီပညာရှင်တွေ၊ အင်ဂျင်နီယာ တွေ မွေးထုတ်နိုင်ရေးဟာ သူမျှော်မှန်းထားတဲ့ Quality ပညာရေးဖြစ်ပါတယ်။

ဘွဲ့တွေ လှိမ့်ထုတ်ပေးပြီး နိုင်ငံတကာသွား ကျွန်ခံဖို့ အိန္ဒိယသမ္မတက ခွင့်မပြုဘူး။ အမေရိကမှာ သူတို့အိန္ဒိယသား တွေ လက်မထောင်နေနိုင်တာ Quality ပညာရေးကြောင့်လို့သူက ကြွားလုံးထုတ်ထားတယ်။ လူဦးရေနဲ့ မတန်အောင် ကျောင်းတွေဆောက်၊ ကျောင်းမတက်နိုင်အောင် တစ်ဘက်ကလုပ်ထားပြီး အဝေးသင် ပညာရေး ဆိုတာတွေ အကောင်အထည်ဖော်နေတာကို Quality ဆိုပြီး သူကမပြောဘူး။

သူပြောတာ တစ်ခုပဲ အလုပ်နဲ့ ပညာရေး ပေါင်းစပ်မပေးနိုင်ရင် Quality မဟုတ်ဘူး

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းကစတင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အရေအတွက် ဗဟိုပြု ပညာရေး စနစ် (Quantitative Education) လမ်းကြောင်းကို လိုက်လာကြတာ တွေ့ရတယ်။ အဲဒါကလည်း ပညာရေး ထောင်စုနှစ်ဆိုပြီး လုပ်လိုက်တာကြောင့် ကမ္ဘာ့ကလေးပေါင်း သန်း ၅၀ လောက်ကို ပညာတတ်အောင် လုပ်ကြမယ်ဆိုပြီး လုပ်လိုက်ကြတာပါ။ ကလေးတိုင်း အခြေခံပညာ မတတ်မဖြစ် တတ်ရမယ်ဆိုပြီး သန်း ၅၀ မပြည့်ပြည့်အောင် လိုက်လုပ်ကြတော့ အရေအတွက်တော့ပြည့်လာတယ်၊ အရည်အသွေးကတော့ မမီတော့ဘူး။ လက်ရှိ PISA သုတေသနအဖွဲ့က ဆန်းစစ်ထားတာကတော့ အရေအတွက်ပြည့်အောင် လုပ်ခဲ့ပြီး အရည်အသွေး မပြည့်မီခဲ့တဲ့ ပညာရေးလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ပြောခဲ့တာ စဉ်းစားဆင်ခြင်စရာ ကောင်းပါတယ်။ သူတို့ သန်း ၅၀ ကိုပညာတတ်အောင်လုပ်ခဲ့တယ်ဆိုပေမယ့် ကမ္ဘာမှာ စာရေးစာဖတ်၊ အတွက်အချက်မတတ်တဲ့ ကလေးပေါင်း သန်း ၂၅၀ လောက်ရှိနေသေးတယ်။ ထူးဆန်းတာက အဲဒီ သန်း ၂၅၀ ဆိုတာက ကျောင်းတက်ပြီး စာမတတ် တာတွေ ဖြစ်နေတာပဲ။ ဒါကြောင့် ကျောင်းနေတိုင်း စာတတ်ရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုလာတယ်။

ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အမှန်လိုအပ်နေတဲ့အထဲမှာ အရည်အသွေးထက် အရေအတွက်ကို ဦးစား ပေးပြီး လှိမ့်ထုတ်နေတဲ့ စနစ်ကိုလည်း ပြုပြင်ဖို့လိုပါတယ်။ အရည်အသွေးမီ ပညာရေးဖြစ်ဖို့ အေ ၆ လုံး လိုပါတယ်။

အင်္ဂလိပ်အက္ခရာ A ၆ လုံးဆိုတာက

Assessment,
Autonomy,
Accountability,
Attention to teachers,
Attention to early childhood development,
Attention to culture ဆိုတာတွေ ဖြစ်ပါတယ်။

Assessment - ဆိုတာက လက်ရှိတော့ ကလေးတွေရဲ့ အရည်အသွေးကို အမှတ်နဲ့ ပိုင်းဖြတ်နေတဲ့ စနစ်ကို လုံးဝ ပြုပြင်ပြောင်းလဲလိုက်ဖို့လိုတယ်။ ကလေးတွေကို အမှတ်များရင် တော်တယ်ဆိုတာထက် တစ်ဦးချင်းရဲ့ ပင်ကိုယ် အရည်အသွေး လုပ်ဆောင်နိုင်စွမ်းတွေကို သုံးသပ်ပြီး အရည်အသွေးကို ပိုင်းဖြတ်တဲ့ ပညာရေးစနစ်မျိုး လိုအပ်ပါတယ်။ ပညာရေးမှာ ဘယ်လိုမှ တိုင်းတာပိုင်းဖြတ်ခြင်း အဆင့်သွင်းခြင်း မခံရတဲ့ နိုင်ငံတွေဟာ တတ်မြောက်မှုနဲ့ မပိုင်းဖြတ်ဘဲ အမှတ်တွေနဲ့ ပိုင်းဖြတ်နေကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဥပမာပြရရင် မြန်မာနိုင်ငံ ပညာရေးမှာ အမှတ်နဲ့ တိုင်းတာနေကြလို့ Quality မဖြစ်သေးဘူး။ ဂျော်ဒန်နိုင်ငံပညာရေးမှာ ပညာရေးကို နိုင်ငံတကာ စံနှုန်းနဲ့ စစ်ဆေးတယ်။ ကလေးတစ်ယောက်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို Feedback Loop ဆိုတာနဲ့ ပြန်ပြီးတိုင်းတာ စစ်ဆေးနေကြလို့ အလွန်တိုးတက်အောင်မြင်တဲ့ ပညာရေးစနစ်လို့ သတ်မှတ်ခြင်းခံခဲ့ရ တယ်။

Autonomy - ဆိုတာက ကျောင်းတွေကို ကိုယ့်ကျောင်း ကိုယ့်စနစ်ဆိုပြီး လုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်တာပဲ။ ဒီစနစ်မှာ ကိုယ်ပိုင်ကျောင်းထူထောင်ချင်လည်း ခွင့်ပေးရမယ်။ သူတို့သင်ချင်တဲ့ နည်းစနစ်၊ သူတို့ပျိုးထောင်မယ့် ရင်းမြစ်၊ သူတို့ဖော်ဆောင်ချင်တဲ့ပန်းတိုင်ကို လေးစားရမယ်။ အဓိကလိုရင်းကတော့ နိုင်ငံတကာ သတ်မှတ်ချက် စံတစ်ခုကို အပြိုင်အဆိုင်နဲ့ မရ၊ ရအောင်ချဉ်းကပ်နိုင်ခြင်းပဲ။

သြစတြေးလျှ၊ ကနေဒါ၊ ဖင်လန်၊ ဂျပန်၊ ကိုရီးယားစတဲ့ OECD နိုင်ငံ ၅ နိုင်ငံက ကျောင်းသားတွေကို လေ့လာကြည့်ရင် သိပ္ပံပညာမှာ သာမန်ထက် ထူးချွန်နေကြတာတွေ့ရတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံက ကျောင်းသား တွေဟာ လူမှုရေးဖြစ်စေ၊ စီးပွားရေးအသိနဲ့ ပတ်သက်လို့ပဲဖြစ်စေ အခြားနိုင်ငံက ကျောင်းသားတွေလောက်တောင် အသိမရှိဘူးဆိုတာတွေ့ရတယ်။ ကျောင်းတွေကို ကိုယ်ပိုင်စီမံဖန်တီးခွင့်တွေ ပေးထားတယ်ဆိုတာက လိုတိုး၊ ပိုလျှော့စနစ်တွေနဲ့ စိတ်ကြိုက်ဖန်တီး ပြုပြင်နိုင်အောင်ဖြစ်ပါတယ်။

Accountability - ဆိုတာကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်ကို ဆန်းစစ်ဖို့ ဖြစ်ပါတယ်။ Autonomy နဲ့ Accountability ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ကိုယ်သင်တဲ့ ဘာသာရပ်မှာ တာဝန်ခံမှုတွေ တာဝန်ယူမှုတွေ ရှိဖို့ဆိုတာ လုပ်ပိုင်ခွင့်လည်း အပြည့်အဝပေးထားဖို့လိုပါတယ်။ ကျောင်းတွင်း လှုပ်ရှားမှုလုပ်ငန်းမှန်သမျှဟာ အထက်အဆင့်ဆင့်ဆိုတာ ရှိပေမယ့် ကျောင်းအုပ်အစ၊ ဆရာအလယ်၊ ကျောင်းသားအဆုံး အားလုံးဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်နိုင်တဲ့ ပညာရေးမျိုး ဖြစ်ဖို့လိုတယ်။ ကိုယ့်အလုပ်ကိုယ် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရဖို့လိုပါတယ်။ ကျောင်းအုပ်က ကျောင်းရဲ့ ဘဏ္ဍာရေး ကို အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သတ်မှတ်မယ်။ ဆရာတွေက ကိုယ်သင်ပြရမယ့်ဘာသာရပ်ကို အထက်ကအမိန့် ပေးထားတဲ့အတိုင်း သင်ချင်မှလည်းသင်မယ်။ ကျောင်းသားတွေကလည်း လွတ်လပ်စွာ သင်ယူမှုကို အထောက် အကူပြုနိုင်တဲ့ သင်ကြားမှုကို တောင်းဆိုပိုင်ခွင့်ရှိရမယ်။ တစ်နည်းပြောရရင်တော့ ကိုယ့်အလုပ် ကိုယ်လွတ် လပ်စွာ လုပ်ပိုင်ခွင့်ရမှ Quality ပညာရေးဖြစ်လာနိုင်မယ်။

Attention to teachers - ဆိုတာက ဘယ်နိုင်ငံမှာမဆို ဆရာကောင်းတစ်ယောက်ဆိုတာ သင်ကြားတဲ့ ဘာသာရပ်ကို စာအုပ်ကြီးအတိုင်းမသင်ဘဲ ကလေးတွေကို တတ်အောင်၊ နားလည်အောင် သင်တဲ့ဆရာမျိုးတွေကို ခေါ်ပါတယ်။ တစ်နည်းပြောရရင် စာသင်တဲ့ဆရာကို လူတော်တွေလို့ မသတ်မှတ်ပါဘူး။ ပညာသင်တဲ့ဆရာတွေ ကိုသာ လူတော်တွေလို့ သတ်မှတ်ကြပါတယ်။ သင်ယူမှုဖြစ်စဉ်မှာ ကျောင်းသားကို အလွတ်ရွတ်ပြနိုင်အောင် သင်တဲ့ဆရာထက် လက်တွေ့အသုံးချပြတတ်တဲ့သူတွေကို မွေးထုတ်ပေးနိုင်တဲ့ ဆရာတွေကိုသာ တော်တဲ့ဆရာ တွေလို့ သတ်မှတ်ကြပါတယ်။ တကယ်တော်တဲ့ကျောင်းကြီးတွေဟာ စာသင်တဲ့ဆရာတွေထက် ပညာသင်တဲ့ ဆရာတွေကို မွေးမြူထားလေ့ရှိကြတယ်။ ဆရာကို မွေးထုတ်ရာမှာ ဘွဲ့ရလာလို့ စာသင်တတ်မယ်လို့ ထင် တစ်လုံးနဲ့ မွေးထုတ်တာထက် ဘယ်တက္ကသိုလ်မှာ၊ ဘယ်ဘာသာရပ်ကို၊ ဘယ်လောက် စွမ်းဆောင်ပြနိုင်ခဲ့ပြီး၊ ဘယ်လောက်အထိတော်တဲ့ သူလဲ၊ သင်ကြားမှု သင်ယူမှုဖြစ်စဉ်မှာ ဘယ်လောက် ပိုင်နိုင်ကျွမ်းကျင်သူလဲ ဆိုတာနဲ့ တိုင်းတာပြီး ရွေးချယ်လေ့ရှိပါတယ်။

Attention to early childhood development - ကို အတိုကောက်အားဖြင့်တော့ (ECD) လို့ခေါ်ပါတယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု အလုပ်သင့်ဆုံးနေရာဖြစ်သလို၊ ရင်းနှီးမြှုပ်နှံသလောက် အကျိုးရှိတဲ့နေရာပေါ့။ ECD အနေအထားမှာကတည်းကိုက Quality ဖြစ်ဖို့လိုတယ်။ အခြေခံကို အခြေခိုင်အောင်တည်ဆောက်ချင်ရင် ECD ကို Quality ဖြစ်အောင်လုပ်ခဲ့ရမယ်။ ဂျမေကာနိုင်ငံမှာ ECD အတွက် ဆရာတွေလက်ကို မအပ်မီ၊ မိဘတွေ လက်ထဲမှာ Quality ဖြစ်အောင် လေ့လာဆန်းစစ်ကြည့်ကြတယ်။ ကျောင်းမအပ်မီအချိန်အထိ မိဘတွေက ကောင်းကောင်းလေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်း ခံရတဲ့ကလေးတွေဟာ မိဘတွေ ဂရုစိုက်သင်ကြားခြင်း မခံရတဲ့ ကလေးတွေထက် ၄၂ ရာခိုင်နှုန်းပိုသာကြောင်းတွေ့ရတယ်။ ဒါကြောင့် လက်ဦးဆရာဆိုတဲ့ မိဘတွေ အရေး ကြီးတယ်။ အချို့နိုင်ငံတွေမှာ ECD ကို မူကြိုနဲ့ Quality ဖြစ်အောင်လုပ်တယ်။ မူကြိုဆိုတာ ကလေးထိန်းဖို့ မဟုတ်ဘူး။ ကလေးကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလဖွံ့ဖြိုးအောင် အခြေခံပေးလိုက်တဲ့နေရာဖြစ်သင့်တယ်။

Attention to culture - ဆိုတာကတော့ ကျောင်းတိုင်းအလေးမထားတတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျောင်းတွေမှာ နိုင်ငံတကာစံနဲ့ သင်တယ်ဆိုတာထက် ကိုယ့်တိုင်းပြည်အခြေအနေအတိုင်း သင်နေကြတာများတယ်။ အထူးသဖြင့်တော့ အင်္ဂလိပ်စာဆိုတာကို နိုင်ငံတကာက စံအဖြစ် လက်ခံပြီး သင်ကြားနေချိန်မှာ ကိုယ့်ဘာသာ စကားကို အလေးထားပြီး သင်ကြားပေးနေတဲ့ကျောင်းတွေကို Quality ပညာရေးဖြစ်လာဖို့ မျှော်လင့်လို့ မရပါဘူး။ အခြားမကြည့်ပါနဲ့ စင်ကာပူပညာရေးကိုပဲကြည့်ပါ။ အားလုံးကို တစ်ခုတည်းဖြစ်အောင် အင်္ဂလိပ်စာ ကိုပဲ အလေးထားသင်၊ အင်္ဂလိပ်လိုပဲ အဓိကပြောစေပြီး ကမ္ဘာ့ပညာရေးအဆင့်ကို မြှင့်ထားခဲ့တာပါ။

အချို့သောနိုင်ငံတွေက နိုင်ငံရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ အင်္ဂလိပ်စာကို မျိုးချစ်စိတ်၊ ဘာသာ ချစ်စိတ်တွေနဲ့ ဇလုတ်တိုက်ပြီး မသင်ခိုင်းကြတာတွေရှိပါတယ်။ စင်ကာပူကျောင်းတွေမှာ တရုတ်စကား မပြောကြဘူး။ အိမ်မှာပြောရင်ပြောမယ်။ ကျောင်းမှာတော့ အင်္ဂလိပ်လိုပဲပြောကြရတယ်။ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးစံတွေဆိုတာ နိုင်ငံတကာနဲ့ယှဉ်ရင် မေ့ထားသင့်တာတွေကို မေ့ထားနိုင်ရပါလိမ့်မယ်။ မျိုးချစ်စိတ်ကြောင့် အင်္ဂလိပ်စာမသင်နဲ့ဆိုရင် ကိုယ့်နိုင်ငံက ကလေးတွေဟာ အိမ်ကျယ်လေးတွေပဲဖြစ်နေပါလိမ့်မယ်။ ကမ္ဘာနဲ့ ယှဉ်ပြီး ကမ္ဘာ့အဆင့်ဝင်ချင်ရင် ကမ္ဘာကလက်ခံတဲ့ စံနှုန်းနဲ့ ယှဉ်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။

Quality ဖြစ်ချင်ရင် Quality ဖြစ်အောင်လုပ်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပြီး ပညာရေးကို မြှင့်တင်သင့်ပါတယ်။ အထူးသဖြင့် Quality ဖြစ်ဖို့ A ၆ လုံးပညာရေးစနစ်နဲ့ ဘောင်ဝင်အောင် သင်နိုင်ခဲ့ကြသလားဆိုတာ ဆန်းစစ်ပြီးမှ အဆင့်မီပညာရေးကို အကောင်အထည်ဖော်နေပြီလို့ ပြောသင့်ပါတယ်။

Ref : The World Bank, Education for Global Development

Photo Credit: Exeed ECX

တင်ညွန့်

၉.၈.၂၀၂၃

28/09/2023

ခေတ်ပြောင်းသွားတာ သဘောပေါက်ပါ
--------------------------------------
ခရီးရေးတစ် (Creative) ဖြစ်ရေးဆိုတဲ့စကားလုံးကို ပညာရေးလောကမှာ ပြောလာကြပါတယ်။

Creative ဆိုတာကို Google အဘိဓာန်မှာ

Relating to or involving the use of the imagination or original ideas to create something လို့ ဖွင့်ဆိုပါတယ်။

Webster အဘိဓာန်မှာတော့

Having or showing an ability to make new things or think of new ideas လို့ဖွင့်ဆိုထားပါတယ်။

အားလုံးကို ခြုံပြီး ပြောရရင်တော့ စိတ်ကူးသစ်တွေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတာကို ပြောတာလို့ ဆိုနိုင်ပါတယ်။

အစဉ်အလာ ပညာရေးလမ်းကြောင်းကို ပြန်သုံးသပ်ကြည့်ရင် Creativity မဖြစ်တာကတော့ ကျိန်းသေပါတယ်။ ဆိုလိုချင်တာက အစဉ်အလာလမ်းကြောင်းကနေ ဆရာတွေကလည်း ထိုးဖောက်တီထွင်ပြီး သင်ကြားလိုစိတ် မရှိဘူး။ သင်ကြားလို့လည်း မရဘူး။ ကျောင်းသားတွေကိုလည်း အစဉ်အလာဆိုတဲ့ ဘောင်ထဲမှာပဲ ဖတ်စာအုပ် ထဲကအတိုင်း အလွတ်ကျက်ပြီး ဖြေစေတဲ့စနစ်တွေကို ကျင့်သုံးနေကြတာဆိုတော့ Creativity ဖြစ်မလာတော့ပါ ဘူး။

Creative အတွေးအခေါ်တွေကို စတင်ပြီး ပျံ့နှံအောင်လုပ်သွားတဲ့ အက်ဒ်ဝပ် ဒီဘိုနိုဆိုတာ Creative thinking နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၃၀ ကျော်လောက် လုပ်လာတဲ့သူပါ။ သူက ကျောင်းသားတွေကို အဲဒါဘာလဲဆိုတာ သိကြသလား ဆိုတဲ့ အမေးမျိုးနဲ့ သင်နည်းတွေဟာ ခေတ်မမီတော့ဘူးလို့ စတင်ဝေဖန်ခဲ့သူပေါ့။

သူက

ကျောင်းသားတွေကို တွေးတောရဲအောင် လမ်းဖွင့်ပေးပါ။

တီထွင်နိုင်အောင် အခွင့်အရေးတွေပေးပါ။

လုပ်ရဲ ကိုင်ရဲ မေးခွန်းပြန်ထုတ်ရဲအောင် လမ်းကြောင်းပေးပါလို့ ပြောပါတယ်။

ဆရာတွေအနေနဲ့ သူပြောတာတွေကို လုပ်ဆောင် ပေးဖို့ မဝံ့မရဲ ဖြစ်နေသေးရင် Creative မဖြစ်သေးဘူးလို့ ပြောရတော့မှာပဲ။

ခေတ်အနေအထားက ဈေးကွက်စီးပွားရေးစနစ်တွေကို အကောင်အထည် ဖော်နေကြတဲ့ခေတ်ပါ။ ဈေးကွက်စီးပွား ရေးစနစ်နဲ့အတူလိုက်ပြီး ကပ်ပါလာတဲ့ ခေတ်ရဲ့တောင်းဆိုမှုက စွန့်ဦးတီထွင်နိုင်သူ (entrepreneur) ဆိုတဲ့ စွမ်းဆောင်ရှင်တွေကို မွေးထုတ်ပေးရမှာ။ စာသင်ခန်းထဲမှာ ကလေးတွေကို ပိတ်လှောင်ထားပြီးတော့ စာတွေကို ၏ သည် မရွေ့ ကျက်ခိုင်းပြီး ပြန်ရေးခိုင်းနေတဲ့ စာမေးပွဲစနစ်နဲ့ အဲဒီ စာမေးပွဲရလဒ်တွေအတိုင်း အကဲဖြတ် အမှတ်ပေး လူတော်တွေလို့ သတ်မှတ်နေကြတဲ့ခေတ်မှာ ဘယ်လိုမှ စွမ်းဆောင်ရှင်လေးတွေ ထွက်ပေါ်လာစရာ လည်း မမြင်ပါဘူး။

စွမ်းဆောင်ရှင်လေးတွေ မပေါ်ထွက်ဖူးလားလို့ မေးစရာရှိပါတယ်။

ပေါ်ထွက်တယ်ဆိုရင် လည်း အဲဒီ စွမ်းဆောင်ရှင်လေးတွေဟာ ကျောင်းတွေကနည်းကို တော်လှန်ဖောက်ထွက် နိုင်ခဲ့လို့ ထူးချွန်နေတဲ့ သူတွေ ဖြစ်နိုင်ပါလိမ့်မယ်။ ဂုဏ်ထူးအကုန်ထွက်ပြီး ဆေးကျောင်းတက်နိုင်တယ် ဆိုတာဟာ အဖြေမဟုတ် ဘူးဆိုတာလောက်တော့ သဘောပေါက်ထားစေလိုပါတယ်။

ဒီဘိုနိုက တွေးတောနိုင်မှုဆိုတာ အခြေခံ အချက် သုံးချက်နဲ့ ကိုက်ညီရမယ် လို့ဆိုပါတယ်။ သူပြောတဲ့ သုံးနားညီ တွေးခေါ်မှုဆိုတာဘာလဲ။

သူက What is, What may be, What can be လို့ပြောပါတယ်။

ကျွန်တော်တို့လူ့ဘောင်မှာ အများဆုံးရင်းနှီးနေကြတာက What is ဆိုတဲ့ ဆင်ခြင်နည်းတွေဖြစ်ပါတယ်။ What may be ဆိုတာကို တန်ဖိုးမထားတတ်ကြဘူး။ What can be ဆိုပြီး တွေးတောဆင်ခြင်မှုတွေကတော့ ပိုပြီး ဝေးနေပြီလို့ ဆိုပါတယ်။

လူတိုင်းဟာ အဲဒါဘာလဲဆိုတာလောက်ကို အပြောစောင့်ပြီး နားထောင်တတ်ကြပါတယ်။ ပြောမှလုပ်၊ ခိုင်းမှလုပ်၊ ပြောတဲ့အတိုင်းလုပ်ပါများလာတော့ ကိုယ်တိုင်က တီထွင်မလုပ်တတ်တော့ဘူး။ တစ်ခုခုကို ဟိုလိုလုပ်ရင်ရ သလား၊ ဒီလိုလုပ်ရင် ရသလားလို့ ဖောက်ထွက်မတွေးတော့ဘူး။ ခိုင်းတဲ့အတိုင်းပဲ လုပ်တတ်တော့တယ်။ သင်ထားတဲ့အတိုင်းပဲ လုပ်တတ်တော့တယ်။ အဲဒီလိုလူတွေက ဘယ်လိုလုပ်ပြီး တစ်ခုခုကို ဒီအတိုင်းလည်း ဖြစ်နိုင်တာပဲ၊ ဟိုလိုလုပ်လည်း ရတာပဲလို့ ဖောက်ထွက် ဆင်ခြင်တွေးတောနိုင်တော့မှာလဲ။

အမိန့်ကို နာခံတတ်တဲ့သူတွေကို မွေးထုတ်လိုက်တာဟာ အာဏာရှင်စနစ်ကို အထောက်အကူပြုပေးထားတဲ့ စနစ် ဖြစ်ပါတယ်။ ပြန်မပြောနဲ့၊ နားထောင်၊ ဒီအတိုင်းလုပ်ရင် အောင်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေကို ရိုက်ထည့် ပေးရတာ လွယ်ပါတယ်။ အားထုတ်မှုမပါတော့ လူမပြောနဲ့ တိရစ္ဆာန်ကိုတောင် နားထောင်တတ်အောင်၊ လုပ်ဆောင်တတ်အောင် သင်လို့ရပါတယ်။

လူသားကို သင်ရုံသက်သက် မတတ်ပါဘူးလို့ ဒီဘိုနိုကဆိုပါတယ်။ အစိုးရက ကိုယ့်နိုင်ငံက လူငယ်တွေကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ ကိန်းဝပ်စေရန် သင်ကြားပေးပါလို့ ပြောလေ့ရှိတယ်။ အပြုသဘောဆောင် တဲ့စိတ်ဓာတ်တွေ လူငယ်တွေ စိတ်ထဲမှာ ကိန်းဝပ်လာအောင် သင်ရင်ရသလား ပြန်စဉ်းစားရပါလိမ့်မယ်။

ကွန်ပျူတာစာရိုက်တယ်။ လက်လေးနှစ်ချောင်းထိုး ရိုက်နည်းနဲ့လေ့ကျင့်လာတဲ့ လူတစ်ယောက်ဟာ လက်နှစ် ချောင်းထိုးနည်းနဲ့ပဲ အကောင်းဆုံး ရိုက်တတ်သွားလိမ့်မယ်။ စနစ်ကျတဲ့ ရိုက်နည်းနဲ့ နည်းနည်းလေး အားထုတ် လိုက်တာဟာ ပိုပြီး လွယ်ကူမြန်ဆန်သွားစေနိုင်တယ်ဆိုတာ သိပေမယ့် နှစ်ချောင်းထိုးနည်းနဲ့ လုပ်ဆောင်လို့ အဆင်ပြေနေသူတွေဟာ နှစ်ချောင်းထိုးနည်းပဲသုံးမယ်။ ပိုပြီးတော့ အားထုတ်လိုက်လို့ ရလာတဲ့ အကျိုးတရားကို ဆက်ပြီးလုပ်ဖို့ ဝန်လေးတတ်တယ်။

အတွေးအခေါ်မှာလည်း ဒီအတိုင်းပဲ။ တွေးတောနည်း အခြေခံမှာ စကတည်းက လုံးဝပြီးပြည့်စုံတဲ့စနစ်နဲ့ တိုက်ရိုက်သင်ကြားလိုက်ဖို့လိုတယ်။ နှစ်ချောင်းထိုးနည်းက အလုပ်ဖြစ်ပေမယ့် စနစ်မကျဘူးဆိုတာကို သိတဲ့ လူကလည်းသိ၊ ညွှန်တဲ့လူကလည်းညွှန်၊ ခံယူတဲ့သူတွေကလည်း ခံယူနိုင်ရမယ်။ ဒီနည်းကလည်း အလုပ်ဖြစ်နေ တာပဲဆိုပြီး လက်ခံကျင့်သုံးနေရင် အမှားနဲ့ တစ်သက်လုံး ရင်းနှီးပြီး နှစ်ချောင်းထိုးပညာဖြစ်နေတော့မှာ သေချာပါတယ်။

Critical ဖြစ်အောင် သင်တယ်ဆိုတာကလည်း အမြဲဆန်းစစ်ဝေဖန်တဲ့အမြင်မျိုးရှိအောင် သင်ကြားနည်းဖြစ်ပါ တယ်။ Critical ဖြစ်အောင် သင်လို့မရဘူး။ Critical ဖြစ်အောင်တွေးတောဆင်ခြင်ဖို့ လေ့ကျင့်ပေးသွားမှရတယ်။ ကျောင်းတွေမှာ သင်ကြားနေတဲ့နည်းက ပိုင်းဖြတ်တဲ့နည်းနဲ့ အဆင်ပြေအောင် ဖန်တီးထားတာတွေဖြစ်ပါတယ်။ အမှတ်ပေးစည်းမျဉ်းဆိုတာကို ပုံသေဆွဲထားလိုက်တယ်။ ဒါပါရင် ဒီလောက်ပေး၊ ဒီလိုဖြေရင်မှန်၊ ဒီလိုမဖြေရင် အမှားဆိုတာက Critical မဟုတ်ပါဘူး။ ကျောင်းသားတွေက တီထွင်ဖြေစရာမလိုဘူး။ ကျက်လာတဲ့ အတိုင်းရေး လိုက်ရင်ရတယ်။ အမှားအမှန်ရောထွေး အမှန်ရွေးဆိုရင်လည်း မသိရင်တောင် နံကြားလက်ညှိုးထောက်ပြီး ဖြေလိုက်လို့ရတဲ့စနစ်နဲ့ အမှတ်ပေးတာကို Critical ဖြစ်တယ်လို့ မပြောနိုင်ပါဘူး။

ကျောင်းသင်ပညာရေးဆိုတာ အရေး၊ အဖတ်၊ အတွက် သုံးမျိုးလောက်ကိုပဲ အခြေခံနေကြတာများတယ်။ အရေး အဖတ် အတွက်ဆိုတာ အခြေခံအားဖြင့် အရေးကြီးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါတွေတတ်သွားတဲ့သူတွေ ဟာ လူ့ဘောင်ဘဝကို တကယ်ပြန်ပြီး အကျိုးပြုနိုင်သလားဆိုတာနဲ့လည်း ပြန်ပြီးတော့ ပိုင်းဖြတ် ဆန်းစစ် ကြည့်ဖို့လိုပါတယ်။

ပြောချင်တာက လက်တွေ့ဘဝနဲ့ အမှန်တကယ်ကိုက်ညီတဲ့ ပညာတွေကို သင်ပေးပြီးပြီလား ဆိုတာ စဉ်းစားဖို့ ပြောတာပါ။ အလီတွေကို ကျက်ခိုင်းနေပြီး မရရင် ရိုက်နေတော့ ကိန်းဂဏန်းသင်္ချာတွေဟာ မုန်းစရာ ဖြစ်လာ တော့တာပေါ့။ ကလေးတွေကို အမြှောက်အလီတွေ အလွတ်ကျက်ခိုင်းနေမယ့်အစား အဲဒီ အလီဆိုတဲ့ ကိန်းဂဏန်း တွေဟာ ဘယ်လိုဖြစ်တည်လာသလဲဆိုတဲ့ သဘောတရားလေးတွေကို အခြေခံကျကျ သင်ပြနိုင်အောင် ဆရာတွေ အားထုတ်ခဲ့ဖူးပါသလား။

ဦးနှောက်ဆိုတာ မူလက Non Creative ပါ။ ပြောချင်တာက မူလကတည်း တီထွင်ဖန်တီးတတ်တဲ့ သဘော တရားတွေ ကိန်းဝပ်ပြီး ကြီးထွားလာတာ မဟုတ်ပါဘူး။ တကယ်လို့ ဦးနှောက်ဟာ Creative ဖြစ်ခဲ့တယ်ဆိုရင် လည်း လုံးဝသုံးစားလို့မရတဲ့ဟာကြီး ဖြစ်နေပါလိမ့်မယ်။

ဗီရိုထဲကနေ အဝတ်ရွေးဖို့ အင်္ကျီ ၁၂ ထည် ရှိနေတယ် ဆိုရင်တောင် တွက်ဆရတဲ့စိတ်ကူးပေါင်းက ၃၉,၉၁၆,၈၀၀ လောက်ဖြစ်သွားနိုင်ပါတယ်တဲ့။ အဲဒါတွေ အားလုံး လိုက်မလုပ်နိုင်ဘူး။ ဒီတော့ ဦးနှောက်က လိုတာလောက် ဖွင့်ထား၊ မလိုတာတွေကို ပိတ်ထားလိုက်ရတယ်။ အဲဒါဟာ လူ့ဘဝရဲ့ နေ့စဉ်အတွေးနဲ့ လှုပ်ရှားမှုတွေကို ဦးနှောက်က သူ့အစီအစဉ်နဲ့သူ ထိန်းချုပ်သွားတယ်လို့ ပြောချင်တာ။ ဦးနှောက်ဆိုတာ ပုံသေမဟုတ်ဘူး။ ကြုံလာရသမျှကို ရင်ဆိုင်ပြီး ဖြေရှင်းသွားရတဲ့နေရာလို့ ဆိုနိုင်ပါတယ်။ လူတိုင်း မွေးကတည်းက စက်ဘီးကို အလိုလို မစီးတတ်ပါဘူး။ စက်ဘီးစီးတတ်အောင် လေ့ကျင့် သင်ကြားရတဲ့သဘောပေါ့။

ကျွန်တော်တို့ဟာ သတင်းအချက်အလက်ခေတ် (Information Age) လို့ပြောနေချိန်မှာပဲ အဲဒီခေတ်က ကျန်သွားပြီ။ ခေတ်နောက်ကျသွားပါပြီ။ ခုခေတ်က အတွေးအခေါ်ခေတ် (Idea Age) ကိုရောက်နေပြီ။ ကိုယ့် သဘောထားတွေကို ဖော်ထုတ်ရမယ့်ခေတ် (Concept Age) ပြောင်းသွားပြန်ပြီ။ ခေတ်ရဲ့ပြောင်းလဲမှုကို မျက်ခြေ မပြတ်ဖို့လိုပါတယ်။

သတင်းအချက်အလက်တွေဆိုတာက တစ်ဆို့ကြီးဖြစ်နေနိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေပြီ။ Bottleneck ဖြစ်နေနိုင်တာကိုပြောတာပါ။ ရတဲ့အချက်အလက်တွေနဲ့ ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်းမရ ဖြစ်နေရင် ဘာဆက်လုပ်ကြမလဲ။ သတင်းအချက်အလက်တွေ စုဆောင်းနိုင်တဲ့ နည်းလမ်းတွေက ကျွန်တော်တို့မှာ အများကြီးပဲ။ လက်ထဲကို ရောက်လာတဲ့ အချက်အလက်တွေကို ဘာဆက်လုပ်မလဲ၊ ဘယ်လို အသုံးချမလဲဆိုတာ စဉ်းစားတွေးခေါ်နိုင်ဖို့ အရေးကြီးလာပြီ။ ဒါကြောင့် ကိုယ့်အတွေးအခေါ်နဲ့ ရှေ့ဆက်ပြီး မဖော်ထုတ်နိုင်ရင် ကျန်ခဲ့ တော့မယ်။

ကျွန်တော်တို့ကလေးတွေကို အချက်အလက်တွေချည်းပေးနေတဲ့ Information Age ခေတ်ထဲမှာ မထားခဲ့ပါနဲ့။ Idea Age ရောက်အောင်ခေါ်သွားပေးပါ။ သူတို့ရဲ့ Concept တွေကို ကောင်းကောင်း အသုံးချဖော်ထုတ်နိုင် အောင် လုပ်နိုင်မှ ပညာရေးကို ပြုပြင်ပြောင်းလဲနိုင်ပြီလို့ ဆိုရမှာပါ။

(Photo Credit: iTeach)

တင်ညွန့်

၁၄.၈.၂၀၂၃

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Public Schools in Yangon (show all)
Knowledge World Knowledge World
Yangon

သို့..... မိတ်ဆွေ ကျေးဇူးပြု၍ သင့်အနေဖ?

Ray of the Spring Ray of the Spring
Yangon, 11051

Education is your birthright.

BambiMay BambiMay
မိအမှတ်၁၅ မိုးကောမ်းလမ်း ဘောက်ထော်စာတိုက်မှူး ရန်ကင်း
Yangon

Aura Online Shop Aura Online Shop
Gonhtoo U Maung Maung Private School, 09 510 5040, Https://maps. App. Goo. Gl/sdWj58HrT2DWXiSb 6
Yangon, 11401

ဟေးကောင်တွေ

ShwePopa ShwePopa
Chaung Char
Yangon

RIGHT STEP - IGCSE Exam Preparation Classes RIGHT STEP - IGCSE Exam Preparation Classes
No. 287(A), Ground Floor, Migathi Street, 12 Ward, South Oakkalar Township
Yangon

IGCSE (Cambridge) - Exam Preparation Classes

Kemto Gaming Kemto Gaming
Yangon

🇲🇲MM Funny Videos 💯

Pwar-Gyi Pwar-Gyi
Yangon, ZAWW

skin care

Goodwill Academy Goodwill Academy
No(412) Kawliya 19th Street
Yangon, 11091

အောင်မြင်မှုများအတွက် လက်ကမ်းကြိုဆ

JAMES.mm JAMES.mm
Yangon

Barber Life💈🫰

JOY Japanese Language Centre JOY Japanese Language Centre
No (536)B , Part 3 (4) Street , Ngamoeyike , Sanpya Market
Yangon, THINGANGYUN

JOY Japanese Language Centre Ph-09 42 444 2685 ,09 976 171 616 စံပြစျေးမှတ်တိုင်/သင်္ဃန်းကျွန်းမြို့

AKARI AKARI
Yangon

#ဂျပန်စာလေ့လာနေသူများအတွက် #japanese #myanmar