NANN's Fictions

NANN's Fictions

Welcome My Little World��

07/03/2023

နန်းရဲ့, (Nann Myat)Acc lockကျသွားလို့ Messengerမှာ reply မပြန်နိုင်သေးပါဘူးနော်။
Paid group အရောင်းတွေလည်း နန်း Acc ပြန်ရတဲ့ထိ နားထားပါ့မယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

🥀Nann Myat

📍နန်းဆီမှာ မနေ့က paid group ဝယ်တဲ့သူ ရှိလားရှင့်။ ဝယ်ပြီး နန်း paid group joinမပေးထားရင် ဒီpost မှာ လာ‌ပြောပေးပါရှင့်။ နန်း Pageကော Accကောမှာ messengerဝင်မရလို့ပါရှင့်။

27/11/2022

နန်း Paid Groupလာဝယ်တဲ့စာဖတ်သူလေးတွေ နန်းကျန်းမာရေးကြောင့် စာမရိုက်နိုင်လို့ paid group အရောင်း ၁ပတ်နားပါ့မယ်နော်။

Paid groupမှာတောင် မနည်းRunနေရတာမို့ စာမပြန်နိုင်တာတွေ စာပြန်နောက်ကျတာတွေအတွက် အားနာပါတယ်ရှင့်😢

🥀NannMyat

23/09/2022

🌹 From Revenge To Love 🌹

Part(4)
~~~~~~~~~~~~~~~~~~~~~

မနက်ခင်း အလင်းရောင်နှင့်အတူ မှန်တံခါးမှ ဖြတ်သန်းလာသော နေခြည်နွေးနွေးသည် နွေဦးရာသီ ရောက်ပြီ ဖြစ်ကြောင်း သက်သေပြလျက်။

အိစက်နေသော မွေ့ရာထက် အိပ်မောကျနေသော အမျိုးသားတစ်ဦး။ လိုက်ကာတို့ ဖယ်ရှားခြင်း ခံထားရသော ပြတင်းတံခါးတို့မှ စူးရှနေသော နေရောင်ကြောင့် မျက်မှောင်တို့ တွန့်ချိုးကုန်ရသည်။

နေရောင်အား လက်ဖြင့်ကာရင်း တစ်စုံတစ်ယောက်အား မေတ္တာပို့ဖို့လည်း မမေ့။

တစ်အိမ်လုံးတွင်နေသော ယောက်ျားသား ၃ယောက် အနက် အငြိမ်မနေစွာ လက်ကမျဉ်းသူမှာ မင်းမြတ်ဟိန်းသာ ရှိသည်လေ။ ညက နိုင် ကိုယ်တိုင် ပိတ်ထားသော လိုက်ကာတို့ ပွင့်ဟနေသည်မှာလည်း ဒီကောင့်လက်ချက်ပင်။

"နိုးရင်လည်း ထ.....အပျင်းတစ်မနေနဲ့"

နိုင် တွေးလို့မှ မဆုံးသေး နိုင့် ဘေးမွေ့ရာထက် ခြေဆင်းထိုင်ကာ ဇိမ်ယူနေသော မင်းမြတ်ဟိန်းဆီမှ အသံထွက်လာလေသည်။ နိုင် လှည့်ကြည့်လိုက်တော့ နိုင့်ဖုန်းအား ယူကလိနေလေပြီ။

"မင်း password ပြောင်းလိုက်တာလား.......ငါ ဖွင့်နေတာ ၁၅မိနစ်လောက် ရှိပြီ"

"ဖုန်းကိုချပြီး လစ်တော့"

"မင်းကလည်း"

ယောက်ျားချင်းကြီး လာချွဲနေတာကြောင့် စိတ်ပျက်စွာပင် တံခါးအား လက်ညှိုးညွှန် ပြလိုက်တော့သည်။

"ငါတစ်ယောက်တည်း ပျင်းလို့.....မသွားချင်ဘူး......ဒီမှာပဲ နေလို့မရဘူးလား"

အနောက်တိုင်းသားများ ကြားတွင် ဖြူ ဖွေးစိုပြေသော အသားအရည်၊ စိမ်းဖန့်ဖန့် မျက်ဝန်းတို့ဖြင့် ကျော်ကြားသော ထိုင်းဗမာ ကပြားလေး မင်းမြတ်ဟိန်း တစ်ယောက် မိုးမလင်းခင် နိုင့်အခန်းထဲ ဂျီလာကြနေသည်လေ။

"ဖြိုးလေးကော"

"စာဂျပိုးက အတန်းလစ်မယ်ဆိုလည်း စာကြည့်တိုက် သွားမယ်ဆိုပြီး ထွက်သွားတယ်"

ဒီနေ့ နိုင်တို့ အတန်းချိန် ၂ချိန်သာရှိ၍ လစ်ရန်တိုင်ပင်ပြီး အိမ်မှာ အနားယူဖို့ တွေးသော်လည်း စစ်ဖြစ်လျှင်တောင် စာဖတ်ပြေးမယ့် ဖြိုးသီဟ ကတော့ စာကြည့်တိုက် သွားလေသည်။

မထူးဆန်းသော အရာမို့ နိုင် ငြိမ်နေလိုက်ပြီး ထွက်သွားရန် မေးငေါ့ပြလိုက်တော့ ကြောင်ကြည့်လာသည်။

"ထွက်သွား"

"မသွားချင်ဘူးလို့ ပျင်းတယ် ဆိုနေ.....ငါတို့ ဘာလုပ်ကြမလဲ......ဒီနေ့ အားနေတာ ဆိုတော့ အပြင်ထွက်လည်ကြမလား"

နိုင် စောစောစီးစီး စကားအများကြီး မပြောချင်၍ မွေ့ယာထက် ငုတ်တုတ်ထိုင်နေသူကို ခြေထောက်နဲ့သာ ကန်ချလိုက်တော့သည်။

"ဟေ့ကောင် နိုင်ဝံ့ထည်!!!"

ဒေါသတကြီး အော်နေသူကို ခြုံထားသည့် စောင် အုပ်ပေးလိုက်ပြီး ရေချိုးခန်းဆီသာ ဦးတည်လိုက်တော့သည်။

"နိုင် မင်း ဘယ်လောက်တောင် ယုတ်မာ......"

အဆဲစကား မတိုင်ခင် ရေချိုးခန်း တံခါးပိတ်သွားသော နိုင်ဝံ့ထည်အား ပြေးရိုက်ချင်စိတ်တို့က တဖွားဖွား။ အကျိုးမပေးတဲ့ကောင် စောစောစီးစီး။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ခေါင်းထက် ရေပန်းမှ စီးကျလာသော ရေအေးတို့ကြောင့် တစ်ချက် ကျင်သွားသော်လည်း လန်းဆန်းမှုမှာ သိသိသာသာ။ ရေဝအောင် အချိန်ကြာကြာ ချိုးပြီးနောက် Bathrobe ဝတ်ဆင်ကာ ထွက်လာတော့ ဂျစ်တိုက်နေသည့်ကောင် ရှိမနေတော့။

ထို့နောက် အကျီ င်္ပင် မလဲအားဘဲ ပို့နေကြ mes လေးအား ဝင်စစ်လိုက်တော့ နိုင့်အပြုံးတို့ ပီပြင်သွားသည်။ ထင်ထားတဲ့ အတိုင်းပဲ။

ဖုန်းထက် နေရာယူနေသည်မှာတော့ စာတိုလေး နှစ်စောင်နှင့် ဓာတ်ပုံလေးတစ်ပုံ။

`ဒီနေ့လည်း ဖြေနိုင်တယ် ကိုကို´

`စာမေးပွဲပြီးလို့ မားမားက နွယ့်ကို အိမ်မှာ ထမင်းဖိတ်ကျွေးတာ......ကိုကို့အမျိုးသမီးက မလိုက်လို့ ကားပေါ် မနည်း ဆွဲတင်လာရတယ်´

ထို စာတိုလေး နှစ်စောင်နှင့် ဧည့်ခန်းတွင် ထိုင်ကာမားမားတို့နှင့် စကားပြောနေသော ဆူးခက်နွယ်၏ ဘေးတစောင်းပုံလေး။

`စာမေးပွဲ ပြီးပြီဆိုပြီး အပျင်းမတစ်နဲ့နော်......၁၀တန်းကျောင်းသူ ဖြစ်သွားပြီ ခုကစ ကြိုးစားရတော့မှာ´

ခပ်မြန်မြန်သာ စာပြန်လိုက်ပြီး ဖုန်းပိတ်ကာ မျက်ဝန်းတို့အား မှိတ်ထားမိသည်။

မျက်နှာတစ်ခြမ်းလေးသာ ပေါ်လွင်နေပါသော်လည်း နှလုံးသား တစ်ခုလုံး တိမ်းညွှတ်ချင်နေသည့် နိုင့် ရင်ခုန်သံတို့ကို ထိန်းနေရသောကြောင့် ထိုနေ့က ဆူးခက်နွယ်နှင့် ပတ်သတ်ပြီး ညီမဖြစ်သူအား စနောက်ဖို့တောင် သတိမရခဲ့။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

၁၀တန်း ကျောင်းသားတို့၏ သဘာဝအတိုင်း နွေရာသီ အားလပ်ရက် ကျောင်းပိတ်သော်လည်း နားချိန်မရှိခဲ့။ စာ ပြီးရင်း စာသာ လုပ်နေခဲ့ရသည်မို့ ကျောင်းပြန်ဖွင့်ချိန်တောင် ရောက်မှန်းမသိ ရောက်ခဲ့ပြီ။

နွယ့်လို ကျန်းမာရေး ကောင်းသူတောင် ပင်ပန်းရသည့် အချိန်ဖြစ်၍ သံစဉ်အတွက်တော့ တော်တော်လေး ခက်ခဲမည့်နှစ် ဖြစ်သည်။ ထို့ကြောင့် သံစဥ့်မိဘတွေသည် သံစဥ့်အား ကိုယ်ပိုင်ကျောင်း တစ်ခုသို့ပြောင်းကာ ဆေးခွင့်ဖြင့် အိမ်တွင်သာ စာသင်စေပြီး ကျောင်းသို့ မသွားခိုင်းတော့။

နွယ် သံစဉ်နှင့် မခွဲချင်သော်လည်း သံစဥ့်အတွက် အသက်သာဆုံးနည်း ဖြစ်သောကြောင့် မခွဲချင်သော်လည်း ဆွဲမထားရက်ပေ။

နွယ်သည် ၉တန်းနှစ် စာကြိုးစားမှုကြောင့် Bခန်းမှ Aခန်းသို့ ၁၀တန်းတွင် တက်ရောက်ခွင့် ရခဲ့သည်။ နွယ့်ကြိုးစားမှု အရာထင်သည် ဆိုသော်လည်း ရှောင်ချင်သူနှင့် တည့်တည့် တိုးပေဦးမည်မို့ စိတ်ရှုပ်ရသည်မှာ အမှန်။

ထို့ပြင် သံစဉ် တောင်းသော အကူအညီပါ စဉ်းစားမိတော့ အသက်တောင် မနည်းဝအောင် ရူနေရသည့် အခြေအနေ။

သံစဉ်သည် ကျောင်းပြောင်းလိုက်ရသောကြောင့် ကျောင်းတွင် ကျန်ခဲ့သည့် နွယ့်အား ဇွဲမာန်ပြည့်သျှင်ကို စောင့်ကြည့်ခိုင်းခဲ့သည်။ တဖန် နွယ် Aခန်းရသည် ဆိုသည်အား သိသည့်နေ့တွင် ဇွဲမာန်ပြည့်သျှင်နှင့် ရင်းနှီးအောင် ပေါင်းကာ သူ့အား မိတ်ဆက်ပေးဖို့ အကူအညီ တောင်းလာသည်။ တစ်နည်းဆိုသော် အောင်သွယ်ခိုင်းသည့် သဘောပင်။

ထိုအခါ ကျဉ်းထဲ ကျပ်ထဲ ရောက်ရသူမှာ နွယ်။ ကျောင်းပိတ်ရက် တစ်လျှောက်လုံး Messenger မှာစကား လာပြောနေသည့် အပြင် နွယ် ကိုယ်တိုင်ကလည်း စိတ်ဝင်စားနေသူ ဖြစ်၍ ဇွဲမာန်ပြည့်သျှင်နှင့် ရင်းနှီးဖို့ မပြောနှင့်။ ဖြစ်နိုင်လျှင် မျက်နှာချင်းတောင် မဆိုင်ချင်ပါ။ ဤသည်မှာ မဖြစ်သင့်သော စိတ်ခံစားချက်များ ဖြစ်ပေါ်မလာစေရန် ကိုယ်တိုင် ကာကွယ်ခြင်းလည်း မည်သည်။

သို့သော် သံစဥ့်မှာ ခခယယ အကူအညီ တောင်းလာသောကြောင့် မငြင်းရက်တော့။ နွယ့်ဘဝသည် Crush နှင့် အချစ်ဆုံး သူငယ်ချင်းကြား အောင်သွယ်ပေးရင်း ဗျာများရမည့်ပုံ။

ကြုံလာရမည့် အခြေအနေတို့ကို တွေးထားပြီးသား ဖြစ်၍ ဇွဲမာန်ပြည့်သျှင်အပေါ် စိတ်ဖြတ်နိုင်ဖို့ကိုသာ အာရုံစိုက်ရင်း။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ဇွဲမာန်ပြည့်သျှင်နှင့် ရင်းနှီးရန် ခက်ခဲမည် ထင်ခဲ့သော်လည်း ကျောင်းစတက်သည့် ရက်ကတည်းက နွယ့်အပေါ် ဇွဲမာန်ပြည့်သျှင် အလေးပေးမှုများမှာ သိသိသာသာ။

ယခုလည်း လပတ်စာမေးပွဲ ရလဒ်ထွက်ချိန်တွင် နွယ့်အမှတ် မကောင်း၍ ငိုင်နေမိစဉ် ခုံပေါ်ရောက်လာသည့် ဖိုင်ကြောင့် ကြောင်သွားရသည်။ ပေးသူကို ကြည့်မိတော့ ထင်သည့်အတိုင်း ဇွဲမာန်ပြည့်သျှင်ပင်။ ခုလို မပြောမဆိုနှင့် ဇိုးကနဲ ဇက်ကနဲ လုပ်တတ်သည့်မှာ ထိုလူမှ လွဲရင်မရှိ။

"ဘာကြီးလဲ"

"သိချင် ဖွင့်ကြည့်လေ"

တွေ့တိုင်း အကန်တွေချည်းသာ ပြောသော ထိုလူသားနှင့် စိတ်ညစ်နေချိန် ရန်မဖြစ်ချင်သောကြောင့် စိတ်မပါလက်မပါဖြင့် ဖိုင်အား ဖွင့်ကြည့်မိသည်။

"ဒါတွေက....."

နွယ် မသိလို့ မေးသည်မဟုတ်။ ခုလို နာမည်ကြီး ဆရာများ၏ noteတွေကို ရက်ရောစွာ ပေးကမ်းလာသူကို နားမလည်၍ မေးမိသည်သာ။

နွယ့်လို ရပ်ကွက် စာကြည့်ဝိုင်းတွင် တက်ရောက်နေသော ကျောင်းသူအတွက် ခုလို noteများမှာ ရွှေလိုပင် အဖိုးတန်လှသည်။ ဇွဲမာန်ပြည့်သျှင်တို့လို လူချမ်းသာများအတွက် စက္ကူ စာရွက်သာသာ ဖြစ်နေလျှင်တောင်မှပေါ့။

"ငါတို့ ကျူ ရှင်က Notesတွေ.......သင်ရိုးတိုင်းသာ အကုန်ကျက်နေရင် ပင်ပန်းတာပဲ အဖတ်တင်မယ်.. အဓိကကိုပဲ ကျက်"

ခန္ဓာကိုယ်အား အနည်းငယ်ကိုင်းကာ ထိုင်နေသော နွယ် ကြားရုံ ကပ်ပြောလာသောသူကြောင့် ကျေးဇူးတင်ရသလို၊ ခုအခြေအနေကို တီးတိုးပြောနေကြပြီ ဖြစ်၍ ကျေးဇူးရှင်အား တွန်းထုတ်ချင်လာမိသည်။ ရှေ့ နောက် မကြည့်တာသည် သူ့ပင်ကိုယ်စရိုက် ဆိုသော်လည်း နွယ်ကတော့ အပြောခံရမည့်လူမို့ အနည်းငယ် ဘေးသို့ ရွေ့လိုက်တော့သည်။

"အဟမ်း ကျေးဇူးတင်ပါတယ်"

"စာသာ သေချာလုပ်"

နွယ့်ခေါင်းအား အုပ်မိုးကာ ဆံနွယ်တို့ကို ဖွသွားသူကြောင့် မျက်စောင်းထိုး ကြည့်မိသည်။

ထို့အတူ နွယ့်အား သတ်တော့ ဖြတ်တော့ မယောင် ကြည့်လာသော အကြည့်များကိုလည်း ထိုနေ့က ကျောင်းဆင်းချိန်ထိ လက်မခံချင်လည်း လက်ခံလိုက်ရတော့သည်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

"ဟယ်လို သံစဉ်"

"ရီယာလို့ပဲ ခေါ်မယ်ဆို"

ခပ်ချွဲချွဲ အသံလေးနှင့် ပြောလာသောကြောင့် နွယ် ကြိတ်ရီလိုက်မိသည်။ နွယ် ပေးသည့် နာမည်လေးအား သဘောကျနေမှန်းသိ၍ စနောက်လိုက်ခြင်း။

"ဟုတ်ပါပြီ ပြောပါဦးရှင့် မရီယာ.....ဘာများဖြစ်လို့ ဖုန်းဆက်တဲ့ထိလဲ"

"တွေ့လား နွယ်နော်......သူစိမ်းတွေ ဆန်နေတာဆိုတာ......ဖုန်းမဆက်ဖြစ်တာ ဘယ်လောက် ကြာပြီလဲ......၁၂လပိုင်းလောက်ထဲက ခုတောင် ၃လပိုင်းထဲဝင်လို့ မနက်ဖြန်တောင် စာမေးပွဲဖြေရတော့မယ်"

သံစဥ့်အပြောတွင် နွယ်တစ်ချက် ငိုင်သွားရသည်။ ဟုတ်သည် နွယ်တို့ မနက်ဖြန်ဆိုလျှင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအား ဝင်ရောက် ဖြေဆိုရတော့မည်။

"အမလေး ရီယာရယ် သူစိမ်းဆန်စရာလား......ဒီလူနဲ့ ဒီလူကို.......စာတွေနဲ့ လက်မလည်လို့ပါ......ပြီးတော့ စာမေးပွဲ ဖြေပြီးတာနဲ့ ရှင်လေးဆီ ကျွန်မ လာတွေ့မှာပဲကို"

"ဟွန်း..ငါကတော့ နွယ် သူငယ်ချင်းအသစ်တွေရပြီး ငါ့ကို မေ့သွားပြီထင်တာ"

"မဟုတ်တာ......ငါ့မှာ နင်ပဲရှိတာ သိရက်နဲ့"

"ဟုတ်လို့လား"

ပြန်မေးလာသော သံစဉ်သည် သူ့ကို နွယ် မည်မျှခင်ကြောင်း ကြားချင်၍ ထပ်မေးမှန်း သိသော်လည်း မလုံမလဲ ဖြစ်ရသူမှာ နွယ်။

ယခုဆိုလျှင် နွယ့်မှာ သူငယ်ချင်းဟူ၍ ခယောင်းသံစဉ် အပြင် ဇွဲမာန်ပြည့်သျှင်၊ သူရိန်၊ နိုင်းထက်လွန် နှင့် နေခနောင် တို့ လေးယောက်ပါ တိုးလာလေပြီ။ ထိုသူတို့နှင့် သံစဉ်အား စာမေးပွဲပြီးလျှင် မိတ်ဆက်ပေးဖို့ စီစဉ်ထားသည်မှာတော့ တကယ်ကို စိတ်ရင်းအမှန်ပင်။

နွယ် သံစဉ်အား မဆက်သွယ်မိသည်မှာ စာများနှင့် လုံးပန်းနေရခြင်းသည် ဆင်ခြေသာ ဖြစ်ပြီး တကယ့် အကြောင်းရင်းမှန်မှာ သပ်သပ်ပင်။

ယခုနောက်ပိုင်း သိသိသာသာ ယိုဖိတ်လာသော ဇွဲမာန်ပြည့်သျှင်၏ စေတနာတို့နှင့် နိုင်နိုင်းတို့ စနောက်မှုများအရ ဇွဲမာန်ပြည့်သျှင်လည်း နွယ့်အားစိတ်ဝင်စားနေကြောင်း ရိပ်မိလာသည်။ နွယ် ဘာကိုမှ မတုံ့ပြန်ခဲ့သော်လည်း တစ်ခါတစ်ရံ စိတ်အလိုလိုက်ချင်လာသည်ကို ထိန်းမရခဲ့။

ထို့ကြောင့် သစ္စာဖောက်မိသူ တစ်ယောက်လို ခံစားရကာ သံစဉ်အား မဆက်သွယ်ရဲခဲ့ခြင်း။

"နွယ်....နွယ်.....ဟယ်လို နွယ် နားထောင်နေရဲ့လား"

တစ်ဖက်မှ စကားသံထွက်လာမှ နွယ့်အတွေးတို့ လက်ရှိ ပြန်ရောက်တော့သည်။

"ရီယာ sorry......ငါ နည်းနည်း ပင်ပန်းနေလို့ နောက်မှ တွေ့ကြမယ်လေနော်......စာမေးပွဲ ပြီးတာနဲ့ ငါတန်းလာခဲ့မယ်.....အဲ့ကျမှ စကား အများကြီး ပြောကြတာပေါ့"

ဒါသည် နွယ့်ဘက်မှ ပထမဦးစွာ စကားစဖြတ်ခြင်း ဖြစ်သည်။ သံစဉ်လည်း ရိပ်မိမည် ထင်သည်။ ချက်ချင်း မေးလာတော့သည်။

"အေးအေး နေကောင်းရဲ့လား......အသံလည်း မလန်းဘူး"

"ကောင်းပါတယ်"

"နားတော့ နားတော့......ဂရုစိုက်ဦးနော် စာမေးပွဲတွင်းကြီး"

နေမကောင်းသူက နွယ့်အား ပြန်ဖေးမနေမှန်း သိသော်လည်း ကိုယ့်အကြောင်းနှင့် ကိုယ်မို့ စကားပြောဖို့တောင် အနိုင်နိုင်။

"အွန်း နင်လည်း ဂရုစိုက်"

"ဒါဆို ငါ ဖုန်းချလိုက်ပြီ"

ကျသွားသော ဖုန်းလေးအားကြည့်ရင်း စိတ်တွေမှာလည်း လေဟာနယ်ထဲ ရောက်နေသလို အဓိပ္ပါယ်မဲ့ မျောလွင့်နေသည်လေ။

ထို့ပြင် နွယ့်အပေါ် သည်လောက် ကောင်းခဲ့သူအား ဖုံးကွယ်ထားမိသော ကိစ္စတွေကြောင့် ရင်ထဲတွင် မခ်ျိတင်ကဲနှင့်။ ပြောပြလိုက်လျှင် ရသော်လည်း၊ သံစဉ်က နားလည်ပေးမည် သိသော်လည်း ပြောမထွက်မိသည်မှာ နွေးထွေးမှုနှင့် မေတ္တာတို့အား ပေးကမ်းလာသူကြောင့်။

အတ္တကြီးမိမှန်း ကိုယ်တိုင် သတိထားမိချိန်တွင်တောင်မှ သည်လူသားအပေါ် လက်မလျှော့ပေးနိုင်ခဲ့။ ထိုနေ့ညက မနက်ဖြန် စာမေးပွဲအတွက် စာဆက်မကြည့်နိုင်တော့သလို အချစ်နှင့်သူငယ်ချင်းကြား လွန်ဆွဲရင်း မျက်ရည်တို့နှင့် အိပ်စက်ခဲ့ရသည်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

လူများ ပန်းပြားခက် သွားလာနေသော Shopping Mall တစ်ခုအတွင်း စိတ်ငြိမ်ရပ်ကွက်ဟူ၍ ဤကော်ဖီဆိုင်လေးသာ ရှိလေသည်။

လေကောင်းလေသန့် ရသည့်အပြင် ဆိုင်အတွင်း စိုက်ပျိုးထားသော indoor plant များကြောင့် ဆိုင်လေးမှာ နဂို ရှိရင်းစွဲထက်ပင် အသက်ဝင်ကာ စိတ်ကို အေးချမ်းစေသည်။

နွယ်ကသာ ဆိုင်အပြင်ဆင်ကို လေ့လာနေတာ နွယ့်ဘေးမှ သူမှာတော့ လက်သီးလေးဆုပ်ကာ တစ်ကိုယ်လုံး တုန်ရီနေလေသည်။

"ရီယာ အရမ်း စိတ်မလှုပ်ရှားပါနဲ့......ဒီတိုင်း သူငယ်ချင်းတွေလို့ တွေးလိုက်.....အသက်ကို ပုံမှန်ရူ"

"အင်းပါ"

နွယ်ပြောတော့ အသက်အောင့်ထားသည်ကို ဖြေလျော့လာတော့သည်။ သို့သော် ဘယ်လောက်မှ မကြာလိုက်။

"ငါ ကြောက်တယ် နွယ်.......ငါ ပြန်တော့မယ်"

ပိုက်ဆံအိတ်ဆွဲကာ ပြန်ရန်ပြင်နေသူကြောင့် နွယ့်မှာ အတင်းဆွဲထားရတော့သည်။

"ဟဲ့ ဘယ်ပြန်မှာလဲ......နင်ပဲ တွေ့ချင်တယ်ဆို"

"အဲ့တာ ခုလို မျက်နှာချင်းဆိုင်ကြီးလို့မှ မသိတာ"

"ဘယ်လိုတွေ့တွေ့ တွေ့တာပဲလေ......ခုလိုက ပိုမကောင်းဘူးလား.....နင် ဘယ်ချိန်ထိ သူ့ရှေ့မထွက်ဘဲ နေမှာလဲ"

နွယ် ပြောလိုက်တော့မှ ငြိမ်ကျသွားသည်။

ဇွဲမာန်ပြည့်သျှင်နှင့် တွေ့ချင်သည်ဆို၍ စာမေးပွဲ ဖြေပြီးပြီးချင်း ချိန်းဆိုမှုတစ်ခု လုပ်ပေးခဲ့သည်ကို မတွေ့ခင်ထဲက ကမ္ဘာပျက်မတတ် ကြောက်လန့်နေပါသော ခယောင်းသံစဉ်ပါပင်။

နွယ်လည်း ဇွဲမာန်ပြည့်သျှင်တို့နှင့် ခင်မင်ကြောင်း ဖွင့်ပြောလိုက်တော့ သံစဉ်က နွယ့်တွင် သူငယ်ချင်းတွေရှိသွား၍ သူပါ ပျော်ကြောင်း ပြောလာရုံ မှလွဲ၍ အပြစ်မဆို။ ထိုအခါ စိတ်ပေါ့ပါးသွားမည် ထင်၍ ထုတ်ပြောခဲ့သော နွယ့်အတွက် ပို၍ပင် လိပ်ပြာမသန့်ဖြစ်ရတော့သည်။

ထို့ကြောင့် ချက်ချင်း ဇွဲမာန်ပြည့်သျှင်အား ဆက်သွယ်ကာ ကော်ဖီသောက်ရန် ချိန်းဆိုခဲ့ပြီး သံစဉ်နှင့် မိတ်ဆက်ပေးရန် ပြင်ဆင်ခဲ့သည်။ ပြီးလျှင် ဒီကိစ္စထဲ နွယ် ဝင်ပါမည် မဟုတ်တော့။

အမှန်ကိုပင် မွန်းကြပ်လှပါပြီ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

မည်သူ ကံကောင်း၍၊ မည်သူ ကံဆိုးမှန်း မသိစွာပင် ကံကြမ္မာကြီးသည် နွယ် ချထားသော အကွက်ထဲကို ဝင်မလာခဲ့ပေ။

ဤသည်မှာ ဇွဲမာန်ပြည့်သျှင်နှင့် ချိန်းထားသောကြောင့် ၁နာရီလောက် စောသွားခဲ့သော ခယောင်းသံစဉ်၏ ဖုန်းမြည်လာသည်မှ စသည်။

"ဟင်! မားမားက ဘယ်လိုဖြစ်လို့......"

"......."

"ဟုတ် ပါးပါး သမီး ခုဆင်းလာခဲ့မယ်"

ချက်ချင်း ဖုန်းချပြီးသည်နှင့် ငွေရှင်းကောင်တာ သွားကာ ငွေချေနေသော ခယောင်းသံစဉ်ကြောင့် နွယ် အံ့သြနေပြီးမှ အနား အပြေးသွားရသည်။

"ရီယာ ဘာဖြစ်တာလဲ"

လက်ဖျားတို့ အေးစက်ကာ ယခုဏထက် ပိုတုန်ရီကာ မျက်ရည်တို့ပါ ဝဲနေသူကြောင့် နွယ်ပါ လန့်လာမိသည်။

"မားမားလေ......မားမား မူးလဲလို့တဲ့......ပါးပါး ခုလာခေါ်နေပြီ ငါ့ကို အောက်မှာ စောင့်နေတယ်တဲ့....... ငါသွားတော့မယ်နော်"

နွယ့်စကားတောင် မစောင့် လှည့်ပြေးသူကြောင့် နွယ်ပါ နောက်က အမှီလိုက်ရတော့သည်။ သံစဉ်ကို မှီတော့မှ သံစဉ်လက်ကို တွဲကာ နွယ် ကားပေါ်ထိလိုက်ပို့ဖြစ်သည်။

"ဂရုစိုက်နော်......ငါ့ကို ဖုန်းပြန်ဆက်ဦး"

"ကျေးဇူး နွယ်.....သွားပြီနော် တာ့တာ"

"သွားပြီ သမီး"

"ဟုတ်ကဲ့ အန်ကယ်"

သံစဉ်တို့ ကားလေး ထွက်သွားသည်ကို မြင်ကွင်းမှ ပျောက်သည်ထိ ရပ်ကြည့်နေမိသည်။

"အဲ့လောက်ကို တွေ့ချင်နေတာလား.......အောက်မှာပါ ဆင်းစောင့်ရတဲ့ထိလေ"

ရိသဲ့သဲ့ ပြောလာသော နောက်ပါးဆီမှ သြရှရှ စကားသံကြောင့် နွယ်မျက်လုံးတို့ စုံမှိတ်လိုက်မိသည်။ လွဲပြန်ပြီလား။

သံစဥ့်မားမားသာ မူးမလဲခဲ့လျှင်၊ သံစဥ့်ပါးပါးသာ အနည်းငယ် နောက်ကျခဲ့လျှင်၊ သံစဉ်သာ ကားပေါ်ထိ ပြေးမသွားခဲ့လျှင်၊ နောက်ဆုံး ဇွဲမာန်ပြည့်သျှင်သာ တစ်မိနစ်လောက် စောရောက်ခဲ့ပါရင်။

ဘယ်သူ့ကိုမှလည်း အပြစ်တင်၍မရ။ နေမကောင်းသူသည် အချိန်မရွေး မူးလဲသွားနိုင်သလို၊ မိန်းမဇောဖြင့် သမီးကိုလာခေါ်သော ဖခင်သည်လည်း မိုးကြိုးထက်ပင် မြန်ဆန်နိုင်သည်။ ထို့ပြင် မိခင် ကျန်းမာရေးကြောင့် ပြာယာခတ်နေသူသည်လည်း အဘယ်နည်းဖြင့် မပြေးဘဲ နေနိုင်မည်နည်း။

ချိန်းထားသည့် အချိန်ထက် မိနစ်၂၀ပင် စောနေသေးသော ဇွဲမာန်ပြည့်သျှင်သည်လည်း အပြစ်မရှိသောကြောင့် ကံကြမ္မာစေရာဟူသာ သတ်မှတ်နိုင်တော့သည်။

🥀NannMyat

********From Revenge To Love*********

To Be Continue.......

16/09/2022

🌹 From Revenge To Love 🌹

Part(3)
~~~~~~~~~~~~~~~~~~~~~

ကျောင်းသွားဖို့ မပြင်ဆင်ရသေးခင် နွယ် ပြင်ပေးမှသာ မနက်စာစားသော အမေနှင့်ညီမကြောင့် ထမင်းချက်အန်တီကြီး ရှိသည့်ကြားက နွယ့်မှာ မနက်စောစောထကာ မနက်စာ ချက်ပြုတ်ရသေးသည်။

မနက်စာအားလုံး ပြင်ဆင်ပြီးတော့ ၆နာရီခွဲ နေလေပြီ။ ထို့ကြောင့် ရေကို ခပ်သွက်သွက်ချိုးကာ သနပ်ခါးလိမ်း၊ ကျောင်းဝတ်စုံလဲပြီးသည်နှင့် မနက်စာတောင် မစားနိုင်ဘဲ ကျောင်းသို့ သွားရတော့သည်။

၈နာရီတက်သော ကျောင်းဖြစ်၍ ၇နာရီခွဲ ရောက်သည်မှာ တော်သေးသည်။

အတန်းထဲ ရောက်ရောက်ချင်း လွယ်အိတ် နေရာချပြီးသည်နှင့် သေချာလျှော်ဖွတ်ကာ မီးပူတိုက်ထားသော အနွေးထည်လေးကို စိတ်လှုပ်ရှားစွာ ထုတ်ကြည့်လိုက်မိသည်။ မနေ့ညထဲက အိတ်လေးနှင့် သပ်ရပ်စွာ ထုတ်ပိုးထားသည်မို့ ပြန်ပေးရန် အဆင်သင့်။

အင်္ကျီအိတ်ကလေးကို ကိုင်ကာ Aခန်းသို့ မယောင်မလည်သွားမိတော့ ပိုင်ရှင်ကို မတွေ့ရှိ။ အခန်းရှေ့ကော၊ နောက်ပါ နှံ့ နှံ့ စပ်စပ် ရှာသော်လည်း မတွေ့ရှိသောကြောင့် ကျောင်းမလာသေး၍လား ဟု တွေးလိုက်မိသည်။

ကျောင်းလည်း တက်တော့မည်မို့ နေ့လည်မှ သာပေးရန် ဆုံးဖြတ်ပြီး နောက်လှည့်လိုက်မှ နွယ့်ကို လက်ပိုက်ကာ ရပ်ကြည့်နေသော ဇွဲမာန်ပြည်သျှင်နှင့် တိုးတော့သည်။ အနွေးထည် ပြန်ပေးရန် လာခဲ့သော်လည်း တကယ်တမ်း တွေ့တော့ ကြောင်ပြီးသာ ကြည့်နေမိသည်။

"ဘာရှာနေတာလဲ"

"ဟို....မဟုတ်......အော် ဒီမှာလေ ဟိုတနေ့က အနွေးထည် ပြန်လာပေးတာ"

ရုတ်တရက် မေးလာသည့် မေးခွန်းကြောင့် ပြန်ဖြေစကားတို့မှာလည်း အထစ်ထစ် အ အအနှင့်။

"ရတယ် ယူထားလိုက်တော့"

"မဟုတ်တာ မယူပါဘူး......အဲ့နေ့က ကူညီပေးလို့ ကျေးဇူးတင်ပါတယ်......ဒါမဲ့ ပြန်တော့ယူပါ......
သေချာလျှော်ပြီး မီးပူတိုက်ပေးထားတယ်"

"ကိုယ်တိုင် လျှော်ထားတာလား"

"ဟင်"

နားမလည်နိုင်စွာ မော့ကြည့်မိတော့။

"အနွေးထည်"

"အော် ဟုတ်တယ်......နွယ် ကိုယ်တိုင် လျှော်ပြီး မီးပူပါ တိုက်ထားတာ"

"အင်း"

ခေါင်းတစ်ချက် ငြိမ့်ပြကာ ကမ်းပေးထားသော အိတ်လေးကို လှမ်းယူလာသည်။ ပြောစရာ စကားလည်း မရှိတော့သောကြောင့် နှုတ်ဆက်ဖို့ ပြင်လိုက်သည်။

"ဒါဆို သွားတော့မယ်နော်"

ဘေးကို အနည်းငယ် ရှောင်ပေးကာ လက်ပါ ညွှန်ပြလာတာကြောင့် သူ့ရှေ့မှပင် ခပ်တည်တည် ဖြတ်လျှောက်လာလိုက်တော့သည်။

ရင်ခုန်လွန်နေသောကြောင့် လက်သီးဆုပ်ကာ အသက်အောင့်ထားရသည်ကတော့ ချွင်းချက်ပါလေ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

"ဆူးခက်နွယ်......သမီး ခဏလာဦး"

ဆရာမ ပေးသွားသော အိမ်စာကို အိမ်သို့ မသယ်ချင်သောကြောင့် ကျောင်းအားလပ်ချိန်တွင် အပြီးရေးနေစဉ် အတန်းပိုင်ဆရာမ ခေါ်သောကြောင့် ဆရာမနား သွားလိုက်ရသည်။

"ဆရာမ"

"အေး သမီး.......သမီး သူငယ်ချင်း ခယောင်းသံစဉ်လေ"

အရင်တစ်ပတ်နှင့် ယနေ့ပါ ကျောင်းပျက်ကွက်သော ခယောင်းသံစဉ် အကြောင်း စကားစလာ၍ အာရုံစိုက် နားထောင်မိသည်။

"ဟုတ် ဆရာမ"

"မနက်က ဆရာမကို သူ့မိဘတွေ လာတွေ့သွားတယ်.......ခယောင်းသံစဉ်က နှလုံးရောဂါ ရှိတယ်တဲ့.......အဲ့တာ အခု လူကလည်း မကျန်းမာတော့ ကျောင်းလွှတ်ရမှာ စိတ်မချလို့ဆိုပြီး ဆေးခွင့်တင်သွားတယ်"

ဆရာမ စကားတွင် နွယ် အံ့သြမှုကြောင့် မျက်လုံးလေးတွေ ဝိုင်းစက်သွားသည်။ သာမန် နေမကောင်းဖြစ်သည် ထင်ခဲ့သော်လည်း ရောဂါကြောင့် ဆေးခွင့်ပါ တင်ရသည်ထိ ဖြစ်မည်ဟုတော့ မထင်မှတ်ထား။

"ဘယ်လိုဖြစ်လို့ အဲ့လောက်ထိ"

နွယ် မယုံနိုင်စွာ ဆရာမကိုပင် မေးခွန်း ထုတ်မိသည်။

"အေး ဆရာမလည်း သူက အမြဲတပြုံးပြုံးနဲ့ တက်တက်ကြွကြွ ဆိုတော့ နှလုံးရောဂါသည်လို့တောင် မထင်မိဘူး.......အရင် တစ်ပတ်လုံး ကျောင်းပျက်တာ ဆေးရုံ တင်လိုက်ရလို့တဲ့......ကျောင်းတက်ဖို့ ရက်ကလည်း သိပ်မကျန်တော့ဘူးလေ.......အဲ့ကြောင့် အတန်းတင် စာမေးပွဲမှ လာဖြေမယ် ပြောတယ်"

"ဟုတ်......သမီးက သူ့ကို ရိုးရိုးဖျားတယ်ပဲ ထင်နေတာ"

"အင်းပေါ့ သမီးလည်း သေချာ ဘယ်သိမလဲ......ကဲ ကဲ သွား......ဆရာမ အဲ့တာ ပြောချင်လို့ ခေါ်လိုက်တာ.......သမီးတို့က ရင်းနှီးတော့ သူငယ်ချင်းကို သတင်းလေးဘာလေးမေးလိုက်ဦး

"ဟုတ် ဆရာမ ခွင့်ပြုပါဦး"

ဆရာမက ခေါင်းလေးတညိမ့်ညိမ့်ဖြင့် သွားခိုင်းတာကြောင့် နွယ် ထိုင်ခုံစီ ပြန်လာလိုက်သည်။

ထိုင်ခုံမှာ ထိုင်ပြီးတော့ ဘေးက နေရာလွတ်လေးစီ အကြည့်တို့ ပို့မိသည်။ လူဆိုးမလေးက နွယ် ဖုန်းဆက်တုန်းကတောင် ရွှင်လန်းနေသော အသံလေးဖြင့် ပြောသောကြောင့် နေကောင်းပြီတောင် ထင်ခဲ့မိတာပင်။

ခုတော့ ဆေးရုံပါ တက်ရသည်တဲ့လား။ နေကောင်းရဲ့လားသာ မေးမိပြီး ဘာဖြစ်သလဲ မမေးမိသောကြောင့် မပြောပြသလားဟု တွေးမိတော့ မျက်ရည်တို့ ဝဲရသည်။ ဒီကောင်မလေးက နွယ် လိုအပ်ချိန်တိုင်း ဖေးမခဲ့သော်လည်း နွယ်ကတော့ သူမလေး နှလုံးရောဂါ ရှိမှန်းတောင် မသိသည့်အပြင် နေမကောင်းဖြစ်ချိန်တွင် နွယ့်မှာ အနားရောက်အောင် မသွားဖြစ်ခဲ့။

ကိုယ်တစ်ခြမ်း ရေစိုရုံနှင့် အိမ်လှည့်ပြန်မိသော ကိုယ့်ကိုကိုယ် စိတ်တိုမိသလို အဆင်ပြေချင်ယောင် ဆောင်နေသော ခယောင်းသံစဉ်ကို စိတ်ဆိုးကာ စိတ်ပူမိသည်။

ညရောက်လျှင် ဖုန်းဆက်ရန် တွေးထားသော အကြံကို ဖျက်သိမ်းကာ သံစဥ့်အိမ်ကိုသာ ကျောင်းဆင်းတာနဲ့ ရောက်အောင် သွားတော့မည်။ အိမ်တွင် နောက်ကျ၍ ဆူပူကာ ဒဏ်ပေးမည့် မိခင်ကိုလည်း လျစ်လျူ ရှူ ရင်း။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ဒေါက် ဒေါက်

"သမီး သူငယ်ချင်း လာတယ်"

တံခါးအပြင်မှ မားမားအသံကြောင့် ပွင့်လာသော တံခါးလေးဆီ မျှော်ကြည့်မိတော့ ကျောင်းဝတ်စုံနှင့် ရောက်ချလာသော ဆူးခက်နွယ်။

"အယ် နွယ်!........ဘယ်လိုဖြစ်လို့"

မျက်လုံးလေးပြူးကာ မေးလာသော သံစဉ်သာ ကျန်းမာနေလျှင် နွယ် ဆူပူပစ်မိမှာ အမှန်။

ခုတော့ ကြည့်ပါဦး နွယ့် သူငယ်ချင်းလေးကို။

ကျောလယ်လောက်ရှိသော ဆံကေသာတို့မှာ ယခုတော့ ပခုံးထက် ဝဲဖြာကျကာ နဂိုဖြူ သော အသားအရည်မှာ သာမန်ထက်ပင် ဖြူ ဖျော့လို့ နေသည်။ နွယ် အသည်းယားခဲ့သော ပါးဖောင်းဖောင်းလေးများမှာလည်း တစ်ပတ်အတွင်း ပျောက်ကွယ်သွားသလို အမြဲတစေ တောက်ပနေသည့် မျက်ဝန်းညိုများမှာလည်း အရောင်တို့ မှေးမှိန်နေလေသည်။

သို့သော် မူပိုင် အပြုံးချိုချိုလေးများကိုတော့ သွေးရောင်မဲ့သော နှုတ်ခမ်းပါးတို့ထက် ချိတ်ဆွဲထားလေသည်။

"နေမကောင်းတာကို ဘာလို့ မပြောတာလဲ"

သံစဉ် ထိုင်နေသော ကုတင်ထက် နွယ် တင်ပါးလွှဲထိုင်ရင်း မေးမိတော့ ခေါင်းလေး ခါယမ်းကာ။

"နေကောင်းပါတယ်"

"ဒါလား နေကောင်းနေတာ....... ဘယ်မှာလဲ ဆံပင်ရှည်တွေ ပြောတော့ ငါနဲ့ အပြိုင်ထားမှာဆို......ငါဆွဲနေကြ ပါးဖောင်းဖောင်းလေးတွေလည်း မရှိတော့ဘူး......ငါချစ်တဲ့ မျက်ဝန်းညိုတွေကလည်း အရောင်တောင် မထွက်တော့ဘူး.......ပြီးတော့ ညီးက ဘာလဲ.......ငါ့အသားက ညီးနဲ့ ယှဉ်ရင် ညိုပါတယ်ဆို ညီးက ခုလို အသားပိုဖြူ သွားလို့ ဘယ်ဖြစ်မလဲ....."

နွယ် စိတ်ဆိုးမာန်ဆိုးနှင့် သံစဉ် မျက်နှာလေးအား ကိုင်ကာ ရေရွတ်နေရင်း အသံတို့ တိမ်ဝင်လာရသလို မြင်ကွင်းတို့မှာလည်း မရှင်းလင်းတော့။

"အင့်...ဟင့်...နွယ်"

နွယ် လူနာရှေ့ မငိုချင်၍ ထိန်းထားသည့်ကြားက နွယ့်ကို ဖက်ကာ ငိုသော သံစဉ်ကြောင့် နွယ်ပါ အပြိုင် လိုက်ငိုမိသည်။ နှစ်ယောက်သား ဖက်ကာ အော်ငိုရင်းမှ နွယ်ကပဲ သံစဉ်ကို လွှတ်လိုက်ကာ မျက်နှာနုနုထက် စီးကျနေသော မျက်ရည်ကြည်တို့ကို ခပ်ဖွဖွ သုတ်ပေးမိသည်။

"မငိုနဲ့တော့.......နေမကောင်းတာကို အားကုန်အောင် မငိုနဲ့တော့......ငါ့ကြောင့်နဲ့ သပ်သပ် မငိုပါနဲ့နော်.....အာရီယာ"

"ဟင်?"

နွယ့်အပြောတွင် နွယ့်ကို နားမလည်စွာ မော့ကြည့်လာသူလေး။

"အဟင်း......မငိုနဲ့ တိတ်......အာရီယာလို့ ခေါ်လိုက်လို့ သိချင်နေတာ မလား"

နွယ် မးတော့ သိချင်စိတ် ပြင်းပြကာ ခေါင်းတဆက်ဆက် ငြိမ့်ပြလာသည်။ နွယ် သံစဉ့်မျက်နှာပေါ်မှ လက်ကျန်မျက်ရည်များကို သုတ်ပေးပြီး သံစဉ်လက်လေးကို ကိုင်ကာ စကားဆက်မိသည်။

"ခယောင်းသံစဉ်ဆိုတဲ့ နာမည်လေးနဲ့ ငါ့စိတ်ဝင်စားမှုကို ယူသွားပင်မယ့် မြန်မာပီပီ ခယောင်းဆိုတဲ့ နာမည်စီးပြီး နင့်ဘဝကို မကြမ်းတမ်းစေချင်ဘူး...... နင့်မိဘတွေက ဘာလို့ အဲ့နာမည်ပေးလည်း မသိပင်မယ့် ငါမကြိုက်ဘူး......အဲ့ကြောင့် ငါရှာကြည့်လိုက်တော့ ငါလိုချင်တဲ့ နာမည်လေး ရလာတယ်...... အာရီယာတဲ့......အဓိပ္ပါယ်က တေးသွား......သံစဉ်နဲ့ တေးသွား.......လိုက်ဖက်တယ်မလား

"အင်း"

စဉ်းစားနေရင်းမှ နွယ့်ကို ပြုံးပြကာ ပြောလာသော အဖြေလေးမှာ တစ်လုံးထဲသာ။ သို့သော် သံစဉ်လည်း ထိုနာမည်လေးကို ကြိုက်နှစ်သက်မှန်း ရွှန်းလဲ့နေသော မျက်ဝန်းတို့က သက်သေခံနေသည်။

"နောက်ရက်တွေ ငါ လာခဲ့မယ်နော်......ကျောင်းစာတွေ ပြန်ကူးမယ် မလား"

"တကူးတကကြီး စာကူးပေးဖို့ အတွက် ဒုက္ခခံပြီး မလာပါနဲ့.......နင့်ကို အိမ်က ဘွားတော် ဆူနေဦးမယ်.......အားမှ စာလာရှင်းပြနော်......ငါ့ကို မားမားက ကျောင်းက ဆရာမတွေ အိမ်ခေါ်သင်ပေးမယ် ပြောပင်မယ့် နင်သိတဲ့အတိုင်းပဲ....... ငါက နင် စာရှင်းမှ နားလည်တာလေ"

နွယ်၏ မဖြစ်စလောက် အကူအညီကို မငြင်းဆန်ဘဲ နွယ် စိတ်မပူလည်း ရကြောင်း တစ်ဖက်လှည့်နှင့် ပြောသွားသော သံစဥ့်ကို နွယ်ပြုံးပြီး ကြည့်မိသည်။ ကွာခြားလွန်းသော အခြေအနေ ဖြစ်သော်လည်း အမြဲပင် နွယ့်ကို မသိမ်ငယ်စေခဲ့သူ။ အဆင်မပြေသော နွယ့်ဘဝထဲသို့ ဒီလိုသူငယ်ချင်းမျိုး ရောက်လာသည်မှာ ကံကောင်းချင်း တစ်မျိုး။ နောက်ထပ် မရနိုင်တော့သည့် ဆုလာဘ်လည်း ဖြစ်လေသည်။

"ဟုတ်ပါပြီ ဒါဆို ငါ အားတဲ့ စနေ တနင်္ဂနွေ လာခဲ့မယ်လေ...... ကြားရက်တွေက ဖုန်းပဲ ဆက်လိုက်မယ်......နေမကောင်းရင် နေမကောင်းဘူး ပြော...... ကြားလား"

"အင်းပါ စိတ်မပူပါနဲ့"

"မပူလို့ ရမလား.....ဒီ သူငယ်ချင်းတစ်ယောက် ရှိတာကို"

"အဲ့ကြောင့် နင့်ကိုချစ်တာ"

"ချစ်ပါ ချစ်ပါ......ကျွန်မကလည်း ရှင်လေးကို ချစ်ပါသတဲ့ရှင်......ဂရုစိုက်ဦးနော် ငါပြန်တော့မယ်"

"ငါ ပြန်မလွှတ်ချင်ပင်မယ့် နောက်ကျနေပြီ ဆိုတော့ ဂရုစိုက်ပြန်.......လိုက်ပို့ခိုင်းလိုက်ရမလား"

"နေ နေ ငါ့ဘာသာပြန်ပါ့မယ်...... တာ့တာနော်"

"အွန်း တာ့တာ"

နွယ် သံစဥ့်ကို နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာတော့ မုန့်ဗန်းကိုင်ကာ လှေကားမှ တက်လာသော သံစဥ့်မေမေနှင့် တွေ့လေသည်။

"အယ်.....သမီး ပြန်တော့မို့လား"

"ဟုတ်ကဲ့ အန်တီ"

"အန်တီက မုန့်နဲ့ ဧည့်ခံမို့ကို ပြင်ဆင်နေတာနဲ့ ကြာသွားတယ်.....စားသွားပါဦး သမီးရဲ့"

"ရတယ် အန်တီ......မစားတော့ဘူးရှင့်"

"မဟုတ်တာ....... အိမ်ကိုလာပြီး ဘာမှမကျွေးလိုက်ရလို့ မကောင်းဘူးလေ"

"မဟုတ်ဘူး အန်တီ.....သမီး အိမ်ကို စောစောပြန်ရမှာမို့ပါ"

"အော် အေးအေး ဟုတ်သားပဲ......၄နာရီတောင်ခွဲနေပြီ......ဘယ်လိုပြန်မှာလဲ သမီး"

"သမီး busနဲ့ ပြန်မှာ အန်တီ"

"Busနဲ့ဆို လိုက်ပို့ခိုင်းလိုက်မယ်လေ"

"ရတယ် အန်တီ.....သမီးပြန်နေကြပါ"

"ဖြစ်ရဲ့လား"

"ဖြစ်တယ် အန်တီ.....ဒါဆို သမီးကို ခွင့်ပြုပါဦးနော်"

"အေး သမီးလေး ဂရုစိုက်ပြန်နော်"

"ဟုတ်ကဲ့ရှင့်"

သံစဥ့်အိမ်မှ ထွက်လာတော့ ခြေလှမ်းတို့ကို ခပ်သွက်သွက် လှမ်းမိသည်။

ည ၅နာရီဆိုလျှင် အိမ်ထဲ ဝင်ခွင့်မပေးတော့သည့်အပြင် ည၆နာရီဆို ထမင်းစားဝိုင်းတွင် ထမင်းဟင်း အဆင်သင့် ပြင်ထားမှ ကြိုက်တတ်သော မိထွေးတော်ကြောင့် နွယ့်မှာ ကျောင်းဆင်းပြီဆိုလျှင် တခြားသူများလို ပျော်ပါးချိန် မရှိ။ အိမ်သို့ အမြန်ပြန်ကာ ချက်ပြုတ်ပေးရစမြဲ။

ခုတော့ သံစဥ့်ဆီတွင် အချိန်ကုန်မိသည်မို့ အိမ်တံခါး ပိတ်မထားဖို့သာ မျှော်လင့်မိတော့သည်။

သံစဉ်တို့ လိုက်ပို့မည်ကို ငြင်းမိသည်မှာ အားနာ၍ တစ်ကြောင်း၊ သံစဥ့်လို သူဋ္ဌေးသမီးနှင့် သူငယ်ချင်းဆိုသည်ကို သိလျှင် အိမ်မှမိထွေးဖြစ်သူ ဒေါ်ဥမ္မာ၏ အကြွေးတွေ သံစဉ်တို့ပေါ် ရောက်လာမည်ဆိုး၍ ဖြစ်သည်။

ငယ်စဉ်ထဲက ဒီအရွယ်ထိ ခင်မင်လာသော သူငယ်ချင်း မရှိသည်မှာ အန်တီဥမ္မာကြောင့်။ နွယ် ၅တန်း အရွယ်တွင် ဖေဖေဆုံးကာ ထိုအချိန်ထဲက ဖေဖေ ထားခဲ့သော ပစ္စည်းဥစ္စာများကို ထိုင်ဖြုန်းခဲ့သော အန်တီဥမ္မာကြောင့် ယခုချိန် နွယ်တို့မှာ ပိုင်ဆိုင်မှာဟူ၍ နွယ်တို့ နေနေသော အိမ်နှင့် မြို့ထဲမှ တိုက်ခန်းလေးသာ လက်ဝယ်ရှိသည်။

ဒါတွေ မိထွေးလက်ချက် မမိသည်မှာလည်း။ နွယ့်ဖေဖေ ဥာဏ်ကောင်းမှုကြောင့်သာ။ ၂အိမ်လုံးကို နွယ့်နာမည်နှင့် အမည်ပေါက်ထားကာ နွယ် အလုပ်အကိုင်ရှိမှ လွှဲပေးမည်ဆိုသော စာချုပ်ကြောင့် မိထွေးတော်မှာ ဘာမှ လုပ်မရပေ။ အိမ်ပိုင်ရှိသော်လည်း အခွံသာဖြစ်ကြောင်း နွယ်အသိဆုံးပင်။

အန်တီဥမ္မာသည် အလုပ်အကိုင် ရေရေရာရာ မရှိဘဲ ခင်မင်သမျှ သူတိုင်းဆီမှ အကြွေးယူသည်မှာ နွယ့်သူငယ်ချင်း မိဘများပါ မချန်ပေ။ ထို့ကြောင့် အကြောင်း သိကြသော နွယ့်သူငယ်ချင်းမိဘများက နွယ့်ကို ရှောင်ခိုင်းသောကြောင့် နွယ်မှာ အထီးကျန်စွာ ဘဝကို ဖြတ်သန်းရလေသည်။

ထို့ကြောင့် သံစဥ့်လိုလူနှင့် ပေါင်းသင်းနေသည်ကိုတော့ ပေးမသိချင်ပါ။ နွယ့်ဘဝအတွက် အားဆေးလေးဖြစ်သောကြောင့် အဆုံးရှုံး မခံနိုင်ပေ။

အန်တီဥမ္မာ အကြောင်းတွေးရင်း နာရီ ငုံ့ကြည့်မိတော့ ၅နာရီထိုးဖို့ မိနစ်၂၀သာ လိုတော့သည်။ ထို့ကြောင့် မြန်နေသော ခြေလှမ်းတို့မှ ပြေးခြင်းဆီသို့ ဦးတည်ရတော့သည်။

သို့သော် နွယ့်ဘေး လာရပ်သောကားကြောင့် ပြေးနေသည်ကို မနည်း အရှိန်သတ်လိုက်ရသည်။ ကားမှန်တံခါးကျလာပြီး ဇွဲမာန်ပြည့်သျှင် ပေါ်လာသည်ကို နွယ် ထူးပြီး အံ့သြမနေ။ အရင်တစ်ရက်က နွယ် စီးခဲ့ရသော ကားပေမလား။

"တက်.......လူမြင်မကောင်းအောင် ပြေးမနေနဲ့"

သူပြောမှ နွယ်က လျှောက်ပြေးနေသော အရူးမကြီးလို။

"ရပါတယ်......နွယ်အိမ်ပြန်မှာပါ"

"ငါကလည်း ငါ့အိမ် ခေါ်မသွားပါဘူး......တက်လေ နောက်ကျနေပြီမလား"

နောက်ကျနေပြီ ဖြစ်သော်လည်း များစွာသော အကြောင်းပြချက်တို့ကြောင့် ငြင်းဆန်မိသည်။

"ရပါတယ်......သွားစရာရှိတာ သွားပါ"

"ဘာလဲ..... ငါ့ကိုကြိုက်နေတာလား"

ရုတ်တရက် ဆန်သော အမေးကြောင့် ပြာပြာသလဲ ငြင်းမိသည်။

"မဟုတ်ပါဘူး!"

"ဒါဆို တက်လေ.....ဆက်ငြင်းနေရင် ကြိုက်နေတယ်လို့ ယူဆလိုက်မယ်"

တစ်ဖက်သတ် အတွေးတို့ဖြင့် ပြောချင်ရာ ပြောနေသူကို စိတ်ပျက်လက်ပြတ်ကြည့်ကာ လှည့်ထွက်ဖို့ ပြင်သော်လည်း။

"ဒီအိမ်ရာက တိတ်ဆိတ်တော့ ညနေစောင်းဆို မကောင်းတဲ့လူကော...လူမဟုတ်တာတွေကော ထွက်လာတယ် ပြောတယ်......ဟိုတလောကတောင် ကောင်မလေး တစ်ယောက် သတ်သေသွားတယ် ကြားလိုက်သေးတယ်"

ချက်ချင်းဆိုသလို ကားပေါ်တက်လာသော သူလေးကြောင့်။

"အဟွန်း.....အစထဲက တက်လိုက်ရင် ပြီးနေပြီ ......အချိန်တွေ ဆွဲနေတာ"

"သစ္စာလမ်း၊ **ရပ်ကွက်ပါ ဦးလေး.......ရောက်ခါနီးရင် နွယ် လမ်းပြန်ညွှန်ပေးပါ့မယ်"

"အေးအေး တူမကြီး......ရောက်ခါနီးရင်ပြောနော်"

နွယ် စကားနိုင် မလုချင်တာကြောင့် ခပ်တည်တည်နှင့်သာ အိမ်လိပ်စာပြောပြီး တစ်ဖက်သ်ို့ မျက်နှာလွှဲနေလိုက်တော့သည်။ အိမ်လိပ်စာ အတိအကျ မပြောမိသည်ကလည်း မိထွေးတော်ကြောင့်ပင်။

တစ်ဖက်လူ စိုက်ကြည့်နေသည်ကို သိသည်သော်လည်း လျစ်လျူ ရှုထားမိသည်မှာ တစ်ဦးတည်းသော သူငယ်ချင်းလေးကြောင့်။ အစထဲက ပွဲကြည့်ရမည့် နွယ်မှာ သံစဥ့်ရောဂါ သိပြီးသည်နှင့် ပွဲနှင့် ခပ်ဝေးဝေးမှာသာ နေဖို့ ဆုံးဖြတ်မိသည်။

ဇွဲမာန်ပြည့်သျှင်ကို သဘောကျသည်မှာ မှန်သော်လည်း သံစဉ်ကသာလျှင် ထိုလူကိုရဖို့ ကြိုးစားသင့်သူဖြစ်၍ နွယ်လက်ရှောင်နေတော့မည်။

ထိုနေ့က နွယ်အိမ်သို့ ၅နာရီစွန်းစွန်းတွင် ပြန်ရောက်သော်လည်း အပြစ်မရှိ အပြစ်ရှာချင်သော မိထွေးမှာ နွယ့်ကို အပြင်ထွက်ခွင့် ပိတ်လေတော့သည်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

အမှောင်ချထားသော အခန်းကျယ်တစ်ခုတွင် အလင်းရောင်ဟူ၍ အဖြူ ထည် ပိတ်ကားကြီးတစ်ခု သာလျှင်ရှိလေသည်။

ထိုပိတ်ကားထက် ဖော်ပြလာသော အချက်အလက်အချို့နှင့် အသံချဲ့စက်မှ ထွက်လာသည့် လူမျိုးခြား ဆရာ၏ ရှင်းပြမှုတို့ကို မှီအောင် အသည်းအသန် လိုက်မှတ်နေစဉ် အသံပိတ်ထားသော ဖုန်းလေးမှ စာဝင်သောကြောင့် လင်းလာသဖြင့် အမြန်ပင် ဖုန်းကို မှောက်ချလိုက်ရသည်။

Lecture ချိန်ပြီးကာမှ ဆရာ့ကို နှုတ်ဆက်ပြီး Canteenတွင် စောင့်နေမည့် သကောင့်သားတွေထံ သွားရတော့သည်။

"ဟေး နိုင်"

လက်ပြကာ လှမ်းခေါ်သော မင်းမြတ်ဟိန်း။

"ဒီမှာ မင်းအတွက် မှာပေးထားတယ်"

နိုင် ထိုင်ထိုင်ချင်း နိုင့်ရှေ့သို့ ချောကလက်ကိတ်နှင့် စတော်ဘယ်ရီဖျော်ရည် ချပေးလာတာကြောင့် မျက်ခုံးပင့် ကြည့်မိသည်။

"ဘာလဲ"

မလုံမလဲ မေးလာသူကြောင့် မရိုးသားမှန်း ပိုသေချာသွားသည်။ ပေါင်းလာတာဖြင့် တစ်သက်။ တစ်ခါမှ ခုလို အလိုက်တသိ မဝယ်ပေးဖူးသူကြောင့် နိုင် သံသယဝင်တာလဲ မလွန်။

"မင်းကို မေးရမှာ ထူးထူးဆန်းဆန်းတွေ လုပ်နေတာ......ဘာလိုချင်လို့လဲ"

"ဟေ့ကောင် စေတနာကို မစော်ကားနဲ့.......မစားဘူးလား ပြော"

"မင်း ဘယ်တုန်းက အလိုက်သိလို့လဲ"

နိုင် မျက်မှောင်ကြုံ့ကာ ကြည့်လိုက်တော့။

"အေးပါကွာ အေးပါ.......အိုင်းရစ်(စ်) က မင်း ဘာကြိုက်တတ်လဲ မေးလို့ ပြောလိုက်မိတာ......တကယ် မှာပေးသွားမယ် မထင်ဘူးလေ"

"ကျစ်! အဲ့တာပဲ မင်းကို သူ ဘာမေးမေး မဖြေနဲ့ ပြောထားတယ်လေ"

"ဟ! သူမေးရင်တော့ ငါက ဖြေစရာလား"

မင်းမြတ်ဟိန်း စကားတွင် နိုင် မြုပ်ကွက်အား သိလိုက်ရသည်။ ဒီကောင် ဘူးပြန်ပြီ။

"ဘာနဲ့ လဲလိုက်လို့ ငါ့ရှေ့ ဒါတွေ ရောက်လာတာလဲ"

"ရုပ်ရှင်တူတူ ကြည့်ခွင့်ရရုံလေးပါ"

"မင်း အဲ့လောက် ဖြစ်နေရင် ပေါ်တင်ဖွင့်ပြောလိုက်လေ.......ငါ့ကို ကြားခံနယ် လုပ်မနေနဲ့"

"ငါကကော မင်းကို ကြားခံနယ် သုံးချင်နေတယ် ထင်လို့လား......ဒီလောက် လက်ပေါက်ကပ်တဲ့ကောင်ကို.......ပြီးတော့ နန်ဇီက သူ့အစ်မ တစ်မျက်နှာ ကြည့်တာလေ.......ငါ သေမလို date ဖို့်ပြောတာတောင် အဖတ်မလုပ်ဘဲ ခု အိုင်းရစ်(စ်) အကူအညီတောင်းတာနဲ့တင် ရုပ်ရှင်ပါ လိုက်ကြည့်တာပဲ ကြည့်"

လူများသည့် canteen ဖြစ်နေ၍သာ မျက်စိရှေ့ကကောင် ကံကောင်းသွားသည်ပင်။ မဟုတ်လျှင် ထရိုက်ပြီးပြီ။ နိုင့်ကို ခုတုံးလုပ်ပြီး အမြတ်ရသွားတာကိုတောင် ပြောသည့် လေသံက အပေါ်စီးက။

"ဖြိုးသီဟကော"

နိုင်မေးတော့ ပါးစပ်ထဲရောက်နေသည့် အသားညှပ် ပေါင်မုန့်ကို ကမမ်းကတမ်း မြိုချပြီး ဖြေရသည်။

"အတန်းရှိလို့တဲ့ မလာတော့ဘူး ပြောတယ်"

နိုင်လည်း ဆက်မပြောတော့ဘဲ မင်းမြတ်ဟိန်း လက်ထဲက မုန့်ကိုလုကာ ကိုက်စားလိုက်တော့။

"ဟေ့ကောင်!...."

ဘာလဲဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြတော့ နိုင့်ကို ပေစောင်းစောင်းကြည့်ပြီး နိုင့်ရှေ့က ကိတ်ကို ဖဲ့စားတော့သည်။

ကျေးဇူးရှင်ကို သိတတ်ခြင်းသည် အသက်ရှည်ရာ လမ်းကြောင်းတစ်ခုဖြစ်ကြောင်း မင်းမြတ်ဟိန်း သိသည်လေ။ စိတ်ထဲတွင် ပြစ်မှားနေသည်ကတော့ ထည့်မတွက်ပေ။

နိုင်စားနေရင်းမှ အတန်းချိန်တုန်းက ဝင်လာသည့် စာကို သတိရကာ ဖွင့်ကြည့်လိုက်မိသည်။

`ကိုကို ဒီနေ့ ယောင်းမလေး လာသွားတယ်´

ထိုစာတိုလေးနှင့်အတူ Cctvမှ ရိုက်ယူထားသော ဓာတ်ပုံလေး ၂ပုံ။

သံစဥ့်ကျန်းမာရေး အခြေအနေကြောင့် တလောလေးကမှ သံစဥ့်အခန်းနှင့် လျှောက်လမ်းတစ်လျှောက် တပ်ထားသော Cctvကို အကျိုးရှိစွာ အသုံးချထားပါသော ညီမလေးပင်။

ပို့ထားသော ပုံနှစ်ပုံတွင် တစ်ပုံမှာ သံစဥ့်ကုတင်ပေါ် တခြမ်းစောင်း ထိုင်နေသည့် ဆူးခက်နွယ်ပုံလေး ဖြစ်ပြီး နောက်တစ်ပုံမှာ လှေကားအဆင်းတွင် နောက်ကျောဘက်မှ ရိုက်ယူထားသည်ထင်။

ပုံလေးတွေကို အသေးစိတ် ချဲ့ကြည့်မိပြီး နိုင် ကိုယ်တိုင် မသိလိုက်ခင် ပြုံးလိုက်မိသည်။

Cctvကြောင့် ကာလာမပါသော မပြတ်မသား ပုံရိပ်ကပင် ဒီမိန်းကလေး၏ အလှကို မဖုံးကွယ်ထားနိုင်ပေ။ သံစဥ့်လက်ကို ကိုင်ထားပုံရကာ ပြုံးယောင်သန်းနေပုံလေးသည် ဘယ်ပန်းချီဆရာမှ ရေးလို့မမှီသည့် စုတ်ချက်သဖွယ်။ စုစည်းထားသော်လည်း တစ်စ တစ်စ ကျနေသော ဆံနွယ်လေးများနှင့် ခါးထက်က ဆံနွယ်ရှည်ကြီးကြောင့် မဟာဆန်သူလေးသဖွယ်။

၉တန်းအရွယ် ဖွံ့ဖြိုးဆဲ အပျိုပေါက်လေး ဖြစ်သော်ငြား သူ့နေရာနှင့်သူ အချိုးအစားကျနေသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် အရွယ်ရောက်လာလျှင် သေချာပေါက် မျက်စိမလွှဲချင်စရာ မိန်းမပျိုလေး ဖြစ်လာမည်ဆိုသည်ကို အတပ်ပြောနိုင်သည်။

"ဟေ့ကောင် ဘာတွေပြုံးနေတာလဲ......ပြဦး"

ဖုန်းထက်က ပုံရိပ်လေး၏ အလှအား ဝေဖန်ရေးလုပ်နေစဉ် ကြားဖြတ်ဝင်လာသည့် အသံဆိုးကြောင့် နိုင့်မျက်နှာကြီး မဲ့ကျသွားသည်။

"စားစရာရှိတာပဲ စား.......မရှည်နဲ့"

"တွန့်တိုမနေနဲ့......*$*%&^*$"

ရှေ့မှ မနားတမ်း ရွတ်ဖတ် သရဇယ်နေသော မင်းမြတ်ဟိန်းကို လျစ်လျူ ရူကာ ညီမငယ်ကို စာပြန်လိုက်သည်။

`ရန်ကုန် ပြန်လာချင်နေပြီ´

`????´

`ကိုကို့မိန်းကလေးက လှလွန်းတော့ လက်ဦးထားတော့မလားလို့´

နိုင် ပြောလိုက်သည့် စကားလေးကို လက်မြှောက်ကာ ဦးချနေသည့် Stickerလေး ပြန်ပို့လာသော ညီမကြောင့် သဘောတကျ ရယ်မိသည်။

`နေမကောင်းတဲ့ ညီမနဲ့ မုန့်ဗန်းကိုင်ထားတဲ့ မားမားကိုကော မြင်ရဲ့လား´

ပြန်ပို့လာသော စာလေးမြင်မှ မားမားကို ကမမ်းကတမ်း ပြေးရှာရတော့သည်။

သံစဉ်ကိုတော့ ကုတင်ပေါ်တွင် နောက်ကျောပေးနေ၍ မြင်သော်လည်း မားမားကိုတော့ မမြင်လိုက်မိတာ သေချာပါသည်။

သေချာ ပြူးပြဲရှာကာမှ ဆူးခက်နွယ် လှေကား ဆင်းနေသည့် ပုံတွင် ရှေ့တည့်တည့်မှ ပါလာသော မားမား ကိုယ်တစ်ခြမ်းသည် သာမန်ကာလျှံကာ ကြည့်လျှင်တောင် တန်းတွေ့နိုင်သည်ကို နိုင် မတွေ့ခဲ့မိ။

သို့သော် ပိုစနေမည်ဆိုး၍ သာကြောင်းမာကြောင်းမေးပြီး စကားစကို ဖြတ်လိုက်ရတော့သည်။ ဒီ ညီမအဆိုးလေးက လွယ်တာမဟုတ်။ သူသာ သိသွားရင် နိုင့်ကို မျက်နှာမဖော်နိုင်အောင် စပေလိမ့်မည်။

နာမည်လေး ကြားစဉ်ကတည်းက မြင်ဖူးချင်ခဲ့သော သူလေးသည် တကယ်တမ်း မြင်တွေ့ရချိန်တွင်လည်း နိုင့်ကို စိတ်မပျက်စေခဲ့။ တကယ့်ကို ချောလှသည့် မိန်းကလေး ဖြစ်ကြောင်း လက်ခံမိသလို၊ တနေကုန် ထိုပုံရိပ်လေးသာ အာရုံတွင် တွယ်ငြိနေကြောင်းလည်း နိုင်သာလျှင် သိပေသည်။

🥀NannMyat

********From Revenge To Love*********

To Be Continue.......

09/09/2022

🌹 From Revenge To Love 🌹

Part(2)
~~~~~~~~~~~~~~~~~~~~~

မနက်ခင်း ကျေးငှက်တို့၏ တေးသီကြူးသံတို့နှင့် အပြိုင် ကျောင်းဆောင်များအတွင်း စာသင်သားတို့၏ စာရွတ်ဆိုသံများမှာ ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် ကျယ်လောင်ပြတ်သားစွာ ကြားနေရလေသည်။

ထိုအရာတို့နှင့် ဆန့်ကျင်စွာပင် ဆရာမများ နားနေခန်းတွင်တော့ အတန်းဝင်သွားသော ဆရာမများကြောင့် တိတ်စိတ်မှုတို့သာ ကြီးစိုးနေသည်။

စိတ်ငြိမ်နေသော အခန်းကျယ်တွင် မြန်မာစာဆရာမ၊ အိမ်စာ လာထပ်သော နွယ်နှင့်သံစဉ် အပြင် နွယ်တို့ထက် အရင်ရောက်ရှိနေသော အတန်းချုပ်ဆရာမကြီးနှင့် နွယ်တို့ကို ကျောပေးထားသော ကျောင်းသားတစ်ယောက် တို့သာ ရှိလေသည်။

"ရပြီ သမီးတို့......ဒီစာအုပ်တွေပါ ယူသွားပြီး အတန်းထဲမှာ ဝေပေးလိုက်တော့"

ဆရာမက နွယ်တို့ စာအုပ်၂အုပ် အပြင် စာအုပ်အထပ်လိုက်ကြီးကိုပါ ယူသွားခိုင်းသဖြင့် နွယ်နှင့် သံစဉ် တစ်ယောက် တစ်ဝက်ခွဲကာ သယ်လိုက်ရသည်။

"တီချယ် ဒါဆို သွားခွင့်ပြုပါဦး"

"အေးအေး ဖြေးဖြေးသွားကြ"

စာအုပ် တပွေ့တပိုက်ကြီးကို လက်နှင့်ပိုက်ကာ အခန်းထဲမှ အထွက် တစ်ဖက်လှည့်နေသော ကျောင်းသားကပါ စာရွက်တစ်ရွက်ကို ငုံ့ကြည့်ရင်း ထွက်ဖို့ပြင်နေသောကြောင့် နွယ် ခဏရပ်ကာ ဦးစားပေးလိုက်မိသည်။ သို့သော် ခယောင်းသံစဉ်မှာ ဘာတွေးနေသည်မသိ ထိုကျောင်းသားကို ကြည့်ရင်းနှင့်ပင် ဝင်တိုးလေတော့သည်။

သံစဉ်နှင့် တိုက်မိသွားကာမှ ခေါင်းမော့လာပြီး လက်ကာပြရင်း တောင်းပန်လာသူကြောင့် နွယ် ထိုနေရာမှတင် ရပ်နေမိသည်မှာ အချိန်တစ်ခုအကြာ။

"ဟေ့"

မျက်စိရှေ့ လက်ပြရင်း ခေါ်မှသာ အသိဝင်သည့် နွယ်ရယ်ပါ။

"အင်......ဟင်! ဘာလဲ?"

"ဒီမှာ မင်းသူငယ်ချင်း စာအုပ်ပြုတ်ကျခဲ့လို့"

သူငယ်ချင်းလို့ ပြောကာမှ ထိုလူနှင့် ဝင်တိုက်မိသော ခယောင်းသံစဉ်သည် ပျောက်ချင်းမလှ ပျောက်သွားလေပြီ။

နွယ့်ခြေထောက်နားတွင် ကျနေသော စာအုပ်လေး၃အုပ်ကို ကောက်ပေးကာ နွယ့်လက်ထဲရှိ စာအုပ်ပုံပေါ်တင်ပေးပြီး နောက်လှည့်မကြည့်တမ်း ထွက်သွားလေသော ထိုသူ။

"သမီးသွားလေ.....အတန်း နောက်ကျတော့မယ်"

အခန်းအပေါက်ဝတွင် ရပ်နေမိသည့် နွယ့်ကို ဆရာမက သတိပေးလာမှ အတန်းစနေမည်ကို တွေးမိပြီး အခန်းဆီသို့ သုတ်ခြေတင် ပြေးရတော့သည်။

အာရုံထဲတွင်တော့ ချောမောလွန်းကာ ပြစ်ချက်ကင်းသော သူအား မေ့ဖျောက်လို့ မရခဲ့ပေ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

နွယ် အခန်းပြန်ရောက်တော့ chemistry ဆရာမက စာသင်နေပြီ ဖြစ်သည်။ နွယ် ဆရာမကို ခွင့်တောင်းကာ အတန်းထဲဝင်လာချိန်တွင် ပထမဆုံးလုပ်ရပ်မှာသံစဉ်အား ရှာမိခြင်းပင်။ သံစဉ်ကိုတွေ့ကာမှ သက်ပြင်းတိုးတိုးချပြီး သယ်လာသော စာအုပ်များကို အတန်းခေါင်းဆောင်ထံအပ်၍ ခုံတွင် ဝင်ထိုင်လိုက်တော့သည်။

သံစဉ်အား အလောတကြီး ထွက်သွားသည့် အကြောင်းအရင်း မေးချင်သော်လည်း စာသင်နေ၍ စာအုပ်ပေါ်တွင် ခဲဖြင့် ခပ်ဖွဖွရေးကာ စာအုပ်လေးကို သံစဉ်ဆီ တွန်းပို့လိုက်သည်။

သံစဉ် ဆရာမ စာသင်နေသည်ကို ငြိမ်သက်စွာနားထောင်နေသော်လည်း ဘာတစ်ခုမှ နားထဲဝင်မလာ။ ထိတွေ့ခဲ့ရသည့် ရင်ခွင်ကျယ်ကိုသာ တွေးမိပြီး ပါးပြင်တို့ ပူရှိန်းတက်လာကာ လက်ဖျားများပါ အေးစက်လာရသည်။

ထိုစဉ် သံစဉ်လက်မောင်းမှ အထိအတွေ့တစ်ခုကိုခံစားလိုက်ရသောကြောင့် ဘေးကို ငဲ့ကြည့်လိုက်တော့ နွယ်က စာအုပ်တစ်အုပ်ကို ထိုးပေးလာသည်။

`အဆင်ပြေရဲ့လား.......နားနေခန်းမှာတုန်းက ဘယ်လိုဖြစ်တာလဲ´

လှန်ထားသော စာမျက်နှာတွင် မပီမသ စကားလေးတို့်ဖြင့် ပုံဖော်ထားသည့် မေးခွန်းကို မြင်လိုက်ရသဖြင့် သံစဉ် ခေါင်းအသာခါပြပြီး လေသံတိုးတိုးနှင့် ဖြေလိုက်တော့သည်။

"ပြီးမှ ပြောပြမယ်"

သံစဥ့်အဖြေတွင် နွယ်က တစ်ချက်သာ ကြည့်လာပြီး စာကိုသာ အာရုံပြန်စိုက်သွားသည်။ သို့သော် သံစဉ်မှာတော့ ချစ်ဦးသူနှင့် ခုမျှလောက်ထိ နီးကပ်ဖို့ မပြောနှင့် မျက်နှာချင်းတောင် မဆိုင်ဖူး၍ ယခု အခြေအနေသည် ပေါက်ကွဲပစ်လိုက်ချင်စရာအတိ။

အမြဲ သံစဉ်အတွက် ရင်ဖွင့်တိုင်ပင်ရာသည် ဒိုင်ယာရီလေး ဖြစ်ခဲ့သော်လည်း ယခုအခါ အရင်းနှီးဆုံး သူဖြစ်သော နွယ့်ကို ခံစားချင်တို့ ရင်ဖွင့်ချင်မိသည်မှာ မိန်းမသားတို့ သဘာဝပင်။ ထုတ်မပြောလို့ မဖြစ်သည်ထိ ရင်ထဲတွင် ဗလောင်ဆူနေပြီမို့ နှစ်နှစ်နီးပါး သိုဝှက်လာသော ရင်တွင်းခံစားချက်အား ဖြစ်ချင်ရာဖြစ် ပြောပြတော့မည်။

တစ်ခါမှ ထုတ်ဖော်မပြဖူးသော ခံစားချက်တို့အား တစ်ယောက်ယောက်ကို ထုတ်ပြတော့မည်ဟု တွေးလိုက်သည်နှင့် တစ်ကိုယ်လုံး ချမ်းစိမ့်ကာ တုန်ရီလာရသည်။ ဆရာမလည်း ရှိနေသည်မို့ စိတ်ကိုအနိုင်နိုင်ထိန်းကာ မျက်နှာတည်ကာ ငြိမ်နေရတော့သည်။

ထိုအတိုင်း အတန်းချိန်ပြီးသည်ထိ ဟန်ဆောင်နေပြီးမှ ဆရာမ ထွက်သွားသည်နှင့် နွယ့်လက်ကို ဆွဲကာ အပြင်သို့ ထွက်လာလိုက်သည်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ဆရာမကို နှုတ်ဆက်ပြီးပြီးချင်း ပြန်မထိုင်ခင် လက်ကိုဆွဲကာ အပြင်ခေါ်ထုတ်လာသော သံစဉ်ကြောင့် နွယ့်မှာ ယောင်နနနှင့် ပါလာရသည်။ နွယ့်လက်ကို ဆုပ်ကိုင်ထားသည့် လက်ဖျားတို့မှာ အေးစက်နေသောကြောင့် တစ်ခုခုဖြစ်နေမှန်းတော့ ရိပ်မိပါသည်။

ကျောင်းဆင်းချိန် မဟုတ်၍ နွယ့်ကို သံစဉ် ဆွဲခေါ်လာရာသည် မိန်းကလေး အိမ်သာဆီသို့။ အိမ်သာရှေ့ရောက်မှ လက်ကိုလွှတ်ပေးကာ နွယ်နှင့် မျက်နှာချင်းဆိုင် လှည့်လာသော သံစဉ်။

"နွယ်"

"အင်း သံစဉ်ပြော.....ဘာဖြစ်တာလဲ"

"ငါ နင့်ကို လျှိ့ဝှက်ချက်တစ်ခု ပြောပြစရာရှိတယ်"

"ရုတ်တရက်ကြီးလား"

နွယ် မေးလိုက်တော့ ခေါင်းအသာ ငြိမ့်ပြလာသည်။

"ပြောလေ ဘာများလဲ"

"ငါလေ........ငါ ၈တန်းလောက်ထဲက....."

လက်အချင်းချင်း လိမ်ယှက်ရင်း စကား အထစ်ထစ်ဖြင့် ပြောနေသော အမျိုးသမီးလေးသည် နွယ် သိခဲ့ဖူးသော ခယောင်းသံစဉ်နှင့် လားလားမျှ မဆိုင်ပေ။ ပျော်ပျော်နေတတ်ပြီး အေးဆေး တည်ငြိမ်သော မိန်းကလေးတွင် ခုလို ယောက်ယက်ခတ်မတတ် စိတ်လှုပ်ရှားရသည့် အချိန်တို့လည်း ရှိသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသည်လေ။

နွယ် သံစဥ့်စကားအား ဖြတ်မပြောဘဲ ငြိမ်ကာ နားထောင်နေတော့ သံစဉ်က လက်သီးလေးဆုပ်ရင်း ထပ်ပြောလာတော့သည်။

"မနက်က ငါနဲ့ ဝင်တိုက်မိတဲ့သူလေ"

သံစဉ်စကားတွင် မြန်ဆန်စွာပင် အာရုံတွင်း ထင်ပေါ်လာသော ပုံရိပ်တစ်ခု။ မေ့ဖျောက်လို့မှ မလွယ်ကူဘဲ။

"အင်း ဘာဖြစ်လို့လဲ"

"သူ့ကိုငါကြိုက်နေတာ ၈တန်းထဲက"

"ဟမ်"

ရုတ်တရက်မို့ ဘယ်လိုတုန့်ပြန်ရမှန်း နားမလည်လိုက်ခင် အာမေဋိတ်သံမှာ ထွက်နှင့်ပြီးပြီ။

နွယ့်ကို ပြောပြပြီးသည်နှင့် သံစဉ်သည် ဖြူ လွန်းသော အသားအရည်ကြောင့် နီတက်လာသော မျက်နှာမှာ ခေါင်းငုံ့ထားသော်လည်း ထင်ထင်ရှားရှား မြင်နေရသည်။

ပုံမှန်အတိုင်းသာဆို စနောက်မိမှာ မှန်သော်လည်း သံစဉ် ရည်ညွှန်းသည့် သူသည် နွယ် မြင်မြင်ချင်း စိတ်ဝင်စားမိသူ ဖြစ်နေသောကြောင့် ဘာစကားမှတောင် မဆိုနိုင်တော့။

သံစဉ်မှာလည်း နွယ် တစ်ခုခု ပြန်ပြောလာမည် ထင်ခဲ့သော်လည်း ငြိမ်သက်စွာ ရပ်နေသူကြောင့် စိတ်လှုပ်ရှားလာရသည်။

"နွယ် ဘာဖြစ်လို့လဲ......ဘာမှမပြောတော့ဘူးလား"

သံစဉ် လေသံကို မပျော့လွန်း မမာလွန်းစွာ မေးလိုက်မှ နွယ်က အိမ်မက်မှ နိုးလာသူလို မျက်တောင်အမြန်ခတ်ကာ သံစဉ်ကို တစ်ချက်ကြည့်ပြီး ပြုံးပြလာသည်။

"ဘာမှမဖြစ်ပါဘူး...... နင်ကြိုက်တဲ့သူ ရှိတယ်ဆိုလို့ အံ့သြသွားရုံပါ"

"ငါက ကြိုက်တဲ့သူ မရှိရတော့ဘူး"

သံစဉ် ဆူပုတ်ပုတ်နှင့် ပြောမိတော့ နွယ်က ခေါင်းအသာမော့ကာ ရယ်လာသည်။

"မဟုတ်တာ......ငါပြောချင်တာ အဲ့လိုမဟုတ်မှန်း နင်သိပါတယ်"

"ငါလန့်သွားတာပဲ သိလား......ဒါ ငါ ဇွဲမာန်ပြည့်ရှင်ကို ကြိုက်နေတယ်ဆိုတာ တခြားသူကို ပထမဆုံးထုတ်ပြောဖူးတာလေ"

"ဇွဲမာန်ပြည့်သျှင်? မနက်က တစ်ယောက်လား"

သံစဉ် ကြိုက်နေသော သူလားဟု မမေးမြန်းဘဲ မနက်က တစ်ယောက်ဟု မေးမိသည်မှာ သူနှင့်ကိုယ်၏ ပထမဆုံးတွေ့ဆုံမှုကို အမှတ်ရနေ၍။

"ဟုတ်သားပဲ နင်က ဒီနှစ်မှ ပြောင်းလာတော့ သူ့ကို သေချာမသိတာ.......သူက Aခန်းကလေ စာအရမ်းတော်ပြီး ချမ်းသာတော့ ကျောင်းဂုဏ်ဆောင်ပေါ့"

သံစဉ် ကျေးဇူးနှင့် အချက်အလက်တစ်ချို့ကို သိခွင့်ရခဲ့သည့်အပြင် ကွာခြားလွန်းသည့် စည်းတို့ကိုလည်း ပြတ်သားစွာ မြင်လိုက်ရသည်။ အရေးကြီးဆုံးသည် နွယ်မှာ အလာကောင်းသော်လည်း အခါနှောင်းသူပင်။

"စကားပြောဖူးလား"

"ဘယ်လိုလုပ်ပြောဖူးမှာလဲ....... မနက်ကမှတောင် ပထမဆုံး သူ့အနား ရောက်ဖူးတာပါဆို.....ဘယ်လိုဖြစ်ဖြစ် နင် ငါ့ကို နားမလည်ပေးလောက်ဘူး ထင်တာ.......တော်သေးတာပေါ့ နားလည်ပေးလို့

သက်ပြင်းလေးချကာ ပြောလာသော သံစဉ်ကြောင့် နွယ် အလှဆုံးပြုံးလိုက်ပြီး

"ဘာ နားမလည်နိုင်စရာရှိလို့လဲ.....လူ့သဘာဝပဲကို"

နွယ် ပြောလိုက်တော့ သံစဉ်ကပါ ပြုံးပြလာသည်။

"လာ အခန်းပြန်ကြမယ်......အရမ်းကြာနေရင် မကောင်းဘူး

"အွန်း"

နွယ့်လက်ကို တွဲကာ အခန်းပြန်သည့် တစ်လျှောက်လုံး သံစဉ် ရင်ခုန်မိခဲ့သမျှ ဖြစ်ရပ်တိုင်းကို တူးဆွကာ ပြောမိသည်မှာ တရစပ်။ အခန်းပြန်ရောက်သည်ထိ ပြောလို့ မကုန်နိုင်ခဲ့ပေ။

"မမလေး ခယောင်းသံစဉ်ကို တည်ငြိမ်ပြီ ထင်တာ အချစ်နဲ့တွေ့တော့လည်း သာလိကာမလေးလိုပဲ"

နွယ် သံစဉ်နှာခေါင်းထိပ်လေးကို ဖွဖွလေး ညစ်ကာ ပြောလိုက်တော့ သံစဉ်က သွားပေါ်သည်ထိ ပြုံးပြလာသည်။ အချစ်ရဆုံး သူငယ်ချင်းလေး ပျော်နေသည်ကို မြင်ရသောကြောင့် ရင်တွင်းမှ ခံစားချက်တို့ ဆပွားမလာခင် မြေမြုပ်ပစ်ဖို့ ကြိုးစားလိုက်ရသည်။

အခြေအနေချင်း ကွာခြားလွန်းသည့်အပြင် သံစဉ်သည်သာ ပထမဆုံးချစ်မိသူမို့ ဒီပွဲတွင် နွယ်သည် အလိုအလျောက် ဖယ်နေရမည့်သူပင်။

နွယ်သည် နှုတ်ခမ်းထက် ပြုံးယောင်သန်းကာ သံစဥ့်ကို စနောက်နေသောလည်း မျက်ဝန်းလှလှတို့ထက် ဆွေးရိပ်ထင်နေသည်အား သံစဉ် မမြင်အောင် မဖုံးကွယ်နိုင်ခဲ့ပေ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ကံကြမ္မာသည် နွယ့်အား အမှန်ပင် ကျီစယ် နိုင်လွန်းသည်။

ပထမတစ်ခါ နွယ့်ဖေဖေဆုံးချိန်တွင် ဘဝတစ်လျှောက်လုံး အမေဟု ခေါ်ခဲ့ရသူမှာ မိထွေးဖြစ်နေကြောင်း သိလိုက်ရသည်။

ဒုတိယအနေဖြင့် နွယ်ချစ်ရသော မိခင်နှင့် ညီမလေးမှာ နွယ့်အား မည်သည့်အခါမှ မချစ်ခဲ့သည်ကို ရင်နာနာနှင့် လက်ခံလိုက်ရသည်။

ယခုတစ်ခါတွင်လည်း သံစဉ် သဘောကျနေသောသူမို့ မဖြစ်သင့်၍ မေ့ဖျောက်ထားခဲ့သော်လည်း ထိုသူသည် နွယ့်ရှေ့တည့်တည့် ဆိုက်ရောက်လာပြန်သည်။

ထိုနေ့က စနေ မိုးစွေသည်မို့ ထီးလေး ဆောင်းကာ လူကုန်ထံ ရပ်ကွက်ထဲ ဖြေးဖြေးချင်း လျှောက်ဝင်လာမိသည်မှာ တစ်ပတ်နီးပါး နေမကောင်းဖြစ်နေသော သံစဉ်ဆီ သတင်းမေးရန် အတွက်။

လူနာ သတင်းမေးမည်မို့ ရိုးရိုး မြန်မာဝမ်းဆက် အဖြူ ရောင်လေးသာ ဝတ်ဆင်ခဲ့မိသည်။ ဆံနွယ်ရှည်တို့ကို ကြိုးအဖြူလေးနှင့် ခပ်လျော့လျော့ချည်ကာ ချထားသဖြင့် လေတိုက်တိုင်း တစ်စနှစ်စပြန့်လွင့်နေသည်မှာ မိုးဖွဲဖွဲ အောက်တွင် လှချင်တိုင်း လှနေသည့် မိန်းမပျိုလေးနှယ်။

ထိုစဉ် နံဘေးမှ ဖြတ်သွားသော ကားတစ်စီးမှာ လမ်းမထက်မှ ရေအိုင်ကို ဖြတ်မောင်းသွား၍ နွယ့်ကိုယ်တစ်ခြမ်းလုံး ရွံရေတို့ ရွဲရွဲစိုသွားရသည်။

တရားခံကားအား လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းရောက်ပြီးမှ နွယ့်ဆီသို့ နောက်ပြန်ဆုတ်လာသည်လေ။ ထို့နောက် ကားရှေ့ခန်းမှ ဦးလေးကြီးတစ်ယောက် ဆင်းလာတော့သည်။

"ရေတွေ တော်တော်စိုသွားတာပဲ.......ငါ့တူမကြီးဦးလေး တောင်းပန်ပါတယ်.......အမြန် ဖြတ်မောင်းလိုက်မိတာ ရေအိုင်ကို သတိမထားမိလိုက်လို့ပါ"

ကိုယ့်အဖေ အရွယ်လောက်ရှိသော လူကြီးမှ နွယ့်အား တောင်းပန်လာသောကြောင့် ရေစို၍ စိတ်တိုမိသမျှ အားနာစိတ်သို့ ပြောင်းသွားတော့သည်။

"ရ ရပါတယ် ဦးလေး........နွယ်လည်း ဘေးကပ်မလျှောက်မိလို့ပါ......ဦးလေး သွားစရာရှိရင် သွားပါ.... နွယ် အဆင်ပြေပါတယ်"

နွယ် လမ်းဘေးကပ်လျှောက်နေသည်မှာ ဘေးခြုံထဲတောင် တိုးတော့မတတ် ဖြစ်နေသော်လည်း ဦးလေးကြီး အားမနာစေရန် မုသားစကားဆိုမိသည်။

"ရေတွေ စိုနေတာကို အဆင်ပြေနေတယ် ပြောနေသေးတယ်.......ကားပေါ်တက် ခဏနေ မိုးက သည်းတော့မှာ"

ရုတ်တရက် ဦးလေးကြီးနောက်မှ ထွက်ပေါ်လာသော သြရှရှအသံကြောင့် နွယ့်မှာလန့်ကာ တုန်တက်သွားရသည်။ လှမ်းကြည့်မိတော့ နှုတ်ခမ်းတွန့်ရုံ ပြုံးနေပါသော ဇွဲမာန်ပြည့်သျှင်။

မေ့ဖို့ ကြိုးစားနေပါသည်ဆို ရှေ့တည့်တည့်ကြီး ပေါ်ထွက်လာလို့ ဘယ်ဖြစ်မလဲ။ ထို့ပြင် သူနှင့် တစ်ကားတည်း ထိုင်စီးရဦးမည်။ ဟင့်အင်း မဖြစ်နိုင် ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိ။

"ရပါတယ် နွယ် ဒီနားကအိမ်ကိုသွားမှာပါ.......အဲ့အိမ်ရောက်မှ အဝတ်လဲလိုက်ပါ့မယ်......ကျေးဇူးတင်ပါတယ်"

"ငါ့ကို ကြာအောင်မလုပ်နဲ့"

"မဟုတ်....."

လှည့်ထွက်ဖို့ ပြင်နေသော နွယ့်လက်ကို လာဆွဲကာ ကားထဲ ဆွဲခေါ်သွားသူကြောင့် ငြင်းချိန်တောင် မရခဲ့။

"ဦးလေး အိမ်ကိုပဲမောင်း"

"အေးအေး သားမာန်"

အေးစိမ့်နေသော aircon ဒဏ်ကြောင့် စိုရွဲနေသည့်ကိုယ်တစ်ခြမ်းလုံးသည် ချမ်းကာ ထုံလာသည်အထိ။ လက်လေးနှစ်ဖက်ကို ပိုက်ကာ ကိုယ်ကိုကြုံ့ထားမိတော့ ကမ်းပေးလာသော အနွေးထည်လေး။

"အေးနေတယ်မလား......ခဏနေ အိမ်ရောက်တော့မယ်

တကယ်လည်း ချမ်းနေသည်မို့ မငြင်းတော့ဘဲ ကိုယ်ပေါ် လွှမ်းခြုံထားလိုက်တော့သည်။ ထိုအခါ နှာဖျားထိပ်သို့ ကျီစယ်လာသော ယောက်ျားဆန်သည့် ရနံ့သင်းတစ်ခု။ တိတ်တခိုး နမ်းရှိုက်မိရင်း ကားပြတင်းပေါက်ဆီသို့ မျက်နှာလွှဲထားလိုက်တော့သည်။

စိတ်ထဲတွင်တော့ သံစဉ်အား အထပ်ထပ် တောင်းပန်ရင်း။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

ကားလေးမှာ ထည်ဝါသော အိမ်များကို ဖြတ်ကျော်အပြီး ခမ်းနားသော အိမ်ကြီးအရောက်တွင် ကားကိုရပ်လိုက်သည်မို့ ချမ်းသာကြွယ်ဝမှုအား ခန့်မှန်းလိုက်မိသည်။

အိမ်ရှေ့ရောက်နေပြီဖြစ်သော်လည်း ကားထောင့်တစ်ဖက်တွင် ကပ်ထိုင်ကာ မဆင်းသေးသော နွယ့်ကြောင့် ဇွဲမာန်ပြည့်သျှင်သည် မျက်ခုံးပင့်ကာ မေးဆက်ပြလာသည်။ ဆင်းဆိုသည့် သဘော။

နွယ် စိတ်လှုပ်ရှားမှုအား ထိန်းကာ အကြောက်ကြောက် အလန့်လန့် ဆင်းမိတော့ ခေါင်းတစ်ခါခါဖြင့် အိမ်ထဲဝင်သွားသူ။

"သမီး ဝင်သွားလိုက်.......စိုနေတာကို ပြန်လဲရမယ်လေ"

ကားရှေ့ခန်းမှ ဆင်းလာသော ဦးလေးကြီး ပြောလာမှ နွယ် အိမ်ကြီးအတွင်းသို့ ခြေလှမ်းတို့ ချရဲခဲ့သည်။

အိမ်ထဲရောက်တော့ ဆိုဖာထက် ထိုင်နေသော အပြုံးချိုသည့် အမျိုးသမီးကြီးသည် နွယ့်အား ကြည့်ကာ မေးလာတော့သည်။

"ဒီက သမီးလေးက....."

"မင်္ဂလာပါ အန်တီ.......ဆူးခက်နွယ်လို့ ခေါ်ပါတယ်ရှင့်"

နွယ့်နာမည်ကို မိတ်ဆက်လိုက်တော့ ခွက်တစ်ခွက်ကိုင်ကာ အခန်းတစ်ခုဆီမှ ထွက်လာသော သူက နွယ့်ကို တည့်တည့် စိုက်ကြည့်လာသည်။ ပြီးမှ နွယ့်ကို သူကိုင်ထားသော ခွက်အား လာပေးလေသည်။

သင်းပျံ့ သည့် ကော်ဖီနံ့ကြောင့် နွယ့်အတွက် သူဖျော်ပေးသလားဆိုသည့် စိတ်နှင့် သောက်ရမှာတောင် နှမြောမိသည်။

"သောက်လိုက်ဦး"

အမိန့်မဆန်သော်လည်း ပူကြပ်နေသော ကော်ဖီကိုမှုတ်ဖို့မေ့သည်ထိပင် နွယ် ကောက်မော့လိုက်မိသည်။

"ဟဲ့ ဟဲ့ သမီးပူမယ်!"

အန်တီ တားချိန်တွင် ပူလောင်နေသော ကော်ဖီတို့က နွယ့်ပါးစပ်ထဲ အတားအဆီးမရှိ ဝင်ရောက်နှင့်ပြီး။ ထွေးထုတ်လို့လည်း မရတာကြောင့် ကြိတ်မှိတ် မြိုချမိသည်မှာ မျက်ရည်တို့တောင် ဝဲရသည်။

"အူကြောင်ကြောင်နဲ့"

တစ်ကိုယ်တည်း ရေရွတ်သော စကားဖြစ်သော်လည်း နားပါးသော နွယ်သည် ပြတ်ပြတ်သားသား ကြားလိုက်ရသဖြင့် ဇွဲမာန်ပြည့်သျှင်အား မော့ကြည့်လိုက်မိသည်။

"အဟမ်း!..... မာမီ ဦးလေး ရေအိုင်ပေါ် ကားဖြတ်မောင်းလိုက်လို့ သူတစ်ခြမ်းလုံး စိုရွဲသွားတာ........အဲ့တာ အဝတ်လဲဖို့ စီစဉ်ပေးပါဦး......ကျွန်တော် ကျူ ရှင်သွားရမှာမို့ မစောင့်တော့ဘူး"

"အေးအေး သား......မာမီ သေချာ လုပ်ပေးလိုက်မယ် ဖြေးဖြေးသွားဦး......ဒါနဲ့ မိုးအေးနေတာ အနွေးထည်ကော"

အန်တီ့အပြောကြောင့် ဇွဲမာန်ပြည့်သျှင် အကြည့်တို့သည် နွယ့်ကိုယ်ပေါ်သို့ ဖြတ်သန်းသွားသည်။ နွယ်လည်း စိုနေမည့် အနွေးထည်ကို ပြန်မပေးချင်တော့သောကြောင့်။

"နွယ့်ကို ပေးထားတာပါ......နွယ် ကျောင်းဖွင့်တဲ့နေ့ သေချာလျှော်ပြီး ပြန်ပေးပါ့မယ်"

"ရတယ် ကိစ္စမရှိဘူး"

နွယ့်ကိုပြောပြီး အပေါ်ထပ်တက်သွားကာ ခဏအကြာ အနွေးထည်ဝတ်ရင်း ဆင်းလာတော့သည်။

"ကျွန်တော်သွားပြီး မာမီ"

အန်တီက ခေါင်းငြိမ့်ပြတော့ နွယ့်ကို တစ်ချက်ကြည့်ကာ ထွက်သွားလေသောသူ။

"လာ သမီး အင်္ကျီလဲရအောင်...... ပြီးရင် အန်တီ ပြန်ပို့ပေးမယ်နော်"

"ဟုတ် ရတယ်ရှင့်"

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

"အွန်း ရပါတယ်......နင်လည်း ဂရုစိုက်ဦးနော်......အအေးမိနေမယ်"

"......"

"အေးပါ အေးပါ နောက် အားမှလာခဲ့တော့"

"......"

"ဒါပဲနော်"

မွေ့ရာထက် ဖြူ ဖျော့နေသော နှုတ်ခမ်းများ ကွေးညွှတ်နေသည်ထိ ပြုံးရွှင်နေအောင် လုပ်နိုင်သော ဆက်သွယ်မှုတစ်ခု။

ဖုန်းချသွားပြီးချိန်ထိ အပြုံးမပျက်သော သံစဉ်ကြောင့် မနေနိုင်စွာ မေးမိတော့သည်။

"ဘယ်သူမို့ ဒီလောက် ပြုံးနေရတာလဲ"

"နွယ်လေ.....ဒီနေ့ မိုးစိုသွားလို့ မလာနိုင်တော့ဘူးတဲ့"

"ဆူးခက်နွယ်လား?"

နိုင် မေးလိုက်တော့ နိုင့်ကို ပြုံးစိစိနှင့် ကြည့်လာသည်။

"ဘာလဲ အဲ့ရုပ်က"

"ကိုကို့ကို မေးရမှာ......နာမည်တောင် သိနေရော"

"ဖုန်းပြောတိုင်း အဲ့နာမည်ပဲ ရွတ်နေပြီးတော့ မသိဘဲနေမလား"

နဖူးလေးကို ခပ်ဖွဖွတွန်းကာ ပြောမိတော့။

"ဟုတ်ပါပြီ......နာမည်လေးနဲ့တောင် စိုးမိုးနေပြီ ဆိုတော့ လူကော စိုးမိုးမခံချင်ဘူးလား"

"ဒီကောင်မလေးတော့......နေမကောင်းတာတောင် လူကြီးကို စနိုင်သေးတယ်"

လျှာလေး ထုတ်ပြကာ စနောက်နေသော ညီမငယ်ကြောင့် နိုင် စိတ်အေးသွားရတာတော့ အမှန်။

ပိတ်ရက် ပြန်လာမည်ဟုပြောပြီး suprise လုပ်ရန် အမိမြေသို့ ပြန်လာခဲ့သည်လေ။ သို့သော် ညီမငယ် နှလုံးထဖောက်၍ ဆေးရုံရောက်နေသည့် သတင်းဖြင့် နိုင့်ကို suprise ပြန်လုပ်သွားကြမည်ဟု မထင်ထားခဲ့။

ရက်ပိုင်းလောက်သာ ပြန်လာနိုင်သော အကို ကို အိပ်ယာထက် ဖြူ ဖျော့စွာလှဲရင်း ဆေးပိုက်တန်းလန်းဖြင့် ကြိုဆိုနေသော်လည်း အပြစ်မဆိုရက်။ ကျန်းမာရေး ချူ ခြာသော သူ့ညီမလေး ဘယ်တော့များမှ ဒီဝဋ်တွေက ကျွတ်မည်လဲ။

မနက်ဖြန်ဆို နိုင်ပြန်ရတော့မည်မို့ နဂိုထက် ပိုညိုှးနေသော မျက်နှာလေးကို ကြည်လင်လာအောင် လုပ်နိုင်သော ဆူးခက်နွယ်ကြောင့် နိုင် စိတ်ထဲမှ ကျေးဇူးတင်မိသည်မှာ အမှန်။

"နေကောင်းအောင်နေနော်......ထပ်ပြီး လဲမသွားနဲ့......တစ်ခုခုဆို ကိုကိုက ချက်ချင်းလာနိုင်တာ မဟုတ်ဘူး.......အဝေးမှာ ရောက်နေတာ စိတ်ပူအောင် မလုပ်နဲ့"

"ဟုတ်ကဲ့ပါ ကိုကိုရယ်.......တနေကုန် အဲ့တာပဲ ထိုင်ပြောနေတော့မှာလား"

"အဲ့တာပဲ ပြောရမှာပေါ့......မနက်ဖြန်ဆို ကိုကိုက ပြန်ရတော့မှာ......ပြီးတော့ မကြာခင် သံစဉ်ကော ကိုကိုကော အရေးကြီးတဲ့ အတန်းတွေကို ရောက်တော့မှာ......ကိုကို ခုလို ခဏပြန်လာဖို့လည်း ခဲယဉ်းသွားပြီ"

"ရရင်တော့ ပြန်လာခဲ့နော်"

တောင်းဆိုသည့် မျက်ဝန်းတို့နှင့် ပြောလာသော သံစဉ်ကြောင့် နဖူးလေးကို ဖွဖွနမ်းကာ နိုင် မျက်ရည်ဝဲမိသည်။

မောင်နှမဟူ၍ ၂ယောက်ထဲသာ ရှိသောကြောင့် သံစဉ် သူ့ကို ဘယ်လောက် ခင်တွယ်သလဲ မမေးဘဲတောင် သိနိုင်သည်လေ။ နောက်နှစ်မှစပြီး နိုင်လည်း assignment တွေနှင့် အလုပ်ရှုပ်တော့မည်ဖြစ်၍ အားတုန်းလေး လာလည်ရကြောင်းလည်း မလိမ်ညာတမ်း ပြောပြထားသောကြောင့် ခုလို ကပ်နေခြင်းလည်း ဖြစ်ပါလိမ့်မည်။

"အင်းပါ......အဆိုးလေးဆီ ကိုကို ပြန်လာခဲ့မယ်နော်"

"ကိုကို့ကို နွယ်နဲ့ မိတ်ဆက်ပေးချင်တာကို"

နှမြောတသဖြစ်စွာ ပြောနေသော သံစဉ်၏ အကြံကို နိုင် ရိပ်မိသော်လည်း ကျန်းမာရေး မကောင်းသော ညီမငယ် စိတ်တိုင်းကျစေရေးအတွက် မငြင်းဆန်ဖြစ်။

"ခု မတွေ့လည်း နောက်ဆို အမြဲ တွေ့နေရတော့မှာလေ......အဲ့တော့ ခုခဏလေး အမျိုးသမီးနဲ့ မတွေ့ဘဲ နေလိုက်ပါဦးမယ်"

နိုင် စနောက်လိုက်တော့ အသံထွက်သည်ထိ ရယ်မောလာတော့သည်။

ညီမငယ်သည်သာ နိုင့်အတွက် တစ်ဘဝဖြစ်သည်။ ထို့ကြောင့် ညီမလေးသာ နိုင့်ကို ဆူးခက်နွယ်နှင့်မှ သဘောတူပါသည်ဆိုလည်း ထိုမိန်းကလေး၏ တစ်ဘဝလုံးကို တာဝန်ယူပေးရန် ဝန်မလေး။

ထိုမျှလောက်ထိ ညီမလေးကို နိုင် ချစ်ပါသည်လေ။

********From Revenge To Love*********

To Be Continue.......

Website