ကား ဗဟုသုတ Cars Knowledge
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကား ဗဟုသုတ Cars Knowledge, Cars, .
အော်တိုဂီယာဆောင့်ခြင်းနှင့် ပလပ်ကွိုင်ပြစ်ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဓါတ်ဆီအင်ဂျင် အော်တိုဂီယာကားတွေမှာ အများဆုံးကြုံတွေ့ရတဲ့ ပြစ်ချက်တခုကတော့ ဂီယာဆောင့်တဲ့ ပြစ်ချက်ဘဲဖြစ်ပါတယ်။
အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်ခြင်း၊ ဂီယာမချိန်းခြင်း၊ ဂီယာချိန်း နောက်ကျခြင်းတွေကြုံတွေ့ရတဲ့အခါ အော်တိုဂီယာဘောက်ကြောင့်လို့ဘဲထင်ပြီး ဂီယာဘောက်လဲခြင်းကို လုပ်ဆောင်လေ့ရှိကြပါတယ်။
အော်တိုဆီမလဲတာကြာသွားတဲ့အတွက် ဂီယာဘောက်အတွင်းမှာရှိတဲ့ ကလပ်ပြားများပွန်းစားခြင်း၊ ဗားဘော်ဒီချေးပိတ်ခြင်း၊ ဆိုလိုနှိုက်များ ပျက်စီးခြင်းတို့ကြောင့် ဒီပြစ်ချက်တွေက ဖြစ်စေနိုင်ပါတယ်။
ဂီယာဆောင့်ခြင်း၊ ဂီယာမချိန်းခြင်း၊ ဂီယာချိန်းနောက်ကျခြင်းတွေက ဂီယာဘောက်ကြောင့် မဟုတ်ဘဲ တခြားပြစ်ချက်တွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။
ဥပမာ
စစ်ဆေးပြုပြင်မှုတခုပြုလုပ်ပြီးသွားတဲ့အခါ ဂီယာဘောက်အပ်ကြိုး (Ground) မတပ်မိခြင်း၊ ဂီယာဘောက်ကွန်ထရိုးယူနစ်ပျက်စီးခြင်း၊ ဂီယာဘောက် လက်ဝါး (Gear Position Sensor) ပျက်စီးခြင်း တို့အပြင် အင်ဂျင်ပိုင်းပြစ်ချက်တွေဖြစ်တဲ့ VVT စနစ် ပြစ်ချက်ရှိခြင်း၊ ပလပ်နှင့်ပလပ်ကွိုင်များ မကောင်းခြင်း၊ အင်ဂျက်တာများချေးပိတ်ခြင်း စသည်တို့ကြောင့်လည်း ဒီပြစ်ချက်တွေ ကြုံတွေ့နိုင်ပါတယ်။
ဒီဆောင်းပါးလေးမှာ ဂီယာဆောင့်ခြင်းနှင့် ပလပ်ကွိုင် (Ignition Coil) ပြစ်ချက်တွေကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။
ပလပ်ကွိုင် လို့ ခေါ်တဲ့ အင်ဂနေးရှင်းကွိုင်တွေက သက်တမ်းတခုကြာလာတဲ့ ပလပ်တွေကို မီးပေးအားကျဆင်းလာခြင်း (သို့မဟုတ်) အင်ဂျင်အပူလွန်ကဲခြင်းကြောင့် ပလပ်ကွိုင်များပေါက်ပြီး မီးကူးကာ ပလပ်တွေကို မီးပေးအားကျဆင်းလာတတ်ပါတယ်။
ပလပ်ကွိုင်တွေ ပေါက်ခြင်း (သို့) ကွဲခြင်းကြောင့် ပလပ်မီးပေးအား (မီးကူးအား) ကျဆင်းလာတဲ့အခါ အင်ဂျင်ပါဝါလည်းဆုံးရှုံးစေပြီး ဝန်အားကိုမနိုင်တော့ပါဘူး။
အဲ့ဒီအခါ အော်တိုဂီယာရဲ့ နံပါတ်စဉ်အလိုက် ချိန်းသွားတဲ့လုပ်ငန်းစဉ်မှာ အင်ဂျင်ရုန်းအားက မလိုက်နိုင်တော့တဲ့အတွက် ဂီယာဆောင့်ခြင်း၊ ဂီယာချိန်းနောက်ကျခြင်းတို့ကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
ပလပ်ကွိုင်တွေပေါက်တဲ့အခါ ပြစ်ချက်ကုဒ်အနေနဲ့ Misfire ပြစ်ချက်ကုဒ်တွေဖြစ်တဲ့ P0300, P0301 – P0312 အထိ တက်စေနိုင်ပါတယ်။
ဒါဆိုရင်တော့ ပြစ်ချက်ကုဒ်တွေအရ ဆလင်ဒါနံပါတ်စဉ်အလိုက် ပလပ် (Spark Plug) နှင့် ပလပ်ကွိုင် (Ignition Coil) ကို သေချာစစ်ဆေးပေးသင့်ပါတယ်။
ဒါကြောင့် အော်တိုဂီယာနှင့်ပါတ်သက်တဲ့ ပြစ်ချက်ရှိနေတဲ့အခါ အော်တိုဂီယာဘောက်နဲ့ သက်ဆိုင်တဲ့ပြစ်ချက်တွေကို ထည့်သွင်းစဉ်းစားရသလို အင်ဂျင်ပိုင်းပြစ်ချက်တွေဖြစ်တဲ့ ပလပ်ကွိုင်ပေါက်ခြင်း၊ ပလပ်ကွိုင်မီးထွက်အားကျခြင်းကိုလည်း ထည့်သွင်စဉ်းစားသင့်ပါတယ်။
Credit - Khayan Tharlay
မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်
#စုံ အချက်ပြမီး
--------------------
လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားသည် စုံ အချက်ပြမီး (ဘယ်/ညာ နှစ်ဖက်စလုံး အချက်ပြ) သုံးဖို့လိုလား-?
တကယ်ကျတော့မလိုပါဘူ။
စုံ အချက်ပြမီးရဲ့ အခေါ်အဝေါ်ကိုတောင် မသိသူများမည်ဟုထင်ပါသည်။ ထိုတြိဂံ ပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။
ကားမောင်းသူ အချို့သည် ဘယ် (သို့) ညာ ကွေ့ရာတွင် လိုအပ်သော လက်ကိုင်နှင့် အနီးဆုံး အချက်ပြမီးကို တော့ အသုံးမပြုကြပဲ လက်ကိုင်နှင့်ဝေးသော Hazard Light ကိုမူ လွှဲမှားစွာ အသုံးပြုကြပါတယ်။
Hazard Light ကို ယာဉ်မောင်းသူသည် ကားကိုမောင်းနှင်နေစဉ် မိမိကားရှေ့တွင် အန္တရာယ်ရှိသော အနေအထားရှိနေသည်ဟု မိမိ၏နောက်ကားကို သိစေလိုသောအခါမျိုးတွင် အသုံးပြုခြင်းကို နိုင်ငံအတော်များများတွင် လက်ခံထားကြသည်။
သေချာတာ တခုကတော့ အတည့်သွားမည့်ကားများ လုံးဝ အသုံးမပြု့ခြင်ပင်ဖြစ်ပါသည်။
၎င်းအချက်ပြမီးကို လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။
Hazard Light ကို အောင်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။
(၁) လမ်းမပေါ်၌ ကားပျက်နေစဉ်
(၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်
(၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်
(၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်
(၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်
(၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်
(၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်
(၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်
(၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်
(၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
(၁၁) တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်
(၁၂) ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
(၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်
(၁၄) အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်
(၁၅) ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်
(၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာစဉ် တွေမျိုတွေမှသုံးလေ့ရှိပါတယ်။
ခရီးအကွာဝေး မိုင်တွက်နည်း
အရင်က တင်ဖူးပေမယ့် မသိသေးတဲ့သူတွေအတွက် ထပ်တင်ပေးလိုက်ပါတယ်။
ခရီးသွားလာနေတဲ့ မိတ်ဆွေတွေအားလို့ သိထားသင့်ပါတယ်...
အကျိုးတစ်စုံတစ်ရာ ရမယ်လို့လည်း ထင်ပါတယ်....
1 .6 kilometer = 1 mile
48 kilometer (48 ÷ 1.6 ) × 1
= 30 × 1
= 30 miles
ဒိုင်ခွက်ထဲက လက်တံ က 48 km မှာထားပြီးမောင်းရင် 1 နာရီမှာ မိုင် 30 ရောက်ပါမယ်...
80 kilometer = (80 ÷ 1.6 )× 1
= 50 × 1
= 50 Miles
80 kilometer နှုန်းနဲ့ မောင်းပြီး 1 နာရီ ကြာပြီးသွားရင် မိုင် 50 ရောက်ပါမယ်...
100 kilometer = ( 100 × 1.6 ) ×1
=62.5 miles
100 kilometer နှုန်းနဲ့ မောင်းရင် 1 နာရီကို 62.5 မိုင်ရောက်ပါမယ်...
ကိုယ်သွားမယ့်နေရာကို
ဘယ်လောက် အရှိန်နဲ့ မောင်းမယ်..
ဘယ်လောက် ကီလိုမီတာ/မိုင် ရောက်မယ်ဆိုတာတွေကို
တွက်လို့ရသွားတာပေါ့...
လေးစားစွာဖြင့်
NTR_AUTO_PARTS
♦️ ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာ (၁၀) ချက်♦️
ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို လိုပါတယ်။
(၁)ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ
ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြား ဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်တယ်။ အဲဒါက ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။
(၂)ဘရိတ်လိုင်းတွေရဲ့ ပြဿနာ
ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်းပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ်လိုင်း (brake lines)တွေ ပိတ်ဆို့နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ်လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုး ပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။
(၃)ပါကင်ဘရိတ်ပြဿနာ
ပါကင်ဘရိတ်ကို လက်နဲ့ ဆွဲပေမဲ့ ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆို ရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာ ဖြစ်တယ်။
နောက်တစ်ချက်က မာစတာဆလင်ဒါ (master cylinder)
ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေတာပါ။ မာစတာ ဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အရည်ဖိအား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အစိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခု အနေနဲ့ ချိတ်ဆက်လှုပ်ရှား စေပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ်နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီ ထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။
(၄)ဘရိတ်ပက်ဒ်ပြဿနာ
ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ်နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာ ကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။
(၅)ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ
မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့ အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ် မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။
(၆)ဘရိတ်ဆီ လျော့နည်းတာ
ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင် (piston) ရဲ့ တွန်းအားနဲ့ ရော့တာ (rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ်ဆီ လိုအပ်တာထက် လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်တယ်။
(၇) Brake power boost unit ပြဿနာ
ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန်ထက် ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာ က brake power boost unit ကို စစ်ဆေးဖို့လည်း လိုအပ်တယ်။
(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို
ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆို ရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။
(၉) Vacuum System ပြဿနာ
Vacuum System မှာ ပြဿနာ ရှိနေ ရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။
(၁၀) ကားရဲ့ ဘရိတ်ဒစ်ချွတ်ယွင်းတာ
ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ် လဲလှယ်ရပါမယ်။
ကဲဒီလောက်ဆို စစ်ဆေးတတ်မယ်ထင်ပါတယ်နော် …
အားလုံးအဆင်ပြေကြပါစေ 🙏
#𝒔𝒐𝒖𝒓𝒄𝒆𝒈𝒐𝒐𝒈𝒍𝒆
🚘🚘🚘 အော်တိုဂီယာဂီယာကားတွေ ဘာကြောင့်ဂီယာစောင့်ရတာလဲ?
~~
ဒီပြစ်ချက်ကတော့ အော်တိုဂီယာကားတွေမှာ အမြဲတမ်းကြုံတွေ့နေကြပြစ်ချက်တခုဖြစ်ပါတယ်။
Manual ဂီယာကားမှာ ဂီယာဆောင့်တဲ့ပြစ်ချက်ကတော့ ကလပ်မနိုင်တာကြောင့် ဖြစ်ပေမယ့် အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တဲ့ပြစ်ချက်ကတော့ ဂီယာဘောက်ကြောင့်လည်းဖြစ်နိုင်သလို တခြားပြစ်ချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တိုင်း ဂီယာဘောက်ပြစ်ချက်လို့ ပုံသေ ဆုံးဖြတ်လို့မရပါဘူး။
ဒါ့အပြင် ဂီယာဆောင့်တဲ့ပြစ်ချက်ကို ကြုံတွေ့တဲ့အခါ စထွက်တဲ့အချိန် ဂီယာဆောင့်တာလား၊ မောင်းနေရင်းဂီယာဆောင့်တာလား၊ ဒါမှမဟုတ် ကီလို ၆၀၊ ကီလို ၈၀ လောက်မှ ဂီယာဆောင့်တာလားဆိုတာလည်း သိဖို့လိုပါတယ်။
ဒါဆိုရင် ဂီယာဆောင့်တဲ့ပြစ်ချက်ကို အပိုင်း (၄) ပိုင်းခွဲပြီး လေ့လာကြည့်ကြရအောင်။
၁) ဂီယာဘောက်ပြစ်ချက်၊
၂) အင်ဂျင်ပြစ်ချက်၊
၃) ဝါယာရိန်းပြစ်ချက်၊
၄) မောင်းတိန်းများနှင့် အခြားပြစ်ချက်တို့ဖြစ်ပါတယ်။
🔸၁) ဂီယာဘောက်ပြစ်ချက် –
ဂီယာဘောက်မှာအသုံးပြုတဲ့ အော်တိုဆီ မကောင်းတဲ့အခါ ဂီယာချိန်းနောက်ကျသလို ဂီယာဆောင့်တဲ့ပြစ်ချက်ကိုလည်းဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် အော်တိုဆီပမာဏနည်းရင်လည်း ဖြစ်တတ်သလို ကလပ်ပြားများ၊ ဗားဘော်ဒီ၊ ဆိုလိုနှိုက်များပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်ပါတယ်။
ဒါ့အပြင် ဗားဘော်ဒီဆိုလိုနှိုက်များကို ဆက်သွယ်ထားတဲ့ ဝါယာကြိုးရဲ့ ဆော့ကဒ်အရင်းတွေ အက်နေတာ၊ နဲ့နေတာ၊ ဆားပေါက်နေတာဆိုရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။
🔸၂) အင်ဂျင်ပြစ်ချက် –
VVT-i ပါတဲ့ကားတွေမှာ အင်ဂျင်ဝိုင်ပုံမှန်မလဲခြင်းကြောင့် အင်ဂျင်ဝိုင်ဂျိုးများတတ်ကာ VVT စနစ်ရဲ့ OCV ဗားတွေကောင်းကောင်းအလုပ်မလုပ်ရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်သလို တိုင်မင်ချိန်းပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်နိုင်ပါတယ်။
ဒါ့အပြင် ဓါတ်ဆီအင်ဂျင်တွေမှာ ပလပ်၊ ပလပ်ကွိုင်တွေပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။
တချို့ကားတွေက ပလပ်အမျိုးအစားညံ့တာထည့်မိရင် ဒီပြစ်ချက်ကို ကြုံတွေ့နိုင်တာဘဲ ဖြစ်ပါတယ်။
🔸၃) ဝါယာရိန်းပြစ်ချက် –
ဒီပြစ်ချက်ကတော့ အဖြစ်နည်းတဲ့ပြစ်ချက်တခုဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဂီယာဘောက်နှင့်ဆက်သွယ်ထားတဲ့ ဝါယာကြိုးတွေပြတ်နေတာ၊ ကြိုးလိုင်းတွေအပ်ကျနေတာ၊ အပ်ကြိုးတွေလွတ်နေတာ၊ ဝါယာရှော့ဖြစ်နေတာ၊ ဆော့ကတ်တွေလွတ်နေတာကြောင့်လည်း ဂီယာဆောင့်တဲ့ပြစ်ချက် ဖြစ်စေနိုင်သလို ကွန်ထရိုးဗူး (ECU) မကောင်းရင်လည်း ဒီပြစ်ချက်ကို ဖြစ်စေနိုင်ပါတယ်။
🔸၄) မောင်းတိန်းနှင့် အခြားပြစ်ချက်များ –
ကားရဲ့အင်ဂျင်နှင့် ဂီယာဘောက်မှာ တုန်ခါမှုကို လျော့ချပြီး ဝန်ကိုထမ်းဆောင်ထားတဲ့ မောင်းတိန်း (Mountain) တွေ ပါဝင်ပါတယ်။
အဲ့ဒီမောင်းတိန်းတွေမကောင်းရင်လည်း အင်ဂျင်တုန်ခါပြီး ဂီယာထိုးချိန်၊ ကားစထွက်ချိန်တွေမှာ ဂီယာဆောင့်သလို ခံစားရပါတယ်။
ဒါ့အပြင် ဒူးဆစ် (Drive Shaft) များမကောင်းခြင်း၊ ဟက်ဘောများမကောင်းခြင်း နှင့် Differential (ဒစ်ဖရန်ရှယ်) ခေါ် ကရောင်းအုံပြစ်ချက်ကြောင့်လည်း ဂီယာဆောင့်နိုင်ပါတယ်။
အထက်မှာရှင်းပြခဲ့တဲ့ အော်တိုဂီယာဆောင့်တဲ့ပြစ်ချက်တွေကတော့ အဖြစ်များတဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။
အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တိုင်း ဂီယာဘောက်ပြစ်ချက်တခုတည်းလို့ ဆုံးဖြတ်လို့မရသလို အခြားဖြစ်နိုင်တဲ့ ပြစ်ချက်များကိုလည်း သေချာစစ်ဆေးသင့်ပါကြောင်း ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။
မူရင်းရေးသားသူအား လေးစားစွာနဲ့ crd ပေးပါတယ်
Original uploader
ခရီးသွားမယ့် ကားလေးတွေ ဒါတွေစစ်ဆေးသွားသင့်ပါတယ်
ဒီနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာတွေကတော့ ကားမောင်းသူတိုင်း သိထားရမယ့် ကားမောင်းနှင်မှု ကီလိုမီတာ အလိုက် ပုံမှန်ပြုပြင်ထိန်းသိမ်းရမယ့် ကားမှာပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေ အကြောင်းပဲဖြစ်ပါတယ်။
ကားမောင်းနှင်တဲ့ ကီလိုမီတာအလိုက် ကားမှာပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို သေချာစစ်ဆေးပြုပြင် ထိန်းသိမ်းထားမှ ကားရော ယာဉ်မောင်းနှင်သူတွေရော အန္တရာယ်ကင်း ဘေးရှင်းပြီး လိုရာခရီးလမ်းတွေကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ကီလိုမီတာ အလိုက် ပုံမှန်ပြုပြင်ထိန်းသိမ်းရမယ့် ပစ္စည်းအစိတ်အပိုင်းတွေကို လေ့လာကြည့်ပါမယ်။
1> Engine Oil
ကားအင်ဂျင်၀ိုင်ဆိုတာကတော့ ကားမှာပါဝင်တဲ့ အင်ဂျင်ရဲ့ အဓိက အသက်သွေးကြောဖြစ်ပြီး ကားအင်ဂျင် အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မပျက်စီးအောင် အကာကွယ်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ ကားအင်ဂျင်၀ိုင်ကို သတ်မှတ်ကာလကျော်လွန်အောင် အသုံးပြုလိုက်လို့ အင်ဂျင်၀ိုင်ရဲ့ စေးပြစ်ခြင်း ၊ အအေးပေးခြင်း ၊ ချောဆီအဖြစ်ဆောင်ရွက်ခြင်း အစရှိတဲ့ အင်ဂျင်၀ိုင်ရဲ့ အစွမ်းသတ္တိတွေ ကုန်သွားတယ် ဆိုရင်တော့ ကားအင်ဂျင်အတွင်းပိုင်း ပစ္စည်းအစိတ်အပိုင်းတွေ အကုန်ပျက်စီးကုန်မှာဖြစ်ပါတယ်။
Car Engine Oil တွေကို ကီလိုမီတာ 5000 Km ကနေ ကီလိုမီတာ 7000 Km အတွင်းသာ အသုံးပြုသင့်တာ ဖြစ်ပြီး 5000 Km ပြည့်တိုင်း Engine Oil အသစ်လဲလှယ်အသုံးပြုတာတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။
Engine Oil အသစ်လဲလှယ်တဲ့အခါအတိုင်း Engine Oil Filter တွေကိုလည်း မပျက်မကွက် အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
2> Transmission Fluid
Transmission Fluid ကိုတော့ ကားလောကမှာ ဂီယာ၀ိုင် (ဝါ) အော်တို၀ိုင် လို့ အခေါ်များကြပြီး ကားရဲ့ ဂီယာဘောက် အမျိုးအစားပေါ်မူတည်ကာ ATF နဲ့ CVT ဆိုပြီး အဓိက ပုံစံ (၂) မျိုးရှိမှာဖြစ်ပါတယ်။ Transmission Fluid တွေကို ၊ ဂီယာတခု နဲ့ တခုချိတ်ဆက်ပြောင်းလဲတဲ့ နေရာမှာ အသုံးပြုတာဖြစ်သလို ဂီယာဘောက် အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မပျက်စီးအောင် အဓိက ကာကွယ်ပေးတဲ့နေရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။ Transmission Fluid တွေကို သတ်မှတ် ကီလိုမီတာ ကျော်လွန်အောင် အသုံးပြုမယ် ဆိုရင်တော့ ဂီယာမချိတ်တာ ၊ ဂီယာဆောင့်တာ ကနေ ၊ ဂီယာဘောက်အတွင်းပိုင်း ပစ္စည်းအစိတ်အပိုင်းတွေ ပျက်စီးတာတွေ အထိ ဖြစ်လာမှာဖြစ်ပါတယ်။
Transmission Fluid တွေကို ကီလိုမီတာ 60000 Km ကနေ 100000 Km အထိ အသုံးပြုနိုင်တယ်လို့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သတ်မှတ်ထားလေ့ရှိပေမယ့် ကီလိုမီတာ 60000 Km လောက် အသုံးပြုပြီးတာနဲ့ လဲလှယ်ပေးတာတော့ အကောင်းဆုံးဖြစ်ပါတယ်။ Transmission Fluid တွေကို အင်ဂျင်၀ိုင် လဲလှယ်တဲ့အခါတိုင်း စစ်ဆေးပေးသင့်ပြီး Transmission Fluid တွေရဲ့ အရောင်အခြေနေ ညစ်နွမ်းနေတာမျိုး ဆိုရင်လည်း လဲလှယ်ပေးသင့်ပါတယ်။
Transmission Fluid တွေနဲ့ ပတ်သတ်ပြီး နောက်ထပ် သတိထားရမယ့် အချက်တချက်က ဂီယာဘောက် အမျိုးအစားပေါ်မူတည်ပြီး ATF နဲ့ CVTF အမျိုးအစားတွေကို မှန်ကန်စွာ ရွေးချယ်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ ATF နဲ့ CVTF အမျိုးအစားတွေလွဲမှားတာမျိုးဆိုရင်တော့ ဂီယာဘောက်တွေ ပျက်စီးတာမျိုးအထိ ဖြစ်ပေါ်နိုင်ပါတယ်။
3> Timing Belt and Drive Belt
ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားအင်ဂျင်တွေမှာ Timing Belt Type နဲ့ Timing Chain Type ဆိုပြီး ပုံစံ (၂) မျိုးနဲ့ လာလေ့ရှိပြီး Timing Belt Type တွေက ပုံမှန်အားဖြင့် ကီလိုမီတာ 100000 Km ပြည့်တိုင်း အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။ တချို့ကားမော်ဒယ်တွေမှာဆိုရင် ကီလိုမီတာ 100000 Km အသုံးပြုပြီး ပြီဆိုတာနဲ့ ဒိုင်ခွက်ထဲမှာ T-Belt ဆိုတာမျိုး ၊ Service Engine Soon ဆိုတာမျိုးတွေ ပေါ်လာမှာဖြစ်ပါတယ်။
Timing Belt တွေကို သတ်မှတ်ကီလိုမီတာပြည့်တိုင်း အသစ်လဲလှယ်မပေးဘဲ သက်တမ်းကျော်လွန်သည် အထိသုံးစွဲမယ်ဆိုရင်တော့ ကားမောင်းနေရင်း Timing Belt တွေ ပြတ်တောက်တာတွေ ဖြစ်ပေါ်လာနိုင်ပြီး အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေ ပျက်စီးတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
Timing Belt တွေလိုပဲ နောက်ထပ် သတိထားပြီး ပုံမှန်စစ်ဆေးလဲလှယ်ရမှာကတော့ Drive Belt တွေပဲဖြစ်ပါတယ်။ Drive Belt တွေကိုတော့ ကျနော်တို့ကားလောကမှာ ဒိုင်နမိုကြိုး (Alternator) ၊ ရေလည်အုံကြိုး (Water Pump) ဆိုပြီး အမျိုးမျိုးခေါ်ဆိုကြပါတယ်။
Drive Belt တွေရဲ့ ပုံမှန်သက်တမ်းက ကီလိုမီတာ 60000 Km ကနေ 90000 Km အတွင်း အသုံးပြုကြပါတယ်။ အင်ဂျင်၀ိုင်လဲလှယ်တဲ့ အခါတိုင်း Drive Belt တွေရဲ့ အခြေနေတွေကို စစ်ဆေးပြီး Drive Belt တွေ အက်ကွဲနေတာမျိုး ၊ ကြိုးသားတွေ ဖွာထွက်နေတာမျိုးဆိုရင် အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
4> Air Filter
Air Filter ဆိုတာကတော့ အင်ဂျင်ခန်းထဲက လေစစ်ဖြစ်ပြီး ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ICE (Internal Combustion Engine) ကားတွေအတွက် မရှိမဖြစ်အရေးပါတဲ့ အရာပဲဖြစ်ပါတယ်။ အင်ဂျင်ခန်းထဲမှာ မီးလောင် ပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ပေါ်ပြီး အင်ဂျင်လည်ပတ်တဲ့ စွမ်းအင်ရရှိတဲ့နေရာမှာ အင်ဂျင်ခန်းထဲကို မီးလောက်ပေါက်ကွဲဖို့ လိုအပ်တဲ့ လေတွေဟာ ဒီ Air Filter ဆိုတဲ့ လေစစ်တွေကနေ တဆင့်ဖြတ်သန်း လာရမှာပဲ ဖြစ်ပါတယ်။
Air Filter တွေရဲ့ သက်တမ်းက ပုံမှန်အား ကီလိုမီတာ 15000 Km ကနေ 20000 Km ကြားထဲမှာ ရှိမှာဖြစ်ပြီး ၊ မြန်မာနိုင်ငံမှာတော့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ကီလိုမီတာ 10000 Km လောက်ဆို အသစ်လဲလှယ်ပေးရနိုင်ပါတယ်။ အကောင်းဆုံးကတော့ အင်ဂျင်၀ိုင်လဲလှယ်တဲ့ အခါတိုင်း Air Filter တွေကို ဖြုတ်ပြီး လေမှုတ်ပေးတာမျိုး ၊ Air Filter တွေမှာ ဖုန်နဲ့ အမှိုက်သရိုက် အညစ်ကြေးတွေ ရှိမရှိ စစ်ဆေးပေးတာ မျိုးတွေပြုလုပ်ပေးသင့်ပါတယ်။
Air Filter တွေကို ပုံမှန် စစ်ဆေးလဲလှယ်တာတွေမလုပ်ဘဲ သတ်မှတ်ကီလိုမီတာ ကျော်အောင် အသုံးပြုတယ်ဆိုရင်တော့ အင်ဂျင်မီးလောင်ပေါက်ကွဲမှု လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်စေမှာ ဖြစ်ပြီး အင်ဂျင်ချက်မီးလင်းတာ ၊ အင်ဂျင်တုန်ခါတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
5> Engine Coolant
Engine Coolant ဆိုတာကတော့ ကားရေတိုင်ကီထဲမှာ ထည့်တဲ့ အင်ဂျင်အပူချိန်မြင့်တက်မှုကို အကာကွယ်ပေးမယ့် အရည်တမျိုးဖြစ်ပါတယ်။ ဟိုးအရင်ခေတ်မှာတော့ ကားရေတိုင်ကီထဲကို ပုံမှန် ရေသန့်တွေ ၊ ဘုံဘိုင်ရေတွေကိုသာ ထည့်သွင်းအသုံးပြုလေ့ရှိကြပြီး ၊ အခုခေတ်မှာတော့ ရေဆူမှတ်မြင့်မားတဲ့ ၊ သံကြေး မတက်စေနိုင်တဲ့ Engine Coolant တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။
Engine Coolant တွေရဲ့ သက်တမ်းက အမျိုးအစားပေါ်မူတည်ပြီး ကီလိုမီတာ 50000 Km ကနေ 250000 Km သက်တမ်းထိအသုံးပြုနိုင်ပါတယ်။ အကောင်းဆုံးကတော့ Engine Coolant Tester တွေ စမ်းသပ်စစ်ဆေးပြီး Coolant တွေရဲ့ အရည်အသွေး မကောင်းတော့ဘူးဆိုရင် အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
6> Brake Fluid
ကားမှာပါဝင်တဲ့ အမျိုးမျိုးသော ပစ္စည်းအစိတ်အပိုင်းတွေကို စစ်ဆေးပြုပြင်ထိန်းသိမ်းကြပေမယ့် ၊ အမြဲစစ်ဆေး ပြုပြင်ထိန်းသိမ်းဖို့ သတိမေ့လျော့လေ့ရှိတာကတော့ Brake Fluid ဆိုတဲ့ ဘရိတ်ဆီတွေပါပဲ ။ ဘရိတ်ဆီတွေကို စေးပြစ်နှုန်းတည်ငြိမ်သော ၊ ရေဆူမှတ်မြင့်မားသော ၊ ဖိသိပ်မှုကိုခံနိုင်သော glycol-ether Chemical ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလို Chemical ပစ္စည်းတွေကို အသုံးပြုတဲ့ ဘရိတ်ဆီတွေက လေထဲမှာရှိတဲ့ ရေငွေ့တွေနဲ့ ပေါင်းစပ်ပြီး ဘရိတ်ဆီနဲ့ စွမ်းဆောင်ရည်တွေ ၊ ဂုဏ်သတ္တိတွေ ကျဆင်းလာတတ်ပါတယ်။
ဘရိတ်ဆီတွေရဲ့ ပုံမှန်သက်တမ်းက ကီလိုမီတာ 30000 Km ကနေ 60000 Km လောက်ထိ အသုံးပြုနိုင်မှာဖြစ်ပြီး အကောင်းဆုံးကတော့ Brake Fluid Tester တွေနဲ့ စစ်ဆေးပြီး သတ်မှတ် စံနှုန်းအောက် ကျနေတယ်ဆိုရင်တော့ အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
7> Car Battery and Charging
ပုံမှန်အားဖြင့် နောက်ထပ်စစ်ဆေးသင့်တဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေကတော့ ကားဘတ္ထရီတွေပဲ ဖြစ်ပါတယ်။ ကားဘတ္ထရီတွေမကောင်းဆိုရင် ကားရပ်ထားပြီး စက်နှိုးမရတာမျိုး ၊ ကားမောင်းနေရင်း ဘတ္ထရီမီးလင်းလာပြီး စက်ထိုးရပ်သွားတာတွေ ဖြစ်လာနိုင်တာမို့ ကားဘတ္ထရီတွေရဲ့ အခြေနေနဲ့ Charging တွေကို အမြဲစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ကားဘတ္ထရီတွေက ပုံမှန်အားဖြင့် ၁ နှစ်ကနေ ၂ နှစ်သက်တမ်းလောက်ထိ ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ ကားဘတ္ထရီတွေကို Load Tester တွေနဲ့ စစ်ဆေးနိုင်ပြီး စက်နှိုးလိုက်တဲ့အချိန် 12V ကနေ 10V လောက်ထိ Load ဆွဲအားခံနိုင်သေးတယ်ဆိုရင်တော့ ဆက်လက်အသုံးပြုနိုင်ပါသေးတယ် ။ Load ဆွဲလိုက်တဲ့အချိန် 10V အောက်ကျသွားပြီဆိုရင်တော့ ရေရှည်မှာ ဆက်လက်အသုံးပြုဖို့ မသင့်တော်တော့ပါဘူး ။
ကားဘတ္ထရီအားသွင်းစနစ် Battery Charging တွေကိုတော့ Multimeter တွေနဲ့ စစ်ဆေးကြည့်နိုင်ပြီး စက်နှိုးထားတဲ့အချိန် 13.5V ကနေ 14.5V ကြားရှိနေတယ်ဆိုရင်တော့ Battery Charging စနစ်တွေ ကောင်းမွန်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။
အခုဖော်ပြပေးထားတဲ့ အချက်အလက်တွေက ကားမောင်းသူတိုင်း မဖြစ်မနေ စစ်ဆေးပြုပြင်ထိန်းသိမ်းရမယ့် ကားအတွက်အရေးကြီးတဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ သတ်မှတ်ကီလိုမီတာတွေဖြစ်ပါတယ်။ ကားပစ္စည်းအစိတ်အပိုင်းတွေကို သတ်မှတ်ကီလိုမီတာ အလိုက် ခေတ်မီကားဝပ်ရှော့ကြီးတွေမှာ သွားရောက် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် ကားရော ၊ ယာဉ်မောင်းသူတွေ အတွက်ရော လုံခြုံစိတ်ချပြီး ဘေးအန္တရာယ် ကင်းရှင်းမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ရပါတယ်ခမျာ ။
မှတ်ချက် ။ ။ အခုဆောင်းပါးပါ အချက်လက်တွေက ကားအမျိုးအစားမျိုးစုံမှာ အသုံးပြုနေတဲ့ တူညီတဲ့ စံသတ်မှတ်ချက်တွေကို အဓိကထားဖော်ပြပေးထားတာဖြစ်ပြီး တချို့ကားမော်ဒယ်တွေမှာတော့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ဖန်တီးမှုအပေါ်မူတည်ပြီး သတ်မှတ်ချက်လေးတွေ အနည်းငယ်ပြောင်းလဲ နိုင်ပါတယ်ခမျာ ။
Lynn Za Nee ( P.T.U )
Lynn Za Nee
🪫🪫🪫ကားဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ...
ကားတစ်စီး မောင်းနှင်စဉ် ကားဒတ်ချ်ဘုတ်မှာ ဘက်ထရီ icon ပုံလေး မီးနီလင်းပါတယ်။ ဘက်ထရီချာဂျင် မဝင်တော့ ကြောင်း သတိပေးတဲ့ မီးနီပါပဲ။ ဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ။ ဘက်ထရီအိုးထဲမှာ ရှိနေဆဲ ပါဝါက ဘယ်လောက် ကြာကြာ အသုံးခံမှာလဲ။ ချာဂျင် မဝင်ဘဲ ကားကို ဆက်မောင်းရင် ဘာဖြစ်မလဲ။
ကားမောင်းနေရင်း ဘက်ထရီချာဂျင် မရတော့ဘဲ ပြဿနာမျိုးကို ယာဉ်မောင်းသူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ မြို့တွင်း ခရီးတိုလေးတွေ မောင်းနေရင်း ဒီလိုအခက်အခဲမျိုး ကြုံရတာ ပြဿနာ သိပ်မကြီးပေမဲ့ ခရီးဝေးသွားတဲ့ အခါမျိုးမှာ ဒီလိုမျိုး ချာဂျင်မဝင်ရင်တော့ လမ်းမှာ ဒုက္ခတွေ့နိုင်ပါတယ်။ ညအချိန် ကားမောင်းနေစဉ်မှာ ဒီလိုမျိုး ဒိုင်နမို ပြဿနာ၊ ချာဂျင် မဝင်တော့တဲ့ ပြဿနာက လမ်းပေါ်မှာ အရေးပေါ် ပြန်ပြင်လို့ မရခဲ့ရင်တော့ လမ်းပေါ်မှာပဲ ညအိပ်ရပါလိမ့်မယ်။ ဘက်ထ ရီချာဂျင် မဝင်တော့ရင် ခရီးအဝေးကြီးကို ဆက်မောင်းလို့ မရပါဘူး။ ဘက်ထရီထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့၊ လျှပ်စစ် ပါဝါအားတွေက ကြာကြာသုံးလို့ မရပါဘူး။
ဘက်ထရီချာဂျင် မဝင်တော့ရင် ကားစက်ချက်ချင်းရပ်ပြီး လမ်းဘေးအန္တရာယ်ကင်းတဲ့ နေရာမှာ ကားကို ရပ်ထားသင့်ပါ တယ်။ ယာဉ်လမ်းကြောင်းပေါ်မှာ ရှိနေရင် နောက်ကနေ ကားတစ်စီးစီးက ဝင်ဆောင့်မိနိုင်ပါတယ်။ ကားပျက်ကြောင်း တခြားကားသမားတွေ သိအောင် စုံမီးအချက်ပြထွန်းထားပါ။ ကားစက်ဖုံးလှန်ပြီး စစ်ဆေးပါ။ LED ဓါတ်မီးတစ်လက်တော့ လိုပါတယ်။ ဒိုင်နမိုပန်ကာ ကြိုးပြတ်ထွက်တာလား၊ ပန်ကာကြိုးစားပြီး ချောင်နေသလား၊ ပန်ကာကြိုး မူလီမြောင်းထဲက ပြုတ် ထွက်တာလား။ ဒိုင်နမိုဆော့ကတ်တွေ ချောင်နေသလား လွတ်နေသလား။ ဒိုင်မိုမိန်းငုတ်တိုင်မှာ နုတ်ခေါင်း (Nut) ချောင် နေသလား၊ အပူလွန်ကဲပြီး မိန်းကြိုး (ဝါယာ) ပြတ်ကျနေသလား စစ်ဆေးကြည့်ပါ။
ချာဂျင် မဝင်တော့တာ ချွတ်ယွင်းချက် အပြစ်တစ်ခုခုရှိနေလို့ပါ။ အလွယ်တကူ စစ်ဆေးလို့ ရနိုင်တဲ့ အားနည်းချက် ရှိသလား ရှာကြည့်ပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ချွတ်ယွင်းချက် ပြဿနာလေးတစ်ခုကြောင့် ဘက်ထရီချာဂျင် မဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဥပမာ-ဒိုင်နမိုဆော့ကတ်ချောင်ပြီး လွတ်နေတာမျိုးပါ။ ပန်ကာကြိုးချောင်ပြီး မူလီကနေ ပြုတ်ကျနေ တာမျိုးပါ။ ဒီလိုမျိုး အသေးအဖွဲလေးတွေကို စစ်ဆေးပြီး ပြုပြင်လိုက်ရင်လည်း ပြန်ကောင်းသွားတတ်ပါတယ်။
ဘက်ထရီခေါင်း ချောင်နေလျှင် ချာဂျင်မဝင်တာမျိုး ဖြစ်တတ်ပါတယ်။ ကားဆိုတာမျိုးက အမြဲတမ်း ရွေ့လျားနေတာ ဆိုတော့ အင်ဂျင်တုန်ခါမှုတွေ၊ လမ်းအဆောင့်ဒဏ်တွေကြောင့် ဘက်ထရီခေါင်းချောင်တာ၊ ဘက်ထရီကြိုး လွတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အားနည်းချက်ကလေးတွေ တစ်ခုမှရှာမတွေ့ရင်တော့ ဒိုင်နမိုထဲမှာ တစ်ခုခုဖြစ်နေလို့ပါပဲ။ ကာဗွန်တိုသွားတာလား၊ Filed ကွိုင်လောင်သွားတာလား၊ ဒိုင်အုပ်တွေ မကောင်းတာလား၊ ကတ်တောက် IC မကောင်း တာလား၊ ရိုတာထဲက ကွိုင်ကြိုးပြတ်ထွက်တာလား၊ ရိုတာထိပ်က ကြေးကွင်းတစ်ခြမ်းစားနေတာလား၊ ဒိုင်နမိုကြောင့် ဖြစ်တာမျိုးကို အသေးစိတ် စစ်ဆေးအပြစ်ရှာဖို့ ပြန်ပြုြုပင်ဖို့၊ ဒိုင်နမိုမော်တာဆားဗစ်ဆိုင်မှာ ပြသဖို့ လိုပါတယ်။
Alternator လို့ခေါ်တဲ့ AC/DC ဒိုင်နမိုဟာ ချာဂျင်အားသွင်းစနစ်မှာ အဓိကကျတဲ့အရာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါကို ဒိုင်နမိုကပဲ ထုတ်လုပ်ပေးပါတယ်။ အင်ဂျင်မိန်းမူလီနဲ့ ဒိုင်နမိုမူလီကို ပန်ကာကြိုး V-Belt နဲ့ ဆက်သွယ်ထားပါတယ်။ အင်ဂျင်လည်ပတ်အားကြောင့် ဒိုင်နမိုလည်ပြီး DC လျှပ်စစ် ထွက်တာပါ။ ဒိုင်နမိုဆိုတာ စက်မှု စွမ်းအင်ကို အသုံးချပြီး လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးတဲ့အရာပါ။
Alternator က ထုတ်လုပ်ပေးတာ AC လျှပ်စစ် ဖြစ်ပါတယ်။ မော်တာကားမှာသုံးတဲ့ လျှပ်စစ် အမျိုးအစားက DC လျှပ်စစ် ဖြစ်ပါတယ်။ AC ကို DC ဖြစ်အောင် ဒိုင်အုပ်တွေ ပြောင်းပေးပါတယ်။ ကားလေးတွေမှာ 12 Volt သုံးပြီး ကုန်ကားကြီး၊ ဘတ်စစ်ကားကြီးတွေမှာတော့ 24 Volt ကိုသုံးပါတယ်။ ကားတွေမှာသုံးတဲ့ ဒိုင်နမိုမော်တောတွေကိုလည်း 12 Volt နဲ့ 24 Volt ဆိုပြီး ခွဲခြားထားပါတယ်။ ဒိုင်နမိုတစ်လုံး ထုတ်လုပ်ပေးတဲ့ ဗို့အားနဲ့ လျှပ်စီးကြောင်း အမ်ပီယာပမဏကို I.C ကတ်တောက်က ထိန်းချုပ်ပေးပါတယ်။ ဒိုင်နမိုကထုတ်လုပ်တဲ့ လ၊ျှပ်စစ်စွမ်းအင်ကို ကားတစ်စီးလုံး လျှပ်စစ်ပစ္စည်းတွေမှာ သုံးစွဲတဲ့အပြင် ဘက်ထရီကိုလည်း ချာဂျင်သွင်း ပါတယ်။
ကားတစ်စီးမှာ DC လျှပ်စစ်စွမ်းအား ပါဝါနဲ့ အားလုံးအလုပ်လုပ်တဲ့အတွက် ဘက်ထရီမှာ ပါဝါအား အပြည့်ရှိဖို့၊ အရေးကြီး ပါတယ်။ ဘက်ထရီ အားမရှိတာနဲ့ မနက်ပိုင်း ကားစက်နိုးရတာ ဒုက္ခရောက်ပါတယ်။ ချာဂျင်အားမဝင်တဲ့ ဘက်ထရီမှာ ပါဝါအား မရှိတာကြောင့် ကားစက်နိုးရတာ ခက်ခဲပါတယ်။ ဘက်ထရီကောင်းမှ မော်တာအားကောင်းပါတယ်။ ဘက်ထရီ Down သွားလို့၊ ကားတွန်းနိုးရတဲ့ ဒုက္ခတွေ ဘက်ထရီဆိုင်သွားပြီး ထောက်နိုးဘက်ထရီ သွားဌားရတဲ့ ဒုက္ခတွေ ဒါတွေက လွတ်ကင်းအောင် ကားဘက်ထရီကို ဂရုစိုက်ထိန်းသိမ်းရပါတယ်။ ကားသမားဆိုတာ ကိုယ်မောင်းတဲ့ကားကို ဂရုစိုက် ထိန်းသိမ်းရပါတယ်။
မနက်ပိုင်း ကားစက်နိုးတဲ့အချိန် ဘက်ထရီအားမရှိရင် (သို့မဟုတ်) မော်တာလည်တာ နှေးကွေးနေရင် ဘက်ထရီကို စစ်ဆေးဖို့ လိုပါတယ်။ ဘက်ထရီကို ချာဂျင်ဝင်အား ကောင်း/မကောင်း၊ အမ်ပီယာ တိုင်းကြည့်ဖို့ လိုပါတယ်။ ချာဂျင် အမ်ပီယာ ဘယ်လောက်ရှိသလဲသိဖို့ ဒိုင်နမိုဆားဗစ်ဆိုင်မှာ တိုင်းကြည့်လို့ရပါတယ်။
ဘက်ထရီ အားကောင်း/မကောင်း အလွယ်တကူ စစ်ဆေးလို့ရပါတယ်။ မီးကြီး ဖွင့်ကြည့်ပါ။ မီးအလင်းရောင် ပြင်းရမယ်။ ကားမီးကြီး အလင်းပြင်းအားကျနေမယ်၊ အရောင်မှိန်နေမယ်၊ ကားဟွန်းသံလည်း တိုးတိုးလေးပဲ ဖြစ်နေမယ်ဆိုရင်တော့ ဘက်ထရီဒေါင်း (Down) သွားတာ သေချာပါတယ်။ မော်တာမှာတစ်ခုခု ချွတ်ယွင်းချက် အပြစ်ရှိလို့ ဖြစ်ပါလိမ့်မယ်။ မော်တာ အာမေချာထိပ်က ကြေးစိတ်ခေါင်းတွေ စားနေတာလား၊ ကာဗွန်တိုနေတာလား၊ ဆိုလိုနွိုက် မကောင်းတာလား၊ ဘက်ထရီခေါင်း ဘက်ထရီကြိုးတွေ ချောင်ပြီး လွတ်နေသလား၊ မော်တာ ပြဿနာတွေ သိရအောင် မော်တာဆားဗစ် ပြင်ဆိုင်မှာ ဖြုတ်ဆေးပြီး လိုအပ်တာပြုပြင်ပါ။
ဘက်ထရီ အခြေအနေ ကောင်း/မကောင်း သေချာအောင် ဒစ်ဂျစ်တယ်မီတာနဲ့ ထောက်တိုင်းကြည့်နိုင်ပါတယ်။ ဗို့အား 12.66V အထက် ရှိနေရင် ဘက်ထရီမှာ အားအပြည့်ရှိပါတယ်။ 12.45V ဆိုရင်တော့ ဘက်ထရီထဲမှာ ပါဝါအား ၇၅ ရာခိုင်နှုန်းပဲ ကျန်ပါတယ်။ 12.24V မှာ ပြနေရင်တော့ ပါဝါအား ၅ဝ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ သုံးလို့ အဆင် မပြေတော့ပါဘူး။ ဘက်ထရီဆားဗစ်ဆိုင်ကို ပို့ပြီး အားပြန်သွင်းပါ။ မိုးရေ၊ အက်ဆစ်၊ ပါဝါ ဒီဂရီနဲ့ Level ကိုစစ်ဆေးပါ။
အားပြည့်နေတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်ဆစ်ပြင်းအား ဒီဂရီက 1.280 ရှိရပါတယ်။ 1.220 အောက်ကို ဆင်းသွားရင်တော့ ဘက်ထရီ အားမရှိပါဘူး။ အားအပြည့်ရှိတဲ့ ဘက်ထရီဖြစ်မှ မော်တာဆွဲအား ကောင်းပါတယ်။ ကြာကြာလည်း အနိုးခံပါတယ်။ ကားဘက်ထရီတစ်လုံး အဓိက တာဝန်က ဝါယာရိန်းစနစ်တစ်ခုလုံးမှာ တည်ငြိမ်တဲ့ ဗို့အားရှိဖို့နဲ့ စက်ရပ်ထားတဲ့ အခြေအနေမှာလည်း သိုလောင်ထားတဲ့ လျှပ်စစ်ပါဝါအားတွေကို ကားတစ်စီးလုံးအတွက် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။
ကားဘက်ထရီတစ်လုံးရဲ့ သက်တမ်းဟာ ၂ နှစ်ကနေ ၄ နှစ်အထိ အသုံးခံပါတယ်။ ချာဂျင်အားသွင်းစနစ် ကောင်းပြီး ဘက်ထရီ ထိန်းသိမ်းရတာလည်း ဘက်ထရီသက်တမ်း ကြာကြာခံနိုင်ပါတယ်။ ဘက်ထရီ ထိန်းသိမ်းဖို့ ဒါတွေကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးပါ။ ဒါမှသာ ဘက်ထရီသက်တမ်းပြည့် သုံးစွဲနိုင်မှာပါ။
(၁) ဘက်ထရီ ငုတ်တိုင်တွေ၊ ဘက်ထရီခေါင်းတွေ အမြဲ သန့်ရှင်းနေအောင်ထားပါ။ အက်ဆစ်ကြောင့် ဘက်ထရီခေါင်းနဲ့ ဘက်ထရီ ကြိုးထိပ်တွေမှာ ဆားပေါက်တတ်ပါတယ်။ ဘက်ထရီ ဆားပေါက်ရင် ဆော်ဒါရည်နဲ့ ဆေးပါ။ ရေနွေးပူပူနဲ့ လောင်းဆေးပါ။
(၂) ဘက်ထရီအိုးအတွင်း အက်ဆစ် level မကြာခဏ စစ်ဆေးပါ။ နွရောသီမှာ အက်ဆစ်ရည်တွေ ခန်းတတ်ပါ တယ်။ ဘက်ထရီ ပလိပ်ပြားတွေ ပေါ်နေအောင်အထိ အက်ဆစ် ည် ခန်းခြောက်တာမျိုး မဖြစ်ပါစေနဲ့။ ဘက် ထရီမိုးရေ ထပ်ဖြည့်ပေးပါ။
(၃) ဘက်ထရီအိုးခွံ ကွဲအက်ခြင်း၊ အဖုံးမလုံခြင်း၊ အက်ဆစ်ယိုစိမ့်ခြင်း ရှိ-မရှိ စစ်ဆေးပါ။
(၄) ဘက်ထရီချာဂျင် မှန်ပါစေ။ ချာဂျင်အမ်ပီယာ များလွန်းလျှင် ပွက်ပွက်ဆူလာတတ် ပါတယ်။ ဘက်ထရီကို ချာဂျင်သွင်းတဲ့ ဗို့အားက 13.8V ကနေ 14.3 V လောက်ပဲ ရှိသင့်ပါတယ်။
(၅) နောက်ဆုံး အိမ်အပြန် ကားသိမ်းချိန်မှာ ကားမီးတွေ၊ ခလုတ်တွေ အားလုံးကို ပိတ်ပြီးမှ ကားတံခါးကို ပိတ်ပါ။
(၆) ဘက်ထရီအိုးကို ဖမ်းထိန်းထားတဲ့ ဘရတ်ကတ်တွေ နတ်(Nut) တွေ တင်းကျပ်နေပါစေ။
(၇) ဘက်ထရီ အခန်းတိုင်းရဲ့ အက်ဆစ်ပြင်းအား သိပ်သည်းဆဟာ တူညီနေဖို့ လိုပါတယ်။ Cell တစ်ခန်းက အက်ဆစ်ပြင်းအားက ပျော့နေတာမျိုး ဖြစ်နေလို့ မရပါ။
(၈) ဘက်ထရီငုတ်နဲ့ ဘက်ထရီကေဘယ် lug ခေါင်းတွေ တင်းကျပ်နေဖို့ လိုပါတယ်။ ဘက်ထရီကြိုးတစ်စက Body Earth ကြိုးချပြီး ထိမိနေဖို့ လိုသလို ကျန်တစ်စ (မီးကြိုး) က မော်တာ ဆိုလိုနွိုက်ငုတ်မှာ ထိထိမိမိ တင်းကျပ်နေဖို့ လိုပါတယ်။
(၉) ဘက်ထထရီချာဂျင် ဝင်တာ မှန်ဖို့ လုပ်ငန်းသုံးကား၊ Taxi ဆိုရင် ၆လတစ်ကြိမ်လောက် ဒိုင်နမိုကို စစ်ဆေးသင့်ပါတယ်။ ကိုယ်ပိုင်ကားဆိုရင်တော့ အသုံးနည်းတာကြောင့် ၁နှစ်ခွဲ ၂နှစ်လောက်မှ တစ်ကြိမ် ဒိုင်နမိုကို ဆားဗစ်ဆင်လုပ်ပါ။
(၁၀) မိုးရေအက်ဆစ်ထပ် ထည့်စရာမလိုတဲ့ ထိန်းသိမ်းစရာမလိုတဲ့ Maintenance Free battery တစ်မျိုးလည်း ရှိပါတယ်။
(၁၁)ဘက်ထရီကို လက်အိတ်နှင့် ကိုင်တွယ်ပါ။ ဘက်ထရီမှာ ခဲသတ္တု အဓိက ဖြစ်တာကြောင့် ခဲဆိပ်သင့်တာကို ဂရုစိုက်ပါ။ ဘက်ထရီကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။
ဘက်ထရီအား ပြည့် / မပြည့် ဘက်ထရီကို ဝါယာကြိုးတစ်ချောင်းဖြင့် ငုတ်နှစ်ငုတ်ကို ထောက်ပြီး မီးခတ်ကြည့်ခြင်းမျိုး လုံးဝမလုပ်ပါနှင့်။ ဘက်ထရီအိုးကွဲတတ်သည်။ အားသွင်းထားသော ဘက်ထရီအိုးထဲတွင် ဟိုက်ဒြိုဂျင် ပေါက်ကွဲခြင်းဖြစ်ကာ ဘက်ထရီအိုးပါ ပေါက်ကွဲတတ်ပါတယ်။ ဘက်ထရီအိုးကွဲပြီး ပွင့်ထွက်တာနဲ့ အက်ဆစ်တွေ မျက်နှာကို စင်နိုင်ပါတယ်။ အန္တရာယ် မဖြစ်အောင် သတိထားပြီး ကိုင်တွယ်ပါ။ ဘက်ထရီ ထိန်းသိမ်းမှု ကောင်းပြီး ချာဂျင်အဝင်မှန်ပါက သင့်ကားဘက်ထရီဟာ အမြဲတမ်းအသင့် အနေအထားမှာ ရှိနေနိုင်မှာပါ။
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါသည်။
ကားရေပြန်ဘူးကဘယ်လိုအလုပ်လုပ်ပေးတာလဲ?
=================================
➡️ ရေပြန်ဘူးက အင်ဂျင်ပူလာတဲ့အခါ ပိုလျှံလာတဲ့အင်ဂျင်အအေးခံရည်တွေကို စုဆောင်းပေးဖို့ပါ။ အင်ဂျင်ပူလာတာနဲ့အမျှ ရေတိုင်ကီထဲမှာဖိအားမြင့်တက်လာပြီး ရေတိုင်ကီအဖုံးကနေတစ်ဆင့် အင်ဂျင်အအေးခံရည်တွေကရေပြန်ဘူးထဲဝင်ရောက်လာပါတယ်။
➡️ အင်ဂျင်အေးသွားပြီဆိုတာနဲ့ ဖိအားကျသွားလို့ ရေတိုင်ကီအဖုံးကနေတစ်ဆင့် ရေပြန်ဘူးက အင်ဂျင်အအေးခံရည်တွေက ရေတိုင်ကီထဲပြန်ရောက်သွားပါတယ်။ ဒီတော့ ရေပြန်ဘူးဆိုတာ လိုအပ်ရင်လိုအပ်သလို အင်ဂျင်အအေးခံရည်တွေစုဆောင်းမှုနဲ့ပြန်လည်ထောက်ပံ့ပေးဖို့ပါ။
➡️ဒါပေမယ့် ရေပြန်ဘူးထဲမှာ လုံလောက်တဲ့အင်ဂျင်အအေးခံရည်ပမာဏ ရှိမနေဘူးဆိုရင်တော့ အင်ဂျင်အေးသွားတဲ့အခါ မဖြစ်မနေလိုအပ်တဲ့ အင်ဂျင်အအေးခံရည်ပမာဏကို ပို့ဆောင်နိုင်စွမ်းမရှိတော့ပါဘူး။
➡️ဒါက အင်ဂျင်အပူလွန်ကဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ ရေပြန်ဘူးကိုစစ်ဆေးပြီး MAX နဲ့ MIN အမှတ် ၂မှတ်ကြား အင်ဂျင်အအေးခံရည် တွေရှိနေဖို့ သတိထားသင့်ပါတယ်။
Crd -EK
#ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ.....
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)
၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။
အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။
၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။
ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။
၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။
၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။
ဒီမှာ လေ့လာကြည့်ပါ
၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး
၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။
၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။
၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။
၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။
Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။
Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။
AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။
တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။
Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။
စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။
Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++
မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။