Happy mom and baby

Happy mom and baby

Sharing for success parents...

09/10/2021

(မနှစ်ကရေးခဲ့တဲ့ ကလေးအိပ်ချိန်အကြောင်း)
ကလေးအိပ်ချိန်အကြောင်း လာလာမေးကြလို့ ဒီမှာ ပေါင်းပြီး ဖြေပေးလိုက်ပါတယ်ရှင့်။
သမီးအသက် ၈နှစ်ပြည့်တော့မှာပါ။ သားအသက်က ၅နှစ်၁လပါ။ သူတို့နှစ်ယောက်လုံးရဲ့ ညဘက်အိပ်ချိန်က ၉နာရီကနေ၁၀ကြားကြာချိန်ရှိပါတယ်။ ပုံမှန်အိပ်ချိန်က ဘယ်တော့မှ ည ၉နာရီ မကျော်ပါဘူး။ မနက်ကို ၇နာရီလောက်၊ ရံဖန်ရံခါ ၇နာရီခွဲလောက်ထိ အိပ်ပါတယ်။ အဲ့တာ နေ့တိုင်းပါပဲ။

နေ့လည်ဘက်ဆို သမီးကြီးက အိပ်လေ့မရှိတော့ပါဘူး။ အိပ်လည်း ၁၅မိနစ်လောက်ပါပဲ။ သားငယ်ကတော့ ခုထိ နေ့လည်တိုင်းအိပ်ပါတယ်။ မအိပ်တဲ့ရက် ရှားပါတယ်။ နေ့လည်အိပ်ချိန် ၁နာရီကနေ ၂နာရီကြားရှိပါတယ်။

ဘာလို့သူတို့အိပ်ချိန်ကြာလဲဆိုတော့ နိုးနေချိန်မှာ အရမ်းဆော့ထားလို့ပါ။နေ့တိုင်း physical activities တွေအရမ်းများပါတယ်။ ပြီးတော့ ဗိုက်ဝအောင်စားထားပါတယ်။ ဒါကြောင့် အိပ်ချိန်မှာ ကောင်းကောင်းအိပ်တယ်လို့ ထင်ပါတယ်။

ဒီလို Sleeping Habbit ကို ဘယ်အချိန်က ရလဲဆိုတော့ လသားကတည်းက ရပါတယ်။ ကလေးတို့ ၃လလောက်ထိကတော့ အိပ်ချိန်မမှန်ခဲ့ကြပါဘူး။ အိပ်ချိန်ကို လေ့ကျင့်ယူခဲ့ရတာပါ။ သူတို့အိပ်ချိန် စာဖတ်ပြ၊ ကဗျာရွတ်ပြ၊ မီးမှိတ်ထားပြီး ကိုယ်ပါ အိပ်ပြခဲ့ရပါတယ်။

အသက် ၁နှစ်ခွဲလောက်ထိ ညဘက်အိပ်ချိန်ပါ Diaperသုံးပါတယ်။ Potty Train အရင် ကျင့်ပြီး ညဘက် အိပ်ချိန်မှာပါ ရှူးရှူးမသွားတော့မှ Diaper ကိုဖြုတ်တာပါ။

ညဘက်မအိပ်ခင် အိမ်သာကိစ္စ အရင်လုပ်ခိုင်းပြီးမှ အိပ်ယာဝင်ကြပါတယ်။ ညဘက် အိပ်ချိန်မှာ ရှူးပေါက်ထတာ အရမ်းရှားပါတယ်။ တကယ်လို့ သွားပြီးရင်လည်း အိပ်ယာပေါ်ရောက်တာနဲ့ ပြန်အိပ်ပျော်သွားပါတယ်။

သမီးအသက် ၅ နှစ်ခွဲ လောက်၊ သားအသက်က ၂နှစ်ခွဲလောက်ကတည်းက ကျွန်မက အလုပ်တဘက်နဲ့ အမြဲ အလုပ်ရှုပ်သူမို့ အဘိုးအဘွား နဲ့အိပ်ကြပါတယ်။ ဒါပေမယ့် Sleeping Habbit ပျက်မသွားအောင် ကျွန်မဖေဖေနဲ့မေမေက ဆက်ပြီးလုပ်ပေးကြပါတယ်။

ခု covid ကာလမှာ ကျွန်မအလုပ်တွေ နားထားတော့ ၃လပိုင်းကတည်းက သားရော၊သမီးရော ကျွန်မနဲ့အတူတူပြန်အိပ်ကြပါတယ်။ အိပ်ချိန်ပုံမှန်ပါဘဲ။

ဆိုလိုတာက ကလေးရဲ့အိပ်ချိန်ဆိုတာ လေ့ကျင့်ပေးလို့ရပါတယ်လို့ ပြောချင်ပါတယ်ရှင့်။

#မေမေသိမ့်

02/10/2021

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင်

ဒေါက်တာ အိအိခင်(ကလေး)

ဆရာမရှင့် ကျွန်မကလေးကို မိခင်နို့ပဲတိုက်ပါတယ်။ ကျွန်မအတွက် ဗီတာမင်ဆေးတွေ သောက်ပေးဖို့ လိုပါသလား။
မွေးစက ခြောက်လအထိကတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်ပါတယ်။ မိခင်အစားအစုံ (ဟင်းသီးဟင်းရွက်၊ အသားငါး) စားသင့်ပါတယ်။ ဝမ်းနူးမယ့်အစာမျိုးတော့ မစားသင့်ပါ။ (ဥပမာ - အသုပ်၊ မုန့်ဟင်းခါး၊ ချဉ်ပေါင်ကြော်)။ မိခင် အားဆေးသောက်ရင် သောက်နိုင်ပါတယ်။ ဥပမာ - Obimin ကဲ့သို့ အားရှိမယ့် အရည် (Ovaltine, Milk, Holick) တို့ သောက်သင့်ပါတယ်။

ကျွန်မကလေးငယ် မျက်လုံးထဲမှာ မျက်ရည်လေးတွေ အမြဲထွက်နေပါတယ်။ ဘာလုပ်ရပါမလဲ။
မွေးစကလေးငယ်တချို့မှာ မျက်ရည်တွေ အမြဲထွက်နေတတ်တယ်။ တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း မျက်ရည်ထွက်ပါတယ်။ အောက်မျက်သားရဲ့ အတွင်းဘက်မှာ အပေါက်လေးရှိပြီး ထွက်လာတဲ့မျက်ရည်က ပုံမှန်ပြန်ဝင်ရပါတယ်။ မျက်ရည်လည်နေတဲ့ ကလေးတွေမှာတော့ အဲဒီအပေါက်လေး ပိတ်နေလို့ ဖြစ်ပါတယ်။ မျက်နှာသစ်ရင် သေချာစွာ သန့်ရှင်းဖို့လိုတယ်။ နှာခေါင်းအရင်းနဲ့ အတွင်းမျက်စိထောင့်ကို နည်းနည်းဖိပေးရင် အပေါက်ပြန်ပွင့်သွားတတ်ပါတယ်။ မပျောက်ရင် မျက်စိဆရာဝန်ကြီးနဲ့ ပြပါ။ မျက်ရည်အမြဲလည်နေရင် ပိုးဝင်ပြီး မျက်စိနာလာတတ်ပါတယ်။ မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အိမ်မှာ ကလေး အပူလောင်ခဲ့လျှင် ရုတ်တရက် ဘယ်လိုကုသသင့်ပါသလဲ။
အိမ်မှာ ကလေးအပူလောင်ခဲ့လျှင် ရေအေးအေးနှင့် လောင်းပေးပါ။ အင်္ကျီတွေ အရမ်းဆွဲမချွတ်ပါနဲ့။ အရေပြားတွေ ကွာသွားတတ်ပါတယ်။ များလျှင် ဆေးရုံအမြန်သွားပါ။

ဆရာမရှင့် ကျွန်မကလေးမှာ အပူဖု (အရည်ကြည်)လေးတွေ ပေါက်နေလို့ လိမ်းဆေးလိမ်းရင် ရပါသလား။
အပူဖုဆိုတာ အနီရောင်အဖုလေးတွေ ဖြစ်ပါတယ်။ (မြန်မာလို မိတ်ထွက်တယ်)လို့ ပြောကြပါတယ်။ အရည်ကြည်ဖုတော့ မရှိပါ။ ရာသီဥတုပူလို့ ဖြစ်တတ်ပါတယ်။ ယားယံပါတယ်။ စိုးရိမ်စရာမရှိပါ။ လိမ်းဆေးအနေနဲ့ကတော့ ကယ်လမိုင်းအရည် (Calamine Lotion)၊ မက်ဇင်ကယ် (Menzincal)တုိ့ လိမ်းလို့ရပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်ကို အေးအောင်ထားပေးပါ။ အင်္ကျီအဝတ်အစားကို ရာသီဥတုအလိုက် ပူအိုက်ချိန်မှာ အေးတဲ့အစ၊ ချည်ထည်လေးတွေ ဝတ်စေချင်ပါတယ်။
တစ်ခါတစ်ရံ အနီဖုသေးသေးမဟုတ်ဘဲ ပုလဲစေ့လေးလို အဖြူဖုသေးသေးလေးတွေလည်း ပူအိုက်ရင် ထွက်တတ်ပါတယ်။ ဖိလိုက်လျှင် အသံ (ကလစ်ကလစ်)မြည်ပြီး ပေါက်သွားပါတယ်။ ဒါလည်း မိတ်လေးတွေပါပဲ။ အထက်ဖေ်ာပြပါ ဆေးလိမ်းလို့ရပါတယ်။ ရေချိုးပေးလျှင်လည်း ရပါတယ်။

ကျွန်မကလေးရဲ့ လျှာမှာ ဖြူဖြူအနှစ်လေးတွေ ဖြစ်နေတာကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။
ကလေးလျှာမှာ ဖြူဖြူအနှစ်လေးတွေ ဖြစ်တာကတော့ နို့ဖတ်တွေ ဖြစ်နိုင်ပါတယ်။ မိခင်နို့တိုက်တဲ့ကလေးမှာ ဖြစ်ခဲပါတယ်။ နို့ဘူးတိုက်တဲ့ ကလေးမှာ ပိုဖြစ်တတ်ပါတယ်။
အဲဒီ နို့ဖတ်တွေကိုတော့ မနက်နိုးနိုးချင်း နို့မတိုက်ခင် လျှာကို ရဂေစလင်း (gracelene) အရည်နှင့် ပွတ်တိုက်ပေးပါ။ သွားပွတ်တံ ပျော့ပျော့လေးနှင့် ပွတ်တိုက်ရင်လည်း ရပါတယ်။ အမြဲလုပ်စရာတော့ မလိုပါ။ သန့်ရှင်းရေးလုပ်ခြင်းသာ ဖြစ်ပါတယ်။
မှက္ခရုပေါက်လျှင်တော့ ဒီလိုပဲ အဖြူဖတ်ပေမယ့် ခွာလို့မရပါ။ ဆရာဝန်နဲ့ပြပြီးမှ လိုအပ်သလို ဆေးကုပါ။

ဒေါက်တာ အိအိခင်(ကလေး)

26/09/2021

လေးလသားအရွယ် ရင်သွေးငယ်
ဇော် (ဆေး-၂)

လေးလသားအရွယ်ရင်သွေးငယ်လေးဟာ ဖေဖေနဲ့တူတယ် ဒါမှမဟုတ် မေမေနဲ့တူတယ် ဒါမှမဟုတ် ဖိုးဖိုးနဲ့တူတယ်၊ ဖွားဖွားနဲ့ဆင်တယ် စသည်ဖြင့် သွင်ပြင်လက္ခဏာတွေ သတ်သတ်မှတ်မှတ် ရှိလာပြီဖြစ်ပါတယ်။ ဘယ်သူနဲ့ပဲ ဆင်တူတယ်ပြောပြော ၁၀၀ ရာခိုင်နှုန်းတော့ ဆင်တူမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင်သွင်ပြင် လက္ခဏာလေးတွေနဲ့ ဘယ်လိုပုံစံလေးဖြစ်လာမယ်ဆိုတာကို ခန့်မှန်းရတာဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။

ရင်သွေးငယ်လေးနဲ့ ထိတွေ့ဆက်သွယ်လာတဲ့အချိန်ကလည်း လနဲ့ချီပြီး ကြာမြင့်လာပြီဖြစ်တာကြောင့် ရင်သွေးငယ်လေးကို ဘယ်လိုပျော်အောင်လုပ်ရမယ်၊ ဘယ်လိုငြိမ်အောင် ထားရမယ်ဆိုတာတွေကို ယုံကြည်မှုအပြည့်နဲ့ သိရှိနေလောက်ပါပြီ။

"အစားအသောက်ကျွေးမွေးခြင်းနှင့် အိပ်စက်ခြင်း"

ဒီအရွယ်ကနေစပြီး ရင်သွေးငယ်လေးဟာ နေ့ဖက်မှာ အိပ်ချိန်နည်းသွားပါပြီ။ ညဖက်မှာလည်း လူကြီးတစ်ယောက် အိပ်သလောက်နီးပါးကို တစ်ဆက်တည်း အိပ်နိုင်လာပါတယ်။ ညဖက်ပိုအိပ်အောင် နေ့ဖက်မှာ မသိပ်ပဲ ထားတာမျိုးကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ ညဖက်မှာလည်း အတင်းအကြပ်အိပ်ခိုင်းတာမျိုးကို ရှောင်ကျဉ်သင့်ပြီး သူ့သဘောနဲ့သူ အိပ်တာမျိုးကိုသာ ဖြစ်စေသင့်ပါတယ်။

လေးလသားအရွယ် ရင်သွေးငယ်လေးဟာ သူဘာလုပ်ချင်တယ်ဆိုတဲ့ ဆန္ဒကို သူကိုယ်တိုင် သိနေပါပြီ။ ငြိမ်နေရတာကို မကြိုက်ရင် လူးလွန့်ရုန်းကန်လာတတ်ပါတယ်။

အစားအသောက်ပိုင်းမှာ ကြည့်မယ်ဆိုရင် ဒီအရွယ်မှာ ရင်သွေးငယ်လေးဟာ မိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်နေပါသေးတယ်။ ၆ လ ပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပေးမယ်ဆိုရင် ဓာတ်မတည့်မှုတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပြီး အစာအိမ် ဖွံ့ဖြိုးပြောင်းလဲမှုတွေအတွက် အချိန်လုံလုံလောက်လောက် ရရှိစေမှာ ဖြစ်ပါတယ်။

"အမူအကျင့်"

ရင်သွေးငယ်လေးဟာ သင်အပါအ၀င် သူ့အနားမှာ အချိန်ပြည့်နီးပါးရှိနေတဲ့သူတွေကို မှတ်မိလာပါတယ်။ သူ့ရဲ့အထက်မှာ ညီအစ်ကို မောင်နှမတွေ ရှိမယ်ဆိုရင် သူတို့ကိုလည်း သင်နဲ့ထပ်တူနီးပါး ရင်းနှီးကျွမ်း၀င်နေပါလိမ့်မယ်။ ရင်သွေးငယ်လေးရဲ့ ပထမဆုံးတစ်နှစ်တာအချိန်ကာလတွေဟာ ဘယ်သူ့ကို ယုံကြည်ရမယ်၊ ဘယ်သူကတော့ သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့်သူဖြစ်တယ်ဆိုတာကို မှတ်သားနေတဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ ရင်သွေးငယ်လေး ငိုနေလို့ သူ့အနားကို သွားတဲ့အခါမှာ ငြူစူစိတ်တိုမှုမျိုး မပြုလုပ်ဘဲ သင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စာနာမှုတွေကို ပြသပေးပါ။ နောင်တစ်ချိန်မှာ ဒီလို လုပ်ပေးခဲ့ခြင်းရဲ့ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို တွေ့ရပါလိမ့်မယ်။

ဒီအရွယ်မှာ ရင်သွေးငယ်လေးရဲ့အနားမှာ ရုပ်မြင်သံကြားနဲ့ ဖန်သားပြင် တယ်လီဖုန်းအပါအ၀င် ဖန်သားပြင်ပါ၀င်တဲ့ အိုင်တီပစ္စည်းတွေကို ရှိမနေအောင် ဂရုပြုရပါမယ်။ ရင်သွေးငယ်လေးကို လှုံဆော်မှုဖြစ်စေအောင်ဆိုပြီး ဖန်သားပြင်ပေါ်ကပြတဲ့ အစီအစဉ်တွေကို ပြသပေးခြင်းဟာ ဒီအရွယ်မှာ မလိုအပ်သေးပါဘူး။ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကိုသာ ရရှိစေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ နောက်ဆုံးပေါ် လေ့လာတွေ့ရှိမှုတွေအရ ရင်သွေးငယ်လေးတွေဟာ အသက် ၂ နှစ် ကျော်တဲ့အထိ ဖန်သားပြင်တွေနဲ့ ထိတွေ့မှု မရှိသင့်ဘူးလို့ အကြံပြုထားကြပါတယ်။ ဒီအရွယ်မှာ သင့်ရဲ့ မျက်နှာနဲ့ နူးညံ့ချိုသာတဲ့ အသံတွေကသာ ရင်သွေးငယ်လေးရဲ့ လှုံ့ဆော်မှုတွေ ဖြစ်သင့်ပါတယ်။ ရင်သွေးငယ်လေးကို လူကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး စကားများများ ပြောပေးဖို့ လိုပါတယ်။

"ဖွံ့ဖြိုးမှုစံနှုန်းများ"

၄ လသားအရွယ် ရင်သွေးငယ်လေးဟာ ဇက်ခိုင်လာပြီဆိုပေမယ့် ကျောရိုးကိုတော့ ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်သေးပါဘူး။ ဒါကြောင့် ရင်သွေးငယ်လေးကို အတင်းအကြပ် ထိုင်ခိုင်းတာမျိုးကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ဇက်ခိုင်ပြီ ဆိုတာတောင် သူ့ကို ပွေ့ချီတဲ့အခါမှာ ဦးခေါင်းကို ထိန်းပြီး ပွေ့ချီပေးဖို့ လိုနေပါသေးတယ်။ အထူးသဖြင့် သူပင်ပန်းပြီး အိပ်ငိုက်နေတဲ့အချိန်တွေမှာ ပိုပြီး ဂရုပြုသင့်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားအရ ဦးခေါင်းက ကိုယ်ထက် ကြီးနေသေးတာကြောင့် သူ့ရဲ့ဦးခေါင်းကို ထိန်းသိမ်းဖို့အတွက် မိနစ်နဲ့ချီပြီး အချိန်ယူရဦးမှာပါ။

ဒီအရွယ်မှာ ရင်သွေးငယ်လေးတွေ တော်တော်များများဟာ လှိမ့်ဖို့ ကြိုးစားကြတာကို တွေ့ရပါတယ်။ အများအားဖြင့် ပက်လက်လှန်နေရာကနေ မှောက်နိုင်လာကြတာပါ။ မှောက်ရာကနေ ပြန်ပြီး ပက်လက်လှန်နိုင်ဖို့အတွက်တော့ နောက်ထပ် ရက်သတ္တပတ် ၂ ပတ်လောက် အချိန်ယူရလေ့ရှိပါတယ်။ ရင်သွေ့ငယ်လေးရဲ့ မှောက်ဖို့ကြိုးစားတဲ့လေ့ကျင့်ခန်းတွေဟာ မြန်မြန်ဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေတာကြောင့် ဒီအရွယ်မှာ ကြမ်းပြင်ကျယ်ကျယ်မှာ အချိန်ကြာကြာ ထားပေးဖို့ လိုအပ်ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကြမ်းပြင်မှာ ထားလိုက်တဲ့အခါ တစ်ချိန်လုံး မှောက်ဖို့ကြိုးစားနေရမယ်လို့လဲ မမျှော်လင့်ထားသင့်ပါဘူး။ ကြမ်းပြင်ကျယ်ကျယ်မှာ ထားပေးရင်ကို လုံလောက်နေပါပြီ။ အချိန်တန်တဲ့အခါ သူ့အလိုလို ကြိုးစားလာပါလိမ့်မယ်။

အသံအားဖြင့်ဆိုရင်လည်း ရင်သွေးငယ်လေးဟာ ဒီအရွယ်မှာ ထူးဆန်းတဲ့ အသံမျိုးစုံကို ပြုလုပ်ဖို့ ကြိုးစားနေမှာ ဖြစ်ပါတယ်။

"ခန္ဓာကိုယ်ကြီးထွားမှု"

လေးလသားအရွယ်ကနေ ခြောက်လသားအရွယ်အတွင်းမှာ ရင်သွေးငယ်လေးရဲ့ ကိုယ်အလေးချိန်ဟာ မွေးဖွားကာစ ကိုယ်အလေးချိန်ရဲ့ ၂ ဆ ရှိသင့်ပါတယ်။ ကိုယ်အလေးချိန်ဟာ ရင်သွေးငယ်လေးရဲ့ ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့နေရာမှာ စံနှုန်းများစွာထဲက တစ်ခုဖြစ်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။ ဆိုလိုတာက ကိုယ်အလေးချိန်များတိုင်း ဖွံ့ဖြိုးမှု စံနှုန်းမီတယ်လို့ မဆိုလိုနိုင်သလို (အခြားစံနှုန်းများတွင်ပါ စံနှုန်းမီဖို့လိုပါတယ်။) ကိုယ်အလေးချိန်နည်းနေတိုင်းလည်း ဖွံ့ဖြိုးမှုစံနှုန်း မမီဘူးလို့ မဆိုနိုင်ပါဘူး။ (အခြားစံနှုန်းတွေမှာ စံနှုန်းမီနေနိုင်ပါတယ်။)။ ခန္ဓာကိုယ်ကြီးထွားမှုကို စံနှုန်းမီမမီ အကြမ်းဖျဉ်းသိရှိနိုင်ဖို့အတွက် ရင်သွေးငယ်လေးရဲ့ ပေါင်တွေ၊ ၀မ်းဗိုက်ပိုင်း၊ လက်မောင်းတွေနဲ့ မျက်နှာက အဆီပမာဏတွေကို ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ အဆိုပါနေရာတွေမှာ အဆီနည်းပြီး ပိန်သွယ်နေမယ်၊ ပါးလျားနေမယ်ဆိုရင် ဆရာ၀န်တွေ၊ သူနာပြုတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ရင်သွေးငယ်လေးရဲ့ ပထမဆုံးတစ်နှစ်တာ အချိန်ကာလဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်နှစ်မျိုးလုံးမှာ လျင်မြန်တဲ့ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်တဲ့အချိန်ကာလ ဖြစ်တာကြောင့် နှစ်မျိုးလုံးကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

"ပြုစုစောင့်ရှောက်ခြင်း"

ဒီအရွယ်မှာ ၃ လ ခွဲမှာ ထိုးရမယ့် ကာကွယ်ဆေးတွေကို ထိုးပြီးသားဖြစ်သင့်ပါတယ်။ ကာကွယ်ဆေးထိုးလိုက်လို့ အရေပြားနီတာရောင်တာတွေအပါအ၀င် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှု မှန်သမျှကို ကျန်းမာရေးစောင့်ရှောက်သူတွေကို အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကာကွယ်ဆေးကြောင့် အသေးစား၊ အလတ်စား၊ အပြင်းစား ဆန့်ကျင်ဘက် ဆိုးကျိုးတစ်ချို့ရှိနိုင်တယ်ဆိုပေမယ့် တစ်ကမ္ဘာလုံးဆိုင်ရာ နှစ်ပေါင်းများစွာ လေ့လာထားတဲ့ သုတေသနတွေအရ ကောင်းကျိုးက ဆိုးကျိုးထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးပေးသင့်ပြီး ထူးခြားပြောင်းလဲမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာရင်း ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အချိန်မီ ဆွေးနွေးတိုင်ပင်ပေးမယ်ဆိုရင် ကာကွယ်ဆေးရဲ့ အာနိသင်ကို အပြည့်အ၀ ရရှိစေမှာ ဖြစ်ပါတယ်။

"အန္တရာယ်မှ ကြိုတင်ကာကွယ်ထားခြင်း"

ဒီအရွယ်မှာ တော်တော်များများ စောင့်ကြည့်ရမှာက ရင်သွေးငယ်လေးရဲ့ ခြေထောက်တွေကိုပါ။ ရင်သွေးငယ်လေးကို ကြမ်းပြင်ပေါ်မှာ ထားတဲ့အခါ သူ့ရဲ့ ခြေထောက်တွေနားမှာ စားပွဲတွေ၊ ကုလားထိုင်တွေ မရှိအောင် ဖယ်ရှားထားသင့်ပါတယ်။ နေရာကျယ်လေ၊ ပိုကောင်းလေ ဖြစ်ပါတယ်။ ကြမ်းပြင်တွေကိုလည်း သန့်သန့်ရှင်းရှင်း ဖြစ်နေစေဖို့ ပိုပြီး ဂရုစိုက်ရပါမယ်။ ဒီအရွယ်မှာ ကြမ်းပြင်မှာ ကျနေတဲ့ ဖုန်တွေ၊ အညစ်အကြေးတွေဟာ ရင်သွေးငယ်လေး ပါးစပ်ထဲ ကောက်ယူထည့်ဖို့ ပစ္စည်းတွေ ဖြစ်နေတတ်ပါတယ်။

သင့်မှာ အိမ်မွေးတိရစ္ဆာန်တွေ ရှိမယ်ဆိုရင် ရင်သွေးငယ်လေးရဲ့ အနားကို လုံး၀ မကပ်ခိုင်းသင့်ပါဘူး။ ဘယ်လောက်ပဲ လိမ္မာတယ်၊ ယဉ်တယ်ပဲပြောပြော ရင်သွေးငယ်လေးနဲ့ ဝေးနိုင်သမျှ ဝေးနေတာ အကောင်းဆုံးပါ။ ရင်သွေးငယ်လေးအိပ်နေတဲ့အခါ အခန်းတံခါးကို ပိတ်ထားရပါမယ်။ ရင်သွေးငယ်လေးနဲ့ အိမ်မွေးတိရစ္ဆာန်ဟာ ကြမ်းတစ်ခုတည်းမှာ အတူတူ မရှိသင့်ပါဘူး။ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်ကို ရင်သွေးငယ်လေးနဲ့ ဝေးဝေးမှာ ထားရမယ့်အပြင် တိရစ္ဆာန်ကို ကိုင်တွယ်ပြီးတဲ့အခါမှာလည်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ရေဆေးပြီးမှ ရင်သွေးငယ်လေးကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ကနေ ရင်သွေးငယ်လေးကို ရောဂါပိုးတွေ အများကြီး ကူးစက်နိုင်ပါတယ်။

"ဆော့ကစားခြင်းနှင့် အပြန်အလှန်ဆက်သွယ်မှု"

ရင်သွေးငယ်လေးရဲ့ လက်ထဲမှာ ပလုတ်တုတ်လေးတွေ၊ အသံမြည်တဲ့ အရုပ်လေးတွေလိုမျိုး သူ့ရဲ့ စိတ်၀င်စားမှုကို ရရှိစေမယ့် ကစားစရာ အရုပ်လေးတွေ ထည့်ပေးထားလို့ ရပါတယ်။ ရင်သွေးငယ်လေးဟာ လက်ထဲရောက်လာတဲ့ ကစားစရာလေးတွေကို သူ့ရဲ့ ပါးစပ်ထဲကို ထည့်သွင်းလေ့ရှိတာကြောင့် ကစားစရာလေးတွေရဲ့ သန့်ရှင်းမှုကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။

ဒီအရွယ်မှာ ရင်သွေးငယ်လေးဟာ သင့်ရဲ့မျက်နှာကို မကြာခဏ လှမ်းကိုင်ဖို့ ကြိုးစားတဲ့အရွယ်ဖြစ်ပါတယ်။ သင့်ရဲ့မျက်နှာမှာ နှာခေါင်းတို့၊ နှုတ်ခမ်းတို့၊ မေးစေ့တို့လိုမျိုး ရှည်ထွက်နေတဲ့အရာတွေကို ဖမ်းကိုင်ပါလိမ့်မယ်။ ပြီးရင် ပါးစပ်ထဲ ထည့်ဖို့ ကြိုးစားပါလိမ့်မယ်။ တစ်ပါးသူတွေ ပွေ့ချီတဲ့အခါမှာလည်း အခုလိုပြုမူဖို့ ကြိုးစားနိုင်တာကြောင့် ကူးစက်ရောဂါပိုးရှိတဲ့သူတွေ ပွေ့ချီတဲ့အခါ တံတွေးကနေတဆင့် ရောဂါပိုးတွေ ကူးစက်မခံရအောင် သတိပြုဖို့လိုပါတယ်။

ဒီအရွယ်မှာ ရင်သွေးငယ်လေးကို ပုခက်ထဲမှာ အကြာကြီး မထားသင့်တော့ပါဘူး။ များများလှုပ်ရှားလေလေ ဖွံ့ဖြိုးမှု မြန်လေလေ ဖြစ်တာကြောင့် ရင်သွေးငယ်လေးကို သန့်ရှင်းတဲ့ ကြမ်းပြင်ကျယ်ကျယ်မှာ ထိန်းချုပ်မှု အနည်းဆုံးနဲ့ အန္တရာယ်မဖြစ်အောင် စောင့်ကြပ်ကြည့်ရှုရင်း အချိန်ကြာကြာ ထားပေးသင့်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

"မေမေတွေလည်း အနားယူပါ။"

ဒီအရွယ်မှာ မေမေတွေအနေနဲ့ ဆံပင်ညှပ်ဆိုင်သွားပြီး အလှပြုပြင်လို့ ရနေပါပြီ။ တတ်နိုင်သမျှ အချိန်ကုန်သက်သာအောင် စီစဉ်ထားဖို့တော့ လိုပါတယ်။ ဒါမှ ရင်သွေးငယ်လေး အိပ်ယာနိုးတဲ့အခါ အဆင်သင့် ရှိနေနိုင်မှာပါ။ အပန်းဖြေ အနားယူစရာအနေနဲ့ကတော့ စာအုပ်ဖတ်တာကို ရွေးချယ်သင့်ပါတယ်။ စာအုပ်ဖတ်ရင်း ရင်သွေးငယ်လေးရဲ့အနားမှာ သက်သောင့်သက်သာနဲ့ စောင့်ရှောက်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။

ရင်သွေးငယ်လေးရဲ့ ကြီးထွားဖွံ့ဖြိုးပြောင်းလဲမှုတွေကို ပျော်ပျော်ရွှင်ရွှင် စောင့်ကြည့်ရင်း လေးလသားအရွယ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

မေမေတွေနဲ့ ရင်သွေးငယ်လေးတွေ ကျန်းမာချမ်းသာကြပါစေ။

ဇော် (ဆေး-၂)

-----------------------

Credit
Shwe padauk

26/09/2021

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ
Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ မပါစေဖို့
တချို့ကလေးတွေ မွေးလာရင် နှုတ်ခမ်းကွဲ အာခေါင်ကွဲတို့၊ ကျောရိုးမှာ အပေါက်ကြီးနဲ့လို့ တွေ့ဖူးကြမလားမသိ။ ဒါတွေဟာ မွေးရာပါချို့ယွင်းချက်တွေပေါ့။ ကလေးမွေးပြီးလို့ ထွက်လာရင် ပြောတတ်ကြတာက ယောကျာ်းလေးပါ ဒါမှမဟုတ် မိန်းကလေးပါ။ ကိုယ်လက်အင်္ဂါစုံပါတယ်လို့ ပြောမှ ဟင်း ချနိုင်ကြတာပါ။ မိဘတွေ အနေနဲ့လည်း ကလေးက ချို့ယွင်းချက်လေးတွေ ပါလာရင် စိတ်မကောင်းဖြစ်ကြသလို သက်တမ်းစေ့မှ နေရပါ့မလားလို့လည်း စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ မွေးရာပါချို့ယွင်းချက် မပါအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

မွေးရာပါချို့ယွင်းချက် ဆိုတာ
မွေးရာပါ ချို့ယွင်းချက်တွေမှာ တချို့က teratogenလို့ ခေါ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တာပါ။ Teratogenထဲမှာ ဓာတုပစ္စည်းတွေ၊ ဆေးတွေ၊ ရောဂါပိုးမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေက အကုန်လုံးကို ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဒီချို့ယွင်းချက်တွေထဲက ၄-၅ ရာခိုင်နှုန်းက teratogenတွေကြောင့် ဖြစ်တာပါ။ ဒါတွေကို ရှောင်နိုင်ရင် ကလေးကို ကာကွယ်လို့ ရပါတယ်။

မွေးရာပါချို့ယွင်းချက် တွေကို ကာကွယ်ဖို့
မေမေတို့ အနေနဲ့ ကလေးတွေကို ခြေစုံ လက်စုံမွေးလာချင်တယ်။ ကျန်းမာစေချင်တယ်ဆိုရင် သေချာ ဂရုစိုက်ပေးရမှာပါ။ ဘယ်အချိန်ကတည်းကလဲဆိုရင် ကိုယ်ဝန်ဆောင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တည်းကပေါ့။ ကိုယ်ဝန် ပထမ ၃လက အနုနယ်ဆုံးအချိန်ပါ။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ တစ်ခုပြီး တစ်ခု စဖြစ်နေတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာ တစ်ခုခု ချွတ်ချော်သွားခဲ့ရင် ချို့ယွင်းချက်လေးတွေ ပါလာနိုင်ပါတယ်။

မေမေတော်တော်များများက ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်လာအပ်ရင် ၃လတို့ ၄လတို့ ဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာ ဆရာမတို့က ဆောင်ရန် ရှောင်ရန်တွေကို မှာလိုက်ပေမယ့် စိတ်ထဲမှာလည်း ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရပါပြီ။ နုနယ်တဲ့အချိန်ကို ကျော်လာပြီကိုး။ ဒီတော့ ကိုယ်ဝန်ဆောင်မယ့် မေမေတွေကို မှာချင်တာလေးတွေ ရှိပါတယ်။

ကြိုစီစဉ်ပါ။
ကလေးယူမယ်လို့ စီစဉ်ထားရင် အနည်းဆုံး ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ကို နေ့တိုင်းသောက်ပေးပါ။ လေ့လာချက်တွေအရ ကိုယ်ဝန်မဆောင်ခင် အနည်းဆုံး တစ်လလောက် ကြိုသောက်ထားရင် ကလေးမှာ မွေးရာပါ ဦးနှောက်မဖွံ့ဖြိုးတာတို့၊ ကျောရိုးဟနေတာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။ နောက်ပြီး ကိုယ်ဝန်ယူမယ်ဆုံးဖြတ်ထားရင် သားဖွားဆရာဝန်နဲ့ ကြိုအပ်ထားပါ။ ကိုယ်ဝန်မရှိခင်ထဲက ကြိုအပ်ထားရင် သူက ဆောင်ရန် ရှောင်ရန်တွေ ပြောပြပြီး လိုအပ်တဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ ဒါက ကိုယ့်အတွက် ပိုစိတ်ချရပါတယ်။ ကိုယ်ဝန်ရှိရင်လည်း စောစောသိနိုင်ပါတယ်။

အန္တရာယ်များတာတွေကို ရှောင်ပါ။
အန္တရာယ်ဆိုတာ ခုနကပြောတဲ့ Teratogenတွေပါပဲ။

အရက်
အရက်က ကိုယ်ဝန်ချိန်မှာ ဘယ်လောက်ဖြစ်ဖြစ် အန္တရာယ်ပါပဲ။ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချလက်ချ သောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်သောက်တတ်ရင် ကိုယ်ဝန်ယူမယ်လို့ စဉ်းစားထားကတည်းက ဖြတ်လိုက်ဖို့ အကြံပေးလိုပါတယ်။ အရက်က ချက်ကြိုးကတဆင့် ကလေးဆီရောက်ပြီး fetal alcohol syndromeလို့ ခေါ်တဲ့ ရောဂါစု ဖြစ်တတ်လို့ပါ။

ဆေးလိပ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်လည်း မသောက်ပါနဲ့။ ဆေးလိပ်ငွေ့လည်း မရှူမိပါစေနဲ့။ ဆေးလိပ်မှာပါတဲ့ ဓာတ်တွေက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကို ဖြစ်စေပါတယ်။

မူးယစ်ဆေး
ကိုယ်ဝန်ကြီးနဲ့ မူးယစ်ဆေးမသုံးဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိလျက်သားကြီး ဖြစ်နေတတ်ပါတယ်။ ma*****na အပါအဝင် တခြား မူးယစ်ဆေးတွေက မွေးရာပါ ချို့ယွင်းချက်အပြင် လမစေ့ ပေါင်မပြည့်ဘဲ မွေးတာကိုပါ ဖြစ်စေပါတယ်။

ရောဂါပိုးမွှားများ
ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ဝန်ယူဖို့ ပြင်နေတဲ့သူတွေက နေမကောင်းတဲ့ သူနားကို မကပ်ပါနဲ့။ အထူးသဖြင့် ဖျားပြီး အနီစက်ထွက်၊ နှာရည်ယိုနေတဲ့ ကလေးတွေနားပေါ့။ ကလေးတွေမှာ ရေကျောက်တို့၊ ဝက်သက်တို့၊ ဂျိုက်သိုးတို့ ဖြစ်နေရင် ကိုယ်ဝန်သည်ကို ကူးပြီး ဗိုက်ထဲက ကလေးဆီရောက်တတ်ပါတယ်။ အမေက ပြဿနာ မရှိပေမယ့် ကလေးက မွေးရာပါ နားမကြားတာ၊ မျက်လုံးမမြင်တာတွေ ဖြစ်တတ်ပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်မေမေ ကြောင်အသစ်မမွေးပါနဲ့။ အိမ်မှာရှိပြီးသားကြောင်နဲ့ လက်ပွန်းတတီးနေတာ၊ ကြောက်ချေးကိုင်တာ စတာတွေလည်း ရှောင်ပေးပါ။ ကြောင်ချေးမှာပါတဲ့ Toxoplasmaလို့ ခေါ်တဲ့ ကပ်ပါးကောင်က ကလေးကို ဒုက္ခပေးပါလိမ့်မယ်။

အပူတက်ခြင်း၊ အဖျားကြီးခြင်း
ကိုယ်ဝန်ဆောင်မေမေ ကိုယ်အပူချိန်မတက်ပါစေနဲ့။ ရေပူထဲမှာ အကြာကြီးစိမ်တာမျိုး မလုပ်ပါနဲ့။ ဖျားရင်လည်း မြန်မြန်သက်သာအောင် လုပ်ပါ။ အမေကိုယ်အပူချိန်တက်တာက ကလေးမှာ ကျောရိုးပွင့်ပြီး အာရုံကြောထွက်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ပါ။
ဆီးချို
ကိုယ့်မှာ နဂိုတည်းက ဆီးချိုရောဂါရှိတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြပြီး ဆီးချိုကောင်းအောင် ထိန်းပါ။ ဒါမှ ကလေးကို ထိခိုက်နိုင်ချေ နည်းမှာပါ။

ကိုယ်အလေးချိန်
အဓိကကတော့ အဝလွန်နေတာပေါ့။ အဝလွန်နေတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ရင် မွေးရာပါချို့ယွင်းချက်ပါလာဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်ဆို အရင်ဆုံး ကိုယ်အလေးချိန်လျှော့ပါ။ သင့်တော်တဲ့ ကိုယ်အလေးချိန်ရောက်မှ ကိုယ်ဝန်ယူတာက အမေအတွက်ရော ကလေးအတွက်ရော ကောင်းပါတယ်။

ဆရာဝန်နဲ့ အမြဲမပြတ်တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်တစ်ယောက်က အရင်လို ဆေးကို လွတ်လွတ်လပ်လပ် သောက်လို့ မရတော့ပါဘူး။ တချို့ဆေးတွေက သာမန်လူတွေ သောက်ရင် ပြဿနာ မရှိပေမယ့် ကိုယ်ဝန်ဆောင်တွေအတွက် teratogenဖြစ်တတ်ပါတယ်။ ဒါဆို ကလေးမှာ ချို့ယွင်းချက်ဖြစ်လာမှာပါ။ အကောင်းဆုံးက ကိုယ်ဝန်ယူမယ်လို့ စီစဉ်ထားရင် သောက်လက်စဆေးတွေ သားဖွားဆရာဝန်ကို ယူသွားပြပါ။ သူကကြည့်ပြီး မတည့်တာတွေ လဲပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ နေမကောင်းလို့ တစ်ခုခုသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်တာ ပိုကောင်းပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။ နေမကောင်းလို့ ဆေးခန်းပြရင်လည်း ကိုယ်ဝန်ယူဖို့ စီစဉ်ထားတယ်။ ကိုယ်ဝန်ရှိတယ် စသဖြင့် ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဆေးရှောင်ပေးလို့ရမှာပါ။

နောက်တစ်ခုက ဓာတ်မှန်ပါ။ ကိုယ်ဝန်ဆောင်တွေကို တော်ရုံတန်ရုံ ဓာတ်မှန်ရိုက်ပေးလေ့မရှိပါဘူး။ ဒီဓာတ်မှန်ရောင်ခြည်က ကလေးကို ထိခိုက်တတ်လို့ပါ။ ဒါကြောင့် ဆေးစစ်ရင်း ဓာတ်မှန်ရိုက်ဖို့ လိုအပ်လာရင် ဆရာဝန်ကို ကိုယ်ဝန်ဆောင်ဖို့ လုပ်ထားတယ်။ ကိုယ်ဝန်ရှိနေတယ် စသဖြင့် ကြိုပြောပါ။ မဖြစ်မနေ ရိုက်ကို ရိုက်မှ ဖြစ်မယ့် အနေအထားဆိုရင်တော့ ဗိုက်ကို ကာပြီး ရိုက်ပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်ဟာ မိသားစု အသစ်ဝင်ကို ကြိုဆိုတဲ့ကာလဖြစ်လို့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီမိသားစုဝင်လေး ကျန်းကျန်းမာမာမွေးလာမှာကိုလည်း အားလုံးက မျှော်လင့်နေမှာပါ။ ဒါကြောင့် နုနယ်တဲ့ ကိုယ်ဝန်လေးကို အစစအရာရာ သတိကပ်ပြီး ဂရုစိုက်ဖို့ မမေ့ပါနဲ့။

Hello Health Group

21/09/2021

နှစ်လသားရွယ် ရင်သွေးငယ်
ဇော် (ဆေး-၂)

နှစ်လသားအရွယ်ရောက်လာပြီဆိုရင်တော့ သင်ပင်ပန်းထားသမျှတွေ အမောပြေရတော့မှာပါ။ ရင်သွေးငယ်လေးဟာ အိပ်တာစားတာပဲ လုပ်နေရာကနေ ဖော်ဖော်ရွေရွေ ပြုံးပြတဲ့အဆင့်ကို တိုးတက်ရောက်ရှိလာပြီး ချစ်စဖွယ်အမူအရာလေးတွေကို လုပ်ပြတတ်လာပါတယ်။

ရင်သွေးငယ်လေးပြုံးပြတာကို မြင်ရတာဟာ သင့်ရဲ့နှလုံးသားကို အရည်ပျော်သွားစေနိုင်ပါတယ်။ ဒီအရွယ်မှာ သင့်ရဲ့ ရင်သွေးငယ်လေးကို မျက်လုံးချင်းဆုံကြည့်ပြီး မျက်နှာအမူအရာတွေလုပ်ပြရင်း နူးနူးညံ့ညံ့နဲ့ စကားလေးတွေ ပြောဖြစ်အောင်ပြောပါ။ ရင်သွေးငယ်လေးက သင့်ကို တုံ့ပြန်ပြုံးပြတဲ့အခါမှာ သင်ကလည်း ပြန်ပြီး ပြုံးပြပေးပါ။ ဒါဟာ မိဘနဲ့ ကလေးကြားမှာ ဘယ်သူမှ မသိသေးတဲ့ နားလည်မှုတစ်ခုကို စတင် တည်ဆောက်တာပဲဖြစ်ပါတယ်။

"အစားအသောက်ကျွေးမွေးခြင်း"
နှစ်လသားအရွယ် ရင်သွေးငယ်လေးဟာ အရင်ကထက်ပိုပြီး နို့ဆွဲနိုင်လာပါပြီ။ အမေနို့တစ်မျိုးတည်း တိုက်ကျွေးနေတယ်ဆိုရင် မိခင်နို့ တစ်ဖက်တည်းနဲ့ တိုက်ကျွေးတာမျိုးမလုပ်ဘဲ မိခင်နို့ နှစ်ဖက်လုံးကို မျှသုံးပြီး နို့တိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။
ရင်သွေးငယ်လေးဟာ ညဖက်မှာလည်း နို့စို့နိုင်သေးတယ်ဆိုပေမယ့် အရင်လောက်တော့ အိပ်ချိန်မတိုတော့ပါဘူး။ နို့စို့ချိန် တစ်ချိန်နဲ့တစ်ချိန်ကြားမှာ ၅ နာရီကနေ ၆ နာရီလောက်ကြာအောင် အိပ်စက်နိုင်လာပြီဖြစ်ပါတယ်။ အရင်ရက်တွေက အိပ်ရေးပျက်ခဲ့ရတဲ့မေမေတွေအနေနဲ့ အတိုးချပြီး အိပ်လို့ ရသွားပါပြီ။

"အိပ်စက်ခြင်း"
ဒီအရွယ်မှာ အိပ်စက်ချိန်တွေဟာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာနေပါတယ်။ ညဖက်မှာ အိပ်ချိန်ကြာမြင့်လာပြီး နေ့လည်နေ့ခင်းတွေမှာ အိပ်စက်မယ်ဆိုရင်လည်း ၃ နာရီလောက်ကြာအောင် အိပ်နိုင်လာပါတယ်။ နို့စို့ပြီးလို့ နာရီ၀က်ကနေ တစ်နာရီအတွင်းမှာ အိပ်ချင်လာတဲ့ အမူအရာတွေ ပြပါတယ်။ ဒီလို ပြလာပြီဆိုရင် ကလေးပုခက်ထဲကို ထည့်ပေးသင့်ပါတယ်။ ပုခက်ထဲရောက်တာနဲ့ လျင်လျင်မြန်မြန် အိပ်ပျော်သွားတာကို တွေ့ရတတ်ပါတယ်။ ဒီအရွယ်မှာ တစ်နေ့တာ စုစုပေါင်း အိပ်ချိန်ဟာ ၉ နာရီကနေ ၁၈ နာရီအထိ ရှိနိုင်ပါတယ်။

"အမူအကျင့်"
ရင်သွေးငယ်လေးတွေရဲ့ အငိုအသန်ဆုံးအချိန်ကို ပြောပါဆိုရင် နှစ်လသားအရွယ်လို့ ဆိုရမှာပါ။ အစစအရာရာ လိုလေသေးမရှိအောင် စီစဉ်ဆောင်ရွက်ထားရင်တောင်မှ ရုတ်တရက် အာခေါင်အာရင်းသန်သန်နဲ့ ငိုကျွေးလေ့ရှိကြပါတယ်။ ဒီအရွယ်မှာ အငိုသန်ရတာဟာ အာရုံကြောစနစ်တွေ ဖွံ့ဖြိုးလာတာရယ်၊ လှုံ့ဆော်မှုတွေကို လွန်လွန်ကဲကဲ တုံ့ပြန်နေတာရယ်၊ လွန်လွန်ကဲကဲ တုံ့ပြန်နေရတာကြောင့် မောပန်းနွမ်းနယ် လာတာရယ်၊ အားပေးနှစ်သိမ့်မှုကို လိုချင်တာတွေရယ် စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် ဖြစ်ပါတယ်။ ငိုလာတဲ့အခါ ချီပိုးပြီး လမ်းလျှောက်ပေးနေရင် အငိုတိတ်သွားတတ်တာကိုလည်း တွေ့ရနိုင်ပါတယ်။

"ဖွံ့ဖြိုးမှုစံနှုန်းများ"
ရင်သွေးငယ်လေးရဲ့ လက်ထဲကို တစ်ခုခုထည့်ပေးလိုက်ရင် အလိုအလျောက် ဆုပ်ကိုင်တတ်တဲ့ တုံ့ပြန်မှုဟာ နှစ်လသားအရွယ်မှာ ပျောက်ဆုံးသွားပါပြီ။ သူသဘောကျ နှစ်သက်တဲ့ အရာတွေကိုပဲ ရွေးချယ်ဆုပ်ကိုင် လာပါတယ်။ အသံမြည်တဲ့ ကလေးကစားစရာအရုပ်လေးတွေကို အနားမှာ ထားပေးလို့ရပါတယ်။ အရုပ်လေးတွေဟာ သေးငယ်ပြီး အန္တရာယ်မရှိတဲ့ အရုပ်တွေ ဖြစ်ဖို့တော့ လိုပါတယ်။ (မျိုချလို့ရလောက်တဲ့အထိ သေးငယ်တဲ့ အရုပ်လေးတွေဟာ အန္တရာယ်ရှိပါတယ်။) ဒီအရွယ်မှာ ရင်သွေးငယ်လေးတွေဟာ သူတို့ရဲ့ လက်တွေခြေထောက်တွေကို စူးစမ်းလေ့လာကြပါတယ်။
အမြင်အာရုံကလည်း အရင်ကထက် ပိုမိုဖွံ့ဖြိုးလာပြီး သင်ရှိရာနေရာတွေကို လိုက်လံကြည့်ရှုလာပါတယ်။ သင့်ရဲ့ မျက်နှာကို သူတို့တွေ့သွားပြီဆိုရင် မျက်လုံးချင်းဆုံပြီး ခဏတဖြုတ် စိုက်ကြည့်ပေးပါ။ သူတို့ မြင်နိုင်လောက်တဲ့ အကွာအဝေးမှာ အရုပ်တစ်ခုခုကိုပြကြည့်ပြီး တွေ့သွားပြီဆိုရင် သူစိုက်ကြည့်လာအောင် အရုပ်ကို ငြိမ်ထားပေးပါ။ ရင်သွေးငယ်လေးဟာ အရုပ်ကို စိုက်ကြည့်လိုက်တဲ့အခါမှာ မျက်စိသူငယ်အိမ်တွေ ပုံမှန်မဟုတ်ဘဲ စွေနေမယ်ဆိုရင် ဆရာ၀န်နဲ့ ပြသတိုင်ပင်ပေးဖို့ လိုပါတယ်။ အသက်ငယ်စဉ်အချိန်မှာ ရင်သွေးငယ်လေးရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုတွေဟာ လျင်လျင်မြန်မြန် ပြောင်းလဲဖြစ်ပေါ်နေတာကြောင့် ဒီအချိန်မှာ ဆရာ၀န်နဲ့ မြန်မြန်ပြသပြီး ကုသမှုခံယူနိုင်ခဲ့မယ်ဆိုရင် ရလဒ်တွေ ပိုပြီး ကောင်းမွန်နိုင်ပါတယ်။

"ခန္ဓာကိုယ်ကြီးထွားမှု"
ရင်သွေးငယ်လေးဟာ နှစ်လသားအရွယ်မှာ အရင်ကထက် ခန္ဓာကိုယ် ကြီးထွားမှုနှုန်း ပိုမြန်လာလေ့ရှိပါတယ်။ ကိုယ်အလေးချိန် ပျမ်းမျှတိုးနှုန်းကိုတော့ တစ်ပတ်ကို 150 ဂရမ် (0.3 ပေါင်) ကနေ 200 ဂရမ် (0.4 ပေါင်) အတွင်းလို့သာ သတ်မှတ်ထားကြပါတယ်။ တစ်ပတ်မှာ ကိုယ်အလေးချိန်တက်လာပြီး နောက်တစ်ပတ်မှာ ကိုယ်အလေးချိန် မတက်လာရင်လည်း အရမ်းစိတ်ပူဖို့ မလိုပါဘူး။ ကိုယ်အလေးချိန်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို တိုင်းတာနိုင်တဲ့ စံနှုန်းတွေထဲက စံနှုန်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ် စံနှုန်းတွေ ရှိပါသေးတယ်။ ဦးခေါင်းလုံးပတ်အရွယ်အစားနဲ့ အလျား၊ ယေဘုယျအပြုအမူ စတာတွေဟာ ကြီးထွားဖွံ့ဖြိုးမှုကို တိုင်းတာနိုင်တဲ့ နောက်ထပ် စံနှုန်းတွေဖြစ်ပါတယ်။ ရက်သတ္တပတ်တိုင်းမှာ ကိုယ်အလေးချိန်ကို တိုင်းတာမှတ်သားထားဖို့လိုပေမယ့် ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာသုံးသပ်တဲ့အခါမှာတော့ ရက်သတ္တပတ် တစ်ခုနဲ့ တစ်ခုကို နှိုင်းယှဉ်တာမဟုတ်ဘဲ ရက်သတ္တပတ် များစွာကို စောင့်ကြည့်ပြီးမှ နှိုင်းယှဉ်ဆုံးဖြတ်တာဖြစ်ပါတယ်။

"ပြုစုစောင့်ရှောက်ခြင်း"
နှစ်လပြည့်တဲ့အချိန်မှာလည်း ကာကွယ်ဆေးထိုးဖို့လိုပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူတွေဆီမှာ ကာကွယ်ဆေးထိုးဖို့အတွက် သွားရောက်တွေ့ဆုံပေးရပါမယ်။ ရင်သွေးငယ်လေးရဲ့ အသက်အရွယ်နဲ့ ကာကွယ်ဆေးထိုးတဲ့ အကြိမ်အရေအတွက်တွေကို စနစ်တကျ မှတ်တမ်းတင်ပြီး သိမ်းထားသင့်ပါတယ်။

"အန္တရာယ်မှ ကြိုတင်ကာကွယ်ထားခြင်း"
ရင်သွေးငယ်လေးကို ကြမ်းပြင်ပေါ်မှာ floor mat လို့ခေါ်တဲ့ နူးညံ့တဲ့ ကြမ်းခင်းဖျာလေးတွေခင်းပြီး ကျယ်ကျယ်၀န်း၀န်း နေရာပေးထားသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ ချစ်စရာကောင်းပြီး လိမ္မာတယ်ပြောနေပါစေ ရင်သွေးငယ်လေးရဲ့အနားမှာ ရှိမနေသင့်ပါဘူး။ ရင်သွေးငယ်လေးကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုပေးနေဖို့ လိုပါသေးတယ်။ အနားမှာထားရှိတဲ့ ကလေးအရုပ်ကလေးတွေကလည်း ကလေးကောက်ကိုင်ပြီး ပါးစပ်ထဲ ထည့်လို့ရလောက်တဲ့အထိ မသေးငယ်သင့်ပါဘူး။ ကလေးအရုပ်လေးတွေဟာ ပျော့ပျောင်းလုံး၀န်းနေသင့်ပါတယ်။ ထက်မြက်တဲ့ အစွန်းတွေ၊ အသွားတွေ မပါသင့်ပါဘူး။

"ဆော့ကစားခြင်းနှင့် အပြန်အလှန်ဆက်သွယ်မှု"
ကျယ်လောင်တဲ့အသံတွေ၊ မကျယ်လောင်ပေမယ့် လျှပ်တစ်ပြက်ထွက်လာတဲ့ အသံတွေကို ရင်သွေးငယ်လေးက ဘယ်လို တုံ့ပြန်တယ်ဆိုတာကို စောင့်ကြည့်ထားပါ။ အထိတ်တလန့်ဖြစ်ပြီး ရုန်းကန်လှုပ်ရှားသွားမယ်ဆိုရင် ရင်သွေးငယ်လေးရဲ့ အကြားအာရုံဟာ ပုံမှန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ ရင်သွေးငယ်လေးမှာ အကြားအာရုံနဲ့ပတ်သတ်ပြီး ချို့တဲ့မှုရှိတယ်လို့ သံသယဖြစ်နေတဲ့အခါ ဆရာ၀န်နဲ့ ပြသတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

"မေမေတွေလည်း အနားယူပါ။"
မေမေတွေအနေနဲ့ တစ်ပတ်ကို အနည်းဆုံး ၂ နာရီလောက် အချိန်ပေးပြီး ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားပေးရပါမယ်။ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းတွေကိုလည်း နည်းနည်းချင်း ပြန်လုပ်ပေးလို့ ရနေပါပြီ။ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာနဲ့ ဝိတ်တုံးပေါ့ပေါ့ မတာတွေကို အခုအချိန်မှာ ပြန်လုပ်ပေးသင့်ပါတယ်။
မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေကတော့ ဒီအချိန်မှာ ကာယလေ့ကျင့်ခန်းတွေ လုပ်တော့မယ်ဆိုရင် အရမ်းပြင်းထန်မှုမရှိအောင် သတိပြုရပါမယ်။ ပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်းတွေကို လုပ်မိသွားရင် နို့ရည်ထွက်တာ လျော့နည်းသွားနိုင်လို့ပါ။ အပြေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အမျိုးသမီးအတွင်းခံအင်္ကျီ၀တ်ဖို့ မမေ့သင့်ပါဘူး။ ကလေးမွေးပြီးတဲ့အချိန်မှာ ဆီးမထိန်းနိုင်တာမျိုးတွေ တွေ့ကြုံထားရမယ်ဆိုရင်တော့ အပြေးလေ့ကျင့်ခန်းကို မလုပ်သေးတာ ကောင်းပါတယ်။
ကလေးမွေးပြီးကတည်းက မိမိကိုယ်ကို ဆရာ၀န်နဲ့ ပြန်မပြရသေးဘူးဆိုရင် ဒီအချိန်မှာ တစ်ခေါက်တော့ ပြန်သွားပြသင့်ပါတယ်။ အမျိုးသမီးအင်္ဂါကနေ သွေးဆင်းတာတွေဟာ ဒီအချိန်မှာ မရှိသင့်တော့ပါဘူး။ အမျိုးသမီးအင်္ဂါအစိတ်အပိုင်းတွေကလည်း ဒီအချိန်ဆိုရင် ကလေးမမွေးခင်ကလို ပုံမှန်အတိုင်း ပြန်ဖြစ်သင့်နေပြီ ဖြစ်ပါတယ်။ သန္ဓေတားနည်းလမ်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း စတင်စဉ်းစားတိုင်ပင်ဖို့လိုတဲ့အချိန် ဖြစ်ပါတယ်။

နှစ်လသားအရွယ်ရင်သွေးငယ်လေးကိုရော မိမိကိုယ်တိုင်ကိုပါ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရင်း သာယာလှပတဲ့အချိန်တွေကို အောင်အောင်မြင်မြင် အစပြုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
မေမေတွေနဲ့ ရင်သွေးငယ်လေးတွေ ကျန်းမာချမ်းသာကြပါစေ။

ဇော် (ဆေး-၂)
Credit shwe padauk

20/09/2021

မွေးကင်းစကလေးတွေ ခေါင်းအုံးပေးမသုံးသင့်တဲ့ အကြောင်းအရင်း (၄) ချက်

အများစု ယူဆချက်နဲ့ ဆန့်ကျင်လျက် မွေးကင်းစနဲ့ နို့စို့ကလေးတွေမှာ ခေါင်းအုံး မရှိမဖြစ် လိုအပ်တယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ ကလေးကို မွေးပြီးတဲ့နောက် ၂ နှစ်အထိ ခေါင်းအုံး ပေးမသုံးသင့်ပါဘူး။

၁။ မွန်းကျပ်စေနိုင်

ခေါင်းအုံးလေးခံမှ ကလေး နှစ်ခြိုက်စွာ ပိုအိပ်ပျော်စေတယ်လို့ ယူဆပါက သင်မှားသွားပါပြီ။ ကလေးရဲ့ နုနယ်တဲ့ ဦးခေါင်းက ခေါင်းအုံးအိအိလေးထဲ မြုပ်ဝင်ပြီး မွန်းကျပ်မှု ပိုဖြစ်စေနိုင်ပါတယ်။ အဲဒီအပြင် နှာပေါက်သေးသေးနုနုလေးတွေ ခေါင်းအုံးနဲ့ ဖိခံထားရနိုင်ပြီး ဦးခေါင်းဟိုဘက်ဒီဘက်လှုပ်ရှားတဲ့အခါ လေဝင်လေထွက်မှု ဟန့်တားနိုင်ပါတယ်။

၂။ အပူလွန်ကဲမှုဖြစ်စေနိုင်

ဖန်စီကလေးခေါင်းအုံးအများစုမှာ ပိုးထည်ထက် ရက်အထည်ဖြင့် ပြုလုပ်တဲ့ ချစ်စဖွယ်အစွပ်လေးတွေ ပါတတ်ကြပါတယ်။ အဲဒါလေးက ဦးခေါင်းအောက်မှာ ပူအိုက်စေပြီး ခန္ဓာကိုယ်အပူချိန် အတက်အကျ ဖြစ်စေနိုင်ပါတယ်။ ခေါင်းအုံးအစွပ်ကြောင့် ချွေးနဲ့အပူလွန်ကဲမှုက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ hyperthermia ခေါ် ရောဂါတစ်မျိုး ဖြစ်စေနိုင်ပါတယ်။

၃။ လည်ပင်းအဆစ်လွဲစေနိုင်

ကလေးခေါင်းအုံးအများစု အမွေးပွပြီး ပြားပြားချပ်ချပ် မရှိကြပါဘူး။ အဲဒါက အချိန်ကြာမြင့်စွာ အိပ်နေစဉ် ကလေးရဲ့ လည်ပင်းအဆစ်လွဲစေတတ်ပါတယ်။

၄။ ဦးခေါင်းပြားချက်သည့် ပြသနာဖြစ်စေနိုင်

အချိန်ကြာမြင့်စွာ ပျော့အိအိခေါင်းအုံး ခံအိပ်တာက အဆက်မပြတ်ဖိခံရမှုကြောင့် ကလေးငယ်တွေမှာ ခေါင်းပြားသည့် ပြသနာဖြစ်ပေါ်စေတတ်ပါတယ်။

လိုက်နာဆောင်ရွက်သင့်တဲ့အချက်များ

· ကလေးကို အမြဲတမ်း ပက်လက်အိပ်ပါစေ။ မှောက်မအိပ်ခိုင်းပါနဲ့။
· ၂ နှစ်မပြည့်မချင်း ခေါင်းအုံး အသုံးမပြုပါနဲ့။
· ကလေးအတွက် ခေါင်းအုံးရွေးချယ်တဲ့အခါ အနည်းငယ်မာကျောပြီး ပြားတဲ့ ခေါင်းအုံးဖြစ်ပါစေ။
· ကလေးက တစ်နေရာတည်းမှာ အကြာကြီးနေရင် သို့မဟုတ် ၂ နာရီထက်ပို နေရင် ဖိထားခံရမှုကြောင့် ခေါင်းမပြားအောင် အနေအထားပြောင်းပေးပါ။

Credit : Trend Myanmar

19/09/2021

မေမေတို့ရေ
ဟိုနေ့က “ကလေးငိုတိုင်း မချော့သင့်ဘူး” ဆိုတဲ့အကြောင်းလေးကို ပြောပြပေးခဲ့တယ်နော်..

ကလေးငိုတာက များသောအားဖြင့် မစိုးရိမ်ရပေမယ့် တစ်ခါတစ်လေသင့်ရဲ့ဘေဘီလေးက ဆိုးချင်လို့မဟုတ်ဘဲ ကိစ္စတစ်ခုခုကြောင့် ငိုတဲ့အခါ လုပ်တတ်တဲ့အမူအကျင့်တွေကို မေမေတို့ ဂရုပြုနိုင်အောင် ပြောပြပေးလိုက်ပါတယ်။

🔹ဗိုက်ဆာလို့ ငိုတာ
ကလေးတွေက ဗိုက်ဆာလို့ မငိုခင်မှာ သူတို့ဗိုက်ဆာကြောင်း အခြားနည်းလမ်းတွေနဲ့ အရင်ပြပါတယ်။ “လက်မကို ငုံပြတာ၊ တစ်ခုခုရှာသလို ခေါင်းကို ဘယ်ညာ ယမ်းပြတာ” စသည်ဖြင့် အမျိုးမျိုးလုပ်ပြတတ်ပါတယ်။ ပြီးရင်တော့ လျှာနဲ့ အာခေါင်ကို ထိထားအသံနဲ့ အော်ငိုတတ်ပါတယ်။ ငိုသံက တဖြည်းဖြည်းကျယ်လာပါတယ်။ ဒါဆိုရင်တော့ သင့်ကလေးကို နို့တိုက်တာ၊မုန့်ကျွေးတာ တစ်ခုခုလုပ်သင့်ပါပြီ။

🔹အိပ်ရေးမဝလို့ ငိုတာ
ဘေဘီလေးတွေက အသက် ၆ လ​ထိ တစ်ရက်ကို (၁၅) နာရီ အိပ်စက်ဖို့လိုပါတယ်။ ဒီလိုမျိုး မအိပ်နိုင်တဲ့အခါ ကလေးက ငိုနေတတ်ပါတယ်။ ဒါဆိုရင်တော့ နို့တိုက်မိခင်က ကဖင်းဓါတ်များတဲ့ ကော်ဖီ၊ လက်ဘက်ရည်၊ လက်ဖက် တို့ကို အလွန်အကျွံစားမိလို့ပါ။ အနည်းငယ်လျှော့စားသင့်ပါတယ်

🔹နေမကောင်းလို့ ငိုတာ
နေမကောင်းဖြစ်တဲ့အခါ (သိုမဟုတ်) တစ်ခုခု အလွန်နာကျင်နေတဲ့အခါ သင့်ကလေးငယ်က အာခေါင်ခြစ်ပြီး စူးစူးဝါးဝါး အော်ငိုတတ်ပါတယ်။ အဲ့အချိန်မှာ မျက်ခုံးနှစ်ခုကို စုတွန့်ထားသလိုဖြစ်နေတတ်ပြီ နဖူးနားက အရေးအကြောင်းတွေပေါ်လာခြင်း၊ မျက်လုံးအသေပိတ်ထားခြင်း၊ နှုတ်ခမ်းက လေးထောင့်ပုံဖြစ်ခြင်းနှင့် နှခေါင်းဝပိုကျယ်လာခြင်းတို့ကို ကြည့်ပြီး စမ်းစစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ သင့်ကလေးငယ်ကို နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်သွားရောက်ပြသ သင့်ပါတယ်။



Crd. Dr.KyawSoeHein

18/09/2021

နို့တိုက်မိခင်ရဲ့စားသောက်မှုပုံစံနဲ့လွဲမှားတဲ့အယူအဆများ
===========================

မွေးဖွားခါစ မိခင်တွေကို အများဆုံးကျွေးကြတာက ဟင်းချို၊ငါးကြော် နဲ့ကြက်ကြော်ကိုပဲ ကျွေးကြတယ်။ အစားသောက်ကို လျှော့စားတယ်။အသီးအနှံလည်းမစားဘူး။ အသားဓာတ်လည်း လုံလောက်အောင်မစားဘူး။ ကလေးဗိုက်ပွမှာ လေအောင့်မှာစိုးလို့ဆိုပြီး ဟိုရှောင်ဒီရှောင်လုပ်တာကများနေတယ်။

ဟင်းချိုလောက် ငါးကြော်လောက်နဲ့ မလုံလောက်ပါဘူး။ ဒီအချိန်မှာဆို မိခင်ကကလေးမွေးထားရတဲ့အတွက် အားမရှိတော့ဘူး။ ကယ်လိုရီလည်းမလောက်ဘူး။ အသားဓာတ်လည်း မလောက်ဘူး။မိခင်ကများများစားမှ လုံလုံလောက်လောက်စားမှ မိခင်နို့ထွက်မယ်။ ပြသနာက မိသားစုတွေ အဘွား၊အဒေါ်တွေက ဟိုဟာမစားရ ဒီဟာမစားရနဲ့ ရှောင်ခိုင်းတော့ နို့တိုက်မိခင်မှာအားမရှိ နို့ကမထွက်တော့ဘူး။

ဒီလိုအချိန်မျိုးမှာ မိခင်တွေက ရေ ၂လီတာခွဲလောက်နေ့စဉ်သောက်ရမယ်၊ ကယ်ဆီယမ်သဘာ၀အစားအစာတွေပဲစားပေမယ် နွားနို့ဖြစ်ဖြစ်ပဲနို့ဖြစ်ဖြစ်သောက်ရမယ် အသားအကုန်စားလို့ရတယ် အသီးအနှံစားပေးရမယ် Ready Made သရေစာတွေသာမစားပါနဲ့ မိခင်တွေအနေနဲ့ ကိုယ်၀န်ဆောင်ချိန်ကတည်းက လွဲမှားတဲ့အယူအဆတွေကို လက်မခံမိအောင် စာဖတ်ပါ သင်တန်းတွေတက်ပါ ဗဟုသုတရှာပါလို့တိုက်တွန်းလိုက်ပါရစေ…

17/09/2021

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်သက်သာစေဖို့

ကလေးက ဂျီကျနေတယ်။ အသက်ရှုသံလည်းပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲလုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ တွေးစရာတစ်ခုရှိတာက ဘေဘီလေးက နှာစေးနှာပိတ်များဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ ဘေဘီလေးတွေနှာစေးနှာပိတ်တဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင်တော်တေ်ာလေးနေရခက်ပါတယ်နော်။ ဘာမှတောင်မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များခံရခက်လိုက်မလဲ။

နှာစေးနှာပိတ်ခြင်း

နှာစေးနှာပိတ်တယ်ဆိုတာ နှာခေါင်းနဲ့လေပြွန်ထဲမှာ အရည်တွေ(ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ ပြင်ပအရာတစ်ခုခုနှာခေါင်းတွင်းဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ဓာတ်မတည့်တဲ့အရောတွ ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါ ဘေဘီလေးတွေမှာ

အသက်ရှုရခက်တာ၊
အသက်ရှုတဲ့အခါ တခွီခွီမြည်တာမျိုးတွေကြားရတာ
နို့မစို့ဘဲ ငိုနေတာ
ပုံမှန်ထက် အသက်ရှုနှုန်းမြန်နေတာ
နှာခေါင်းထဲမှာချွဲတွေဖြစ်နေတာ
ချောင်းဆိုးတာ
အိပ်နေစဉ်မှာ အသက်ရှုသံပြင်းတာ၊ဟောက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဘေဘီလေးတွေ နှာခေါင်းပိတ်တာ သက်သာစေဖို့

မိခင်နို့ – သဘာဝဆေးတစ်လက်ပေါ့။ အလွယ်ကူဆုံးနဲ့အရိုးစင်းဆုံးပါ။ စိတ်အချရဆုံးဆိုလည်းဟုတ်ပါတယ်နော်။ နည်းလမ်းကတော့ ကလေးရဲ့နှာခေါင်းထဲကို မိခင်နို့ရည် တစ်စက် နှစ်စက်လောက်ချပေးလိုက်ပါ။ ပြီးရင် ကလေးကို မှောက်ထားလိုက်ပါ။ ခေါင်းလေးကို ခပ်မတ်မတ်လေးထားပေးဖို့တော့လိုပါမယ်နော်။ ပြီးရင် ကလေးကို ထိုင်ရက်အနေအထားမှာထားပေးပါ။ ချွဲတွေပျော်ကျလာပါလိမ့်မယ်။

ဆားရည် – ဆားကို ရေနွေးလေးနဲ့ဖျော်ပြီး နှာခေါင်းထဲကို တစ်စက်၊ နှစ်စက်လောက်ချပေးလိုက်ပါ။ ရေ တစ်ဗူးစာကို ဆားလက်ဖက်ရည်ဇွန်းနဲ့ ၄ ပုံတစ်ပုံပဲရောစပ်ရမှာပါနော်။

အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါ – ကလေးအိပ်နေတဲ့နေရာနားလေးမှာ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးတာ၊ ကလေးနားနေတဲ့နေရာမှာ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးကလည်း ကလေးကိုနှာစေးနှာပိတ်သက်သာစေမှာပါ။

ရေနွေးငွေ့ခံပေးပါ – ကလေးကို ရေနွေးနွေးဇလုံထဲထည့်ပြီး ရေနွေးငွေ့ခံပေးတာမျိုးလုပ်ပေးပါ။ နို့တိုက်ရင်းဖြစ်ဖြစ် မိခင်ကချီထားရင်းဖြစ်ဖြစ် မိနစ် ၂၀ လောက်ရေနွေးငွေ့ခံပေးပါ။ ဒါကလည်း ကလေးနှာစေးနှာပိတ်တာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပေါ့။

နှာခေါင်းတွင်းပိတ်နေတဲ့ ချွဲတွေကိုဖယ်ရှားပေးပါ – ကလေးရဲ့ နှာခေါင်းတွင်းထဲနဲ့ အပြင်ဘက်မှာ နှပ်ချေးတွေ ချွဲတွေကပ်နေနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဂွမ်းစမှာရေနွေးနွေးလေးစွတ်လို့ သေချာဂရုတစိုက်လေးဖယ်ရှားပေးပါ။

ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးပါ – ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးတာကလည်း ကလေးကနှာစေးတာကို သက်သာစေနိုင်ပါတယ်။ ကလေးကိုပေါင်ပေါ်မှာ မှောက်ရက်အနေအထားတင်ထားပြီးကျော်လေးကို လက်ဖဝါးသုံးလို့ ခပ်ဖွဖွလေးပုတ်ပေးပါ။ ပြီးရင် ကလေးကို ပေါင်ပေါ်မှာထိုင်ခိုင်းပြီးခန္ဓာကိုယ်ကို အရှေ့ဘက်ကို ၃၀ ဒီဂရီလောက် ကိုင်းထားပေးပါ။ ဒီလိုလုပ်တာကခမဲတွေကိုပျော်စေပြီး ပြင်ပကိုထွက်လာစေမှာပါ။ နှာခေါင်းပိတ်တာကို သက်သာစေဖို့ အသုံးဝင်တဲ့ နည်းလေးတစ်ခုပေါ့။

ဘေဘီလေးတွေမှာ နှာစေးနှာပိတ်ခံစားနေရပြီး ဆေးတိုက်ဖို့ကလည်း ငယ်လွန်းသေးတယ်၊ ဆေးခန်းပြရမှာလည်း စိုးရိမ်မိတယ်ဆိုရင်တော့ ဒီနည်းလေးတေါက အသုံးတည့်မှာပေါ့။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit

Website