Books By Ahkhayar

Books By Ahkhayar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Books By Ahkhayar, Book shop, .

16/06/2022

အွန်လိုင်းနတ်သရဲ မောင်မဲ
အပိုင်း ၅ ( သိန်းကိုးထောင်တန်ပစ္စည်း ရရှိခြင်း)


"သိန်းတစ်ထောင် သိန်းတစ်သောင်း..ဟုတ်လား"



အံ့အားသင့်ခြင်း၊မယုံနိုင်ခြင်းတို့ ရောပြွန်းလျက် လောဘလွှမ်းသော အသံဖြင့် ရွှေသောင်းပြန်မေးလိုက်တယ်။



"အမှန်ပဲ..ဆို..."



မောင်မဲ၏ ဖြေသံမှာတိုတိုတုပ်တုပ်ပင်..။



"ကျွန်မယူလာနိုင်မယ့် ပစ္စည်းဟာဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ဘယ်လိုသိရမလဲ ဟင်"



"ယူလာနိုင်မယ့် ပစ္စည်းရဲ့တန်ဖိုးဟာမင်းရဲ့ ကံတရားအပေါ်မှာပဲမူတည်နေတယ် ဘယ်လောက်တန်ဖိုးရှိတာကိုရွေးယူမယ်ဆိုတာ မင်းဆုံးဖြတ်နိုင်မယ့် ကိစ္စမဟုတ်ဘူး.အဲ့ဒီ့လူပုတွေဆီက ပစ္စည်းကိုမင်းနှိုက်ယူတော့မယ်ဆိုရင် သိထားရမယ့်အချက်တွေရှိတယ် ... နံပါတ် 1 အချက်က ပစ္စည်းကိုနှိုက်ယူနေချိန်မှာ မင်းအသက်လုံးဝမရှူပဲအောင့်ထားရမယ်.."



မောင်မဲ၏စကားကြောင့် ရွှေသောင်းအတွေးတစ်ခုဝင်သွားသည်။



`ငါက အခုအိပ်မက်ထဲကိုရောက်နေတာလေ အိပ်မက်ထဲမှာအသက်ရှူလား အသက်မရှူဘူးလားဆိုတာ တစ်ခါမှသတိမထားခဲ့မိဘူး` အတွေးနှင့်အတူ ညာဘက်လက်ဖမိုးနှင့် နှာခေါင်းရှိသို့ စမ်းလိုက်မိသည်။။နှာ​သီးမှ ဝင်လေထွက်လေက သူ့လက်ဖမိုးသို့ သိသိသာသာကြီး တိုးလျက်ရှိသည်။ အိပ်မက်ထဲတွင် ဝင်လေထွက်လေရှိနေခြင်းဟူသောအချက်သည် အလွန့်အလွန်ပင်ထူးဆန်းလျက်ရှိ၏။



ထို့ပြင်သူ၏ စူထွက်နေသောဗိုက်ကလေးမှာလည်း မရှိတော့သည်ကို သတိထားလိုက်မိပေသည်။ သူ၏လက်များသည်လည်း မူလအတိုင်းသွယ်လျလျလက်ချောင်းလေးများမဟုတ်တော့ပဲ ဖောင်းအိတင်းကားကာ ဖော့ဖယောင်းကဲ့သို့ သွယ်လျလျလေးဖြစ်နေသည်ကို အံ့သြစွာမြင်လိုက်ရ၏။



`ငါ့ ခန္ဓာကိုယ်ဘယ်လိုပြောင်းလဲသွားပါလိမ့်.. အိပ်မက်ထဲကိုရောက်နေတာမို့လား...ဒါဆိုအသက်ရှူလေကို စမ်းမိတာကကော ဘယ်လိုလုပ်စမ်းမိနေပါလိမ့်` ဟူသောမေးခွန်းများစွာအတွေးထဲသို့ဝင်လာသည်။



မောင်မဲသည် ဇဝေဇဝါဖြစ်နေသည့်ရွှေသောင်း၏ အမူအရာကိုမြင်နိုင်သော်လည်း အမှု့မထားသည့်အလား သူ၏စကားကိုဆက်၍ပြောသည်။





"လိုက်နာရမယ့် နံပါတ် 2 အချက်က ပစ္စည်းနှိုက်နေချိန်မှာ ပစ္စည်းထည့်ထားတဲ့အိတ်ကိုနှိုက်တာကလွဲလို့ဘယ်လိုအကြောင်းနဲ့မှ လူပုတွေနဲ့ မထိမိစေနဲ့"



ထိုစကားကြောင့် ရွှေသောင်းသည် လူပုများ၏အိတ်အတွင်းမှ ပစ္စည်းများလိုက်နှိုက်နေကြသည့် လူစုကိုကြည့်မိသည်။ ထိုသူများသည် တစ်ဉီးနှင့်တစ်ဉီး သုံးပေမျှသာကွာ၍ သွားနေကြသောလူပုများကို ခန္ဓာကိုယ်နှင့်မထိမိစေရန် အထူးပင်ကြိုးစား၍ ရှောင်တိမ်းနေကြသည်ကို သတိပြုလိုက်၏။



"နံပါတ် 3 အချက်က အိတ်ထဲကပစ္စည်းနှိုက်ယူချိန်ဟာ နှစ်လယ ထက်ပိုပြီးမကြာစေပါနဲ့ ၊ပစ္စည်းဟာ အိတ်အပြင်ရောက်သွားခဲ့ရင်တော့ မင်းကြိုက်သလိုအချိန်ကြာအောင်ကိုင်ထားနိုင်တယ်."



"ဘာပြောလိုက်တယ်ရှင့် နှစ်လယ ဆိုတာဘာကိုဆိုလိုတာလဲ မရှင်းလို့ပါ.."



"အော် ဟုတ်သား ငါမှားသွားတယ် လယ ဆိုတာ ရှေးကမြန်မာ့အချိန်စနစ်အတိုင်းအထွာပဲ မင်းတို့ခေတ်လူတွေဘယ်သိပါ့မလဲ.... ဟားဟား....မင်းတို့ခေတ် မျက်နှာဖြူတွေရဲ့အချိန်စနစ်အရဆိုရင် စက္ကန့်ပေါ့.. စက္ကန့်နှစ်ဆယ်ထက်မကြာစေနဲ့လို့ပြောတာ"



မောင်မဲဆိုသည် ခေတ်ပေါ် Facebook၊ Wavemoney၊ အိမ်အရောက် Delivery စနစ်အစရှိသည်တို့ကိုသိနေသော်လည်း သူပြောသည့် လယ ဟူသော မြန်မာ့အချိန်မှတ် စနစ်သည် အလွန်ပင်ရှေးကျလွန်းလှသည်။ စက္ကန့်၊မိနစ်၊နာရီ စသောအသုံးအနှုံးမျိုးသည် လူတိုင်းသိ၍ အသုံးရလွယ်လွန်းသော ခေတ်ဖြစ်လျက်နှင့်ပင် ရှေးအချိန်မှတ်စနစ်ကို သုံး၍ စကားပြောခြင်းသည် ဆန်းကြယ်လွန်းလှသည်ဟု ရွှေသောင်းတွေးမိလိုက်၏။





"ဟုတ်ကဲ့.. အကိုအခုပြောတဲ့ စည်းမျဉ်းတွေကို မတော်တဆချိုးဖောက်မိသွားခဲ့ရင် ကျွန်မအတွက် ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲရှင်"



"သေလိမ့်မယ်..."



အက်ကွဲကွဲခြောက်ကပ်ကပ်အသံဖြင့် အလေးအနက်ပြောလိုက်သောစကားသံသည် ခြိမ်းခြောက်ယုံသက်သက်မဟုတ်ကြောင်း ရွှေသောင်း၏အလိုလိုသိစိတ်မှ ခံစားသိမျိုးသိလိုက်ရသည်။ ကြက်သီးမွှေးညှင်းများထောင်ထလျက် သေခြင်းသည်သူနှင့် နီးကပ်လျက်ရှိနေသည်ဖြစ်၏ ဟူသောအချက်ကို ကောင်းကောင်းကြီးခံစားလိုက်ရ၏။ သို့သော် သေခြင်းတရားနှင့်ယှဉ်၍ ချမ်းချမ်းသာသာရှင်သန်နိုင်သည်ဟူသော အခွင့်အလမ်းက လက်တစ်ကမ်းမှာပင်ရှိနေသည်ဖြစ်၍ အဘယ်သို့ဖြစ်စေကာမူ တုံးတိုက်တိုက်ကျားကိုက်ကိုက်စွန့်စားလိုက်တော့မည်ဟူသော စိတ်ကသူ့အပေါ်လွှမ်းမိုးထားလျှက်ရှိသည်။ ငွေကြေးကြောင့် ရရှိနိုင်သော ပျော်ရွှင်မှု့များ စိတ်ကျေနပ်မှု့များနှင့် တကွဘဝသာယာမှု့ဟူသော အချက်များသည် သေခြင်းတရားနှင့်ပင်ရင်ဆိုင်၍ ကျော်ဖြတ်ရဲသောစိတ်များက ရွှေသောင်းကိုရဲဝံ့စေလေ၏။ ရွှေသောင်း

အံကိုခပ်တင်းတင်းတစ်ချက်ကြိတ်လိုက်ကာ ခါးသက်စွာပြုံးလိုက်၏။



'အို...သေလဲဘာအရေးလဲ ဆင်းဆင်းရဲရဲဒုက္ခအပြည့်နဲ့ရှင်သန်နေရတဲ့ ဘဝထက်စာရင် ဒီလိုတစ်ချက်ကောင်းစွန့်စားပြီးချမ်းချမ်းသာသာရှင်သန်ဖို့ အခွင့်အရေးကိုငါရွေးမယ်'



စိတ်အတွင်းမှ သံဌိဠာန်



"နောက်ဆုံး နံပါတ် ၄ အချက်က ဘာအသံမှမထွက်စေနဲ့

ပစ္စည်းယူပြီးရင် မင်းလူပုတွေနဲ့ဝေးရာကို ဆုတ်ခဲ့လိုက်ယုံပဲ ငါပြောတာရှင်းလား..."



မောင်မဲကဆက်ပြောလိုက်သည်။



"ပစ္စည်းယူချိန် အသက်အောင့်ထားရမယ်၊လူပုတွေနဲ့မထိတွေ့ရဘူး၊ပစ္စည်းနှိုက်တဲ့အချိန်ဟာ စက္ကန့်နှစ်ဆယ်ထက်ပိုမကြာရဘူး..ဘာအသံမှမထွက်ရဘူး.ဟုတ်ကဲ့ရှင်းပါပြီ"



ရွှေသောင်းသည် မောင်မဲ၏သတိပေးချက်များကိုအကျဉ်းချုံးပြန်ပြောပြလိုက်သည်။



"ကောင်းပြီ မင်းအသင့်ဖြစ်ပြီလား"



ရွှေသောင်း အသက်ကိုခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီးနောက် ..

“ အသင့်ပဲ ရှင် .. စလိုက်မယ်”



ရွှေသောင်းပြောအပြီးတွင် သူမ၏ရှေ့၌ ပွင့်နေသောတံခါးတစ်ချပ်ပေါ်လာသည်။ တံခါး၏ပုံစံမှာ သာမန်အိမ်များတွင် ရှိတတ်သော တံခါးမျိုးပင်ဖြစ်၏။ သို့သော် တံခါးဝ၌မူ ရွှေသောင်းလက်ရှိရောက်နေသော နေရာနှင့်ကွဲပြားခြားနားသော စိမ်းစိုသည့်မြင်ကွင်းတစ်ခုကိုမြင်နေရသည်။ လက်ရှိသူရောက်နေသောနေရာမှာမူ ခြောက်သွေ့၍ ဆူးပင်နှင့်ကျောက်ဆောင်များသာထူပေါသော အရပ်ဖြစ်သည်။ တစ်ဖက်တွင်မူ သစ်ပင်ကြီးများ ခြုံနွယ်ပိတ်ပေါင်းများနှင့် အမြဲစိမ်းသစ်တောကြီးတစ်ခု၏ မိုးရာသီလို စိမ်းမြလျက်ရှိ၏။



“ကဲ့ မင်းအဆင်သင့်ဖြစ်ရင်သွားပေတော့..” မောင်မဲ၏ အောက်ကလိအောက်ကလာနိုင်လှသော အသံကိုကြားလိုက်ရပြီးသည့်နောက် ရွှေသောင်း ထိုတံခါးပေါက်ထဲသို့ ဝင်လိုက်လေတော့သည်။



စိမ်းစိုလျှက်ရှိသော တောအုပ်တစ်ခု၏ အစပ်အနားသို့သူရုတ်ချည်းရောက်သွားလေသည်။ အိပ်မက်ထဲမို့ ဒါမျိုးအဖြစ်မျိုးသိပ်မဆန်းလှသည်ဟု တွေးနိုင်သော်လည်း အိပ်မက်ထဲတွင်ပင် နေရာအကူအပြောင်းကို တံခါးလေးတစ်ချပ်မှ ရုတ်ချည်းအပြောင်းအလဲလုပ်ပေးနိုင်သော မောင်မဲဆိုသူသည် နှယ်နှယ်ရရ ပုဂ္ဂိုယ်မဟုတ်ကြောင်း ရွှေသောင်းသတိထားမိ၏။



ထိုတောစပ်လေးနှင့် တစ်ခေါ်မျှသာလှမ်းသော မြက်ခင်းပြင်တစ်နေရာတွင် အစိမ်းဖျော့ရောင်ဝတ်ထားသော လူပုအုပ်စုကြီးသည် အိတ်ကြီးများကိုထမ်းလျှက် ရှေ့တုရှု့သို့ ထွက်ခွာနေကြသည်။သူတို့၏ ဉီးရာအရပ်တွင် ကြီးမားလှသော တောင်ကြီးတစ်လုံးရှိလေသည်။ ထိုလူပုများသည် ထိုတောင်ကြီးရှိသာသို့ အထုပ်ကြီးများကို သယ်ပိုးနေကြခြင်းပင်ဖြစ်၏။





လေးလံသောအထုပ်ကြီးများကြောင့်ကိုယ်ကို ငိုက်ခါသွားနေသော လူပုများသည် တစ်ဉီးနှင့်တစ်ဉီး ငါးပေအကွာတွင် ရှိကြသည်။ သူတို့လွယ်ထားသောအိတ်ကြီးများမှာ ဆာလာအိတ်အကြီးကြီးများနှင့်တူလှ၏။ ထိုလူပုများမှာ သူ့ကိုလုံးဝမမြင်ကြပုံပင်။



သို့သော် ထိုလူပုများသူ့ကို မမြင်ရသည်မှာ သေချာသည်လော ဟူသည့် အတွေးကြောင့် အပြည့်အဝယုံကြည်စိတ်ချမှု့မရှိသေးပေ။ ခပ်လှမ်းလှမ်းမှနေ၍ ဖြည်းဖြည်းဖြည်းချင်း မဝံ့မရဲ တိုးကပ်သွားမိသည်။ အနီးတို့ရောက်သောအခါတွင် ထိုလူပုများ၏ မျက်လုံးများသည် ရဲရဲနီလျှက်ရှိသည်ကို သတိထားမိလိုက်သည်။ သူတို့၏ တိုတစ်သောကိုယ်လက်အင်္ဂါများ သံတုံးကျောက်သားသဖွယ် သန်မာဟန်ရှိကြ၏။ မျက်နှာများမှာ မည်သည့်ခံစားချက်မှရှိဟန် မရှိချေ မျက်နှာသေကြီးများနှင့်သာ သူတို့၏ တာဝန်အတိုင်းလုပ်ဆောင်နေကြဟန်ပင်။



မောင်မဲပြသသောမြင်ကွင်းမှတစ်ဆင့်ကြည့်ခဲ့စဉ်က ထိုလူပုများ၏ အိတ်များကို လူများအလွယ်တကူနှိုက်နေကြပုံကိုကြည့်၍ အိတ်များမှာပွင့်နေသည်ဟု တွေးခဲ့မိသည်။ သို့သော် အနီးသို့သူရောက်သောအခါတွင် ထိုဆာလာအိတ်ကြီးများသည် ပွင့်ဟနေသည့်နေရာဟူ၍မရှိပဲ အလုံပိတ်များသာဖြစ်ကြ၏။



ရွှေသောင်းအနည်းငယ်စဉ်းစားရကျပ်သွားသည် ။ ဒီလိုအလုံပိတ်အိတ်မျိုးထဲက ပစ္စည်းကို သူဘယ်လိုများ နှိုက်ယူရမည်နည်း…။ နည်းနာယူရန်အတွက် ခုနင်က လူပုများ၏ အိတ်များထဲမှ ပစ္စည်းနှိုက်ယူနေကြသော လူများကို လူပုများကြားတွင် လိုက်ရှာကြည့်မိသည် ။



ထိုလူများကို မမြင်တော့ပေ။ လိုသလောက်ပစ္စည်းများရပြီးဖြစ်သဖြင့် ပြန်သွားကြပြီဖြစ်ဟန်တူသည်။ စိတ်နည်းနည်းရှုပ်သွားပြီးနောက် လူပုများကြားသို့ ဝင်၍ ချောင်မည်ထင်သော အိတ်ကိုနှိုက်ရန်အတွက် ရှာဖွေလိုက်သည်။ လူပုများသည် တစ်ဉီးနှင့်တစ်ဉီးခပ်ခွာခွာ သွားနေကြ၍ သူတို့ကြားသွားလာရသည်မှာ မခက်လှပေ။



ရွှေသောင်းသည် အတန်ကြာမျှ လူပုများကြားမှ အကွက်ကောင်းချောင်းရင်း လျှောက်လာမိပြီးသည့်နောက်တွင် အနည်းငယ်ရဲတင်းလာြပီးနောက် သူနှင့်အနီးဆုံးတွင်ရှိသော လူပုတစ်ယောက်၏ အိတ်ကို မရဲတရဲစမ်းလိုက်မိသည်။ လုံခြုံစွာပိတ်ထားသည့်အိတ်ဆိုသော်လည်း သူစမ်းလိုက်အမိတွင် လေဟာနယ်တစ်ခုကို ဖြတ်လိုက်ရသလိုခံစားရပြီးနောက် သူ့လက်သည် တဒင်္ဂအတွင်း၌ အင်မတန်အေးသည့်ဆောင်းတွင်းတွင် ရေခဲပုံးထဲလက်နှိုက်လိုက်ရသလိုခံစားလိုက်ရပြီး လက်တစ်ချောင်းလုံးအရိုးများအထိပင် ခဲသွားသလိုပင် ပြင်းထန်ရက်စက်သည့် အေးစိမ့်ခြင်းကိုခံစားလိုက်ရသည်။ ထိုအခိုက်မှာပင် သူ့လက်ချောင်းများမှ တစ်ဆင့် အရာဝတ္တုတစ်ခု၏ အထိအတွေ့ကို ခံစားလိုက်ရ၏။



‘ဟာ..အေးစက်နေတာပဲ ..’

အာမေဋိတ်သံပြုမိတော့မလိုဖြစ်သွားသည်။ သူ့လက်ချောင်းများမှ ထိတွေ့မိသော အရာဝတ္တုကို အားတင်းကြိုးစားဆုပ်ကိုင်လိုက်ပြီးနောက် အားဖြင့် ပြန်ဆွဲလိုက်သည်။ ဒုက္ခကြီးစွာခံစားရသော အအေးဓာတ်ကြောင့် သူ့လှုပ်ရှားမှု့မှန်သမျှသည် နှေးကွေးထုံထိုင်းလွန်းသွားကြသည် ဟုခံစားရသည်။ အိပ်မက်ထဲတွင် ထမင်းလုံးတစ္ဆေခြောက်ခြင်းကိုခံရသလိုပင် လူပု၏ အိတ်အတွင်းသို့ ထူးဆန်းစွာနစ်ဝင်သွားသော လက်တစ်ဖက်သည် ပြန်ထုတ်ရန် အင်မတန်ခက်ခဲနေလေတော့သည်။



ကျန်လက်တစ်ဖက်ဖြင့် အိတ်တွင်းသို့နစ်ဝင်နေသောလက်၏ လက်မောင်းကိုကိုင်ကာ အားပြု၍ခြေကိုတောင့်ထားကာ ဆွဲလိုက်သည်။ လက်တစ်ဖက်က အေးစက်လွန်းနေသော်လည်း ရွှေသောင်း၏ နဖူးနှင့် ကျောမှချွေးများစိမ့်ထွက်လျက်ရှိသည်။ ဇောချွေးဟုခေါ်ကြသော ချွေးစီးများပင်ဖြစ်၏။



ထိုသို့အားပြုလိုက်မှသာ နစ်ဝင်နေသောလက်သည် အနည်းငယ် အိတ်၏ အပြင်သို့ထွက်လာလေသည် ။ ရွှေသောင်းအားတက်သွားပြီး တစ်ကိုယ်လုံးမှအားများစိုက်ထုတ်ကာ ဆွဲထုတ်လိုက်လေသည်။



“ဟာ…”



အိတ်ထဲသို့ကျွံဝင်သွားသော လက်တစ်ဖက်သည် အပြာရောင် ပုံစံဆန်းဆန်းနှင့် ပုလင်းလေးတစ်လုံးကို ဆုပ်ကိုင်မိလျှက်သား အပြင်သို့ထွက်လာသည်ကို မြင်လိုက်ရသည်။



ထိုအခိုက်မှာပင် ရွှေသောင်းပစ္စည်းနှိုက်ထုတ်လိုက်သော အိတ်ပိုင်ရှင် လူပုသည် တစ်စုံတစ်ခုဖြစ်ဟန်ဖြင့် ရှေ့သို့သွားနေရာမှ ရုတ်တရက်ရပ်တန့်လိုက်သည်။ ထို့နောက် နောက်သို့ သူ၏ နီရဲသောမျက်လုံးများဖြင့် အတန်ကြာအောင်လှည့်ကြည့်နေလေသည်။ ထိုမျက်လုံးများသည် ခံစားချက်ကင်းမဲ့နေသော်လည်း ထိုမျက်လုံးများ၌ ပုံရိပ်ထင်လာမည့် တစ်စုံတစ်ယောက်ကိုမူ အမှုန့်ချေပြာချပစ်နိုင်သည့် အစွမ်းမျိုးကိန်းဝပ်နေသလိုပင်။. ရွှေသောင်းသည် ရုတ်တရက်ထိတ်လန့်သွားပြီး ထိုမျက်လုံးများနှင့် မျက်လုံးချင်းမဆိုင်မိအောင်ရွှေသောင်းသည် မျက်လုံးကိုပိတ်လျက် ဘေးသို့သာ ဘေးသို့တစ်ဖြည်းဖြည်းရွေ့လျက်သွားမိလေသည်။ အချိန်ကားသိပ်မကြာလိုက် လူပုမှာ ခတ္တတန့်သွားပြီးနာက် ရှေ့တူရှု့သို့သာ ဆက်၍သွားလေသည်။



‘ငါအခွင့်အရေးရတုန်း နောက်ထပ်ပစ္စည်းတစ်ခုထပ်ယူရမလား’ မိမိကိုယ်မိမိ ပြန်မေးမိသည်။ သို့သော် ရက်စက်ပြင်းထန်လှသော အအေးဓာတ်၏ ဒဏ် နှင့် လူပု၏ အကြည့်ကိုကိုတစ်ဖန်ပြန်သတိရသွားပြီးနောက် ထိုအတွေးကိုစွန့်လွှတ်လိုက်သည်။

မောင်မဲမှာခဲ့သည့် အတိုင်းပင် ထိုနေရာမှ ဖြည်းဖြည်းဆုတ်ခွာခဲ့ပြီးနောက် ခပ်လှမ်းလှမ်းတောစပ်သို့ တစ်ဖန်ပြန်အရောက်တွင် သူယခင်မြင်ခဲ့ရသည့်အတိုင်း တံခါးတစ်ခုပေါ်လာပြီးနောက် ထိုတံခါးတွင်းသို့ ဝင်လိုက်လေတော့သည်။



တံခါးတွင်းသို့ရောက်သောအခါတွင် အိပ်မက်၏ အစဖြစ်သော နေရာသို့ပြန်ရောက်သွားသည်ကို သိလိုက်သည်။ ခြောက်သွေ့သော မြေပြင် ဆူးပင်များနှင့် ကျောက်ဆောင်များပေါများရာအရပ်ပင်။



“ဟား..ဟား…ဟား..ဟာ…တော်ပါပေတယ် ပစ္စည်းပြစမ်းပါ”



ညစ်ကျယ်ကျယ်ထို အသံကိုကြားလိုက်ရပြီးသည့်နောက် ရွှေသောင်းသည် လက်ထဲတွင်ရှိသော ပုံစံဆန်းနှင့်ပုလင်းပြာလေးကို ကိုင်မြောက်ပြလိုက်သည်။ ပြလိုက်သည့်အခိုက်တွင်ပင် ထိုပုလင်းပြာလေးသည် ရုတ်ချည်းပျောက်သွားသည်။ တစ်ခဏအချိန်အကြာ၌ပင် စကားသံထွက်ပေါ်လာသည်။



“သိန်းကိုးထောင်…”



မောင်မဲ၏ စကားကြောင့် ရွှေသောင်းတစ်ကိုယ်လုံးတုန်ယင်သွားသည်။ ပျော်ရွှင်မှု့လား အံ့အားသင့်မှု့လား ရောပြွန်းလျက်ပင်။



“ကျွန်..မ… .ကျွန်မ… သိန်းကိုးထောင်ရမှာလား”



တုန်တုန်ရီရီပြန်မေးလိုက်မိသည်။



“ဟားဟား.. ဒါပေါ့.. မင်းမနက်နိုးလာတဲ့အခါသိန်းကိုးထောင်ရမယ် ..ကိစ္စပြီးပြီအခုတော့ မင်းပြန်တော့…”



ရွှေသောင်း အံ့အားသင့်ခြင်း ပျော်ရွှင်ခြင်းပင်မဆုံးလိုက်ပေ။

မောင်မဲ၏စကားဆုံးသည်နှင့် ရုတ်တရက်ခန္ဓာကိုယ်တစ်ခုလုံး လွှင့်စင်သွားသလိုခံစားလိုက်ရပြီးသည့်နောက် မျက်လုံးဖွင့်ကြည့်လိုက်သည့် အခါတွင် သူနေထိုင်ရာလိုင်းခန်းလေး၏ အိပ်ရာထဲသို့ပြန်ရောက်နေသည်ကို သိလိုက်ရသည် ။ မျက်နှာသို့ မျက်နှာကျက်မရှိသော သွပ်မိုးမှ နေရောင်ပင်ထိုးလျက်နေချေပြီဖြစ်သည်။





အပိုင်း ၆ ဆက်ရန်



စိတ်ဝိဉာဉ်၏ဓားမြိခြင်းနှင့် အနာဂတ်တံခါးများပွင့်စေသောဝ်…



#အက္ခရာစျာန်

16/06/2022

https://www.facebook.com/106199342129588/posts/106845088731680/

စာ​ရေးသူ
မောင်ဂေါ်လီ - ဟင်္သါတ ဝတ္တုများစုစည်းမှု့

ဆရာဂေါ်လီဟာ ကိုလိုနီခေတ်နဲ့ မဆလခေတ်နောက်ခံတွေရေးတာများပြီး တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ၊နေရာနောက်ခံတွေ ၊ ရပ်ရွာများထဲက ပါးစပ်ဒဏ္ဍာဆန်ဆန်ဇာတ်လမ်းများကို စုပေါင်းပြီး ဇာတ်လမ်းပုံဖော်တင်ဆက်ရာမှာ လက်ရာပြောင်မြောက်လှသူတစ်ဉီးပါ။ စိတ်ကူးယဉ်စာပေတွေသာများပြားနေတဲ့ Online ပရလောကဇာတ်လမ်းတွေကြားမှာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလို ဝတ္တုတွေကို ငတ်မွတ်တောင့်တနေသူများအတွက် စိတ်အဆာပြေစေမယ့် ဝတ္တုများပဲဖြစ်ပါတယ်။

ကိုယ်တွေ့ပရဇာတ်လမ်းတွေဝေမျှလိုတယ်ဆိုရင်...

https://www.facebook.com/groups/1185731722191529/?ref=share

ဆိုင်းတီးတဲ့တစ္ဆေ
https://www.facebook.com/106199342129588/posts/106840115398844/

စူစကာ ဆိတ်သိုး ၁
https://www.facebook.com/106199342129588/posts/106831732066349/

စူစကာ ဆိတ်သိုး (ဇာတ်သိမ်း)
https://www.facebook.com/106199342129588/posts/106831878733001/

တစ်ချိန်တုန်းက ခါခါစိန် ၁
https://www.facebook.com/106199342129588/posts/106830372066485/

တစ်ချိန်တုန်းက ခါခါစိန် ဇာတ်သိမ်း
https://www.facebook.com/106199342129588/posts/106831795399676/

ကိုးလောင်းဆင်တိုးမောင်နှင့်မေတ္တာရောင်ပြန်
https://www.facebook.com/106199342129588/posts/106829415399914/

စားမြိန်စာ
https://www.facebook.com/106199342129588/posts/106829332066589/

ကမ္ဘာမကြေတဲ့အငြိုး ပထမပိုင်း
https://www.facebook.com/106199342129588/posts/106828652066657/

ကမ္ဘာမကြေတဲ့အငြိုး ဇာတ်သိမ်း
https://www.facebook.com/106199342129588/posts/106828905399965/

ဖိုးတင်ကိုတစ်မျိုးမထင်ကြပါနဲ့
https://www.facebook.com/106199342129588/posts/106828502066672/

ညီလေးချေးတဲ့ငွေတစ်ထောင်
https://www.facebook.com/106199342129588/posts/106826542066868/

ဘုန်းကြီးပျော်နှင့် တစ္ဆေကြီးငမုတ်
https://www.facebook.com/106199342129588/posts/106825112067011/

သက်တော်စောင့်မိုးမှောင်
https://www.facebook.com/106199342129588/posts/106824878733701/

သေနမိတ်စီး
https://www.facebook.com/106199342129588/posts/106824728733716/

ပေါက်ကျိုင်းနဲ့တွေ့သွားတဲ့ သဘက်
https://www.facebook.com/106199342129588/posts/106824652067057/

ကွမ်းကြိုက်တဲ့ တစ္ဆေ
https://www.facebook.com/106199342129588/posts/106824232067099/

ရမ်းကုတီဂျစ်နှင့် လိပ်ခေါင်းကုတဲ့ည
https://www.facebook.com/106199342129588/posts/106824232067099/

မဆိပ်ပင်နှင့် လောဘသားကောင်

https://www.facebook.com/106199342129588/posts/106824162067106/

ဤသို့ကြွေလွှင့်ခဲ့သည်
https://www.facebook.com/106199342129588/posts/106824048733784/

သရက်ပင်ကုန်း
https://www.facebook.com/106199342129588/posts/106823828733806/

လှံမြသောင်းနဲ့ ကံကြွေး
https://www.facebook.com/106199342129588/posts/106823602067162/

ထင်ယောင်ထင်မှား
https://www.facebook.com/106199342129588/posts/106823288733860/

နွားနဲ့တိုက်တဲ့အပုတ်ချိန်
https://www.facebook.com/106199342129588/posts/106822712067251/

ရွှေအ
https://www.facebook.com/106199342129588/posts/106810418735147/

02/11/2021

အွန်လိုင်းနတ်သရဲ..မောင်မဲ

အပိုင်း ၄ သိန်းပေါင်းသောင်းနှင့်ချီ၍ တန်ကြေးရှိသည့် ပစ္စည်းများ...



ယခင်အပိုင်းများ....

အပိုင်း ၁ Share တစ်ချက်နှင့် ငွေငါးသိန်းရသူ
https://www.facebook.com/103355205484796/posts/106716548481995/

အပိုင်း ၂ အဟောသုခံ
https://www.facebook.com/103355205484796/posts/106942525126064/

အပိုင်း ၃ ဖုန်းတစ်ခါဆက်ယုံဖြင့် ငွေဆယ်သိန်းဝင်သူ
https://www.facebook.com/103355205484796/posts/107547671732216/

ဆံပင်ညှပ်ဆိုင်မှ နေထိုင်ရာလိုင်းခန်းသို့အပြန်တွင် မီးခွက်ဈေးကိုဝင်၍ ဖုံးအကျီလှလှလေးများဝယ်သည်။ ဗိုက်ဖုံးအင်္ကျီလှလှလေးများ ရောင်းသောဆိုင်ကို အတော်ပင်မေး၍ရှာယူရသည်။ လှိုင်သာယာကို ရောက်နေသည်မှာ ၄ နှစ်နီးပါးပင်ရှိနေပြီး မီးခွက်ဈေးကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်ဖြစ်သော်လည်း အထည်တန်းကို သူသိပ်မသိလှပေ။ ယခင်က မီးခွက်ဈေးတွင်အထည်ဝယ်မည်ဆိုလျှင် ဘေထုတ်တန်းနှင့် ကုန်စိမ်းကုန်ခြောက်ရောင်းရာဈေးတန်းထဲသို့သာ အရောက်များ၏။ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချရာနေရာကို သူသိပ်မသိပေ။ အဝတ်အထည်ဝယ်လျှင် စက်ရုံထဲမှာ လပေးနှင့်ရောင်းသော သူများထံမှသာ ဝယ်လေ့ရှိသောကြောင့်ဖြစ်၏။

ဆိုင်မှထုတ်ပြသော ဗိုက်ဖုံးအင်္ကျီလေးများသည် ဇာအနားကွပ်နှင့် လှလွန်းသော ဝတ်စုံလေးများဖြစ်ကြ၏။ ပြသမျှလက်မလွတ်ချင်လောက်အောင် သူသဘောကျသည် ဒီလို အဝတ်အထည်အသစ်မျိုး မဝယ်ရသည်မှာကြာပြီဖြစ်၏။ စိတ်ရှိလက်ရှိနှင့် အရောင်စုံရွေးဝယ်ပစ်လိုက်သည် ။ ငွေရှင်းချိန်ကြည့်လိုက်တော့မှ သူရွေးထားမိသည်မှာ ၉ စုံကျော်ဖြစ်သည်။ အထည်အထုပ်များကို သုံးဘီးဆိုင်ကယ်သမားဉီးလေးကြီးက ကူသယ်ပေး၏။ ထို့နောက် ငွေလေးသိန်းကျော်တန် OPPO ဖုန်းလေးတစ်လုံးဝယ်သည်။ ထိုဖုန်းလေးသည် ကင်မရာကောင်းပြီး ရုပ်ထွက်လှသည်ဟု စက်ရုံဆင်းအလုပ်သမများကြားတွင် ကျော်ကြားသည်။ သူပုံလှလှလေးတွေ ရိုက်ပြီးတင်ဖို့လိုသည်မဟုတ်ပါလား..။

မီးခွက်ဈေးအထွက်နားတွင် ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ စပျစ်သီးအစရှိသည်တို့ကို နည်းနည်းချင်းဝယ်သည်.။ ကိုယ်ဝန်ကြောင့်ဖြစ်မည်ထင်သည် အရည်ရွှမ်းလတ်ဆတ်သော ချိုချို၊ချဥ်ချဥ် အရသာရှိသည့်
သစ်သီးများကို တောင့်နေခဲ့သည်မှာကြာပြီ ငွေကြေးအခက်အခဲကြောင့် မက်မန်းသီးလေးဇီးထုပ်လေးနှင့်သာ တင်းတိမ်နေခဲ့ရသည်။ ဒါတောင် အမြဲစားနိုင်သည်မဟုတ် အာသီသသိပ်ကိုပြင်းပြလာသည့်အခါမျိုးနှင့် လက်ထဲငွေရှိသည့်အခါမျိး ကြုံတောင့်ကြုံခဲတိုက်ဆိုင်ပါမှစားနိုင်ခြင်းဖြစ်သည်။ အခုတော့ ထိုအာသီသ ချဥ်ခြင်းကို သစ်သီးများဖြင့် ဖြေဖျောက်နိုင်လေပြီ။

ညနေစာအတွက်ကိုမူ မီးခွက်ဈေးထိပ်တွင် ညဘက်ဖွင့်သော ထမင်းကြော်ဆိုင်လေးများမှ ထမင်းကြော်နှင့် ဝက်သားဟင်း ၊ ချဉ်ပေါင်ကြော်ဝယ်သည်။ ချိုချဉ်ဖန်ခါးအရသာမခွဲနိုင်ပဲ ဝမ်းဝယုံ စားနေရသဖြင့် အာဟာရမဖြစ်န်ိုင်ခဲ့သည်မှာကြာပြီဖြစ်သော ရွှေသောင်းအတွက်
အရသာရှိသော ညနေစာဖြစ်ပေတော့မည်။

လိုင်းခန်းပြန်ရောက်သောအခါတွင် ရွှေသောင်းကိုမြင်ရသော လိုင်းခန်းနေမိန်းမများသည် တဖန်ထပ်၍ အံ့ဩကြရပြန်လေသည်။ လှလှပပ နှင့်ကျော့နေအောင်ပြင်ဆင်ထားသော ဗိုက်ကြီးသည် ရွှေသောင်း..။ တုန် အိ စင်း နေအောင်ဖြောင့်ထားသော ဆံပင်၊ ဝယ်လာသော အဝတ်အထည်များ၊ အသီးများ နှင့် ရွှေသောင်းကိုကြည့်လျှက် အံ့အားသင့်ကြခြင်းဖြစ်သည်။ မနေ့ကပင် ယိုင်လဲလုဆဲဆဲ သစ်ပင်ခြောက်ကလေးလိုရှိသော မိန်းကလေးသည် ယနေ့ချက်ချင်း နတ်ရေစင်လောင်းချလိုက်သလို ပွင့်လန်းလာသော ကြာဖူးငုံလေးကဲ့သို့ ဖြစ်နေခြင်းကြောင့်ဖြစ်၏။ အံ့အားသင့်ပြီးသည့်နောက် မနာလိုဝန်တိုစိတ်များပေါ်ပေါက်လာကြသည် ထုတ်ကားမပြောကြပေ။

မနာလိုကြသော မိန်းမများ၏စိတ်ထဲတွင် ဘယ်လို အကွက်ဝင်အောင် နှိပ်ကွပ်လိုက်ရမည်ဟူသော စကားလုံးများကို ရွေးချယ်စဉ်းစားကြသည်။ မိန်းမပျက်လုပ်ပြီး ငွေတွေရနေတယ်လို့ စွပ်စွဲရမလား ဒါလဲမဖြစ်နိုင် ဒီကောင်မလေးက ရုပ်ရည်အသင့်အတင့်ရှိသည်ဆိုသော်လည်း ကိုယ်လေးလက်ဝန် ဗိုက်ကြီးနှင့်ဖြစ်သဖြင့်ဘယ်ယောင်္ကျားကမှ အခကြေးငွေပေးကမ်းပြီးပျော်ပါးမည်မဟုတ်။ စပွန်ဆာ ရတယ်ပြောရအောင်လဲ ဘယ်အရူးကမှ ဗိုက်ကြီးသည်ကို စပွန်ဆာလာပေးမည်မဟုတ်။ ခိုးတယ်လို့ စွပ်စွဲရအောင်ကလည်း သူတို့လိုင်းခန်းတွဲကလေးထဲတွင် လက်လုပ်လက်စားသမားများနှင့် စက်ရုံဝန်ထမ်းများသာဖြစ်၏။ ထောင့်စေ့အောင်တွေးကြလျက် လုပ်လက်စအလုပ်များကို ခတ္တမျှရပ်ကာ ငူငူကြီးတွေးနေမိကြလေသည်။

ထို့နောက် မိမိတို့ဘဝအနေအထားတွေထက်သာသွားသော ရွှေသောင်းကို မနာလိုမစ္ဆိရစိတ်များဖုံးလွမ်းလာသည်။ မစ္ဆိရစိတ်ဖြင့် ပူလောင်လာကြပြီး ထိုမိန်းမတို့အတွက် ညခင်းသည် အလိုလို ပျော်ရွှင်စရာများ ဆိတ်သုဉ်းကုန်ကြတော့၏။ ဒါတောင် အသစ်ဝယ်လာသောဖုန်းအသစ်လေးကို မြင်ရသေးသည်မဟုတ်ကြသေး..။

ရွှေသောင်းသည် ညနေစာစားပြီးသည်နှင့် ခုံလေးတွင်ထိုင်ကာ ဖုန်းအသစ်လေးကို ပွတ်ကာ ပွတ်ကာ ကြည်ရွှင်နေ၏။ ဓာတ်ပုံလဲ ရိုက်၍ သူ့ ဖေ့ဘုတ်အကောင့်တွင်တင်ပြီးပြီဖြစ်သည်။ ဗိုက်ဖုံးအင်္ကျီအသစ်လေးဝတ်ကာ ဗိုက်လေးကို လက်နှစ်ဖက်ဖြင့်ပိုက်ရင်း ခေါင်းငုံ့ထားသော ပုံလေးရိုက်တင်လိုက်သည်။ ဖုန်းအသစ်လေး၏ ကင်မရာတန်ခိုးကြောင့် သူ့ပုံလေးမှာ ကြည်စိုနေပြီး ပုံရိုက်ထားသော ဟန်အမူအရာလေးကလဲ သနားစရာအတိပင်။

ထိုဓာတ်ပုံလေးကို လူဘယ်နှစ်ယောက် Like လုပ်သည် ကွန်းမင့်ပေးသည်ကို ခဏခဏ ကြည့်နေရသည်မှာလဲ အမောပင်။ ထိုအခိုက်မှာပင် ချွင်ဟူသောအသံနှင့်အတူ..မက်ဆင်ဂျာမှစာတစ်စောင်ရောက်လာသည်။

" ငွေလိုချင်လား..."

မောင်မဲ ဆိုသူပို့သောစာပင်ဖြစ်သည်။ မေ့နေခဲ့သော အထုပ်ကလေးကို ရွှေသောင်းဖျတ်ကနဲသတိရသွားသည်။ မောင်မဲပို့ထားသော အထုပ်ကလေးကို သူဖွင့်မကြည့်ရသေးဘူးမဟုတ်ပါလား။

" အထုပ်ကိုဖွင့်ပြီး အထဲမှာပါတဲ့ စာထဲကအတိုင်းလုပ်ဆောင်ပါ"

ရွှေသောင်း အထုပ်ကလေးကို မိမိလက်ကိုင်အိတ်လေးထဲမှထုတ်ကာ ဖွင့်လိုက်သည်။ အထဲတွင် အမဲရောင် အင်းချပ်လေးတစ်ခုနှင့် စာတစ်စောင်ပါသည်။ စာထဲတွင် အင်းချပ်ကိုယူပြီး မင်းဖုန်းနောက်က ကာဗာမှာ ကပ်လိုက်ပါ ..ပြီးရင်

" ကျွန်မ ဗုဒ္ဓဟူးသမီး ရွှေသောင်း၏ အိပ်မက်အတွင်းသို့ အရှင်မောင်မဲကို ပင့်ဖိတ်ပါသည်"

အဲ့ဒီ့စာသားကို ၁၃ ခေါက်ရွတ်ဆိုပြီးအိပ်ပါ " ရွှေသောင်းကြောင်သွားသည် ထိုစာမှာ ကြောင်တောင်တောင်နိုင်လွန်းလှသည်ဟုထင်၏။ ဘယ့်နှယ် အိပ်မက်အတွင်းကို မောင်မဲဆိုသူကလာနိုင်မှာတဲ့လား..။ မောင်မဲဆိုတာ ငွေထားစရာမရှိပဲ ကြောင်တောင်တောင်ဖြစ်နေတဲ့ အရူးတစ်ကောင်ပဲ ဖြစ်မယ်....။

သို့ပေမင့် သူ့ဆီကနေရနေတဲ့ များပြားလှတဲ့ ငွေအမောင့်များစွာက သားရေယိုစရာဖြစ်သည်။ သူပြောတဲ့အတိုင်း လုပ်ဆောင်ရမှာကလဲ ဘာမှအပန်းမကြီးသလို ဘာမျှလဲ အကျိုးယုတ်သွားစရာအကြောင်းမရှိဟုတွေးသည်။ ထုတ်ယူလာခဲ့သော တစ်သောင်းတန်အရွက်ကလေးများကို တစ်သိန်းစီကျစ်ကျစ်ပါအောင် သာရေကွင်းဖြင့်လိပ်ကာ ကြွပ်ကြွပ်အိတ်ဖြင့်ထုတ်လျှက် ဘော်လီအင်္ကျီကြားသို့ညှပ်သည်။ သော့ခတ်သိမ်း၍ရသည့် သေတ္တာရှိသော်လည်း လိုင်းခန်းဟူသောနေရာမျိုးတွင် တန်ဖိုးကြီးသောပစ္စည်းများကို ကိုယ်နှင့်မကွာထားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်မဟုတ်ပါလား..။

ထို့နောက် ဖုန်းအသစ်လေးနှင့် လိုင်းပေါ်မှဟာသများ၊သီချင်းများကိုကြည့်သည်။ တင်ထားသော ပုံလေးရှိ Like များကိုကြည့်သည်။ ကွန့်မန့်ရေးကြသူများကိုဝင်ဖတ်သည်။
" လှနေတာ.. " " အချောဟေ့ "

အစရှိသော ကွန်းမန့်လေးများကို ဖတ်၍ကြည်နူးသည်။

ည ၉ နာရီခန့်ရှိသောအခါ ရွှေသောင်း သမ်းဝေလာပြီဖြစ်သည်။ ယခင်က ညဘက်မအိပ်နိုင်ပဲ ပူဆွေးနေခဲ့ရသော်လည်း အခုငွေကြေးဖြင့် ဖန်တီးနိုင်သော ပျော်ရွှင်မှု့များကို စားသုံးလျှက် အဆီယစ်ကာ အိပ်ငိုက်လာပြီဖြစ်လေသည်။ ထိုအခိုက်မှာပင် မောင်မဲ၏ အထုပ်ကလေးကို သတိပြန်ရလာပြီး စာပါ အချက်အလက်များအတိုင်း လုပ်ဆောင်ပြီးနောက်

" ကျွန်မ ဗုဒ္ဓဟူးသမီး ရွှေသောင်း၏ အိပ်မက်အတွင်းသို့ အရှင်မောင်မဲကို ပင့်ဖိတ်ပါသည် "

ဟူသော စာသားကိုရွတ်ဆိုလျှက် ညအိပ်ရာဝင်လိုက်တော့လေ၏။

----------------- ------------------- ----------------

မြင်ကွင်းတစ်ခုလုံး မြူခိုးလိုလို အငွေ့များက မှိုင်းပျပျရစ်သိုင်းကာ ခပ်မှိန်မှိန်အလင်းကြောင့် မှုန်ပျပျဖြစ်နေသည်။ ဘေးဘီပတ်လည်ကို ထင်ထင်ရှားရှားမမြင်ရ အခိုးအငွေ့များက ကာဆီးထားလျှက်ရှိသည်။ မြေပြင်တွင် အနီရောင်မြေသားများ မြေသားများ၏အပေါ်တွင် ကျောက်စရစ်ခဲများ ခယောင်းဆူးပင်များရှိ၏။ သူဘယ်နေရာကို ရောက်နေပါလိမ့် ရွှေသောင်းတွေးလိုက်မိသည်။ သူဒီနေရာကို ဘယ်လိုရောက်လာကြောင်း ပြန်စဉ်းစားသည်။

ထူးဆန်းသော ပုံစံဖြင့် ငွေများအလုံးအရင်းရရှိလာပုံ ပစ္စည်းများဝယ်ပုံ ၊ ဆံပင်ဖြောင်ပုံ ၊ ဖုန်းဝယ်ပုံ စသည်တို့ အတွေးထဲသို့ အစီအရင်ဝင်လာသည်။ သူ့ ဆံပင် ကိုယ်သူပြန်ငုံကြည့်လိုက်တော့လဲ ဟုတ်သည် သူညနေကမှဖြောင့်ထားသော ဆံသားများမှာ စင်းလျှက်ရှိကြသည်။ ခပ်စူစူ မို့မောက်နေသော ကိုယ်ဝန်ဆောင် ဝမ်းဗိုက်လေးမှာလဲ နဂိုရ်အတိုင်းပင်။

မောင်မည်းညွန်ကြားသည့်အတိုင်း လုပ်ဆောင်ချက်ကိုပြုလုပ်၍ အိပ်လိုက်သည်ကိုလဲ သတိရသည်။ အံ့အားသင့်၍ပင်မဆုံးတော့ သူအခုရောက်နေသော နေရာသည် အိပ်မက်ထဲတွင်ဖြစ်မည်ဟူသော အသိဝင်သွားသည်။
သာမန် လူသားများအဖို့ အိပ်မက်ပေါင်းများစွာမက်ဖူးခဲ့ကြသည်။သို့သော် အိပ်မက်မက်နေခြင်းကို အိပ်မက်မက်နေသည်ဟူသော သိသည့်အကြိမ်အရေအတွက်ကို ရေတွက်လျှင်မူ ဂဏန်းနှစ်လုံးမျှပင် မရှိနိုင်ပါချေ။ ယခုမူ.အိပ်မက်ထဲရောက်နေခြင်းသည် အပြင်လောကတွင် တကယ်ဖြစ်နေသလို ပြတ်ပြတ်ထင်ထင်ဖြစ်နေ၍ အင်မတန်အံ့သြမိသွားသည်။

ရွှေသောင်း၏ရှေ့ဘက်အခိုးအငွေ့များဖုံးလွှမ်းလျှက်ရှိသော နေရာထဲမှ အသံတစ်ခုထွက်လာသည်။

" ငွေရမယ့် အလုပ်လုပ်ရမယ် အသက်အန္တရာယ်နဲ့လဲ နီးကပ်တယ်"

အသံက ပြာလဲ့လဲ့ ညစ်ကျယ်ကျယ်အသံ ယောကျားသံဖြစ်သည်။ အသံကြားသည်နှင့် မြင်ပြင်းကပ်စရာကောင်းသည့်အသံမျိုး။ သံပြားတစ်ချပ်ကို သံချွန်တစ်ချောင်းနှင့် ခြစ်ဆော့နေသလို ကျလိ ကျလိ နိုင်လှ၏။ အသံဩဇာတစ်စက်မှ မရှိ ။ ​​မြန်မာတော်လှန်ရေးဇာတ်ကားများထဲမှ သူတစ်ဖက်သားကို ချောက်တွန်းတတ်သော အသံမျိုးဖြစ်၏။

" ကို​မောင်မဲဆိုတာလား ဘာအလုပ်လုပ်ရမှာလဲ "

အသံကြားရာဘက်ကို တိုးသွားရင်း ရွှေသောင်းမေးလိုက်သည်။
ရွှေသောင်းရှေ့တွင် ဧရာမ Tv ကြီးနှင့် ရုပ်ရှင်ပြလိုက်သလို
မြင်ကွင်းတစ်ခုပေါ်လာသည်။ များပြားလှသော အစိမ်းဖျော့ရောင် အဝတ်အစားများဝတ်ထားသော အရပ်ပုပုဂင်တိုတိုလူများသည် အထုပ်ကြီးတစ်ခုကို ကျောမှာထမ်းပိုးလျှက် ကျောက်တုံးများထူပေါသော လွင်ပြင်တစ်ခုကိုဖြတ်လျှက်ရှိသည်။လူအုပ်မှာ ရာနှင့်ပင်ချီမည်ဟုထင်ရ၏။

ထူးခြားသည်မှာ ထိုလူပုများ၏ အရပ်သည် သုံးပေခန့်မျှသာရှိသည်။ ခန္ဓာကိုယ်များမှာမူ အရပ်နှင့်မလိုက်အောင်တုတ်ခိုင်လွန်းကြသည်။ မျက်နှာကိုမူတော့ ကောင်းကောင်းမမြင်ရ ထိုသူမှာ ခေါင်းငုံ့လျှက်သာသွားနေသောကြောင့်ဖြစ်၏။

" ဟောဟိုမှာ သွားနေတဲ့ ကောင်တွေတွေ့လား အဲ့ဒီလူနောက်ကနေ လိုက်ပြီး သူ့အိတ်ထဲက ပစ္စည်းတွေကို သူမသိအောင်လိုက်ပြီး နှိုက်ယူရမယ် .စိတ်တော့မပူပါနဲ့ မင်းလိုက်နာရမယ့်စည်းကမ်းတွေကို လိုက်နာသရွေ့ အထုပ်သယ်နေတဲ့သူတွေက မင်းကိုမြင်မှာမဟုတ်ဘူး "

ထိုအသံမှာ ရွှေသောင်းရပ်နေသော မြေကြီးအောက်တည့်တည့်မှ ထပ်၍ထွက်ပေါ်လာပြန်သည်။

" အမလေး.. အကို..ကျွန်မအောက်မှာလား ..ငရဲတွေကြီးကုန်တော့မှာပဲ. "

အထိတ်တလန့်ဖြစ်သွားသော အသံပိုင်ရှင်ကိုမေးလိုက်သည်။

" မဟုတ်ပါဘူး.. ဒီနယ်မြေမှာ ငါစိတ်ကြိုက်ပြုပြင်ဖန်တီးလို့ရတယ်.. လုပ်ရမယ့်ကိစ္စကိုသာအာရုံစိုက်စမ်းပါ "

ခပ်ဆတ်ဆတ်ပြောလိုက်သော အသံက ရွှေသောင်းခေါင်းတည့်တည့်မှ ပေါ်ထွက်လာပြန်သည်။

" သူများအိတ်ထဲက ပစ္စည်း.မနှိုက်ရဲပါဘူးရှင့် သူများပစ္စည်းခိုးတာ ငယ်ငယ်လေးတည်းက ရှောင်ကျဉ်ပါတယ် မလုပ်ရဲပါဘူး"

"ရတယ်လေ..တကယ်လို့မင်းမလုပ်ချင်ဘူးဆိုရင်.မင်းရဲ့ နဂိုရ်မူလဘဝမှာပဲ ဆင်းဆင်းရဲရဲ ပြန်ဆက်နေပေါ့....စဥ်းစားချိန် 5 မိနစ်ပေးမယ်.မလုပ်ချင်ရင်. ပြန်နိုင်ပါတယ်"

မောင်မဲစကားကြောင့် ရွှေသောင်းခတ္တမျှငူသွားသည် ။ လူ့အောက်ဆုံးတန်းမှာ စားရမယ့်သောက်ရမယ့် ဘဝ ၊ ဒုက္ခပေါင်းစုံနှင့် လုံးထွေးနေသောဘဝ ၊ မျက်ရည်စက်တွေနှင့် သောကပင်လယ်ဝေနေသောဘဝ။ ထိုမှတစ်ဆင့် ငွေကြေးဖြင့်ဖန်တီးပေးနိုင်သော ပျော်ရွှင်မှု့၊ပီတိ၊စည်းစိမ်ချမ်းသာ အစရှိသည်တို့ဖြင့် ယစ်မူးနိုင်သောဘဝ။

ခတ္တမျှတွေဝေနေပြီး မြင်ကွင်းတွင်ပေါ်လာသော လူများကို ငေးကြည့်နေမိသည်။ အထုပ်သယ်လျှက်ရှိသော လူများထဲမှ တစ်ယောက်သည် ခတ္တမျှရပ်၍သွားပြီး တစ်စုံတစ်ခုမသင်္ကာဟန်ဖြင့်နောက်သို့လှည့်ကြည့်နေသည်။ ထိုသူ၏ နောက်တွင် အသားခပ်ညိုညိုမိန်းမဝဝတစ်ယောက်ရပ်လျှက် ရှိနေသည်။ ထိုလူပုသည် နောက်ကို လှည့်ကြည့်သော်လည်း ထိုမိန်းမကို မြင်ရဟန်မတူ ထိုလူပုမှာ လှည့်ကြည့်ပြီးနောက် ဇဝေဇဝါဇဝါဟန်ဖြင့်ရှေ့သို့ ဆက်သွားသည်။ ထိုအခါမှ နောက်မှ မိန်းမသည်လည်း သက်ပြင်းတစ်ချက်ချကာ စိတ်အေးသွားဟန်ဖြင့် လူပုအိတ်ထဲမှ တစ်စုံတစ်ခု နှိုက်နေလေသည်။ထိုမိန်းမ၏လက်တွင် ညိုညစ်ညစ်အရာတစ်ခုရလာဟန်ရှိပြီး သူ့ခါးကြားထဲသို့ ဝှက်လိုက်ဟန်ရှိသည်။ ထို့နောက် ထိုလူပုနောက်သို့ဆက်လိုက်ကာ အနောက်မှ အိတ်ထဲသို့ နှိုက်နေပြန်တော့သည်။

အခြားသော လူပုများ၏ နောက်တွင်လည်း အရပ်ရှည်ရှည် သူလိုကိုယ်လို လူသားလေးငါးဉီးသည် လူပုများ၏နောက်သို့ လိုက်လျှက် အိတ်တွင်းမှ ပစ္စည်းများကို နှိုက်လျှက်ရှိကြသည်ကိုမြင်ရ၏။ လူပုဉီးရေများသလို ပစ္စည်းလိုက်နှိုက်နေသော လူများမှာလဲ ဆယ့်ငါးဉီးခန့်ရှိသည်။ ပစ္စည်းလိုက်နှိုက်နေသော လူများသည် ယောကျာ်း၊မိန်းမ၊လူကြီး၊လူငယ် အရွယ်စုံလှ၏။

အရပ်ရှည်ရှည်လူများက လူပုများ၏ အိတ်ကိုကုန်းလျှက်နှိုက်နေကြသည်မှာ ကောက်စိုက်ထွက်လာသော လူအုပ်နှင့်ပင်တူလှ၏။ အခက်အခဲမရှိ အလွယ်တကူပင်ဖြစ်ပုံရ၏။ ထိုလူအုပ်ကိုကြည့်ရင်း

" ငါတစ်ယောက်တည်းမှမဟုတ်ပဲ အဖော်တွေရှိသားပဲ ၊ ဆင်းဆင်းရဲရဲဘဝကိုတော့ ငါနောက်တစ်ခေါက်အရောက်မခံဘူး အခွင့်ရှိတုန်းမှာ ငါစွန့်စားလိုက်မယ်"

ဟူသော အတွေးက ရွှေသောင်းခေါင်းထဲသို့ရောက်လာသည်။

" ကျွန်မစိတ်ပြောင်းသွားပြီ.. ကျွန်မ အဲ့ဒီလူတွေဆီက ပစ္စည်းလိုက်ယူပေးမယ် . ကျွန်မငွေဘယ်လောက်ရမှာလဲ "

ဟုမေးလိုက်လေသည်။

" ဟီး .. ဟီး ..ဟီး.. ထင်သားပဲ မင်းဆင်းရဲတဲ့ ဘဝကိုနောက်တစ်ခေါက်ပြန်သွားမှာမဟုတ်ပါဘူးလို့ ... "မောင်မဲက အောက်ကလိအောက်ကလာသံဖြင့်ရယ်လိုက်ပြီး စကားကိုဆက်သည်။

" မင်းအတွက် ဆုငွေက မင်းအဲ့ဒီကောင်တွေ အိတ်ထဲက ဘယ်လောက်နှိုက်ယူနိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ် အဲ့ဒီကောင်တွေအိတ်ထဲက ဈေးအနည်းဆုံး ပစ္စည်းတစ်ခုတန်ဖိုးဟာ အနည်းဆုံး ငွေ သိန်း နှစ်ဆယ် ရမယ်"

" သိန်းနှစ်ဆယ်..."

အာမေဋိတ်သံထွက်အောင်ပင် ရွှေသောင်းအံ့အားသင့်သွားသည် ဒီလူပုတွေရဲ့ အိတ်ထဲက ဈေးအနည်းပစ္စည်းသည်သိန်းနှစ်ဆယ်..။

ထိုငွေနှင့်ဆိုလျှင် သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည်ဟုထင်၏။

" တန်ဖိုးကြီးတာတွေဆို သိန်းထောင်ချီ၊ သိန်းသောင်းချီ ရပါမယ်.."

မောင်မဲ၏ နောက်ဆက်တွဲစကားကို ကြားလိုက်ရသောအခါ ​လောဘအရှိန်ကြောင့်
​ရွှေသောင်း တစ်ကိုယ်လုံးရှိအကြောများပင် ရုတ်တရက်တုန်ခါလာသလိုပင်....။



အပိုင်း -၅ ဆက်ရန်

စိတ်ဝိဉာဉ်၏ဓားမြိခြင်းဖြင့် အနာဂတ်တံခါးများပွင့်စေသောဝ်..

#အက္ခရာဈာန်

01/11/2021

အွန်လိုင်းနတ်သရဲ..မောင်မဲ

အပိုင်း ၃ ဖုန်းတစ်ခါဆက်ယုံဖြင့် ငွေဆယ်သိန်းဝင်သူ

" ဒီတစ်ခေါက်တော့ ပုံ Share ပေးရတာမျိုး မဟုတ်တော့ပါလား " သူဆက်ခိုင်းတဲ့ဆီကို ဖုန်းဆက်လိုက်မှပါလေ။ ရွှေသောင်း စာတွင်ပါသော နံပါတ်အတိုင်းဆက်လိုက်သည်။

" ဟယ်လို ... Delivery Service ကပါ ဘာများကူညီပေးရမလဲ " Delivery Service ဆိုသော စကားကိုရွှေသောင်းနားမလည်။

" ဟိုလေ.. ပစ္စည်းပို့တဲ့ ဆီကလား ရှင့် . ကျွန်မနာမည်ရွှေသောင်းပါ အကိုကြီးက ပစ္စည်းလာပို့ဖို့ ဖုန်းဆက်ပြီးပြောပါဆိုတာနဲ့ လှမ်းဆက်တာပါ"

မောင်မဲကို အကိုကြီးဟူသောနာမ်စားဖြင့်သုံးနှုံးလိုက်သည်။ ဘယ်ကမှန်းမသိသည့် Online မှ စာပို့သူက ယူခိုင်း၍ ဖုန်းဆက်ခြင်းဖြစ်သည်ဟုဆိုလျှင် ကြောင်တောင်တောင်နိုင်လွန်းသည်မဟုတ်ပါလား...။

" မရွှေသောင်း .. ဟုတ်ကဲ့ အမနာမည်နဲ့ ပစ္စည်းရှိမရှိကြည့်ပေးမယ်နော်.. " တစ်ဖက်မှဖုန်းသံက ခေတ္တမျှငြိမ်သွားသည် ။

" တွေ့ပြီ .. မရွှေသောင်းနော် .. လှိုင်သာယာကဟုတ်လား အမ"

"ဟုတ်ပါတယ်ရှင့် လှိုင်သာယာ စနေမမှတ်တိုင်ကပါ"

" လမ်းနာမည်လေးပြောပေးလို့ ရမလား "

"အိမ်အမှတ် ( # # ) ပတ္တမြားရတနာ ၄ လမ်း ..... " စသဖြင့်သူနေထိုင်ရာလိပ်စာကိုပြောလိုက်သည်။

" ဟုတ်ကဲ့ လှိုင်သာယာလမ်းကြောင်းက ညနေဘက်လောက်ဆိုရင် အမဆီ ပစ္စည်းလာပို့ပါမယ် ဖုန်းလေးနားစွင့်ပေးထားပါနော် "

" ဟုတ်ကဲ့ ကျေးဇူးပါ"

ရွှေသောင်းဆက်စရာရှိတာ ဆက်ပြီးပြီဖြစ်၍ ဖုန်းချလိုက်သည်။ ဖုန်းချချလိုက်ချင်းမှာပင် မောင်မဲဆီမှ စာတစ်စောင်ထပ်ရောက်လာသည်။ လုပ်ဆောင်ချက်အောင်မြင်သည့် အတွက်ဆုငွေရရှိပါမည်။

" ၁ ကနေ ၉ အထိ ကြိုက်ရာဂဏန်းတစ်ခုကိုရွေးပါ..."

ဟူ၍ဖြစ်သည်။ ရွေးပြီးလျှင် အောက်ကလင့်ကို နှိပ်လိုက်ပါ ။ပဟေဠိဆန်ဆန်ပင်ဖြစ်၏။

လွယ်လိုက်တာ ငွေရဖို့က .. ငွေကို သဲကြီးမဲကြီး အပင်ပန်းအဆင်းရဲခံရှာနေတုန်းကတော့ လက်ထဲ တစ်သောင်းတောင် မြဲအောင်ကိုင်မထားနိုင်ခဲ့။ စားဝတ်နေရေးနှင့်သာ လုံးချာလည်လိုက်နေရသည်။ အခုတော့သူ့လက်ချောင်းလေးများလှုပ်လိုက်ယုံနှင့် ငွေကို အလွယ်တကူရယူနိုင်ပေပြီမဟုတ်ပါလား။

" ဆု...ဆိုမှတော့ ဂဏန်းအကြီးဆုံးကိုပဲယူမယ် လာခဲ့.."

သွက်သွက်လက်လက် တီးတိုးရေရွတ်လိုက်ရင်း ၉ ဟူသော စာကို မောင်မဲဆီသို့ပို့လိုက်သည်။

ထို့နောက် မောင်မဲချထားပေးသော လင့်ထဲသို့ဝင်ကြည့်လိုက်၏။

ရရှိနိုင်သော ဆုငွေများမှာ အောက်ပါအတိုင်းဖြစ်သည် .။

၁. သိန်းကိုးဆယ်

၂. သိန်းရှစ်ဆယ်

၃. သိန်းခုနှစ်ဆယ်

၄. သိန်းခြောက်ဆယ်

၅. သိန်းငါးဆယ်

၆. သိန်းလေးဆယ်

၇. သိန်းသုံးဆယ်

၈. သိန်းနှစ်ဆယ်

၉. ဆယ်သိန်း စသော စာလုံးများကို မြင်လိုက်ရ၏။



ရွှေသောင်း လောဘကြောင့် ပြင်းထန်စွာတုန်လှုပ်သွားမိသည်။ သူသာ လောဘမကြီးပဲ ဂဏန်းအသေးတစ်ခုရေးမိလျှင် ဆယ်သိန်းထက်အဆပေါင်းများစွာများသော ဆုငွေရရှိနိုင်သည်မဟုတ်ပါလား ။ " ဟာ " ဟူသော အာမေဋိတ်သံပြုလျှက် ခေါင်းမှ ဆံပင်များကို ဖွလိုက်မိသည်။ ပထမတစ်ကြိမ်တုန်းကတော့ မယုံကြည်မိလို့ ယခုတစ်ကြိမ်မှာတော့ လောဘကြီးမိလို့ လာဘ်ကြီးများနှင့်လွဲချော်ရပြီမဟုတ်ပါလား။

ထိုအခိုက်မှာပင် " ဒူ " ဟူသော အချက်ပေးသံနှင့်အတူ Wave money မှ ငွေဆယ်သိန်းရောက်ရှိလာကြောင်း စာဝင်လာ၏။ ဝမ်းသာအားရ အကောင့်ထဲကြည့်လိုက်မိတော့ ၁၀ သိန်းဟူသော ဂဏန်းကသူ့အကောင့်ထဲတွင်ပေါ်နေလေတော့သည်။

ပျော်ရွှင်ခြင်း နှမျောတသသဖြစ်ခြင်းစိတ်အာရုံတို့ ရောထွေးနေသည်။ သို့သော်မနေ့ကဆိုလျှင် သူ့လက်ထဲတွင် အိမ်လခပေးစရာငွေလေးပင် မရှိခဲ့မဟုတ်ပါလား။ ငွေဆယ်သိန်းရှိသည်ဆိုသော အတွေးကပင် သူ့စိတ်နှလုံးသားကို အားရှိသလိုတက်ကြွလာစေသည်။ ငွေသည် အင်မတန်စိတ်အားတက်ကြွမှု့ကို ပေးစေနိုင်သော အရာတစ်ခုဖြစ်သည်မဟုတ်ပါလား။ ဘာမျှပင်ပင်ပန်းပန်းမလုပ်လိုက်ရပဲ အချိန်တိုအတွင်းတွင် သူအိပ်မက်ပင်မမက်ဖူးသည့် ငွေမျိုးကိုပိုင်ဆိုင်လာပြီ၊ ငွေရှိလျှင် ဘာလုပ်မည်ဟူသော အတွေးများ ခေါင်းထဲအစီအရီပေါ်လာလေ၏။

ဆံပင်ဖြောင့်ရမယ် ဖယောင်းသွင်းရမယ်.. ဟုတ်သည် ဆံပင်ဖြောင့်မည်။ ကိုကို သူ့ကို ပစ်သွားခဲ့ရခြင်းမှာ အလှအပများယိုယွင်းပျက်စီးကုန်ကြသောကြောင့်သည်လဲ အချက်တစ်ခုဖြစ်မည်ဟု သူထင်သည်။ ဆံပင်သည် လူ၏ဒုတိယမြောက်မျက်နှာဟု တင်စားခေါ်ဝေါ်ကြလောက်အောင် အလှအပအတွက်အရေးပါသော အရာမဟုတ်ပါလား။

အပျိုဘဝက လစာလေးကိုခြစ်ခြုတ်စုဆောင်းလျှက် ဆံပင်တစ်ခါဖြောင့်ဖူးသည်။ သူ၏ သွယ်လျသောမျက်နှာလေးနှင့် လိုက်ဖက်သည် ဟုဆိုကြသည်။ ယောကျာ်းလေးများသာမက မိန်းကလေးများကပင်ငေးကြည့်ရလောက်အောင် လှသည်ဟူသော ချီးမွမ်းစကားကို ကြားရသည်။ ကိုကိုနှင့် အိမ်ထောင်ကျပြီးနောက်မှာ တဖြည်းဖြည်းနှင့် ကြီးလာသော အိမ်သုံးစရိတ်အခြေအနေကြောင့် ပါးတွင်သနပ်ခါးရေကျဲလေးလိမ်းသည်ကလွဲ၍ အလှအပဘက်ကို ခြေဉီးမလှည့်ဖြစ်သည်မှာကြာပြီ။ ယခုလို ငွေဖောဖောသီသီရှိချိန်တွင်တော့ သူ့အလှအပဘက်ကို ပြန်လည် အာရုံစိုက်ရတော့မည်မဟုတ်ပါလား ။

Wave Money ဆိုင်ကို တစ်ခေါက်သွား၍ ငွေထုတ်ပြန်သည်။ ငွေဆယ်သိန်းရှိသည့်အနက်မှ ငါးသိန်းသာထုတ်၍ရသည်။ wave money Lvl 2 အကောင့်တွင်းမှ နေ့စဉ်ငွေထုတ်၍ရသော ပမာဏမှာ ၁၀ သိန်းသာဖြစ်သဖြင့် ဖြစ်သည်။ သုံးဘီးဆိုင်ကယ်ငှား၍ သူမျက်စိကျလျှက်ရှိသော အလှပြင်ဆိုင်ကြီးတစ်ခုဆီသို့သွားလေသည်။ အလှပြင်ဆိုင်၏ အမည် Godness ဆိုသော အင်္ဂလိပ်စာလုံးကိုသူမဖတ်တတ်သော်လည်း စက်ရုံဆင်းသော မိန်းကလေးအများစု၏ ပြောကြားချက်အရ ထိုဆိုင်ကြီးသည် ခမ်းနားသည်နှင့် အညီဆက်ဆံရေးကောင်းမွန်ပြီး အလှပြင်စွမ်းရည်လည်း ကောင်းမွန်သည်ဟု အဆိုရှိကြသည်။ ​စျေးကတော့ ပုံမှန်ဆိုင်များထက် တစ်ဆခွဲမျှပို၍ကြီးသည်။

စျေးကြီးပါစေလေ ရွှေသောင်းတွင် ဆယ်သိန်းကျော်တောင် ငွေရှိနေပြီမဟုတ်ပါလား။ ဆိုင်ထဲဝင်လိုက်ပြီး ယခုခေတ်စားနေသော အိ၊တုန်၊စင်း ဟုခေါ်သော ဆံပင်ဖြောင့်နည်းမျိုးဖြင့်ဖြောင့် လိုက်သည်။ ငွေ ရှစ်သောင်း သုံးလိုက်ရ၏။

"ညီမလေးကလဲ အချောလေးပဲ ပြင်ပြင်ဆင်ဆင်မရှိလို့သာ နွမ်းနေတယ်ထင်ရတာ ၊ ကိုယ်ဝန်ကြီးနဲ့တောင် ရုပ်ရည်က အလှကလေးပဲ "

အလှပြင်ဆိုင်မှ အမကြီးက သူ့ကိုပြောသည်။ ငွေရှစ်သောင်းသုံးပြီး ဆံပင်ဖြောင့်နေသော ရွှေသောင်းမှာ ငွေသုံးနိုင်သည့်ပုံစံဖြစ်ကြောင်း ဆိုင်ရှင်အမကြီးကကောင်းကောင်းသိ၏။ ထို့ကြောင့် ဆံပင်ဖြောင့်နေစဉ်အချိန်တွင် အလှအပဆိုင်ရာအကြောင်းတတွတ်တွတ်ပြောပြသည်။ အလှအပဆိုသည်မှာ နေ့စဉ်နေထိုင်စားသောက်ပုံအမူအကျင့်များ၊ဆေးဝါး၊အလှအပဆိုင်ရာပစ္စည်းများ၏ အထောက်အကူ ၊ အဝတ်အစားတို့အပေါ်တွင်မူသည်ဟူသောစကားများဖြစ်၏။ထိုစကားများကိုကြားရပြီးသောအခါ ရွှေသောင်းသည် အခွင့်သာ၍ ငွေအလွယ်ရနေခိုက်တွင် မိမိကိုယ်ကို ပြန်လည်ထိန်းသိမ်းမည် လှလှကလေးနေမည်ဟုတွေး၏။

အသားအရေဖြူဝင်းပြီးချောမောနေသော မိန်းမပျိုလေးများသည် ကောလဂျင်ဟုခေါ်သော ဆေးတစ်မျိုးကို ပုံမှန်သောက်သုံးကြသည်ဟူသော စကားကိုလဲ အသစ်အဆန်းတစ်ခုအနေနဲ့လေ့လာမှတ်သားခဲ့ရသည်။ အသားအရေနှင့်ပက်သက်သောအလှဆီများကိုလဲ သုံးစွဲကြသည်ဟုဆိုသည်။ သို့သော် ရွှေသောင်းအနေနှင့် လိုင်းခန်းစုတ်ကျဉ်းကျဉ်းကလေးတွေ နေထိုင်သူဖြစ်ရာ ထိုသိန်းကျော်တန်အလှဆီများဝယ်ပြီးလိမ်းလဲ ပူပူလောင်လောင်ကြားတွင် ဆီတရွှဲရွှဲသုတ်ထားသကဲ့သို့ ရှိချေမည်ဟုတွေးမိ၏။

ကော်လဂျင် ဆိုသော အရာကိုတော့ သောက်မည် ။ ကိုယ်ဝန်နှင့်တည့်သည်မတည့်သည် စဉ်းစားပိုင်းဖြတ်တတ်သော ဉီးနှောက်မျိုးရွှေသောင်းတွင်မရှိပေ။ ဆံပင်ဖြောင့်ပြီးလျှင် ဗိုက်ဖုံးအင်္ကျီလှလှလေး ဝတ်၍ သူ့အကောင့်ထဲတွင် ပုံတင်မည်။ လွမ်းဆွတ်နေသောမျက်နှာထား အပူမိနေသောမျက်နှာထား ၊ သနားစရာကောင်းသောပုံလေးတော့ ဖြစ်ဖို့လိုသည်ဟုသူထင်သည်။ ဒါမှလဲ ကိုကို သနားစိတ်ဝင်လာမည် ။ လှပနေသောသူ့ကိုလဲ နှမျောတသသဖြစ်မည်။ထို့နောက် သူ့ထံသို့ပြန်လာမည်။

" ကိုကို " သူ့ကို စခွဲသွားစဉ်က ကိုကို့အကောင့်ကိုသူ အသနားခံသည့် စာပေါင်းများစွာပို့သည်။ ကိုကိုက ရွှေသောင်းကို ဘလော့လိုက်ခြင်းဖြင့်တုန့်ပြန်သည်။ လွမ်းဆွတ်နေသော အပူမီးတိုက်နေသော စတေးတပ် စာများစွာသူတင်သည်။ သို့သော် သူငယ်ချင်းအနည်းငယ်၏ "အားတင်းထား " "ဘာဖြစ်တာလဲ" စသော ကွန်းမင့်များသာသူလက်ခံရရှိလေ၏။ နောက်တော့လဲ စာတွေတင် ငိုနေသောပုံတွေတင်၍ ပူဆွေးခြင်းအမှု့ပြုရသည််ကို သူညီးငွေ့သွားသည်။ တစ်ယောက်တည်းသာ ကျိတ်လျက်ဆွေးတော့၏။

ကိုကို သူ့ကိုဘ‌လော့ထားတော့ကြောင့် မြင်နိုင်မည်တော့မဟုတ်သော်လည်း ကိုကို့ သူငယ်ချင်းများက သူ့အကောင့်ထဲတွင်ရှိသည်။ တစ်ခုခုထူးထူးခြားခြားဆိုလျှင် ကိုကို့ကိုပြောပြကြမည်ဖြစ်သည်။ တစ်ခုခုထူးထူးခြားခြားဆိုသည်မှာ အပူမီးတိုက်နေသော လင်ပစ်မလေး၏ မျက်ရည်များအကြောင်း ၊ ပူဆွေးသောကရောက်နေသော စာသားများအကြောင်းမဟုတ်တော့။ ဒီအကြောင်းအရာတွေက ရိုးအီထပ်နေသော အကြောင်းအရာများသာဖြစ်သည်။ လှလှပပဖြစ်လျှက် အဝတ်အစားကောင်းများဝတ်ထားသည့်ပုံကသာ ထူးထူးခြားခြားအကြောင်းဖြစ်ပေတော့မည်။

ဆံပင်ဖြောင့်နေရင်းမှာပင် Delivery သမားက ဖုန်းဆက်လာသဖြင့် အလှပြင်ဆိုင်ကိုသာ ပစ္စည်းလာပို့ရန်ညွန်းလိုက်ပြီး အထုပ်ကိုလက်ခံရယူလိုက်သည်။ ပစ္စည်းထုပ်မှာ မွေးနေ့လက်ဆောင်စက္ကူပုံအသေးလေးလို လေးထောင့်အထုပ်လေးမျှသာဖြစ်၏။ ထိုအကြောင်းနှင့်ပက်သက်၍ မောင်မဲဆိုသော အကောင့်မှ မည်သို့မျှပြောထားခြင်းမရှိသေး.။



အပိုင်း ( ၄ ) ဆက်ရန်
စိတ်ဝိဥာဥ်၏ ဓားမြိခြင်းနှင့် အနာဂတ်တံခါးများပွင့်စေသောဝ်

#အက္ခရာစျာန်

Website