Adults Novel and Essay

Adults Novel and Essay

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Adults Novel and Essay, Writer, .

23/06/2022

ဆိုရှယ်မီဒီယာပေါ်မှာလာပစ်သောအမှိုက်များ

မြန်မာနိုင်ငံမှာ အဓိက Facebook ပေါ့လေ။ Instagram, Twitter, YouTube နဲ့ တခြားသော Platforms တွေကတော့ အနည်းအကျဉ်းပေါ့။ ဒီ Online Platforms တွေအသုံးပြုခြင်းဖြင့် များစွာသောအကျိုးတွေရှိပါတယ်။ အဖက်ဖက်ကနေ ပိုက်ဆံရှာဖွေနိုင်တာ မိတ်တွေသစ် အလုပ်သစ်ရှာဖွေနိုင်တာတွေ အကြောင်းအရာများစွာ တစ်နေရာထဲသိခွင့်မြင်ခွင့်ရရှိနိုင်တာတွေ။ ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာ အမှိုက်လာပစ်ကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။

ခင်ဗျားမှာ ရည်းစားမရှိဘူး။ တီတီတာတာလည်း ဘယ်သူမှလာပြောနေမယ့်သူမရှိဘူး။ သို့တည်းမဟုတ် ရှိတဲ့ရည်းစားနဲ့ သောက်ပြသနာတက်ထားလို့မခေါ်ကြဘူး။ Facebook ပေါ်မှာ တိတိကျကျရှာဖွေနေစရာ လုပ်ကိုင်စရာ အလုပ်တစ်ခုခုလည်းရှိမနေဘူးဆိုပါတော့။ အဲ့ဒီ Newsfeed ကြီးကိုအပေါ်အောက်ဆွဲနေတဲ့အချိန် သူများတွေလာပစ်ကြတဲ့အမှိုက်တချို့ကို ရုတ်တရက်မြင်မိမယ်။ ဒီအမှိုက်တွေကလည်း စွဲဆောင်မှုသိပ်ကောင်းတယ်။ ဥပမာပေးရရင် များသောအားဖြင့် Relationship ကိစ္စတွေ။

ဒီကိစ္စတွေမှာ နောက်မီးလင်းနေတာ ဖောက်ပြန်နေတာတွေ ရှိမယ်။ ဟိုးရှေးရှေးတုန်းက နှိပ်စက်ခံရခြင်းကိုသည်းခံနိုင်စွမ်းရှိသလောက်စုထားမယ်။ ပြီးမှ Facebook ပေါ်လာပစ်ချမယ်။ အဲ့အချိန် ဒီအမှိုက်ထုပ်ကြီးဟာတအားနံစော်နေပြီ။ ကာယကံရှင်တွေကိုယ်တိုင်တောင် ဒီအနံ့မခံနိုင်တော့လို့ လာပစ်ကြတာ။ ပစ်မယ့်ပစ်တော့ လူသွားလူလာများတဲ့ ဆိုရှယ်မီဒီယာဆိုတဲ့ မိန်းလမ်းမကြီးပေါ်။ ခင်ဗျားက ဒီဆိုရှယ်မီဒီယာပေါ်မှာ လမ်းသွားလမ်းလာတစ်ယောက်။ ဒါမှမဟုတ် အလုပ်ကိုသွားနေတဲ့သူ အိမ်ပြန်နေတဲ့သူ။ ဒီအမှိုက်ထုပ်ကြီးကိုတွေ့တယ်။ အနံ့တော့ထွက်နေမှန်းသိတယ်။ ဒါပေမယ့် ရှောင်မသွားနိုင်ခဲ့ဘူး။ ဒီအမှိုက်ထုပ်ကြီးကို မွမ်းမံထားတာက မာလာရှမ်းကောပုံစံလေး ခမ်းနားတဲ့အိမ်ပုံစံလေး ချော့ကလက်ရောင်ရိုမက်တစ်ကမ္ဘာပုံစံလေး စသဖြင့်အပြင်ပန်းမှာ လှနေရော။

ငါ့အတွက်ဘာများရှိဦးမလဲ ရနိုင်ဦးမလဲဆိုတဲ့စိတ်နဲ့ ဒီအိတ်ကိုဝင်ဖြည်မိတယ်။ ခင်ဗျားလိုပဲ ဒီအမှိုက်အိတ်နားဝိုင်းဝန်းနေတဲ့ လူတချို့လည်းရှိကြတယ်။ အဲ့ဒီလူတချို့ထဲ အိမ်ပြန်နေတာလည်းမဟုတ် အလုပ်သွားနေတဲ့သူလည်းမဟုတ် လှပတဲ့အမှိုက်ထုပ်ဟေ့ဆိုလို့ တကူးတက ဘတ်စ်ကားစီးပြီးလာကြတဲ့ လူတွေလည်းအများကြီးပါမယ်။ ဒီလူတွေထဲ ခင်ဗျားအသိတချို့တွေ့ကောင်းတွေ့လိမ့်မယ်။ လူမှုရေးအရနူက်ဆက်ရ စကားရပ်ပြောရနဲ့ အမှိုက်ထုပ်ကြီးအထဲနိူက်မကြည့်ခင်မှာတင် ခင်ဗျားက အနံ့ရနေပြီ။ ဒီကြားထဲ ခင်ဗျားရဲ့ အသိဆိုတဲ့သူတွေက သူတို့ဒီအမှိုက်ထုပ်ကိုအရင်ဖြည်ထားပြီးဖြစ်ကြောင်းသိအောင် ဝေဖန်သုံးသပ်မှုတွေနဲ့ အနံ့အသက်တချို့သယ်လာပေးခဲ့။ (ဒီအမှိုက်ထုပ်ထဲမှာပါတဲ့ အသားတွေဟာဘယ်လိုပုပ်သိုးပြီးနံနေတာဖြစ်ကြောင်း အသီးအရွက်တွေကလတ်ဆတ်ရဲ့သားနဲ့ ခုနကအသားတွေနဲ့အတူရောထားလိုက်တော့သူတို့မှာစားလို့မရတော့ကြောင်း ဒီထဲကငါးတွေကတော့ဖြင့်ဘယ်စျေးက ဘယ်သူ့ဆီကဝယ်တာဖြစ်ပြီး စျေးဘယ်လောက်ကြီးကြောင်း နှမြောစရာကောင်းကြောင်း စသည် စသည်ဖြင့်အများကြီး) စီကာပတ်ကုံး သုံးသပ်ပြောပြနေပါလိမ့်မယ်။

အမှိုက်ထုပ်ထဲဘာမှမမြင်ရသေးဘူး။ ဆိုရှယ်မီဒီယာပေါ်က Comments တွေ တစ်နည်း အသိတွေရဲ့ ပြောကြားချက်နဲ့တင် ခင်ဗျားဟာ တော်တော်လေးအနံ့စွဲနေပြီ။ ဒါကလည်း တစ်မျိုးစွဲဆောင်နေပြန်ရော။ ရောပြီးပစ်လိုက်ရတာ အသီးအရွက်တွေချည်းပဲရောဟုတ်ရဲ့လားဟဲ့။ ငါကြိုက်တဲ့ ချော့ကလက်လေးတွေများပါသွားသလား မာလာရှမ်းကောရောပါသွားသေးလား မသိဘူး။ ဆိုတဲ့ စိတ်နဲ့ခင်ဗျားကို အမှိုက်ထုပ်ထဲ မနိူက်နိူက်မိအောင်ဆွပေးနေသလို။ ခုနက ခင်ဗျားအသိပြောတဲ့ စျေးကငါးသည်ကြီးက ဘယ်လောက်စျေးကြီးတယ်ဆိုသော်ငြား ဒီအမှိုက်ထုပ်ဘေးရှိနေတဲ့ တခြားသူတွေထဲက တစ်ယောက်ကတော့ဖြင့် သူဟာ အဲ့ဒီစျေးထဲ အဲ့ဒီစျေးသည်ဆီက ငါးဝယ်နေကြဖြစ်ပြီး သူ့အလှည့်တုန်းကဘယ်လိုတန်တာ ဘယ်လိုကောင်းတာမျိုး ပြောသံသဲ့သဲ့ကြားရပြန်ရော။ ဒီမှာတင် ဟ မဖြစ်ချေဘူး။ ငါကိုယ်တိုင်နိူက်ကြည့်မှ အမှန်ကိုသိရလိမ့်မယ်ဆိုပြီး ဝင်နိူက်မိပါလေရောလား။

ဒီမှာတင် ခင်ဗျားစပြီးနံပါပြီ။ အလုပ်နောက်ကျပြီ။ အိမ်ပြန်နောက်ကျပြီ။ ခင်ဗျား အသိပြောတာတွေထဲ ဘယ်အချက်ကတော့ဖြင့် မှားကြောင်း မှန်ကြောင်း ဆက်လက်ဝေမျှပြီ။ ဘေးလူတွေနဲ့ငြင်းခုန်ပြီ။ တချို့တွေကတော့ ဒီအမှိုက်ထုပ်ကြီးဆီရောက်တာလည်းကြာပြီ။ တော်တော်လေးလည်းနံနေပြီဆိုတော့ ပြန်သွားပြီ။ ဒါပေမယ့် ရိုးရိုးတော့မပြန်ဘူး။ ဒီအမှိုက်ထုပ်ကြီးနား သူတို့ရဲ့ အမှိုက်သေးသေးလေးတွေ ပစ်သွားကြသေးတယ်။ ပြီးတော့ မူလအစအမှိုက်ထုပ်ကြီးဆီက အနံ့တချို့ကို သူတို့အိမ်ယူသွားကြသေး။ လမ်းတစ်လျှောက်လည်းနံစော်လို့။

ခင်ဗျားကတော့ဆက်ပြီးရှာဖွေဆဲ။ လက်တစ်ဖက်နဲ့အားမရလို့ လက်နှစ်ဖက် ခေါင်းနဲ့ပါဝင်ကြည့်။ ဘေးက လာကြည့်သူတချို့ပစ်သွားတဲ့ အမှိုက်ထုပ်သေးသေးလေးတွေကိုလည်း လက်လှမ်းမှီသလောက် ထပ်နိူက်ကြည့်မိ။ နောက်ပြီး အိမ်ကလူတွေ အလုပ်ကမိတ်ဆွေတွေကိုတောင် ဖုန်းဆက်လှမ်းပြောလိုက်သေး။ ဘယ်နေရာမှာတော့ဖြင့် အမှိုက်ထုပ်ကြီးတွေ့ပြီး ဘယ်ဟာတွေက ဘယ်လောက်အနံ့ဆိုးကြောင်း ကိုပေါ့။

ဒီလိုနဲ့ ပြန်တဲ့အခါ အနံ့ကြီးစွဲကျန်ရင်း။ သို့တည်းမဟုတ် ခင်ဗျားကိုယ်တိုင်လိုလိုလားလားနဲ့ ထိုအနံ့ဆိုးကြီးရယ် တချို့အမှိုက်တွေနိုင်သလောက်ကို သယ်သွား ခေါင်းထဲထည့်သွား။ ရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ ကိုယ့်ဦးနှောက်ကို နောက်ကျိအောင်လုပ်မှန်းမသိလုပ်ဖြစ်။ နောက်အမှိုက်ထုပ်ကြီးတစ်ခု မတွေ့မချင်း ဒီအမှိုက်ကရတဲ့ အနံ့တွေနဲ့ ဆက်စပ်တွေးမိ။ ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူဘယ်ဝါကတော့ဖြင့် ဒီလိုဖြစ်လာနိုင်ကြောင်း။ မဖြစ်သေးတဲ့သူတွေအပေါ် ဟိုထင်ဒီထင်နဲ့။ တစ်ဖန် သယ်လာတဲ့အမှိုက်တစ်ချို့ကို ကိုယ့်အိမ်ပေါ်တင်ထား။ (ကိုယ့် Wall မှာ Share) အိမ်ကလူတွေအပြင် အိမ်လာလည်တဲ့သူတွေပါ ဒီအနံ့တွေရ။

ဆိုတော့ အမှိုက်ထုပ်တွေကို ဆိုရှယ်မီဒီယာပေါ် လာမပစ်ကြဖို့တော့ ခင်ဗျားအနေနဲ့ လိုက်တားနိုင်မှာမဟုတ်ဘူး။ ကိုယ်တိုင်ပဲ ရှောင်သွားနိုင်မှဖြစ်လိမ့်မယ်။ ဒီလမ်း (ဆိုရှယ်မီဒီယာ) ပေါ်ကမသွားဖို့တော့ လွယ်မှာမဟုတ်ဘူး။ ခင်ဗျားသွားချင်တဲ့ဆီရောက်ဖို့ ဒီလမ်းပေါ်တော့ လျှောက်ကိုလျှောက်နေရဦးမယ်။

15/06/2022

စောလူးမင်း ကို ငရမန်ကန်း ကွပ်မျက်ခဲ့တာ ဟုတ်ပါရဲ့လား (Just My Opinion)

ပထမဦးစွာ သမိုင်းဆိုတာနိုင်သူရေးစတမ်း ဆိုတဲ့ စာလေးကိုနည်းနည်း သတိချပ်စေချင်ပါတယ်။ ခေတ်အဆက်ဆက်အဖြစ်အပျက်မူရင်းတွေဟာ လက်ဆင့်မကမ်းနိုင်ခြင်း (သို့မဟုတ်) လက်ဆင့်ကမ်းခွင့်ပိတ်ပင်ခံရခြင်းကြောင့် ပြန့်ဝေမှုအားနည်းသွားခြင်း၊ မူရင်းကိုပျောက်ကွယ်စေချင်တဲ့အစိတ်အပိုင်းတွေ ဖျောက်ပြီးပုံဖော်ရေးသားကြသော ရုပ်ရှင် ပြဌာန်း စာအုပ်များ အားကောင်းရခြင်း စတာတွေကြောင့် သမိုင်းမှား သမိုင်းလိမ်တွေဟာ အမှန်ဖြစ်ကျယ်ပြန့်ခဲ့တာတွေ မနည်းရှိခဲ့မှာပါ။

ယနေ့ခေတ်လို နည်းပညာထွန်းကားတဲ့ကာလမှာတောင် ဘဘဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ လက်တစ်လုံးအလိုမှာ ကယ်တင်ခဲ့ရတယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေဟာရှိနေဆဲဖြစ်ပြီး လက်ခံယုံကြည်သူတွေလည်း ဒါကိုအခြေပြုပြီး ထောက်ခံမှျဝေရေးသားနေကြတာတွေရှိနေဆဲ မဟုတ်လား။ ဆက်စပ်တွေးတောနိုင်ဖို့ ဒါကိုဖြည့်ရေးလိုက်တာပါ။ အခု Content က ယနေ့ခေတ်နိုင်ငံရေးပိုင်းဆိုင်ရာမဟုတ်လို့ အကျယ်ဖြန့်မရေးတော့ပါဘူး။

မြန်မာရာဇဝင် (ပုဂံရာဇဝင်) ထဲပြောစရာများစွာရှိတဲ့အနက် ကျန်စစ်သား နဲ့ စောလူးမင်း ကိစ္စဟာလည်း တစ်ခုဖြစ်ခဲ့ပါတယ်။ စောလူမင်း ဟာ ငရမန်ကန်း လက်ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ကျန်စစ်သား က လာရောက်ကယ်ဆယ်တဲ့အခါ မယုံကြည်တာကြောင့် အော်ဟစ်ခဲ့တယ်။ ဒီအချိန်မှာ ကျန်စစ်သား ဟာ စောလူးမင်း ကို ရန်သူလက်မှာပဲပစ်ထားခဲ့တယ်။ နောက် ငရမန်ကန်း က ကွပ်မျက် ခဲ့ပြီးသက်တမ်းကုန်ခဲ့တယ်။ ဒီနောက်မှာ ကျန်စစ်သား က ပုံဂံအင်ပါယာ ကိုဦးဆောင်ခဲ့ပြီး ငရမန်ကန်း ကိုသွားရောက်တိုက်ခိုက်ပြီး အောင်မြင်ခဲ့တယ်။ စောလူးမင်း မရှိတော့တဲ့နောက် ထီးနန်းဆက်ခံခဲ့တယ်။ ကျနော်တို့ ဒီလိုသိမှတ်ခဲ့ရဖူးပါတယ်။

ဆိုတော့ အနော်ရထာ မရှိသည့်နောက် သူ့ရဲ့ထီးနန်းအရိုက်အရာ ကိုဆက်ခံရခဲ့သူဟာ စောလူးမင်း ဖြစ်ပါတယ်။ ကျန်စစ်သား ဟာ သေနာပတိ (စစ်သူကြီး) ဒီလိုရာထူးအဆင့်မှာသာရှိခဲ့တာဖြစ်တယ်။ ရှေ့မြန်မာမင်းဆက်တွေဟာ လက်ရုံးရည် နှလုံးရည်ပြည့်၀သည်ထက် သူတို့ရဲ့ မျိုးနွယ်စဉ်ဆက်ကိုသာ ထီးနန်းအရိုက်အရာပေးအပ်ခဲ့တာ ထုံးစံတစ်ခုပါ။ ဒီတော့ ကျန်စစ်သား အပြင် ထိုခေတ်က လက်ရုံးရည် နှလုံးရည် ဉာဏ်အမျှော်အမြင်ဘယ်လောက်ပြည့်စုံကြွယ်၀သော သူရဲကောင်းမဆို အနော်ရထာရဲ့ သွေးသားမျိုးရိုးမဟုတ်လျှင် ထီးနန်းဆက်ခံခွင့်ရရှိခဲ့မည်မဟုတ်။ သက်တော်ငယ်ရွယ်သော စောလူမင်း သာနန်းတက်ခဲ့သည်။ ရှင်ဘုရင်ဖြစ်ခဲ့သည်။ ဒါကို ကျန်စစ်သား အပါအဝင် ကျန်သူရဲကောင်းများ ဘဝင်ကြမည်လော။

လက်လှမ်းမှီသလောက် ကျနော်သိမှတ်ခဲ့ရသော ထိုရာဇဝင်ထဲမှာ အနော်ရထာ နှင့် ကျန်စစ်သား ဟာ မသိမသာရော သိသိသာသာရော ပြိုင်ဆိုင်မှု နဲ့ ရန်ကြွေးတချို့ရှိနိုင်ဟုကောက်ချက်ချလို့ရပါတယ်။ ကျန်စစ်သားဆိုတာ မဖြစ်ခင်ကတည်းက အနော်ရထာ ဟာ သူ့ရဲ့ထီးနန်းအရိုက်အရကို ဆက်ခံလုယူမည့်သူ ပေါ်ပေါက်မွေးဖွားတော့မယ်ဆိုတဲ့ အဆိုစကားကြောင့် ထိုခေတ်အခါက သက်တမ်းအလိုက်ကလေးငယ်များကို ကွပ်မျက်ပစ်စေခဲ့တဲ့ ရာဇဝင်လည်းရှိခဲ့ပါတယ်။ ဒီကတည်းက အနော်ရထာ ဟာ ကျန်စစ်သား မှမဟုတ် သူ့ရဲ့ထီးနန်းကို မျိုးနွယ်ဝင်မဟုတ်သော တခြားမည်သူမှမရစေချင်ကြောင်းထင်ရှားပါတယ်။ ဒါပေမယ့် ကျန်စစ်သား ဟာသူ့ရဲ့ဘုန်းကံကြောင့် အသက်မသေပဲ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး အနော်ရထာမင်းထံမှာ အမှုထမ်းခဲ့ရပါတယ်။ ထိုခေတ်က ပုဂံသူရဲကောင်းတွေဖြစ်တဲ့ ညောင်ဦးဖီး၊ ငထွေရူး၊ ငလုံးလက်ဖယ် တို့အပါအဝင်။ ဒီနောက်မှာလည်း ပဲခူးဘုရင် က ပုဂံမင်း အနော်ရထာထံဆက်သသော မဏိစန္ဒာကို လမ်းခရီးမှာ ကျန်စစ်သား က လုယူပိုးပမ်းချစ်ကြိုက်ခဲ့ဖူးပါတယ်။ ကျန်စစ်သားခြေတစ်လှမ်း ခုန်တာဟာ ပြည်နယ်တစ်ခုဆီအသာလေးရောက်သွားနိုင်ခဲ့လျှက် ပဲခူး ကနေ ပုဂံ ဆီလာတဲ့ လမ်းခရီးဟာ ဘယ်လောက်ကြမြင့်ခဲ့လို့လဲ ဆိုတာလည်း ဒီနေရာမှာ ကျနော်ထည့်သွင်းမေးခွန်းထုတ်မိပါတယ်။ ဒါတွေက အနော်ရထာ နဲ့ ကျန်စစ်သား အကြား မသင့်မြတ်မှုတွေလို့ ထင်ရှားမှတ်ယူလို့ရပါတယ်။

ဒီ Content ရဲ့ဆိုလိုရင်းကို ဆက်ရရင် အနော်ရထာ ထီးနန်းသက်တမ်းကုန်ပြီးနောက် အေဒီ (၁၀၇၇) မှာ သားဖြစ်သူ စောလူးမင်း က ဆက်ခံခဲ့ရပါတယ်။ စောလူးမင်း ရဲ့ အုပ်ချုပ်ပုံ အရည်အသွေးညံ့ဖျင်းတာကြောင့် မငြိမ်သက်မှုတွေနဲ့ ပုန်ကုန်မှုတွေ အနှံ့ဖြစ်ခဲ့ပါတယ်။ ဒီထဲမှာ စောလူးမင်း ရဲ့သူငယ်ချင်းဖြစ်သူ ငရမန်ကန်း ရဲ့ပဲခူးတပ်တွေက လာရောက်တိုက်ခိုက်ကြလို့ စောလူးမင်း ဟာ ဝင်ရောက်တိုက်ခိုက်ရင်း ရှုံးနိမ့်ပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိဖတ်ခဲ့ရပါတယ်။ ရှင်ဘုရင်ဖြစ်တဲ့ စောလူးမင်း ကိုယ်တိုင် စစ်ထွက်တိုက်ရအောင် ထိုအချိန်မှာ ကျန်စစ်သား ဘယ်ရောက်နေခဲ့ပါသလဲ။ ဒါ့အပြင် ငထွေရူး၊ ငလုံးလက်ဖယ် နဲ့ ညောင်ဦးဖီး တို့လို အနော်ရထာ လက်ထက်မှာထဲကအမှုထမ်းခဲ့သော စစ်သူရဲကောင်းတွေရော ဘယ်မှာလဲ။ စောလူးမင်း အုပ်ချုပ်တဲ့ ပုဂံပြည်ဟာ ငရမန်ကန်း လာရောက်ပုန်ကန်တဲ့ ပဲခူးထက် စစ်အင်အားများစွာသာလွန်ပါတယ်။ ကျနော့်အမြင် ပုဂံအင်ပါယာအတွင်းမှာတင် စောလူးမင်း ကို မကျေနပ်လက်မခံတော်လှန်နေကြသော သူတွေများစွာရှိပါလိမ့်ဦးမည်။ ရှေ့တန်းစစ်မျက်နှာပြင်ကိုထွက်တိုက်ခဲ့တဲ့ စောလူးမင်း ပြည်တော်သာကွျန်း အရပ်မှာအရေးနိမ့်ခဲ့လို့ ငရမန်ကန်းလက်အတွင်းရောက်ခဲ့ပြီး အစောပိုင်းက ပျောက်နေခဲ့တဲ့ ပုဂံသူရဲကောင်း ကျန်စစ်သား ဟာ ရန်သူတပ်အတွင်း တိတ်တဆိတ်ဝင်ရောက်ကယ်ဆယ်ခဲ့ပါသတဲ့။ စဉ်းစားကြည့်ရင် ကျန်စစ်သား ဟာ စောလူးမင်း မရှိရင် ထီးနန်းအရိုက်အရာကို ဆက်ခံဖို့အလားအလာအရှိဆုံးသူရဲကောင်းဖြစ်ပါတယ်။ ဒီတော့ ပုဂံအင်ပါယာအတွင်း ပုန်ကုန်မှုတွေပြုလုပ်နေခဲ့တာဟာ ကျန်စစ်သား ဦးဆောင်နေခြင်းရောမဖြစ်နိုင်ဘူးလား။ ကျန်စစ်သား ဟာ စောလူးမင်း ထက် စစ်ရေးစစ်ရာပိုမိုကြွယ်၀လို့ ဒီလိုတော်လှန်တိုက်ခိုက်ခြင်းဖြင့် ထီးနန်းလုယူရင်လည်း ခက်ခဲနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းမှာတော့ ကျန်စစ်သား က ပုန်ကန်သူအဖြစ် အမည်တပ်ခံရပြီး လက်ညှိုးထိုးခံရနိုင်ပါလိမ့်မယ်။ ဒါကြောင့် တိတ်တဆိတ်တော်လှန်နေခဲ့သလားဆိုတာ ကျနော်တို့ မသိရ မဖတ်ရခဲ့ပဲ ကျန်စစ်သား ရဲ့ ရေးသားပြဌာန်းမှုတွေနောက်ကိုသာ လိုက်ခဲ့ရပါတယ်။ ထိုသမိုင်းမှတ်တမ်းမှာလည်း ကျန်စစ်သား ရေးသားခဲ့သော ကျောက်စာ တည်ခဲ့သောစေတီပုထိုး တွေသာ ရှိခဲ့ပြီး ရှင်ဘုရင်ဖြစ်ခဲ့ချိန် စောလူးမင်း က ဘယ်ရာဇဝင် သမိုင်း မှတ်တမ်း ကျောက်စာမှ ရေးထားခဲ့ခြင်းမရှိခဲ့ဘူးလား။ သို့တည်းမဟုတ် ဖျောက်ဖျက်ခံခဲ့ရသလား။ လက်ဆင့်ကမ်းမျှဝေနိုင်မယ့် ထိုခေတ်အခါက လူတွေရော ကွပ်မျက်ခံခဲ့ ပိတ်ပင်ခံခဲ့ရသလား။ မေးခွန်းတွေများစွာရှိပါတယ်။

ကျန်စစ်သား ပုံဖော်ရေးသားခဲ့သော သမိုင်းမှတ်တမ်းတွေအရ သူဟာ ပုန်ကန်ပြီး ထီးနန်းလုယူခဲ့သူမဟုတ်တဲ့အပြင် စောလူးမင်း ကို နောက်ဆုံးအချိန်ထိ အသက်စွန့်ပြီး ရန်သူ့လက်အတွင်းက ကယ်ဆယ်ခဲ့သော မွန်မြတ်တဲ့သူရဲကောင်းအဖြစ်သာ ကျနော်တို့ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။ ဒီတော့ ရန်သူလက်အတွင်းကျရောက်နေခဲ့တဲ့ စောလူးမင်း ဟာ သူ့ရဲ့ဖခင်လက်ထက်ကတည်းက အမှုထမ်းခဲ့သော သူရဲကောင်းလည်းဖြစ် အားကိုးအားထားပြုရနိုင်တဲ့ ပုဂံပြည်ဖက်ကလည်းဖြစ်တဲ့ ကျန်စစ်သား လာရောက်ကယ်ဆယ်တာကို လစ်လျူရှုပြီး သူ့ကိုပေါ်တင်လာရောက်တိုက်ခိုက်တဲ့ ရန်သူလည်းဖြစ် သေဒဏ်ချမှတ်မယ့်သူလည်းဖြစ်တဲ့ ငရမန်ကန်း ကိုမှ ဘာလို့ ယုံကြည်နေရသလဲ။ ကျန်စစ်သား တကယ်ပဲ တစ်ကိုယ်တည်းသွားရောက်ကယ်ဆယ်ခဲ့တယ်ဆိုတာကရော မှန်ရဲ့လား။

ရေးခဲ့တဲ့ သမိုင်းမှတ်တမ်းအရတော့ ကျန်စစ်သား ဟာ စောလူးမင်း သေဆုံးပြီးချိန်မှာ ငရမန်ကန်း ရဲ့ပဲခူးကိုစစ်ချီတိုက်ခိုက်ခဲ့ပြီး ပြန်လာကာ ပုဂံထီးနန်းကိုရယူခဲ့ ပုန်ကန်တော်လှန်မှုတွေကိုလည်း ချုပ်ငြိမ်းစေခဲ့တယ်လို့ သိရတယ်။ ကျန်စစ်သား ဟာ ငရမန်ကန်း ကိုသွားရောက်တိုက်ခိုက်ပြီး ငရမန်ကန်း နဲ့အတူ စောလူးမင်း ကိုပါတစ်ပါထဲ ကွပ်မျက်ခဲ့တာရောမဖြစ်နိုင်ဘူးလား။

ကျနော်ရဲ့ ဒီ Content က မေးခွန်းတွေ အတွေးတွေဟာ လွဲချော်မှားယွင်းနိုင် မပြည့်စုံနိုင်တာတွေ ပါကောင်းပါနေပါလိမ့်မယ်။ ဒါက ကျနော် လက်လှမ်းမှီသလောက်တွေးတာရေးတာမို့လို့ ကျနော် ဉာဏ်မမှီခဲ့ မတွေ့မမြင်ခဲ့သော မှတ်တမ်းမှတ်ရာတွေရှိခဲ့ရင် ဝေဖန်ထောက်ပြပေးပါ။ လွတ်လပ်စွာသဘောထားကွဲလွဲပေးပါ။ ဒီမေးခွန်းတွေအပြင် စာဖတ်သူတွေရဲ့နောက်ထပ်ပေါ်လာမယ့် မေးခွန်းတွေ ရှိခဲ့ရင်လည်း ဝင်ရောက်ရေးသားပြီး မှတ်ချက်ပြုပေးပါ။ အပြန်အလှန် Knowledge Sharing လုပ်ကြတယ်လို့ သဘောထားပြီး ဆွေးနွေးကြည့်ချင်ပါတယ်။

Adults Novel and Essay

14/06/2022

ပညာတော်ခြင်း နဲ့ ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်း

ပညာတက်တစ်ယောက်ဖြစ်တိုင်း ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်း မြင့်မားလိမ့်မယ်ထင်ပါသလား။ လုံး၀ကွဲပြားပါလိမ့်မယ်။ နယ်ပယ်အသီးသီက ပညာရပ်အသီးသီးမှာ ထူးချွန်သူမြောက်များစွာရှိမယ်။ ဒီလူတွေတိုင်းဟာ လူ့အဖွဲ့အစည်းအတွင်း လူသားဆန်မှု နဲ့ ကျင့်ဝတ်ပိုင်းတွေမှာ ကျွမ်းကျင်ပါးနပ်လိမ့်မယ်လို့ မှားယွင်းစွာပဲ မှတ်ယူထားကြသူတွေ ဒုနဲ့ဒေးပါ။ ဒါဟာ ကိုယ့်ရဲ့ဝန်းကျင်ဘောင်အတွင်း ပျက်ဆီးမှုကိုအစပြုဖို့ နေရာပေးထားခြင်းဖြစ်ပါတယ်။

ဒီ Content ကို ခွဲခြားပြီးမြင်မှ ဖတ်သင့်ပြီး နားလည်နိုင်မယ်လို့ထင်ပါတယ်။ အနက်အဓိပ္ပါယ်ကို ကိုယ့် Mindset Shift အတိုင်းရှုမြင်လို့ရပါတယ်။ ကောက်ချက်ချပါ။ ယူဆပါ။ သို့သော် ရောထွေးမပစ်လိုက်ပါနဲ့။

အရင်ဆုံးမေးလာမယ့် ပညာတက်တွေ ထူးချွန်သူတွေကို နေရာမပေးရတော့ဘူးလား ဆိုတဲ့မေးခွန်းမျိုး ကိုယ့်အတွေးထဲမှာ ရှိနေပြီဆိုရင် ရုတ်သိမ်းလိုက်ပါ။ ကျနော်ဆိုလိုတာ သက်ဆိုင်ရာနယ်ပယ်တွေမှာ ထူးချွန်သူတွေတိုင်း လူသားဆန်မှု၊ ကျင့်ဝတ်၊ ဝေဖန်ပိုင်းခြားသိမြင်ဆင်ခြင်နိုင်စွမ်း မှာသေချာပေါက် မှန်နေလိမ့်မယ်လို့ယူဆခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ထပ်ပြောပါ့မယ်။ ကိစ္စတစ်ခုတိုင်းမှာ ဒီလူတွေပြောလိုက်သည့်စကားကို မျက်စိမှိတ် ထောက်ခံရပ်တည်ပစ်လိုက်ခြင်း ကိုပြောမှာဖြစ်ပါတယ်။ ဘာလို့ အများစုဟာ အဲ့သည်လို ရပ်တည်ပစ်လိုက်ကြသလဲ။ ထိုသူတွေဟာ သူတို့ရဲ့နယ်ပယ်တွေမှာ ထူးချွန်ကျော်ကြားသူတွေဖြစ်နေတာကြောင့်ပါပဲ။

Psychological အရ Senseless ဖြစ်ပြီး ရုတ်တရက် တွန်းအားပေးခံလိုက်ရခြင်းက နေရာယူသွားတာကြောင့်လို့လည်း ယူဆလို့ရပါတယ်။

ဆိုတော့ (Abortion) ကိုယ်ဝန်ဖျက်ချခြင်းဖြစ်စဉ်မှာ အမျိုးသမီး၊ အမျိုးသား (သို့မဟုတ်) ပါဝင်ပက်သက်သော မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း စသည်တို့ နဲ့ မှားခြင်းမှန်ခြင်း ရှုပ်ထွေးမှုကိစ္စတစ်ခု Social Media ပေါ်ရောက်လာခဲ့သည် ဆိုပါစို့။ ကမ္ဘာကျော် Rapper Eminem ကဝင်ပြောလိုက်တိုင်း Eminem ပြောလိုက်တဲ့ဘက်သည်အမှန်ဆိုပြီး ဘာဖြစ်ဖြစ် လက်ခံရပ်တည်လိုက်ဖို့မသင့်ပါဘူး။ ဒီဖြစ်ရပ်အပေါ် သူ့ရဲ့ ဝေဖန်ပိုင်းခြားပြမှုနဲ့ ကျနော်တို့ရဲ့ ဆင်ခြင်မှုကို ပေါင်းစပ်ပြီးမှ လက်ခံသင့်မသင့်ဖြစ်ရမှာပါ။ ဒါမှပဲ လူ့အဖွဲ့အစည်းမှာ နိုင်သူရေးစတမ်း ရလာဒ်တွေ ထပ်မထွက်လာမှာ (တစ်နည်း) လျော့နည်းသွားမှာဖြစ်တယ်။ ဒါများ ရှင်းရှင်းလေး ဒီလောက်ရှည်ဝေးရေးပြဖို့မလိုဘူး လူတိုင်းနားလည်တယ်လို့ လျှော့မတွေးပါနဲ့။ ပုဂ္ဂိုလ်စွဲ အားကြီးသူအမှန် ဆိုတာတွေဟာ လူ့အဖွဲ့အစည်းမှာ တိမ်မလိုနဲ့ နက်နက်နဲနဲ ဖြစ်ထွန်းနေပါတယ်။ ကျယ်ပြန့်နေတာတွေ ကျနော်တို့ လက်လှမ်းမှီခဲ့တာတွေလည်းအများကြီးပါ။

ပုဂ္ဂိုလ်စွဲဟာ အင်မတန်ကြောက်စရာကောင်းသလို Brain Wash လုပ်ခံထားရခြင်းကလည်း ပြောင်းလဲမလွယ်တဲ့ လက္ခဏာတစ်ခုပါ။ လူတွေမမြင်မိကြတဲ့ Psychological လည်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ဆရာဝန်တစ်ယောက်က ဝင်ပြောမယ်ဆိုရင် ကျန်းမာရေးရှု့ထောင့်နဲ့ ဆေးဘက်ဆိုင်ရာအချက်အလက်တွေကို ကျနော်တို့ မှတ်သားစရာဖြစ်ရင်ဖြစ်ပါမယ်။ ဆရာဝန် က အရောင်းသမားထက် Abortion ကိစ္စမှာ အားပိုသာပြီး ပိုလေ့လာထားလို့ပါ။ ဒါပေမယ့် ဆရာဝန် ဟာ ကျန်းမာရေးရှု့ထောင့်ကနေ သွယ်ဝိုက်ရေးသားပြီး နစ်နာသူ ကျူးလွန်သူ အပိုင်းတွေကို ဝင်ရောက်ခွဲခြားပြပြီဆိုရင်တော့ ခုနကပြောသလို ကျနော်တို့ ဆင်ခြင်နိုင်စွမ်းနဲ့သာ ဆုံးဖြတ်ရမှာပါ။ ဆရာဝန်မဟုတ်တဲ့ လူတွေအနေနဲ့ ကိုယ်နားမလည်တဲ့ ဆေးပညာရပ်အပိုင်းမှာ ဝင်ရောက်ငြင်းခုန်စရာမလိုပေမယ့် လူသားဆန်မှုအပိုင်းမှာတော့ ကိုယ်ဖြတ်သန်းခဲ့ပုံ ကိုယ့်ရှု့ထောင့် ကနေ ဝင်ရောက်ဆွေးနွေးဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါကို ဝန်းကျင်ကလူတွေကလည်း ထည့်သွင်းစဉ်းစားပေးရမှာပါ။ ဆရာဝန် ပြောခဲ့တဲ့ ကျန်းမာရေး ရှု့ထောင့်ဟာ မှန်နေ အသုံးတည့်နေပေမယ့် ဘယ်သူကျူးလွန်တယ် ဘယ်သူ့လုပ်ရပ်မှားတယ် ဆိုတာမှာတော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။

ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ခြင်း ဆိုတဲ့ အပိုင်းကိုပဲ ကျနော် ခွဲထွက်ပြနေတာပါ။ ဒီဖြစ်ရပ်မှာ သုံးသပ်သူတွေများစွာရှိတဲ့အထဲ Eminem လည်း မှန်ချင်မှန်နိုင်တယ်။ ဆရာဝန်လည်းဖြစ်နိုင်ပါတယ်။ အရောင်းအဝယ်သမားလည်း မှန်နိုင်ပါတယ်။ နယ်ပယ်အသီးသီးကသူတွေ သုံးသပ်ပြမှုအောက်မှာ ဘာပုဂ္ဂိုလ်စွဲမှမရှိ မည်သည့်ဘက်လိုက်မှုမှမပါ မျက်နှာသာပေးမှုမပြုပဲ ဝိုင်းဝန်းရပ်တည်ပေးခြင်းအားဖြင့် နစ်နာသူ ကျူးလွန်သူ ဆိုတာ ပေါ်လာပြီး ကျနော်တို့ ရှုတ်ချသင့်တဲ့သူဟာ တကယ်ပဲ မှားယွင်းတဲ့သူ ဖြစ်လာစေမှာပါ။ ဒီလိုဆို ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကိုတည်ဆောက်ဖို့ အုတ်ခဲတစ်ခဲ သဲတစ်မှုန်ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။

နိဂုံးချုပ်ရရင် ကိစ္စတစ်ခု ဖြစ်ရပ်တစ်ခုတိုင်း ပါဝင်ပက်သက်သူတွေရဲ့ နေရာတိုင်းက ဝင်ကြည့်စေချင်ပါတယ်။ မြင်အောင်ကြည့်နိုင်လေ ဆွေးနွေးလို့ငြင်းခုန်လို့အကောင်းဆုံးပါပဲ။ အမှန်ကိုရှာတွေ့ဖို့လည်း အများဆုံးပါပဲ။ သူ့ရဲ့ပရိတ်သတ်မို့လို့ သူ့ဘက်ကရပ်တည်တာ။ သူစာအရေးအသားကောင်းလို့ ကိုယ့်ဟာကိုမဆင်ခြင်နိုင်မိပဲ သူ့ဘက်ရောက်နေတာ။ ဒါမျိုးတွေ မလုပ်မိဖို့ ခွဲခြားပါ။ အချိန်ကြာမြင့်စွာ Brain Wash လုပ်ခံထားရတဲ့သူတွေအဖို့တော့ ဒီ Content လောက်နဲ့ မလုံးလောက်တာမို့ သီးသန့်ထပ်ရေးပါမယ်။

14/06/2022

ထောင်ကျနေသော သီအိုရီများ

လူတွေဟာ သူတို့ရမ်းထုတ်ခဲ့တဲ့ ကစဉ့်ကလျား သီအိုရီ တွေနဲ့ လူတွေကို ပြန်ထိန်းကြောင်းတယ်။ တစ်ဖန်ဒီလူတွေကိုယ်တိုင် ပြန်ပိတ်မိနေတက်ကြသေး။ဒီအထဲ ထုံးတမ်းအစဉ်အလာတချို့ကို မြင်ပြင်းကပ်လေ့ရှိသော ကျွနုပ်အဖို့ ကိုးကွယ်မှုတွေဟာ ရယ်စရာအရူးပုံပြင်တစ်ပုဒ်လို့ သတ်မှတ်ထားခဲ့ပေါ့။

အသက်ငယ်ငယ်အရွယ်မှာပဲ ဘဝစုံတယ်။ စကားလုံးစုံတယ်။ ဂီတစုံတယ်။ ကဗျာစုံတယ်။ ရည်မှန်းချက်ကို ကြိုးစားမှုနဲ့စားခြင်းမှာ ရလာဒ်အကြွင်းက ဆိုးရွားခဲ့သော် ဒီလူရဲ့ အသုံးမကျခြင်းဟု သမုတ်ကြပြီး အောင်မြင်တောက်ပသည့်အခါ ဘယ်ဘုရား ဘယ်ဖန်ဆင်းရှင်က ဆောင်မသည်ဟု တံဆိပ်ကပ်ကြသော လူ့အဖွဲ့အစည်းအတွင်း ကျနော် မနေပျော်။

ညတချို့ကို လူအိုရုံလမ်းထိပ်က အုတ်ခုံမှာ ဂစ်တာတီးချင်တီးတယ်။ စက်မှု (၁) လမ်းမ ပလက်ဖောင်းဘေးက လက်ဖက်သုပ်ဆိုင်မှာ ထိုင်စားချင်စားတယ်။ ရည်းစားကို အိမ်ပြန်ပို့ရင်ပို့တယ်။ ကော်ဘောလုံးကိုနှစ်ထပ်ထပ်ပြီး လမ်းပေါ်တက်ကန်ချင်ကန်ခဲ့ကြသေး။ ကိုယ့်သူငယ်ချင်းထိရင် ကိုယ့်ငြိတာပဲ ဆိုတဲ့ ဇ ပြ ရန်ပွဲတွေလည်းနွှဲခဲ့ကြဖူး။ လရောင်မှိန်ဖျော့ဖျော့အောက်မှာ အရက်သောက်လိုက် ဆေးခြောက်ရှူလိုက်နဲ့ရော။

သမိုင်းဆိုတာ နိုင်သူက ရေးစတမ်းပဲတဲ့လေ။ ကျနော်တို့ သမိုင်းလိမ်တွေများစွာကို ဘယ်နှစ်နှစ်လောက်များ ကျက်ခဲ့ရလိုက်သလဲ။ ဒီလိုနဲ့ တချို့က ဆရာဝန်တွေဖြစ်ပြီး တချို့က သင်္ဘောသားတွေဖြစ်ကြတယ်။ ကျနော်တို့ ငွေရှာဖို့ စာသင်ခဲ့ကြတယ်။ ပညာတက်တွေတော့ နည်းခဲ့ပါရဲ့။ စာရိတ္တအချိန်မှာ သချာင်္ကျက်ခဲ့ရတာကိုး။

ဗီးဂက်စ် လန်ဒန် ရပ်အန်ဘလူး ရူဘီ မာဘိုရို ဒမ်ဟေးလ် မီးဗီးရက်စ် စုံအောင်သောက်ခဲ့ပေါ့။ အသက် (၆၀) လောက်အထိ နေရပါ့မလား။ နိုး .. နိုး .. ကျနော်တွေးမိတာ ဓာတုဆိုးဆေးအတုတွေ နေ့စဉ်စားနေရတဲ့ ဒီနိုင်ငံအကြောင်းကိုပါ။ စီးကရက် က တစ်နေ့ သုံးနပ်စားနေရတဲ့ အစာအသောက်တွေ နဲ့ယှဉ်ရင် ဘာအရေးလဲဗျာ။

ပန်းချီပညာရှင်ဖြစ်ဖို့ ပါရမီရှိသူ ကောင်မလေးတစ်ယောက်ဟာ စာရင်းကိုင်ဖြစ်နေပြီတဲ့။ ဟုတ်ပါရဲ့ သူမ ဆယ်တန်းပြီးတော့ LCCI တက်ခဲ့ရတာကိုး။ တချို့ညတွေမှာ ဒီကောင်မလေး ပန်းချီရေးတယ်။ သူမအတွက် စိတ်ကြည်နူးရစေတဲ့ အလွတ်လပ်ဆုံး အခိုက်အတန့်ပေါ့။ ဒါပေမယ့် မနက်ရုံးတက်ရမှာမို့ စောစောအိပ်ယာဝင်ရဦးမယ်။

အကယ်၍ ခရစ်စတီယာနိုရော်နယ်ဒို ဟာ အေဗီရေးရိုး မြို့လေးမှာ မမွေးခဲ့ပဲ တောင်ငူမြို့မှာသာ မွေးခဲ့မယ်ဆိုရင်။ ခင်ဗျားဟာ လွတ်လပ်ရေးနေ့တွေမှာ ကျင်းပပေးတဲ့ ဘောလုံးပွဲကိုသာ ကစားဖို့ စောင့်နေလေ့ရှိမယ် ထင်ပါရဲ့။

အသိအမှတ်ပြုခြင်းဟာ ပတ်ဝန်းကျင်မှာ ပျောက်ကွယ်နေတာ ကြာလှပေါ့။ ကျနော်ကိုယ်တိုင်တောင် အသားကျလို့ မေ့တေ့တေ့ဖြစ်နေပြီ။ ဒါပေမယ့် စိုးရိမ်စရာတော့မဟုတ်ပါဘူး။ ဖေ့စ်ဘွတ် ပေါ် ခင်ဗျား ရှာတွေ့နိုင်ပါသေးတယ်။

Website