Letters from Khin
This is the sphere of ‘KHIN’ and to share the emotions, lifestyle and values she has been practicing.
This page is personal blog of a woman called ‘KHIN’ and it aims to share the emotions, lifestyle, values and practices which are embraced in her life. She strongly believes that life should be in balance with what you have received and what you have given. And that equilibrium of life brings you positive encirclement and let your life be alive with amiable vibes and waves of euphoria.
🚨Princess Syndrome🚨
မေမေတို့ အနေနဲ့ ကိုယ့်ရဲ့ သားသမီးမွေးလာရင် အလွန်အကျွံ ချစ်တတ်ခြင်းနဲ့ လက်တွေ့ဘဝနဲ့ ကွာဟတဲ့ လွဲမှားသော အယူအဆ အတွေးအခေါ်တွေကို သွတ်သွင်းမိခြင်း အချို့ကို ကိုယ်တိုင်သတိမထားမိဘဲ ပြုမူမိတတ်ကြပါတယ်။
အဲ့ထဲက ဒီကနေ့ ပြောပြပေးချင်တာကတော့ Cinderella Syndrome သို့မဟုတ် ‼️Princess Syndrome ‼️လို့ခေါ်တဲ့ psychology pattern တစ်ခုပဲ ဖြစ်ပါတယ်။
👸Princess Syndrome👸ဆိုတာ အလွယ်ပြောရရင်တော့ ကိုယ့်ကိုကိုယ် တော်ဝင်မင်းသမီးလေးလို ထင်မှတ်ပြီး တစ်လောကလုံးက လူတွေက မိမိကို ဝန်းရံကြရတယ်။ မိမိကိုပဲ ဖူးဖူးမှုတ်ရမယ်၊ ဗဟိုပြုရမယ်၊ ချစ်ခင်ရမယ် စသဖြင့် ထင်မှတ်စေခြင်းမျိုးကို သင်ကြားခံရခြင်းကို ဆိုလိုပါတယ်။
Princess Syndrome (PS) ရဲ့ လက္ခဏာတွေ အနေနဲ့
🩸မိမိသာ အလှဆုံး၊ အတော်ဆုံးဟုထင်မှတ်ခြင်း။ (PS) ရှိတဲ့ သား(သို့)သမီးဟာ ၎င်းရဲ့ တန်ဖိုးက အလှအပနဲ့ ငယ်ရွယ်နုပျိုမှု တစ်ခုတည်းအပေါ်သာ မှီတည်နေတယ်ဟု အထင်မှတ်မှားတတ်ပြီး ကိုယ်တိုင်လည်း အလှအပအပေါ် အလွန်အမင်း စွဲလမ်းလေ့ရှိပြီး ဒီလှခြင်းတရားကသာလျှင် သူ့ကို သူတပါးထက် ထူးကဲသာလွန်စေတယ်လို့ ခံယူစေခြင်း။
🩸မိမိကိုပဲ လူအများက ဂရုစိုက်ရမယ်ဟု တသမတ်ထဲ ယုံကြည်ခြင်း တနည်းအားဖြင့် မလိုအပ်သည့် Attention Seeking ဖြစ်ခြင်း။
(PS) တွေရဲ့ အတွင်းစိတ်မှာ မိမိသည်သာဤဇာတ်လမ်းရဲ့ မင်းသား/မင်းသမီးဖြစ်ပြီး တစ်ပါးသူ ပတ်ဝန်းကျင်မှာ မိမိကိုယ်သာဗဟိုပြု လည်ပတ်နေသည်ဟုစိတ်ကြီးဝင် ထင်မှတ်နေခြင်း၊ တစ်ပါးသူတွေဟာလည်း မိမိအပေါ်သာ ကောင်းရမည် (သို့) မိမိကိုသာ ဝိုင်း၍ ယုတ်မာနေကြသည်။ မိမိသည် အများနဲ့မတူ ခြားနားစွာ မွေးဖွားကြီးပြင်းလာရသူ၊ သူတပါးထက် အမြဲ တစ်ဆင့် မြင့်နေသူဟု နက်နက်ရှိုင်းရှိုင်းကို ယုံကြည်နေတတ်ကြခြင်း။
🩸 ဝေဖန်ထောက်ပြ ပြောဆိုခြင်းကို မုန်းတီးခြင်း။ ကိုယ်လုပ်တာ အကုန်မှန်ကန်တယ်ဟု အထင်ရောက်ခြင်း။
🩸မိမိဟာ ဘာမှလုပ်စရာမလိုဘဲ သက်တောင့်သက်သာနေသင့်သူဟုထင်မှတ်ခြင်း။ လက်တွေ့တွင် လက်ကြောမတင်း လူရာမဝင်ခြင်းကို အလုပ်လုပ်ဖို့ မလိုအပ်အောင် နုယွလှပသူ၊ ထူးခြားသော ပါရမီပါသူဟု ထင်မှတ်မှားခြင်း။
🩸မင်းသားလေး လာကယ်မှလွတ်မြောက်မယ်ဟု ရုပ်ရှင် ဒဏ္ဍာရီဆန်သော အတွေးစိတ်ကူးယဉ်များ လွှမ်းမိုးနေခြင်း။ ယင်းကြောင့် အသက်အရွယ်တစ်ခုကိုရောက်တဲ့အခါ မိမိကိုယ်တိုင် ကြိုးစားယူလိုစိတ်ထက် အလကား လွယ်လွယ်ရလိုစိတ်၊ သူတပါးငွေကြေး ပစ္စည်းဥစ္စာတို့ကို manipulate လုပ်ပြီး အလွယ်တကူရယူလိုစိတ်တို့ကို ဦးတည်စေခြင်း။ ဥပမာဆိုရလျှင် ချစ်သူရည်းစားရခဲ့ရင်တောင် သူ့ရဲ့ ချစ်သူကောင်လေး သို့မဟုတ် ကောင်မလေးကို လိုချင်တာတွေ ဝယ်ပေးအောင် သွယ်ဝိုက်ပြီး အတင်းအကြပ် တောင်းဆိုခြင်း။ အလိုဆန္ဒ မတင်းတိမ် မပြည့်ဝဘဲ မိမိက ဒီထက် ထိုက်တန်တယ်ဟု အမြဲ အထင်ရောက်နေစေခြင်း။
🩸အပြစ်လုပ်ပြီး သူတပါးအပေါ်လွှဲချတတ်ခြင်း။ ကိုယ့်အမှားကို ဘယ်တော့မှ တာဝန်မယူခြင်းစတဲ့ စရိုက်လက္ခာအတွေးအခေါ်တွေကို ဆင့်ကူး ဖြစ်ပေါ်စေနိုင်ပါတယ်။
📌လူတိုင်းက မိမိရဲ့ အချစ်ဆုံးရင်သွေးရတနာကို မင်းသား/မင်းသမီးလေးလို့ ချစ်ခင်တွယ်တာပေမဲ့ ပတ်ဝန်းကျင်အနေနဲ့ သာမာန် သား၊သမီးကလေးငယ်သာ ဖြစ်၍ ယင်းစိတ်ကြောင့် မိမိသားသမီးနဲ့ ပတ်ဝန်းကျင်ကို ဝေးကွာစေခြင်း၊ မိမိသားသမီးအပေါ်မှာ မလိုအပ်သော ထိခိုက်စေခြင်းများကိုလည်း ကျရောက်လာစေနိုင်တာကို ဖေဖေတို့ မေမေတို့ သတိပြုကြသင့်ပါတယ်။ ပြီးတော့ ဒီလိုမျိုး စရိုက်ကနေ အချိန်မှီပြုပြင်ပြောင်းလဲ ပေးနိုင်မှုမရှိတဲ့ အခါ ယင်းကလေးဟာ Princess Syndrome အဆင့်ကနေ egocentrism နဲ့ narcissism စတဲ့ အတ္တဝါဒကြီးစိုးတဲ့ လူ့အတ္တဘောအနေနဲ့ သူ့ဘဝကိုရှင်သန်သွားရတဲ့အထိ ဦးတည်သွားစေပါတယ်။📌
ဒါဆို မေမေ၊ ဖေဖေတို့အနေနဲ့ ကိုယ့်ရဲ့ သမီးလေးကို ဘယ်လိုတွေ ပြုစုပျိုးထောင်ကြမလဲ။
💎What is true beauty?
လှခြင်းတရားက အပေါ်ယံရုပ်ရည် တစ်ခုတည်း မဟုတ်ဘဲ အတွင်းစိတ်လေး လှဖို့နဲ့ မတူညီကွဲပြားစွာ တည်ရှိနေတဲ့ အလှတရားတွေ၊ အသားအရောင်တွေ၊ အသက်အရွယ်တွေ၊ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေကို နားလည်အောင် ပြောပြပေးဖို့ပါပဲ။
💎 Cooperative attitude
ကိုယ့်ရဲ့ သမီးလေးကို သူ့ရဲ့ အလှတရားတစ်ခုတည်းကြောင့် မချီးကျူးဘဲ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ ဥာဏ်ရည်ထက်မြက်မှု၊ တပါးသူတွေအပေါ် ကြင်နာမှု၊ စာနာထောက်ထားမှု၊ သူငယ်ချင်းတွေအပေါ် မျှဝေနိုင်မှု၊ လူသားဆန်တဲ့ဓလေ့စရိုက်တွေ၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စရိုက်လေးတွေကို မွေးမြူပျိုးထောင်ပေးရမှာဖြစ်ပါတယ်။
💎 Authenticity
သား၊သမီးလေးကို သူတပါးနဲ့ နှိုင်းယှဉ်ပြီး အမြဲသာလွန်နေသူလို့ ချီးမွမ်းမပြောဆိုဘဲ သူ့ရဲ့ မူရင်း ဖြစ်တည်မှု အမှန်ကို လက်ခံပြီး သူ့ရဲ့ တန်ဖိုးအမှန်ကို ရှာဖွေတွေ့ရှိအောင် လမ်းညွှန်ပေးရမှာဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်း ဘဝ အခြေအနေတွေကို မှန်မှန်ကန်ကန် သိရှိ ဆန်းစစ် နားလည်အောင် သင်ကြားပေးရမယ့်အပြင် ဒီလို သင်ကြားပေးခြင်အားဖြင့် တစ်ခုခုဆို မဝံ့မရဲဖြစ်တာ၊ ချီတုံချတုံဖြစ်တတ်တာ တနည်းအားဖြင့် indecisive ဖြစ်တတ်တဲ့ အလေ့အကျင့်ကိုလည်း တိုက်ထုတ်ပြီးသားဖြစ်စေပါတယ်။
💎 Responsibility and Accountability
သားငယ်၊ သမီးငယ်က အမှားတစ်ခုခု အပြစ်တခုခုကို ကျူးလွန်မိရင် ဝေဖန်ထောက်ပြရမှာက မိဘတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကို မိမိသားသမီးအပေါ် ချစ်စိတ်ကြောင့် မိမိကိုယ်တိုင် အမှန်မမြင်ဘဲ ပြုမူကျင့်ကြံမိတာမျိုးက ရှိတတ်ပါတယ်။ တကယ်တော့ လူ့ဘဝရဲ့ ငယ်ရွယ်စဉ် အမှားသေးသေးလေးတွေဟာ ပြစ်မှုမဟုတ်သလို အဆိုးဘက်ကိုလည်း မဦးတည်စေပါဘူး။ သိုပေမဲ့ တာဝန်ယူမှု တာဝန်ခံမှုကို မသင်ကြားပေးဘဲ ခေါင်းရှောင်သူ တာဝန်မဲ့သူ တစ်ဦးဖြစ်အောင် သင်ကြားမှုများက ဒီက စတာဖြစ်ပါတယ်။ ကိုယ်အမှားလုပ်ထားရင် သူတပါးအပေါ်မလွှဲချဘဲ ကိုယ်အဆုံးထိ တာဝန်ယူဖြေရှင်းတတ်တဲ့ ဗီဇလေးကို မွေးမြူပေးရမှာဖြစ်ပါတယ်။
💎 Avoid Over-Drama and Over-Reaction
လောကကြီးမှာ ကျွန်မတို့ဟာ ချိုတလှည့် ခါးတလှည်း ကံကြမ္မာ ကိုဖြတ်သန်းကြတာဖြစ်ပါတယ်။ ဒါဟာ လူဖြစ်လာတဲ့ လူသားတိုင်း သူ့အတိုင်းအတာနဲ့ သူကြုံရတဲ့ လောကဓမ္မတာ ဖြစ်ပါတယ်။ ဒါကို မိမိ မှာမှ ကြုံတွေ့ရသလို အတွေးနယ်ချဲ့ ပုံကြီးချဲ့ ပြုမူဆက်ဆံမှုမျိုး မရှိဘဲ တွေ့ဆုံကြုံတွေ့ ခံစား လောကနိယာမများကို ခံနိုင်ရည်ရှိရှိ ပြုစု ပျိုးထောင်နိုင်ဖို့ဟာလည် သိပ်ကို အရေးပါလှပါတယ်။ မိမိသားသမီးကို မလိုအပ်တဲ့ အတွေးအခေါ်တွေ ရှုပ်ထွေးစေခြင်း သားသမီးနဲ့ သူတပါး အတင်းပြော အပုတ်ချခြင်း လောက ကိုကြံ့ကြံ့ခံ မရှုမြင်စေခြင်းတို့ရဲ့ ရလဒ်အနေနဲ့ ပျော့ညံ့သော သူရဲဘောကြောင်သော သားသမီးများ မမွေးမြူမိစေရန်မှာ ဖေဖေ၊မေမေတို့ရဲ့ တာဝန်လည်းဖြစ်ပါတယ်။
ဒါဆိုရင်တော့ ဖေဖေ၊မေမေတို့အနေနဲ့ ကိုယ့်ရဲ့ သား၊သမီး ကို ပြုစုပျိုးထောင်တဲ့အခါ (PS) နဲ့ လူ့လောကမှာ မိမိသားသမီးဘဝမခက်ခဲရအောင် ဘယ်လို parental behavior တွေနဲ့ ပြင်ဆင် ပံ့ပိုးသင့်လဲဆိုတာ တခုခုတော့ ရမိလိမ့်မယ် ထင်ပါတယ်။ ဖေဖေ၊မေမေတို့ဟာ မိမိရဲ့ သား၊သမီးလေးကို အမြဲ အလိုမပြည့်ဘဲ တပါးသူဆီကရယူပြီးမှ ပျော်ရွှင်ရတဲ့ အတုအယောင် မင်းသား၊ မင်းသမီးလေးအဖြစ် မဟုတ်ဘဲ ကိုယ်ပိုင် own empire ကို တည်ဆောက်နိုင်တဲ့ ကိုယ့်တန်ဖိုး အစစ်အမှန်ကို တန်ဖိုးထားတဲ့ အမျိုးသား/အမျိုးသမီးလေးတွေဖြစ်အောင် မွေးမြူကြနိုင်ကြပါစေလို့ ကျွန်မက ဆုမွန်တောင်းလိုက်ပါတယ်။
ချစ်သော
ခင်
❗️လူတွေဟာ တစ်ယောက်တည်း ရှင်သန်နိုင်ကြပါရဲ့ ဘာလို့ ဘဝလက်တွဲဖော်ရှာကြလဲလို့ ကိုယ့်ကိုလာမေးရင်တော့ ကိစ္စတော်တော်များများ၊ အခက်အခဲတော်တော်များများဟာ တစ်ယောက်တည်းထက်စာရင် နှစ်ယောက်အတူ ရင်ဆိုင်ရတာ ဖြေရှင်းရတာ ပိုပြီး လွယ်ကူစေလို့ပဲလို့ ဖြေမိမှာပါပဲ။❗️
ကိုယ်ချစ်တဲ့သူနဲ့ အကြောင်းအရာတွေကို အတူရင်ဆိုင်ဖြတ်ကျော်ရတာ သိပ်ကို လွယ်ကူသွားစေတယ်။ ပိုပြီး သက်တောင့်သက်သာ ဖြစ်သွားစေတယ်။ မင်းနဲ့အတူရှိခြင်းက ကိုယ့်ကို အရာရာမှာ ပိုပြီး အဆင်ပြေသွားစေတယ်။
🌸တစ်ယောက်တည်း မရင်ဆိုင်နိုင်လို့ မဟုတ်ဘူး။ မင်းနဲ့အတူ ဖြတ်ကျော်ချင်လို့…
🌼တစ်ယောက်တည်း မနေနိုင်လို့မဟုတ်ဘူး။
မင်းနဲ့မှ ပိုပြီးပြည့်စုံသွားစေတာမို့လို့…
🌸တစ်ယောက်တည်း မပျော်နိုင်လို့ မဟုတ်ဘူး။မင်းနဲ့အတူ ပျော်ရွှင်ခြင်းကသာ ကိုယ့်ကို နွေးထွေးစေလို့…
🌼ပင်ပန်းရတဲ့ နေ့ရက်တွေမှာ မင်းပခုံးပေါ်မှီလိုက်ရတာ ပိုပြီး သက်တောင့်သက်သာ ခံစားချက်လေးပေးလို့…
🌸ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ မင်းတစ်ယောက်ကိုတော့ ရင်ဖွင့်ပြီး ငိုချခွင့် ရယ်မောခွင့်လေး ရနေချင်သေးလို့…
ဒီ လူသားကို ချစ်ခွင့်ရခြင်းဟာ မမြင်နိုင်တဲ့ အားအင်တစ်မျိုးကို ပေးစွမ်းပါတယ်။ အကြောက်တရားကနေ လွတ်မြောက်စေတယ်။
ချစ်ခြင်းဟာ ကိုယ့်ဘဝကို ပိုပြီးသန်မာလာစေတယ်။
ဟုတ်တယ်…
ချစ်ခြင်းဟာ ခွန်အားပဲ…
Khin
❣️ အချစ်နဲ့ အိမ်ထောင်ရေး ❣️
အချစ်စစ်ဆိုတာ တကယ်ရော ရှိရဲ့လား…
အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲ…
ရင်ထဲမှာ လိပ်ပြာတွေဝဲသလို ဖြစ်နေတတ်တာမျိုးလား…
ရင်ခုန်စိတ်လှုပ်ရှား စွဲလမ်းတတ်တာမျိုးလား…
သိပ်ကို ရုပ်ရှင် ဆန်တတ်သလား…
အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြမှာပဲ။
လွပ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။
ဒါကတော့ အချစ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုကျွန်မရဲ့ version ပဲ ဖြစ်ပါတယ်။
ကျွန်မ ကမ္ဘာမှာတော့ အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်။ အဲ့တာက ရုပ်ရှင်လည်း မဆန်သလို ဒမာတွေလည်း မချိုးတတ်ပါဘူး။ မင်းနဲ့ဆိုရင် ကိုယ့်အတွက် နွေးထွေးလုံခြုံသွားတယ်၊ အေးချမ်းသွားတယ် I feel safe with you ဆိုတဲ့ ခံစားချက်မျိုးပါ။
ပူလောင်ပြီး အမြဲ စိတ်ရှုပ်စေတာမျိုး၊ ပြဿနာတွေ အမျိုးမျိုးရှာတတ်တာမျိုး၊ အလွန်အမင်း drama တွေခင်းတတ်တာမျိုးက အချစ်စစ်မဟုတ်ဘူးလို့ပဲ ကျွန်မက မှတ်ယူပါတယ်။
တည်ငြိမ်အေးချမ်းပြီး လုံခြုံနွေးထွေးတဲ့ ရပ်ဝန်းမှာ ပျော်ပျော်ရွှင်ရွှင် ရောက်ရှိနေတဲ့ ခံစားချက်မျိုးကို အချစ်စစ်လို့ ကျွန်မက အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။ မင်းဟာ ဒီလူသားနဲ့ဆို တစ်ဘဝစာတော့ နားခိုချင်သွားပြီ၊ ခေါင်းချသည်အထိ ဘဝကို အတူဖြတ်သန်းချင်သွားပြီလို့ ဆုံးဖြတ်မိစေတဲ့ နွေးနွေးထွေးထွေး ခံစားချက်လေးတစ်မျိုးပဲ။
🩵အပြန်အလှန် respect ရှိမှု
🩵ပြုပြင်ပြောင်းလဲလိုမှု
🩵မေတ္တာပေါ်အခြေခံပြီး အကြောင်းအရာတွေအပေါ် ချဉ်းကပ်မှု စတဲ့ နှစ်လိုဖွယ် အချက်လေးတွေက အချစ်စစ်မှာ တည်ရှိပါတယ်။
အချိန်တွေကြာလေ တန်ဖိုးလျော့လေ မဟုတ်ဘဲ ဒီလူသားနဲ့ အတူရှိတာ ကြာလာလေ ဘဝက ပိုပြီး အနှစ်သာရရှိလာလေလို့ တစိမ့်စိမ့်တွေးပြီး ကြည်နူးရတာမျိုးဖြစ်တယ်။
ပြီးတော့လေ ကျွန်မအတွက်တော့ အိမ်ထောင်ပြုတယ်ဆိုတာ စံတန်ဖိုးတွေ ဆင်တူတဲ့ လူနှစ်ယောက်ပေါင်းဖက်ခြင်းပဲ။ ဒီလိုပဲ ကျွန်မက နားလည်ထားပါတယ်။
နှစ်ဦးနှစ်ဖက်ရဲ့ အတွေးအခေါ်၊ စံတန်ဖိုး၊ စရိုက်၊ လူသားဆန်မှု စတာတွေ အလုံးစုံမတူညီရင်တောင် အခြေခံလောက်တော့ တူနေမှ ပေါင်းဖက်လို့ အဆင်ပြေတာဖြစ်တယ်။
ခရီးအရှည်ကြီးကို လျှောက်ရမှာဖြစ်လို့ ညှိနှိုင်းမှုတွေလည်း အများကြီး ပါဝင်မှာပဲ ဖြစ်တယ်။ မတူညီတဲ့ မိသားစု နှစ်ခုက မွေးဖွားကြီးပြင်းလာတဲ့ လူနှစ်ယောက် ပေါင်းဖက်ခြင်းမှာ ယောကျ်ား ဖြစ်ဖြစ်၊ မိန်းမ ဖြစ်ဖြစ်၊ LGBTပဲဖြစ်ဖြစ် အနည်းဆုံးတော့ အခြေခံ စံတန်ဖိုးတွေဆင်တူမှ ပွတ်တိုက်မှုတွေ၊ ထိရှမှုတွေ နည်းမှာ ဖြစ်ပါတယ်။
📌တစ်ဖက်တည်းက ကွက်ပြီး လူရွေးမှန်တယ်ဆိုတာ လက်တွေ့ဘဝမှာ ရှိကို မရှိပါဘူး။ 📌
နှစ်ဖက်လုံး ရေရှည်တည်ဆောက်ယူရတဲ့ process သာလျှင်ဖြစ်တယ်။ အဲ့ဒီလို တည်ဆောက်နိုင်ဖို့ ချစ်ခြင်းမေတ္တာတွေ၊ ပြုပြင်ပြောင်းလဲလိုစိတ်တွေနဲ့ အခြေခံ ခိုင်ခိုင် တစ်ဆင့်ပြီးတစ်ဆင့် ချည်နှောင်လာခဲ့ကြရတာပါပဲ။
ဘယ်ဗေဒင်ဆရာ၊ ဘယ် အကြားအမြင်ဆရာကိုမှ သွားမေးနေစရာလည်း မလိုပါဘူး။ နေ့နံတွေ နက္ခတ်တွေက ကျွန်မတို့ရဲ့ လက်တွေ့ လူ့ဘဝကြီးမှာ ထမင်းတစ်နပ်စာလောက်တောင် အသုံးမဝင်ပါဘူး။ ဒါကို ကောင်းကောင်းနားလည်မှ ကိုယ်နဲ့ ကိုက်ညီပြီး လူရည်လူသွေး တူညီတဲ့ ဘဝလက်တွဲဖော် ကို ရှာနိုင်မှာ ဖြစ်ပါတယ်။
ချစ်ရတဲ့ မိတ်ဆွေတွေအားလုံးလည်း ကိုယ်နဲ့ စံတန်ဖိုးတွေ ဆင်တူတဲ့ အချစ်စစ်ကို ရှာတွေ့ကြပါစေလို့ ဆုမွန်တောင်းရင်း… ❣️❣️
ချစ်သော
ခင်
ကြယ်ငါးကောက်သူကို စသိတာကတော့ Loren Eiseley ရဲ့ Starfish story ကအစပြုပါတယ်။
အကြောင်းအရာက ထူးထူးဆန်းဆန်းရယ်တော့ မဟုတ်ပါဘူး။ ကမ်းခြေမှာ လူတစ်ယောက်က လမ်းလျှောက်ထွက်ရင်း လူငယ်လေးတစ်ယောက်က တစ်စုံတစ်ခုကို ကောက်ယူလိုက် ပင်လယ်ထဲပစ်လိုက် လုပ်နေတာ တွေ့လို့ ဘာလုပ်နေတာလဲဆိုပြီး သွားစပ်စုတယ်ပေါ့။
ထိုလူငယ်လေးက ကမ်းခြေမှာ တင်နေတဲ့ ကြယ်ငါးတစ်ချို့ကို ပင်လယ်ထဲကို ပြန်ပို့ပေးနေတာ ဖြစ်ပါတယ်။
အဲ့တာနဲ့ လူကြီးကမေးလိုက်ပါတယ်။ ဘာလို့ ကြယ်ငါးတွေကို ပင်လယ်ထဲပစ်နေတာလဲပေါ့။
လူငယ်လေးက -မကြာခင် နေထွက်လာပြီး ဒီရေက ကျသွားတော့မှာ။ အချိန်မှီ ပင်လယ်ထဲကို ပြန်မရောက်ရင် ဒီကြယ်ငါးလေးတွေ သေကုန်လိမ့်မယ်- ဆိုပြီး ပြန်ဖြေပါတယ်။
လူကြီးက - ကမ်းခြေက အရှည်ကြီးလေ ကြယ်ငါးတွေကလည်း ကမ်းခြေ တစ်လျှောက် ပုံအောနေတာ၊ မင်းအဲ့လို ကောက်လိုက်တော့ ဘာများထူးသွားမှာမလို့လဲ- လို့စောဒကတက်လိုက်ပါတယ်။
လူငယ်လေးက ဘာမှပြန်မပြောဘဲ နောက်ထပ် ကြယ်ငါးလေးတစ်ကောင်ကို ထပ်ကောက်ယူပြီး ပင်လယ်ထဲ လွှတ်ပေးလိုက်ပါတယ်။ ပြီးတော့ တဆက်ထဲ
♦️ကျွန်တော်ကောက်ယူလိုက်တဲ့ တစ်ကောင်အတွက်တော့ ထူးသွားမှာပါ ♦️ဆိုပြီးအေးအေးဆေးဆေးပဲပြန်ဖြေပါတယ်။
ဟုတ်ပါတယ် လူတစ်ယောက်ထဲရဲ့ လုပ်ရပ်တစ်ခုထဲကတော့ ကမ္ဘာလောကကြီးအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိသွားမယ်လို့တော့ မဟုတ်ဘူးပေါ့။
ဒါပေမဲ့ပေါ့လေ…
ကိုယ်နိုင်တဲ့ တာဝန်တစ်ခုကို ယူရင်း ကိုယ်မှန်တယ် ထင်တဲ့ လမ်းကိုလျှောက်ရင်း ကိုယ်ယုံကြည်တဲ့ စနစ်တစ်ခုကို ပံ့ပိုးရင်း လမ်းတွေဖောက်ရတာ ပျော်စရာကောင်းပါတယ်။
ဘဝမှာ ကိုယ်တစ်ယောက် ပါဝင်လိုက်လို့ လုပ်လိုက်လို့လည်း စနစ်ကြီးတစ်ခုလုံးပြောင်းသွားမှာ မဟုတ်ဘူးဆိုပေမဲ့ ကိုယ်ဆိုတဲ့ နှမ်းစေ့တွေများလာတဲ့အခါ ဆီဖြစ်သွားနိုင်တာပါပဲ။
တစ်နေ့
ကမ္ဘာကြီးမှာ ပုံပြင်တွေပြန်ပြောကြတဲ့အခါ ကြယ်ငါးကောက်သူ တစ်ယောက်အဖြစ် ပါဝင်ခွင့်ရတာ သိပ်ကို ချိုမြိန်ပြီး အနှစ်သာရ ပြည့်ဝကြောင်း ပြန်ပြောပြီး ဂုဏ်ယူကြတာပေါ့…
ချစ်သော
ခင်
ရှင်သန်မှု တစ်ခုစီတိုင်းမှာ မတူညီတဲ့ အခက်အခဲ တစ်မျိုးစီ ရှိကြတာပါပဲ။
အလုံးစုံ အဆင်ပြေချောမွေ့နေတယ်တော့ ဘယ်ဟုတ်မလဲ။
အလုပ်တွေတိုင်းမှာလည်း ပြဿနာတွေ အတားအဆီးတွေဆိုတာ ရှိတာပဲလေ။
ဒါတွေရှိနေခြင်းကိုက ဘဝရဲ့ အနှစ်သာရပါပဲ။
အနည်းဆုံးတော့ လမ်းတွေရှိပါသေးတယ်။
အဖြေတွေ ရှိပါသေးတယ်။
ဘေးမှာ ချစ်ရတဲ့ မင်းလည်း ရှိသေးတယ်။
ဘဝဟာ ပုံသေနည်း အတိအကျ မရှိတဲ့ ပုစ္ဆာပဲပေါ့ …….
မင်းနဲ့အတူ ကော်ဖီသောက်ရင်း ဖြေရှင်းရမဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့………
#ဘဝအနှစ်သာရ
#အချစ်နဲ့ကော်ဖီ
❣️လူ ၃မျိုး❣️
ဒီနေ့တော့ ဆယ်ကျော်သက်အရွယ် ကျွန်မ မောင်လေးကို သွန်သင်ဖြစ်တဲ့ အကြောင်းအရာလေးတစ်ခုကို အားလုံးကို မျှဝေပေးချင်ပါတယ်။ မောင်လေးက ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း လူ့ဘဝအကြောင်းကို နားမလည်သေးဘူး။ ကိုယ်ကိုယ်တိုင် ဘဝကို ဘာမှ မဖြတ်သန်းဖူးသေးတော့ ပြန်မပြော နားမထောင် ဘဝကို ပေါ့ပေါ့ပဲတွေးနေတဲ့ အသက်အပိုင်းအခြားတစ်ခုပေါ့။
မောင်လေးကို ကျွန်မပြောဖြစ်တာကတော့ လောကမှာ ရှိတဲ့ လူ ၃မျိုး ရယ်ပါ။
အရွယ်ရောက်ပြီးလူတွေမှာ လူ ၃ မျိုးရယ် ရှိပါတယ်။
♻️ ၁။ မိမိကိုယ်မိမိ တာဝန်မယူနိုင်တဲ့သူ
♻️ ၂။ မိမိကိုယ်မိမိ တာဝန်ယူနိုင်တဲ့သူ
♻️ ၃။ မိမိကိုယ်မိမိသာမက တပါးသူတွေကိုပါ တာဝန်ယူနိုင်တဲ့သူရယ်လို့ ဖြစ်ပါတယ်။
1️⃣ နံပါတ် ၁ ဖြစ်တဲ့ မိမိကိုယ် မိမိ တာဝန်မယူနိုင်တဲ့သူဆိုတာ ငယ်ရွယ်စဉ်အချိန် မိဘ ဆွေမျိုးဆီက အထောက်အပံ့နဲ့နေရတဲ့ အရွယ်တစ်ခုကို ဆိုလိုတာမဟုတ်ဘဲ အရွယ်ရောက်သည်အထိ နံပါတ် ၁ အမျိုးအစား ဖြစ်နေဦးမယ် ဆိုရင်တော့ ၎င်းလူသားဟာ မိမိအနီးနားပတ်ဝန်းကျင် တပါးသူကို ဝန်ထုတ်ဝန်ပိုးဖြစ်စေပါပြီ။
ကျွန်မတို့ ဝန်းကျင်မှာ အသက်အရွယ်တစ်ခုရောက်သည့်တိုင် မိမိကိုယ်ကိုယ် တာဝန်မယူနိုင်သူများ ကြုံဖူးမှာ ဖြစ်သလို ငယ်ငယ်ရွယ်ရွယ်နဲ့ သူများကိုအားကိုးရှင်သန်မနေဘဲ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်သူတွေလည်း ဆုံဖူးကြမှာပါ။
မိမိကိုယ်ကို တာဝန်ယူနိုင်မှု ကင်းမဲ့ခြင်းဟာ ပြုစုပျိုးထောင်ခြင်းအပေါ်အများကြီး မူတည်ပြီး အကယ်၍ ကျွန်မတို့ဟာ မိမိကိုယ်ကိုယ်တောင် တာဝန်မယူနိုင်တဲ့ လူသားတစ်ဦး သားသမီးတစ်ဦးကို ပုံသွင်းမွေးမြူမိပြီဆိုရင် ၎င်း ကလေးငယ်ဟာ ဘဝမှာ အရွယ်ရောက်လာရင်တောင် လူကြီးဖြစ်မလာဘဲ လူသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် အသုံးချခွင့်မရှိတဲ့ တန်ဖိုးမဲ့ လူသားတစ်ဦး လူ့အန္တတ တစ်ဦးရယ်အဖြစ် ပတ်ဝန်းကျင် အငြိုငြင်ခံ ဘဝကို ဖြတ်သန်းသွားရမှာပဲဖြစ်ပါတယ်။
2️⃣နံပါတ် ၂ အမျိုးအစားကတော့ မိမိကိုယ်မိမိ တာဝန်ယူနိုင်တဲ့သူ သူကတော့ ကိုယ့်ဝမ်းကိုယ်ကြောင်းနိုင်ပြီး ကိုယ့် ဘဝကိုယ် တာဝန်ယူ ထိန်းကြောင်းနိုင်ပါလိမ့်မယ်။ သူတပါးကို ကိုယ့်ကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေတော့ဘူး ဆိုရင်တော့ ဘဝက တန်ဖိုး တစ်ခုရှိတာမှန်ပေမဲ့ ကိုယ်အတွက်ပဲကိုယ်ကြည့်လွန်းတဲ့ အတ္တဆန်တဲ့ ပုံစံမျိုးတော့လည်း ဖြစ်နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ လူ့အရည်အသွေး၊ လူသားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အသုံးချခွင့်ရတဲ့သူ၊ တန်ဖိုးတစ်ခုရှိတဲ့ လူသားတစ်ယောက်တော့ ဖြစ်သေးတယ်ပေါ့။
3️⃣နံပါတ် ၃ ဖြစ်တဲ့ မိမိကိုယ်မိမိသာမက တပါးသူများကိုပါ တာဝန်ယူနိုင်တဲ့သူဆိုတာကတော့ ကိုယ့် တစ်ကိုယ်ရည် တစ်ဝမ်းတစ်ခါးသာမက အများ သူငါ ပတ်ဝန်းကျင်ကိုပါ တိုးတက်အောင်စွမ်းဆောင်နိုင်တာ၊ တာဝန်ယူနိုင်တာ၊ အထောက်အပံ့ အကူအညီ အကြံအဉာဏ်ကောင်းတွေပေးနိုင်တာမျိုးပေါ့။
အနှီလူသားမျိုးကတော့ လူ့လောကကို ရောက်လာခြင်းဟာ တန်ဖိုးအလွန်ရှိလှပြီး သူ့အတွက်လည်း လူဖြစ်ရကျိုး နပ်သူပေါ့။ ကျွန်မကတော့ ထိုလူသားမျိုးတွေကို သစ်ပင်ကြီးနဲ့တူသော သူများအဖြစ်ရှုမြင်ပါတယ်။ ပြီးတော့ သူတို့ဘဝဟာ လူပီသခြင်း အဆင့်ကိုရောက်ရှိကြတယ်လို့ မှတ်ယူပါတယ်။
ကျွန်မကတော့ လောကမှာ လူဖြစ်ရဖို့ဟာ လွယ်ပေမဲ့ လူပီသဖို့ကြိုးစားရတာက အတိုင်းအတာ တစ်ခုအထိ ခက်တဲ့အပိုင်းလို့မြင်ပါတယ်။ သူသူ ငါငါ မဖြစ်နိုင်လောက်အောင် ခက်ခဲတာတော့မဟုတ်ဘူးပေါ့။ တချို့များဟာ ငါ လူမပီသရခြင်းဟာ အများသူငါကြောင့် မိဘဆွေမျိုးကြောင့် ပတ်ဝန်းကျင်ကြောင့်လို့ အပြစ်ဖို့တတ်ကြပါတယ်။ ပြင်ပအကြောင်းအရာတွေဟာ တစ်စိတ်တစ်ဒေသ ဆက်နွယ်နိုင်ပေမဲ့ တကယ်တမ်းကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယ အကြောင်းတရားများက ပိုလို့ တိုက်ရိုက်တိုက်ဆိုင်တယ်ဆိုတာ ဥပမာတွေ အများကြီးရှိပါတယ်။
ကျွန်မကတော့ ဘဝမှာ အကိုင်းအခက်တွေ ဝေဆာပြီး အရိပ်ကောင်းကောင်းပေးနိုင်တဲ့ သစ်ပင် အကြီးကြီးတစ်ပင် ပမာ ဖြစ်ချင်မိပါတယ်။ 🌳 🌳 🌳
သစ်ပင်အောက်ကို ခိုဝင်လာတဲ့ အများသူငါတိုင်းကို အရိပ်ပမာ အေးချမ်းမှု ပေးနိုင်တဲ့ တန်ဖိုးရှိ သက်ရှိ တစ်ယောက် အဖြစ် ဘဝကို ဖြတ်သန်းသွားချင်ပါတယ်။
ကျွန်မရဲ့ လူ့ဘဝထဲစဝင်တော့မယ့် ဆယ်ကျော်သက်မောင်လေးကိုလည်း လူသုံးမျိုးမှာ ကိုယ်ဖြစ်ချင်တဲ့ လူသားဖြစ်ဖို့ ရွေးချယ်ရမယ့် ကြိုးစားလုံ့လပြုရမယ့် အချိန်တစ်ခုရောက်ပြီဆိုတာ သွန်သင်မိရင်း ဒီစာလေးကိုရေးပြီး မျှဝေဖြစ်ပါတယ်။
မိတ်ဆွေတို့ အယောက်စီတိုင်းလည်း လောကကြီးကို အကျိုးပြုနိုင်သော အကိုင်းအခက် ဝေဆာသော သစ်ပင်ကြီးများ အဖြစ်ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းရင်း 🌿🌿🌿🌿
ချစ်သော
ခင်
#လူသုံးမျိုး
#လူပီသခြင်း
#သစ်ပင်လိုလူ
ကျွန်မ သူငယ်ချင်း မိတ်ဆွေတွေက ကျွန်မကို အရင်အတိုင်းပဲနော် အိမ်ထောင်မကျခင်ကလိုပဲ ဝမလာဘူး အရင်ပုံစံလေးပဲ စသဖြင့် ပြောကြတယ်ပေါ့။
တကယ်က သိသိသာသာကို ပိုပြီးပြည့်လာပါတယ်။ ကျွန်မ အိမ်ထောင်မကျခင်က ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး အိမ်ထောင်ကျပြီးနောက် သန္ဓေတား ပစ္စည်းကြောင့်၊ ဟော်မုန်း အပြောင်းအလဲကြောင့်ရော အသက်အရွယ်အရပါ body weight လည်း ပိုတက်လာပါတယ်။
ဒါပေမဲ့ ဘာလို့ မသိသာလဲဆိုတော့ သူ့အသက်အရွယ်တန်းမှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် အနေအထားနဲ့ သင့်တင့်မျှတတဲ့ ဘဝနေထိုင်မှုပုံစံရယ် နဂိုကထဲက အလှအပကြိုက်တော့ ကိုယ့်ကိုယ်ကို ဂရုတစိုက် ပြင်ပြင်ဆင်ဆင်နေတာရယ်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
လူတိုင်းက အသက် ၁၉ ၊ ၂၀ လောက်က ခန္ဓာကိုယ် တည်ဆောက်ပုံအနေအထားကတော့ အသက် ၃၀ အရွယ်မှာ တစ်ထပ်တည်း ပြန်မရနိုင်ပါဘူး။ ဒါကအမှန်တရားပါ။
တကယ့်တကယ်ကလည်း အရွယ်တစ်ခုစီမှာ အသွင်မတူတဲ့ လှပခြင်းတစ်မျိုးစီ ရှိကြပါတယ်။ ဒါကြောင့်လည်း age like fine wine ရယ်လို့ တင်စားကြတာပေါ့ 🍷
အဲ့ဒီ့တော့ ပြန်မရနိုင်တဲ့ ပုံစံကို မရလို့ဆိုပြီး စိတ်ညစ်မနေဘဲ လက်ရှိ အသက်အရွယ်တန်းမှာ သင့်တင့်မျှတတဲ့ အာဟာရရှိတာတွေစားမယ်၊ ကိုယ်တတ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်မယ်၊ လက်လှမ်းမှီတဲ့ skincare products လေးတွေသုံးမယ်၊ ကိုယ့်ရဲ့ ရုပ်ရော စိတ်ရောကို ကျန်းမာအောင်နေမယ်ဆိုရင် တစ်ဘဝစာ အကောင်းဆုံးပါပဲ။
ဆယ်ကျော်သက်အရွယ်တုန်းက နုပျိုခြင်းထက် အသက်အရွယ်တိုင်းမှာ သူ့ အသက်အလိုက် ကျန်းမာ လှပခြင်းကသာ ဘဝနေထိုင်မှုမှာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။
သဘာဝကိုလွန်ဆန်ပြီး အလွန်အမင်း နုပျိုချင်တဲ့အတွက် Botox တွေ Collagen ကြိုးတွေထိုးနေလည်း လက်တွေ့က ၁၈၊ ၁၉ နှစ်အရွယ်က အတိုင်းတော့ ပြန်မရနိုင်ပါဘူး။ တတ်နိုင်တဲ့သူတွေ လုပ်ကြတာ အကြောင်းမဟုတ်ပါ။ ကိုယ်စိတ်ပျော်ရာ ကိုယ်ကြိုက်ရာကို ကိုယ်တတ်နိုင်လို့လုပ်ကြတာ ကောင်းပါတယ်။ ( စိတ်ချရတဲ့ aesthetic clinic မှာ လုပ်ဖို့တော့လိုပါတယ်)
ဒါပေမဲ့ မတတ်နိုင်တဲ့သူတွေက ငါတို့တော့ အဲ့လို aesthetic clinic တွေပုံမှန်မသွားနိုင်ရင် မလှနိုင်တော့ဘူးဆိုရင်တော့ မဟုတ်ရပါဘူး။
အမျိုးသမီးငယ်အချို့ ကိုယ့်ရှိရင်းစွဲအလှထက် ပိုမိုပြီး လှချင်ပချင်ကြတဲ့အခါ ကိုယ်တိုင်လည်း ငွေကြေးမတတ်နိုင်တဲ့အခါ လမ်းလွဲသွားတဲ့ အဖြစ်အပျက်လေးတွေ မြင်ရကြားရတော့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။ လှချင်စိတ်က အပြစ်မဟုတ်ပေမဲ့ ကိုယ့်အနေအထားနဲ့ ကိုယ် လှ တတ် ပ တတ်ဖို့တော့ လိုပါတယ်။
ကိုယ်နဲ့မလိုက်ဖက်တဲ့ ကိုယ့်အသားအရောင်နဲ့ လိုက်လျောညီထွေမရှိတဲ့ မိတ်ကပ်တွေ အပြည့်ခြယ်သထားခြင်းက လှပခြင်းမဟုတ်သလို
တစ်ကိုယ်လုံး နာမည်ကြီး brand တွေနဲ့ ဆင်ယင်ထားခြင်းက ဖက်ရှင်ကျစေတာလည်း မဟုတ်ပါဘူး။
High end skincare products တွေသုံးမှ glow glass skin ရတာမဟုတ်သလို aesthetic clinic ပုံမှန်သွားနိုင်မှ နုပျိုတာလည်း မဟုတ်ရပါဘူး။
သန့်သန့်ရှင်းရှင်း ကြည်လင်နေတဲ့ အသွင်အပြင်လေးက မိန်းကလေးတစ်ယောက်ကို ကျော့ရှင်းလှပစေတာပေါ့။
အမျိုးသမီးတွေ ကျော့ရှင်းလှပစေဖို့ Tips လေးတွေ အနေနဲ့ကတော့ 🦋🦋
၁။ တစ်ကိုယ်ရည် သန့်ရှင်းရေး hygiene ကောင်းဖို့လိုပါတယ်
၂။ ကိုယ်တတ်နိုင်တဲ့ ကိုယ့် အသားအရည်နဲ့ ကိုက်ညီတဲ့ skincare products လေးတွေသုံးဖို့လိုပါတယ်
၃။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှု ပုံစံလိုပါတယ်
၄။ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ အာဟာရမျှတတဲ့ အစားအစာတွေစားဖို့ လိုပါတယ်
၅။ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ လိုပါတယ်💙💙
ဒီအချက်၅ချက်က သာမန်ကြည့်လိုက်ရင် ဘာမဟုတ်သယောင်ထင်ရပေမယ့် နေ့စဉ်ဘဝမှာ လိုက်နာရမယ့် အရေးကြီးတဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။
လက်တွေ့ကျခြင်းက ဘဝမှာ အောင်မြင်ခြင်းရဲ့ သော့ချက်ဖြစ်သလို
🌸ကိုယ့်ရဲ့ ဝင်ငွေနဲ့ လိုက်ရောညီထွေဖြစ်တဲ့ အသုံးစရိတ်နဲ့ ကြည်လင်သန့်ရှင်းတဲ့ အသွင်အပြင်လေးကို မိန်းကလေးတိုင်း ရယူနိုင်ပါတယ်။ 🌸
နေ့စဉ်နဲ့ အမျှ ပစ္စည်း အသစ်အဆန်းတွေ ထွက်ပေါ်နေတဲ့ ခေတ်ရေစီးကြောင်းပုံစံကြောင့် trend တွေနောက်ကို မမောမပန်းလိုက်နေရတာ ပင်ပန်းလွန်းပါတယ်။
အသက်အရွယ်တိုင်းမှာ မိမိဝင်ငွေအနေအထားနဲ့ မျှတစွာ လှပနိုင်ဖို့ရာ အလှမ်းကျယ် အလယ်မလပ်ဘဲ ဘဝကို လက်တွေ့ကျကျ ဂုဏ်ဝင့်ဝင့် ဉာဏ်ပညာဖြင့် ကြည်လင်စွာ တောက်ပကြဖို့ အမျိုးသမီးငယ်လေးတွေကို တိုက်တွန်းလိုပါတယ်။
ဖြည်းဖြည်းနဲ့ ပုံမှန် ပြုလုပ်သွားတဲ့ အလေ့အကျင့်ကောင်းတွေကသာလျှင် ကျန်းမာလှပတဲ့ lifestyle ကို ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက်
အမျိုးသမီးတိုင်း ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ အလေ့အကျင့်ကောင်းလေးတွေမွေးမြူရင်း နေ့ရက်တိုင်း အသက်အရွယ်တိုင်းမှာ ပိုပြီး ကျန်းမာ လှပကြပါစေလို့ ဆုမွန်တောင်းပါတယ် ❣️❣️❣️
မိတ်ဆွေ သူငယ်ချင်းတို့မှာရှိတဲ့ အလှအပနဲ့ life style ခံယူချက်ကောင်းလေးတွေရှိရင်လည်း မျှဝေပေးသွားပါဦးနော်
ခင်
❣️Sapiosexuality❣️
Sapiosexuality ဆိုတာဟာ intellectual တွေကိုမှ ရင်ခုန်စိတ်လှုပ်ရှား ချစ်ခင်စွဲလန်းတတ်သူဖြစ်ပါတယ်။
မူရင်းဇစ်မြစ်ကတော့ sapio ဆိုတာ လက်တင်ဘာသာစကားဖြစ်တဲ့ sapien ဆိုတဲ့စကားလုံးကဆင်းသက်လာတာဖြစ်ပြီး ဥာဏ်ပညာ အမျှော်အမြင်ရှိခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
Sapiosexualityက heterosexual( လိင်မတူ ကြိုက်သူ) တွေရော LGBTQ (လိင်တူကြိုက်သူ) တွေမှာရော တွေ့နိုင်ပါတယ်။ physical appearance အပြင်ပန်းရုပ်ရည်သွင်ပြင်ဖြစ်တဲ့ အရပ်အမောင်း၊ ရုပ်ရည်၊ ခန္တာကိုယ်အချိုးအဆစ် စတဲ့အရာတွေပေါ်မှာ ချစ်ခင်စွဲလန်းတာမျိုး မဟုတ်ဘဲ တစ်ဖက်လူရဲ့ ဥာဏ်ပညာ၊အရည်အချင်း၊ ဥာဏ်ရည်ဥာဏ်သွေး၊ အတွေးအခေါ် ၊ ရှုမြင်သုံးသပ်မှု စတဲ့ အရာတွေအပေါ်မှာ အခြေတည်ဖြစ်ပေါ်တဲ့ ချစ်ခြင်း (သို့မဟုတ်) လိင်စိတ်နိုးထမှုဖြစ်ပေါ်ခြင်း ဒီလို ပျမ်းမျှသဘောနားလည်နိုင်ပါတယ်။
Sapiosexuality ရဲ့ signs တွေကဘာတွေလဲဆိုရင် ကိုယ်နဲ့သူနဲ့ date ရင်တောင် တွတ်တီးတွတ်တာတွေ လှုမှုရေးတွေအစား
🤎ဒီလူရဲ့ စိတ်ဝင်စားမှုကဘာလဲ
🤎သူ့ရဲ့ ဘဝဖြတ်သန်းပုံကဘယ်လိုလဲ
🤎သူ့ရဲ့ ကိုယ်ကျင့်တရား
🤎စံတန်ဖိုးတွေက ဘာတွေလဲ
🤎သူ့ရဲ့ ဘဝကို ဘယ်လိုခံယူချက်နဲ့ ဘယ်လို life plan နဲ့ ဖြတ်သန်းသွားမှာလဲ စတဲ့ အကြောင်းအရာတွေကစလို့ အရမ်းကို ရှည်လျားရှုပ်ထွေးတဲ့ political, conceptual conversations တွေအထိ ဆွဲခေါ်သွားနိုင်တဲ့ အခင်းအကျင်းတွေကို ပျော်မွေ့တတ်သူတွေဖြစ်ကြပါတယ်။
▪️ပညာသားပါတဲ့ အချက်အလက်တွေနဲ့ ပြင်းထန်တဲ့ ငြင်းခုံမှုတွေလုပ်ရတာ
▪️ကျွမ်းကျင်ရာ အသိပညာဗဟုသုတတွေဖလှယ်ရတာ
▪️နက်ရှိုင်းတဲ့ အတွေးအခေါ်တွေ သိမြင်ခွင့်ရတာ အစရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုကို ခုံမင်တတ်သူတွေဖြစ်ကြပါတယ်။
🤎Sapiosexual သမားတွေက ငွေကြေး ဥစ္စာဓနကို မက်မောတဲ့သူတွေလားဆိုရင်တော့ မှားပါတယ်
🤎ဘာလို့လဲဆိုတော့ သူတို့က ငွေကြေးဓနထက် ဥာဏ်ပညာဓန intellectual capital ကို မက်မောစုံမက်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်မ intelligence, intellectual capital လို့ပြောနေတာက degree တွေ certificate တွေ ပညာရေးစနစ်သက်သက်ကပဲပေးတဲ့ ဘွဲ့တွေ လက်မှတ်တွေကို ဆိုလိုချင်တာ မဟုတ်လို့ပါပဲ။ တကယ့် လောကပါလ ရှင်သန်မှုမှာက ဘွဲ့တွေ၊ လက်မှတ်တွေ ရှိနေပြီး knowledge, wisdom အသိပညာ၊ ဉာဏ်ပညာမရှိရင် ဆားမပါတဲ့ ဟင်းလိုပဲလေ။
Sapiosexual တွေရဲ့ characteristic ဝိသေသတွေက
❣️သူတို့က အသိပညာမပါတဲ့ အပေါ်ယံ အလှအပတွေက ငြီးငွေ့လွယ်ပြီး သူတို့ကို ရင်ခုန်စိတ်လှုပ်ရှားမှု မပေးစေပါဘူး။
❣️တစ်နည်းအားဖြင့် သူတို့အတွက် ဥာဏ်ပညာမပါတဲ့ အလှတရားက ရိုးအီလွယ်ပါတယ်။
❣️အချိန်ကြာလာတာနဲ့အမျှ ရုပ်ရည် အလှတရားက မှေးမှိန်ပျောက်ကွယ်သွားတာပါပဲ။ ဘဝကို တည်ဆောက်ရာမှာ ကျန်ရှိနေခဲ့တာကတော့ ဥာဏ်ပညာ၊ မေတ္တာတရား၊ အတွေ့အကြုံတွေပါပဲ။ သူတို့ဟာ အဲ့လို မှတ်ယူတတ်တဲ့သူတွေဆိုလည်း မမှားပါဘူး။
ဒီလို sapiosexual တစ်ယောက်ရဲ့ လက္ခဏာရပ်တွေကို နာမည်ကျော် celebrities တွေမှာလည်း တွေ့မြင်နိုင်ပါတယ်။ ရုပ်ရည်ချောမောတဲ့ သူတွေနဲ့ ဘယ်လောက်ပဲ date လုပ်ခဲ့ လုပ်ခဲ့ နောက်ဆုံး ဘဝကို အခြေတကျ လျှောက်လှမ်းတဲ့အခါ intelligence smart ကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တာမျိုးတွေကို နမူနာအဖြစ် တွေ့နိုင်ပါတယ်။
ဒီနေရာမှာ sapiosexual ဖြစ်တဲ့သူတိုင်းက အပေါ်ကအချက်အလက်တွေ အကုန်ဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။
တစ်ယောက်နဲ့တစ်ယောက် အကြိုက်ကွဲပြားနိုင်တဲ့အတွက် ဒီတစ်ယောက်က နိုင်ငံရေးအတွေးအခေါ်တွေဆွေးနွေးရတာ ခုံမင်ပေမဲ့ တခြားတစ်ယောက်က အနုပညာနဲ့ စာပေ ဒါမှမဟုတ် ဆေးပညာရပ် အကြောင်းဆွေးနွေးရတာ ပိုနှစ်သက်တတ်ကြတာမျိုးပေါ့။ ကိုယ့်ရဲ့ ဘဝဖြတ်သန်းမှု အကြိုက် ရှုထောင့်အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
❣️ဒါဆို sapiosexual couple တွေက ရန်မဖြစ်တတ်ကြတော့ဘူးလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ သူတို့လည်း လူသားတွေဖြစ်တဲ့အတွက် စကားများရန်ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဥာဏ်ပညာရယ် ချစ်ခြင်းတရားရယ်နဲ့ ပြန်လည် ထိန်းညှိနိုင်ကြပါတယ်။ ဘဝကြီးက ဒရာမာရုပ်ရှင် မဟုတ်ဘူးလို့ လက်ခံထားကြတဲ့အတွက် ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းကြပါတယ်။ ဒီလိုအမူအကျင့်ကပဲ healthy relationship တစ်ခုကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။
Sapiosexual တွေရဲ့ အားသာချက်နောက်တစ်ခုကတော့ ဘဝလက်တွဲဖော်တွေကို တွဲခေါ်တတ်ပြီး တစ်ယောက်တည်း အမြင့်ကိုရောက်ဖို့ထက် နှစ်ယောက်အတူရောက်အောင်သွားချင်တဲ့ စရိုက် လက္ခဏာပဲဖြစ်ပါတယ်။လူတွေဟာ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်အပေါ် မူတည်ပြီး ဘဝတွေပြောင်းလဲသွားတတ်တယ်ဆိုတာ သူတို့အတွက် အမှန်ပါပဲ။ ကိုယ့်ရဲ့ လက်တွဲဖော်ကြောင့် ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ စံတန်ဖိုးတွေ ပိုပြီး ရင့်သန်လာစေတာမျိုးပါ။
ကျွန်မကိုယ်တိုင်လည်း ကျွန်မရဲ့ sexual orientation & emotional connection ကိုလေ့လာရင်း ဒီစာကိုရေးဖြစ်ခဲ့တာပါ။
ကျွန်မတို့ လင်မယားနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက မေးလေ့ရှိတဲ့ မေးခွန်းကတော့ ဒီလို အပေးအယူမျှပြီး သာယာတဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်ကဘာဖြစ်မလဲဆိုတဲ့အခါ ကျွန်မအမြဲ ပြန်ဖြေဖြစ်တာကတော့
❣️ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားရယ်ပါပဲ❣️
ကျွန်မ ဒီစကားလုံးလေး ၂ခုကို နှစ်ခြိုက်မိပါတယ်။ သူက အတော်လေးလည်း တာသွားပါတယ်။
ဘဝမှာ အိမ်ထောင်ရေးမယ် ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားဆိုတဲ့ အုတ်မြစ် ခိုင်မာမှသာလျှင် ဟန်ချက်ညီပျော်ရွှင်မှုဆိုတဲ့ ရလဒ်ကိုပိုင်ဆိုင်ရမှာပါ။ နောင်မှ value တန်ဖိုးထားမှုဆိုတာရယ်၊ moral ခံယူချက်ဆိုတာရယ်၊ ethics ကိုယ်ကျင့်တရားရယ်တို့နဲ့ သာယာမျှတတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖော်ဆောင်စေတဲ့ ဒုတိယသော့ချက်ဆိုတဲ့အကြောင်းလေးကို ရေးပါဦးမယ်။
ချစ်သော
ခင်
အပင်တွေက ကျွန်မအတွက် သာမန်ကာလျှံကာ ဆိုတာထက်ပိုပါတယ်။
ကျွန်မက သစ်ပင်စိုက်ရတာ ဝါသနာပါ ပါတယ်။
☕️မနက် အိပ်ယာနိုးရင် ကော်ဖီပူပူလေးတစ်ခွက်သောက်ပြီး စိုက်ထားတဲ့ အပင်တွေကို ကြည့်ရတာ ကျွန်မအတွက်တော့ စိတ်အကြည်ဓာတ် စိတ်အစာပါပဲ။ ကျွန်မက အပင်လေးတွေနားမှာ စာအုပ်ဖတ်တာ သီချင်းနားထောင်တာ အပင်လေးတွေနဲ့ စကားပြောရတာ စတာတွေကိုလည်း ပျော်မွေ့တတ်သူဖြစ်ပါတယ်။
🍀ကျွန်မကလေ အပင်တွေရဲ့ မတူညီတဲ့ အလေ့အထနဲ့ အကြိုက်၊ စရိုက်ကို လေ့လာရတာကိုလည်း ကြိုက်နှစ်သက်ပါတယ်။ သစ်ပင်တွေဟာ လူတွေလိုပါပဲ။ သူတို့ဟာ သက်ရှိတွေ ပြီးတော့ တစ်ပင်နဲ့တစ်ပင်ဟာ အကြိုက်တွေ စရိုက်တွေမတူကြပါဘူး။
တချို့က နေရောင်ကြိုက်မယ်။
တချို့က အရိပ်ကြိုက်မယ်။
တချို့က sensitive အရမ်းဖြစ်မယ်။
တချို့က ပေပေတေတေလည်း ရှင်သန်တာပဲ။
တချို့က dramatic အပင်လေးတွေပေါ့။
တချို့က ရွှံညွန်တွေမှ ကြိုက်တာပေါ့။
💁♂️မတူညီတဲ့ လူ့စရိုက်သဘာဝနဲ့ သိပ်ကို နီးစပ်တာပေါ့။
အံ့ဩဖို့ကောင်းတာတစ်ခုကတော့ ဘယ်အပင်မဆို ရေခံမြေခံတော့ လိုတာပေါ့။
အပေအတေပင် ဖြစ်သော်ငြား ကောက်ယူ မွေးစားပြီး အိမ်မှာ ယုယုယယ စိုက်ပျိုးလိုက်တော့လည်း ငွါးငွါးစွံ့စွံ့ ကြွားကြွားဝံ့ဝံ့ အလှပိုတိုးလာတာပေါ့။
🌿ကျွန်မအိမ်မှာ လမ်းဘေးကနေ rescue လုပ်ပြီး စိုက်ပျိုးထားတဲ့ အပင်လေးတွေရှိပါတယ်။ တစ်လတောင်မပြည့်သေးဘူး သိသိသာသာ အသွေးအရောင်ပြောင်လက်လာတာပဲ။ ဒါနဲ့ ရေခံမြေခံနဲ့ ပေးခြေဟာ လူတွေသာမက အပင်တွေမှာလည်း သိပ်ကိုအရေးကြီးပါလားဆိုပြီး အတွေးပေါ်မိသေးတယ်။ 🌿
ဒါနဲ့ ဆက်စပ်ပြီး လူတွေမှာ ဘဝပေးခြေတွေ မတူကြတဲ့ အကြောင်း တွေးမိတာပေါ့
တချို့က ချမ်းသာမယ်
တချို့က ဆင်းရဲမယ်
တချို့က အတန်းပညာတတ်မယ်
တချို့က ဘဝတက္ကသိုလ်ကြေမယ်
ဆိုပေမယ့်
တချို့က မာန်မာနထောင်လွှားမယ်
တချို့က နှိမ့်ချတတ်မယ်
ဘဝပေးခြေအပေါ်မူတည်ပြီးတော့လည်း ဒီလိုမတူညီတဲ့ လူတွေရဲ့ ဗီဇ၊ စရိုက် စတာတွေရှိတာပေါ့။
အပင်လေးတွေက တစ်ပင်နဲ့တစ်ပင် အကြိုက် စရိုက်တွေ ကွာခြားကြသလို အပင်တိုင်းမှာ ကိုယ်ပိုင် စွမ်းအင်သတ္တိ၊ အသုံးဝင်မှုနဲ့ အလှကိုယ်စီရှိကြပါတယ်။
အလားတူပါပဲ။ လူတွေမှာလည်း ဗီဇ စရိုက် မတူကြပေဘူး။ ဒီလို လူတစ်ဦးချင်းစီရဲ့ ခြားနားစွာ အသုံးဝင်မှုနဲ့ ဒီမတူညီကွဲပြားခြင်းတွေကပဲ ကျွန်မတို့ ကမ္ဘာကြီးကို လည်ပတ်စေနေတာပေါ့။ ဒီ မတူညီကွဲပြားခြင်းဟာ သဘာဝဖြစ်တာမို့ ကိုယ့်အကြိုက် သူ့စရိုက် မတူညီတာတွေကို ပုံစံခွက် စံတစ်ခုထဲ ကျွန်မတို့ အတင်း လုပ်ယူ ပုံဖော်နေစရာ လိုမယ်မထင်ပါဘူး။
ရှေးတရုတ် အတွေးအခေါ်ပညာဖြစ်တဲ့ ယင်နဲ့ ယန် ဟာ ဒါကို ဖော်ညွှန်းပါတယ်။ အလင်းနဲ့ အမှောင်၊ အကောင်းနဲ့အဆိုး၊ အအေးဓာတ်နဲ့ အနွေးဓာတ်၊ မာကျောမှုနဲ့ နူးညံ့မှု စတဲ့ ဆန့်ကျင်ဘက်အရာတွေဖြစ်တဲ့ ယင်နဲ့ ယန်ဟာ နေရာတိုင်းမှာရှိတာမို့ ဘဝဆိုတာ တခါတလေတော့လည်း အလိုက်သင့်လေး လိုက်ပါစီးမျောရင်း တစ်ဖက်စွန်းတွေ၊ ဖိအားတွေထက် မျှတစွာ တွေးတောရှင်သန်ခြင်းက လူ့ဘဝကို ပိုပြီး မျှချေ ဖြစ်စေပါတယ်။
ဒါကြောင့် ကျွန်မကတော့ ဆန့်ကျင်ဘက်သဘောတရားတွေ ပေါင်းစပ်ထားတဲ့ ဒီစကြာဝဠာမှာ စံပုံစံခွက် စံနှုန်းထားကြီးတွေနဲ့ ရှင်သန်မယ့်အစား မတူညီကွဲပြားခြင်းရဲ့ ခြားနားတဲ့ အလှတရားတွေကို ရှာဖွေရင်း ဟန်ချက်ညီစွာပဲ လူသားဘဝ အနှစ်သာရပြည့်ပြည့်ဝဝနဲ့ အသက်ရှင်သန်သွားချင်ပါတယ်။ မိတ်ဆွေတို့ အားလုံးလည်း မိမိရဲ့ စစ်မှန်ခြင်းကိုရှာဖွေနိုင်ကြပါစေလို့ ဆုမွန်ပြုရင်း ….
ချစ်သော
ခင်
📸 Pinterest
🕰️Timing 🕰️
အရာအားလုံးမှာ timing အချိန်ကိုက်ဆိုတာ လိုပါတယ်။ အကြောင်းအရာ တစ်ခု ပြီးမြောက်ဖို့အတွက် အချိန်ကိုက်ဖြစ်ဖို့ အခြေအနေတစ်ခုကိုစောင့်ရပါမယ်။
အချိန်တစ်ခုမှာ အကြောင်းအချင်းအရာတွေ အများကြီးတပြိုင်ထဲ ဖြစ်ကိုဖြစ်ရမယ်လို့တော့ မထင်လိုက်ပါနဲ့ ။
ကျွန်မတို့ဘဝမှာတော့ အရာအားလုံးက တစ်ဆင့်ပြီးတစ်ဆင့်သွားရတာမလား။ တစ်ခုပြီးမှ တစ်ခုပေါ့။ ဒါကို ကျွန်မကတော့ timing လို့ပဲ နားလည်မိပါတယ်။ ⏰⏰
မိမိဘဝမှာ ကိုယ်နဲ့ အလှမ်းကွာလွန်းတဲ့ အဆင့်တွေအကုန်ကျော်တက်ပြီး အဝေးကြီးကို မှန်းမိတဲ့အခါ၊ တခါတရံ လူတွေက မဖြစ်နိုင်သေးတာ အချိန်မကျသေးတာတွေ လိုချင်တပ်မက် လွန်းတဲ့အခါ မိမိပတ်ဝန်းကျင်က ဖြစ်နိုင်ချေရှိတဲ့ လက်လှမ်းမှီတဲ့ လက်တွေ့ဆန်တဲ့အရာ တွေက ပျောက်ဆုံးသွားတတ်ပါတော့တယ်။ ဘယ်ကစရမယ်မှန်းမသိ လမ်းပျောက်သွားတာမျိုးပေါ့။ အဲ့ဒီ့အခါ လူက စိတ်ဓာတ်ကျလာပြီး ငါ့ကျမှ ဘာလို့ မဖြစ်ရတာလဲ ငါကကံဆိုးလွန်းတယ်ဆိုပြီး ကိုယ့်ဘဝကို ကိုယ် ပိုမို အပြစ်မြင်လာမိတတ်ကြပါတယ်။ ဒီလိုအတွေးတွေဝင်လေ ကိုယ့်အနားမှာရှိတဲ့ ဖြစ်နိုင်ချေရှိတဲ့ ကောင်းမွန်သောအရာလေးတွေကို မမြင်နိုင်တော့ဘဲ လက်တွေ့ကျမှုနဲ့ ပိုပိုပြီး ဝေးကွာသွားတတ်ကြပါတယ်။
မဖြစ်နိုင်သေးတာတွေဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး ယင်းအရာတွေအပေါ်မှာ ပုံရိပ်ယောင်တည်ဆောက်တဲ့အခါ၊ တောင်းဆိုတဲ့အခါ ကျွန်မတို့ ဦးနှောက်က အလိုအလျောက်ဖြတ်ချပါတယ်။ ဒီလိုဖြတ်ချလိုက်တဲ့ အကြိမ်ရေများလာတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ကျတဲ့အကြောင်းအရာတွေအပေါ်မှာပါ တွေးတော ဆင်ခြင်နိုင်စွမ်း ကျဆင်းလာတက်ပါတယ်။
ဥပမာ အလုပ်မရှိတဲ့ လူတစ်ယောက်က ငါ တစ်လကို သိန်းပေါင်းများစွာဝင်ချင်လိုက်တာလို့ တွေးတောခြင်းက မဖြစ်နိုင်တဲ့ အခြေအနေတစ်ရပ်ကို တောင့်တခြင်းနေခြင်းပဲဖြစ်ပါတယ်။ ဖြစ်သင့်တာက နီးစပ်ရာ အကောင်းဆုံးအလုပ်တစ်ခုကို အရင်ရှာဖို့ ကြိုးစားရမှာဖြစ်တယ်။ အလုပ်မရနိုင်သေးရင်တော့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ဝင် အရည်အချင်းတွေပြည့်ဝဖို့ ဘာတွေလိုအပ်မလဲ အရင်ရှာဖွေ ဝမ်းစာဖြည့်ထားကြရမှာဖြစ်တယ်။ ဒါက လက်တွေ့ကျတဲ့ ခြေလှမ်းတွေပါ။ ဘာမှမလုပ်ဘဲ ချမ်းသာချင်လို့မရပါဘူး။ ဒါကို ဘီလီယံနာကြီး ဖြစ်ဖို့ စိတ်ကူးယဉ်နေရင် လက်တွေ့နဲ့ အလှမ်းကွာမှုသာဖြစ်ပါတယ်။
လက်တွေ့ကျကျပဲစဉ်းစားပါ။ လက်တွေ့ကြုံလာရတဲ့ အခက်အခဲ အခြေအနေတွေကို ရင်ဆိုင်ပါ အကောင်းဆုံးပြုမူကျင့်ကြံပါ။ ဒါဆို ဘဝဟာ ထင်တာထက် အများကြီး ရိုးရှင်းတယ်ဆိုတာ သိမြင်လာပါလိမ့်မယ်။
ကျွန်မတို့ အိပ်မက် ကြီးကြီးထားတာကောင်းပါတယ် ။ ဒါပေမယ့် အိမ်မက်တွေဟာ လက်လှမ်းမှီတဲ့ အဆင့်ကနေ စအကောင်အထည်ဖော်ကြရမှာပါ။
နေ့စဉ်ဘဝမှာ ကိစ္စရပ်တိုင်း အလောတကြီးဖြစ်နေတတ်တဲ့ ၂၁ရာစု ယဉ်ကျေးမှုက အလှမ်းကွာတဲ့အိပ်မက်တွေဆီကို တွန်းပို့တတ်တဲ့အတွက် ကိုယ် လိုချင်တဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း အရင်ပုံဖော်နိုင်ဖို့ လိုပါတယ်။ အမြင်ရှင်း အတွေးအခေါ်ရှင်း လုပ်ရပ်တွေရှင်းဖို့လိုပါတယ်။
အကြောင်းအရာအလုံးစုံကို အမြဲထိန်းချုပ်ထားနိုင်ဖို့ဆိုတာ လက်တွေ့မဆန်သလို
ဘဝခရီးလမ်းဆိုတာ အမြဲ စီစဉ်ထားတဲ့အတိုင်းမဖြစ်ကြပါဘူးလေ။ လူတိုင်းမှာ လူမှုဝန်းကျင်ကို လှစ်ဟမပြတဲ့ နာကျင်မှုတွေ၊ အတွေ့အကြုံတွေ၊ ကြိုးစားအားထုတ်မှုတွေ ရှိကြမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဘဝဆိုတာကလည်း တဖြောင့်ထဲထက် အနိမ့်အမြင့်အတက်အကျ လှိုင်းတံပိုးလေးတွေနဲ့မှ ပိုပြီးရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတာမဟုတ်လား။
တခါတရံမှာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း တထပ်ထဲမကျတဲ့အခါ ကျရှုံးမှုလို့ မမှတ်ယူစေချင်ဘူး။ ဒီလိုဖြစ်လာပြီဆိုရင် ကံကြမ္မာက ကိုယ့်အတွက် အချိန်ကောင်းတစ်ခု ရောက်မလာသေးလို့ Timing မကျသေးလို့ အနည်းငယ် နောက်ဆုတ်ခိုင်းတဲ့သဘောပဲလို့ ကျွန်မကတော့ မှတ်ယူစေချင်တယ်။ တချို့သောနောက်ကျမှုတွေက ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေပေါ်ပေါက်ဖို့ရာ တစ်လှမ်းဆုတ်ပေးရတဲ့သဘောပါပဲ။
ကိုယ့်ကိုကိုယ် သူတပါးတွေနဲ့အမြဲနှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်နေဖို့လည်း မလိုအပ်ပါဘူး။ ဘဝဟာ ပြိုင်ပွဲတစ်ခုမဟုတ်တာကြောင့် ယှဉ်ပြိုင်နေစရာလည်း မလိုဘူးလေ။
🌿ဘဝဆိုတာ ကိုယ့်လမ်းကိုယ်လျှောက်ရတဲ့ ခရီးရှည်ကြီးတစ်ခုသာဖြစ်တယ်လေ။ အဲ့ဒီ့ ခရီးရှည်ကြီးမှာ ဖြစ်စဉ်တွေ၊ အတွေ့အကြုံတွေ၊ ပျော်ရွှင်မှုတွေ၊ နာကျင်မှုတွေ၊ အောင်မြင်ခြင်းတွေ အဓိပ္ပါယ်တွေအများကြီး ပါဝင်နေတာမျိုးမဟုတ်လား။ 🌿
လူတိုင်းဟာ ဘဝကိုယ်ဆီမို့ timing တွေလည်း တူကြမှာ မဘူးလေ။ ဝေလငါးတစ်ကောင်ရဲ့ ဘဝသက်တမ်းနဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝသက်တမ်း ဖြတ်သန်းမှုကို နှိုင်းယှဉ်လို့ မရသလိုမျိုးပေါ့။ ပထမဆုံးအနေနဲ့ကတော့ ကိုယ့်ဘဝရဲ့ ဖြစ်တည်ခြင်း စစ်စစ် အရှိတရား စစ်စစ် ‘ငါ’ စစ်စစ်ကို နားလည်သုံးသပ် လက်ခံ ကြည့်ဖို့ပါပဲ။ အရှိတရားအဖြစ် လက်ခံလိုက်ခြင်းအားဖြင့် ဖိအား သိသိသာသာနည်းသွားမယ်။ လက်ရှိဘဝကို လက်ခံပြီးမှ ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာကို ပိုမိုရှင်းလင်းလာမယ်လေ။
တစ်ခါတစ်လေတော့လည်း အခက်အခဲတွေဟာ ကိုယ့်ရဲ့ စိတ်ရှည်သည်းခံတတ်ခြင်းနဲ့ ခံနိုင်ရည်စွမ်းအားရဲ့ အဆင့်တွေကို စမ်းသပ်တာလည်းဖြစ်နိုင်တာပဲလေ။
🌻🌻🌻ဘဝဆိုတာ အပြာရောင် ကောင်းကင်ကြီးပေါ့၊ အဖြူရောင် တိမ်တိုက်တွေပေါ့၊ အဝါရောင် ပန်းပွင့်လေးတွေပေါ့၊ လေပြေလေးပေါ့၊ နဖူးပေါ်က ချွေးစက်ပေါ့၊ ကိုယ်ချစ်ရသူရဲ့ ကိုယ်သင်းနံ့ပေါ့၊ ကိုယ့်ရဲ့ ဝင်သက်ထွက်သက်ပေါ့ ဒီလို ဘဝမှာ အရာအားလုံးကို ဖြေးဖြေးအေးအေးနဲ့ ရှုမြင်တတ်လာမယ်ဆိုရင် ဘဝဟာ နေပျော်ပါတယ်။ 🌻🌻🌻
လူသားတိုင်း ကြုံရဆုံရ လူမှုဘဝရဲ့ အခက်အခဲနဲ့စိန်ခေါ်ချက် စမ်းသပ်မှုတွေကို ကြံ့ကြံ့ခိုင် ကျော်လွှားကြရမှာပဲလေ။ ဒါဟာ တာဝန်ပဲ။
ကျွန်မတို့မှာ ကိုယ်ပိုင် time zone နဲ့ ကိုယ်ပိုင် timing လေးတွေရှိကြတဲ့အတွက် ကိုယ့် timeline မှာ ကိုယ့်ကိုကိုယ်ရှာဖွေရင်း လူတိုင်းရှင်သန်ရခြင်းမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ လူသားဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလို့ပဲ ကျွန်မကတော့ ဆုမွန်တောင်းပါတယ်။
Some things are meant to be 🎶🎶
Khin