Mg Khaine Htun - Pray Thait

Mg Khaine Htun - Pray Thait

Analyst of arakan affairs.

26/11/2022

မြန်မာ့ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမယ့် လမ်းကြောင်းတစ်ခုကို နိုင်ငံတစ်ကာအနေနဲ့တွန်းအားပေးသင့်တယ်။

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းပေါင်း နှစ်ရာဝန်းကျင်ရှိနေပြီး တော်လှန်ရေးတပ်သားပေါင်း နှစ်သိန်းဂန်းကျင်ရှိနေတဲ့ အခြေအနေမှာ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကိုသာ ဖိအားပေးတိုက်ခိုက်နေတာရိုတွေ့နေရတယ်။
မြေမြှုတ်မိုင်းအန္တရာယ်နဲ့ စစ်​ကောင်စီတို့ရဲ့ ဖိအားပေးခြမ်းခြောက်မှု ၊မတရားဖမ်းဆီးမှုတွေကြားမှာ ပြည်သူတစ်ရပ်လုံးဟာ ကျီးလန့်စာစား ဘဝနဲ့ရင်ဆိုင်နေကြရတယ်။

25/11/2022

မိုင်းနင်းမိ၍ ခြေနှစ်ဖက်ဆုံးရှုံးလိုက်ရသည့် ပလက်ဝဒေသခံ ဆေးကုသရန် အကူညီများလိုအပ်နေ

DMG | နိုဝင်ဘာ ၂၅

မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ပလက်ဝမြို့နယ်မှ လူနာမှာ ဆက်လက် ဆေးကုသရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အကူအညီလိုအပ်နေသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ရပ်ကွက် (၃ ) (ခ) ဘုံဝရွာမှ အသက် ၃၇ နှစ် အရွယ် ဦးမောင်မောင်ယိုးဖြစ်ပြီး လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ဆေးဝါးကုမှုခံယူနေရသည်။

၎င်းမှာ ပြီးခဲ့သည့် (နိုဝင်ဘာလ၁၉ ရက်) နေ့ နံနက် ၈ နာရီကျော်က ရွာနှင့် ၄ ဖာလုံခန့်ဝေးသည့် ဆုတောင်းတောင်ပေါ်သို့ ရွာသားများနှင့်အတူ တောရှင်းရန်သွားစဥ် မိုင်းနင်းမိပြီး ညာခြေတစ်ဖက်လုံး ပြတ်သွားကာ ဘယ်ခြေတွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာတွင် လွန်ခဲ့သော ၁ လကျော်က မြန်မာစစ်တပ်များ ယာယီစခန်းချနေထိုင်ခဲ့ကြောင်းလည်း ဒေသခံများကို ပြောဆိုကြသည်။

ယောက်ဖဖြစ်သူ ဦးအောင်မင်းက “ အဲဒီနေ့က ဆုတောင်းတောင်ကို လမ်းရှင်းဖို့ဆိုပြီး ရွာက ၁၉ ယောက်လောက် အတူသွားတာပါ။ သူက ရှေ့ဆုံးက ဖြစ်တာကြောင့် မိုင်းနင်းမိပြီး ညာခြေထောက် ကလုံးဝ ပြတ်သွား တယ်။ ဘယ်ခြေ ထောက်က မပြတ်တစ်ပြတ် အသားစတွေနဲ့ ကျန်ခဲ့တယ် ” ဟု DMG သို့ ပြောသည်။

ဦးမောင်မောင်ယိုးမှာ ပလက်ဝမြို့ဆေးရုံတွင် တစ်ရက် ဆေးကုသမှုခံယူပြီး ဒဏ်ရာပြင်းထန်သဖြင့် ရခိုင်သို့လာရာ ကျောက်တော်ဆေးရုံတွင် ထပ်မံပြီး တစ်ည ဆေးကုသမှုခံယူခဲ့ရာကနေ လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ကုသနေခြင်းလည်း ဖြစ်သည်။

ထိုသို့ ဆေးဝါးကုသရန်အတွက် ငွေကြေးလိုအပ်ချက်ကို ရွာမှ ချေးငှား၍လာခဲ့ရပြီး ရွာမှ စစ်တွေသို့လာသည့် လမ်းစရိတ် ၁၁ သိန်း ကျော်ထိ ကုန်ကျခဲ့ကြောင်းလည်း ဦးအောင်မင်းက ပြောသည်။

“ ကျနော်တို့မှာ ငွေကြေးတတ်နိုင်တာလည်း မဟုတ်ပါဘူး။ ဆေးကုဖို့အတွက် ရွာက ငွေချေးငှားပြီး လာတာပါ။ စစ်တွေလာတာ လမ်းစရိတ် ၁၁ သိန်းနဲ့ ၅ သောင်း ကုန်ပါတယ်။ ဆမီးနဲ့ ပလက်ဝကို သုံးသိန်းခွဲ၊ ပလက်ဝနဲ့ ကျောက်တော်ကို ငါးသိန်း၊ ကျောက်တော်ကနေ ပေါက်တောကို ၂ သိန်း ၂ သောင်း၊ ပေါက်တောကနေ စစ်တွေကို ၁ သိန်း ကုန်ပါတယ်။ ဒါကြောင့် ငွေကြေး အခက်အခဲရှိပါတယ် ” ဟုသူကပြောသည်။

လက်ရှိတွင် အဆိုပါ လူနာအတွက် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများကလည်း တစုံတရာထောက်ပံ့ လှူဒါန်းမှုများလည်း မရှိသေးသဖြင့် ပိုပြီး အခက်အခဲများဖြစ်နေရကြောင်း မိသားစုဝင်များက ဆိုသည်။

၄င်းတို့ မိသားစုမှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးနေကြရသူများဖြစ်ကာ မိသားစုဝင် ၆ ဦးရှိ ကြောင်း သိရသည်။

ပလက်ဝ မြို့နယ်သည် မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရာဒေသတခုဖြစ်ပြီး တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ဒေသခံများမှာ မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်ကို နေ့တိုင်း စိုးရိမ်နေကြရသည်။

“ စိုးရိမ်တာပေါ့။ ဒေသခံတွေကတော့ ဘယ်မှ မသွားရဲတော့ဘူး။ ဒီမှာ တောင်ယာလုပ်ကြတာဆိုတော့ တောင်ပေါ်မှာ မိုင်းနင်းမိတော့ ဘယ်မှ မသွားရဲကြတော့ဘူး။ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ် ” ဟု ပလက်ဝမြို့နယ် ဘုံဝကျေးရွာမှ ဒေသခံ တစ်ဦး က DMG သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ င/ပွီ ကျေးရွာမှ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ညာခြေတစ်ဖက်ပြတ်လိုက်ရပြီး စက်တင်ဘာလ ၁ ရက် နေ့ကလည်း ပလက်ဝမြို့နယ်၊ စည်းမဝ ကျေးရွာမှ အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးသွားသည်။

ထို့အတူဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

# I001

ပုံစာ- စစ်တွေ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ဦးမောင်မောင်ယိုးအား တွေ့ရစဉ်။

ဓာတ်ပုံ- DMG

http://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/u-mg-yoe.html

24/11/2022

တရုတ် ဝင်ရောက်လာမယ့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ အနာဂတ်ငြိမ်းချမ်းရေး

DMG ၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံဟာ (၂၀၂၁ ခုနှစ် ဖေါ်ဝါရီလ ၁ ရက်)နေ့ စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို နိုင်ငံတစ်ကာဆက်ဆံရေးဟာလည်း လုံးဝကျဆင်းသွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက) အစိုးရဟာ မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာစီယံ)အစည်းအဝေးကိုတောင် တက်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့အထိ နိုင်ငံတစ်ကာ ဆက်ဆံရေး ဆိုးဝါးနေတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။

မြန်မာစစ်ကောင်စီကို အာစီယံကချမှတ်တဲ့ သဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီဘက်က အကောင်အထည် မဖေါ်တာကြောင့် စစ်ကောင်စီကို အာစီယံနိုင်ငံအများစုက စိတ်ပျက်နေကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်လည်ထွက်ခွာသွားခဲ့ကြတာကြောင့် နိုင်ငံဟာ အလုပ်လက်မဲ့များစွာနဲ့ ဆင်းရဲမွဲတေမှုသို့ ချက်ချင်းထိုးဆင်းသွားခဲ့ပြီး မြန်မာ့ငွေဈေးကလည်း အကြီးအကျယ် ထိုးကျခဲ့တာကြောင့် အမေရိကန်တစ်ဒေါ်လာဟာ မြန်မာငွေကျပ်သုံးထောင်ကျော်နဲ့ လှဲလှယ်နေကြရတဲ့အထိ မကြုံစဖူး ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူမှုအပေါ် ထင်သာမြင်သာရှိတဲ့ ဝေဖန်မှုမျိုးနဲ့ အရေးယူပိတ်ဆိုတာတွေကို လုံးဝမလုပ်ခဲ့သလို မြန်မာနိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေကြတဲ့ စစ်တပ်က ရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ မတရားဖမ်းဆီးတာတွေအတွက် ရေငုံနှုတ်ပိတ်နေတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ လက်ရှိသမ္မတ ရှီကျင့်ဖျင်ဟာ ဒီတစ်ခေါက် ပါတီညီလာခံမှာ အတွင်းရေးမှူးနေရာကို သုံးကြိမ်မြောက် ပြန်လည်ရယူနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ နှစ်ကြိမ်ထက် ပိုမိုသမ္မလုပ်ပိုင်ခွင့်မရှိတဲ့ သမ္မတလုပ်ပိုင်ခွင့်ကို သုံးကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ စီပွားရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်သူအဖြစ် ဩဇာကြီးမားသူဖြစ်ပြီး တရုတ်နိုင်ငံကို ကြီးကျယ်ခမ်းနားအောင် ဦးဆောင်နိုင်သူအဖြစ် ထင်ရှားသူလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံ ဆက်ဆံရေးဟာ ဗိုလ်ချုပ်နေဝင်း နိုင်ငံအာဏာကိုသိမ်းယူခဲ့တဲ့ (၁၉၆၂)ခုနှစ်ကနေစပြီး မြန်မာစစ်တပ်ရဲ့ ဆိုဝါးတဲ့ လုပ်ရပ်ပေါင်းများစွာကို ကာကွယ်ပေးလာခဲ့တဲ့နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ရပ်တည်လာခဲ့ပါတယ်။ နိုင်ငံအာဏာကို သိမ်းယူခဲ့ကြတဲ့ မြန်မာ့စစ်အာဏာရှင်အဆက်ဆက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့၊ သစ်တော၊ ကျောက်စိမ်း၊ သတ္တု၊ ခဲနီ၊ ကြေး၊ အစရှိတဲ့ သယံဇာတပေါင်းများစွာကို တရုတ်နိုင်ငံအတွက် ဈေးပေါပေါနဲ့ ရယူနိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံကို စစ်အာဏာရှင်စိုးမိုးခြင်းဟာ တရုတ်အတွက်တော့ လသာတုန်းဗိုင်းငင်ရုံပါဘဲ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့သလို NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမှာပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း လေးဆယ်ကျော်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ ထိုးကျွေးခဲ့တဲ့ ရက္ခိုင်ပြည်ကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ပေါင်းများစွာကို အလကားနီးပါးနဲ့ ရယူထားနိုင်ခဲ့ပြီး ရက္ခိုင်ပြည်အတွင်း နောက်ထပ်စီမံကိန်းပေါင်းများစွာကိုလည်း မူအားဖြင့် ရယူထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

တရုတ်ရဲ့ ကမ္ဘာလွှမ်းခြုံစီမံကိန်းဖြစ်တဲ့(Belt and Road Initiative–BRI) စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ဟာ သမ္မတချီအတွက် အသက်ထက်ပိုအရေးကြီးသလို ဒီစီမံကိန်းရဲ့ အိပ်မက်နှစ်သွယ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး ထွက်ပေါက် မဟာဗျူဟာဆုံရပ်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ စိုးမိုးရေး မဟာဗျူဟာစီမံကိန်းဟာ တရုတ်အတွက် မဖြစ်မနေ လုပ်ဆောင်မှာဖြစ်ပါတယ်။

(Belt and Road Initiative–BRI)စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အရပ်သားတစ်ပိုင်းအစိုးရလို့ လူသိများတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တရုတ်ကို စိတ်ကြိုက်လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပေမယ့် ‌ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ပြန်လည်ပြင်ဆင်ခဲ့တာကြောင့် စီမံကိန်း တည်ဆောက်ရေးပိုင်းမှာ နှောက်နှေးသွားခဲ့ပါတယ်။ သို့သော်လည်း (၂၀၂၁)ခုမှာ စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက် ဒီစီမံကိန်းအတွက် (စီမံခန့်ခွဲရေး)ကော်မတီကို ချက်ချင်းဖွဲ့စည်းပေးခဲ့ပါတယ်။

တရုတ်ဘက်ကလည်း မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူမှုအပေါ် ကုလသမဂ္ဂက ရှုံ့ချလို့မရတဲ့အထိ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွေမှာ ဗီတိုအာဏာသုံးပြီး ကာကွယ်ပေးထားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစကားပြောတာ မရှိပေမယ့် (၂၀၂၁)မှာ ကိုယ်စားလှယ်စေလွှတ်ကာ ချဉ်းကပ်ဆက်သွယ်နေခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဝမ်ယိဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးတည်ဆောက်ထားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ (၂၀၂၂)ခုနှစ် အလယ်လောက်ကစတင်ကာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို တိုးမြှင့်ခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကြားဝင်ဖြေရှင်းဖို့ ပြောဆိုလာခဲ့တာကို သတိထားမိပါတယ်။ ISP Myanmar က ပြုစုထုတ်ပြန်ထားတဲ့ မှတ်တမ်းများအရ (၂၀၂၂ ဩဂုတ်လကနေ နိုဝင်ဘာလအထိ) တရုတ်ဘက်က ထုတ်ပြောလာတဲ့ အာရုံစိုက်စရာ ဖြစ်ရပ်ငါးခုကို ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ ဒီငါးခုဟာ စီးပွားရေးနဲ့ မြန်မာငြိမ်းချမ်းရေးကိစ္စတွေ ဖြစ်ပါတယ်။

ပထမတစ်ခုက တရုတ်နိုင်ငံ ကွမ်ချီးဒေသကနေ ရန်ကုန်ဆိပ်ကမ်းထိ တောင်တရုတ်ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ဒီလမ်းသစ်ကနေ တရုတ်နိုင်ငံ ပေ့ဘူးကနေ ရန်ကုန်ဆိပ်ကမ်းသို့ တရုတ်သင်္ဘော လေးစီ အပတ်စဉ်ပြေးဆွဲမှာဖြစ်ပြီး ပေ့ဘူးဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဆယ့်နှစ်ရက်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ကူညီမယ်လို့ တရုတ်သံအမတ်က တရုတ်ကွန်မျူနစ်ပါတီ အကြိမ်နှစ်ဆယ်မြောက် ညီလာခံအပြီးမှာ မီဒီယာတွေကိုပြောဆိုခဲ့ပြီး တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်း တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားဖို့ ပြောဆိုခဲ့ပါတယ်။ တတိယတစ်ခုကတော့ တရုတ်နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ပူးပေါင်းလုပ်ဆောင်ဖို့လို့ ဆိုပါတယ်။ နောက်ထပ်နှစ်ခုကတော့ ကမ်ပိုက်တီနယ်စပ် စီးပွားရေးဇုန်စီမံကိန်း တည်ဆောက်နိုင်ရေးနဲ့ စစ်ကောင်စီအရာရှိတွေကို ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးနဲ့ မွန်းမံသင်တန်း ပေးတာအပ်တွေဖြစ်ပါတယ်။

ဒီနေရာမှာ စာရေးသူအဓိကတင်ပြလိုတာက အထက်မှာပြောခဲ့သလိုဘဲ တရုတ်ဟာ မြန်မာ့စစ်အာဏာရှင်တွေရဲ့ ထင်တိုင်းကြဲတဲ့ကာလတွေကို သူ့အကျိုးစီပွားအတွက် ထိထိရောက်ရောက် အသုံးချတတ်သလို မြန်မာစစ်တပ်ကို နိုင်ငံတစ်ကာမှာ အမြဲအကာအကွယ် ပေးလာခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ လက်ရှိ (၂၀၂၁ ဖေဖေါ်ဝါရီလမှာ) စစ်တပ်ကအာဏာသိမ်းယူမှုနောက်ပိုင်းလည်း တရုတ်ဟာ မြန်မာလူထုဘက်က ရပ်တည်မပြခဲ့ပါဘူး။ အခုလည်း တရုတ်ဟာ ဒီအကွက်နဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူလာမှာ အသေအချာဘဲ ဖြစ်ပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးထက် တရုတ်နယ်စပ်ငြိမ်းချမ်းရေးကို အလေးသာ ဆွေးနွေးလာတာ အခုမှတော့ မဟုတ်ပါဘူး။ တရုတ်နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်နယ်စပ်တွေကို စက်မှုဖွံ့ဖြိုးရေးဇုန်တွေအဖြစ် အကောင်အထည်ဖေါ်ဆောင်ပြီး “ဝ”တစ်ဖွဲ့ကိုသာ သူလက်ခံထားမှာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာရှိနေတဲ့ တစ်ခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတာကိုတော့ အကန့်အသတ်နဲ့ မြင်ရမှာဖြစ်ပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံရေး၊ ငြိမ်းချမ်းရေးပြဿနာဟာ ထင်သလောက်မရိုးရှင်းသလို စစ်တပ်ရဲ့ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးလိုမှုကို ရှင်းထုတ်ဖို့အတွက်ဟာ အလွန်ခက်ခဲတဲ့အလုပ်ဆိုတာ တရုတ်က ကောင်းကောင်းသိထားပါတယ်။ တစ်ချိန်က ဗမာပြည်ကွန်မျူနစ်ပါတီကို ထောက်ခံပေးခဲ့ပေမယ့် အလုပ်ဖြစ်မယ့်ပုံကို မမြင်ခဲ့တာကြောင့် တရုတ်ဟာ မြန်မာစစ်တပ်နဲ့ မိတ်မပျက်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့ပါတယ်။

အခု တရုတ်ပြောနေတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို တရုတ် ဘယ်လိုပါဝင်ကူညီမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်ဟာ အနောက်အုပ်စုက မြန်မာနိုင်ငံရေးမှာ ဝင်လာခဲ့ရင် တရုတ်နိုင်ငံ ထိုင်နေတော့မှာမဟုတ်သလို အာဏာသိမ်းစကလည်း အမေရိကန်သမ္မတ ပြောတဲ့စကားအတိုင်း အာစီယံကနေတစ်ဆင့် ဖိအားပေးဖို့ ဖျောင်းဖျရေးမူကို သမ္မတရှီ လက်ခံပြောကြားခဲ့ဖူးပါတယ်။

အနောက်နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအကြောင်းကို စဉ်းစားရင် ဒီမိုကရေစီအုပ်စုနဲ့ စစ်တပ်ကြားက ပြဿနာကို ဦးစားပေးစဉ်းစားကြတာ များပါတယ်။ အခုလည်း ဒီအကွက်ကိုဘဲ ပြန်လည်ကစားကြမှာ သေချာပါတယ်။ စစ်ကောင်စီက ကတိပေးထားတဲ့ ရွေးကောက်ပွဲတွေကို လုပ်နိုင်ဖို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်လွှတ်တာတွေပြုလုပ်ပြီး NLD ပါတီ ရွေးကောက်ပွဲမှာ ပြန်လည်ပါဝင်လာစေဖို့ စစ်ကောင်စီကို ဖိအားပေးလာနိုင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ NLD ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး ပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ ဆွေးနွေးလာနိုင်ပါတယ်။ ဆိုတော့ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဖြစ်တဲ့ ဖယ်ဒရာယ်နိုင်ငံ တည်ဆောက်နိုင်ရေးအထိ မဆွေးနွေးနိုင်ပါဘူး။ တစ်ခုရှိတာက စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NUG အစိုးရနဲ့ ဒေါ်စုရဲ့ သဘောထားဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ မြင်ပါတယ်။ ဗမာပြည် တိုင်းဒေသတွေမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကလည်း သိန်းဂဏန်းထိ ရှိနေချိန်မှာ တရုတ်ဝင်ရောက်လာမယ့် မြန်မာအကျပ်အတည်းနဲ့ ပြန်လည်သင့်မြတ်ရေးဟာ ဘယ်လောက်ထိ ထိရောက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အခုအချိန်ထိ လက်မခံသေးသလို NLD ခေါင်းဆောင်တွေကလည်း ဒီမိုကရေစီဖယ်ဒရယ်ကိုသာ လက်ခံခဲ့တာကို တွေ့ရပါတယ်။ အခု စစ်ကောင်စီနဲ့ဆွေးနွေးနေကြတဲ့ NCA လမ်းကြောင်းထဲက ငြိမ်းချမ်းရေးဟာလည်း (၂၀၀၈) ခြေဥကိုပြင်ဆင်ပြီး ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးဟာ အလုပ်မဖြစ်တဲ့ လမ်းစဉ်သာဖြစ်ပြီး အင်းအားမရှိတဲ့ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေခြင်းဟာ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲသာ ဖြစ်ပါတယ်။

အခုမြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ တရုတ်ကြွေးကြော်လာခြင်းဟာ သူ့အကျိုးစီးပွားအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးမတည်နိုင်သေးတာတော့ လုံးဝနီးပါးသေချာတယ်လို့ မြင်မိပါတယ်။

မောင်ခိုင်ထွန်း(ပြည်သစ်) - ရေးသားသည်။

http://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/tarote.html

24/11/2022

နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ အဖြေရှာဖို့ အလှမ်းဝေးနေသေးသရွေ့ နိုင်ငံဟာ ယမ်းငွေ့တွေ ဝေနေအုံးမှာဘဲ။

စစ်ရေးမဟာဗျူဟာ ကစားကွက်ပြိုင်ဆိုင်မှုကြားမှ ရက္ခိုင်ပြည် နိုင်ငံရေးခရီး - Development Media Group 07/11/2022

စစ်ရေးမဟာဗျူဟာ ကစားကွက်ပြိုင်ဆိုင်မှုကြားမှ ရက္ခိုင်ပြည် နိုင်ငံရေးခရီး

ဆောင်းပါး | DMG
မောင်ခိုင်ထွန်း(ပြည်သစ်) - ရေးသားသည်။

ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ဟာ (၂၀၂၂) ဆန်းပိုင်းကစတင် တင်းမာလာခဲ့ပြီးတဲ့နောက် လက်ရှိအချိန်မှာ နှစ်ဘက်စစ်ရေးဗျူဟာတွေနဲ့ တင်းမာနေဆဲဖြစ်သလို ရက္ခိုင်ပြည်သူ တစ်ချို့ကလည်း နေရပ်စွန့်ခွာသည့်အ‌ရေအတွက်က တိုးပွားလာနေပါတယ်။ ကုန်ခဲ့တဲ့ရက်ပိုင်းက ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ခဲ့တဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းနီးပါးရှိလာပြီ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ဟာ ရက္ခိုင်-ဘင်္ဂလာဒေရှ့် နယ်စပ်မျဉ်းတစ်လျှောက်က စစ်ကောင်စီဗျူဟာကုန်းတွေနဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း မောင်တောမြို့နယ်အတွင်း အင်အားတိုးမြှင့်ချထားပြီးလိုက်ပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေမှာ ပြည်သူလူထု အသုံးပြုနေတဲ့ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့ထားသလို ရက္ခိုင်တပ်တော်ဘက်လည်း စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ပိတ်ဆို့ထားပါတယ်။

စစ်ရေးမဟာဗျူဟာအရ ကြည့်မယ်ဆိုရင် ဒီသုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အတွင်းစည်းဖြစ်တဲ့ ပြည်သူလူထုရဲ့ သွားလာ‌မှုနဲ့ ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်ပိတ်ပင်ထားပြီး ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမယ့် အပြင်စည်းအားလုံးကို ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်များနဲ့ ရက္ခိုင်ပြည်အတွင်း ချမှတ်ထားတဲ့ စစ်ရေးဗျူဟာများ

စစ်ကောင်စီတပ်တွေဟာ ရက္ခိုင်ပြည်သို့ လူအင်အား၊ လက်နက်အင်အား များစွာပို့ဆောင်နေတာကို တွေ့ရပြီး ဒါဟာ ပိုမိုပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အရိပ်အရောင်ကို ပြနေတယ်လို့ ဆိုရမှာပါ။ စစ်ကောင်စီရဲ့ ခြေမြန်တပ်တွေမှာ သက်ကြီးပိုင်းစစ်သားတွေနဲ့သာ အသုံးပြုနေရပြီး စစ်ပမ်းလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ တစ်နိုင်ငံလုံးမှာ အရှုံးနဲ့ရင်ဆိုင်နေကြရပြီး လျှို့ဝှက်အတွင်းစည်းတစ်ချို့ကလည်း မကြာမကြာ ပေါက်ကြားနေတာကိုကြည့်ရင် စစ်ကောင်စီတပ်မှာ တပ်တွင်းစည်းလုံးရေး ပျက်လုနီးပါးဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ မြေပြင်တိုက်ပွဲတွေအတွင်း အတုံးအရုံးကျဆုံးနေတဲ့ စစ်ကောင်စီဟာ လေတပ်ကို အဓိကထား အားကိုးနေရတာကို တွေ့ရမှာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ဘက်က မောင်တောမှာရှိနေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေနဲ့ အထိုင်ချစခန်းတွေကို အပြီးပြတ်သိမ်းယူနေပေမယ့် စစ်ကောင်စီဘက်ကတော့ ခံစစ်၊ ပြောက်ကျားစစ်ကိုအသုံးချပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေရတာကိုတွေ့နေရပါတယ်။ ရက္ခိုင်ပြည်အတွင်း အခုဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ခုခံစစ်အဖြစ်နဲ့သာ တိုက်ခိုက်နေရပြီး လေတပ်ကို အဓိကထား မှီခိုနေရတာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေကို ရက္ခိုင်ပြည်အတွင်းသို့ အရပ်သားစီးလေယဉ်နဲ့ တင်ပို့နေရပြီး မြေပြင်တပ်သား စစ်ကြောင်းတွေကိုပါ လေတပ်ပစ်ကူနဲ့ ခရီးသွားနေရတဲ့အနေအထားအထိကို မြင်နေရပါတယ်။ ကျောက်တော်၊ မြောက်ဦး ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့ လက်နက်ကြီးကုန်းတွေက နေ့စဉ် ဆိုသလို ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေဟာလည်း နေ့စဉ်ဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ရက္ခိုင်ပြည်ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေမှာ ဒီနေ့ထိ စစ်ကောင်စီဘက်က တိုက်ပွဲမဖော်နိုင်သေးတာကိုတွေ့ရပြီး ရက္ခိုင်ပြည်ရဲ့မြို့ပေါ်ဒေသတွေမှာသာ စစ်ကောင်စီဘက်က အေအေနဲ့ ဆက်စပ်သူတွေကိုဖမ်းဆီးတာ၊ ရပ်ကွက်တွေအတွင်း စစ်ကြောင်းလှည့်တာ ဧည့်စာရင်းစစ်တာ၊ ကားလမ်းရေလမ်းတွေကို ပိတ်ဆိုစစ်ဆေးတာ စတဲ့ ပြည်သူလူထုကိုဦးတည်တဲ့ စစ်ဆင်ရေးတွေကိုသာ နေ့စဉ်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ ကျေးရွာတွေနဲ့ လူထုကို ပစ်မှတ်ထားတိုက်ခိုက်နိုင်မယ့် တိုက်ပွဲပုံမျိုးကိုဖေါ်ဆောင်ဖို့ ပြင်ဆင်ပေမယ့် ရက္ခိုင့်တပ်တော်ဘက်ကတော့ စစ်ကောင်စီရဲ့ဗျူဟာကို ကြိုသိထားပုံရပြီး စစ်ကောင်စီဆွဲခေါ်တဲ့ တိုက်ပွဲဘက်ကို လက်ရှောင်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီနေ့အထိတော့ စစ်ကောင်စီဘက်က ရက္ခိုင်ပြည်အတွင်း စစ်ရေးမဟာဗျူဟာတွေ ချလို့မရနိုင်သေးတာကို တွေ့ရပါတယ်။ တဖက်မှာလည်း စစ်ကောင်စီရဲ့ အထိုင်ချစခန်းတွေကို ရက္ခိုင့်တပ်တော်ဘက်က ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေးဗျူဟာများ

ရက္ခိုင့်တပ်တော်ဘက်ကတော့ အခုတစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ချမှတ်ထားတဲ့ စစ်ရေးဗျူဟာတွေကို ပြောမယ်ဆိုရင် ရက္ခိုင့်တပ်တော်ရဲ့တပ်မှူးချုပ် အမြဲတန်းပြောနေတဲ့စကားကို ငှားပြီးပြောရမယ်ထင်ပါတယ်။ ဒါကတော့ တပ်မှူးချုပ်ပြောဖူးတဲ့ “အိမ်စာ”ကြေညက်အောင် ပြုလုပ်ထားတာပါ။ ရက္ခိုင့်တပ်တော်မှာ ထူးချွန်ထက်မြတ်တဲ့ တပ်မှူးပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး စည်းကမ်းပြည့်ဝပြီး အမိန့်နာခံတတ်တဲ့ တပ်သားပေါင်းများစွာကလည်း လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်ကြပါတယ်။

တိုက်ပွဲပထမအကျော့ဖြစ်တဲ့ (၂၀၁၈/၂၀၁၉/၂၀၂၀)ကာလအတွင်းက တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော်ဟာ စစ်ကောင်စီရဲ့ ခြေလှမ်းတွေနဲ့ စစ်ရေးဗျူဟာတွေအများစုကို နှုတ်ကျက်ရလိုက်တဲ့ပုံစံလို့တောင် ဆိုရမှာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်ဟာ တိုက်ပွဲကို မောင်တောမြောက်ပိုင်း နယ်စပ်မျဉ်းကြောင်းအနားကို ဆွဲခေါ်ခဲ့ပြီး စစ်ကောင်စီကို အရူးမီးဝိုင်းဖြစ်စေခဲ့ပါတယ်။ လေယာဉ်နဲ့ တာဝေးပစ်လက်နက်ကြီးတွေကိုသာ အားကိုးနေရတဲ့ စစ်ကောင်စီဟာ နယ်စပ်မျဉ်းကြောင်းတစ်လျှောက်က တိုက်ပွဲတွေမှာ များစွာအထိနာခဲ့သလို စခန်းပေါင်း လေးဆယ်ကျော်ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတဲ့ စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့ကြိုးစားခဲ့တဲ့အခါ လက်နက်ကြီးတွေနဲ့ လေယာဉ်ကိုအသုံးပြုခဲ့ပေမယ့် လက်နက်ကြီးကျဉ်တွေ ဘင်္ဂလားဒေရှ့်နယ်မြေထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်နိုင်ငံတင်းမာမှုဖြစ်ပွားခဲ့ပါတယ်။ နဂိုကတည်းက နိုင်ငံတကာမှာ လူရာမဝင်တဲ့စစ်ကောင်စီဟာ ဘင်္ဂလားဒေရှ့်ရဲ့ ထိုးနှက်ချက်တွေကို ခံလိုက်ရပါတယ်။ ဒီပြဿနာကို ဘင်္ဂလားဒေရှ့်ဘက်က ကုလသမဂ္ဂထိ တိုင်ဖို့ခြိမ်းခြောက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ မောင်တောမြို့ပေါ်နဲ့ အနီးတဝိုက်အတွင်းမှာသာ စုပြုံနေကြရတာပါ။

မောင်တောနယ်စပ်မျဉ်းတစ်လျှောက် အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲကို မြောက်ဦး၊ ကျောက်တော်၊ မင်းပြား အစရှိတဲ့ ရက္ခိုင်ပြည်အလယ်ပိုင်း လူနေထူထပ်တဲ့ နေရာတွေကို ဆွဲခေါ်တာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေကနေ ကျေးရွာတွေ လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရန်လိုတဲ့ အပြုအမူနဲ့ တိုက်ပွဲတွေကိုဆွဲခေါ်ပြီး လူထုချေမှုန်းဖို့ကြံစည်ပေမယ့် ဒါကိုကြိုသိထားတဲ့ ရက္ခိုင့်တပ်တော်ဟာ ဒီနေရာတွေကို လက်ရှောင်ထားပါတယ်။

ဒီလို စစ်ကောင်စီဘက်က မြောက်ဦးပတ်ဝန်းကျင်မှာ တိုက်ပွဲဖေါ်ဖို့ စစ်ရေးဗျူဟာတွေ လုပ်နေစဉ်အတွင်းမှာဘဲ ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီ လုံးဝထင်မှတ်မထားတဲ့ ရက္ခိုင်ပြည်တောင်ပိုင်း တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်အကြားမှာ စစ်ကောင်စီတပ်သားတွေလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်တင်ဆောင်လာတဲ့ ဇက်ရေယဉ်တစ်စီးကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရက္ခိုင်တော်တော်ရဲ့ စစ်ရေးမဟာဗျူဟာကို အနည်းငယ်ထုတ်ပြလိုက်ပြီးတဲ့နောက် စစ်ကောင်စီဟာ တိုက်ပွဲကိုထက် အရပ်သားတွေကို ဖမ်းဆီးတာ၊ ရေလမ်းကုန်းလမ်းတွေကိုပိတ်ဆို့တာ စတဲ့ ပြည်သူလူထုဗဟိုပြု စစ်ဆင်ရေးကို ဦးတည်လာခဲ့တာကို တွေ့ရပါတယ်။

ရှေ့ဆက် ဘာဖြစ်လာနိုင်သလဲ ???

စစ်ကောင်စီဟာ ရက္ခိုင်ပြည်တစ်ကျော့ပြန်တိုက်ပွဲမှာ လမ်းပျောက်နေသလို နိုင်ငံ့စီးပွားရေး လုံးဝနီးပါးပြိုလဲဖို့ ယိုင်နေချိန်မှာ စစ်ကြောင်းတွေရဲ့ လုံခြုံရေးကိုတောင် လေယာဉ်ပစ်ကူနဲ့ သွားနေရတယ်ဆိုတာဟာ စစ်ရေးမဟာဗျူဟာအရ ရှုံးနိမ့်နေပြီလို့ပြောလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေး လုံးဝမရှိတော့တဲ့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးပြည်တွင်းစစ်မှာလည်း အပ်နဲ့ထွင်ရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်နေရတာဟာ စစ်ရေးကုန်ကျစရိတ်ကို ရေရှည်ထိမ်းထားဖို့ ခက်ခဲလာစေမှာ အသေအချာပဲဖြစ်ပါတယ်။

အရှေ့ဖျားနိုင်ငံများ ဖွံ့ဖြိုးရေးဖိုရမ်မှာ ကမ္ဘာ့အံဖတ် ရုရှားအာဏာရှင် ပူတင်နဲ့တွေ့ပြီး ကပ်ဖား၊ ယပ်ဖား ဆက်ဆံခဲ့ရတာကို လူတိုင်းမှတ်မိကြမှာပါ။ ဒါဟာ မြန်မာစစ်တပ် တစ်သက်လုံးအော်လာတဲ့ “ပြည်ပအားကိုး ပုဆိန်ရိုး”သွားလုပ်ပေမယ့် ပူတင်မှာလည်း ယူကရိန်းကို စစ်ရှုံးပြီး တိုင်ပတ်နေတဲ့ကာလဖြစ်တဲ့အတွက် စစ်ကောင်စီလိုချင်တဲ့ စစ်ရေးအထောက်အပံ့ လက်နက်၊ ခဲယမ်းဆိုတာ ဘယ်လိုမှရနိုင်စရာ အကြောင်းမရှိပါဘူး။ ဆိုတော့ စစ်ကောင်စီဟာ အခုစစ်ပွဲမှာ ရက္ခိုင်သာမက တစ်နိုင်ငံလုံး ရှုံးသွားမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ မြင်ပါတယ်။

ပြည်တွင်းအရေးမှာ စစ်ကောင်စီဟာ သူ့ထွက်ပေါက်အတွက် လမ်းကြောင်းနှစ်ခုဖွင့်ထားပါတယ်။ တစ်ခုက EAO တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပြီး နောက်တစ်ခုကတော့ ရွေးကောက်ပွဲထွက်ပေါက် ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ နှစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရာမထင်ခဲ့သလို တစစနဲ့ နယ်မြေထိမ်းချုပ်မှု အားနည်းလာတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ကတော့ ရာခိုင်နှုန်းအတော်ကိုများတယ်လို့ ပြောလိုရပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဟာ ခုချိန်ထိ မသေချာသေးပါဘူး။

ရက္ခိုင့်တပ်တော်ဘက်ကတော့ စကတည်းက ကြွေးကြော်ထားတဲ့ ဗဟိုအာဏာလုံးဝနီးပါးမရှိတဲ့ အလုံးစုံ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ရေး ကွန်ဖယ်ဒရိတ်ကို ချီတက်နေသလို စစ်ရေးကာလအတွင်းမှာလည်း အုပ်ချုပ်ရေးနဲ့၊ တရားစီရင်ရေးကို အခိုင်အမာပြုလုပ်ထားနိုင်ပါတယ်။ ရက္ခိုင့်တပ်တော်ဟာ စစ်ကောင်စီအတွက် နားလည်ဖို့ အလွန်ခက်ခဲ့တဲ့ စစ်ရေးဗျူဟာတွေကိုချမှတ်ပြီး စခန်းသိမ်းတိုက်ပွဲတွေကနေတစ်ဆင့် တစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ လူထုထိခိုက်မှု အနည်းနိုင်ဆုံးနည်းလမ်းကို ရွေးချယ်ပြီး ကိုင်တွယ်နေတာကိုကြည့်ရင် သူ့နိုင်ငံရေးအယူအဆဟာ ကွန်ဖက်ဒရိုက်ကိုကြွေးကြော်ထားပေမယ့် စစ်ကောင်စီရဲ့ အကျပ်အတည်းပေါ်မူတည်ပြီး ရက္ခိုင်နိုင်ငံတော်အဆင့်ထိ ချီတက်သွားနိုင်ပါတယ်။

လက်နိုင်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးရဲ့အမြင့်ဆုံးလုပ်ရပ်ဖြစ်သလို “အလုံးစုံလွပ်လပ်ရေး”ဟာလည်း တော်လှန်ရေးရဲ့ အမြင့်ဆုံးပန်းတိုင်ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းယူမှုကြောင့် စစ်တပ်က အကျပ်ရိုက်နေချိန်ကို နိုင်ငံရေး၊ စစ်ရေး တည်ဆောက်မှုအဖြစ် ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီး စစ်ရေးမဟာမိတ် အများစုကို မွေးထုတ်ပေးထားနိုင်ခဲ့တာကိုကြည့်ရင် ရက္ခိုင့်တပ်တော်ရဲ့ မဟာဗျူဟာကို မြင်နိုင်ကြမယ်လို့ ထင်ပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ဘက်က အသုံးချလာတဲ့ စစ်ရေးဗျူဟာတွေဟာ စစ်ကောင်စီကို အရူးမီးဝိုင်းဖြစ်စေခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ ရက္ခိုင့်တပ်တော်ဟာ ရက္ခိုင့်နိုင်ငံတော်ခရီးအတွက် နောက်ထပ် ထုတ်သုံးလာနိုင်တဲ့ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာတွေဟာ ရက္ခိုင်ပြည်အလုံးစုံလွတ်မြောက်ရေးကို ဦးဆောင်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်တော့ပါဘူး။

စစ်ရေးမဟာဗျူဟာ ကစားကွက်ပြိုင်ဆိုင်မှုကြားမှ ရက္ခိုင်ပြည် နိုင်ငံရေးခရီး - Development Media Group စစ်ကောင်စီဘက်က မြောက်ဦးပတ်ဝန်းကျင်မှာ တိုက်ပွဲဖေါ်ဖို့

Website