Artist A Mon

Artist A Mon

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Artist A Mon, Artist, .

23/02/2024

ညှော်နံ့
•••••••••••
Aမွန်

19/02/2024

ပြန်ဆုံကြေး
••••••••••••••
Aမွန်

24/12/2023

ခုဆို
တောင်တက်လမ်းမှာ နှင်းပန်းတွေပြည့်နေရှာရော့မယ်
ရွှံ့ပျော့ပေါ်နင်းမိတော့
ခြေရာက ထင်းကနဲပေါ်တယ်
ငါလည်းမနက်ဖြန်ဆို မင်းဆီကပြန်တာ ၂နှစ်
မင်းလည်းမနက်ဖြန်ဆို ငါ့ဆီကသွားတာ ၂နှစ်
တကယ်ချစ်ခဲ့တော့
ကျောက်တုံးတွေချောနေတဲ့ စမ်းချောင်းလည်းဖြတ်
တကယ်ချစ်ခဲ့တော့
အမြောက်ဆံ ဝရုန်းသုန်းကားကြား
အသက်တွေ တဖွားဖွားလွင့်
တကယ်ချစ်ခဲ့တော့
၂နှစ်ဆိုတာ ခဏလေးပဲ၊
မနက်ဖြန် နေတခြမ်းပဲပွင့်မယ်ဆိုရင်တောင်
မင်းရောက်တဲ့ဘဝမှာ လင်းပါစေ သူငယ်ချင်း။

Aမွန်
(၂၅ ဒီဇင်ဘာ ၂၀၂၁ လေးကေ့ကော်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာအေစိုင်းကေသို့၊)

29/08/2023

ကောင်းသွားမှာပါ

17/08/2023

အကောင်းအတိုင်းပြန်ဖြစ်မလာတဲ့တေးတွေနဲ့
ရေဒီယိုကို ခဏခဏဖွင့်
••••••••••••••••••••••••••••
အသည်းနှလုံးကို အနှစ်ပေါက်သည်အထိကြော်ပစ်လိုက်တယ်
ပြီးရင် ညနေခင်းနဲ့မြည်းမယ်
ပြီးရင် အလိုက်ကန်းဆိုးမသိတဲ့ တိမ်တွေနဲ့စကားပြောမယ်
ဝီစကီတစ်လက်ကို ဘယ်စျေးပေါက်သလဲ ဆိုတာမျိုးပေါ့
စစ်ပွဲဟာ ရုပ်ရှင်ပဲ
ဒါပေမယ့်ပြီးအောင်တော့ကြည့်ရမယ်။

Aမွန်
17.Aug.2023

22/07/2023

မြစ် ဟိုဘက်ကလူတွေ

18/07/2023

ကဗျာရွတ်တဲ့နေ့

17/07/2023

ဂျွန်ရဲ့နေ့တွေ

16/07/2023

လွယ်မလား အချစ်ရယ်

15/07/2023

ရင်ထဲမှာ သစ်ပင်လေး

14/07/2023

ဗုံသံတွေရဲ့အဝေးမှာ
•••••••••••••••••••••••••

ဗုံသံတွေရဲ့အဝေးမှာ
ကဗျာဆရာဟာ ပွဲတော်ကိုတစ်ယောက်ထဲ ကျင်းပတယ်

ရွှေပွဲလာမရှိ
ပြိုးပြိုးပြက်ပြက် မီးရောင်တို့မရှိ
ဆူဆူညံညံ ရယ်ရွှင်ဖွယ်အသံတို့မရှိ
အကာလကောင်းကင်မှာတော့
ကြယ်လေးတစ်လုံးစ နှစ်လုံးစ ရှိတယ်ဆိုရုံလေးသာရှိတယ်

ကဗျာဆရာဟာ ပွဲတော်ကိုတစ်ယောက်ထဲကျင်းပတယ်
ဗုံသံတွေကို သူယုံပုံမရဘူးပဲ။ ။

Aမွန်

Away from the drums' sound
••••••••••••••••••••••••••

Away from the drums' sound
The poet celebrates the festival alone

There is no audience
No dazzling lights
No noisy, funny sounds
In the night sky
There is only one or two stars

The poet celebrates the festival alone
He doesn't seem to believe the drums' sound.

A Mon
6,3,2023
Translated by thz
6၊3၊2023

05/07/2023

ပထမဆုံးမိုး

ကဗျာတစ်ခြမ်းစာလောက် ရွှဲသွားရင်လည်း ဖြစ်တယ်
သတိရခြင်းဟာ သူ့အလောင်းသူဖျောက်ပြီး တောက်ပ
သူ့ဆံပင်ကောက်ကောက်တွေထဲ
အရေဖျော်ခံရတဲ့တိမ်တွေ မွှေးလို့..
မုဆိုးတို့ လွမ်းတဲ့ရာသီ။

Aမွန်
23.april.2023

04/07/2023

ကဗျာခံစားမှု၄ # ၂၀
Aမွန် ရဲ့ "နံနက်ခင်း၌ ပွင့်သောနှင်း"
(ဟိုဘက်နှစ်တွေဟာ သတိရစရာစာအုပ် မှ)

"ဘာဖြစ်လာမယ်မှန်း မသိတော့
ဘာမှ မဖြစ်သလို နေရတယ်
ကိုယ် ဝမ်းနည်းလွယ်တာ ကိုယ်ပဲ သိတယ်
ဝမ်းနဲ့ လွယ်ခဲ့တဲ့ အမေတောင် မသိဘူး
ဒီလိုပဲ အတောင်ပံ တဖြန့်ဖြန့် ရူးကြည့်တာပဲ"

real ကဗျာဆိုတာက အစစ်အမှန်တရားကို ရှာဖွေတဲ့ဖန်တီးအရာဖြစ်တယ်။unreal ကတော့ အစစ်အမှန်တရားကို မရှာဖွေတော့ဘဲ realနဲ့ဆန့်ကျင်ဘက်ကိုဖန်တီးတဲ့အရာပေါ့။misty ဆန်သွားတဲ့ ကဗျာများဟာ အစစ်အမှန်တရားကို တွန်းအားပေးရှာဖွေတာထက် မရှာဖွေတော့ရင်တောင် ပိုကောင်းပါတယ်လို့ သဘာဝအရှိတရားများနဲ့ နီးကပ်စွာခံစားခိုင်းရင်း အေးအေးဆေးဆေး မျောလွင့်ခိုင်းလေ့ရှိတယ်။realနဲ့ unreal ကြားအမြဲကူးလူးနေတဲ့ကဗျာဆရာAမွန်ဟာ ပြင်းထန်လှုပ်ရှားလွယ်တဲ့ ခံစားမှုတွေကို သိပ်သည်းကျစ်လစ်တဲ့ အပြောဘာသာနဲ့ ကဗျာတွေကို ညင်သာစွာ ရေးသားလေ့ရှိပါတယ်။ခုကဗျာမှာလည်း နံနက်ခင်းမှာ ပွင့်သောနှင်းဟာ အတ္တကာကွယ်မှုယန္တရားရဲ့ ယိုယွင်းပျက်စီးသွားတဲ့ စိတ်တဆတ်ဆတ်ကို ပြန်လည်အောက်မေ့ထားခြင်းပါပဲ။ဝမ်းနည်းလွယ်တဲ့ ကဗျာဆရာရဲ့ ငြိမ်သက်နေတဲ့ မိုးကုပ်စက်ဝိုင်းတစ်ခု။သူ့အိပ်မက်တွေဟာ အက်ရာတွေ စီးဆင်းနေတယ်။သူဟာ တိုက်လေတစ်ခု။အတော်ပံ တဖြည်းဖြည်းဖြန့် ရူးသွပ်သွားသလိုမျိုး။တီးတိုးတိတ်ဆိတ်နေဆဲ လူသားနှင်းပွင့်လေးပေါ့။

"ရေစိုနေတော့ ဝေးဝေးမရောက်
တနင်္ဂနွေလည်း တနင်္ဂနွေ အလျောက်
အိမ်တိုင်ရာရောက် တံခါးလာခေါက်ချင်မိတယ်
ခုလည်း မိုးတွေညိုလို့
ဟိုတစ်မြို့မှာ နင်ဘာလုပ်နေမလဲပေါ့
တစ်ဖက်ခြမ်းက တွေးတာဆိုတော့
တစ်သက်လွမ်းလို့ ပြီးပါ့မလားပဲ"

ဒီကဗျာအဖွဲ့ဟာ မိုးတွေညို့လို့။ဒီကဗျာအနွဲ့ဟာ လှပတဲ့ ဘာသာစကားယိမ်းနွဲ့မှုတွေနဲ့ အလွမ်းရဲ့ သရုပ်သကန်ကို ပုံစံတစ်မျိုးနဲ့ လှစ်ပြနိုင်တယ်။မြို့ချင်းခြားနေတဲ့ လွမ်းနေသူနှစ်ယောက်အတွက် တစ်သက်အလွမ်းစာပေါ့။ရေစိုနေတော့ ဝေးဝေးမရောက်။မစစ်မှန်တဲ့ နိမိတ်ပုံတွေနဲ့ စစ်မှန်တဲ့ ဇာတ်ပြောကို တင်ဆက်ထားတယ်။သူ့အပြောထဲ စိတ်လေးလံ မောချင်စရာ။တနင်္ဂနွေလည်း တနင်္ဂနွေ အလျောက် အိမ်တိုင်ရာရောက် တံခါးလာခေါက်ချင်မိတယ်။အလွမ်းရှည်။နော်စတာဂျီရာရဲ့ ဗလာကျင်းမှု နိမိတ်ပုံတွေ။နှင်းတစ်ပွင့်ရဲ့ နှလုံးသားကြောင့် ထူထပ်သိပ်သည်းတဲ့ အလွမ်းမြူထူကြီးက ကဗျာဆရာကို ပိလို့ ပြန့်ကျဲဝေဝါးမှုထဲ နစ်ဝင်စေတယ်။သတိရစရာတွေဟာ တဖိတ်ဖိတ် တလက်လက်နဲ့ လှပစွာ အရာမထင်ခဲ့ဘူး။သူချစ်သောသူနဲ့ကြားက အရှိတရားကွာဟမှုကြီးဟာ တတိတိမျောလွင့်လို့နေဆဲ။

"စိတ်ကူးတည့်ရာ လျှောက်လုပ်ချင်တယ် ပြောရအောင်
စိတ်ကူးလေးတောင် မတည့်ရပါလားလို့
ကိုယ့်ဘာသာ မေးငေါ့မိမယ်
ဘယ်အရပ်ဆီက ပစ်ပစ် ကိုယ့်ဆီပဲလာစိုက်တယ်
စိတ်နဲ့သတ်လည်း သေပါတယ် အချစ်ရယ် ။"

ဘိုင်ရွန်ဟာ လွမ်းဖွဲ့ကဗျာများကို မုန်တိုင်းထန်တဲ့နေ့တွေမှာ ရေးခဲ့ဖူးတယ်။လေတွေမိုးကြား အသည်းတယားယား နှင်းဆီဝင်္ကပါပေါ့။ခု ကဗျာဆရာAမွန်ဟာလည်း စိတ်ကူးယဥ် ဆောင်းနှင်းမိုးမှုန်ကြားမှာ အလွမ်းကဗျာတွေကို တစ်ယောက်တည်းရေးနေတဲ့ သူပါ။သိမ်ငယ်သေးကျုံ့သွားတဲ့ အလွမ်းစိတ်အမျှင်တန်းနုဖတ်လေးတွေကို သူ့နှလုံးသားက နာကျင်စွာရစ်သီလို့ ကဗျာတွေကို ချုပ်လုပ်ခဲ့တယ်။ပြီးတော့ အန္တရာယ်များတဲ့ ရန်သူတစ်ထောင် အချစ်မြားများ။တကယ့်အဖြစ်ထဲ အဆီအငေါ်မတည့်တဲ့ စိတ်ကူးများက ဘယ်အရပ်ဆီက ပစ်ပစ် ကိုယ့်ဆီပဲ လာစိုက်တယ်။စိတ်နဲ့သတ်လည်း သေပါတယ် အချစ်ရယ်တဲ့။အပြင်လောကမှာ တကယ်မဖြစ်နိုင်တော့ဘူးလို့ မမျှော်လင့်ရဲတဲ့ ချစ်အိပ်မက်လေးတစ်ခု။လေထဲတိုက်အိမ်ပေမယ့် ကဗျာဆရာဟာ အဲ့လေထဲ တိုက်အိမ်လေးကို စာဖတ်သူရင်ဘတ်ဆီကို တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်တာဟာ ရင်သပ်လှိုက်မောဖွယ်ရာပါပဲ။

ကန္တာရမိုးစက်

02/05/2023

မေနှစ်
~~~~
Aမွန်

ကျနော်ဟာ
တိမ်တိုက်နဲ့တိုက်မိပြီး ပြုတ်ကျခဲ့ရတဲ့
ကောင်းကင်တစ်ပွင့်ပါ
အာသာပြင်းပြင်းနမ်းမိလို့
နှုတ်ခမ်းချင်းမီးပွင့်နေတဲ့ နွေရာသီရဲ့တစ်ခုသောနေ့လယ်ခင်းမှာ
ကျနော့်ကိုမွေးဖွားခဲ့ပါတယ်။

ထီးသုံးနန်းသုံးတွေနဲ့ဝေးရာ
စံပယ်တွေတဝုန်းဝုန်းပွင့်တဲ့ကျွန်းမှာ
ကျနော့်နေရောင်ခြည်ဟာ အရွယ်ရောက်ခဲ့
ကျနော့်အနွေးဓာတ်ဟာ မွှေးမြလတ်ဆတ်ခဲ့ပါတယ်၊
အုန်းလက်နွားလေးဆွဲလို့
ကျောင်းသွားဖော်လေးကို ငေးလို့
သဘာဝကိုမှမခင်တွယ်ရင် ဘာကိုကျနော်ခင်တွယ်ရမလဲ
ပန်းတပွင့်ရဲ့ ဇာတာမှာ
အလွမ်းနက္ခတ်နဲ့ယှဥ် မွေးဖွားလာတာထင်ပါရဲ့

တဖြေးဖြေးအသက်ကြီးလာတဲ့
အိမ်ရှေ့က ဒူးရင်းသြဇာပင်လေးဟာ
ကျနော့်သူငယ်ချင်းဖြစ်ပြီး
ရှေးဘဝထဲက ကြိုမွှေးခဲ့သလားထင်ရတဲ့
ခြံထောင့်က ယုဇနပင်လေးဟာ
ကျနော့်စကားပြောဖော်ဖြစ်တယ်
နှင်းတွေအရမ်းကျတဲ့မနက်တွေဆို ပန်းတွေအရမ်းမွှေးတာပါပဲ

အဲဒီတုန်းက မိသားစုမီးဖိုလေးဟာ
ကြယ်တွေစုံတယ်
အဲဒီတုန်းက ရယ်သံတွေဟာ ပရိုတင်းကြွယ်ဝတယ်
အဲဒီတုန်းက အဖွားရဲ့ချွေးခံအကျီ်အိတ်ကပ်လေးဟာ
ကျနော့်ကို ပျော်ရွှင်စေတဲ့ကမ္ဘာဖြစ်ပြီး
အမေ့ရဲ့ စျေးဆွဲခြင်းလေးက
ကျနော်တို့ထမင်းဝိုင်းကို အသံသာစေခဲ့တယ်
အဲဒီတုန်းက ပင်လယ်ကလှိုင်းအကြီးကြီးတွေ
ကျွန်းကလေးဆီရောက်လာလိမ့်မယ်လို့လည်း
ဘယ်သူမှမတွေးတောခဲ့ကြပါဘူးတဲ့

အရင်းကအခုတ်ခံရတဲ့ ပန်းခြုံလေးလို
ပုံလျက်လဲကျသွားတဲ့ နှစ်ကာလတွေဟာ
အဲဒီတုန်းက တကယ်ဖြစ်ခဲ့ပါတယ်

မိအိုဖအိုတွေဟာ
ကမ်းခြေက ငေးရီလို့
ပေါက်နေတဲ့ လှေဝမ်းလည်းဖာရ
ယိုနေတဲ့အမိုးလည်း ပြင်ရ
စိုနေတဲ့ကြမ်းခင်းလည်း သုတ်ရပေါ့

မိုးကောင်းတုန်း လေပါတဲ့အခါ
မြောင်းထဲကအလောင်းဟာ
စာသင်ကျောင်းအပျက်လေးဆီ ခေါင်းလှည့်လို့
သစ်ခက်အကျိုးအပဲ့တွေအောက်
အနာဂတ်ကို တစစီလိုက်ကောက်ရတယ်
ဒါဟာ အနက်ရောင်မီးတောက်ပဲ
သမိုင်းရဲ့ အစွန်းအထင်းပဲ
အ၊ကာလ ကဗျာရှည်ပဲ
အမေ့လျောခံ ကမ်းခြေရဲ့
မိုးမတိတ်သေးတဲ့ မျက်ရည်တွေပါပဲ။

မေနှစ်တဲ့
ဒီပန်းရိုင်းလေးပွင့်ခဲ့တာ ၁၅နှစ်တောင်ကြာခဲ့ပြီ။

Aမွန်
၂မေ ၂၀၂၃
နာဂစ်မုန်တိုင်း ၁၅နှစ်ပြည့်။

17/04/2023

နိုင်ငံတော်ထံပေးစာ ၂
~~~~~~~~~~~~~

ငါက ပန်းချီကားကိုကြည့်တယ်
ပန်းချီကားထဲမှာ နွေ
နွေထဲမှာအတာ
ပိတောက်လည်း ငို
ငုလည်းငိုတဲ့ အတာ၊

နွေထဲရဲရဲ
ပြတ်ထွက်သွားတဲ့လက်တစ်ဖက်က
ဂန္ဓမာပွင့်တွေပေါ်ဝဲလို့
ပွင့်လက်စမျက်ဝန်းမှာ တိမ်ကင်းစင်လို့
သောကကို ခါခါချနေရ၊

စားနေတဲ့ထမင်းလုတ်ဟာ
ပေါင်ငါးရာဗုံးနဲ့ ပုတ်ချခံလိုက်ရတယ်
သောက်လက်စ ရေတစ်ခွက်ဟာ
စက်သေနတ်စာမိပေါ့
အိမ်ပြန်ရင် ဆော့စရာသူငယ်ချင်းမရှိတော့ဘူး
အိမ်ပြန်ရင် ပြန်စရာအိမ်လည်းမရှိတော့ဘူး

တချိန်ချိန်တော့ ရှင်းရမယ်
စကားတစ်ဖက် ဓါးတစ်လက်နဲ့
တရားတဲ့ဖက်က နိုင်ကြေးဟေ့လို့
ငါတို့အစ်ကိုက ပြောခဲ့တယ်
တချိန်ချိန်တော့ ရှင်းရမယ်။

Aမွန်
နှစ်ဆန်းတစ်ရက်နေ့၊၂၀၂၃

29/03/2023

မြစ်ကရှည်လျား
••••••••••••••••••••••
ဘယ်ဘုရားမှ ဒီမြစ်အကြောင်းမဟောသွားဘူး
ရှည်လျားတဲ့မြစ်ဆိုတော့
အစအဆုံးချစ်နိုင်ဖို့ ခဲယဥ်းမယ်၊

တော်လှန်ရေးသံခိပ်နဲ့ မြစ်ဟာငြိမ့်ပေါ့

ငါ့လှေငါထိုး ပဲခူးရောက်ရောက်ရယ်
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ရယ်ဟာ
မြစ်ရဲ့ ချစ်တဲ့သူငယ်ချင်းတွေ
မြစ်ဟာ၊ အဆန်ကိုအစုန်ထင်
ယုံချင်စရာ အပုံအပင်နဲ့ မြို့ကလေးတွေကို ချစ်ရှာတယ်
နွမ်းပါးတဲ့ဝမ်းစာနဲ့ အနုပညာချို့တဲ့ရှာသူ
ရေလယ်ကလှေငယ်လေးများကိုလည်း
မြစ်ဟာ ကူရှာတယ်
မြစ်ဟာ မောင်ချောနွယ်ကဗျာတစ်ပုဒ်လောက်ရှည်လျားပြီး
အောင်ချိမ့်ရဲ့ ပါးစပ်လောက်ကျယ်ပါတယ်
မြစ်ဟာ ခေတ်ကိုမကြောက်ပါဘူး
ခေတ်ဟာ မြစ်လောက်မရှည်လျားနိုင်တာကို
မြစ်ဟာ သိနှင့်ပြီးတယ်ထင်ပါရဲ့

ကျောက်စက်ရေ တစ်စက်တစ်ပေါက်ဟာလည်း
မြစ်ကြီးတစ်ခုစာအတွက် တောက်ပဖို့ လုံလောက်ပါတယ်
ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ရောက်နေတဲ့
အစုန်ထင်သူများအတွက်တော့
မြစ်ဟာ စိတ်ညစ်ရှာပုံပဲ
ရေလုံးရေရင်းနဲ့ စီးဆင်းတဲ့အခါ
ပဲ့ပါသွားတဲ့ ကမ်းပါးတွေကို
နောင်တစ်ချိန်မှာ နှလုံးသားလို့ခေါင်းစဥ်မတပ်ကြေးလို့
မြစ်ဟာ ရှည်ရှည်လျားလျား တွေးမိနေတော့သတဲ့။

Aမွန်
ဖေ ၁၁ ၊ ၂၀၂၃

04/03/2023

နိုင်ငံတော်ထံပေးစာ

15/02/2023

နွေညနေရေ

12/02/2023

ရန်ကုန်ဟာ ရန်တွေမကုန်သေးတော့
တစ်ယောက်ယောက်နဲ့ပြန်ဆုံဖို့ ဝေးကြရတယ်
ဟိုဘက်နှစ်တွေဟာ သတိရစရာ၊

04/02/2023

ကြေကွဲကြောင်
•••••••••••••••••••

ငါ့အမြှီးဖျားလေးခတ်ခတ်ပြီး
အဝတ်ဟောင်းခြင်းထဲက ခေတ်ကြီးတစ်ခုလုံး
မင်း တစ်ခစ်ခစ်ရီဖို့
မင်းကို လက်ဆောင်ပေးခဲ့၊ မင်းက
ဗီရိုအမိုးပေါ်မှာ အဂ်ါဂြိုဟ်ရှိတယ်ဆိုတော့
ငါက အီလွန်မာ့ခ်နဲ့ ဆွေးနွေးခဲ့ရ
အမွှေးအကြားလေးဟာ
တစ်သွေးတစ်သားပါပဲ
ခုတော့ ဝေးသွားကြရပြီ၊
အိမ်ရှေ့ဆက်တီခုံအောက် ဘယ်ကရောက်လာမှန်းမသိတဲ့
ငှက်မွှေးလေးလို
ငါ့မှာ လွင့်ရ ပါးရ လွင့်ပါးရပေါ့
အလွဲလွဲအချော်ချော် ငါမပျော်တော့ဘူးအချစ်
ဝရံတာ အပြင်မှာဘာရှိမလဲ
ညကြီးသန်းခေါင်
ငါ ကြယ်တွေကိုယောင်ပြီးကြည့်မိပြီ။

Aမွန်
16.jan

03/02/2023

သူမလာတယ်
•••••••••••••••••

အသံသာတဲ့ဆည်းလည်းလေးကို
ဆောင်းလေက ဝင်တိုးသက်သလိုနေ့မျိုးပေါ့
သူမလာတယ်
ကမ္ဘာတစ်ခြမ်းစာ သံသရာပန်းတွေပွင့်ဖို့
သူမလာတယ်
ရှေးရေစက်ဆိုတာ ဘာဟုတ်သေးလို့လဲ
တစ်ယောက်အချစ်မှာ တစ်ယောက်ကမျက်မြင်သက်သေ
တစ်ယောက်ကိုတစ်ယောက် အမှုတွဲလို့
မီးခိုးလေးက စ လိုက်လည်း
နန်းပြဿဒ်မှာ ဆုံးမယ်
သူမလာတယ်
ဘဝရဲ့ မိုးလေဝသမှာ တိမ်ကင်းစင်သောနေ့မျိုးပေါ့
သူမလာတယ်
သူမလာတယ်
ထွန်းကားတဲ့မြို့ကြီးတစ်မြို့ကို ဇာတာဖတ်ပေးဖို့
ကြောင်ဖြူဖြူလေး တစ်ကောင်မွေးဖို့
ဆေးခြောက်သောက်ပြီး လိင်ဆက်ဆံဖို့
ချစ်တယ်ပြောပြီး စိတ်ကောက်ပစ်လိုက်ဖို့
သူမလာတယ်၊

တစ်ခေတ်မှာ တစ်ခါတော့ခမ်းနားရမယ်
အချစ်ဟာ တစ်ခါတော့ ဆန်းပြားပါတယ်
သူမလာတယ်။

Aမွန်
2.Feb.2023
photo@ko kyaw

24/01/2023

ကဗျာဆရာရွှေဘုန်းလူရဲ့ ဥဒါန်း ကဗျာကို
BPLA အတွက် ရွတ်ဖြစ်ခဲ့တယ်၊

24/11/2022

သို့/လူလူ
~~~~~~

လူလူရေ၊
မင်းက ပုသိမ်မှာသာတဲ့ လ ပဲ
ဘယ်လောက်ဝေးဝေး
ပထမဆုံးခြေလှမ်းလေးပဲ အရေးကြီးတာပါ
လူလူရေ။
တောင်ပေါ်တောခြောက်
ပြောလောက်စရာ ရိုးမစခန်းတွေဆီ မရောက်ပေမယ့်
ထောင်နံရံလေးဘက်ကြား
အမှန်တရားနဲ့ကဗျာအလံကို မြင့်မြင့်မားမား လွှင့်ထူထားတဲ့အတွက်
ချစ်ရပါတယ် လူလူရေ၊
တစ်ချိန် သမိုင်းက မေးတဲ့အခါ
ရင်ကော့ပြစရာ ခေါင်းမော့ထားစရာပေါ့
ဒါပေမယ့် ခါးတယ်ကွာ၊
ခွဲခွာရခြင်းဟာ အလွန်ခါးသက်လှပါရောလား
ငါတို့မှာ ပစ်တိုင်းထွက်တဲ့
အလွမ်းဘယ်နှစ်လက်များ ကျန်တော့လို့လဲ။
လူလူရေ
သေချာအားစိုက်ပြီးနားထောင်စမ်းပါ
တိတ်ဆိတ်နေတဲ့အခါ ငဝန်ရဲ့ရေစီးသံဟာ
ကဗျာဖြစ်ပါတယ်၊
မစ္စစပီကရေတွေ ဧရာဝတီကရေတွေ သောင်ရင်းကရေတွေ ငဝန်ကရေတွေ
ကဗျာဆရာမောင်အောင်ပွင့်ပြောတဲ့ သမိုင်းအရည်တွေပါပဲ
လူလူရေ ကျန်းမာအောင်သာနေ
တစ်ချို့ကဗျာတွေက ရှည်တော့
ဖတ်ရတာ နည်းနည်းကြာတတ်တယ်။

Aမွန်
24.nov.2022

03/10/2022
Photos from Artist A Mon's post 22/09/2022
21/07/2022

ခုဆို တောင်ပေါ်မှာမိုးတွေရွာပေါ့

ပထမတော့ ဆွမ်ပရာဘွန်လောက်က တွေးမိတယ်
ဒါပေမယ့်
ကန့်ဘလူလောက်က ဖြတ်ချလည်း
တော်လှန်ရေးက လှ
ဒီလိုမဟုတ်လား။
ကျနော်က အဖြစ်အပျက်ရေးသူတစ်ယောက်ပါ
ကျည်ဆံခွံတွေကိုတော့
ခင်ဗျားက နှလုံးသားနဲ့ကောက်ပေါ့။
ခုဆို
ခုလို တောင်ပေါ်ဖျားက ရွာပေါ့မိုးတွေလေ၊
တောင်ကျချောင်းက ရေသိပ်စီးတော့
တစ်ဘက်ကမ်းက အပြုံးကို
သေချာမမြင်ရနိုင်ဘူး။
မိုးက ဆိုးတယ်
မျက်ရည်ကို ဆင်တူယိုးမှားဖြစ်အောင်လုပ်တာ။

Aမွန်
21.7.22

21/07/2022

မမမူ

မမမူက အရမ်းလှတယ်
ဗျူဟာ
မဟာဗျူဟာ
အဂ္ဂမဟာဗျူဟာ ရယ်လို့
မမမူဟာ တင်ပါးလေးလှုပ်ပြီး
တစ်သိမ့်သိမ့်ရယ်တယ်။
မူရှိရမယ်လေ

မမမူရယ်ရင်
စစ်ခွေးတွေက လက်ပြတ်ကုန်တယ်
မမမူ ပြုံးရင်
ပဒေသာမိုင်းဆိုတာမျိုးနဲ့
လေပေါ်ဝဲနေပေါ့
စစ်ခွေးကားတွေလေ၊
ဒါနဲ့ပဲ မမမူဟာ ခပ်တည်တည်နေတယ်
မမမူတည်တည်တန့်တန့်နေရင်
AKကျည်တွေ အလိုလိုရောက်လာသတဲ့
မမမူ မခို့တရို့များပြုံးလိုက်ရင်
အမ်၁၆ တွေ ဖိုက်ပွိုင့်ဖိုက်စစ်တွေ
အလိုလိုရောက်လာသတဲ့၊
မမမူရေ။

မမမူဟာ
မူပြတ်ဖို့လိုသတဲ့၊
မူပြတ်တာက လူသတ်ဖို့မဟုတ်
ဖက်ဒရယ်အတွက် သေသောနတ်ရဲ့
သေနတ်များလိုသတဲ့၊
မိခင်ဖခင်အိုတွေနဲ့
ကလေးငယ်တွေကို ကာကွယ်ဖို့
စားရေရိက္ခာပြည့်စုံဖို့
မမမူဟာ
မူပြတ်ဖို့လိုတယ်။

မမမူကိုချစ်တယ်
လက်ဖဝါးခြေဖဝါးက စ တဲ့ တော်လှန်ရေးဆိုတော့
ဝါးကြောလေးရှတာက အစ
မမမူရဲ့တာဝန်ပဲ၊

အညာလွင်ပြင်ကို
သူတို့တွေ မီးတင်လို့ရှို့တယ်
မဲခဲနေတဲ့ အလောင်းဟာ
စာနာနားလည်စိတ်ပဲ
မမမူ
ကိုယ်ချင်းစာတရားပဲ မမမူ

မမမူ
ခု ဘယ်မှာလဲ
မမမူ မူပြတ်ပါစေ။

Aမွန်
21.7.22

17/07/2022

တော်လှန်ရေးကဘာဖြစ်လာမယ်တော့မသိဘူး
ငါက ကဗျာတစ်ပုဒ်ထပ်ရပြီ
လက်တွေ့ကျတာပဲလုပ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ
လေယဥ်တွေ ခေါင်းပေါ်ဝဲနေတာတွေ့ရ
စာအုပ်ထဲ ညပ်သေနေတဲ့ ပင်လယ်ကိုဆွဲထုတ်ပြီး
တဲခေါင်းရင်းဘက်ဆီ လှမ်းတွန်းထုတ်ရတယ်
အတော်လွမ်းစရာကောင်းတဲ့ ဥသျှစ်ရွက်နုနုလေးတွေပါ
သားနှစ်ယောက်မွေးထားပြီး
ဘုရားစင်ရှေ့က မထနိုင်တဲ့
အမေ့ရဲ့ဒီဖက်နှစ်သောကတွေက
စံပယ်လိုဖွေးလို့
အဝေးက မွှေးမြစွာကန်တော့ပါတယ်၊
အဖေ့လည်ချောင်းအပေါက်ထဲက လှမ်းချောင်းကြည့်ရင်
ကမ္ဘာသစ်တစ်ခုမြင်ရမယ်ဆိုလို့
အဖေဟာ သူ့လည်ပင်းကိုအနာခံပြီးဖောက်ခဲ့တယ်
ပန်းချီဆရာတစ်ယောက်မဟုတ်ခဲ့လေတော့
သူ့ဘာသာစကားဟာ သစ်တိုသစ်စတွေပစ်ချလိုက်သလို
ဝေါခနဲ၊
သောက်လက်စ ရေနွေးခွက်ထဲ
ဆေးလိပ်ပြာ မှားခြွေမိတယ်
ကြည့်လက်စ ရှုခင်းဆိုတာ
ကျည်ဆံတွေနဲ့ လုပ်ထားတာ
တောထဲတောင်ထဲက ရေးတာဆိုတော့
တောရေးတောင်ရေးတော့ ဖြစ်နေမှာပဲ
နွေဦးတော်လှန်ရေးတဲ့
အရင်ဆုံးတိုက်ပွဲကျတာတော့
ငါတို့နှလုံးသားတွေပါပဲ ရဲဘော်ရေ။

ရဲဘော်သို့

Aမွန်
26.june.2022

Photos from Artist A Mon's post 20/06/2022

ချက်ရီပက်ဗလစ်နိုင်ငံရဲ့ ရွာလေးတရွာက
ကလေးရုပ်ထုလေးတွေရဲ့ ကြေကွဲဖွယ်ဇာတ်ကြောင်း
wwwwwwwwwwwwwwwwwwwwwwwwwww

ဥရောပတိုက်က ချက်ရီပက်ဗလစ်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ Lidice ဆိုတဲ့ ရွာလေးမှာ ကလေးငယ် (၈၂)ဦးရဲ့ ရုပ်ထု ကိုတွေ့နိုင်မှာပါ။

အသက် (၂)နှစ်ကနေ ဆယ်ကျော်သက်အရွယ်တွေအထိ ပါဝင်တဲ့ အဲဒီရုပ်ထုတွေမှာ ယောင်္ကျား လေးရုပ်ထု (၄၀) နဲ့ မိန်းကလေးရုပ်ထု (၄၂)ခု ပါဝင်ပါတယ်။

ဒီရုပ်ထုတွေကို ဘာအတွက် ထုလုပ်ထားတာလဲဆိုတဲ့ အကြောင်းက အတော်ဝမ်းနည်း ကြေကွဲဖွယ်ကောင်းလွန်းနေပါတယ်။

ဒီရုပ်ထုထဲမှာပါတဲ့ ကလေးငယ် (၈၂)ဦးစလုံးဟာ နာဇီဂျာမဏီတွေရဲ့ အဆိပ်ငွေ့နဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရသူတွေပါတဲ့။

၁၉၄၂ ခုနှစ်က သူတို့ကို Lidice ရွာလေးကနေ ဖမ်းခေါ်သွားပြီး ပိုလန်နိုင်ငံက Chelmo မြို့မှာရှိတဲ့ နာမည်ကျော် Chelmo Extermination Camp မှာ သတ်ဖြတ်ခံခဲ့ရတာပါ။
(Chelmo စခန်းဟာ နာဇီဂျာမဏီတွေရဲ့ အဆိပ်ငွေ့သုံး လူသတ်စခန်းတွေအနက် ပထမဆုံးစခန်းလည်း ဖြစ်ပါတယ်)

၁၉၄၂ ခုနှစ်မှာ ဘိုဟီးမီးယန်းနဲ့ မိုရာဗီယာဒေသတွေရဲ့ အုပ်ချုပ်သူ နာဇီ အရာရှိ Reinhard Heydrich လုပ်ကြံခံရအပြီးမှာ ဟစ်တလာက (ထိုစဉ်က)ချက်ကိုဆလိုဗက်ကီးယား ဒေသတွင်းမှာရှိတဲ့ လုပ်ကြံသူကို ဝှက်ပေးထားတယ်လို့ သတင်းရတဲ့ ရွာတွေအားလုံးကို အပြစ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

သူ့အမိန့်အရ ဒေသတွင်းက ရွာတွေအားလုံးမှာရှိတဲ့ အမျိုးသားတွေ အကုန်အသတ်ခံရပြီး၊ အမျိုးသမီးတွေဟာလည်း သုံ့ပန်းစခန်းတွေကို အပို့ခံရပါတယ်။

ဒါ့အပြင် ကလေး ငယ်တွေကိုလည်း စုဝေးစေပြီး တချို့ အာယန်လူမျိုး (မဟာဂျာမဏီလူမျိုး) ရုပ်ဆင်တူတဲ့ ကလေးတွေဟာ ဂျာမန်လူ မျိုးကြီးဝါဒ သွတ်သွင်းခံရဖို့ ရွေးချယ်ခံရပြီး ကျန်တဲ့ကလေးတွေအားလုံးကတော့ အသတ်ခံခဲ့ရပါတယ်။

Lidice ရွာက မိသားစုတစုရဲ့ သားတယောက်ဟာ နာဇီဂျာမဏီကိုတော်လှန်နေတဲ့ ချက်တော်လှန်ရေးတပ်ထဲမှာ ရှိနေ တာကြောင့် နာဇီတွေက Lidice ရွာကို တခြားရွာတွေထက်ပိုပြီး အညှိုးတကြီး ဖျက်ဆီးခဲ့ပါတယ်။

ရွာမှာရှိတဲ့ အရွယ် ရောက်ပြီး အမျိုးသား ၁၇၃ ဦးစလုံး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၁၈၄ ဦးဟာလည်း သုံ့ပန်းစခန်းအတွက် ဖမ်းဆီးခံခဲ့ ရပါတယ်။

ကလေးငယ် ၈၈ ဦးထဲက ၆ ဦးကိုရွေးချယ်ခဲ့ပြီး ကျန်တဲ့ ၈၂ ဦးကိုလည်း အဆိပ်ငွေ့နဲ့သတ်ဖြတ်ခဲ့တာပါ။

အခုတွေ့မြင်ရတဲ့ ကလေးငယ်တွေရဲ့ ရုပ်ထုတွေကိုတော့ ၁၉၆၉ ခုနှစ်မှာ ချက်လူမျိုး ရုပ်ထုပညာရှင်အမျိုးသမီး Marie Uchytilova-Kucova က စတင်ထုလုပ်ခဲ့တာပါ။

၁၉၈၉ ခုနှစ်မှာ Marie မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ပေမဲ့ သူမရဲ့ အမျိုးသားဖြစ်သူ J.V Hampl က ဆက်လက်ထုလုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကျမှသာ ကလေးငယ် ၄၂ ဦးစလုံးရဲ့ ရုပ်ထုအားလုံးကို ထုလုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
crd # unknown author

10/06/2022

အဝါရောင်ဝင်ရိုးရဲ့ ဟိုမှာဘက်ကမ်းဆီက
•••••••••••••••••••••••••••••••••••••••••••••••••

တစ်ချို့ကိစ္စတွေက ဘုရားမှသိမှာပဲ
ငါတို့တောင်ပေါ်မှာပန်းတွေပွင့်တယ်
လင်ဆိုးမယားတစ်ဖားဖားလို ကျွန်းပင်ပေါက်စတွေ
သောင်ရင်းရေတိုးသလို
ငါတို့ရဲဘော်တွေ
ဖားနဲ့ငါး ကွဲတာပေါ့ကွာဆိုပြီး
တော်လှန်ရေးကိုသြဒိနိတ် တွက်ချက်ကြသူတွေ
တစ်ချို့ကိစ္စတွေက ဘုရားမှသိမှာပဲ
အနှစ်တစ်ရာမှာ ငါတို့က ဘယ်နှစ်ခါတော်လှန်နေရမှာလဲ
အရေးတော်ပုံ ကော်ဖီတွေက ပျစ်ချွဲနေမှာပဲ
ဂစ်တာထဲသေနတ်သံတွေ ထည့်ဖွက်ထားတဲ့ညလို
ရေးရေးယူယူမရှိလှတဲ့ ကမ်းတစ်ဖက်က
အလွမ်းဖက်မိုးထားတဲ့ တဲအိုညိုလေးပါ
ယူနီဖောင်းဝတ်ပြီး စီးကရက်ခဲထားတဲ့
အသည်းကွဲရွာသားလေးပါ
ခုဆို တို့တောင်ပေါ်မှာ မိုးတွေရွာပေါ့
ဒါပေမယ့်
တစ်ချို့သီချင်းတွေက ပြန်မလာကြတော့ဘူးတဲ့။

Aမွန်
10.june.2022

Videos (show all)

နွေညနေရေ ••••••••••••••• Aမွန်
ဥဒါန်း ကဗျာ/ ရွှေဘုန်းလူ(ခ)တာရာမင်းဝေ ရွတ်ဖတ်/ Aမွန် ရိုက်ကူး/ BPLA

Website