Magway Education News
Education News & Other.
အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုတဲ့ မျှော်လိုက်ရင်
------------------------------------------------
ထမင်းစားနားရင်းက တီဗီကို ဖွင့်ကြည့်မိတယ်။ How China Works အစီအစဉ်ကို ကြည့်လိုက်ရတယ်။ တရုတ်တွေ ဘယ်လောက် ကြိုးပမ်းနေကြသလဲ ... ဘယ်လိုတွေ ကြိုးပမ်းနေကြသလဲဆိုတာကိုတွေ့လိုက်ရတယ်။
အစီအစဉ်တင်ဆက်သူက
“တရုတ်ဟာ ကမ္ဘာ့ထုတ်ကုန် လုပ်ငန်းရှင်နိုင်ငံကြီးတစ်နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်” လို့ မှတ်ချက် ပြုသွား တာလေး သိလိုက်ရတယ်။
တရုတ်ခြေလှမ်းက VR ဆီကို သွားနေတာ။ VR ဆိုတာက (Virtual Reality) ကိုပြောတာ။
တရုတ်တွေကို ကျွန်တော်တို့ မျက်ခြေမပြတ်သင့်ပါဘူး။ သူတို့ ဘာတွေလုပ်နေသလဲ၊ သူတို့ ကမ္ဘာကို ဘယ်လို လွှမ်းမိုးနိုင်အောင် လုပ်နေကြသလဲဆိုတဲ့ ခြေလှမ်းတွေကို စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ ကြိုပြီးတော့ ပြင်ဆင် သင့်တာတွေ ပြင်ဆင်ရမှာပါ။
အနောက်ကိုကြောက်ပြီးတော့ ပြည်ပအားကိုးတွေ ဘာတွေအော်နေ ... တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး ကမ္ဘာလွှမ်းအောင် သိမ်းပိုက်တော့မယ့် လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ သတိမထားရင် အရာရာ အောက်ကျရုံ သာမဟုတ်၊ နောက်ပါကျပြီး ရွှေပြည်တော် မျှော်တိုင်းဝေးရပါလိမ့်မယ်။
တရုတ်ပညာရေးဝန်းကြီးဌာနက Microsoft နဲ့ ပေါင်းပြီးတော့ Center One (Microsoft’s Innovation Demonstration Center) ကို တရုတ်မှာ ထူထောင်ခွင့် ပြုလိုက်တယ်။ ရည်ရွယ်ချက်က ဘာလဲ။
တရုတ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ အသက်မွေးပညာသင်ကျောင်းတွေမှာ VR နည်းနဲ့ သင်ကြား နိုင်အောင် အထောက်အကူပြုပေးဖို့ Microsoft ကို ခွင့်ပြုလိုက်တာ။ ဘာကြောင့်ခွင့်ပြုသလဲ။ တရုတ်အစိုးရ လုပ်နေတဲ့
Internet+
Made in China 2025
ဆိုတဲ့ ပန်းတိုင်နဲ့ ဦးတည်ချက် ဗျူဟာကို အမြန်ဆုံးအကောင်အထည်ဖော်၊ အထိရောက်ဆုံး အထောက်အကူ ပြုနိုင် အောင်ဖြစ်ပါတယ်။
တရုတ်တွေ ကြွေးကြော်နေတဲ့ “Made in China 2025” ဆိုတာ ၂၀၁၅ ခုနှစ် မေလကတည်းက သူတို့ချမှတ်ခဲ့တဲ့ ဗျူဟာပဲ။ ၅ နှစ်တစ်ကြိမ် စီမံကိန်းတွေနဲ့ တရုတ်တွေကို တိုင်းပြည်အဆင့်ဆင့်မြင့်တက်သွားအောင် လုပ်နေကြတယ်။
အဲဒီ ဗျူဟာရဲ့ ဦးတည်ချက်က တရုတ်ကို လာမယ့် ၂၀၂၅ ခုနှစ်ရောက်ရင်
“ကမ္ဘာ့စက်ရုံကြီး” ဖြစ်ရမယ်ဆိုကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာ။
နည်းပညာနဲ့ပတ်သက်ရင် တရုတ်ကထုတ်တာတွေကိုပဲ တစ်ကမ္ဘာလုံးက အားကိုး အားထားပြုကြရမယ့် အနေအထားတစ်ခုကိုရောက်သွားအောင် နည်းပညာနဲ့ သူတို့ လူမျိုး၊ သူတို့ ပညာရေး၊ သူတို့ စီးပွားရေးကို တည်ဆောက်နေကြပြီဆိုတာ သဘောပေါက်ထားကြစေချင်ပါတယ်။
“အရာရာသည် ထုတ်သမျှ တရုတ်က ဖြစ်ရမည်”
“ထုတ်ကုန်တိုင်းတွင် “Made in China” ဖြစ်နေစေရမည်” လို့ သူတို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေပြီဆိုတာ သိထားကြစေလိုပါတယ်။
တရုတ်အစိုးရက Industry of Virtual Reality Alliance ဆိုပြီးတော့ နည်းပညာနဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး လောကကြီးတစ်ခု ပြောင်းလဲသွားအောင် လုပ်နေတယ်။ အစိုးရက ကျောထောက်နောက်ခံပြုပေးထားတယ်။
၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံး VR အသုံးပြုမှုနှုန်းက ၁၉ သန်းရှိတယ်။ အဓိက ဂိမ်းလောကမှာ အများဆုံး အသုံးပြုနေတယ်။
လာမယ့် ၂၀၂၂ မှာ VR နဲ့ AR ထုတ်လုပ်မှုတန်ဘိုးဟာ ဒေါ်လာ ၁၀၅ ဘီလီယံလောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း ထားတယ်။ အဲဒီဈေးကွက်ကြီးကို အများဆုံး သိမ်းပိုက်နိုင်အောင် တရုတ်တွေ လုပ်နေတယ်။ ဒါကြောင့် VR နဲ့ ပတ်သက်တဲ့ သုတေသနတွေ၊ သင်ကြားမှုတွေ၊ တီထွင်မှုတွေ၊ နည်းပညာတွေကို အစိုးရ အထောက်အကူတွေနဲ့ ကြိုးစားပြီး တည်ဆောက်နေကြတယ်။
ခုလို ကိုဗစ်ဖြစ်နေချိန်မှာတောင် တရုတ်တွေ ငြိမ်နေတယ် မထင်ပါနဲ့။ သူတို့ တီထွင်မှုအပိုင်းကတော့ မရပ်မနား လုပ်နေကြပါတယ်။
သူတို့ VR ကို စမ်းသပ်နေကြတယ်။ ပညာရေးထဲကို VR တွေထည့်နိုင်အောင် လုပ်နေကြတယ်။ Drone နဲ့ပတ်သက်ပြီး သင်တန်းတွေ ပေးနေတယ်။ Drone တွေဟာ အနာဂတ် စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတွေမှာ မဖြစ် မနေ အရေးပါလာတော့မယ်။ ဒါကြောင့် Drone နဲ့ပတ်သက်ပြီး အများဆုံးသယ်၊ အမြန်ဆုံးပို့နိုင်တဲ့ နည်းတွေကို လုပ်နေကြတယ်။ အနာဂတ်မှာ Drone တွေရဲ့ အရေးပါမှုနဲ့ ဘယ်လို အကျိုးရှိအောင် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးတွေမှာ သုံးမလဲ၊ စီးပွားရေးကို Drone နဲ့ခေတ်ဘယ်လိုပြောင်းမလဲ ဆိုတာတွေ အင်တိုက် အားတိုက် လုပ်နေကြတယ်။
VP ကိုစာသင်ခန်းထဲထည့်ဖို့ Headset တွေပြင်တယ်။ ဆော့ဖ်ဝဲတွေရေးတယ်။ ပရိုဂရမ်တွေထွင်တယ်။ VR သဘော တရားနဲ့စာသင်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားတွေကို စာတွေ့ထက် လက်တွေ့ကျကျ မြင်နိုင်အောင်၊ သိနိုင်အောင်၊ တွေးနိုင်အောင် အားထုတ်နေကြတာ။
UNESCO ကလည်း ၅ ဒေါ်လာလောက်တန်တဲ့ VR မျက်နှာတပ် headset လေးနဲ့ လူတိုင်းလိုလို ကိုင်တွယ်သုံးစွဲ နေနိုင်ပြီဖြစ်တဲ့ စမတ်ဖုန်းကို ချိတ်ပြီးတော့ ဆရာတွေ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေ လောကသစ်၊ ကမ္ဘာသစ်ကြီးတစ်ခုဆီရောက်အောင် သွားကြပါတော့လို့ တိုက်တွန်းထားတယ်။
“ဆင်ဆိုသည်မှာဆိုပြီး စာအုပ်ထဲပါတာကို အော်ကျက်ခိုင်းဖို့ မဟုတ်ဘူး”
ဆင်ဆိုသည်မှာ အဲဒါဆိုပြီးတော့ အကောင်ကြီးကိုလည်းမြင်၊ အော်သံလည်းကြား၊ ဆင်သဘာဝ အားလုံးကို ရှုမြင် နိုင်တဲ့ ကွန်ပျူတာနည်းပညာတွေ ပေါင်းစပ်ထားတာကို VR နဲ့သင်ကြပါတော့။ လက်တွေ့ကျကျ မြင်တွေ့၊ သိမြင်ရတာတွေကို ဖတ်စာအုပ်နေရာမှာ အစားထိုးဖို့ ကမ္ဘာက ကြိုးစားနေကြပါပြီ။
ပညာရေးက ခေတ်ပြောင်းတော့မှာပါ။
စာသင်ခန်းဟာ အဖြေလားဆိုတာ ကမ္ဘာမှာလည်း ကြံဆနေကြပါပြီ။
ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားရတာ ဘာလိုလိုနဲ့ စာသင်နှစ် တစ်နှစ် နာတော့မယ်။ ဒီလို ပိတ်ထားချိန်မှာ တရုတ်လေးတွေလို VR တွေ Drone တွေ လက်တွေ့ လေ့လာနိုင်ကြရင် မဆိုးဘူး။
ဘာဖြစ်ဖြစ် နောက်မကျစေချင်ရင် မိဘတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖြေရှာရတော့မယ်။
ကျောင်းတွေမဖွင့်ရင် ဦးနှောက်တွေကို အနားပေးပြီး ဒီအတိုင်း ထားလိုက်မလား
ငါ့သား
ငါ့သမီးအတွက်
ဘာတွေကို အားကိုးပြီး အစားထိုးပေးကြမလဲဆိုတာ
မိဘများ တွေးဆကြပါခင်ဗျား
(Ref: The Good, the Bad and the Ugly: VR in China’s Classrooms, Olivia Halsall)
Photo Credit :Haptical
တင်ညွန့်
၂၀.၁၂.၂၀၂၀
https://youtu.be/Rs20C-SRaCI
ကလေးများအတွက် ကွန်ပျူတာသင်ခန်းစာ - ၆
Computer Lesson 5 Video အသစ်တင်တိုင်းသိရှိဖို့အတွက် Subscribe Button လေးနဲ့ ခေါင်းလောင်းလေးကို နှိပ်ထားခဲ့ပေးပါခင်ဗျာ။
https://youtu.be/PEwA9vtqHYQ
ကလေးများအတွက်
Computer Lesson - 4
Computer Lesson 4 Video အသစ်တင်တိုင်း သိရှိနိုင်ဖို့အတွက် Subscribe ခလုပ်လေးနဲ့ ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးပါခင်ဗျာ။
https://youtu.be/MJgST6-hpfQ
ကလေးတွေအပြင် ကလေးတွေကိုပြန်လည်သင်ကြားသူတွေအတွက်လဲ အထောက်အကူဖြစ်စေဖို့ Share ပေးလိုက်ပါတယ်....
Covid - 19 ကာလမှာ ရောဂါအပေါင်းမှ ကင်းဝေးကြပါစေ.....
Computer Lesson 1 ကလေးတွေအတွက် ကွန်ပျူတာလေ့လာဖို့ရာ အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပါတယ်.... Youtube Channel မှာအသစ်တင်တိုင်းသိရှိစေဖို့အတ....
ဘာတွေသင်ပေးသင့်သနည်း
----------------------------
သူ့အမည်က တာလစ်ဖြစ်သည်။ ကျောင်းတွင် ထူးချွန်သည်။ ဂုဏ်ထူးတွေအများကြီးထွက်သည်။ နာမည်ကျော် နည်းပညာကျောင်းကြီးတစ်ကျောင်းတွင် တက်ခွင့်ရသည်။ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယား တက္ကသိုလ်ကို တက်နိုင်သည်အထိ ကြိုးစားခဲ့သည်။ ထိုကျောင်းကြီးမှ MBA ဘွဲ့ကို ရရှိသည်။
တာလစ်ကို အမေရိကန်ပြည်ထောင်စု နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုကခေါ်ပြီး အလုပ်ခန့်သည်။ လစာအထူး ကောင်းမွန်သည်။ အိန္ဒိယမှ တမီးလ်သူချောချောလေးနှင့် လက်ထပ်သည်။ အမေရိကနိုင်ငံသားအဖြစ် ခံယူလိုက်ကြပြီး အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်လိုက်ကြသည်။
ဤသည်မှာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါ။ အိန္ဒိယနိုင်ငံသား လူငယ်လေးများ သူတို့ဘဝတွေကို ကြိုးစား အားထုတ်နေကြသည့် ပုံစံတစ်ခုသာဖြစ်သည်။
တာလစ်သည် လစာကောင်းသဖြင့် အခန်း ၅ ခန်းပါ တိုက်ခန်းကြီးတစ်ခုကို ဝယ်လိုက်သည်။ ကားကလည်း အကောင်းစား ဇိမ်ခံကားကိုစီးသည်။ ၂ နှစ်ခန့်ကြာသည့်အခါ တာလစ်တစ်ယောက် သူ့ဇနီးနှင့် ကလေးကို သေနတ်နှင့် ပစ်သတ်ပြီး သူကိုယ်တိုင်လည်း သေနတ်နှင့်ပစ်ကာ အဆုံး စီရင်သွားသည်။
ရုပ်ရှင်မဟုတ်ပါ။ တကယ့်အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။
တာလစ်အဖြစ်ကို အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား တက္ကသိုလ် Clinical Psychology Studied ဌာနမှ လေ့လာဆန်းစစ်ကြသည်။
“ဘာမှားသွားသလဲ”
သူတို့ တာလစ်၏ မိတ်ဆွေများ၊ မိဘများ၊ ဆွေမျိုးများ၊ လုပ်ငန်းမှ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို လိုက်လံ မေးမြန်း စူးစမ်းကြသည်။
အဖြေက
တာလစ်တစ်ယောက် အမေရိကန်စီးပွားရေး အကျပ်အတည်းနှင့် ကြုံလိုက်ရပြီး အလုပ်ဖြုတ်သည့်အထဲ ပါသွား သည်။ သူအလုပ်မရှိဘဲ လပေါင်းများစွာ ထိုင်နေရသည်။ သူဝယ်ထားသည့် တိုက်ခန်းကလည်း အကြွေး ဝယ်ထားသည်ဖြစ်ရာ ပုံမှန်ငွေမသွင်းနိုင်တော့။ ကားလည်း ထိုနည်းအတိုင်းဖြစ်သည်။ မကြာမီ တိုက်ခန်း လာသိမ်းကြတော့မည်။ ကားလာသိမ်းကြတော့မည်။
သူနှင့် ဇနီးဖြစ်သူတို့ တိုင်ပင်ကြသည်။ သူတို့တွင် ထွက်ပေါက်မရှိတော့ဟုယူဆပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဆုံးဖြတ်လိုက်ကြသည်။ တာလစ်က ကလေနှင့် မိန်းမကို ဦးစွာ သေနတ်နှင့် ပစ်သည်။ ထို့နောက် သု့ကိုယ်သူပစ်သတ်ကာ သေလိုက်ကြသည်။
သူတို့သည် အောင်မြင်မှုအတွက်သာ အစီအစဉ်တွေ ရေးဆွဲလုပ်ဆောင်နေပြီး၊ တစ်နေ့ ငါကျဆုံးသွားလျှင် သို့မဟုတ် အလုပ်ပြုတ်သွားလျှင် ဘာလုပ်မည်နည်း ဆိုခြင်းကို ကြိုတင်ပြင်ဆင်မထားသူများ ဖြစ်နေသည်။ အရှုံးနှင့် မကြုံခဲ့ဖူးသူများဖြစ်နေသောကြောင့် ဆုံးရှုံးမှုတစ်ခုကို လက်တွေ့ မျက်တွေ့ ကြုံတွေ့လိုက်ရ ချိန်တွင် ဘဝပျက်သလိုခံစားလိုက်ရပြီး ကုရာနတ္ထိဆေးမရှိဟု ယူဆသွားကြသည်။
ယနေ့ခေတ် လူငယ်တိုင်းကို အောင်မြင်ရန်၊ ဂုဏ်ထူးတွေထွက်ရန်၊ တိုးတက်ရန်၊ ကြီးပွားရန်တွေသာ တဖွဖွပြော၊ တသသရေးပြနေကြသည်။ တစ်နေ့ ဆုံးရှုံးနိုင်သည်၊ ပျက်စီးနိုင်သည်၊ ဒုက္ခတွေ့နိုင်သည်၊ ဘဝပျက် နိုင်သည်၊ ထိုသို့ ဒုက္ခတွေ ကြုံတွေ့လာချိန်တွင် ဘဝကို မည်သို့တည်ဆောက်ပြီး စိတ်ဓာတ်ကြံ့ခိုင်စွာ ရင်ဆိုင် ဖြေရှင်းမည်နည်းဆိုသည့် သဘောတရားများကို မည်သည့်ကျောင်းတွေက သင်ကြားပေးနေကြပါသနည်း။
အောင်မြင်သူတွေကို တသသချီးမြှောက်နေကြသည်၊ ကျရှုံးနေသူများကို အသိအမှတ်မပြုနေကြသည် လူ့ဘောင်လောကကြီး၏ မမျှတသော စိတ်ဓာတ်များကြောင့် ကျရှုံးမည်ကိုကြောက်နေကြသည်။ ကျရှုံးမှုကို ရင်ဆိုင်လိုက်ရသည့်အခါတွင် ဖြေဆေးတွေ ပေးမထားသောကြောင့် သတ်သေနေကြသော လူငယ်တွေ မည်မျှ များနေသနည်း။
သင်္ချာ၊ သိပ္ပံ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း၊ ပထဝီ ဘာသာရပ်တွေက လူငယ်တွေ၏ ပြိုင်ဆိုင်လိုစိတ်ကို အားပေးပြီး ဂုဏ်ထူးထွက်ရန် သက်သက်လား။
ဘဝတွင် အခက်အခဲ၊ ဒုက္ခ၊ ပြဿနာတွေကိုပါ ရင်ဆိုင် ဖြေရှင်းတတ်ရန်၊ ကျော်လွှားနိုင်ရန်၊ ကြံ့ကြံ့ခံနိုင်ရန်
မည်သူတွေ သင်ပေးမည်နည်း
ဘာတွေ သင်ပေးမည်နည်း
ဘယ်လိုသင်ပေးမည်နည်း
ကလေးတွေကို ငွေရှာနည်းသက်သက်သာသင်ပေးပြီး၊ ငွေသုံးနည်း၊ ငွေစုနည်းတွေကို မသင်ပေးနိုင်လျှင် ပြီးပြည့်စုံသော ပညာဟု ခေါ်နိုင်ပါမည်လော။
ယခုလို ကိုဗစ်ဘေးကို လူအများခံစားလိုက်ရချိန်တွင် တာလစ်လို လူငယ်တွေ မည်မျှ ဖြစ်လာနိုင်မည် ထင်ပါသနည်း။
ဘဝတွင် ဂုဏ်ထူးထွက်ရန် အရေးကြီးသလား
ဘဝကို ရင်ဆိုင်တတ်ရန် စိတ်ဓာတ်ကို သင်ပေးဖို့ အရေးကြီးသလား
စဉ်းစားရမည့် အချိန်ရောက်ပါပြီ။
လူ့ဘဝတွင် ကိုဗစ်လို ကပ်ဘေးကို မည်မျှ ကြုံတွေ့ရဦးမည်ဟု မခန့်မှန်းနိုင်ပါ၊
ပညာရေးက ဘာတွေကို သင်ပေးရန် အရေးကြီးကြောင်း အဖြေရှာထားရမည့်ကာလကို ရောက်ပါပြီ။
(Ref: Los Angeles Times)
တင်ညွန့်
၂၈.၈.၂၀၂၀
၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2020
စင်ကာပူကိုကျော်ချင်ရင်
-------------------------
စင်ကာပူနိုင်ငံမှာ ဆရာတွေကို အဆင့် (Grade) ၄ မျိုးခွဲခြားသတဲ့
Grade A, Grade B, Grade C, Grade D
A က အကောင်းဆုံး D ဆိုရင်တော့ အညံ့စာရင်းဝင်သွားမယ်
A စာရင်းဝင်ဆရာတွေကို ဘယ်လိုသတ်မှတ်သလဲ။ ကျောင်းသားတွေရဲ့ အောင်မြင်မှု ရလဒ်နဲ့ပဲ တိုင်း တာတယ်။ ကိုယ်တာဝန်ယူထားတဲ့ ဘာသာရပ်မှာ ၉၀ ရာခိုင်နှုန်းလောက် အမှတ်ရအောင် သင်နိုင်ရင် အဲဒါ Grade A အဆင့်ဆရာတွေပဲ။ တစ်နိုင်ငံလုံးမှာ အဲသည်လို ဆရာတွေကလည်း ဆရာဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲရှိ်တယ်။
ကျောင်းသားတွေထံကနေ ဆရာကို ဝေဖန်သံတွေညံလာရင် သတိထားတော့။ အဆင့်လျှော့တော့ မယ်။ ဘာတွေသင်နေမှန်းမသိဘူး။ စာအုပ်ကြီးကိုင်သင်နေတယ်။ နားလည်း မလည်ဘူး။ ဘာမှ ပြင်ဆင်လာတာမရှိဘူး စတာတွေ ဝေဖန်လာရင် အဲဒီဆရာ သတိထား။ ကျောင်းသားတစ်ယောက် လောက်ကပဲ ဝေဖန်တာခံလိုက်ရရင်သွားပြီ။ ကျောင်းသား Complain ကို သတိထားနေရတယ်။
တက်ကြွစွာသင်တဲ့ဆရာ ငယ်ငယ်လေးတွေက အမှတ်ရကြတယ်။ အသက်တွေကြီးလာပြီး စွမ်းဆောင်ရည်ညံ့ကာ အားမထုတ်တော့ရင် Grade D စာရင်းကို ဝင်သွားနိုင်တယ်။
ဒါကြောင့် ပင်စင်မယူမချင်း ကြိုးစားအားထုတ်နိုင်မှ ဆရာအရာသွင်းကြတယ်။ သူတို့ကျောင်းတွေမှာ ကျောင်းအုပ်တွေကို အာဏာပေးထားတော့ စွမ်းဆောင်ရည် ညံ့လာပြီဆိုရင် အခြားကျောင်း တစ်ကျောင်းပြောင်းဖို့ အပြောခံရလိမ့်မယ်။
ဘယ်ကျောင်းရောက်ရောက် ကျောင်းအုပ်တွေက ဆရာတွေကိုပြောနေမှာ တစ်ခုပဲ “ရလဒ်” (Result) ပဲ။ သူတို့လိုချင်တဲ့ ရလဒ်မျိုးကို ဖန်တီးပေးနိုင်ရင် အလားအလာကောင်းမယ်။ မဖန်တီးပေးနိုင်ရင် ပြောင်းရမယ်။
ဖိအားတွေများလွန်းတော့ အချို့ဆိုရင် ရူးသွားတယ်။ အချို့ကလည်း အစောကြီး အလုပ်ထွက်ကုန် ကြတာရှိတယ်။
ဒါပေမဲ့ ဘာပြောပြော စင်ကာပူနိုင်ငံ ပညာရေးစနစ်ဟာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နေတယ်။
ဘောနပ်စ် (Bonus) အကြောင်း ပြောဦးမယ်
စင်ကာပူဆရာတွေ ဘောနပ်စ်မရဘူးလား။ ရတာပေါ့။
အဆင့်အလိုက်ခွဲပြီးတော့ ပေးတယ်။ ဘောနပ်စ်ပေးဆိုလို့ အားလုံး တန်းတူပေးမယ်မထင်နဲ့။ ဆရာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် လိုက်ပြီးပေးတာ။
Grade A ဆရာတွေက ဘောနပ်စ်အဖြစ် ၄ လစာတောင်ရတယ် (အဲဒီလိုဆရာက ၁ ရာခိုင်နှုန်းပဲရှိ တယ်)
Grade B ဆရာတွေက ဘောနပ်စ်အဖြစ် ၂ လကနေ ၃ လအထိ လစာကိုရတယ် (အဲဒီလို ဆရာတွေက ၁၅ ရာခိုင်နှုန်းပဲရှိတယ်)
Grade C ဆရာတွေက ဘောနပ်စ်အဖြစ် လဝက်စာရတယ်
Grade D ဆရာတွေက အိုပယ်တွေ၊ ပြန်မပြော နားမထောင်တွေ၊ တစ်ပြားမှ မရဘူး (အဲဒီလိုဆရာ တွေက ၅ ရာခိုင်နှုန်းလောက်ရှိတယ်)
ဆရာတွေတန်ဖိုးကို ဘယ်လိုသတ်မှတ်သလဲဆိုတာ မြင်ပြီလား။ ကျွန်တော်တို့နိုင်ငံမှာလို မူလတန်း-အလယ်တန်း-အထက်တန်းဆိုတာကို လုပ်သက်အရ ရာထူးတွေတိုး၊ လစာတွေတိုး၊ ခံစားခွင့်တွေ တိုးသွားတာမျိုး မဟုတ်ဘူး။
လုပ်သလောက်ခံစား၊ ရလဒ်က အဖြေ၊ ကျောင်းအုပ်၊ ကျောင်းသား၊ မိဘစောင့်ကြည့်ပြီး သတ်မှတ်တာ ခံနေရတဲ့ သူတို့နိုင်ငံက ဆရာတွေဘဝ။
အဲသည်လိုနေကြရ၊ ခံစားကြရလို့ အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာကြည့်လိုက်ရင် OECD နိုင်ငံတွေအထဲမှာ စင်ကာပူက ပညာရေးအမြင့်ဆုံး သတ်မှတ်ခံရတာကိုကြည့်။
ဆရာတွေကို ညာလည်း မညာခိုင်းဘူး။ ညှာလည်း မညှာဘူး။ လုပ်နိုင်စွမ်းနဲ့တိုင်းတာပြီး လစာ၊ ခံစားခွင့်တွေ သတ်မှတ်ပေးထားတယ်။
ကျွန်တော်ပြောချင်တဲ့ ရလဒ်ဆိုတာ စင်ကာပူကလေးတွေ PISA ရလဒ်ကိုကြည့်လိုက်ရင် အဖြေပေါ် တယ်။ OECD နိုင်ငံတွေအတွင်းမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ PISA စာမေးပွဲရလဒ်ထဲက နိုင်ငံပေါင်း ၇၀ ကျော်ဝင်ဖြေတဲ့အနက် အသက် ၁၅ နှစ်တန်းတွေမှာဆိုရင် စင်ကာပူနိုင်ငံက သိပ္ပံပညာရပ်မှာ အဆင့် ၁ နဲ့ အောင်ပွဲခံထားတယ်။
OECD နိုင်ငံများရဲ့ ပညာရေးဒါရိုက်တာကတောင်
“စင်ကာပူက ကလေးတွေဟာ တော်ရုံမဟုတ်ဘူး … ရှေ့ကို မျှော်ကြည့်နိုင်သူတွေ” လို့ ထုတ်ဖော် ချီးကျူးရတယ်။
ဆရာတို့ ဆရာမတို့ရေ
စင်ကာပူကိုကျော်ချင်ရင် ကျွန်တော်တို့ ဘယ်လိုကြိုးစားရမယ်ဆိုတာ သဘောပေါက်သလားတော့ မပြောတတ်ဘူး။
စင်ကာပူကလေးတွေက PISA မှာ သိပ္ပံတစ်မျိုးတည်း တော်တာမဟုတ်ဘူး
Reading Skill မှာလည်း နံပါတ် ၁
Maths Skill မှာလည်း နံပါတ် ၁
စင်ကာပူပညာရေးဘာကြောင့် အဲသည်လောက်ကောင်းရသလဲဆိုတာကို NTU တက္ကသိုလ် တွဲဖက် ပါမောက္ခ ဆင်ကောင်လီက ဒီလိုပြောတယ်
“ကျွန်တော်တို့နိုင်ငံပညာရေးက အရည်အချင်းပြည့်တဲ့ဆရာတွေရဖို့ အများကြီး ရင်းနှီးမြှုပ်နှံထား တယ်။ ဆရာတွေရဲ့ အရည်အသွေး … ဆရာတွေရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးပြီးမှ အကောင်းဆုံး အတော်ဆုံး ကျောင်းသူကျောင်းသားတွေကို မွေးထုတ်ပေးနေတာ” တဲ့။
ဝေဖန်သုံးသပ်နိုင်အောင်ပါ
တင်ညွန့်
(Ref: BBC)
၂၉.၅. ၂၀၁၉
ကလေးဖိနပ်
------------
ဂျပန်မှတ်တမ်း ရုပ်ရှင်ကားတိုလေးတစ်ခုကြည့်ရတယ်။ တောကျောင်းက ဆရာမလေးက သူ့စာသင်ခန်းထဲကို မဝင်မီ အဝမှာ တန်းစီပြီး ချွတ်ထားတဲ့ ကလေးဖိနပ်လေးတွေကို ဦးညွှတ်ပြီးတော့မှ အတန်းထဲဝင်တယ်။
သတင်းသမားက
“ဆရာမ … ဘာကို ဦးညွှတ်တာလဲ” လို့ မေးလိုက်တယ်။
“ကျွန်မ ဖိနပ်လေးတွေကို ဦးညွှတ်တာပါ” လို့ ဆရာမက ဖြေပါတယ်။
ဘာကြောင့် ဆရာမက ဖိနပ်လေးတွေ ဦးညွှတ်ရသလဲလို့ သတင်းသမားက ဆရာမကို မေးလိုက်တော့
“ဖိနပ်သေးသေးလေးတွေက ကျွန်မကို အမြဲ သတိပေးနေတယ်။ ကျွန်မ ခြေထောက်နဲ့ သူတို့ ဖိနပ်လေးတွေထဲ လာထည့်လို့ မရဘူးဆိုတာလေ”
“ကျွန်တော် မရှင်းသေးဘူးဆရာမ။ ရှင်းအောင်ပြောပြပါလား”
“ကျွန်မတစ်ခုမေးမယ်။ ၁၂ နဲ့ ၁၂ နဲ့ မြှောက်ရင် ဘယ်လောက်ရသလဲ”
“၁၄၄ ပေါ့ဆရာမ”
“ရှင့် အသက် ဘယ်လောက်ရှိပြီလဲ”
“၃၀”
“အဲဒါပေါ့ရှင် … အသက် ၃၀ ကို ၁၂ အလီ မေးလိုက်ရင် တန်းပြောနိုင်ပေမယ့်။ ၃ နှစ်သားကို ၁၂ နဲ့ ၁၂ နဲ့ မြှောက်ခိုင်းတာ စိတ်နဲ့ ချက်ချင်းဘယ်ဖြေနိုင်ပါ့မလဲ။ ကလေးတွေရဲ့ ဖိနပ်ထဲကို ရှင့်ခြေထောက် သွားထည့်လို့ မရနိုင်ဘူး။ ကလေးဆိုတဲ့သူတွေကလည်း လူကြီးဖိနပ်ထဲ လာစွပ်ပြီးတော့ လမ်းကောင်းကောင်း လျှောက်နိုင်မှာ မဟုတ်ဘူး။ ကျွန်မ စာသင်ခန်းထဲဝင်တိုင်း ကလေးဖိနပ်မှာ ကျွန်မခြေထောက် မစွပ်မိဖို့ အမြဲသတိထားပါတယ်။ အဲဒီလို သတိပေးနေတဲ့ ဒီဖိနပ်လေးတွေကို ကျွန်မ သိပ်ပြီး ကျေးဇူးတင်တယ်”
ကဲ … ဆရာတို့ ဆရာမတို့ ကျွန်တော်တို့ ကလေးဖိနပ်ကို မှားစီးမိနေပြီလား … စဉ်းစားကြဦးဗျ။
တင်ညွန့်
၁၆.၅.၂၀၁၆
(လွန်ခဲ့တဲ့ ၄ နှစ်လောက်က တင်ထားတဲ့စာ အမှတ်တရ ပြန်ပေါ်လာလို့ ထပ်တင်ပေးတာပါ)
၁၇.၅.၂၀၂၀
ကျောင်းတွေမှာ S*x Education သင်ကြားရန်လိုသလား
လိင် (S*x) လို့ပြောလိုက်ရင် ထိတ်စရာ ကြောက်စရာ လန့်စရာဖြစ်သွားလောက်အောင် စိုးမိုး ခြောက်လှန့်ခြင်း ခံထားရရင် ဒီကိစ္စကြီးဟာ ထူဆန်းတဲ့ကိစ္စကြီး ဖြစ်နေမှာပဲ။ လိင်ကိစ္စဆိုတာ လူတိုင်းနဲ့ ပတ်သက်နေတယ်။ ရှောင်လွှဲလို့မရတဲ့ကိစ္စပဲ။
လိင်ကိစ္စဆိုတာ စူးစမ်းစရာကိစ္စမှန်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအသိနဲ့ လေ့လာနိုင်တာ ပိုပြီးတော့ သဘာဝကျ တယ်။ ဘဝတစ်လျှောက်လုံး မွေးဖွားသည်က သေဆုံးသည်အထိ ကျန်းမာရေးအသွင်နဲ့ ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း သင်ကြားဖို့သင့်ပါတယ်။
မိဘတွေနဲ့ အုပ်ထိမ်းသူတွေဟာ လိင်ပညာရေးပေးတဲ့သူတွေထဲမှာ အခြေခံကျတဲ့ ကလေးတွေနဲ့ အနီးစပ်ဆုံး သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ကိုယ်က ဦးစွာယူပြီး သင်ကြားပြသ ညွှန်ကြားမှုကောင်းတွေ လုပ်ဆောင်ပေးရမယ်။ ကလေးတွေဟာ အိမ်တွေမှာ ကျောင်းတွေထက် လိင်ကိစ္စတွေမှာ ပိုပြီးတော့ လေ့လာ စရာတွေရှိပါတယ်။ မိဘနဲ့ အုပ်ထိန်းသူတွေက ဆင်ခြင်စရာရှိတာကို ဆင်ခြင်၊ သင်စရာရှိတာတွေကို ကြိုတင်ပြီး သင်လိုက်ကြရင် ကျောင်းရောက်တော့ ပညာပေးရတာ အဆင်ပြေစေနိုင်ပါတယ်။
လိင်ကိစ္စဆိုတာ ညစ်ညမ်းတယ်၊ မပြောအပ်၊ မကြည့်အပ်၊ မသိအပ်လို့ ယူဆကြတာ များတယ်။ ဟုတ်ပါတယ် ဒါပေမဲ့ ခေတ်သစ်မှာ ဒီကိစ္စတွေဟာ ကလေးတွေကို ပိတ်ပင်တားဆီးထားလို့ ရနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး ဆိုတာလည်း သဘောပေါက်ထားရမယ်။ ဒါကြောင့် အဆိုးဘက်ကိုတွေးပြီး အဆိုးဘက်ရောက်သွားနိုင်တာ ထက်၊ အကောင်းမြင်ပေးပြီး အကောင်းဘက်ကို ဆွဲခေါ်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။
မြန်မာ့လူ့ဘောင်အဖွဲ့အစည်းဟာ အရှက်အကြောက်ကြီးတယ်ဆိုပြီး ဖိနှိပ်ထားတတ်ကြတာများပါတယ်။ ဗြိတိန် ပညာရေးမှာတော့ လိင်ပညာရေးကို စနစ်တကျ မသင်လိုက်ရင် အမျိုးသမီးတွေဟာ မြုံတဲ့အနေအထားတွေကို ရောက်သွားတတ်တယ်ဆိုပြီး စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေကြတယ်။ ဆိုလိုတာက လိင်ကိစ္စတွေကို စနစ်တကျ မသင်ရင် လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနှုန်းပိုများနိုင်တယ်။ မသိခြင်းဟာ “ပေါက်ကွဲလုဗုံးတစ်လုံး” လို့ တင်စားထားပါတယ်။ အရွယ်ရောက်လာတဲ့ ကလေးတိုင်းဟာ ဗုံးတစ်လုံးစီကို ပိုင်ဆိုင်ထားကြတယ်။ ဘယ်လိုထိန်းသိမ်းထားရမှန်းမသိရင် အချိန်မတိုင်မီပေါက်ကွဲပြီး ပျက်စီးသွားနိုင်တယ်။
ကျောင်းတွေမှာ လိင်ပညာရေးကို ကျယ်ပြန့်စွာ သင်ကြားသင့်ပါတယ်။ သင်ကြားတယ်ဆိုတဲ့နေရာမှာလည်း ရှက်စရာကို ရယ်စရာလို ပြောနိုင်တဲ့ဆရာ၊ ညစ်ပတ်တယ်လို့ ထင်နေတာကို ကျန်းမာရေးအတွက် ဆင်ခြင်စရာ တွေအနေနဲ့ သင်ကြားပေးနိုင်တဲ့ ဆရာတွေရှိဖို့လိုပါတယ်။
လိင်ပညာရေးနဲ့ လိင်ပညာပေးဆိုတာ လူငယ်တွေ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသင့်တဲ့ လုပ်ငန်းတစ်ခုလို့ နိုင်ငံတော်အနေနဲ့ သတ်မှတ် လုပ်ဆောင်သင့်ပါတယ်။ ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်တစ်ခုလို့ထင်ပြီး လွှတ်ပေးထား လိုက်ရင် အရွယ်မတိုင်မီ ပညာရေးလောကနဲ့ ဝေးပြီး အိမ်ထောင်သားမွေးဘဝတွေဖြစ်သွားရပါလိမ့်မယ်။ အဲဒီ အနေအထားဟာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုပိုများစေနိုင်ပါတယ်။
ယောက်ျားတိုင်း မိန်းမတိုင်းဟာ ကိုယ်ပိုင်တဲ့ အသားနဲ့ အရေပြားတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာ ပညာပေးရမယ်။ ထိန်းသိမ်းစောင့်ရှောက်ဖို့ သတင်းအချက်အလက်တွေ ရယူပိုင်ခွင့်၊ သိရှိပိုင်ခွင့်၊ ဆုံးဖြတ် ပိုင်ခွင့်၊ ကျန်းမာသော အန္တရာယ်ကင်း ဆက်ဆံနည်းတွေကအစ စနစ်တကျသင်ကြားပေးနိုင်အောင် ကြိုးစား သင့်ပါတယ်။ ဒါဟာ နိုင်ငံ့အရေးကိစ္စတစ်ခုအနေနဲ့ပါ သတ်မှတ်လုပ်ဆောင်သင့်ပါတယ်။
တင်ညွန့်
၁၈.၅.၂၀၂၀
(ဒီစာကို မောက္ခပညာရေး Website နဲ့ The Voice Daily သတင်းစာမှာ ၂၀၁၇ ခုနှစ် မတ်လကတည်းက ရေးသားခဲ့တာပါ။ ခုမှမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၃ နှစ် လောက်ကတည်းက S*x Education ကို စနစ်တကျ သင်သင့်ကြောင်း နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်ရေးခဲ့ပါတယ်)
ဘဝတွက်တာချိန်တို့ အားကစားချိန်တို့က အတန်းပိုင်ဆရာမ ဘာသာသင်တဲ့အချိန်လေ...
ဘာတွေ စိုးရိမ်နေတာလဲ... -_-
တွေးစရာလေးတွေ...
အလှူရက်နဲ့ စာမေးပွဲရက် တိုက်နေသောအခါ....
Credit.
အတုယူဖွယ် ဂျပန် ပညာရေး
အပေါ်ပုံ မှာ ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားမြို့ နျူကလိယ ဗုံးအကြဲခံရပြီး တစ်လ အကြာမှာ ဂျပန်တို့ ချက်ချင်း ပြန်စတင်တဲ့ ပညာသင်ကြားရေး ပရောဂျက် ဖြစ်ပါတယ်။
အောက်ပုံကတော့ ၂၀၁၁ ခုနှစ်က ဆူနာမီနဲ့ မြေငလျင်ဒဏ်ခံပြီး တစ်လ အကြာမှာ ပြန်စတင်တဲ့ ဂျပန်တို့ရဲ့ ပညာသင်ကြားရေး ပရောဂျက် ဖြစ်ပါတယ်။
ဂျပန်လူမျိုးတို့ဟာ တိုင်းပြည်ပြန်လည်ထူထောင်ဖို့အတွက် Basic Foundation အနေနဲ့ ပညာရေးကိုသာ အဓိက ထားပြီး A perfect model for a struggle of a nation လို့ အတင်စား ခံခဲ့ ရပါတယ်။
Ref: wdoyknow
အောင်ခမ်း