Books Not Boobs

Books Not Boobs

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Books Not Boobs, Book shop, .

04/09/2024

မှန်ကန်သော ဆိုတဲ့ စကားလုံးကို ဗုဒ္ဓ သုံးတဲ့အခါတိုင်းမှာ အဲဒါသည် ချိန်ခွင်လျှာညီမျှသော ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်တယ်။ မှန်ကန်သော ဆိုတာကိုက ချိန်ခွင်လျှာညီမျှသော ဆိုတဲ့ စကားလုံးရဲ့ ဘာသာပြန်ပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အစွန်းနှစ်ဘက်စလုံးဟာ မှားယွင်းကြတဲ့အတွက်ပဲ။ ဗုဒ္ဓရဲ့ အသုံးဖြစ်တဲ့ သမ္မာ ဆိုတဲ့ စကားလုံးဟာ ညီမျှမှုလို့ ဆိုလိုတယ်။ အဲဒီ စကားလုံးကို သူက အခြားသော စကားလုံးတွေအားလုံးထက် များစွာပဲ ပိုပြီး သုံးစွဲခဲ့တယ်။ အရာရာတိုင်းအတွက် သုံးခဲ့တယ်။ ခင်ဗျားအနေနဲ့ တခုခုအတွက် အားထုတ်တော့မယ်ဆိုရင် အဲဒီအားထုတ်မှုသည် သမ္မာ ဖြစ်နေပါစေ၊ ညီမျှနေပါစေ၊ အလယ်မှာပဲ ရှိနေပါစေ။

မျှတသော အစားအစာလို့ ဗုဒ္ဓက သုံးတယ်။ အဲဒါဟာလည်း အလယ်မှာ ရှိရမယ်လို့ ဆိုလိုတာပဲ ဖြစ်တယ်။ ခင်ဗျားတို့ ကောင်းမွန်စွာနေထိုင်နိုင်ဖို့အတွက်၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအစာကို စားပေးရမှာပဲ ဖြစ်တယ်။ ဒါပေမဲ့ အများကြီးတော့ မစားပါနဲ့။ နောက်ပြီး ဘဝထဲက အရာရာတိုင်းအတွက်လည်း အဲဒီလိုပဲ ကျင့်သုံးရမှာပဲ ဖြစ်တယ်။

အမျိုးသမီးတယောက်က ဖိနပ်တရံဝယ်ဖို့အတွက် ဖိနပ်ဆိုင်ထဲကို ဝင်လာတယ်။ အရောင်းဝန်ထမ်းက သူ စမ်းစီးလို့ရအောင်လို့ ဖိနပ်တရံ ထုတ်ပေးတော့ “ဒါက အရမ်း ကျယ်လွန်းနေတယ်၊ မကြိုက်ဘူး၊ မကျဉ်း မကျယ် ကြားထဲကဆိုဒ်လေး လိုချင်တာ” လို့ ပြောတယ်။

အဲဒါနဲ့ အရောင်းဝန်ထမ်းလည်း နောက်ထပ်တရံ ထပ်ပြပေးတယ်။ ဒီတခါမှာလည်း အမျိုးသမီးက “ဒါလည်း အဆင်မပြေဘူး၊ ခြေမ ထည့်ရတဲ့ ကွင်းက ကြီးလွန်းနေတယ်။ မကြီး မသေး ကြားထဲကအနေလေး လိုချင်တာ” လို့ ပြောတယ်။

အဲဒါနဲ့ အရောင်းဝန်ထမ်းလည်း စတိုခန်းထဲ ပြန်သွားပြီး နောက်ထပ်တရံ ထပ်ယူလာပေးတော့ သူက “အား၊ ဒါကြီး မကြိုက်ပါဘူး၊ ဒေါက်တွေက ရှည်လွန်းတယ်၊ မတို မရှည် ကြားထဲကဟာလေး လိုချင်တာ” လို့ ပြောပြန်တယ်။

ဒီတခါကျတော့ အရောင်းဝန်ထမ်းက အမျိုးသမီးကို ကြည့်လိုက်ပြီး “မဒမ်၊ ခဏလောက် မတ်တပ်ထပြီး ကုန်းလိုက်မယ်ဆိုရင် မတို မရှည် ကြားထဲကဟာလေး ကျုပ် ခင်ဗျားကို ပေးမယ်” လို့ ပြောလိုက်တော့တယ်။

ဒီဖိနပ်အရောင်းဝန်ထမ်းက ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်လိမ့်မယ်။ ကြားထဲကဟာလေးပေါ့။

The Dhammapada : The Way of The Buddha by Osho မှ ကောက်နှုတ်ဖော်ပြသည်။

22/08/2024

- တနေ့တနေ့ ကိုယ့်ဘဝကို ကိုယ်ပျင်း -

ပုလင်းတွေက ပြောပြချင်တဲ့ ဘာသာစကားကို ကိုယ် ကြားတယ်
ကိုယ် မကြားချင်တာက သတင်းတွေက ပြောပြကြတဲ့ ဘာသာစကား

မြစ်ကမ်းပါးကို အလိုမတူဘဲ တိုက်စားခံလိုက်ရတော့
မြစ်ရေဟာ မွေးရပ်မြေမှာပဲ ရေနစ်ခဲ့တယ်

နေရစ်ခဲ့လို့တော့ ဘယ်ဖြစ်ပါ့မလဲ

ဝင်လေရဲ့ ပြန်လှည့်ထွက်လာတဲ့အချိန်ကို မိဖို့ဆိုတာ
ကိုယ့်နားထဲမှာ မီးလောင်နေတဲ့ မင်းရဲ့ကားကို အမီလိုက်နိုင်မှ ရမယ်

အရှိန်အဟုန်နဲ့ဆိုင်တဲ့ ကိစ္စတွေချည်းပါပဲ

ခေါင်းပေါ်က ဝှီးခနဲ ဖြတ်ပျံသွားတဲ့ ငယ်ဘဝကို
လက်ရှိဘဝက ကြောက်လန့်တကြား ငေးကြည့်ရတဲ့အတိုင်း

မြူတွေ ဒိထက်ပိုပြီး ဆိုင်းလာရင်တော့ ပိုပြီး နေလို့ကောင်းလာမှာပါလို့ ပြောတဲ့ နေရောင်ခြည်ရဲ့ ဘာသာစကား
ဒါကိုတော့ ရုတ်တရက် ကိုယ် နားလျှမ်းသွားတယ်

အဓိပ္ပါယ် တလုံးမှ နားမလည်ပေမယ့်လည်း
ကြုံကြိုက်တဲ့ သီချင်းနဲ့ပဲ လွမ်းလိုက်ပါတယ်

အခုအချိန်မှာ တယောက်သောသူရဲ့အနမ်းနဲ့ပဲ
ဘဝရဲ့ ကျန်တဲ့တခြမ်းကို ကိုယ်တို့ ဖြတ်သန်းနေကြရတာ ဖြစ်တယ်။

- ဆစ်ခ်
(၂၂၊ ဩဂုတ်၊ ၂၀၂၄)

07/08/2024

နမော်နမဲ့ ပရမ်းပတာ ပစ်စလတ်ခတ် တေတေပေပေ
အမေက ငါ့ကို ဒီလိုဘွဲ့တွေ ပေးထားတယ်
လက်ဆစ်တွေ တဖျောက်ဖျောက်ချိုးပြီး
မြေကြီးပေါ် ခါချလိုက်ရင်တောင်
ကျွန်တော်က အပင်လိုထပေါက်နိုင်တဲ့အကြောင်း
အမေမသိဘူး
ကျွန်တော်ဟာ တစ်နေရာမှာ ဗြောင်းဆန်အောင်
သေချာနေတဲ့အကြောင်း အမေ မသိဘူး

- မောင်ဖီလာ

29/07/2024

လူဟာ သစ်ပင်ဖြစ်ချင်တာ မဆန်းဘူး

သူ့အရိပ်အောက်မှာပဲ သူ့ကိုယ်သူ
ယုံတမ်းကြိုးဆွဲချဖို့

သူ့အမြင့်ဆုံးသစ်ကိုင်းကနေ
သူ့ဝိညာဉ်‌ လေထဲ ပျော်ဝင်သွားအောင် ပျံသန်းဖို့

သူ့အမြစ်ထဲ သူ တိုးတိုးတိတ်တိတ် ငိုကြွေးပြီး
သူ့ရွက်နုဖူးသစ်စကို
အကြမ်းဖက်လိုက်ဖို့

- ဇေယျာလင်း ( စလိုက်ပြီးရင် အဓိပ္ပါယ်မဲ့ခြင်းဟာ အဆုံးမသတ်ဘူး - မှ)

26/07/2024

- လွမ်းချင်း -

နေ့တွေ ညတွေ မအားရဘူး အချစ်ရယ်

နောက်ဆုံး
တဝုန်းဝုန်းကျ နေရာကျမှ
ရေတံခွန်တဲ့
အလွန်လှတဲ့ နာမည်နဲ့

ပြောစရာတွေ အများကြီးပဲ အချစ်ရယ်။

- သုခမိန်လှိုင်

24/07/2024

- မြစ်ပြင်ပေါ်က လေတံခွန် -

ခင်ဗျား မော့ကြည့်နေတဲ့ လေတံခွန်ဟာ
ကျွန်တော် လွှတ်တင်ထားတာပါ

လေယာဉ်တွေပျံတာနဲ့ ငှက်တွေပျံတာ
ထပ်တူတော့ မကျဘူးပေါ့

စီးနေတဲ့ မြစ်ထဲမှာ
ပိုင်ရှင်မဲ့ အလောင်းဟာ မျောနေတယ်

မငြိမ်သက်ခြင်းမှာ
ဥပမာများစွာ ရှိပါတယ်

ခင်ဗျားရှာတွေ့ထားတဲ့ အမှန်တရား
ကျွန်တော်လည်း ရပါရစေ။ ။

- ထွန်းကို

23/07/2024

မင်းမျက်နှာအလွတ်မရခဲ့ဘူးဆိုရင်
အနမ်းကို မထိတွေ့ခဲ့ကြဘူးဆိုရင်
အလွမ်းဟာလည်း
ပျားလိမ္မော်လေးတစ်လုံးလို ချိုနေရင် သိပ်ကောင်းမှာပဲ။

- နေညိုအောင်

20/07/2024

မူလာ နာစရူဒင် ဟိုတယ်တစ်ခုမှာ တည်းနေတုန်း သူ့အိမ်ကနေ ကြေးနန်း ရောက်လာတယ်။ အဲဒါနဲ့ သူလည်း ရထားအမီ ထပြီး ရေးကြီးသုတ်ပျာနဲ့ လုပ်ရတော့တယ်။ ခပ်သွက်သွက်ပဲ ပြေးဆင်းလာလိုက်တာ အောက်ဆုံးထပ်အရောက် ခရီးဆောင်အိတ်ကို ပြန်စစ်ကြည့်တော့မှ ထီးကျန်ခဲ့တာကို သတိရတယ်။ အဲဒါနဲ့ ၁၄ လွှာက အခန်းကို ပြန်ပြေးတက်တော့ သူ့အခန်းကို နောက်လူတွေကို ပေးပြီးသားဖြစ်နေမှန်း တွေ့လိုက်ရတယ်။ သူတို့က အခုမှ လက်ထပ်ပြီးခါစ အသစ်စက်စက် စုံတွဲတစ်တွဲပဲ။

ဒီနေရာမှာ လိုအပ်တာထက် နည်းနည်းလေးပဲ ပိုနှောင့်နှေးခဲ့ရင်တောင်မှ ရထား လွတ်ကောင်း လွတ်သွားနိုင်တာကို သိပေမယ့်လည်း ဆွဲဆောင်မှုက အားကောင်းလွန်းနေတာနဲ့ အထဲမှာ ဘာတွေများ ဖြစ်ပျက်နေမလဲဆိုပြီး သော့ပေါက်ကနေ အတွင်းကို ချောင်းကြည့်လိုက်တော့တယ်။

အသစ်စက်စက်စုံတွဲကို ကြည့်ရတာလည်း ခပ်လောလော ခပ်သွက်သွက်ပုံစံပဲ။ သူတို့ခမျာလည်း စောင့်နေရတာ ကြာပြီကိုး။ ပွဲအခမ်းအနားတွေ၊ ဧည့်သည်တွေ စသဖြင့် ကိစ္စဝိစ္စတွေ အကုန်ပြီးလို့ အခုမှပဲ အိပ်ရာပေါ်မယ် ကိုယ်လုံးတီးနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေခွင့်ရ တီတီတာတာလေးတွေ ပြောခွင့်ရရှာတာ။ အဲဒီမှာ သတို့သားကနေ စပြီး သတို့သမီးကို ပြောလိုက်တယ်။ “မင်းရဲ့ မျက်လုံးလေးတွေက လှလိုက်တာ၊ ဒီလောက် လှတဲ့ မျက်လုံးမျိုး ကိုယ်ဖြင့် တစ်ခါမှ မမြင်ခဲ့ဖူးဘူး၊ ဒါလေးတွေကို ဘယ်သူကများ ပိုင်ဆိုင်တာလဲကွာ” တဲ့။

သတို့သမီးကလည်း ပြန်ဖြေတယ်။ “ကိုကို ပိုင်တာ။ ကိုကို ပိုင်တာ။ ကိုကို တစ်ယောက်တည်းသာ ပိုင်တာပါနော်” တဲ့။

အဲဒီလိုနဲ့ပဲ စာရင်းက ရှည်လျားလာတော့တယ်။ ဒီ လှတဲ့ လက်ကလေးတွေကကော၊ ဒီ ဖြိုးမောက်နေတဲ့ ရင်သားကလေးကကော၊ ဟိုဟာလေးကကော၊ ဒီဟာလေးကကော စသဖြင့်ပေါ့။ မူလာလည်း ရထားကိုကော အောက်မှာ ရပ်စောင့်နေတဲ့ တက္ကစီကိုကော လုံးလုံးကို မေ့လျော့နေတော့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ထီးအကြောင်းက ခေါင်းထဲ ရောက်လာတယ်။ ဟိုနှစ်ယောက်ရဲ့ စာရင်းကလည်း ကုန်လုနီးပါး ဖြစ်နေပြီ။ အဲဒါနဲ့ပဲ သူလည်း “ဟေ့ ဟေ့၊ အဝါရောင်ထီးကတော့ ကျုပ် ပိုင်တာနော်” ဆိုပြီး လှမ်းပြောလိုက်တော့တယ်။

လူတွေဟာ မေ့မေ့လျော့လျော့နဲ့ပဲ အရာတော်တော်များများကို လုပ်ဆောင်နေကြတယ်။ သူတို့တွေအနေနဲ့ သတိတရား အားကောင်းလာတဲ့အခါမှာ အဲဒီအရာတွေဟာ ကွာကျသွားကြလိမ့်မယ်။

- 6

Osho ၏ The Book of Wisdom မှ ကောက်နှုတ်ပြန်ဆိုသည်။

19/07/2024

တစ်ရာသီအေး၊ တစ်ညမွေး၌
ပူဆွေးယဲ့ပန်း၊ ဘာမှန်းမသိ
ထိုင်မိထိုင်ရာ၊ နာရီကြာလည်း
ကြာသည်ကိုမေ့၊ မချမ်းမြေ့ဘူး ။

- ကြည်အေး

19/07/2024

တစ်ရက်မှာ နာစရူဒင်နဲ့ ခရီးသွားနှစ်ယောက်တို့ မက္ကာကို ဘုရားဖူးခရီး အတူထွက်ကြတယ်။ သူတို့ ခရီးရဲ့ အဆုံးသတ်နားရောက်ခါနီးမှာ ရွာလေးတစ်ရွာကို ဖြတ်သွားရတယ်။ ပါလာတဲ့ ပိုက်ဆံတွေကလည်း ကုန်လုနီးပါး ဖြစ်နေပြီ။ နည်းနည်းလေးပဲ ကျန်တော့တယ်။ ဒါနဲ့ပဲ အဲဒီ ပိုက်ဆံနဲ့ ဟယ်လ်ဗာလို့ ခေါ်တဲ့ မုန့်အချိုလေးတစ်ခုကို ဝယ်လိုက်ကြတယ်။ ဒါပေမဲ့ အဲဒီမုန့်က ဗိုက်ဆာနေတဲ့ လူသုံးယောက်အတွက် မလုံလောက်ဘူး။ သူတို့လည်း ဘာလုပ်ရမှန်း မသိဘူး။ ခွဲခြမ်းပြီး စားရင်ကျလည်း ဘယ်သူမှ ဝ,မှာ မဟုတ်တော့ အဲဒီလိုလည်း မလုပ်နိုင်ပြန်ဘူး။ အဲဒီအခိုက်မှာပဲ လူတိုင်းက “ငါ့ဖြစ်တည်မှုကတော့ ပိုတန်ဖိုးရှိတယ်။ ဒီမုန့်ကို စားပြီး ငါသာလျှင် အသက်ဆက်သင့်တယ်” ဆိုပြီး လေကြီးမိုးကြီးတွေ စ,ပြောလာကြတော့တယ်။

ပထမဆုံးတစ်ယောက်က “ကျုပ်က နှစ်ပေါင်းများစွာ သီလစောင့်ထိန်းခဲ့ ဆုတောင်းပတ္ထနာပြုခဲ့တဲ့သူ ဖြစ်တယ်။ ဒီမှာ ဘယ်သူမှ ကျုပ်လောက် ဘာသာရေးကိုင်းရှိုင်းပြီး မြင့်မြတ်တဲ့သူ မပါဘူး။ ဘုရားသခင်ကလည်း ကျုပ်ကိုသာ ကယ်တင်ချင်မှာပဲ။ ဒါကြောင့် ဒီမုန့်ကို ကျုပ်ကို ပေးသင့်တယ်” လို့ ပြောတယ်။

ဒုတိယလူက “ဟုတ်ပါတယ်။ ခင်ဗျားက မြင့်မြတ်တဲ့ သူတော်စင်မှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ ကြီးမြတ်တဲ့ ပညာရှိပဲ။ ကျုပ်တစ်ဘဝလုံးကို အသိပညာ ရှာမှီးရေးအတွက် ပေးဆပ်ထားခဲ့တာ။ လောကကြီးက သီလစောင့်တဲ့လူကို မလိုအပ်ပါဘူး။ သူက ဘာလုပ်နိုင်မှာမို့လို့လဲ။ သီလပဲ စောင့်နိုင်တဲ့ဟာ။ ကောင်းကင်ဘုံမှာ သွားစောင့်လည်း ရတာပဲ။ ဒါပေမဲ့ အသိပညာကိုတော့ လောကကြီးက လိုအပ်တယ်။ မသိမှု မိုက်မဲမှုတွေအပြည့်နဲ့ လောကကြီးက ကျုပ်ကို အဆုံးရှုံးခံလို့ မဖြစ်ဘူး။ ဒါကြောင့် မုန့်ကို ကျုပ်ကိုပဲ ပေးသင့်တယ်” လို့ ပြောတယ်။

နာစရူဒင်ကလည်း “ကျုပ်က စောင့်ထိန်းနိုင်တဲ့သူ မဟုတ်တော့ ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းချုပ်နိုင်သလို ပညာလည်း သိပ်မတတ်တဲ့သူဆိုတော့ အဲဒီလိုလည်း ပြောလို့ မရပြန်ဘူး။ ကျုပ်က ရိုးရိုးသာမန် အပြစ်သားတစ်ယောက်ပါပဲဗျာ။ နောက်ပြီး ဘုရားသခင်က အပြစ်သားတွေကို အမြဲတမ်း ကရုဏာထားတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒီတော့ မုန့်ကို ကျုပ်ပဲ ရသင့်ပါတယ်” လို့ ‌ပြန်ပြောလိုက်တယ်။

သူတို့လည်း ကျေလည်အောင် မဖြေရှင်းနိုင်ကြတာနဲ့ဘဲ “ကဲ ဒီညတော့ တို့သုံးယောက်လုံး မုန့်ကို မစားဘဲ အိပ်လိုက်ကြမယ်။ ဘုရားသခင်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ကြတာပေါ့။ မနက်ကျမှ ဘုရားသခင်က ပေးတဲ့ အိပ်မက်နဲ့ပဲ ဆုံးဖြတ်ကြတာပေါ့” လို့ သဘောတူလိုက်ကြတယ်။

နောက်နေ့မနက်ရောက်တော့ သူတော်စင်က “ကဲ ဘယ်သူမှ ကျုပ်ကို မယှဉ်နိုင်တော့ဘူး။ အိပ်မက်ထဲမှာ ကျုပ်က ဘုရားသခင်ရဲ့ ခြေထောက်ကို နမ်းခွင့်ရခဲ့တယ်ဗျ။ ဒါက လူတစ်ယောက်အနေနဲ့ အမြင့်ဆုံး မျှော်လင့်လို့ရတဲ့ အခြေအနေလို့ ပြောနိုင်တယ်။ ဒီအတွေ့အကြုံထက် ဘယ်ဟာကများ ပိုပြီး ကြီးကျယ်ခမ်းနားဦးမှာလဲ။ မုန့်ကို ကျုပ်ကို ပေးလိုက်တော့”ဆိုပြီး ပြောတယ်။

ပညာတတ်ပုဂ္ဂိုလ်က ရယ်လိုက်ပြီး “ဒါက ဘာဟုတ်သေးလို့လဲဗျာ။ ညက အိပ်မက်ထဲမှာ ဘုရားသခင်က ကျုပ်ကို ပွေ့ဖက်ပြီး နမ်းရှုတ်ခဲ့တာဗျ။ ခင်ဗျားက ဘုရားသခင်ရဲ့ ခြေထောက်ကို နမ်းခဲ့တယ် ဟုတ်လား။ ဘုရားသခင်က ကျုပ်ကို နမ်းပြီး ပွေ့ဖက်ခဲ့တာနော်။ ကဲ မုန့် ဘယ်မှာလဲ။ ကျုပ်ကို ပေးတော့” လို့ ပြောလိုက်တယ်။

သူတို့လည်း နာစရူဒင်ကို ကြည့်လိုက်ပြီး “ခင်ဗျားကော ဘာတွေများ မက်သေးတုန်း” လို့ မေးလိုက်ကြတယ်။

နာစရူဒင်က “ကျုပ်က သနားစရာ အပြစ်သားပါဗျာ။ ကျုပ် အိပ်မက်ကလည်း ရိုးစင်းပြီး သာမန်ဆန်လွန်းလို့ ပြောပြဖို့တောင်မှ မထိုက်တန်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကလည်း သိချင်ကြသလို ကျုပ်တို့ချင်းလည်း သဘောတူထားကြပြီးသားလည်း ဖြစ်နေလို့ ကျုပ် ပြောပြပါ့မယ်။ ကျုပ် အိပ်နေတုန်း ဘုရားသခင် ပေါ်လာပြီး ပြောတယ်ဗျ။ “ဟေ့ကောင် အရူး၊ ဘာလုပ်နေတာလဲ။ မုန့်ကို စားလိုက်တော့လေ” တဲ့။ ဒါနဲ့ ကျုပ်လည်း စားလိုက်တော့တယ်။ သူ့အမိန့်ကို ကျုပ်က ဘယ်လိုလုပ်ပြီးများ လွန်ဆန်ဝံ့ပါ့မလဲ။ အခုတော့ မုန့်လည်း မရှိတော့ပါဘူးလေ” လို့ ပြန်ပြောလိုက်တော့တယ်။

- 6

Osho ၏ The Dhammapada - Way of the Buddha မှ ကောက်နှုတ်ပြန်ဆိုသည်။

16/07/2024

ကြည့်။ မင်းစိတ်ထဲမှာ ငါနှင့်ပတ်သက်သလို တစ်ခုခုရှိခဲ့လျှင် ကျေးဇူးပြု၍ ငါ့ဆီကို ပန်းများပို့ပေးပါ။

- ခင်မောင်ရင်၊ ဇော်ဇော်အောင်

11/07/2024

ဟောဒီ မှောင်မိုက်စိတ်မြေပေါ်မှာ စိုက်ပျိုးရမယ့် မနက်ဖြန်များအတွက် ကျွန်တော် ဘယ်တော့မှ
အဆင်သင့်မရှိခဲ့ဘူး။ ဒါကပဲ ကျွန်တော့်ကို ရှင်ကျန်စေခဲ့တာ ဖြစ်လိမ့်မယ်။"

- (စာ-၁၆၇ / သိုးပုပ်နေသော မှတ်ဉာဏ်တွဲများ/ တည်တံ့)

10/07/2024

- ညီမလေးသို့ လက်ဖဝါးပုံမိုးစက်ကလေးတွေ -

မျက်ခွံတွေကို ဖွင့်ကြည့်လိုက်တာနဲ့ အင်္ဂါနေ့တစ်နေ့ထဲကို ပြန်ရောက်ရှိသွားကြမယ်
အဝေးရောင်သန်းနေတဲ့ ညီမလေးရဲ့မာနကို ဘယ်ဘဝရဲ့ကုသိုလ်နဲ့ ကိုယ် ပြန်ရွေးယူရမလဲ
မသိချင်ဘူးဆိုတဲ့ တောင်ထိပ်ဖျားမှာ နှင်းတွေ
သိပ်ကျနေမယ်မှန်း
မင်းရောကိုယ်ပါ စိတ်အဖျားခတ်ပွတ်တိုက်မိပြီးမှ
လွင့်စင်ထွက်ကျလာသလို
တဂျစ်ဂျစ်မြည်နေတဲ့ မန်မိုရီတွေထဲ ဝင်ဖျားနာမိ
ဘာတစ်ခုမှ လိုက်လို့မမီခဲ့ကြဘူး
ခဏခဏ ကိုယ့်စိတ်နဲ့ ညီမလေးကို ဝင်ဝင်တိုက်မိပါတယ်
ဒါတောင်မှ လက်ကိုင်ပုဝါလေးတစ်စ လွတ်မကျနိုင်ရဘူးတဲ့လား
အပေါစားအချစ်ကားတွေထဲက ဇာတ်ကွက်တစ်ကွက်နဲ့တောင်မှ ကိုယ်ဟာ မအပ်စပ်ရဘူးတဲ့လား
ရှေးရေစက်ကို မယုံရင်တောင်မှ မသိချင်ယောင်ဆောင်မှုတွေကို ဘုရားမှာ လှူပါ
ရောဂါဖြစ်နေတယ် ဒါမှမဟုတ် ချစ်နေတယ်
ကိုယ့်အသံကင်ဆာအိုးထဲ ချစ်ခြင်းရဲ့ မပြည့်ဝမှုတွေ ဘောင်ဘင်ခတ်နေသံကို ညီမလေးက ကြားပါ
အင်္ဂါဂြိုလ်ပေါ်က သိပ်လှပတဲ့ ပန်းပွင့်လေးတွေကိုလည်း စိုးဆွေဇင်စျာန်ညိမ်းက ယုံပါ
တုန်ခါပွင့်ထွက်သွားတဲ့ အမြန်နှုန်းတွေ၊ လျှပ်စီးလက်
ပင့်သက်တွေ၊ ပဋိဇီဝဆေးတစ်လုံးရဲ့ ခါးသက်မှုထဲ
မင်းကိုငါ ယဉ်ပါးခဲ့ရတာတွေ
ထီးမပါဘဲ မိုးရေထဲလျှောက်ပြေးရတဲ့ အရသာလို အန္တရာယ်ရှိရှိ တွယ်ငြိမိတာတွေ ရွာချ
အတွင်းအားသက်သက်နဲ့ချည်း ရိုက်ချပစ်ခဲ့တဲ့ နေ့စွဲတွေထဲမှာ လက်ဖဝါးပုံစံမိုးစက်ကလေးတွေဟာ သိပ်လှပနေမှာပါပဲ
ကံဆိုးမိုးမှောင်ကျနေတဲ့ အမိုက်အမဲတုံးကြီးမို့ ခွင့်လွှတ်ပါ
ညီမလေးကို ကိုယ်က အငွေ့အနမ်းတွေနဲ့ ပူဇော်ပသလိုက်ပါတယ်။

- 6
(ဇူလိုင်၊ ၂၀၁၆)

09/07/2024

ဘုဘုတို့ကို ဝမ်းနည်းစွာနဲ့ပဲ အသိပေး‌ကြော်ငြာစရာလေး တစ်ခုတော့ ရှိလာခဲ့ပြန်ပါပြီ

ဒါကတော့ ကျနော့်အနေနဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် BnB မှာ စာအုပ် အရောင်းတင်ခြင်းကို အချိန်ကာလတစ်ခုအထိ ရပ်နားထားတော့မှာ ဖြစ်တယ်ဆိုတဲ့အကြောင်းပါ

တချိန်ချိန်မှာ ပြန်ပြီး ရောင်းကောင်း ရောင်းပါမယ်၊
မရောင်းချင်လည်း မရောင်းတော့ပါဘူး

ကျနော် စိတ်ပေါက်ရင် ပေါက်သလို ကဗျာ/စာ ရေးသား/ရွတ်ဖတ်ခြင်း၊ စာအုပ်/ရုပ်ရှင် အညွှန်းရေးသားခြင်း၊ သီချင်းစာသားတွေ ကာတွန်းပုံတွေ လျှောက်တင်ခြင်း စသဖြင့် စာပေအနုပညာ အာရုံခံစားမှုနဲ့ ပတ်သက်ဆက်နွယ်တဲ့ အကြောင်းအရာတွေကို ဝေမျှဖို့အတွက်တော့ Page ကို ဆက်လက်ထားရှိသွားမှာပါ

ဒါကြောင့် ကျနော့်ရဲ့ ဗဒီးဗဒါးတွေနဲ့အတူ ဆက်လက်ရှိချင်သူ ဘုဘုတို့အတွက်တော့ BnB ဆက်ရှိနေဦးမှာဖြစ်ပြီး စာအုပ်ဝယ်ယူစုဆောင်းဖို့အတွက်ပဲ BnB မှာ ရှိနေတဲ့ ဘုဘုတို့အနေနဲ့တော့ လွတ်လပ်စွာပဲ စွန့်ခွာလိုက စွန့်ခွာလို့ ရပါပြီ

ဒီအချိန်ကာလအတွင်းမှာ အတူရှိခဲ့၊ စာအုပ်တွေ ဝယ်ယူအားပေးခဲ့ကြတဲ့အတွက် အနည်းဆုံးတော့ ခင်ဗျားတို့အားလုံး ကျနော့်အပေါ်မှာ တစ်ယောက်ကို ဘီယာနှစ်လုံးဖိုးစီ ကျေးဇူးရှိကြတယ်လို့ ပြောချင်ပါတယ်

နောက်ပြီး လွန်ခဲ့တဲ့ ၃ ပတ်လောက်ကနေ စပြီး page ကို ကျနော်ကိုယ်တိုင် မ run နိုင်တော့တဲ့အတွက် ညီလေးနဲ့ပဲ လက်လွှဲထားခဲ့ရပါတယ်

အဲဒီအတောအတွင်းမှာ သူ့ရဲ့ မကျွမ်းကျင်သေးမှုကြောင့် အဆင်မပြေတာတွေ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်

အားလုံးပဲ ကျေးဇူးပါ 🍀

ချစ်ခြင်းအားဖြင့်
- ဆစ်ခ်

ps. page မှာ စာအုပ် ဝယ်ယူစုဆောင်းထားသူတွေ အကုန်လုံးထံကိုလည်း စာအုပ်တွေကို ဆက်သွယ်ပို့ဆောင်ပေးသွားတော့မှာ ဖြစ်တာကြောင့် အရင်ဆုံး ပို့ပေးစေလိုသူတွေအနေနဲ့လည်း page ရဲ့ cb ကနေတဆင့် လာရောက်ဆက်သွယ်ပြီး ပို့ပေးခိုင်းလို့ရကြောင်း အသိပေးပါတယ်

08/07/2024

🔶 ဒီညအတွက် နောက်ဆုံးပို့စ်ပါ 🔶

- ရင်ထဲမှာဝေ စကားပြေအယ်လ်ဘမ်
- ဇော်ဇော်အောင်
- ပထမအကြိမ် (စက်တင်ဘာ၊ ၂၀၁၀)၊ စိတ်ကူးချိုချိုစာအုပ်တိုက်၊ ၁၆၂ မျက်နှာ

အဖုံးဒီဇိုင်း - m.s.o

ယုဇနမခင်ပျိုကို ရေးသားခဲ့သူ ပို့စ်မော်ဒန်စာရေးဆရာ ဇော်ဇော်အောင်ရဲ့ စာပေသီအိုရီနဲ့ ဝေဖန်ရေးဆိုင်ရာ စကားပြေစုစည်းမှု စာအုပ် ဖြစ်တယ်။ ပို့စ်မော်ဒန် (Postmodern)ဝါဒနဲ့ ဆက်စပ်ပြီး ရေးသားတင်ပြထားတဲ့ စကားပြေတွေဖြစ်ပြီး ဆစကား‌ေပြစုစုပေါင်း ၂၁ ပုဒ် ပါဝင်တယ်။

စာအုပ်သန့်။

👉 Price - 7000 ks 👈

08/07/2024

- ရာဘင်ဒြာနသ်တဂိုး၏ ချစ်သူ့လက်ဆောင်
- မြင့်စိုးလှိုင်
- ပထမအကြိမ် (ဇွန်၊ ၁၉၈၆)၊ စာပေလောကစာအုပ်တိုက်၊ ၁၅၄ မျက်နှာ

အဖုံးပန်းချီ - မြင့်မောင်ကျော်

ငှက်တေလေကဗျာစုကို ရေးဖွဲ့ခဲ့သော ကမ္ဘာကျော် ဘင်္ဂါလီစာဆို ရာဘင်ဒြာနသ်တဂိုးရဲ့ အချစ်ကဗျာစုစည်းမှုဖြစ်တယ်။ မြင့်စိုးလှိုင်က မြန်မာပြန်ဆိုထားပြီး စုစုပေါင်း ကဗျာ အပုဒ် ၆၀ ပါဝင်တယ်။

စာအုပ်သင့်။

👉 Price - 3500 ks 👈

08/07/2024

- ဘယ်သူပြောပြော ကိုယ်ပြောတယ်
- စိုင်းဝင်းမြင့်
- ကျော်မွှေးစာအုပ်တိုက်
- ပထမအကြိမ် ( ဇူလိုင်၊ ၂၀၁၂) ၉၆ မျက်နှာ

- အဖုံးပန်းချီ မုတ်သုန်

ကဗျာဆရာ စိုင်းဝင်းမြင့်ရဲ့ တစ်ကိုယ်တော်ကဗျာစုစည်းမှု ဖြစ်တယ်။ ကဗျာပုဒ်ရေ စုစုပေါင်း၅၃ ပုဒ် ပါဝင်တယ်။

စာအုပ်သန့်။

👉 Price - 8000 ks 👈

08/07/2024

တောင့်ထားရတာ မာခဲမနေဘူးလား
ငါ ငိုချလိုက်တယ်
(အရာရာဟာ အစက ပြန်စလို့ရတော့မယ့်အတိုင်း)

- အောင်ချိမ့် (ဘဝ၏ ဇာတ်လမ်းတစ်ပုဒ်)

- ၁၂ ပုဒ်၊ ၁၂ ပုဒ်နဲ့ ၁၂ ပုဒ်
- အောင်ချိမ့်
- ပထမအကြိမ် (မေ၊ ၂၀၁၆)၊ The Key Collection ၊ ၂၄၆ မျက်နှာ

အဖုံးဒီဇိုင်း - nocomment

ဒီစာအုပ်က The Key Collection ကနေ ထွက်ရှိခဲ့ပြီး ယခင် စာအုပ်တိုက်အသီးသီးကနေ ထွက်ရှိခဲ့တဲ့ ကဗျာ ၁၂ ပုဒ် စုစည်းမှုစာအုပ်ငယ် ၅ အုပ်စလုံးကို ပြန်လည်စုစည်းပြီး ထုတ်ဝေခဲ့တဲ့ ကဗျာ ၁၂ ပုဒ် စုစည်းမှု ပေါင်းချုပ်စာအုပ် ဖြစ်တယ်။ ၁၂ ပုဒ်၊ ၁၂ ပုဒ်နဲ့ ၁၂ ပုဒ်လို့ အမည်ပေးခဲ့ပြီး အင်္ဂလိပ် မြန်မာ နှစ်ဘာသာစလုံးနဲ့ ပုံနှိပ်ဖော်ပြခဲ့တယ်။ ထူးခြားတာက ပထမ ၅ အုပ်မှာ ကဗျာ ၂ ပုဒ် ထပ်သွားခဲ့တဲ့အတွက် အဲဒီ ၂ ပုဒ်နေရာမှာ ၁၃ ကြောင်းပါ ကဗျာနဲ့ ချစ်သူသို့ ဆိုတဲ့ ကဗျာ ၂ ပုဒ်ကို အစားထိုး တင်ဆက်ခဲ့တယ်။

စာအုပ်သန့်။

👉 Price - 6000 ks 👈

08/07/2024

- အရိုင်းတူရိယာ
- မောင်ရှင်စော
- ပထမအကြိမ် (ဒီဇင်ဘာ၊ ၂၀၀၉)၊ နမြန်မာဝတီစာအုပ်တိုက်၊ ၉၀ မျက်နှာ

အဖုံးပန်းချီ - မောင်တင်သစ်

နှင်းရိပ်ပြာမှောင်၊ ကေတီဗွီ စာအုပ်တို့ကို ရေးသားခဲ့သူ ပျဉ်းမနားအခြေစိုက် ကဗျာဆရာ မောင်ရှင်စောရဲ့ တစ်ကိုယ်တော် ကဗျာစုစည်းမှုစာအုပ် ဖြစ်တယ်။ ကဗျာပုဒ်ရေ စုစုပေါင်း ၃၁ ပုဒ် ပါဝင်ပြီး မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားတယ်။ အင်္ဂလိပ်ဘာသာစကားကို မောင်သာနိုး မောင်ညီညွတ် နှင့် မောင်ဇေတုတို့က ပြန်ဆိုရေးသားထားတယ်။

စာအုပ်သန့်။

👉 Price - 4000 ks 👈

08/07/2024

- ဇာတ်ဓါး
- ခင်မောင်ကျော်
- ပထမအကြိမ် (မတ်၊ ၂၀၁၁)၊ ဂီတဉ္ဇလစာအုပ်တိုက်၊ ၉၈ မျက်နှာ

အဖုံး - ဗဂျီအောင်စိုး

ဒီစာအုပ်ကတော့ ဆရာခင်မောင်ကျော်ရဲ့ နာမည်ကြီး ၀တ္ထုတစ်ခုပဲဖြစ်တယ်။ သဘင်လောကနောက်ခံ အချစ်ဇာတ်လမ်းကို ‌ဇာတ်ကြောင်းပြန်ပုံစံဖြင့် သဘင်သမားတို့၏ ဇာတ်တွင်းစကားတို့ဖြင့် ရေးဖွဲ့ထားကြီးဇာတ်သမားတို့၏ ဘ၀ကိုလဲအထင်းသားလေ့လာဖတ်သိနိုင်မဲ့စာအုပ်ပဲဖြစ်တယ်။

နောက်ဖုံးတွင်ခေါက်ရာ အနည်းငယ်ပါ၊ စာအုပ်သင့်။

👉 Price - 4000 ks 👈

08/07/2024

- ပလေးဘွိုင်မဂ္ဂဇင်းဝတ္ထုတိုများ
- စိုးသိဏ်း
- ပထမအကြိမ် (ဩဂုတ်၊ ၂၀၁၇)၊ စိတ်ကူးချိုချိုစာအုပ်တိုက်၊ ၂၇၆ မျက်နှာ

အဖုံးဒီဇိုင်း - m.s.o

နိုင်ငံတကာ စာနယ်ဇင်းလောကမှာ ထင်ရှားတဲ့ Pl***oy မဂ္ဂဇင်းမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဝတ္ထုတိုတွေကို မြန်မာပြန်စုစည်းဖော်ပြထားတဲ့စညအုပ်တစ်အုပ် ဖြစ်တယ်။ Pl***oy ကို အပြာမဂ္ဂဇင်းတစ်စောင်အဖြစ်ပဲ သင် သိထားတယ်ဆိုရင်တော့ ဒီဝတ္ထုလက်ရာတွေကို ဖတ်ကြည့်ပြီး ဒီမဂ္ဂဇင်းရဲ့ စာပေအဆင့်အတန်းကို ပြန်လည်သုံးသပ်နိုင်ပါလိမ့်မယ်။

စာအုပ်သန့်။

👉 Price - 7000 ks 👈

08/07/2024

- ရန်ကုန်ငြိမ်းချမ်းရေး ကဗျာစု
- အောင်ဒင်
- ပထမအကြိမ် (နိုဝင်ဘာ၊ ၂၀၁၃)၊ KQ စာအုပ်တိုက်၊ ၁၁၉ မျက်နှာ

အဖုံးပန်းချီ - မုတ်သုန်

အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ် ဆိုတဲ့ ကဗျာစာသားရဲ့ မူလပိုင်ရှင်ဖြစ်သူ၊ နွေတစ်ညမှ အစပြု၍ စာအုပ်ကို ရေးသားခဲ့သူ၊ ပို့စ်မော်ဒန်စာရေးဆရာ ကဗျာဆရာ တာရာမင်းဝေရဲ့ အစ်ကို ဖြစ်သူ အောင်ဒင် (ဒတ္ထ)ရဲ့ တစ်ကိုယ်တော် ကဗျာစုစည်းမှုစာအုပ် ဖြစ်တယ်။ ကဗျာပုဒ်ရေ စုစုပေါင်း ၃၁ ပုဒ် ပါဝင်တယ်။

စာအုပ်သန့်။

👉 Price - 3500 ks 👈

08/07/2024

- မဟာကဗျာ ဂန္ထဝင်နိုင်ငံခြားကဗျာရှည်လေးပုဒ်
- မောင်သာနိုး
- ဒုတိယအကြိမ် (ဩဂုတ်၊ ၂၀၂၀)၊ စိတ်ကူးချိုချိုစာအုပ်တိုက်၊ ၂၀၅ မျက်နှာ

အဖုံးပန်းချီ - ဧကစာချို

ဆရာ မောင်သာနိုးရဲ့ နိုင်ငံတကာက ကဗျာတွေကို ဘာသာပြန်ဆိုစုစည်းထားတဲ့ စာအုပ်ပါ။ ကမ္ဘာကျော်
စာရေးဆရာများဖြစ်ကြတဲ့ ပုသျှကင်၊ မာယာကော့စကီးယ်၊ ဂရေး၊ ကိုးလရစ်တို့ရဲ့ ဂန္ထဝင်ကဗျာရှည် လေးပုဒ်ကို ဘာသာပြန်ထားတာပဲဖြစ်တယ်။

စာအုပ်သန့်။

👉 Price - 5000 ks 👈

08/07/2024

- ပြည်ကြီးဘာယာနှင့် ပင်ကိုရေးဝတ္ထုတိုများ
- ဇော်ဂျီ
- တတိယအကြိမ် (ဖေဖော်ဝါရီ၊ ၂၀၁၈)၊ Wisdom House စာအုပ်တိုက်၊ ၁၅၆ မျက်နှာ

အဖုံးဒီဇိုင်း - လင်းဝဏ္ဏ

ဗေဒါလမ်း၊ ပလေးတိုးနိဒါန်း အစရှိတဲ့ စာအုပ်တွေကို ရေးသားခဲ့သူ ဆရာ ဇော်ဂျီရဲ့ ဝတ္ထုတိုစုစည်းမှုပဲ ဖြစ်တယ်။ ၁၉၃၃မှ ၁၉၃၇ အတွင်းထွက်ရှိခဲ့တဲ့ ဆရာ့ရဲ့ ပင်ကိုရေးဝတ္ထုတို ဆယ်ပုဒ်အားဝတ္ထုအား စုစည်းထားတယ်။

စာအုပ်သန့်။

👉 Price - 3000 ks 👈

08/07/2024

ကျွန်တော်မဖြစ်‌တော့ပါဘူး
ကျွန်တော်ဒါဒါငနဲတစ်ကောင်
ကျွန်တော် မုန်တိုင်းတစ်ခု
သမုဒယမှော်ရုံတော်အုပ်၌(နှိုက်)
အရေခွံဆုတ်ခံလိုက်ရတဲ့ ဝံပုလွေတစ်ကောင်သာ
ကျွန်တော်ဖြစ်တော့သည်။

သူမ၏ အမည်နာမများသာ
ကျွန်တော့်ကြမ်းခင်း၊ ခေါင်မိုးနံရံ
ကျွန်တော့်အင်္ကျီ၊ လက်ပတ်နာရီ ဖြစ်ချေခဲ့ပြီ။

- မာတေးအို (မောင်းချဓားတစ်လက်နဲ့ အိုဟင်နရီဝတ္ထုအသိမ်းမျိုး)

- လွတ်လပ်ရေး ကဗျာများ
- မာတေးအို
- ပထမအကြိမ် (ဇန်နဝါရီ၊ ၂၀၂၁)၊ Art Studio ၊ ၅၉ မျက်နှာ

မျက်နှာဖုံးပန်းချီ - မုတ်သုန်

အတွင်းသရုပ်ဖော် - မမြခက်၊ စိုင်းမောင်မောင်၊ ကျော်ဟန်ထွန်း၊ ဇော်မိုးသည်၊ ဇာနည်၊ အာချီနှင့်မာန်ဦး။

ဒီစာအုပ်က ပန်းချီမာန်ဦး (ခ) ကဗျာဆရာ မာတေးအိုရဲ့ တစ်ကိုယ်တော်ကဗျာ စုစည်းမှုပဲဖြစ်တယ်။ ဒီစာအုပ်ဟာ ဆရာမာတေးအိုရေးသားခဲ့တဲ့ စာအုပ်အချို့နှင့် မဂ္ဂဇင်းအချို့မှာ ရေးသားခဲ့တဲ့ ကဗျာများကိုစုစည်းထားတဲ့ စာအုပ်ဖြစ်ပြီး အတွင်းသရုပ်ဖော်များဖြင့် ခံစားရမှာဖြစ်တယ်။ ဒီစာအုပ်မှာ ကဗျာစုစုပေါင်း ၂၃ ပုဒ်ပါဝင်ပါတယ်။

စာအုပ်သန့်။

👉 Price - 3500 ks 👈

Videos (show all)

အင်္ကျီအသစ် ဘောင်းဘီအသစ်အိပ်မက်အသစ် စိတ်ကူးအသစ်
🎵လူသားရဲ့အတ္တ အစွန်းမရောက်ဖို့    ဒေါသမီးများ ငြိမ်းအေးဖို့    သီချင်းလေးတစ်ပုဒ်နဲ့ နူးညံ့ပျော့ပြောင်းစေ ...    သီချင်းမ...
🎵 မှောင်နေမယ် ကိုယ့်ရဲ့ကမ္ဘာဟာ မင်းမရှိခဲ့ရင်လေ....     ကြင်နာသူ ကိုယ့်ဘဝ အလင်းရောင်လေး ......          ဘယ်ဆီကို ရောက်နေ...
ဒီည စာအုပ်အရောင်းတင်ပေးချင်ပေမယ့်လည်း ခရီးပန်းပြီး အတော်လေး ဖျားနေ နေမကောင်းဖြစ်နေလို့ ဒီနေ့တော့ နားလိုက်ပါဦးမယ် အားလုံး...
ရန်ကုန်မှာဆိုတော့ အလွန်အေးဖို့ မပြောနဲ့နည်းနည်းတောင် မအေး၊ မချမ်းမောင်ရေ ပြန်လာပါဆိုပြီး ခေါ်မယ့်သူလည်း မရှိဘူးဆိုပေမယ့်...
🎵 ကျေနပ်စွာ ခံယူမယ် မိန်းကလေးရယ်     မင်းရဲ့ လှည့်ကွက်များစွာထဲ      သာယာနေတတ်သူ ယုံစားစိတ်ချမိပါတယ် .... 🎵- မျက်ရည်ညနေ ...
🎵 တွဲလက်ခိုင် မြဲရပါရစေ ...          သိပ်ချစ်တဲ့ တို့ရဲ့ဘက်ကို     သက်... သက်ညှာပါမေ... ... 🎵- မွန်းအောင် (လွမ်းရတဲ့ညတွေ...
🎵 မခေါ်နိုင်မှန်း သိတဲ့နောက်     တိတ်ဆိတ်စွာ နှုတ်ထွက်သူ ...     ရင်မှာအမြဲ အမှတ်တရနဲ့     နှလုံးသားထဲ နေရစ်ကွယ် .... 🎵-...
အမျိုးသားနားငြီးနေ့လေးမှာ အမျိုးသားဘုဘုတို့ကော အမျိုးသမီးဘုဘုတို့ကိုပါ သခင်ကြီးဘက်ကနေ မိန့်ကြားမြွတ်ဟချင်တဲ့ စကားလေးကတော...
🎵 အကြီးတစ်လုံး အသေးတစ်လုံး     ကမ္ဘာကြီးမူးအောင် သောက်လိုက်မယ်     ကိုယ့်ဘဝကို အရှုံးပေးလို့     ကိုယ်ခေါင်းစိုက်အောင် သ...
🎵တကယ်ကြင်နာနိုင်မယ့် ကိုယ်လိုလူတစ်ယောက်တော့    ကြင်ဖော်ဖက် ရွေးချယ်ပါကွယ်    မင်းကလေးတစ်ယောက်တည်းတော့    ဒီလူဒီသူတွေကြား...
🎵 ရင်ထဲမှာ ကိုယ်လေ သိပ်ချစ်တတ်တယ်     အတူနေရရင် ပျော်စရာကောင်းမှန်း သိတယ် 🎵- ခိုင်ထူး (ရွှေလသာမှ)

Website