Gargantua
Xplore with Us!
Zero Ohm Resistor ဆိုတာဘာလဲ? ဘယ်လိုနေရာတွေမှာသုံးတာလဲ?
ကျွန်တော်တို့ Resistor တန်ဖိုးတွေကို သတ်မှတ်တဲ့အခါမှာ Ω(Ohm) တန်ဖိုးနဲ့သတ်မှတ်ကြပါတယ်။
220 Ω, 10 kΩ, 1 MΩ စသဖြင့် သတ်မှတ်ကြတယ်ပေါ့နော်။
အဲ့ဒီမှာမှ 0 Ω (zero Ohm) တန်ဖိုးရှိတဲ့ resistor ဆိုတာကြီးက ဘာလဲဟပေါ့နော်။ စဥ်းစားကြည့်ရင် ရယ်စရာကြီးဖြစ်နေလိမ့်မယ်။ မိတ်ဆွေက ထင်လိမ့်မယ်... Circuit ထဲမှာ resistor လိုလို့ ထည့်ပါတယ်ဆိုမှ ဒီ 0 Ω resistor ကြီးနဲ့ ဘာသွားလုပ်ရမှာလဲ? ဘယ် circuit ကရော ဒီလို resistor မျိုး လိုအပ်မှာလဲပေါ့နော်။ မယုံမရှိပါနဲ့ မိတ်ဆွေ။ ဒီလို resistor မျိုး လက်တွေ့မှာ တကယ်ရှိပါတယ်။
ဒါဆိုရင် မိတ်ဆွေက မေးလိမ့်မယ်။တကယ်ရှိတယ်ဆိုရင် ဘယ်လိုနေရာတွေမှာ သွားသုံးမှာလဲပေါ့နော်။ ကျွန်တော်ပြောပြပါ့မယ်။
ဒီလိုဗျာ... ဒီနေ့ခေတ်မှာ PCB (Printed Circuit Board) တွေပေါ်မှာ resistor, capacitor, transistor စတဲ့ electronic အစိတ်အပိုင်းတွေ တပ်ဆင်တဲ့အခါ မြန်ဆန်တိကျမှု ရှိစေဖို့အတွက် လူနဲ့မလုပ်တော့ဘဲ အလိုအလျောက်တပ်ဆင်နိုင်တဲ့ Robotic arm တွေနဲ့ တပ်ဆင်လာကြတယ်ဗျ။
အဲ့လိုတပ်ဆင်တဲ့နေရာမှာ circuit တစ်ခုမှာ အမှတ်နှစ်နေရာကို short-circuit ပြုလုပ်လိုတဲ့အခါ
အရင် လူနဲ့ တပ်ဆင်တုန်းကဆိုရင်တော့ jumper wire နဲ့ဆက်ပေးလိုက်ရင် OK တယ်။ Robot တွေအနေနဲ့ကျတော့ resistor လိုမျိုး အစိတ်အပိုင်းတွေကို တပ်ဆင်တဲ့အခါမှာ အခက်အခဲမရှိပေမယ့် ဒီလိုသေးငယ်လှတဲ့ jumper wire လေးတွေကို ကိုင်တွယ်နိုင်ဖို့ဆိုတာကျတော့ အခက်အခဲရှိပါတယ်။
အဲ့ဒီတော့ jumper wire အစားထိုးအနေနဲ့ jumper wire တပ်ရမယ့်နေရာဆိုရင် 0 Ω resistor တွေကို အစားထိုးအသုံးပြုလိုက်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ လက်တွေ့မှာ 0 Ω resistor တွေရှိနေရခြင်းဖြစ်ပါတယ်။
အောက်ကပုံမှာ 0 Ω resistor ကိုဖော်ပြထားပါတယ်။ 0 Ω resistor တွေဟာ အခြား resistor တွေလို အရောင် အရစ် 4 ရစ်မပါပဲ အလယ်မှာ အနက်ရောင် အရစ်တစ်ရစ်သာ ခြယ်ထားကြောင်း တွေ့မြင်နိုင်ပါတယ်။
ဖုန်းအားမသွင်းတော့တဲ့အချိန်မှာ charger ကိုမဖြုတ်ပဲ
ဒီအတိုင်းတပ်လျက် ပစ်ထားရင် အားဆွဲလား?
(တစ်နည်းအားဖြင့် မီတာပိုတက်လား?)
ဒီမေးခွန်းကတော့ ကျွန်တော်အပါအဝင် လူအတော်များများ သိချင်နေကြတဲ့ မေးခွန်းတစ်ခုပါ။
နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ဖုန်းတွေအသုံးပြုတယ်။ အားကုန်သွားရင် အားသွင်းတယ်။ အားပြည့်တဲ့အခါမှာ ကျွန်တော်တို့ ဖုန်းကိုပဲ ဖြုတ်လိုက်တယ်။ charger ကိုကျတော့ ကိုယ်က အလျင်လိုနေလို့ဖြစ်စေ၊ ဒါမှမဟုတ် နောက်တစ်ခါ အားသွင်းရင် charger ကို plug ပေါက်ထဲပြန်ထိုးရတာ အလုပ်ရှုပ်တယ် ထင်လို့ဖြစ်စေ စတဲ့အကြောင့်အမျိုးမျိုးကြောင့် plug ပေါက်မှာ တပ်လျက်ကြီး ပစ်ထားခဲ့ကြတယ်။
ဆိုတော့...ဖုန်းအားမသွင်းတော့ပေမယ့် charger ကိုမဖြုတ်ပဲ ဒီအတိုင်းတပ်လျက် ပစ်ထားရင် အားဆွဲလားပေါ့နော် (ဒီနေရာမှာ 'အား' ဆိုတာ power ကို ရည်ညွှန်းပါတယ်)။ တစ်နည်းပြောရရင် မီတာပိုတက်လားပေါ့။
အဖြေကတော့ Yes ပါ။ ကိုယ်က ဖုန်းနဲ့ချိတ်မထားဘူးဆိုရင်တောင် charger ကနေ အားဆွဲနေမှာပါ။ ဒါပေမယ့် ဆွဲတဲ့အားပမာဏက ဖုန်းအားသွင်းနေတဲ့အချိန်မှာ ဆွဲတဲ့ အားပမာဏလောက်တော့ မများပါဘူး။ ဖုန်းအားသွင်းနေတဲ့အချိန် ဆွဲတဲ့ အားပမာဏရဲ့ 8 ရာခိုင်နှုန်း လောက်သာ ဆွဲမှာ ဖြစ်ပါတယ်။
ဥပမာ- ဖုန်းအားသွင်းနေတဲ့အချိန် ကိုယ့်ရဲ့ phone charger က တစ်နာရီကို 33 Watt ဆွဲတယ်ဆိုရင်
ဖုန်းအားမသွင်းပဲ charger ချည်းပဲ တပ်ထားတဲ့အချိန်ဆိုရင်တော့ တစ်နာရီကို 33 Watt ရဲ့ 8 ရာခိုင်နှုန်း ဖြစ်တဲ့ 2.64 Watt ဆွဲမှာ ဖြစ်ပါတယ်။
ဒီပမာဏဟာ နည်းတယ်လို့ ထင်ရပေမယ့် မိတ်ဆွေ စဥ်းစားကြည့်ပါ။ ဒါဟာ တစ်နာရီစာအတွက်ဖြစ်ပါတယ်။ အကယ်၍ နာရီပေါင်းများစွာ charger ကို ဒီအတိုင်း တပ်လျက်ပစ်ထားမယ်ဆိုရင်ရော?
အကယ်၍ ဒီလိုမျိုး နာရီပေါင်းများစွာ တပ်လျက်ပစ်ထားတဲ့ charger တွေ ရာ/ထောင် ချီပြီးရှိလာမယ်ဆိုရင်ရော?
ဒါဆိုရင်တော့ အလဟဿ ကုန်ဆုံးသွားတဲ့ အား(power) တွေ အများကြီးဖြစ်လာမှာပါ။ ဒါဆိုရင် အခြားလိုအပ်တဲ့ နေရာတွေကို power အလုံအလောက်မရောက်တော့ပဲ power လိုအပ်ချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့်မို့ ဖုန်းအားသွင်းပြီး အားပြည့်လို့ ဖုန်းကိုဖြုတ်တဲ့အခါ charger ကိုပါ တစ်ခါတည်း ဖြုတ်ဖို့ မမေ့ပါနဲ့။ ကိုယ်က charger ကိုမဖြုတ်ချင်ဘူးဆိုရင်တောင် plug ပေါက် ခလုတ်ကို ပိတ်(switch off)ဖို့ တိုက်တွန်းပါရစေ။
ဖုန်း charger တွေမှ မဟုတ်ပါဘူး၊ အခြား electronic devices တွေကိုလည်း မလိုအပ်တဲ့အချိန်တွေမှာ ပိတ်ထားဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခြား လျှပ်စစ်စွမ်းအင်လိုအပ်နေတဲ့ နေရာတွေမှာလည်း လုံလုံလောက်လောက်ရသွားမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ အိမ်တွေမှာ လစဉ် မီတာကြေးပေးဆောင်ရတဲ့ပမာဏလည်း အထိုက်အလျောက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။
Transistor
Transistor ဆိုတာ လျှပ်စစ် signal တွေ၊ လျှပ်စစ် power တွေကို အဖွင့်အပိတ်(switch) လုပ်ပေးနိုင်တဲ့ ဒါမှမဟုတ် (amplify) ချဲ့ပေးနိုင်တဲ့ semiconductor device တစ်ခုဖြစ်ပါတယ်။
Transistor တွေဟာ electronics လောကနဲ့ နည်းပညာလောကကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ component တစ်ခုပါ။
Transistor တွေ တီထွင်နိုင်ခဲ့တဲ့ 1950 နောက်ပိုင်းနှစ်တွေမှာ microelectronics လို့ခေါ်တဲ့ နည်းပညာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ အဲ့ဒီ နည်းပညာရဲ့ အကျိုးဆက်ကတော့ ဧရိယာပမာဏအား ဖြင့် အလွန်သေးငယ်တဲ့ silicon chip ပြားလေးပေါ်မှာ transistor အလုံးပေါင်း ရာ၊ ထောင်ချီပြီး ပါဝင်တဲ့ IC (Intergrated Circuit) တွေတီထွင်လာနိုင်ခဲ့တယ်။
အဲ့ကမှတစ်ဆင့် ဒီနေ့ခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့ computer လောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ microprocessor chip တွေကို စတင်တီထွင်လာနိုင်ခဲ့တယ်။
အကယ်၍ transistor တွေကိုသာ မတီထွင်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ လက်ထဲမှာ ရှိနေတဲ့ smart phone တွေ၊ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ computer တွေဟာလည်း တီထွင်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ယနေ့ခေတ် electronic circuit တွေမှာ အရေးပါတဲ့ IC (Intergrated Circuit) တွေဆိုတာလည်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။
ဒါကြောင့်မို့လို့ transistor တွေ တီထွင်နိုင်ခဲ့ခြင်းဟာ ၂၀ ရာစုရဲ့ အကောင်းဆုံးတီထွင်နိုင်မှုတွေထဲက တစ်ခုလို့တောင် ပညာရှင်တွေက ဆိုကြပါတယ်။
𝚁𝚎𝚜𝚒𝚜𝚝𝚘𝚛 တွေကို 𝚜𝚎𝚛𝚒𝚎𝚜 သို့မဟုတ် 𝚙𝚊𝚛𝚊𝚕𝚕𝚎𝚕 ဆက်တာက လိုအပ်တဲ့ 𝙾𝚑𝚖 ပမာဏ အတိအကျရချင်ရုံပဲလား?
Resistor ဆိုတာ circuit ပတ်လမ်းတွေမှာ မရှိမဖြစ် အခြေခံ component တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အဓိကလုပ်ငန်းစဉ်ကတော့ circuit ပတ်လမ်းတစ်ခုအတွင်းမှာ စီးဆင်းနေတဲ့ လျှပ်စီးကြောင်း(I) ကို လိုသလိုလျှော့ချဖို့နဲ့ ပတ်လမ်းတစ်နေရာမှာ အလိုရှိတဲ့ ဗို့အား(V) ကို ရရှိလာစေဖို့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
ဆိုတော့ဗျာ...circuit တစ်ခုမှာ မှန်ကန်တိကျတဲ့ output တစ်ခု ရဖို့အတွက်ဆိုရင် circuit မှာ ကိုယ်တပ်ဆင်ထားတဲ့ component တွေရဲ့ value တန်ဖိုးတွေကလည်း တိကျဖို့လိုပါတယ်။ resistor ဆိုရင်လည်း 190 Ohm ဆိုရင် အဲ့တန်ဖိုး အတိအကျဖြစ်ဖို့လိုပါတယ်။ ဒါမှသာ လိုချင်တဲ့ output ကို အတိအကျရမှာဖြစ်ပါတယ်။
အဲ့ဒီတော့ resistor တွေကို တိကျတဲ့ တန်ဖိုးတွေရဖို့အတွက် series ဆက်သင့်ရင်ဆက်/ ဒါမှမဟုတ် parallel ဆက်သင့်ရင်ဆက် စသဖြင့် လိုအပ်သလို ဆက်ကြပါတယ်။ အဲ့လိုဆက်တဲ့နေရာမှာ ကျွန်တော်တို့အများစုသိကြတာက ဒီလိုဆက်လိုက်ရင် ကိုယ်လိုချင်တဲ့ resistance တန်ဖိုးကို အတိအကျရတယ်ပေါ့ဗျာ။
ဒါပေမယ့် ကျွန်တော်တို့ သတိမထားမိတဲ့ နောက်တစ်ချက်က resistor တွေကို ဒီလို series သို့မဟုတ် parallel ဆက်လိုက်ရင် သူတို့ရဲ့ ပါဝါခံနိုင်မှု (Power Rating) က တိုးလာတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပါဝါခံနိုင်မှု များများလိုအပ်တဲ့ အချို့ circuit တွေမှာဆိုရင် တိကျတဲ့ resistance တန်ဖိုးလိုချင်လို့ မဟုတ်ပဲ Power Rating တိုးလာဖို့အတွက် resistor တွေကို series/parallel ဆက်ကြတာ ရှိပါတယ်။
ရှင်းရှင်းလင်းလင်း နားလည်နိုင်စေဖို့အတွက် တစ်ပုံချင်းစီမှာ စာနဲ့တကွ ရှင်းပြထားပါတယ်။
𝙍𝙚𝙨𝙞𝙨𝙩𝙤𝙧 နှင့် 𝙋𝙤𝙬𝙚𝙧 𝙍𝙖𝙩𝙞𝙣𝙜
ကျွန်တော်တို့ဟာ circuit တစ်ခုအတွက် resistor တွေကို ရွေးချယ်တဲ့အခါ resistance ပမာဏ (Ohm) ကိုပဲ အဓိကထား ရွေးချယ်တတ်ကြတယ်ဗျ။
ဒါပေမယ့် resistor တစ်လုံးကို ရွေးချယ်ရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်တဲ့ power rating ကိုကျတော့ မေ့နေတာပဲဖြစ်ဖြစ်/ ဒါမှမဟုတ် ထည့်သွင်းစဉ်းစားရကောင်းမှန်း မသိသေးတာပဲဖြစ်ဖြစ် စတဲ့အကြောင်းအမျိုးမျိုးကြောင့် ထည့်သွင်းစဉ်းစားဖို့ မေ့နေတတ်ကြတယ်။
တကယ်တော့...resistor ကိုရွေးချယ်အသုံးပြုတဲ့အခါ လိုအပ်တဲ့ resistance တန်ဖိုး Ohm ပမာဏကိုသာမက အဲ့ဒီ resistor ရဲ့ ပါဝါခံနိုင်မှုသတ်မှတ်ချက်နဲ့လည်း ကိုက်ညီဖို့လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့....ဥပမာ - ကျွန်တော်တို့က circuit တစ်ခုမှာ power rating နည်းတဲ့ resistor ကို သုံးလိုက်မိတယ်ဆိုပါစို့။ Circuit မှာ စီးနေတဲ့ လျှပ်စီးကြောင်း (current) ကြောင့် ထွက်ပေါ်လာတဲ့ ပါဝါထုတ်လွှတ်မှု(power dissipation)ထက် resistor ရဲ့ power rating က နည်းနေမယ်ဆိုရင်တော့ resistor ဟာ overheat ဖြစ်လာမှာ ဖြစ်ပါတယ်။
Resistor တွေဟာ သူခံနိုင်တဲ့ အပူချိန်ထက်တိုးလာမယ်(overheat ဖြစ်လာမယ်) ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ၎င်းတို့ရဲ့ resistance တန်ဖိုးက ပြောင်းလဲသွားနိုင်တဲ့အပြင် အခန့်မသင့်ရင် လောင်ကျွမ်းပျက်စီးတတ်ပါတယ်။ အဲ့ဒါကြောင့် resistor တစ်လုံးမှာ power rating ကလည်း resistance တန်ဖိုးနည်းတူ အရေးပါနေရခြင်း ဖြစ်ပါတယ်။
Resistor တွေဟာ Ohm ပမာဏချင်းတူနေရင်တောင် power rating ပိုမြင့်တဲ့ကောင်က အရွယ်အစားပိုကြီးပါတယ်။ နောက်...အရွယ်အစားကြီးမားတဲ့ resistor တွေက ပါဝါခံနိုင်မှုပိုများပါတယ်။ ပါဝါခံနိုင်မှုကြီးတဲ့ resistor တွေကို အပူချိန်မြင့်မားတဲ့ နေရာတွေမှာ အသုံးများကြပါတယ်။