Enrich Your Life

Enrich Your Life

Go anywhere. Learn anything. Read every day.

07/01/2024

“အချိန်အခါမှားသော မိုးရေစက်များ”
--------------------------
--------------------------
မိုးတွင်းကုန်တာပဲ ကြာပြီကို ဘာကြောင့် ဒီနေ့မှ မိုးပြန်ရွာရတာလဲ။ ရွာတော့လည်း သည်းသည်းမည်းမည်းတဲ့လား။
မကျေနပ်စိတ်အပြည့်ဖြင့် ကောင်းကင်ကို မှုန်ကုပ်ကုပ်ကြည့်နေသည့် နိုးနိုးကို ဆရာမတွေ့သွားဟန်တူသည်။
“နိုးနိုး မနက်ဖြန်အတွက် အဆင်သင့်ပဲလားဟေ့”
ဆရာမ၏အမေးကြောင့် ကျောင်းသားအားလုံး နိုးနိုးကိုလှမ်းကြည့်ကြသည်။ နိုးနိုးက ခပ်လေးလေးဖြင့် မတ်တပ်ရပ်၊ လက်ပိုက်ရင်း
“ဟုတ်ကဲ့”
ဟု ဖြေလိုက်သည်။
“မနက်ဖြန်ကျရင် နိုးနိုးအဖေပါ လိုက်လာမှာတဲ့ဆရာမ။”
ဝမ်းသာသံလေးနှင့် အားတက်သရောဝင်ပြောသည့် အေးမြတ်ကို ဖြတ်ခနဲလှည့်ကြည့်မိသည်။ ဖေဖေတကယ်လာနိုင်ပါ့မလားဟယ် … ဒီမိုးနဲ့လေ။
ကျောင်းဆင်းပြီ။ မိုးကတိတ်ဖို့ နေနေသာသာ ကော်ရစ်ဒါတွင်ပင် ရေတက်စပြုနေ၏။ ကျောင်းဝန်းထဲတောင်ရေတက်ပြီဆိုလျှင် အဝေးပြေးလမ်းမဆို မြုပ်လောက်ရောပေါ့။
မြို့ဘေးက ဖြတ်သွားသည့် အဝေးပြေးလမ်းမသည် နေ့တစ်ပိုင်းလောက် မိုးရွာလျှင်တောင် ရေကျော်ပြီး မြုပ်သွားတတ်သည်။ ရွှံ့လမ်းဖြစ်သဖြင့် ကားများဖြတ်ရတာလည်း အဆင်မပြေတော့ချေ။
စွေရွာနေသောမိုးကိုကြည့်ပြီး မျက်ရည်များက အလိုက်မသိစွာ ဝဲတက်လာသည်။ ဖေဖေ လာမှာပါလေ။ မနက်ဖြန် နိုးနိုးဆုယူရမှာပဲကို။ ဆုတောင် ရိုးရိုးဆုမဟုတ်ဘူး။ တိုင်းအဆင့် စာစီစာကုံးပြိုင်ပွဲရဲ့ ပထမဆုလေ။ ဒါကြောင့်လည်း အဲဒီပွဲမှာ မေမေ့ကိုရော ဖေဖေ့ကိုပါ ရှိနေစေချင်သည်။ နိုးနိုးအတွက် ပထမဆုံး တိုင်းအဆင့်ဆုမဟုတ်လား။
ဒါပေမယ့် ဖေဖေက ရန်ကုန်ကလာရမှာဆိုတော့ လမ်းကောင်းမှလာလို့ဖြစ်မည်။ ဒီမိုးနဲ့ဆို ဘယ်လိုလာပါ့မလဲ။

************************

မိုးရွာခြင်းကို ဖေဖေနှင့်မေမေ ကြိုက်မကြိုက်တော့မသိ၊ နိုးနိုးကတော့ မိုးရွာလျှင် အလွန်ပျော်သည်။ ဖေဖေနှင့်မေမေ့ကြား တိုးဝှေ့အိပ်ခဲ့ရသော မိုးသည်းသည့်ညများသည်လည်း နိုးနိုးအတွက် အိပ်လို့အကောင်းဆုံးပင်။ သို့သော် … ။
မနက်ဖြန်သာ ဖေဖေမလာခဲ့လျှင် နိုးနိုးသည် မိုးရွာခြင်းကို နှစ်သက်နိုင်ပါဦးမည်လား။
ဆံပင်တိုလေးများ လွင့်သွားသည်အထိ မိုးလေက တစ်ချက်ဆောင့်တိုက်လိုက်သည်။ အေးချက်ကတော့ ရေခဲရေနှင့်အပက်ခံလိုက်ရသလိုပင်။
“သမီး မအိပ်သေးဘူးလား”
ခေါင်းခါပြလိုက်သည်။ တစ်ညလုံးမအိပ်ရသည်ထက် မိုးလင်းသည်အထိ ဖေဖေရောက်မလာသည့်အဖြစ်ကို နိုးနိုးပိုကြောက်ပါသည်။ ဘယ်လိုမှ ပြောလို့မရမှန်းသိသဖြင့် တိုင်ကိုမှီပြီး လမ်းမကိုငေးနေသော နိုးနိုး၏ကျောပြင်ကို မေမေပွတ်သပ်ပေးနေသည်။
မိုးလည်း စဲသွားပြီ။ နိုးနိုးလည်း တိုင်ကိုမှီရင်း အိပ်ပျော်နေပြီ။ လမ်းမပေါ်တွင်လည်း လူသွားလူလာကင်းနေပြီ။

************************

ခန်းမထဲတွင် လူစုံနေချေပြီ။ အေးမြတ်အပါအဝင် နိုးနိုးသူငယ်ချင်းအားလုံးက ဖေဖေ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကို နိုးနိုးသတိထားမိ၏။ ဖေဖေသည် ခုံပေါ်၌ စမတ်ကျကျထိုင်ကာ နိုးနိုးနှင့်လှည့်ပြီး စကားပြော၏။
နိုးနိုးသည် ဖေဖေ့အတွက် ဂုဏ်ယူမိသည်။ ရန်ကုန်ဇာတိဖြစ်သော နိုးနိုးကို အတန်းဖော်တွေက အထင်ကြီးကြသလို ရန်ကုန်သားဖြစ်သောဖေဖေ့ကိုလည်း သူတို့တွေ့ဖူးချင်ကြသည်။
“ကဲ အခုတော့ တွေ့ပြီမဟုတ်လား။ ဒါငါ့ဖေဖေပဲ။ သိပ်ချော သိပ်စမတ်ကျတယ်မလား”
ဟု စိတ်ထဲက ခပ်ချေချေပြောရင်း နိုးနိုးမျက်နှာပြုံးနေမိ၏။
ရုတ်တရက် ခန်းမသည် မှောင်အတိကျသွားသည်။ ဘာကိုမှ မမြင်ရတော့။ နိုးနိုးသည် ဖေဖေ့ကို အမှောင်ထဲတွင် လိုက်စမ်းနေမိသည်။
အလင်းပျပျပင်မရှိသော အမှောင်ထုထဲတွင် ဖေဖေ့ကိုလည်းမတွေ့၊ ဘယ်သူ့ကိုမှလည်းမတွေ့။ အမှောင်ထဲမှာ တစ်ယောက်တည်းပိတ်မိနေသလိုဖြစ်ပြီး အသက်ရှူတွေလည်းကျပ်လာကာ ကြောက်သထက်ကြောက်လာလေသည်။
“ဖေဖေ ဖေဖေ”
ဆက်တိုက်ခေါ်ရင်း အသက်ရှူရပိုခက်လာသည်။ လူကလည်း အမှောင်ထဲမှာ နစ်ရင်း လှုပ်မရဖြစ်လာ၏။ ထိုစဉ် အဝေးကြီးမှ လှမ်းအော်ခေါ်နေသည့် မေမေ့အသံကို ကြားလိုက်ရသည်။
“သမီး ... သမီး”
မျက်လုံးဖွင့်လိုက်ချိန်တွင် စူးခနဲဝင်လာသော အလင်းရောင်ကြောင့် မျက်လုံးပြန်မှိတ်လိုက်မိသည်။ နောက်တစ်ခါ အားယူပြီး ထပ်ကြည့်သောအခါ နိုးနိုးအား မျက်ရည်တွေဖြင့်ကြည့်နေသော မေမေနှင့် ဒေါ်ကြီးကို တွေ့ရ၏။
“အမယ်လေး ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးပါတော် … ပူဇော်ပါတယ်အရှင်ဘုရား၊ ကလေးမှာရှိတဲ့ အဖျားအနာတွေ အမြန်ပျောက်ကင်းပါစေ”
ဒေါ်ကြီးသည် နိုးနိုးနဖူးကို သူ့ပါးနှင့်ကပ်ပြီး ပါးစပ်မှလည်း တတွတ်တွတ်ရေရွတ်နေ၏။ မေမေကတော့ နိုးနိုးလက်ကလေးကိုဖျစ်ညှစ်နေသည်။

************************

မနေ့ညက လေအေးထဲမှာ အိပ်ပျော်သွားသောကြောင့် ညလယ်တည်းကပင် နိုးနိုးအပြင်းဖျားလေသည်။ တစ်ညလုံး ကိုယ်ပူချိန် တစ်ရာ့နှစ်၊ သုံးမှ မကျ၍ မနက်လေးနာရီထိုးသည်နှင့် ဒေါ်ကြီးက ဟိုဘက်ရပ်ကွက်မှ ဆေးမှူးကို မနက်အစောကြီးသွားပင့်လာသည်။
ဆေးမှူးက ဆေးတစ်လုံးထိုးပေး၊ ရေပတ်တိုက်ပေးတော့မှ နိုးနိုးအဖျားကျသွားသည်။ ဆေးမှူးပြန်ပြီး သိပ်မကြာမီပင် နိုးနိုး သတိရလာလေသည်။
ညတွင်းချင်းဖျားသောကြောင့် ဆုပေးပွဲလည်း နိုးနိုးမတက်နိုင်တော့ပေ။ အမေက နိုးနိုး၏အတန်းပိုင်ဆရာမထံသို့သွားကာ အကျိုးအကြောင်းသွားပြောပြ၏။ ဆရာမကတော့ မသက်သာလျှင် နောက်ရက်ပါ ခွင့်ယူနိုင်ကြောင်း ပြောပြီး နားခိုင်းလိုက်သည်။
လူမမာလုပ်ရတာ တော်တော်တော့ဇိမ်ရှိသည်။ နိုးနိုးသည် မကြာခဏဖျားတတ်သဖြင့် လူမမာဖြစ်ရခြင်းကို အတော်ကျွမ်းဝင်နေချေပြီ။ ဒီတစ်ခါတော့ ကိုယ်ပူကျမြန်သဖြင့် ဘာဝေဒနာမှ မခံစားလိုက်ရချေ။
အခုလည်း နေ့လည်ဆေးသောက်ပြီး၍ အိပ်ယာပေါ်တွင် ငုတ်တုတ်လေးထိုင်နေသည်။ စာအုပ်ဖတ်ရမည်လား၊ အရုပ်ပုံဆေးခြယ်ရမည်လား စဉ်းစားနေစဉ် တစ်ဖက်ခန်းမှ မေမေနှင့်ဒေါ်ကြီးတို့၏ အသံကို ခပ်သဲ့သဲ့ကြားရသဖြင့် နံရံနားကပ်ကာ အားစိုက်နားထောင်လိုက်သည်။
“နိုးနိုးဒီလိုဖြစ်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ၊ ငါဖြင့် သူ့ကို ဆုတောင်မရစေချင်တော့ဘူး၊ ညဉ်းကရော ကလေးကို နည်းနည်းပါးပါးမတားဘူးလားအေ”
“သမီးက သူ့အဖေကို သိပ်သတိရနေတာ ကျွန်မသိနေတော့ လာဟဲ့ အိပ်ဟဲ့ဆိုပြီး အတင်းမခေါ်ရက်တာပါ အစ်မရယ်”
ပြန်ဖြေသည့် မေမေ့အသံသည် ပုံမှန်နှင့်မတူ။ အက်ကွဲတုန်လှိုက်နေသည်။
“ဒါဖြင့်လည်း ညဉ်းတို့ကွာရှင်းထားလို့ ဘယ်တော့မှ မလာတော့ဘူးဆိုတာ ပြောပြလိုက်ပေါ့၊ လိမ္မာတဲ့ကလေးပဲ သူနားလည်မှာပါ။ အခုလို ဖအေလုပ်တဲ့သူကို မျှော်မျှော်နေရတာ သူ့ခမျာ ပင်ပန်းလွန်းပါတယ်။ ငါ့တူမလေးကို သနားလွန်းလို့ပါအေ”
ဒေါ်ကြီး၏အသံ။ နောက်ဆုံးပိတ် “သနားလွန်းလို့ပါအေ” ဆိုသည့်နေရာ၌ အသံတစ်ချက်တုန်သွားသည်။ ရှိုက်သံသဲ့သဲ့ကိုပါ ထပ်ကြားရ၏။ မေမေရောဒေါ်ကြီးပါ ငိုနေကြပြီထင်ပါသည်။
ကြားလိုက်ရသော စကားများကြောင့် စိတ်မသက်မသာဖြင့် အိပ်ယာပေါ်အသာပြန်လဲမိသည်။ ဖေဖေနှင့်မေမေ၏ အခြေအနေတွေကို သိပြီးသားမလို့ ထူးပြီးအံ့အားသင့်စရာတော့မရှိ။ မေမေကတော့ ဖေဖေက အလုပ်ကိစ္စတွေကြောင့် ရန်ကုန်မှာကျန်နေခဲ့ပြီး နိုးနိုးနှင့်မေမေက ဒေါ်ကြီးထံ အဖော်လာနေပေးခြင်းဟုသာ နိုးနိုးကို အသိပေးထားခဲ့သည်။
သို့သော် ရန်ကုန်မှ အပြီးထွက်လာတည်းက ဒါတွေအားလုံးကို နိုးနိုးသိပြီးသားပင်။

************************

ထိုနေ့က လေးတန်းစာမေးပွဲနောက်ဆုံးနေ့။ ကျောင်းမှ အိမ်သို့ပြန်ရာလမ်းတစ်လျှောက်တွင် ဖေဖေသည် နိုးနိုးလက်ကိုဆွဲရင်း စကားတချို့ပြောပြခဲ့၏။
“သမီးမေမေနဲ့ဖေဖေ ကွာရှင်းပြီးပြီ။ ကွာရှင်းတယ်ဆိုတာ ဖေဖေနဲ့မေမေက အခုကစပြီး မိသားစုမဟုတ်တော့ဘူးဆိုတဲ့ သဘောပဲ။ ဒါပေမယ့် ဖေဖေနဲ့သမီးနဲ့ကတော့ အမြဲတမ်း မိသားစုတွေပဲနော်”
ဖေဖေပြောသည်ကို သိပ်နားမလည်ပါ။ ဖေဖေနှင့်မေမေကကျတော့ မိသားစုမဟုတ်တော့ဘဲ ဖေဖေနှင့်နိုးနိုးကကျ မိသားစုတွေပဲတဲ့။ ဒါဆို နိုးနိုးနှင့်မေမေကရော။ ဖေဖေသည် နိုးနိုးပါးလေးကို ဖျစ်ညှစ်ရင်း
“ဖေဖေဒီကြားထဲ အလုပ်များနေလို့ သမီးဆီ မလာဖြစ်ရင်တောင် သမီးဆုယူတဲ့နေ့တော့ လာခဲ့မယ်သိလား … စာကြိုးစားနော်”
ဟုပြောခဲ့သည်။
ထိုနေ့မှစပြီး ဖေဖေ့ကိုထပ်မတွေ့ရတော့။ နိုးနိုးသည် ငါးတန်းတစ်နှစ်လုံး ဘာသာရပ်ဆိုင်ရာထူးချွန်ဆု၊ ဘာသာစုံထူးချွန်ဆုတို့အပြင် ခရိုင်အဆင့်စာစီစာကုံးဆုတွေပါ မကြာခဏရရှိခဲ့သည်။ ဆုပေးပွဲနေ့မတိုင်မီတိုင်းလည်း ဖေဖေလာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် အိမ်တွင်သာ ဆုတွေပုံလာသည်။ ဖေဖေကတော့ နိုးနိုးဆုယူသည့် တစ်ကြိမ်တစ်ခါလေးတောင် ရောက်မလာခဲ့ပေ။ ထိုအခါ နိုးနိုးသည် ပိုမြင့်တဲ့ဆုတွေယူနိုင်လျှင် ဖေဖေလာမည်ဟုထင်မိ၏။ ဒါကြောင့်လည်း အခုနှစ်တွင် တိုင်းအဆင့်ဆုကို ကျားကုတ်ကျားခဲ ရရှိခဲ့သည်။
အခုဒေါ်ကြီးစကားအရတော့ ဖေဖေမလာခြင်းသည် နိုးနိုး၏ဆုတွေနှင့်မသက်ဆိုင်သလို မနေ့ကရွာသော မိုးကြောင့်လည်း မဟုတ်ဘဲ မေမေနှင့်ကွာရှင်းထားလို့ပေါ့။ ချက်ချင်းပင် နိုးနိုးစိတ်ထဲ ဝမ်းနည်းလာမိ၏။ ကြိုးစားခဲ့သမျှအားလုံး အဓိပ္ပာယ်မရှိတော့သလိုလည်း ခံစားလိုက်ရသည်။
နိုးနိုးသည် ဖေဖေ၊ မေမေနှင့်အတူတူနေချင်သေးသည်။ ဖေဖေနှင့်မေမေကြား တိုးဝှေ့အိပ်လိုသေးသည်။ စင်ပေါ်တွင် ဆုယူနေစဉ်လည်း ဖေဖေ့လက်ခုပ်သံကို ကြားလိုသေးသည်။

************************

နောက်နေ့ကျောင်းပြန်တက်သည့်အခါ အတန်းဖော်တွေက နိုးနိုးကို စိတ်ပူနေကြ၏။ သူငယ်ချင်းတွေနှင့် စနောက်ရင်း စိတ်ရောကိုယ်ပါ အတော်လန်းလာသည်။
ကျောင်းတက်ခေါင်းလောင်းထိုးပြီး ပထမဆုံးအချိန်၌ ဆရာမသည် အတန်းခေါင်းဆောင် နေရာအပြောင်းအလဲအကြောင်း ကြေညာသည်။ ဆရာမသည် ဆန်းထူးကို အတန်းခေါင်းဆောင်အသစ်ဟု မိတ်ဆက်ပေးချိန်၌ အရင်အတန်းခေါင်းဆောင်ဟောင်း ကောင်းချစ်ကို လှည့်ကြည့်မိ၏။ သူသည် မျက်နှာမဖော်စတမ်း ခေါင်းကြီးကိုငုံ့ထားသည်။
စွယ်စုံသိ အေးမြတ်ကို တိုးတိုးကပ်၍ ငါကျောင်းပျက်တုန်းက ဘာဖြစ်သွားလို့လဲဟု မေးကြည့်သည့်အခါ
“ကောင်းချစ်အဖေနဲ့အမေက ကွာရှင်းလိုက်ပြီလေ အဲဒါကြောင့် ဆရာမက သူ့ကို ဖြုတ်ပစ်လိုက်တာ”
“ဟယ် သူ့မိဘတွေကွာရှင်းတာနဲ့ ကောင်းချစ်က ဘာလို့ အတန်းခေါင်းဆောင်လုပ်မရမှာလဲ၊ ဘာဆိုင်တာမှတ်လို့”
“မိဘတွေ ကွာရှင်းထားတဲ့ ကလေးတစ်ယောက်က ဘယ်လိုလုပ် မိဘဆိုဆုံးမမှု အပြည့်အဝရတော့မလဲ၊ ဒီလိုကလေးကို အတန်းခေါင်းဆောင်ထားလို့မရဘူးလေ”
ဟန်အပြည့်နှင့်နှာခေါင်းရှုံ့ကာ ပြောနေသည့် အေးမြတ်ကို အံ့ဩတကြီး ငေးကြည့်နေမိ၏။
“အဲဒီစကား နင်ဘယ်ကသိလာသလဲဟင်”
“ဆရာမနားနေခန်းထဲမှာ တို့အတန်းပိုင်ပြောနေတာ ကြားခဲ့တာလေ”
နိုးနိုးသည် ထိုင်နေရင်း ရေနစ်သလို ခံစားလာရသည်။ အသက်ရှူရခက်လာပြီး ရင်ဘတ်ထဲမှ နာလာကာ လက်ဖျား၊ ခြေဖျားလေးတွေလည်း နာကျင်လာ၏။
ကောင်းချစ်ကို တစ်ချက်ထပ်ကြည့်လိုက်တော့ ခုနပုံစံအတိုင်း ခေါင်းကြီးကို ငုံ့ထားမြဲပင်။
မျက်လုံးတွင် ဝေ့ဝဲနေသော မျက်ရည်တွေကို ဘယ်သူမှမမြင်အောင် အမြန်သုတ်ပြီး အတန်းရှေ့သို့ ကြည့်လိုက်သည်။
နိုးနိုးမျက်လုံးထဲတွင် ကျောက်သင်ပုန်းနှင့် ဆရာမကို မမြင်ဘဲ မျက်ရည်သုတ်ရင်း ခေါင်းကြီးငုံ့ပြီး ထိုင်နေသော ကောင်းချစ်၊ နှာခေါင်းလေးရှုံ့ကာ ရှင်းပြနေသော အေးမြတ်၊ ဆန်းထူးပုခုံးလေးကိုကိုင်ကာ ပြုံးရွှင်စွာစကားပြောနေသည့် ဆရာမတို့ကို တစ်လှည်စီ ပြန်မြင်မိ၏။
ထိုအခါ နိုးနိုး၏ရင်ဘတ်ထဲမှာ ပို၍ပို၍ နာကျင်လာလေသည်။ ။

----------------------------
ဆောင်းညို

28/04/2023

"မြန်မာလူမျိုးတွေဟာ အားရင် လက်ဖက်ရည်ဆိုင်ပဲ ထိုင်နေကြတာပဲ"ဆိုသောစကားကို မကြာခဏ ကြားရသည်။ နိုင်ငံခြားသားတွေက ပြောခြင်းတော့မဟုတ်။ မြန်မာအချင်းချင်းက ပြန်ပြောခြင်းသာဖြစ်၏။ အထူးသဖြင့် အလုပ်နှင့်လက်မပြတ်အောင် လုပ်ရင်း တိုးတက်ကြီးပွားဖို့ အမြဲကြံစည်နေသူများနှင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖူးသူတချို့က ပြောကြခြင်းဖြစ်၏။
နိုင်ငံခြားသားတွေကတော့ မြန်မာများ လက်ဖက်ရည်ဆိုင်ထိုင်ကြခြင်းနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုံ့ချတာမျိုး သိပ်မရှိလှဘူး ထင်၏။
ရှိချင်းရှိလျှင် လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေးထိုင်နိုင်လောက်အောင် အချိန်တွေချမ်းသာနေသော မြန်မာတွေကို အားကျခြင်း၊ မနာလိုခြင်းတို့သာ ဖြစ်နိုင်ဖို့များသည်။ သူတို့ခမျာ တစ်နေကုန် မနားမနေ အလုပ်လုပ်နေကြရှာတာမဟုတ်လား။
လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် နိုင်ငံခြားယဉ်ကျေးမှုမှ ကူးစက်လာခြင်းဟု အတိအကျ စွပ်စွဲလို့မရ။ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ရယ်လို့လည်း အခိုင်အမာမပြောနိုင်။ ဆက်နွယ်ပတ်သက်မှုတော့ရှိသည်ဟု ဆိုကောင်းဆိုနိုင်သည်။
ရှေးအစဉ်အဆက်ကတည်းက လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ခပ်ဆင်ဆင်တူသော အလေ့အထတစ်ခုရှိခဲ့၏။ တောရွာများတွင် အိမ်ရှေ့တွေမှာ ကွပ်ပျစ်ကြီးတွေ ထားတတ်သည်။ ညဘက် လသာချိန်ကျလျှင် လူကြီးပိုင်း၊ လူလတ်ပိုင်းတို့သည် ကွပ်ပျစ်ပေါ်မှာထိုင်၍ လက်ဖက်၊ မြေပဲကြော်၊ ထန်းလျက်၊ ငါးခြောက်ဖုတ် စသည်တို့ကို ရေနွေးကြမ်းနှင့်မြည်းရင်း ဝိုင်းဖွဲ့စကား ပြောတတ်ကြသည်။ ဘာသာရေး၊ ဗေဒင်ယတြာ၊ လောကဓာတ်ပညာနှင့် ရပ်ရေးရွာရေးတို့ကို ဆွေးနွေးတတ်ကြသည်။ ကောင်းကင် ကြည်လင်သောညများမှာ နက္ခတ်တာရာများအကြောင်း ပြောကြသည်။
ခပ်လှမ်းလှမ်းမှာ မိန်းမပျိုလေးတွေက ဗိုင်းငင်ရင်း၊ ဝါဖန့်ရင်း သူတို့ချင်း စကားတွတ်ထိုးချင်ထိုး၊ လူကြီးဝိုင်းကစကားကို တစေ့တစောင်း နားထောင်ချင်ထောင်၊ တလင်းပြောင်ပြောင်မှာတော့ ကလေးတွေက ထုပ်စည်းထိုးတမ်း၊ ဖန်ခုံတမ်း ကစားနေကြသည်။
မြန်မာတို့၏အပန်းဖြေနည်းတစ်နည်းပင်ဖြစ်၏။ ဒီလိုနဲ့ အသိပညာတွေ၊ ဗဟုသုတတွေကို ဖလှယ်ကြ လက်ဆင့်ကမ်းခဲ့ကြသည်။ ခုချိန်ထိ ဒီလိုဓလေ့မျိုးတွေ ကျေးလက်ဒေသတချို့မှာ ရှိနေသေး၏။
မြို့ကြီးတွေမှာတော့ လူနေမှုစနစ်တွေ ပြောင်းကုန်သဖြင့် ထိုဓလေ့မှာ ခေတ်နှင့်အညီ တစ်မျိုးတစ်ဖုံ ဆန်းသစ်သွားသည်ဟု ဆိုနိုင်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် မြန်မာ့ရိုးရာလက်ဖက်ရည်ကြမ်းဝိုင်းမှ အသွင်ပြောင်း ဆင်းသက်လာလေ သလားဟု ယူဆစဉ်းစားစရာရှိပါသည်။

* * *

မြန်မာတို့သည် အိမ်နီးနားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်ဝိုင်းဖွဲ့ပြီး ထွေရာလေးပါး စကားပြော ရသည်ကို အလွန်ခုံမင်တတ်ကြ၏။ ခုချိန်ထိလည်း အများစုက ဒီသဘောအတိုင်းရှိနေသေးသည်။ ထိုဆန္ဒကို အကောင်းဆုံး ဖြည့်စွမ်းပေးနိုင်တာက လက်ဖက်ရည်ဆိုင်များပဲဖြစ်၏။
တကယ်တော့ ဒီလိုဓလေ့စရိုက်မျိုးသည် မြန်မာတစ်နိုင်ငံတည်းမှာရှိတာမဟုတ်။ အာရှနိုင်ငံ အတော်များများမှာရှိ၏။ အမေရိကားမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်လောက်အထိ ရှိခဲ့သေးသည်ဟု စာအုပ်တွေထဲမှာ ဖတ်ရသည်။ နောက်တော့မှ တိုးတက်ဖြစ်ပေါ်လာသော ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို အမီလိုက်နိုင်ရန် အလုပ်ကို မနားမနေလုပ်ရင်း ငွေကို အသည်းအသန် ရှာကြရာမှ အချိန်တွေရှားပါးကုန်ခြင်းသာဖြစ်သည်ဟု ဆို၏။
ပြင်သစ်နိုင်ငံမှာတော့ ခုချိန်ထိ လက်ဖက်ရည်ဆိုင်ထိုင်သော အလေ့အထရှိနေတုန်းပင်ဖြစ်၏။ ပါရီမြို့တော်၏ နာမည်ကျော် ရှောင်ဇလီဇေလမ်းမကြီး၏ ပလက်ဖောင်းပေါ်တွင် လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးတွေရှိ၏။ ကျွန်တော်တို့ဆီကဆိုင်တွေလိုပင် ပလက်ဖောင်းပေါ်မှာ အမိုးအကာမပါဘဲ ခင်းကျင်းထားသည်။ လွတ်လွတ်လပ်လပ်ထိုင်နိုင်သည်။ စာရေးဆရာ၊ ပန်းချီဆရာ စသော အနုပညာသမားများသည် ထိုဆိုင်ကလေးများမှာ ဆုံတတ်ကြသည်။
တချို့ဆိုင်တွေဆိုလျှင် သူတို့ဆိုင်သည် သက်တမ်းဘယ်လောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဘယ်စာရေးဆရာကြီး၊ ဘယ်ပန်းချီဆရာကြီး၊ အယ်ဒီတာဆရာကြီးတို့သည် ဘယ်စားပွဲမှာ ပုံမှန်လာထိုင်လေ့ရှိကြောင်း စသည်ဖြင့် ဂုဏ်ယူတတ်ကြသည်။ ဒါကို ကဖီးဆိုင်ယဉ်ကျေးမှုဟု ခေါ်ကြကြောင်း စာအုပ်တွေထဲမှာ ဖတ်ဖူးသည်။
"ဂျပန်တို့၊ စင်္ကာပူတို့မှာ ခုလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတာ မတွေ့ဖူးပေါင်"
ဟု ပြောသူကပြောသည်။ သူတို့ဆီမှာ အလုပ်ဆင်းချိန်ကျလျှင် အိမ်တန်းမပြန်နိုင်သေးဘဲ ဘီယာဆိုင်ဝင်ထိုင်ကြတာ၊ စနေနေ့တစ်ညလုံး လဲအောင်၊ ကွဲအောင်သောက်ပြီး တနင်္ဂနွေတစ်နေ့လုံး အရက်နာကျပြီး မထနိုင်ကြတာမျိုးကိုတော့ အလုပ်ချိန် အပမှာပဲဆိုပြီး ချွင်းချက်ထားလေသလားမသိ။

* * *

တချို့က မြန်မာတွေ လက်ဖက်ရည်ဆိုင်ထိုင်တာ အလဟဿအချိန်ဖြုန်းနေတာ၊ အလုပ်မလုပ်ချင်လို့ အပျင်းထူနေတာဟု စွပ်စွဲချင်သည်။ ဟုတ်သင့်သလောက်တော့ ဟုတ်ပါသည်။ လက်ဖက်ရည်ဆိုင်မှာ တစ်ချိန်လုံးလိုလိုထိုင်ပြီး အရည်မရ၊ အဖတ်မရ စကားတွေပြောလိုက်၊ ထီဂဏန်းတွေတွက်လိုက် လုပ်နေသူတွေရှိပါသည်။ အလုပ်အကိုင် မည်မည်ရရလုပ်ဖို့မကြိုးစားဘဲ ဆိုင်မှာထိုင်ပြီး အချိန်ဖြုန်းတတ်သူတွေလည်းရှိပါသည်။ ဒါတွင်မက ညနေဘက်ကျတော့ အရက်ဆိုင်ပါ ပြောင်းထိုင်တတ်သူတွေလည်း ရှိပါသည်။ သို့ရာတွင် ဒီလိုလူမျိုးက လူနည်းစုသာဖြစ်၏။
အများစုအတွက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းတွင် သူ့အကြောင်းပြချက်နှင့်သူ အသီးသီးဖြစ်နိုင်၏။
ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလျှင် လူကြီးပိုင်းတွေသာ လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ အထူးသဖြင့် အဘိုးကြီးတွေ ဖြစ်၏။ သူတို့သည် အိမ်မှာနေရတာ အထီးကျန်ဆန်သောကြောင့်လည်းကောင်း၊ နားပူသက်သာချင်သောကြောင့်လည်းကောင်း၊ အငြီးပြေ အာရုံပြောင်းလဲမှုရစေရန်အတွက်လည်းကောင်း ထိုင်ကြခြင်းဖြစ်၏။ တချို့က သတင်းစာဖတ်သည်။ တချို့က ရေဒီယို နားထောင်၊ တချို့ကတော့ တိုင်းရေးပြည်ရေး ဘာသာရေးအကြောင်း ဆွေးနွေးကြသည်။ တချို့ကလည်း မိသားစုအရေးကိစ္စများ ရင်ဖွင့်ကြသည်။ ကျားထိုးသူ၊ စစ်တုရင်ထိုးသူများလည်းရှိ၏။
လူငယ်တွေတော့ လက်ဖက်ရည်ဆိုင်ထိုင်လေ့မရှိ။ ဆံပင်ညှပ်ဆိုင်မှာသာ စုရပ်လုပ်လေ့ရှိ၏။ ညဘက်ကျလျှင်တော့ လမ်းထိပ်က အုတ်ခုံတို့၊ ဘုရားကုန်းတော်တို့၊ မီးကင်းတို့မှာထိုင်ပြီး ထွေရာလေးပါးပြောကြ သီချင်းဆိုကြသည်။
ကျွန်တော်သည် ဆယ်တန်းအထိ လက်ဖက်ရည်ဆိုင် မထိုင်တတ်သေး။ ခြံထိပ်ကအုတ်ခုံမှာ ညဘက် ဂစ်တာတီး သီချင်းဆိုတာတော့ရှိနေပြီ။ တက္ကသိုလ်ရောက်တော့ ဦးချစ်လက်ဖက်ရည်ဆိုင်ဆိုတာ နာမည်ကြီးလွန်း၍ သွားထိုင်ကြည့်သည်။ ထိုအခါမှစ၍ လက်ဖက်ရည်ဆိုင်ထိုင်တတ်သောအကျင့်ကို စွဲခဲ့ရာ ခုချိန်ထိပင်ဖြစ်၏။
ခုခေတ်မှာတော့ လူငယ်တော်တော်များများ လက်ဖက်ရည်ဆိုင်ထိုင်နေကြပြီ။ ဒီအလေ့အထက စတီရီယိုသီချင်းများ၏ အစဦးပိုင်းနှင့်အတူ ခေတ်စားလာခြင်းဖြစ်သည်ဟု ထင်ရ၏။ ကက်ဆက်ရီကော်ဒါလေးတွေ ပေါ်ဦးစက ရှားပါးပစ္စည်းမို့ လူတိုင်း မဝယ်နိုင်ကြ။ စတီရီယိုသီချင်းတွေကလည်း အချိန်ရစပြုလာပြီ။ ထိုအခါ လာဘ်မြင်သော လက်ဖက်ရည်ဆိုင်တွေက ကက်ဆက် ဝယ်ပြီး စတီရီယိုသီချင်းတွေဖွင့်ကြသည်။ လူငယ်တွေက သီချင်းနားထောင်ချင်သောကြောင့် သွားထိုင်ကြသည်။
မှတ်မိသလောက်ဆိုလျှင် ကျွန်တော်တို့ရပ်ကွက်ထဲက ကိုခင်မောင်သန်းတို့ညီအစ်ကိုတွေက မိုးပြာကဖီးဆိုသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်သည်။ သူတို့ဆိုင်မှာ မင်းမင်းလတ်၊ ပလေးဘွိုင်းသန်းနိုင်တို့၏သီချင်းတွေ ဖွင့်ပေးသည်။ သူတို့ဆိုင်သည် မြန်မာပြည်တွင် စတီရီယိုသီချင်းတွေ ပထမဆုံးစဖွင့်သောဆိုင်တွေထဲမှာ တစ်ဆိုင်အပါအဝင်ဖြစ်ခဲ့၏။ ထို့ကြောင့် ကျွန်တော်တို့သင်္ဃန်းကျွန်းမှသာမက တောင်ဥက္ကလာ၊ သုဝဏ္ဏ၊ တာမွေဘက်မှ လူငယ်တွေတောင် လာထိုင်ကြသည်။
နောက်ပိုင်းကျတော့ သီချင်းနားထောင်ရုံသက်သက်အတွက် မဟုတ်တော့။ ခေတ်တွေပြောင်းလာတော့ လူနေမှု ပုံစံတွေလည်း ပြောင်းလာသည်။ လူဦးရေကများလာပြီး နေရာထိုင်ခင်းက ကျဉ်းလာသည်။ အိပ်ခန်းသေးသေး၊ တိုက်ခန်းကျဉ်းကျဉ်းတွေထဲမှာ စုပြုံနေကြရသည်။ လူငယ်တွေအတွက် အနေကြုံ့သလို လူကြီးအတွက်လည်း နားအေးပါးအေးမရှိ။ ဒီကြားထဲ ဧည့်သည်လာလျှင် မဆိုင်သူက ရှောင်ပေးရ၏။ အိမ်အတွင်းခန်းထဲ ဝင်နေချင်နေ၊ အိမ်ပြင်ထွက်ချင်ထွက်၊ ဒီတော့ လူငယ်များသည် လှေကားရင်းမှာဖြစ်စေ၊ လမ်းထိပ်အုတ်ခုံမှာဖြစ်စေ၊ လက်ဖက်ရည်ဆိုင်မှာဖြစ်စေ သွားထိုင်ပြီး လွတ်လပ်မှုကို ရှာရတော့သည်။
ထို့အတူ လူကြီးတွေအဖို့လည်း ဧည့်ခန်းကို သားသမီးမြေးမြစ်တွေက အပိုင်စီးထားလိုက်သောအခါ လွတ်ရာ ကျွတ်ရာဖြစ်သော လက်ဖက်ရည်ဆိုင်သို့ "စတေး"ရှောင်ထွက်ရလေသည်။
လက်ဖက်ရည်ဆိုင်တွေမှာ လူကျတတ်သည့်အချိန်သည် သူ့အရပ်ဒေသကိုလိုက်၍ အမျိုးမျိုးရှိတတ်၏။ ရန်ကုန်မြို့လယ်က ဆိုင်တွေကတော့ အမြဲလိုလို လူများနေလေ့ရှိ၏။ ထို့ကြောင့် ရန်ကုန်မြို့လယ်တွင် အလုပ်မရှိ အကိုင်မရှိသူတွေ ပိုများသည်ဟု ပြောလို့ မရပါ။ မြို့လယ်ခေါင်တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည်လည်း အလုပ်တစ်ခုလုပ်နေခြင်းပင်ဖြစ်တတ်လေ၏။
မြို့ထဲမှာ ရုံးခန်းတစ်နေရာရဖို့ မလွယ်လှ။ ထို့ကြောင့် သာမန်လူတို့သည် ပြောစရာ ဆိုစရာကိစ္စရှိလျှင် လက်ဖက်ရည်ဆိုင် ကိုသာ ရုံးခန်းလုပ်ကြရ၏။ လူချင်းဆုံလျှင် လက်ဖက်ရည်ဆိုင်ကိုသာ ချိန်းဆိုကြရ၏။ အလုပ်ပင်ပန်းလို့ အမောဖြေချင်လျှင် လက်ဖက်ရည်ဆိုင်မှာ ဝင်နားရ၏။ ငွေ ဆယ်ဂဏန်းအနည်းငယ်အကုန်ခံရုံဖြင့် နာရီပေါင်း အတန်ကြာထိုင် နားထောင်ခွင့်လည်းရ၊ လက်ဖက်ရည်လည်းသောက်ရ၊ ရေနွေးကြမ်းလည်း တစ်အိုးပြီးတစ်အိုး၊ ကြိုက်သလောက် သောက်လို့ရတဲ့နေရာမျိုး ကမ္ဘာမှာ မရှိသလောက်ရှားပါလိမ့်မည်။
ဆင်ခြေဖုံးအရပ်မှာရှိသော လက်ဖက်ရည်ဆိုင်တွေကတော့ မနက်ပိုင်းနှင့် ညပိုင်းလောက်မှာသာ လူစည်ကားတတ်သည်။ နေ့လယ်ပိုင်းမှာတော့ ခြောက်ခြောက်ကပ်ကပ် ဖြိုးဖြိုးဖြောက်ဖြောက်သာဖြစ်၏။ မနက်ပိုင်းမှာ အချိန်လု၍ လက်ဖက်ရည်ဆိုင် ထိုင်ကြရ၏။ မနက်စောစောအတွက် ဝမ်းကိုဖြည့်ရင်း နေ့သစ်အတွက် အားယူကြရ၏။ ပြီးတော့ အလုပ်ခွင်သို့ အမီပြေးကြရသည်။ ညဘက်ကျတော့မှ အေးအေးဆေးဆေး အချိန်ယူထိုင်ရင်း အနားယူကြရခြင်းဖြစ်လေ၏။
ကျွန်တော်တို့ရပ်ကွက်ထဲမှ သူငယ်ချင်းတစ်ယောက်သည် ဒဂုံမြို့သစ်တောင်ပိုင်း အစွန်အဖျားသို့ ပြောင်းရွှေ့သွားပြီးနောက် လက်ဖက်ရည်ဆိုင်ဖွင့်သည်။ သူ့ဆိုင်မှာ တစ်နေကုန် လူနှစ်ယောက်သုံးယောက်သာ ထိုင်တဲ့လူရှိ၏။ ည၈ နာရီလောက်ကျမှ ဝိုင်းတွေ ပြည့်လျှံလောက်အောင် လူစည်ကားလာသည်ဟု ဆို၏။ မနက်အစောကြီးကတည်းက အလုပ်သွားကြပြီး ညမိုးချုပ်မှ ပြန်ရောက်။ ဒီတော့မှ ထမင်းဟင်းချက်စားပြီးမှ လက်ဖက်ရည်ဆိုင်ထိုင်တဲ့လူက ထိုင်၊ ဗီဒီယိုရုံသွားတဲ့လူကသွားကြရတာကိုး။

* * *

အရက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် လူပေါင်းစုံလာသည်ဟု ဆိုကြ၏။ တကယ်တော့ သဘောသဘာဝချင်း ထပ်တူမဟုတ်။
အရက်ဆိုင်မှာ သူ့အလွှာအလိုက် ကွဲပြားမှုရှိနိုင်သည်။ ငွေကြေးတတ်နိုင်သူတွေက ဟိုတယ်တက်၊ ကာရာအိုကေ သွား၊ ပန်းကုံးစွပ်၊ အလယ်အလတ်သမားက ရက်စတောရင့်ထိုင်၊ စည်ဘီယာဆိုင်သွား၊ အခြေခံလူတန်းစားက ဘီအီးသောက်၊ အောက်ဆုံးလွှာတွေကတော့ တောအရက်ကိုင်။
လက်ဖက်ရည်ဆိုင်ကျတော့ ဒီလိုမဟုတ်။ ဈေးအလွန်ကြီးသောဆိုင်အနည်းငယ်မှလွဲလျှင် အများစုမှာ ဈေးနှုန်းချင်း မတိမ်းမယိမ်းဖြစ်၏။ လူအများစု လက်လှမ်းမီနိုင်သောအခြေအနေ။ ပြီးတော့ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ ခမ်းခမ်းနားနား ရှိမှမဟုတ်။ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်းရှိပြီး လက်ဖက်ရည်ကောင်းဖို့၊ မုန့်မျိုးစုံဖို့သာ အရေးကြီးသည်။ လက်ဖက်ရည်သမားစစ်စစ်တို့သည် လက်ဖက်ရည်သာ ကောင်းပါစေ ကုက္ကိုလ်ပင်ရိပ်မှာ ခွေးခြေကလေးနှင့်ထိုင်ရလည်း ကျေကျေနပ်နပ်ထိုင်မှာပါပဲ။
လက်ဖက်ရည်ဆိုင်များမှာ လူတန်းစားခွဲခြားမှုလည်းမရှိ။ အလုပ်လက်မဲ့များ၊ လက်လုပ်လက်စားများ၊ ပျံကျဈေးသည်များ၊ ဆိုက္ကားဆရာများ၊ တက္ကစီဆရာ၊ အနုပညာသမား၊ ဝန်ထမ်းများ၊ အရာရှိများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ ကျောင်းဆရာများ၊ လုပ်ငန်းရှင်များ၊ ပွဲစားများ စသဖြင့် လူတန်းစားပေါင်းစုံ ရောနှောထိုင်ကြသည်။ လက်ဖက်ရည်ကို ရိုးရိုးနဲ့ ရှယ်ခွဲထားတာ တစ်ခုသာပြောစရာရှိ၏။ သို့တိုင်အောင် ရှယ်သောက်သူက ရိုးရိုးသမားကို အထင်အမြင်သေးခြင်းမရှိ။ တစ်ဝိုင်းတည်းမှာပင် ရှယ်နှင့် ရိုးရိုး ကိုယ် ကြိုက်ရာမှာကြသည်။ ဘာမှပြဿနာမရှိ။

* * *

ကျွန်တော်သည် နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်တတ်သည်။ သူငယ်ချင်းတွေ၊ ရပ်ကွက်ထဲကမိတ်ဆွေတွေနှင့်ဆုံလျှင် ထွေရာလေးပါး စကားပြောသည်။ တစ်ယောက်တည်းဖြစ်နေလျှင် စဉ်းစားသည်။ စိတ်ကူးနှင့် စာရေးကြည့်နေသည်။
လက်ဖက်ရည်ဆိုင်မှာက လူစုံသည်။ စကားစုံသည်။ စရိုက်မျိုးစုံကို မြင်ရ တွေ့ရ၊ လေ့လာရသည်။ တကယ့်အဖြစ်အပျက် ဇာတ်လမ်းပေါင်းစုံကို ကြားရသည်။ ကျွန်တော့်ဝတ္ထုတွေထဲမှာ ဒါတွေကို ပြန်သုံးရသည်။ ကျွန်တော့်အတွက် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းသည် အပျင်းပြေ၊ အနားယူအပန်းဖြေခြင်းဖြစ်သလို စာရေးဖို့ကုန်ကြမ်းရှာခြင်း၊ စိတ်ကူးစိတ်သန်းထုတ်ခြင်း၊ ရေးလက်စကို ရှေ့ဆက်ဖို့ အားမွေးခြင်းလည်းဖြစ်၏။ ကျွန်တော့်အဖို့တော့ လက်ဖက်ရည်ဆိုင်ထိုင်ရတာ အကျိုးရှိသည်ဟု ဆိုရမည်။ လက်ဖက်ရည်ကျစိမ့်တစ်ခွက်ကို ဇိမ်ခံသောက်ရတာ အရသာရှိသလို ထွေရာလေးပါးစကားပြောရ၊ တွေး ငေးရတာကလည်း စွဲမက်စရာကောင်းသည့် ခံစားမှုတစ်မျိုးဖြစ်ကြောင်း လက်ဖက်ရည်သမားချင်းတော့ ကိုယ်ချင်းစာနိုင်ကြလိမ့်မည်ထင်၏။
ဒီနေရာမှာ လက်ဖက်ရည်သောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိ စဉ်းစားရန်ရှိလာပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မဂ္ဂဇင်းတစ်အုပ်ထဲမှာပါသော ကျန်းမာရေးပြဿနာအမေးအဖြေကဏ္ဍတစ်ခုကို သတိရမိ၏။ ဖြေကြားသူမှာ နာမည်ကျော် ဆရာဝန်စာရေးဆရာကြီးတစ်ဦးဖြစ်၏။
ပထမမေးခွန်းမှာ လက်ဖက်ရည်၊ ကောက်ဖီသောက်ခြင်း၏အကျိုးအပြစ်များကို မေးထားသည်။ ဆရာဝန်ကြီးက လက်ဖက်ခြောက်နှင့် ကော်ဖီမှုန့်တို့ထဲတွင် ပါဝင်သော ဓာတ်သဘာဝများအကြောင်းကို အရင်ရှင်းပြသည်။ ထို့နောက် လက်ဖက်ရည်၊ ကော်ဖီတို့ကို အသင့်အတင့်သောက်လျှင် ကိုယ်စိတ်နှစ်ပါး လန်းဆန်းတက်ကြွပြီး အပန်းဖြေစေနိုင်ကြောင်း၊ လွန်လွန်ကဲကဲ သောက်လျှင်တော့ ရင်တုန်ခြင်း၊ ညဘက်မျက်စိကြောင်ပြီး အိပ်ရေးပျက်စေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရင်ခံပြီး အစားအသောက်မမှန်သဖြင့် အစာအိမ်ရောဂါ၊ လေနာရောဂါတို့ဖြစ်နိုင်ကြောင်း၊ လက်ဖက်ခြောက်တွင် အညံ့စားဆိုးဆေးများ ထည့်ထားခြင်း၊ နို့ဆီထဲတွင် ဆေးသကြားနှင့် တာရှည်ခံဓာတုပစ္စည်းများလွန်ကဲစွာ ပါဝင်နေတာမျိုးဆိုလျှင် အန္တရာယ်ရှိနိုင်ကြောင်း၊ လက်ဖက်ခြောက်နှင့် ကော်ဖီသက်သက်ကြောင့်တော့ တိုက်ရိုက်အားဖြင့် ရောဂါအန္တရာယ်ဖြစ်ပွားမှုနည်းပါးကြောင်း၊ ဆင်ဆင်ခြင်ခြင် သောက်လျှင် ကန့်ကွက်ရန်မရှိကြောင်း ဖြေကြားထားသည်။
နောက်မေးခွန်းတစ်ခုကတော့ လက်ဖက်ရည်၊ ကော်ဖီကိုမသောက်ဘဲ ဖြတ်ပစ်သင့်ပါသလားဟူ၍ဖြစ်၏။ ထိုမေးခွန်းကိုတော့ ဆရာဝန်ကြီးက တိုတိုရှင်းရှင်းပင်ဖြေပါသည်။
"ကိုယ့်မှာ လက်ဖက်ရည်၊ ကော်ဖီနဲ့မတည့်တဲ့ရောဂါဖြစ်နေရင်တော့ ဖြတ်ရမှာပေါ့။ ကျန်းမာနေတဲ့လူတစ်ယောက် အနေနဲ့ကတော့ လက်ဖက်ရည်လေး၊ ကော်ဖီလေးမှ မသောက်ရတော့ဘူးဆိုရင် (လောကကြီးမှာ)ဘာလုပ်တော့မှာလဲဗျာ"
ထိုဖြေကြားချက်ကို တော်တော်သဘောကျမိ၏။ လက်ဖက်ရည်နှင့်ပတ်သက်၍ ပြောတဲ့ဆိုတဲ့အခါတိုင်း ထိုစကားလေးကို ကိုးကားမိ၏။

* * *

လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် ကောင်းသလား၊ မကောင်းဘူးလား ဆိုသောကိစ္စမှာ ကိုယ့်အယူအဆနှင့်ကိုယ်သာ ဖြစ်၏။ လက်ဖက်ရည်ဆိုင်ထိုင်ရသည့်အရသာကို မခံစားဖူသူများအတွက်တော့ မပြောတတ်။
ပင်လယ်ကမ်းခြေမှာလည်း အနားမယူနိုင်၊ အပန်းဖြေခရီးလည်း မသွားနိုင်၊ ဟိုတယ်လည်း မတက်နိုင်၊ ကာရာအိုကေ မှာလည်း ပန်းကုံးမစွပ်နိုင်၊ စားသောက်ဆိုင်ကြီးတွေမှာလည်း မသုံးနိုင်၊ မဖြုန်းနိုင်ကြရှာသော သာမန်အခြေခံလူတန်းစားတွေအဖို့တော့ လက်ဖက်ရည်ဆိုင်များကိုသာ နားခိုရာအဖြစ် အားကိုးကြရပါသည်။ ထို့ကြောင့် ထိုင်ပါရစေဟု မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။

-------------------
ထိုင်ပါရစေ - ဆရာမင်းလူ
-------------------

#မင်းလူ #ဝတ္ထုတိုများ

10/01/2023

"နောက်တစ်ခေါက်လောက် ပေးလျှောက်စမ်းကွယ်"
-------------------------
-------------------------

နှမြောခြင်းသည် စုဆောင်းခြင်း၏ ရှေ့ပြေးလက္ခဏာဖြစ်သည်။ ငွေကိုရေလို ပရမ်းပတာသုံးစွဲခြင်းထက် မိမိရှာသည့်ငွေကို နှမြောပြီး စေ့စေ့စပ်စပ်သုံးတတ်ရန် အင်မတန်အရေးကြီးသည်။ သို့သော် မိမိ၏နှမြောခြင်းကြောင့် တစ်ပါးသောသူတွေမှာ ဝန်ပိသည်ကတော့ မဖြစ်သင့်ပေ။ ဒေါ်ခင်ရင်မြ၏ နှမြောကြောင့်ကြသည့်စိတ်ကတော့ ဆွေမျိုးသူစိမ်း၊ ကျောသားရင်သားမခွဲခြားဘဲ သူ့အနီးအနားမှလူတိုင်းကို ဒုက္ခပေးလျက်ရှိ၏။
**************************************************

ကျွန်တော်တို့အိမ်တွင် ပစ္စည်းတစ်ခုခုဝယ်ခါနီး ပိုက်ဆံအိတ်ပျောက်နေလျှင်
“ကြည့် ကြည့် … ဒေါ်ခင်ရင်မြဖြစ်နေပြီ”
ဟုပြောတတ်သည်။

ဒေါ်ခင်ရင်မြသည် ဈေးသွားလျှင် ငါးထောင်သာအိတ်ထဲထည့်သွားတတ်သည်။ မလောက်လျှင် အတူပါသည့် အိမ်အကူကို စိုက်ခိုင်းထားသည်။ အိမ်ရှေ့မှ ဈေးသည်ဖြတ်သွားလျှင် ခေါ်ဝယ်၏။ ပြီးလျှင် ပိုက်ဆံအိတ်ပျောက်ပြီ။ ထိုအခါ အတူရှိသူက စိုက်ပေးထားရပြန်သည်။ မည်သည့်အခါမှတော့ ပြန်ပေးလေ့မရှိ။ ဒါက ဒေါ်ခင်ရင်မြ၏ ကပ်စီးနည်းပုံ၊ လူ့မျက်ခုံးမွှေးပေါ် လမ်းလျှောက်ပုံ နမူနာလောက်သာရှိသေးသည်။

ဒေါ်ခင်ရင်မြသည် မြန်မာပြည်အနှံ့က တရားစခန်းတွေသာမက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက တရားစခန်းတွေအထိပါ သွားပြီးတရားအားထုတ်တတ်သူဖြစ်သည်။ တစ်လတွင် ရက်နှစ်ဆယ်လောက်က တရားစခန်းဝင်နေတတ်ပြီး ကျန်သည့်ဆယ်ရက်က အိမ်မှာ သက်သတ်လွတ်စားတတ်၏။

တရားစခန်းဝင်သည့် ငွေအားလုံးသည် သူ့သားမက်၏ငွေများဖြစ်သည်။ တရားစခန်းစရိတ်ဟူသော ခေါင်းစဉ်ဖြင့် လတိုင်း သူ့သားမက်ထံမှ အလှူခံသည်။ လောကုတ္တရာရေးဖြစ်နေသဖြင့် သားမက်ဖြစ်သူကလည်း မငြင်းသာဘဲ ထည့်ရတော့သည်။
**************************************************

တစ်ခါ ကြုံရပုံကိုလည်း ပြောပြချင်သေး၏။
အိမ်မှာ ငါးရံ့အူဟင်းချက်သဖြင့် မေမေက ဒေါ်ခင်ရင်မြကို ထမင်းစားသွားခေါ်ခိုင်းသည်။ ကျွန်တော် ဒေါ်ခင်ရင်မြတို့အိမ်ရောက်သွားသည့်အခါ အိမ်ရှေ့တွင် ထမင်းဝိုင်းပြင်နေကြသည်။ ကျွန်တော့်အား မြင်သည့်အခါ

“ဪ မောင်နေအောင် … ကိစ္စအထူးများရှိသလား လာ လာ စားရင်းပြောပေါ့”
ဟုပြောသည်။ ကျွန်တော်က သူ့အကြောင်းသိသဖြင့်
“ကောင်းတာပေါ့ ဒေါ်ဒေါ် … ကျွန်တော်လည်း ဗိုက်ဆာနေတာ”
ဟုပြောပြီး ဝင်ထိုင်လိုက်သည်။

ကျွန်တော်သာ ဝင်ထိုင်သည်။ ထမင်းပန်းကန်လည်းရောက်မလာ၊ ထလည်းမယူပေး။ အိမ်အကူကလေးမလေးကလည်း ဒေါ်ခင်ရင်မြထံမှ မည်သည့်အမိန့်မှ မရသဖြင့် မထဘဲနေသည်။ ဒေါ်ခင်ရင်မြက အင်း အဲဖြင့်
“ဟိုလေ … ဟင်းကတော့ သားမြင်တဲ့အတိုင်းပဲ ဒေါ်ဒေါ်ကလည်း သက်သတ်လွတ်အဓိဌာန် ဝင်နေတာဆိုတော့ ..”
ကျွန်တော်လည်း ရယ်ချင်စိတ်ကို အောင့်အင်းမြိုချပြီး ပြောလိုက်သည်။
“နောက်တာပါ ဒေါ်ဒေါ် … အခု မေမေက လာခေါ်ခိုင်းလိုက်တာ … အိမ်မှာ ငါးရံ့အူဟင်းချက်လို့တဲ့ အဲဒါဒေါ်ဒေါ်လိုက်ခဲ့ပါနော်”
“အယ် ဒုက္ခရှာလို့ကွယ် မသန်းဝင်းတစ်ယောက်ကတော့”
“ကဲ … ကဲ မိုးခင်ရေ ငါလိုက်သွားဦးမယ်၊ သမီးပြန်လာရင်ပြောလိုက်ဦး … အပြန်ကို မောင်နေအောင်တို့ ပြန်လိုက်ပို့လိမ့်မယ် စိတ်မပူနဲ့လို့ ကြားသလား”

အမှန်တော့ ကျွန်တော်ပြန်လိုက်ပို့ပါမည်လည်း မပြော၊ တွေးလည်းမတွေးထားပါ။ သူ့သမီးလာကြိုလျှင် ကားဆီကုန်မည်စိုးသဖြင့် စကားနှင့် ချည်လိုက်ခြင်းဖြစ်၏။ ဒါ့အပြင် ငါးရံ့အူဟုကြားသည့်အခါ စားနေသည့် သက်သတ်လွတ်အဓိဌာန်သည် ချက်ချင်းပြေသွားဟန်တူသည်။ တတ်လည်းတတ်နိုင်သည့် ဒေါ်ခင်ရင်မြပင်။
**************************************************

ဒေါ်ခင်ရင်မြ၏ဇာတိသည် လပွတ္တာမြို့ဖြစ်သည်။ နာမည်အရင်းက ခင်ခင်လှ။ အဖေပေးလို့သာ ဒီနာမည်ကိုယူထားရသော်လည်း တောဆန်သည်ဟုထင်သည်။ ထို့ကြောင့် မိဘတွေကွဲပြီး အမေဖြစ်သူနှင့် ရန်ကုန်ပြန်လိုက်လာချိန်မှစပြီး သူ့ကိုယ်သူ ခင်ရင်မြဟု ပြောင်းပစ်လိုက်ကြောင်း မေမေကပြောဖူးသည်။
အဲဒီဒေါ်ဒေါ်က ဘာလို့ အဲဒီလောက် ကပ်စီးနည်းရတာလဲ မေမေဟု မေးတော့
“မမြတို့က အရင်ကသိပ်ဆင်းရဲတာ သားရဲ့၊ ပြည့်စုံလေး အိမ်ထောင်ကျတော့မှ ဒီအခြေအနေရောက်လာတာ၊ ဆင်းရဲဖူးတော့လည်း ပြန်မဆင်းရဲချင်တော့တာပေါ့ကွယ်”
ဟုပြောသည်။ တကယ်ဆို ကိုယ်ဆင်းရဲဖူးလျှင် သူတစ်ပါး၏ဆင်းရဲခြင်းကိုလည်း ကိုယ်ချင်းစာနိုင်ရမည် မဟုတ်ပါလား။
**************************************************

ဒေါ်ခင်ရင်မြအိမ်မှဘုရားစင်သည် ကမ္ဘာအနှံ့က ဆင်းတုတော်အစုံဖြင့် ပြည့်နေသောကြောင့် ရေချမ်းခွက်ပင် ကပ်စရာနေရာမရှိ။ ဟိုတစ်နေ့က အိမ်အကူကောင်မလေးမှ ဘုရားစင်သန့်ရှင်းရေးလုပ်ရင်း အစွန်ဘက်မှ ဆင်းတုတော်တစ်ဆူက ပြုတ်ကျသည်။
ဆင်းတုတော်က ဒေါ်ခင်ရင်မြ နော်ဝေနိုင်ငံသွားတုန်းက နော်ဝေဘုန်းတော်ကြီးထံမှ လက်ဆောင်ရလာခြင်းဖြစ်သဖြင့် လခထဲမှ သုံးသောင်းဖြတ်ပြီး ထမင်းနှစ်ရက်မကျွေးဘဲ ဒဏ်ပေးထားလိုက်၏။ ထိုအကြောင်းကို မေမေ့ထံမှသိရတော့ ကျွန်တော်စိတ်အလွန်တိုသည်။ ဒေါ်ခင်ရင်မြ၏လုပ်ရပ်သည် လူသားမဆန် ဟုပြောတော့ မေမေကရယ်ပြီး ဝေဝေ့တုန်းက အဖြစ်အပျက်ကို သားမှမသိတာ ဟုခပ်ဖြည်းဖြည်းပြောသည်။

ဖြစ်ပုံက …
ယခုအိမ်အကူကလေးမ၏ရှေ့တွင် ဒေါ်ခင်ရင်မြနှင့် အဆင်မပြေသဖြင့် ထွက်သွားရသည့် အိမ်အကူအယောက်ပေါင်းများစွာရှိသည်။ ဝေဝေဆိုသည့်တစ်ယောက်ကတော့ တကယ်ပင်တော်လွန်းသည်။ များပြားလှသည့် အိမ်အလုပ်တွေအပြင် ကားဂိုဒေါင်ရှင်းခြင်း၊ မြက်နှုတ်ခြင်းတို့ကိုပါ နေ့စဉ်မပြတ်လုပ်နိုင်သည်။
ဒေါ်ခင်ရင်မြတို့ခြံသည် ပုံမှန် ပေ ၄၀ X ၆၀ ခြံဖြစ်သော်လည်း အနောက်မှ စည်ပင်မြေကွက်လပ်ကိုပါယူပြီး ခြံစည်းရိုးခတ်ထားသဖြင့် ပေ ၈၀ နီးနီးခန့်ရှိ၏။ ဒီခြံကြီးထဲက ရှိသမျှမြက်တွေကို နေ့စဉ်နှုတ်ရသည်မှာ မလွယ်လှချေ။ မပြောင်လျှင်လည်း ဒေါ်ခင်ရင်မြက ဒဏ်ပေးတတ်သေးသည်။
တစ်ရက်တွင် မမပြည့်စုံအိတ်ထဲက ပိုက်ဆံသုံးသောင်းပျောက်တော့သည်။ စစ်ကြဆေးကြသည့်အခါ ဝေဝေ့အခန်းထဲမှ ခေါင်းအုံးစွပ်ထဲတွင် တွေ့၏။ ဒီမှာတင် ဒေါ်ခင်ရင်မြ၏ဒေါသက ယမ်းပုံမီးကျဖြစ်တော့သည်။ တစ်သက်လုံး သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်လာသည့်သူ့ကိုမှ ကတုံးပေါ်ထိပ်ကွက်လေခြင်းဆိုပြီး နှစ်ဆစိတ်တိုကာ ဝေဝေ့ကို အခန်းထဲထည့်ကာ သော့ပိတ်ထားတော့သည်။
ရေဘူးလေးတစ်ဘူးသာပေးထားပြီး ဘာမျှမကျွေးဘဲ သုံးရက်တိတိအခန်းပိတ်ထားသဖြင့် အားနည်းသည်ရော ကြောက်သည့်စိတ်ပါရောပြီး ဝေဝေသတိလစ်သွားသည်။ ထိုအခါမှသာ ရွာမှ ဝေဝေ့မိဘတို့ကိုခေါ်ကာ
“နင့်သမီး ပိုက်ဆံတွေခိုးထားတာကို တရားမစွဲတာတင် ကျေးဇူးတင်ဦး”
ဆိုပြီး ပြန်ထည့်လိုက်သည်။ နောက်ကိုအိမ်ရိပ်တောင်မနင်းနှင့် ဟုလည်းမှာလိုက်သည်တဲ့။

“အဲဒါရဲတိုင်လို့ရတယ်လေ မေမေ၊ အဲဒီလူတွေကမတိုင်ဘူးလား”
ဟု ကျွန်တော် မခံချင်စွာပြောတော့

“ပိုက်ဆံမရှိလို့ အိမ်အကူလာလုပ်ပါတယ်ဆို၊ အမှုအခင်းဘယ်ဆိုင်နိုင်ပါ့မလဲ”
“ပြီးတော့ သားသာမသိတာ၊ ဝေဝေက မေမေတို့နဲ့လည်း ညီအစ်မဝမ်းကွဲတော်တယ်၊ မမြနဲ့လည်း အမျိုးကမကင်းဘူး၊ ပြီးတော့ မမြတို့ရဲ့ အရှိန်အဝါကိုလည်း ကြောက်တာပေါ့အေ”
ဟု မေမေက ဆိုသည်။

“ဝေဝေက ပိုက်ဆံတွေ တကယ်ခိုးတာလားမေမေ”
“အင်း ယူထားတာတော့ တကယ်ပဲ၊ ဘာလို့ယူလဲဆိုတော့ အဲဒီတုန်းက ဝေဝေရေမလောင်းမိလို့ တန်ဖိုးကြီးသစ်ခွပင်နှစ်ပင်သေကုန်ပါတယ်ဆိုပြီး လခကိုခြောက်လစာဖြတ်တယ်တဲ့၊ အဲဒီတော့ ရွာကိုစရိတ်ပို့ဖို့ ကြံမိကြံရာ ကြံရှာတာပေါ့သားရယ်”

ဤအဖြစ်အပျက်သည် ကျွန်တော်နှင့် တိုက်ရိုက်မပတ်သက်သောကြောင့် ဒေါ်ခင်ရင်မြကို မမုန်းသော်လည်း ခပ်ချဉ်ချဉ်တော့ဖြစ်မိသည်။
**************************************************

ယခုမူ ကျွန်တော်တို့လည်း ဗိုလ်တထောင်ဘက် အိမ်ပြောင်းလာသဖြင့် ဒေါ်ခင်ရင်မြတို့နှင့် ဝေးသွားသည်။ တစ်ခါတစ်ရံ အိမ်ကိုထမင်းစားလာတတ်သော်လည်း ချဉ်လက်စရှိသဖြင့် သူလာလျှင် ထွက်မနှုတ်ဆက်ဘဲ အခန်းတွင်းသာအောင်းနေတတ်၏။
ဒီနေ့တော့ ဖုန်းတွေဘာတွေကြိုမဆက်ဘဲ ဗြုန်းခနဲရောက်ချလာသည်။ ကျွန်တော်ကလည်း ဧည့်ခန်းတွင်ထိုင်နေချိန်မလို့ ရှောင်ချိန်တောင် မရလိုက်။ လာရင်းအကြောင်းကတော့ မပြောင်းမလဲ တစ်ခုတည်း။ ထမင်းလာစားသည်တဲ့။
“အိမ်မှာထမင်းစားမကောင်းလို့ကွယ် … မသန်းဝင်းလက်ရာ ငါးပိချက်စပ်စပ်လေးများ စားလိုက်ရရင် ခံတွင်းကောင်းသွားမယ်ထင်တာနဲ့ လာခဲ့တာလေ”
ဟု ဖြည်းဖြည်းရယ်ရင်းပြောသည်။ တကယ်တော့ ထိုနေ့က အိမ်တွင် ဘာမျှမချက်။ မေမေ့တပည့်တစ်ယောက်၏ ဘုရားကိုးဆူအလှူသွားရန်ရှိသောကြောင့် ဖြစ်သည်။ သို့သော် ဆရာမကြီးမသန်းသန်းဝင်းသည် သူ့အစ်မ မမြမှ စားချင်သည်ဆိုသည်နှင့် ချက်ချင်းပင် ငါးပိချက်တွေ ထချက်တော့သည်။
အလှူသွားရန် ခရင်မ်ဖက်တို့ပြီး၊ ပါတိတ်ဝမ်းဆက်ဝတ်ပြီးခါမှ ကြက်သွန်တွေလှီး၊ ငါးပိတွေကိုင်ပြီး ငါးပိချက်ထချက်နေသော မေမေ့အားတစ်လှည့် … ဆက်တီပေါ်တွင် ခြေထောက်ချိတ်ထိုင်ပြီး ခပ်ကျော့ကျော့ထိုင်နေသည့် ထမင်းလာစားသူ ဒေါ်ခင်ရင်မြကိုတစ်လှည့်ကြည့်ကာ ကျွန်တော် တစ်ခုနားလည်လိုက်ပါသည်။
“သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နိုင်ဖို့ဆိုတာ မေမေ့လို မျက်ခုံးကျယ်တဲ့သူတွေ ရှိနေမှဖြစ်မှာပါလား”

--------------------------
ညို
--------------------------

25/12/2022

“အတ္တ”
-------------------------
-------------------------

၈၇ နံပါတ်ပါ လိုင်းကားအဝါကြီးသည် အိပဲ့အိပဲ့ဖြင့် ပင်လုံလမ်းမပေါ် ချိုးချလာပြီး မဝတမှတ်တိုင်မှာ ရပ်လိုက်သည်။ မှတ်တိုင်တည့်တည့်မဟုတ်ဘဲ ကျော်ရပ်သဖြင့် တက်မည့်သူများ ပြေးသွားကြရသည်။ ဆင်းသူကနည်းနည်း တက်သူကများများဖြင့် ကားက ပိုတောင်အိကျသွားသလိုထင်ရ၏။

တက်မည့်သူကုန်သွားသောအခါ ကားက ခပ်လှုပ်လှုပ်ပြန်ထွက်သည်။ နှစ်ဘီးလောက်လှိမ့်တုန်းမှာပင် နောက်မှ အမျိုးသမီးတစ်ယောက်က လက်တပြပြဖြင့် ပြေးလိုက်သဖြင့် ကားကပြန်ရပ်ပြီး စောင့်ခေါ်သွားသည်။

လင်းထက်နာရီကြည့်လိုက်တော့ ရှစ်နာရီထိုးပြီးငါးမိနစ်။ ကားသည်အခုထိ ဘေလီတံတားကို မကျော်သေး။ သူပုံမှန်ထွက်နေကျ အချိန်နှင့်ဆို အခုသည် တောင်ဥက္ကလာထဲရောက်နေရမည့်အချိန်ဖြစ်၏။ ဒီနေ့မနက်ကျမှ ခေါင်းလျှော်နေမိသဖြင့် နောက်ကျသွားရခြင်းပင်။ ဒါတောင် ဆံပင်ကိုခြောက်အောင်မသုတ်ဘဲ ခပ်စိုစိုဖြင့် ထွက်လာသောကြောင့်သာ ဒီကားကိုမီခြင်းဖြစ်သည်။

ကားကတော့သူစီးနေကျအချိန်ထက် ပိုကြပ်သည်။ သူစီးသည့်မှတ်တိုင်သည် ဂိတ်စမှရေလျှင် ငါးခုမြောက်ဖြစ်သော်လည်း နေရာမရ။ သို့သော် လိုင်းကားပေါ်တွင် နေရာရရန်မှာ ကံနှင့်မဆိုင် … ဉာဏ်နှင့်သာဆိုင်သည်။

ကားပေါ်တက်တက်ချင်း ကားခထည့်သည့် စက္ကန့်ပိုင်းသည် အလွန်အရေးကြီး၏။ ကားပေါ်တက်သည့်အချိန်တွင် ခါးပိုက်နှိုက်မခံရရန် ပါသမျှပစ္စည်းအားလုံးကို အာရုံမလွတ်အောင် ဂရုစိုက်ရသည်။ ကားခထည့်ရသည်။ ကားခကို ပိုက်ဆံပုံးထဲထည့်ပြီး ခန္ဓာကိုယ်ကို ကားထဲသို့လှည့်လိုက်သည်နှင့် ထိုင်စရာရှိနိုင်လားကြည့်ရသည်။ နေရာမရလျှင် ထိုင်နေသည့်လူတွေကို အကဲခတ်ရသည်။

ကိန္ဒရီတံဆိပ်ပါသည့် ယူနီဖောင်းအပြာလေးတွေ ဝတ်ထားသည့်ကောင်မလေးများက မန္တလေးလမ်းမှတ်တိုင်တွင် ဆင်းလေ့ရှိ၏။ ကလေးပုံလေးနှင့် ဘီကေဘီဆိုသည့် စာသားပါ ယူနီဖောင်းသမားများကတော့ ကျောင်းလမ်းမှတ်တိုင်အလွန်ဆုံးပင်။ ပြီးတော့ ဈေးခြင်းတောင်းကြီးများဖြင့် အဒေါ်ကြီးများ။ သူတို့ကတော့ တောင်ဥက္ကလာ နန္ဒဝန်ဈေးမှာ ဆင်းလိမ့်မည်။

အခုလင်းထက်ရပ်နေသည့် ရှေ့ထိုင်ခုံကအဒေါ်ကြီးသည် နိုင်လွန်ရောင်စုံခြင်းတောင်းကြီးပေါင်ပေါ်တင်ပြီး ကားအပြင်ကို ငေးလိုက်လာသည်။ ဒီအဒေါ်ကြီးက နန္ဒဝန်ဈေးမှာ ဆင်းဖို့သေချာသဖြင့် သူဒီနားမှာပင် ပေတေပြီးရပ်နေသည်။ ကားအတွင်းပိုင်းသို့ဆက်မဝင်တော့။ အခုပင် ပင်းယမှတ်တိုင်ရောက်တော့မှာမဟုတ်လား။

ကားကမှတ်တိုင်မှာ ရပ်လိုက်သည်။ သံဃာတော်နှစ်ပါးနှင့် အဘိုးကြီးတစ်ဦးတက်လာသည်။ သံဃာနှစ်ပါးကို ဦးစားပေးထိုင်ခုံမှ ကောင်မလေးနှစ်ယောက်က နေရာပေးလိုက်သော်လည်း အဘိုးကြီးကိုတော့ မည်သူမှနေရာမပေး။ အဘိုးကြီးသည် ဦးစားပေးထိုင်ခုံကိုကျော်လာပြီး သူ့ဘေးမှနေရာလွတ်တွင် ဝင်ရပ်သည်။ သူမသိမသာအကဲခတ်လိုက်တော့ အဘိုးကြီးက အသက်ခုနှစ်ဆယ်ကျော်အရွယ်လောက်ရှိမည်။ အတော်နွမ်းပါးပုံလည်းပေါ်၏။ ကားဘရိတ်ဆောင့်အုပ်သည့်အခါ ဆောင့်ထွက်သည့်အခါများတွင် ဟန်မပျက်သွားဖို့ အတော်အားယူပြီး ရပ်နေရပုံလည်းပေါ်သည်။

တကောင်းမှတ်တိုင်ကျော်လာသောအခါ ကားပေါ်ရှိလူသုံးပုံတစ်ပုံလောက် ဆင်းရန်ပြင်ကြသည်။ လင်းထက်ရှေ့မှ အဒေါ်ကြီးလည်းပါ၏။ အဒေါ်ကြီးထပြီးပြီးချင်းပင် လင်းထက်က စွေ့ခနဲဝင်ထိုင်လိုက်သည်။ အဘိုးကြီးကို နေရာပေးရင် ကောင်းမလားဟု တွေးမိသော်လည်း အခုတလော သူ့ခြေချင်းဝတ်က ခဏခဏနာပြီး ရောင်လာတတ်သည်ကို သတိရမိသည်နှင့် နေရာပေးမည့်အတွေးသည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။

**************************************************

ရှေ့ခုံမှမိန်းမထသောအခါ ဦးလူငယ်ဝမ်းသာသွား၏။ သူသည် မနေ့ကညစာရော ဒီနေ့မနက်အဆာပြေစာပါ မစားထားရသည့်အတွက် ဝမ်းကအတော်ဟာနေသည်။ လူကလည်း လေဖြန်းထားတာမကြာသေးသည်မို့ အားမရှိသလို ဖြစ်နေပြီး ကားအလှုပ်တိုင်းမှာ ဟန်ချက်မပျက်သွားဖို့ သတိထားနေရသည်။ နေရာလေးရပြီး ထိုင်လိုက်ရရင်တော့ အတော်ဟန်ကျသွားမည်။ သို့သော် အတွေးမှမဆုံးသေးခင် သူ့ဘေးမှ ဆံရှည်နှင့်သူငယ်က ချက်ချင်းဝင်ထိုင်လိုက်၏။ သူဒေါသထွက်သွားသည်။ လူကြီးကိုလူကြီးမှန်းမသိဘူး တယ်ရိုင်းတဲ့သူငယ်ပါလားဟုလည်း ခပ်ချဉ်ချဉ်တွေးမိသည်။

ဆံရှည်သူငယ်သည် သူ့သားထက်တော့ ငယ်လိမ့်မည်ထင်သည်။ တီရှပ်အမည်း၊ ဂျင်းဘောင်းဘီတို့ကို ဝတ်စားထားပြီး ခပ်စိုစိုဆံပင်ကို အနောက်သို့ သပ်သပ်တင်နေသည်။ လူပုံစံက သေသေသပ်သပ်မရှိသည့်တိုင် ထမင်းချိုင့်ကိုင်ထားသည့် လက်များကိုကြည့်ရုံဖြင့် အလုပ်ကြမ်းသမားမဟုတ်မှန်းတော့ သိသာသည်။

သူ့သားမှာတော့ ဒီလိုလက်များမရှိ။ သူတို့ဆောက်လုပ်ရေးဆိုက်ထဲက ရှိသမျှအလုပ်ကြမ်းအကုန် သိမ်းကျုံးလုပ်နေရသဖြင့် လက်တွေက အုတ်နီခဲတစ်လုံးလို ကြမ်းတမ်းမာကျောနေသည်။ ကျောတွေဆိုလည်း နေလောင်ထားသဖြင့် အညိုမည်းကွက်တွေဖြင့်အပြည့်။ ဒီလောက်အလုပ်ကြမ်းတွေစုံအောင်လုပ်မှသာ တစ်နေ့ကို နေ့စားခ ခုနှစ်ထောင်သာရ၏။ ဒီခုနှစ်ထောင်သည် မြေးမလေး၏ကျောင်းစရိတ်၊ လေဖြန်းထားသော ဦးလူငယ်၏ ဆေးဖိုးအပါအဝင် တစ်မိသားစုလုံး၏ စားစရိတ်ကို လောက်ငအောင် မစွမ်းဆောင်နိုင်ချေ။

ဒါကြောင့်ပင် ဒီနေ့သူအိမ်မှထွက်ခဲ့ခြင်းဖြစ်သည်။ ဟာမစ်တစ်မှတ်တိုင်မှာဆင်းပြီး လမ်းတစ်ဘက်ခြမ်းကို ကြည့်လိုက်လျှင် ပုလဲကွန်ဒိုရှေ့တွင် အုတ်ခြံရိုးများ အသစ်ပြင်ခတ်နေသော ဆောက်လုပ်ရေးတစ်အုပ်စုရှိသည်။ ဤလူအုပ်ကို သူ့တပည့်မောင်သောင်းက ဦးဆောင်နေကြောင်း သူသိထား၏။ ဒါကြောင့် အလုပ်တစ်နေရာ ရလိုရငြား သူလာခဲ့ခြင်းဖြစ်သည်။ အလုပ်ရပြီး နေ့စားခလေးများရရင်တော့ မြေးမအတွက် လမ်းထိပ်ကုန်စုံဆိုင်မှ ဂျယ်လီလှလှလေးများ ဝယ်သွားရမည်။ ဂျယ်လီစားချင်သဖြင့် ပူဆာရင်း သူ့အဖေရိုက်တာတောင် ခံထားရတာမဟုတ်လား။

တွေးနေရင်း ကားကဘရိတ်ကိုဆောင့်အုပ်လိုက်သဖြင့် ဦးလူငယ်ဟန်ချက်ပျက်ပြီး ဖင်ထိုင်လျက်လဲတော့မလိုဖြစ်သွားသောကြောင့် လက်ကိုင်ကွင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အားပြန်ယူလိုက်ရသည်။ မလဲသော်လည်း လက်တစ်ချောင်းလုံးကတော့ အောင့်ပြီးနာကျန်ခဲ့သည်။ ထိုစဉ်မှာပင် ဆံရှည်သူငယ်၏ ဘေးမှာထိုင်နေသည့် လူငယ်လေးက သူ့နေရာကိုထပေးသည်။

“ကျေးဇူးပါကွယ် … ဘုန်းကြီးလို့ အသက်ရှည်ပါစေ”

ဆုတောင်းပေးရင်း ဦးလူငယ် ခပ်သွက်သွက်ဝင်ထိုင်လိုက်၏။ တော်ကြာ တစ်ယောက်ယောက် ဝင်ထိုင်သွားမှဖြင့်။ ဘေးမှ ဆံရှည်သူငယ်ကို စောင်းကြည့်လိုက်တော့ နားကြပ်တပ်ပြီး အိပ်တောင်ပျော်နေပြီ။ လူကြီးသူမကို လေးစားမှုမရှိတဲ့ ဒီလိုသူငယ်မျိုးကတော့ ဘယ်တော့မှ ဘုန်းကံကြီးမှာမဟုတ်ဘူးလို့လည်း ထပ်တွေးလိုက်မိသေးသည်။

****************************************************

ကျော့ကျော့ခင်ကားပေါ်တက်လာတာမြင်သည်နှင့် သူရ ယောင်ပြီး မတ်တပ်ထလိုက်မိသည်။ သူထလိုက်သည်နှင့် ဘေးမှာ ရပ်နေသည့်အဘိုးကြီးက ချက်ချင်းဝင်ထိုင်လိုက်၏။ သူပြန်ထိုင်လို့လည်း မရတော့သဖြင့် ကျော့ကျော့ခင်ရပ်သည့်နားသာ ကပ်သွားလိုက်ရသည်။

ပုံမှန်ဆို ကျော့ကျော့ခင်ကားစီးမည့်မှတ်တိုင်သို့ သူကစောသွားပြီး ကျော့ကျော့ခင်ကို စောင့်သည်။ ပြီးလျှင် ကျော့ကျော့ခင်နှင့်အတူ ၈၇ လိုက်စီးပြီး စကားလိုက်ပြောနေကျဖြစ်သည်။ ဒီနေ့မနက်ကျမှ အိပ်ယာထနောက်ကျနေ၍ ကားပေါ်မှာဆုံခြင်းပင်။

သူရတို့ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အလုပ်ဆီသွားရင်း ကျော့ကျော့ခင်ကို စတွေ့ခြင်းဖြစ်၏။ တွေ့တွေ့ချင်းပင် သဘောကျမိသည်အထိ ကျော့ကျော့ခင်ကလှသည်။ ထိုကောင်လေးဆီမှပင် နာမည်၊ အလုပ်အကိုင်နှင့် ရည်းစားမရှိကြောင်းတို့ကို သိခဲ့ရခြင်းဖြစ်သည်။

ကျော့ကျော့ခင်သည် လှသလောက် အတော်လည်းရိုးအသည်။ ဖေ့စ်ဘွတ်၊ အင်စတာဂရမ် … စသည့် ဆက်သွယ်လို့ရတာတွေ ဘာမျှမသုံး။ အလုပ်ကလည်း ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်မှ ကောင်တာထိုင်သာဖြစ်သဖြင့် ဘာမျှမပြင်မဆင် ခပ်ရိုးရိုးပင်နေထိုင်သည်။

သူစကားလိုက်ပြော၊ အပို့အကြိုလုပ်နေတာ သုံးလလောက်ပင်ရှိနေပြီဖြစ်ပေမယ့် အခုထိ ဘယ်လိုအကြောင်းပြန်စကားမှမရ။ သူရစိတ်ဓာတ်ကျချင်သလိုလိုတောင် ဖြစ်နေပြီ။ သို့ရာတွင် ကျော့ကျော့ခင်၏ မျက်လုံးတောက်တောက်လေးများ၊ မျက်တောင်ကော့ကော့လေးများကိုမြင်တိုင်း ကြိုးစားချင်စိတ်က ပြန်ပေါ်လာပြန်သည်။

အခုလည်း ဘေးနားမှာကပ်ရပ်နေသူက သူမှန်းသိသည့်တိုင် ရှက်ခြင်း၊ ကြောက်ခြင်းရှိဟန်မတူဘဲ ရှေ့တူရှုသို့သာ ကြည့်ပြီး မတ်တပ်ရပ်နေသည်။ လက်ကိုင်တန်းကိုဆုပ်ထားရင်းမှ တစ်ချက်တစ်ချက်တွင် လက်ညှိုးတွင် ပတ်ထားသော တာလီအသေးလေးကို နှိပ်၏။ ဘုရားစာရွတ်နေတာဖြစ်လိမ့်မည်။

သူရသူငယ်ချင်းတစ်ယောက်လည်း ကားစီးသည့်အခါ အခုလိုတာလီအသေးလေးပတ်ပြီး အခေါက်ရေမှတ်လေ့ရှိသည်။ ဘုရားစာအခေါက်ရေတော့မဟုတ်။ တစ်မှခြောက်ဆယ်အထိ ရေပြီး တစ်ခါပြည့်တိုင်း တစ်ချက်နှိပ်သည်။ ကားပေါ်မှဆင်းလျှင် ဘယ်နှစ်မိနစ်ကြာအောင် ကားစီးတာတောင် နေရာမရဘူးဆိုပြီး ကားလိုင်းကို ငါနှင့်ကိုင်တုပ်တတ်သည်။ ကျော့ကျော့ခင်ကတော့ ဒါမျိုးဟုတ်ဟန်မတူပါ။

“ကျွန်တော် … ထမင်းချိုင့် ကိုင်ပေးရမလား မကျော့ကျော့ခင်”

သူရ စကားစလိုက်သည်။ ကျော့ကျော့ခင်က လှည့်မကြည့်။ နောက်တစ်ခွန်းထပ်ပြောကြည့်သည်။

“ထမင်းချိုင့်က လေးနေရင် …”

သူ့စကားမဆုံးခင်မှာပင် ကျော့ကျော့ခင်က သူ့ဘက်သို့ ချာခနဲလှည့်ကြည့်လိုက်၏။ သူရအသက်ရှူရပ်ချင်သလိုတောင် ဖြစ်သွားသည်။ တစ်ခါမှ ကျော့ကျော့ခင်ကို အနီးကပ် မျက်နှာချင်းဆိုင် စေ့စေ့မကြည့်ဖူးခဲ့။ သေချာကြည့်တော့မှ ကျော့ကျော့ခင်က မျက်လုံးမျက်တောင်တင်မဟုတ် နှုတ်ခမ်းလေးလည်း လှတာပဲဟု ထပ်တွေးမိပြန်သည်။

ကျော့ကျော့ခင်က သူရကို စေ့စေ့ကြည့်ပြီး စကားတစ်ခွန်းပြောသည်။ စကားအဆုံးတွင် သူတို့ရှေ့တွင်ထိုင်နေသည့် ကောင်မလေးက သူတို့နှစ်ယောက်ကို တစ်ချက်လှည့်ကြည့်၏။ သူကတော့ ရုတ်တရက် အေးစက်သွားသော ပတ်ဝန်းကျင်ကြောင့် ကားဆရာက ကားအဲကွန်းဖွင့်လိုက်သည်ဟု ထင်မိလိုက်သည်။

****************************************************

ကျော့ကျော့ခင်ကားပေါ်မှဆင်းလိုက်သည်။ မောင်းထွက်သွားသည့် ၈၇ ကားအဝါကြီးကိုကြည့်ပြီး လူကငိုင်ကျန်ခဲ့၏။ ဒီနေ့တော့ ကျော့ကျော့ခင်တစ်ယောက်တည်းပါ။ သုံးလဆက်တိုက် ကျော့ကျော့ခင်ကို မနက်တိုင်းအလုပ်လိုက်ပို့သူ ပါမလာတော့။ အိမ်ထောင်ရှိတယ်လို့ ပြောလိုက်တော့ အံ့ဩပြီး ရှက်သွားပုံလည်းရသည်။ အဲဒီလိုနောက်ဆုတ်စေချင်လို့လည်း အခုလိုပြောလိုက်တာခြင်းပင်။

တကယ်တော့ ကျော့ကျော့ခင်တွင် အိမ်ထောင်မရှိပါ။ သို့သော် ရှေ့လထဲတွင်ရှိလာတော့မည်။ ကျော့ကျော့ခင်၏ အလုပ်ရှင် ကိုသန်းလှိုင်နှင့် လက်ထပ်ရန် အကုန်စီစဉ်ပြီးပြီဖြစ်၏။ ဒီသတင်းကို ရှေ့တစ်ပတ်ထဲကျမှ ဖိတ်စာပေးရင်း တစ်ဆိုင်လုံးကို ပြောပြတော့မည်ဟု တွေးထားသည်။

ဆိုင်မှလူများသိလျှင် သူသည်လည်း သူ့သူငယ်ချင်းထံမှတဆင့် အနှေးနှင့်အမြန်သိမှာ သေချာသည်။ ထိုသို့တော့ မဖြစ်စေချင်။ ကိုယ်တိုင် သူ့မျက်နှာကိုကြည့်ပြီး နှုတ်ဆက်ပြော, ပြောလိုသဖြင့် ဒီနေ့ပြောလိုက်ခြင်းဖြစ်သည်။

ကျော့ကျော့ခင်သည် မုဆိုးမအဒေါ်နှင့်အတူ နေထိုင်ပြီး သူမ၏လစာ နှစ်သိန်းခွဲသည်လည်း အိမ်စရိတ်အဖြစ်သာ ကုန်လေ့ရှိသည်။ ထိုအခြေအနေတွင် ကိုသန်းလှိုင်မှ ချစ်ပါသည်၊ ကြိုက်ပါသည် ပြောလာသောအခါ တရိပ်ရိပ်တက်လာသော ကုန်ဈေးနှုန်းများနှင့် မြင့်လာရန်လမ်းမရှိသော သူမလစာတို့ကို တွက်ဆပြီး ခေါင်းညိတ်ဖြစ်လိုက်သည်။

သူရအကြောင်းကို ကျော့ကျော့ခင် စုံစမ်းပြီးပြီ။ ဆိုင်မှ အရောင်းဝန်ထမ်းကလေးက သူရ၏ သူငယ်ချင်းဖြစ်သဖြင့် သူရအကြောင်းတွေကို စီကာစဉ်ကာ လာပြောပြတတ်၏။ ကောင်လေးနှင့် သူရတို့က တစ်ရပ်ကွက်တည်းဟုဆိုသည်။ သူရ၏ အခြေအနေကို ဂဃနဏသိပြီးသောအခါ ကျော့ကျော့ခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ခက်ခက်ခဲခဲချလိုက်သည်။

စိတ်ရင်းအရဆိုရလျှင် နှုတ်ခမ်းပါးပါးလေးနှင့် မိန်းမချောချောသော၊ သူမကို မနက်တိုင်း အပြုံးတွေနဲ့ စကားလိုက်ပြောတတ်သော သူရကို ကျော့ကျော့ခင်ကိုယ်တိုင်က စိတ်ဝင်စားမိနေပါသည်။ သို့ရာတွင် ထိုအပြုံး၊ ထိုနှုတ်ခမ်းတွေသည် မလောက်ငှတော့သော ကျော့ကျော့ခင်တို့၏ အိမ်စရိတ်ကို ကူညီပေးနိုင်မည်မဟုတ်ကြောင်း ကျော့ကျော့ခင် သဘောပေါက်သည်။ သို့သော် သူမသည် လစဉ်အိမ်စရိတ်အတွက် ခေါင်းခြောက်ရသည်ကို စိတ်ကုန်လှပြီ၊ အဒေါ်၏ မုန့်ဟင်းခါးဆိုင်ကိုလည်း အမိုးအသစ်လဲပေးချင်သည်၊ ကိုသန်းလှိုင်စီးသည့် ကားအပြာလေးကိုလည်း ခဏခဏငေးနေမိပြီ။ ပြီးတော့ … သူမကိုယ်တိုင်က မနက်တိုင်း ၈၇ တိုးစီးရသော ဘဝကိုလည်း မုန်းနေပြီမဟုတ်လား။ ။

--------------------------
ညို
--------------------------

Website