HEC

HEC

သတ္တဝါအားလုံး ကာယ စိတ်တ နှစ်ဖြာသောသ?

02/02/2021
24/11/2020

မသိနိုင်တာ ၅ မျိုး
*****************
ဘာတွေလဲဆိုရင် ....

၁) ဇီဝိတံ
အသက်ရှင်လျက် ဘယ်လောက်နေရဦးမယ်
ဆိုတာ မသိဘူးတဲ့။
လောကကြီးမှာ ဘယ်လောက်ကြာကြာ အသက်ရှင်
နေထိုင်ရဦးမလဲဆိုတာကို မသိနိုင်ဘူးတဲ့။
အေး - ဘယ်လောက်ပဲ ကျန်းမာပါတယ်ဆိုဆို
ရုတ်တရက် Accident ဆိုတာမျိုးနဲ့ ကြုံရလို့လဲ
သေဆုံးသွားနိုင်တယ်။ အခုမာမာကြီး၊ တော်ကြာမရှိ
တော့ဘူး ဆိုတာမျိုးကိုလည်း ဖြစ်သွားနိုင်တယ်။
ဘုန်းကြီးတို့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မေမြို့
တက်သွားကြတယ်။ ဘုန်းကြီးတစ်ပါးနဲ့ပေါ့။
အေး - အဲဒီဘုန်းကြီးရဲ့ မိတ်ဆွေဒကာတစ်ယောက်
က ရန်ကုန်ကနေပြီးတော့ ဖုန်းဆက်တယ်၊ ဖုန်းထဲမှာ
စကားပြောကြတယ်ပေါ့။ သိပ်မကြာပါဘူး၊ မေမြို့က
ပြန်ဆင်းလာတဲ့အခါမှာ ဖုန်းတစ် Call ဝင်လာတယ်။
ခုနက ဖုန်းဆက်တဲ့ဒကာ ဆုံးလို့တဲ့။ ဟော .... မယုံနိုင်
လောက်အောင်ဖြစ်ရတဲ့ အဖြစ်အပျက်မျိုးတွေပေါ့။
ဒါကြောင့်မို့ လူတစ်ယောက်ရဲ့ သက်တမ်းဟာ ဘယ်
လောက်နေရမယ်၊ ဘယ်ရွေ့ဘယ်မျှ အသက်ရှင်နေ
ထိုင်ရမယ်ဆိုတာ မသိနိုင်ပါဘူး။
နောက်တစ်ခါ မသိနိုင်တာကဘာလဲဆိုရင် ....

၂) ဗျာဓိ
ဘဝခရီးကို လျှောက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့
သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။
အေး - ဆီးချိုရောဂါရှိပေမယ့်လို့ သွေးတိုးနဲ့သေချင်
သေမယ်။ သွေးတိုးရောဂါ ရှိပေမယ့်လို့ တခြားရောဂါ
နဲ့ သေချင်သေမယ်။ လုံးဝမျှော်မှန်းကြည့်လို့ မရနိုင်
ဘူး။ ရောဂါဝေဒနာနဲ့ ပတ်သက်လို့ရှိရင်လည်း လုံးဝ
သေချာပေါက် မပြောနိုင်ဘူး။ တချို့မှာစွဲနေတဲ့ ရောဂါ
ဝေဒနာက တစ်မျိုး၊ သေတဲ့အခါကျတော့ တခြားရော
ဂါနဲ့ သေသွားတယ်ပေါ့။ ဒါမျိုးတွေလည်းရှိတယ်။
ဒါကြောင့်မို့ ဗျာဓိ ဆိုတာဟာလည်း ကြိုတင်ပြောလို့
မရဘူးတဲ့။ ကြိုတင်ပြောလို့မရတာ တစ်ခုပါပဲ။
နောက်တစ်ခု ....

၃) ကာလော
ကာလဆိုတာ လူတစ်ယောက်ဟာ ဘဝခရီးအဆုံး
သတ်မယ့်အချိန်ဟာ ဘယ်အချိန်လဲ? မနက်လား၊
နေ့လည်လား၊ ညလား ပြောလို့မရဘူးတဲ့။
ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာဘဝနိဂုံးချုပ်သွားကြ
တဲ့ပုဂ္ဂိုလ်တွေ အများကြီး ရှိကြပါတယ်။ အမှတ်တမဲ့
နေရင်တော့ မသိဘူးပေါ့။ အမှတ်နဲ့နေမယ်ဆိုရင်တော့
အကုန်သိနေမှာပဲ။ မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေ
ချည်းပါပဲ။
နောက်တစ်ခု ....

၄) ဒေဟနိက္ခေပနံ
ကိုယ့်ရဲ့ ရုပ်အလောင်းကို ဘယ်နေရာမှာ သင်္ဂြိုလ်
မယ်၊ ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာကိုလည်း မသိ
ကွဘူးတဲ့။
တချို့ဟာ ကောင်းကင်ယံမှာ အနိစ္စရောက်သွားတာ
လည်းရှိတယ်။ တချို့ဟာ ပင်လယ်ထဲခရီးသွားရင်း
အနိစ္စ ရောက်သွားတာလည်းရှိတယ်။ အမျိုးမျိုးရှိကြ
တယ်လေ။ အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို ဘယ်နေ
ရာမှာ မြှပ်နှံမယ်၊ ဘယ်နေရာမှာ သင်္ဂြိုလ်မလဲ ဆိုတာ
ကိုလည်း မသိနိုင်ပါဘူးတဲ့။
နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင် ....

၅) ဂတိ
လူတိုင်း လူတိုင်းဟာ ဘဝလမ်းကြောင်းကြီး ငါးခုရှိ
တယ်။ ဂတိငါးပါးလို့ ခေါ်တာပေါ့။
destination ခရီးလမ်းဆုံး ငါးဌာနရှိတယ်။ အဲဒီငါး
ဌာနကဘာတွေလည်းဆိုလို့ရှိရင် ....
(၁) နတ်ပြည် - ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။
နောက်တစ်ခုက ....
(၂) လူ့ပြည် - ပဲ။
အကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်
တာက ....
(၃) ပြိတ္တာ၊
(၄) တိရစ္ဆာန်၊
(၅) ငရဲ
အားလုံး ငါးမျိုးရှိတယ်။

• အဲဒီတော့ ပုထုဇဉ်တစ်ယောက်အနေနဲ့ ဘဝနိဂုံး အဆုံး
သတ်သွားပြီးတဲ့အခါမှာ ဘယ်ဘဝမှာ ပြန်လည်မွေးဖွား
မလဲဆိုတာ ပြောလို့မရဘူးတဲ့။ သေဆုံးတဲ့အချိန်မှာ
ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်သွား
တယ်တဲ့။ သောတာပန် မဖြစ်သေးသမျှ “နိယတဂတိ”
ကိုယ်သတ်မှတ်ထားတဲ့ နေရာတစ်ခုကို သွားလို့မရသေး
ဘူးတဲ့။ ဘုရားအလောင်းကြီးတောင်မှ တိရစ္ဆာန်ဖြစ်တဲ့
အခါဖြစ်တယ်၊ ငရဲကျတဲ့အခါ ကျသွားတယ်။ ဘာဖြစ်
လို့လဲဆိုတော့ သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာ
စိတ်နဲ့သေမယ်ဆိုတာကို ပြောလို့မရလို့ပေါ့နော်။ ဘဝ
ခရီးကို လျှောက်လှမ်းပြီဆိုရင် လူတိုင်းဟာ ဒီအချက်
ကို ကြိုတင်မပြောနိုင်ကြပါဘူးတဲ့။
• အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်း
ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ
အလွန်သနားစရာကောင်းပါတယ်။ သေအံ့မူးမူးအချိန်
ရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို
ကယ်တင်မပေးနိုင်တော့ဘူး။
• မြတ်စွာဘုရားက ဟောထားတယ်။
“န သန္တိ ပုတ္တာ တာဏာယ” လောကမှာ သေခြင်းတရား
နဲ့ ရင်ဆိုင်ရပြီဆိုရင် အကာအကွယ်ပေးနိုင်တဲ့ သား
သမီးဆိုတာ မရှိဘူးတဲ့။ မိဘတွေအဖို့နော်။ သားသမီး
တွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ
မရှိဘူးနော်။ ဆွေတွေမျိုးတွေထဲမှာလည်း ဒီလိုဘဝ
ဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့ ကယ်တင်
ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။ ဒီလိုပြောတာ။

အဂ္ဂမဟာပဏ္ဍိတ
အရှင် ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ဘုရား
ဟောကြားတော်မူသော
“ဘဝဆည်းဆာ ဂရုဏာ” တရားတော်မှ
မူရင်းရေးသားပူဇော်သူအားအထူးပင်လေးစားပါသည်🙏🙏🙏

31/10/2020

အချိန်အခါ ဆိုတာ ရှိတယ်...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကုသိုလ် အကုသိုလ်ကံ ဆိုသည်မှာ
အခု ငရုတ်သီးစား၊
အခုစပ်တာမျိုး မဟုတ်ဘူး။

သစ်ပင် စိုက်တာ လိုပဲ ……
ဒီကနေ့စိုက်၊ ဒီကနေ့ပွင့်၊
ဒီကနေ့သီးမှာ မဟုတ်ဘူး။

" အချိန်အခါ " ဆိုတာရှိတယ်။
ကံတရားလည်း ထိုအတူပဲ ……

တစ်ခါတစ်ရံကျတော့
လူတွေက မျက်စိလည်တတ်တယ်။

" ကောင်းတာလုပ်နေလျက်နဲ့
မကောင်းတာတွေ ဖြစ်တယ်၊
မကောင်းတာတွေ လုပ်နေလျက်နဲ့
ကောင်းပြီးတော့ ကြီးပွားတိုးတက်နေကြတယ် "

ဆိုတာတွေကို ကြည့်ပြီးတော့ ……

မကောင်းတာတွေလုပ်ပြီး
ကြီးပွားတိုးတက်တယ်လို့
ထင်ချင် ထင်နေတတ်တယ်။

ကောင်းစားနေခြင်းသည် တစ်ချိန်က
ကောင်းခြင်းရဲ့အကျိုးတရားတွေကို
ခံစားနရတော။

မကောင်းစားခြင်း သည် တစ်ချိန်က
မကောင်းခဲ့တာ တွေကြောင့်
အကျိုးခံနေရတယ်လို့ ဒီလိုနားလည်ရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

21/10/2020

စိတ်မလွင့်အောင် တဖြေးဖြေးလေးကျင့်ယူပါ။
______________________________

ပုတီးတွေစိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး
စိတ်ကတစ်ခြားရောက်နေတော့
ဘာကုသိုလ်မှမရဘူးလို့တော့ မပြောကြပါနဲ့။

ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ...

ပရိတ်တွေ ပဋ္ဌာန်းတွေရော
ရွတ်နိုင်သေးလား ရွတ်ပါ..

တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး

အလွန်ကိုကောင်းပါတယ်။

တရားလေးလည်း နာပါဦး
သီးသန့်မနာနိုင်ဘူးလား။

မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန်
အိမ်အလုပ်လုပ်နေတဲ့အချိန်
ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။

နောက်ဆို တရားသံလေးမှ မကြားရရင်
မနေနိုင် ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင်
ပါးစပ်က ဘုရား တရားသံထွက်နေတာ
မကောင်းဘူးလား။

သူများကို ဆဲနေတာမဟုတ်တဲ့အတွက်
အလိုလို ကုသိုလ်ရနေတာပါ။

စိတ်ကတော့ လွင့်နေမှာဘဲ
မလွင့်အောင် တစ်ဖြေးဖြေးကျင့်ယူပါ။

ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့
ထီပေါက်လား ဆိုတော့ မပေါက်ပါဘူး
မြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာရလဲ ဆိုတော့
စိတ်စွမ်းအင် မြင့်တက်လာတာပါ
ကောင်းမှုကိုပြုလုပ်နေတယ်ဆိုတဲ့ စိတ်ကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး
ဘဝမှာနေပျော်လာပါတယ်။

မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့
ကုသိုလ် အလိုလိုရလာတယ်။

ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ
ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို
မအောင်မြင်သေးရင်လည်း
စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး
ရောင့်ရဲလာတဲ့စိတ်ကြောင့်
ဘဝဟာ နေပျော်လာမှာပါ။
အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး
ဘဝရဲ့အေးချမ်းမှုကိုရပါတယ်။

ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက်
တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့
ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာ
လူတန်းစားအမျိုးမျိုး
ဖြတ်သန်းရတဲ့ ဘဝအဖုံဖုံကြောင့်
ပြုလုပ်ပုံ ပြုလုပ်နည်း ပူဇော်ပုံ
ပူဇော်နည်းတွေ
ကွာတဲ့အခါ ကွာနေမယ်။
အသိတွေ ကွာတန်သလောက်
ကွာနေမယ်။ဒါပေမဲ့ ဦးတည်ချက်က
အကုသိုလ်မလုပ်ဖြစ်တော့ဘဲ
ကုသိုလ်ရနေဖို့ပါပဲ။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

18/10/2020

မတည့်အောင် ကုန်းမတိုက်နဲ့...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ကုန်းမတိုက်နဲ့။

တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ကုန်းတိုက်ပြီဆိုရင်

-အဲဒီပုဂ္ဂိုလ်ဟာ ဒီဘဝမှာလည်း ဒုက္ခရောက်တယ်။

-နောက်ဘဝကျရင်လည်း သားတကွဲမယားတကွဲ၊အချင်း ချင်း ရန်ဖြစ်လို့ မိသားစုတွင်း ဘယ်တော့မှ မတည့်ဘူး။

-သူများတွေ မတည့်အောင် လုပ်ခဲ့တဲ့ အတွက်ကြောင့်
သူ့မှာ တည့်တဲ့လူ မရှိဘူး။

-အမြဲတမ်း ကွဲပြဲနေတာပဲ။

-ကံရဲ့ပုံရိပ်တွေ အမြဲတမ်းပေါ်နေတယ်။

အဲဒီလို မလုပ်ဘူး ဆိုရင်

-သူက တစ်ယောက်နဲ့ တစ်ယောက် ကွဲအောင် မတိုက်ဘူး။

-ကွဲနေတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် စေ့စပ်စကားပြောပေးတယ်။

-ညီညွတ်အောင် လုပ်တယ်၊ ညီညွတ်တဲ့ ပုဂ္ဂိုလ်တွေ ပိုညီ ညွတ်အောင် လုပ်တယ်။

-တစ်ယောက်နဲ့ တစ်ယောက် မတည့်တဲ့ အပြောအဆိုမျိုးရှောင်တယ်။

-ပိုညီညွတ်အောင် လုပ်တယ်။

-ကုန်းတိုက်တဲ့ စကားပြောလို့ရှိရင် အပါယ်ငရဲကျတဲ့ အပြင်

-လူဖြစ်လာရင်လည်း မကောင်းတဲ့ ပုံရိပ်တွေပေါ်လာတယ်။


-ဒါကြောင့်မို့ ပြောတဲ့ အခါမှာ သူများတွေ မတည့်အောင် ပြောတဲ့ အပြောမျိုးကို ရှောင်ရမယ် ။

ပိသုဏဝါစာBack Bite လို့ခေါ်တယ်။နောက်ကျောကနေ ကိုက်တာ။အဲဒါမျိုး မပြောနဲ့။

-တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှုတွေ

-တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုတွေ

-ဆိတ်သုဉ်း သွားအောင် မလုပ်နဲ့တဲ့။

မလုပ်ကောင်းဘူး။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

26/09/2020

#သောတာပန်တည်ရင်ဘယ်လိုသိနိုင်မလဲ
+++++++++++++++++++++++

#သောတာပန်အင်္ဂါ ( ၇ ) ပါး

သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။ သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ ဒေါသလဲ ဖြစ်သေးတယ်၊ မောဟလဲ ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။

နံပါတ်(၁)ကပုထုဇဉ်နဲ့သောတာပန်ကွာခြားချက်က ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။

ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။

ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ သောတာပန် ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။

လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။ လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။

နံပါတ်(၂)ကကိလေသာတွောပေါ်လာရင်ငြိမ်းအေးအောင်လုပ်နိုင်တယ်
ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။

လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။

(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။

(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။
လူမှာလဲကိုယ်အမှားတခုခုပြုမိရင်ချက်ချင်းတောင်းပန်လိုက်ချင်တယ်၊ကိုယ့်အမှားကိုဖုံးကွယ်
မထားချင်ဘူး

နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။
နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။

နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။၀မ်းမြောက်မှုကြာရှေနေတယ်

#အကျဉ်းပြန်ချုပ်လိုက်ရင်-

၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။

၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။

၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံး၀မရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။

၄။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။

၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။

၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။

၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။

ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။

ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။

တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။

ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)

သောတာပန်ဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်ကြီးကြွလာတာလဲမဟုတ်ပါ၊ အလင်းရောင်တွေလဲထွက်လာတာမဟုတ်ပါ။

22/08/2020

* မ " ဖျက်ရင် ပြည်ပျက်ပါတယ်
______________________

ဒီစကားပုံကို လူတော်တော်များများက " မိန်းမ "ဖျက်ရင် ပြည်ပျက်မယ် လို့ထင်ကြတာများပါတယ်။

ဒီစကားပုံ ဘာကြောင့်ဟြေလဲ ?

ပါချပ် ဆရာတော်ကြီး Dr နန္ဒမာလာ ဘိဝံသ
ရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။

( မိန်းမ ဖျက်လို့ ပြည်မပျက်ပါဘူး )
( မ ဖျက်ရင်သာ ပြည်ပျက်တာပါ )

"မ"ဖျက်ရင်ပြည်ပျက်လိမ့်မယ် ဆိုတဲ့စကားကို
လူမှန်းသိစတဲက ကြားဘူးပါတယ်။

ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင်
တားမြစ်ချက် ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် ကျင့်သုံးစရာ လိုက်နာစရာ
တွေရှိပါလိမ့်မယ်။

ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊
အန္တရာယ် ဖြစ်စေနိုင်တဲ့ သတိပေးစရာဖြစ်စေ
လုပ်ဆောင်ခွင့် မပြုသင့်တာမှန်သမျှ
"မ" အက္ခရာဖြင့် တားမြစ်ရေးသားတာတွေ ရှိပါတယ်။

ဥပမာ

ငါး မဖမ်းရ၊ ရေ မကူးရ၊
ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊
သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊
အများကြီးပါ။

ဒါကို ဥပဒေချိုးဖောက်ချင်တဲ့သူက
"မ" အက္ခရာကိုဖျက်ပြီး
ကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုရင်
စည်းကမ်း လိုက်နာမှုမရှိဘဲ ချမှတ်ထားတဲ့ ဥပဒေတွေဟာ အလဟဿ
ဖြစ်တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံး တိုင်းပြည်ပါ ပျက်စီးနိုင်မှာဖြစ်လို့ 'မ' ကိုမဖျက်ကြပါရန်
ရှေးမြန်မာစာဆိုကြီးတွေရဲ့
အဆို အမိန့်ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ပါချုပ်ဆရာတော် #တရားမှတ်စု

03/08/2020

နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်
====================
မြတ်စွာဘုရားက မျက်စိနှစ်ဘက် ကန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခိတလို့ ခေါ်သလို လူဖြစ်လာပြီးတော့ ဘာမှမသိတဲ့
ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးတဲ့။ လောကကြီးမှာ
လူဦးရေကို ပိုင်းခြားပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဘာမှမသိတဲ့ လူတန်းစားတစ်ခု ရှိပါတယ်။
စီးပွားဆိုတာ ဘယ်လိုလုပ်ရင် ရမလဲဆိုတဲ့ စီးပွားရေးမျက်စိ ရှိဖို့လိုပါတယ်။ ပညာရေးမျက်စိ ရှိဖို့လိုပါတယ်။ ကုသိုလ်ရေးမျက်စိ ရှိဖို့လိုပါတယ်။

ဒီလိုအမြင်တွေ မရှိရင် မျက်လုံးနှစ်ဘက် ကန်းနေတာနဲ့ တူပါတယ်။
နောက်တစ်ခုကျတော့ တချို့က မျက်စိတစ်လုံးပဲ ရှိပါတယ်။ တစ်ဖက်ပဲရှိတယ်။ နှစ်ဖက်မပြည့်စုံတဲ့ တစ်ဖက်သာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်က
စီးပွားသက်သက်သာ ရှာပါတယ်။ ကိုယ်ကျင့်တ
ရားနဲ့ ပတ်သက်ပြီးတော့ မျက်ကွယ်ပြုထားတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို တစ်ဖက်မြင် ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
အဲဒီတစ်ဖက်မြင်ပုဂ္ဂိုလ်က အလွန် ကြောက်စရာကောင်းပါတယ်။
စီးပွားရေးမျက်စိသာ ရှိပြီးတော့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့မျက်စိ မရှိဘူးဆိုရင်ပိုက်ဆံရရင်ပြီးရော၊ စီးပွားဖြစ်ရင်ပြီးရော အကောင်းရော အဆိုးရော၊ တရားတဲ့နည်းရော မတရားတဲ့နည်းရော ပိုက်ဆံရရင်ပြီးရော၊
စီးပွားဖြစ်ဖို့တစ်ခုတည်းပဲ ကြည့်တတ်ပါတယ်၊ ကိုယ်ကျင့်တရားပျက်ပျက်
မပျက်ပျက်၊ ဘယ်သူတွေ ဘာဖြစ်ဖြစ်၊ ကိုယ်ရရင်ပြီးရော၊ “ဘယ်သူသေသေ ငတေမာ” ဆိုတာ - အဲဒါ မျက်စိတစ်ဖက်တည်းရှိတဲ့ ပုဂ္ဂိုလ်မျိုးက လုပ်တတ်ပါတယ်။

ကိုယ်ရ ပြီးရောဆိုတဲ့ လူစားမျိုးကျတော့ ဒီဘ၀မှာ ကြိုးစားအားထုတ်လို့ ပိုက်ဆံတော့စုမိကောင်း စုမိမယ်၊ ရချင်လည်း ရလာလိမ့်မယ်၊
စီးပွားကို တရားတဲ့နည်းရော မတရားတဲ့နည်းရော ရှာလာတဲ့ပုဂ္ဂိုလ်
တစ်ယောက်ဟာ နောက်ဆုံးအချိန် ရောက်လာတဲ့အခါမှာ ကိုယ်ကျင့်တရား ပျက်ပြားလို့ ဒုက္ခနဲ့ပဲ အဆုံးသတ် သွားရပါမယ်။ အဲဒီပုဂ္ဂိုလ်ဟာ သေတဲ့အခါမှာလည်းပဲနောင်ဘ၀ ကောင်းရာဘ၀
အကောင်းမဖြစ်တော့ပါ။ ဒီဘ၀ရှာထားတဲ့ စည်းစိမ်ဥစ္စာဟာ နောင်ဘ၀မှာ ယူသွားလို့လည်း မရပါ။ ပစ္စည်းဥစ္စာဆိုတာ အတိုင်းအတာတစ်ခု အကန့်အသတ်ကလေးနဲ့ပဲသုံးလို့ရတာပါ။
စီးပွားဥစ္စာဟာ ဒီဘ၀ရှာဖွေစုဆောင်းပြီး နောက်ဘ၀သို့ ပါအောင် ယူမသွားနိုင်ပါ။ စီးပွားသက်သက်လုပ်တယ်။ ကုသိုလ်ကောင်းမှု မလုပ်ခဲ့သည့်အတွက်ကြောင့် ကောင်းတဲ့ဘ၀ဆိုတာမျှော်လင့်ချက် မရှိပါ။ အဲဒီလိုဘ၀မျိုးရောက်သွားရင် မျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။

ဒါကြောင့် လူဖြစ်လာရင် အမြင်နှစ်ဖက်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုပါတယ်။ လူဆိုတာ မျက်စိနှစ်လုံးရှိသလို အမြင်နှစ်ဘက်ရှိရပါမယ်၊
အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရပါမယ်၊ ကိုယ်ကျင့်
တရားဘက်ကလည်းလက်မလွတ်စေရပါ။ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်၊
ဆိုလိုတာက တစ်ဖက်က စီးပွားရေးလည်းလုပ်တယ်၊ နောက်တစ်ဖက်က ကုသိုလ်ရေးလည်းလုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဘ၀လည်း ကောင်းကျိုးတွေရရှိပြီး၊ နောက်ဘ၀လည်း ကောင်းကျိုး
တွေရရှိကာ၊ လောကီလောကုတ္တရာ နှစ်ဖက်စလုံး ကောင်းပါတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ သတိပေးထားတာ- အန္ဓဆိုတဲ့ နှစ်ဖက်ကန်းပုဂ္ဂိုလ်လည်း မဖြစ်စေနဲ့၊ တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့၊ လူ့ဘ၀ ရောက်လာလို့ရှိရင် နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားကြလို့ မြတ်စွာဘုရားက ဆုံးမထားပါတယ်၊ ဒါလည်း ဘုရားရဲ့ဆုံးမသြ၀ါဒတစ်ခုပါပဲ၊ လူ့လောကမှာ ဒါလည်း အရေးကြီးတဲ့
ကိစ္စတစ်ခုပါပဲ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်
ဖြစ်အောင်ကြိုးစားကြရမယ်ဆိုတာ နားလည်သဘောပေါက်ကြကာ
ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။

{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရဝါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရဝါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

30/07/2020

ကောင်းတာလေးနဲ့တွေ့ပြီဆို -
♥♥♥♥♥♥♥♥♥♥
လောကဓံမှန်းတောင်မသိဘူး
♥♥♥♥♥♥♥♥♥♥
........... • • လူတွေက အဆိုးလောကဓံနဲ့ကြုံပြီဆိုရင် ညည်းကြတယ်။

``လောကဓံနဲ့ကြုံလို့၊လောကဓံနဲ့ ကြုံလို့´´ဆိုပြီးတော့ညည်းကြတယ်။ ကောင်းတာလေးနဲ့တွေ့ပြီဆိုရင် မှိန်းနေတာ၊လောကဓံမှန်းတောင် မသိဘူး။ပြောလည်းမပြောတော့ဘူး။ ဟုတ်လား။

အောင်မြင်ကြီးပွားနေရင်လောကဓံ လို့မထင်ဘူး၊အဲဒါလည်းလောကဓံပဲ။

​​ေအာင်မြင်ကြီးပွားနေလို့ စိတ်ကလေးကလှုပ်ရှားပြီးတော့ မာန်မာနတွေတက်ကြွပြီးပျော်လို့ ရွှင်လို့ဒီလိုဖြစ်နေတာလည်း ဒါလောဓံလိုခေါ်တယ်

လောကဓံ ကိုမခံနိုင်ဘူး။ကြံ့ခိုင်တဲ့စိတ်ထား မရှိဘူးလို့ပြောရမယ်။

♥အောင်မြင်ကြီးပွားမှုရလာလို့ရှိရင် ဘာဖြစ်သလဲ??????♥

။အောင်မြင်ကြီးပွား မှုရလာရင်စိတ်ဓာတ်တက်ကြွမှုတွေ၊ မာန်မာနတွေဖြစ်လာတယ်။ စိတ်ဓာတ်ဟာတသမတ်တည်း တည်ငြိမ်နေတာမျိုးမဖြစ်ဘူး။ အေး``ငါလိုလူဇမ္ဗူရှိသေးလား´´လို့ ထင်တယ်။လုပ်ချင်တာတွေ အကုန်လုပ်တယ်၊ကိုယ်ရချင်တာတွေ အကုန်ရပြီးပျော်လိုက်တာ၊ဟော စိတ်ဓာတ်တွေတက်ကြွ၊ဘယ်သူ့ကို မှတောင်လူမထင်ဘူး။ကိုယ်လုပ်ချင် တာအကုန်ရတယ်´´ဆိုပြီးလာဘ လောကဓံရလာပြီဆိုရင်မောက်မာ လာတယ်၊တက်ကြွလာတယ်၊ ခြေဖျားထောက်လာကြတယ်။ ဒါလောဓံမခံနိုင်တာခေါ်တယ်။

ဒါပေမယ့်အများစုကရ​ေနတာကို လောကဓံလို့မထင်မှတ်ကြဘူး

♥ပါချုပ်ဆရာတော်ဘုရားကြီး၏ လောကဓံမုန်းတိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား(အပ-၃)♥

28/07/2020

သူဌေးဖြစ်ဖို့ ကံပါလာတဲ့သူက
♥♥♥♥♥♥♥♥♥♥
မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်လာတယ် ။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အခြားသော သူတွေကတော့
လက်တွေဘဝမှာ ချမ်းသာဖို့ဆိုရင်
ကံကိုချည်း အားကိုးနေလို့ မရပါဘူး ။

လုံ့လဝီရီယနှင့် ဉာဏ်ကိုလည်း အားကိုးကြရမယ် ။
လူတော်တော်များဟာ ကံရှိစားရမယ်ပေါ့
ကံရှိရင် ရမယ်ပေါ့ဆိုပြီး ကံကိုပဲ ပုံချနေကြတယ် ။

ဒါဟာ လူပျင်းတွေရဲ့ဆင်ခြေတွေပဲလို့
ဆိုရမယ် မြန်မာစကားပုံမှာ
ကျားရဲလာ ကြမ္မာမရိုးသာဆိုပြီး ရှိတယ် ။

ဒါဟာ ဘာပြောတာလဲဆိုရင်
တောထဲ ထင်းခုတ်သွားတဲ့ လူတစ်ယောက်ဟာ ကျားရဲနဲ့တွေတဲ့အခါ ကံကိုယုံပြီး
ကံကိုရိုးမယ်ဖွဲ့ပြီးတော့ မပြေးပဲနေလိုက်တာ
ကျားစားခံလိုက်ရတဲ့ အဖြစ်ကို ရောက်သွားတယ် ။

ဒါကြောင့် အရာရာကံကိုချည်း အစွန်းရောက်အောင် အားကိုးနေလို့ မရဘူးဆိုတာကို နားလည်ထားရမယ် ။

ဘာဖြစ်ဖြစ် အတိတ်ကံကြောင့်ပဲလို့ ယူထားမယ်ဆိုရင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားမယ်...။

ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်
ကံကိုချည်း အကြွင်းမဲ့ ပုံယုံထားလို့ မရပါဘူး....။

ကြိုးစားအားထုတ်မှု ဝီရိယနှင့်အသိဉာဏ်ကိုလည်း ကောင်းစွာအသုံးချတတ်ဖို့လည်း လိုတယ်လို့ နားလည်ထားရမယ် ။

♥ဒေါက်တာနန္ဒမာလာဘိဝံသ♥

26/07/2020

🙏 #ပဋ္ဌာန်းရွတ်ပွားရခြင်းအကျိုး…?
👏👏👏👏👏👏👏👏👏👏

ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သူတိုင်း
အချိန်ပေးပြီးဖတ်စေချင်ပါတယ်"
တချို့ကပဋ္ဌာန်းကိုသာရွတ်ဖတ်ကြတာ
ပဋ္ဌာန်းရွတ်ဖတ်ခြင်းရဲ့အကျိုးတရားကို
သိသူထက်မသိသူကများကြပါတယ်"
ဒါ့ကြောင့်ဖတ်ကြည့်စေချင်ပါတယ်"
👉👉👉👉👉👉👉👉👉👉

ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း …
ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ နဲ့ ပစ္စယ နိဒ္ဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟောထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင်ကတော့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ နဲ့ ပစ္စယ နိဒ္ဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။

အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ …. စိတ်ထဲ မှာ ရှိနေသင့်တာက … အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက်
ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြ
ပါတယ်။ ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။

နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ …
(၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိဏ္ဏကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေ
မယ့်.. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ …. ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။

(၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့်ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။

(၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

(၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္ဍာန်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ယခုအ
ခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။

(၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။

(၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဥာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။
#ဓမ္မရတနာ
______________________________
ကံအကောင်းဆုံးလူသားများ
🌸🌸🌸🌸🌸🌸🌸
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသော ဓမ္မမိတ်ဆွေများ
(၁) နိမိတ်မပြလို့
(၂) မထူးခြားလို့
(၃) ကောင်းကျိုးမပေးသေးလို့ ဆိုပြီးစိတ်ပျက်အားမငယ်ကြပါနဲ့။

အမှန်တကယ်တော့ ပဋ္ဌာန်းတရားဆိုသည်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့၌
အမျိုးမျိုးသောပါရမီတို့ကို ဖြည့်ကျင့်ခဲ့ပြီး ဘုရားဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် ထိုးထွင်းထင်ထင်သိမြင်တော်မူခဲ့သော ပဋ္ဌာန်းတရားတော်ကြီးဖြစ်ပါသည်။
ထိုပဋ္ဌာန်းတရားတို့အား ယခုဓမ္မမိတ်ဆွေများ နာကြားကြရတယ်၊ရွတ်ဖတ်ပူဇော်ကြရပါတယ်။ ထိုကုသိုလ်ထူးသည်ပင်အနန္တဖြစ်ပါတယ်။ ထိုကဲ့သို့ နာကြားရဖို့၊ ရွတ်ဖတ်ပူဇော်ဖို့ဆိုရာတွင်----

၁။လူဖြစ်ဖို့ရန်မလွယ်ပါ

မြတ်စွာဘုရားရှင်ဟောကြားထားသည်မှာလူဖြစ်ဖို့အာတွက် သမုဒ္ဒရာထဲတွင်မျှောပါနေသော လှည်းထမ်းပိုးရဲ့အပေါက်နှင့် အနှစ်တစ်ရာမှတစ်ခါပေါ်သော လိပ်ကန်းရဲ့ဦးခေါင်းတို့စွပ်မိနိုင်ခြင်းထက်ပင်ခက်ခဲ့သည်ဟု ဟောကြားထားလေသည်။

၂။ဘုရားသာသနာနှင့်ကြုံဖို့မလွယ်ပါ

ဗုဒ္ဓမြတ်စွာဘုရားရှင်က သတ္တဝါတို့၏သံသရာအစသည်များပြားလွန်းအားကြီး၍ အစပင်မမြင်နိုင်လောက်အောင် ရှည်လျားလွန်းလှပါသည်ဟုဟောကြားထားလေသည်။ ဖြစ်လေရာဘဝများစွာတို့သာသနာနှင့်မကြုံခဲ့သော ဘဝများစွာရှိခဲ့ကြပေမည်။

၃။ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့မလွယ်ပါ

ကမ္ဘာမှာလူဦးရေသန်း၉ထောင်ကျော်ရှိပါတယ်။ ကမ္ဘာပေါ်မှာအဓိကဘာသာကြီး ၄ ခုရှိပါတယ်။ ခရစ်ယာန်၊မူစလင်၊ဟိန္ဒူ၊ ဗုဒ္ဓဘာသာ ဆိုပြီး ၄ခုထဲမှာ ဗုဒ္ဓဘာသာက သန်း(၆၀၀)ကျော်ပဲရှိပါတယ်။ ထိုထဲမှာမှ ထေရဝါဒစစ်စစ်က သန်း(၁၆၀)လောက်ပဲရှိပါတော့တယ်။ သာသနာတော်သုံးရပ်လုံးရဲ့အဓိကတာဝန်ကိုယူထားရတာက မြန်မာတစ်နိုင်ငံပဲရှိပါတယ်။

၄။တရားဓမ္မများနာကြားရွတ်ဖတ်ရန်မလွယ်ပါ

ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓ၏တရားများရှိသော်လည်းမလိုက်စားကြ။ တရားတော်များ ကျင့်ကြံ၊အားထုတ်၊ရွတ်ဖတ်ချင်သော်လည်း မကျမ္မာကြ။ ကျမ္မာသော်လည်း ခန္ဓာရဲ့ချွတ်ယွင်းချက်များရှိကြပြန်ပါတယ်။
ထိုမလွယ်တာတွေများစွာကို ပိုင်ဆိုင်ထားကြသော ဓမ္မမိတ်ဆွေတို့သည်
ကံအကောင်းဆုံးလူများဖြစ်နေကြပါပြီ။

ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သောသူများသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဂုဏ်တော်များ၊ တန်ခိုးတော်များ၊ ဉာဏ်တော်များကို စိတ်မှာရည်သန်လျှက် စေတနာ၊ သဒ္ဓါတရားထက်သန်စွာဖြင့် ရွတ်ဖတ်ပူဇော်ကြစေချင်ပါသည်။
ထိုကဲ့သို့ရွတ်ဖတ်ပူဇော်ရခြင်းသည်ပင် ကုသိုလ်အနန္တရရှိနေကြပါပြီ။ နတ်ကောင်းနတ်မြတ်တို့ရဲ့စောင့်ရှောက်မှုကိုလည်းခံယူနေကြရပါတယ်။ ရွတ်ဖတ်ပူဇော်ပြီးချိန်၌ ငါဟာဘုရားရှင်ရဲ့ တန်ခိုးအရာလွန်ကြီးမားတဲ့ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်ခဲ့ရပြီ၊ အမွန်မြတ်ဆုံးသော ကုသိုလ်ထူးကို ပြုလုပ်ခဲ့ရပြီဟု စိတ်နှလုံးရွှင်လန်းပြီး ဝမ်းသာဂုဏ်ယူလိုက်ကြပါ။

ကောင်းကျိုးပေးချိန်မတန်သေးလို့မပေးသေးတာပါ။

အထက်မှာရေးခဲ့သလိုပဲ သံသရာကြီးကရှည်လျားလွန်းတာကြောင့် အကုသိုလ်တို့သည်မည်မျှလုပ်ခဲ့သည်ဆိုတာမသိနိုင်ကြပါ။ ထိုအကုသိုလ်များကို ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရင်း ဝဋ်ကြွေးများ၊ မကောင်းသောအကုသိုလ်များ ချေဖျက်နေကြသည်ဟုမှတ်ယူကြပါ။
အနည်းငယ်မျှသောအကုသိုလ်တို့သည် ပဋ္ဌာန်းတန်ခိုးကြောင့် ပြေပျောက်ကြပါတယ်။ ကြီးမားတဲ့အကုသိုလ်တွေလည်း အနည်းငယ်မျှပေးဆပ်ရုံဖြင့် ပြေပျောက်ကြပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ ဘုရားအဖြစ်မရောက်ခင် ခြောက်နှစ်တိုင်တိုင် ဒုက္ကရစရိယာကျင့်၍ ဝဋ်ကြွေးတော်ဆပ်ခဲ့ရပါတယ်။ ဘုရားအဖြစ်ရောက်ပြန်တော့လည်း ဝဋ်ကြွေးတော်များကိုဆပ်ခဲ့ရတာပါပဲ။

ပဋ္ဌာန်းတရားတော်မြတ်ကြီးသည်

ဓမ္မမိတ်ဆွေများအတွက် နိဗ္ဗာန်အထိရောက်အောင်ကျင့်ကြံအားထုတ်နိုင်သောတရားတော်ကြီးဖြစ်ပါသည်။ တန်ဖိုးအရာဖြင့်ပိုင်းဖြတ်၍မရနိုင်ပါ။

ထို့ကြောင့်🌷🌷🌷🌷🌷🌷
🍁ဝဋ်ကြွေးတွေကျေချင်ရင်
🍁အကုသိုလ်တွေပြေပျောက်ချင်ရင်
🍁နတ်ကောင်းနတ်မြတ်တို့ရဲ့အစောင့်အရှောက်ကိုခံယူချင်ရင်
🍁ကုသိုလ်အနန္တရချင်ရင်
🍁ကံအကောင်းဆုံးလူသားများဖြစ်ချင်ရင်တော့ဖြင့်
အဆုံးစွန်သော မဂ် ဖိုလ် နိဗ္ဗာန်ရဲ့အထောက်ပံ့ကောင်းထိရရှိနိုင်ပြီး ကြီးမားလွန်းလှသည့်အကျိုးကျေးဇူးကြီးကိုပိုင်ဆိုင်နိုင်သော တန်ခိုးအရာလွန်ကြီးမားသော #ပဋ္ဌာန်းတရားတော်ကြီး ကို
မအိုခင်၊မနာခင်၊မသေခင်အချိန်လေးမှာ- တွေ့တုန်း၊ကြုံတုန်း၊ဆုံတုန်း အချိန်လေးမှာ - ရွတ်ဖတ်ပူဇော် ကျင့်ကြံအားထုတ်နိုင်ကြတုန်းမှာ-
ရွတ်ဖတ်ပူဇော် နာယူမှတ်သား သင်ယူ ကျင့်ကြံ အားထုတ် ပွားများကြပါလို့ မေတ္တာရှေ့ထား တိုက်တွန်းနိုးဆော်လိုက်ရပါတယ် ။ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့
🌷🌷🌷🌷🌷🌷🌷

25/07/2020

#စျာနပစ္စယော
____________

"စျာန" ဆိုသည်မှာ စူးစူးစိုက်စိုက် ရှုမှတ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အာရုံတစ်ခုတည်းမှာ စုစည်းသောအားဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။

မည်သည့်အလုပ်ပဲဖြစ်ဖြစ် စိတ်ဝင်စားမှ ထိရောက်မှု ရှိ၏။ စိတ် မဝင်စားလျှင် ထိရောက်မှု မရှိပါ။ ထို့ကြောင့် "စျာန်၀င်စားမှ အလုပ် လုပ်လို့ ကောင်းတယ်" ဟု ပြောကြခြင်း ဖြစ်သည်။

မှန်၏။ မည်သည့်အလုပ်ပဲ လုပ်လုပ် စိတ်က တခြားအာရုံ မရောက်ဘဲ အလုပ်ထဲမှာ နှစ်ထားလျှင် "စျာန်" ပင် ဖြစ်သည်။ ထို့ကြောင့် လယ်တီဆရာတော်က "စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ်" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။

"ရထား" ဆိုသည်မှာ ဘီး ဝင်ရိုး အင်ဂျင်စသော အင်္ဂါ အစိတ်အပိုင်းများကို ပေါင်းထားသည့် အရာဝတ္ထုပင် ဖြစ်သည်။ ထိုနည်းတူစွာ "စျာန်" ဆိုသည်မှာလည်း ဝိတက် စသော စျာန်အင်္ဂါ ၅- ပါး ပေါင်းထားသည့် တရားပင် ဖြစ်သည်။

ယင်းစျာန်အင်္ဂါ ၅- ပါးသည် ရုပ်နာမ်ဆိုသည့် အကျိုးတရားတို့ကို ထုတ်လုပ်ပေး၏။ ထို့ကြောင့် စျာန်အင်္ဂါ ၅- ပါးက အကြောင်းတရား၊ ရုပ် နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " စျာနပစ္စည်း" ဟု ခေါ်သည်။

#ပါဠိ နှင့် ဘာသာပြန်
----------------

ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။

ဈာနင်္ဂါနိ -ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသာ စျာန်အင်္ဂါ ငါးပါးတို့သည်။ ဈာနသမ္ပယုတ္တကာနံ - စျာန်နှင့် ယှဉ်ကုန်သော။ ဓမ္မာနဉ္စ - စိတ် စေတသိက်တရားတို့အား လည်းကောင်း။ တံသမုဋ္ဌာနာနံ - ထိုစျာန်ကြောင့် ဖြစ်ကုန်သော။ ရူပါနဉ္စ- စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း။ ဈာနပစ္စယေန - စျာနပစ္စယ သတ္တိဖြင့်။ ပစ္စယော - ကျေးဇူးပြုသည်။ ဟောတိ - ဖြစ်ပါပေ၏။

#စျာန်အင်္ဂါ ၅- ပါး
----------------

၁။ ဝိတက်

ဝိတက်ဆိုသည်မှာ အတွေးဟု အဓိပ္ပါယ် ရ၏။ အတွေးသည် ၂- မျိုး ရှိ၏။ ကောင်းသောအတွေးနှင့် မကောင်းသော အတွေးတို့တည်း။ ကောင်းမှုလုပ်ဖို့ တွေးခြင်းသည် ကောင်းသော အတွေးပင် ဖြစ်သည်။ မကောင်းမှု လုပ်ဖို့ တွေးခြင်းသည် မကောင်းသော အတွေးပင် ဖြစ်သည်။

ဘာပဲလုပ်လုပ်, ဘာပဲ ပြောပြော အတွေးက စရ၏။ လိမ်မည့်သူသည် မလိမ်ခင် တွေးရ၏။ ဆဲမည့်သူသည် မဆဲခင် တွေးရ၏။ လှူမည့်သူသည် မလှူခင် တွေးရ၏။ ကောင်းမှု လုပ်လုပ် မကောင်းမှု လုပ်လုပ် အတွေးက စသည်ပင် ဖြစ်သည်။

ဘုရားရှိခိုးမည့်သူသည် " ငါ ဘုရားရှိခိုးဦးမှပဲ" ဟု တွေးရ၏။ တရားမှတ်မည့်သူသည် " ငါ တရားမှတ်ဦးမှပဲ" ဟု ရှေးဦးစွာ တွေးရ၏။ ယင်းအတွေးသည် ကိုယ့်စိတ်ကို တရားအာရုံ ပေါ် တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ယင်းအတွေးကိုပင် " ဝိတက်" ဟု ခေါ်သည်။

၂။ ဝိစာရ

"ဝိစာရ" ဆိုသည်မှာ အဖန်တလဲလဲ သုံးသပ်ခြင်းဟု အဓိပ္ပါယ် ရ၏။ စိတ်က တရားအာရုံပေါ် ရောက်သောအခါ တခြားအာရုံများဆီသို့ မရောက်ရလေအောင် တရားအာရုံပေါ်မှာပဲ စုစည်းထားလိုက်၏။ တရားအာရုံပေါ်မှာ စုစည်းထားသည့်အတွက် အဖန်တလဲလဲ ဆင်ခြင်, အဖန်တလဲလဲ သုံးသပ်နေတော့သည်။

ကြေးစည်ထိုးသောအခါ အသံက တစ်ခါတည်း ပြတ်မသွားဘဲ ဆက်ကာဆက်ကာ မြည်နေ၏။ ပထမ ပေါ်ထွက်လာသည့် အသံသည် "ဝိတက်" နှင့် တူ၏။ နောက်က ဆက်ကာဆက်ကာ ပေါ်ထွက်လာသော အသံသည် "ဝိစာရ" နှင့် တူ၏။

ထိုနည်းတူစွာ တရားမှတ်သည့်အခါ " တရားမှတ်မည်" ဟူသော အတွေးသည် "ဝိတက်" ဖြစ်သည်။ ဆက်လက်ပြီး ဆင်ခြင်သုံးသပ်ခြင်းသည် " ဝိစာရ" ဖြစ်သည်။

၃။ ပီတိ

ပီတိဆိုသည်မှာ " နှစ်သက်ခြင်း, ကြည်နူးခြင်း" ဟု အဓိပ္ပါယ် ရ၏။ တရားမှတ်သည့်အခါ စိတ်က တရားအာရုံပေါ်မှာ ရှိနေသည့်အတွက် ကြည်နူးနေတော့၏။

နေပူထဲကနေ သစ်ပင်အောက် ဝင်လိုက်သည့်အခါ တခါတည်း အပူငြိမ်းသွား၏။ အမောလည်း ပြေသွား၏။ ထိုနည်းတူစွာ လောကီအာရုံထဲကနေ တရားအာရုံဆီ ရောက်သွားသည့်အတွက် စိတ်က ငြိမ်းအေးသွား၏။

လောကီအာရုံဆိုသည်ကား အင်မတန် ပူလောင်၏။ မရတော့လည်း မရသေးလို့ ဆိုပြီး ပူရ၏။ ရတော့လည်း နည်းလို့ဆိုပြီး ပူရပြန်၏။ ထို့ကြောင့် " မရှိတောင့်တ ရှိကြောင့်ကြ" ဟု ပြောကြခြင်း ဖြစ်သည်။ လောကီအာရုံဆိုသည်မှာ မည်သည့်ဘက်ကမှ အပူ မလွတ်ပါ။

တရားရှုမှတ်လိုက်သည့်အခါမှာတော့ စိတ်သည် လောကီအာရုံကနေ တရားအာရုံဆီ ရောက်သွားသောကြောင့် အပူ ငြိမ်းသွား၏။ အပူငြိမ်းသွားသည့်အတွက် စိတ်က ကြည်နူးသွားခြင်း ဖြစ်သည်။ ယင်းကြည်နူးခြင်းကိုပင် " ပီတိ" ဟု ခေါ်သည်။

၄။ သုခ

"သုခ" ဆိုသည်မှာ ချမ်းသာခြင်းဟု အဓိပ္ပါယ် ရ၏။ စိတ်က တရားအာရုံပေါ် ရောက်နေသည့်အတွက် စိတ်ဆင်းရဲခြင်း မရှိတော့ပါ။

မှန်၏။ တရားအာရုံသည် ကိလေသာနှင့် ဆက်စပ်မှုမှ မရှိ။ ကိလေသာနှင့် ဆက်စပ်မှု မရှိသည့်အတွက် လောဘ ဒေါသတို့ မဖြစ်တော့။ လောဘ ဒေါသတို့ မဖြစ်တော့သည့်အတွက် စိတ်ချမ်းသာမှု ရရှိသွားခြင်း ဖြစ်သည်။

ကိုယ်ကြိုက်သည့် ဂီတသံလေး ကြားလိုက်ရသကဲ့သို့တည်း။ မှန်၏။ ကိုယ်ကြိုက်သည့် ဂီတသံလေး ကြားလိုက်ရသည့်အခါ စိတ်က လန်းသွား၏။ တချို့ဆိုလျှင် ဦးခေါင်းလေး တငြိမ့်ငြိမ့် လက်ကလေး တလှုပ်လှုပ်တောင် ဖြစ်သွားလေ၏။

ထိုနည်းတူစွာ စိတ်က တရားအာရုံထဲမှာ ရောက်နေခြင်းကြောင့် စိတ်ဆင်းရဲခြင်း မရှိတော့။ ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ ဖြစ်သွားလေသည်။ ယင်းသဘောတရားကို " သုခ" ဟု ခေါ်သည်။

၅။ ဧကဂ္ဂတာ

"ဧကဂ္ဂတာ" ဆိုသည်ကား တည်ငြိမ်ခြင်းဟု အဓိပ္ပါယ် ရ၏။ "သမာဓိ" ပင် ဖြစ်သည်။ စိတ်က ချမ်းသာနေသည့်အတွက် တရားအာရုံကို မလွှတ်တော့။ တရားအာရုံထဲမှာပဲ ပျော်မွေ့နေတော့၏။

ခိုင်မာသည့် အုတ်မြစ်ပေါ်၌ စိုက်ထားသော ကျောက်တိုင်သည် မည်သည့်အကြောင်းကြောင့်မျှ မယိမ်းယိုင်တော့သကဲ့သို့ ချမ်းသာသော စိတ်သည် မည်သည့်အကြောင်းကြောင့်မျှ မယိမ်းယိုင်တော့။ တရားအာရုံပေါ်မှာ ငြိမ်နေတော့၏။ ယင်းတည်ငြိမ်သည့်သဘောတရားကို " ဧကဂ္ဂတာ" ဟု ခေါ်လေသည်။

ဝိတက်စသော အင်္ဂါ ၅- ပါး ဟန်ချက်ညီလျှင် "စျာန်" ဖြစ်သွား၏။ ဤ၅- ပါးတွင် ဧကဂ္ဂတာခေါ်သည့် "သမာဓိ" သည်သာ ပဓာန အကျဆုံးတည်း။ ထို့ကြောင့် သမာဓိ ပြဋ္ဌာန်းသော ရှုမှတ်စိတ်ကို "စျာန်" ခေါ်ပါသည်။

တချို့က မြေလျှိုးမိုးပျံခြင်းကို "စျာန်" ဟု ထင်နေကြ၏။ ထို့ကြောင့် ကောင်းကင်ပျံတက်လျှင် စျာန်ပျံသည်ဟု ပြောကြခြင်း ဖြစ်သည်။ ကောင်းကင်ပျံတက်ခြင်းသည် " စျာန် " မဟုတ်ပါ၊ "အဘိညာဉ်တန်ခိုး" ဖြစ်သည်။ သို့သော် "အဘိညာဉ် တန်ခိုး" ဆိုသည်မှာလည်း "စျာန်" ကနေ ဖြစ်လာခြင်းကြောင့် " စျာန်ပျံသည်" ဟု တင်စားပြီး ပြောခြင်း ဖြစ်သည်။

#သမထ ( သို့မဟုတ်) #စျာန်လမ်း
-------------------

စျာန်ရချင်လျှင် " သမထ " ကို အားထုတ်ရ၏။ သမထဆိုသည်မှာ သမာဓိထူထောင်သည့် အလုပ်ပင် ဖြစ်သည်။ အာရုံတစ်ခုတည်းမှာ စိုက်ပြီး ရှုမှတ်ခြင်းတည်း။

ကမ္မဋ္ဌာန်းစီးဖြန်းသည့်အခါ ခန္ဓာကိုယ်ကိုလည်း သက်သောင့် သက်သာ ဖြစ်စေရမည်၊ စိတ်ကိုလည်း သက်သောင့် သက်သာ ဖြစ်စေရမည်။ ခါးကို ဖြောင့်ဖြောင့်ထားရမည်။ မိမိ၏ ဦးခေါင်းကို ရှေ့ကိုလည်း မငိုက်စေရ၊ နောက်ကိုလည်း မလန်စေရ။ တည့်မတ်စွာ ထားရမည်။

လက်ဖဝါးကို ပက်လက်လှန်ထားရမည်။ ဒူးပေါ် တင်တင်, ပေါင်ပေါ်တင်တင် လက်ဖဝါးကို ပက်လက် လှန်ထားရမည်။ မျက်လုံးကို မှိတ်ထားပြီး စိတ်ကို နှာသီးဖျားပို့ရမည်။

အသက်ရှူသောအခါ ပုံမှန် ရှူပါ။ နှေးအောင်လည်း အသက်အောင့်မထားရ၊ မြန်အောင်လည်း အားမထုတ်ရ၊ ပြင်းပြင်းကြီး လည်း မရှူရ၊ ပုံမှန် ရှူမြဲအတိုင်း မှန်မှန်ကလေး ရှူရမည်။ ဝင်လေထွက်လေကို စူးစိုက်ပြီး မှတ်ရမည်။ " အာနာပါနကမ္မဋ္ဌာန်း" ဟု ခေါ်သည်။

အကယ်၍ မိမိ၏စိတ်ကို ထိန်းလို့ မရလျှင် ရေတွက်ပြီး ရှုမှတ်ရမည်။

ဝင်လေထွင်လေ ၁၊
ဝင်လေထွက်လေ ၂၊
ဝင်လေထွက်လေ ၃ စသည်ဖြင့် ရေတွက်ပြီး မှတ်ရမည်။ " ဂဏနာနည်း" ဟု ခေါ်သည်။

ဂဏနာနည်း ရှုမှတ်သောအခါ ၅- အောက်လည်း မနည်းစေရ။ ၁၀- အထက်လည်း မများစေရ။ စိတ်ကို ငြိမ်သည်အထိ ရှုမှတ်ရမည်။

သမာဓိရဖို့အတွက် ဝင်လေထွက်လေ အာရုံတစ်ခုတည်းကိုပဲ စိုက်ပြီး ရှု၏။ ရုပ်ပဲ နာမ်ပဲဟု မှတ်စရာ မလို၊ အဖြစ် အပျက် မှတ်စရာ မလိုပါ။ ဝင်လေထွက်လေကိုပဲ စူးစိုက်ပြီး မှတ်ရသည်။

သမာဓိကောင်းလာသောအခါ အလင်းတန်း၊ မီးခိုးတန်း၊ ပုလဲလုံးလေးစသော ထူးခြားသော နိမိတ်များ ပေါ်လာ၏။ တစ်ယောက်နှင့် တစ်ယောက် မတူပါ။ သမာဓိအားကောင်းမှ ယင်းနိမိတ်များ ပေါ်လာ၏။ မျက်စိနှင့် မြင်ရသကဲ့သို့ စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာ၏။ "ပဋိဘာဂနိမိတ်" ဟု ခေါ်သည်။ ယင်းနိမိတ်သည် ချက်ချင်း မရနိုင်ပါ။ ကြိမ်ဖန်များစွာ ကြိုးစားမှ ရနိုင်၏။

ဆက်လက်ပြီး အားထုတ်သောအခါ တဆင့်ပြီးတဆင့် စျာန်အင်္ဂါ ၅- ပါးတို့ ဖြစ်လာကြသည်။ စျာန်အင်္ဂါ ၅- ပါး ပြည့်စုံလျှင် ပထမစျာန်အဆင့်ကို ရောက်ရှိသွားလေသည်။

စျာန်အင်္ဂါငါးပါး ဆိုသော်ငြားလည်း သမာဓိပြဋ္ဌာန်းသော စိတ်ပင် ဖြစ်သည်။ သမာဓိပြဋ္ဌာန်းသော စိတ်ကိုပင် စျာန်စိတ်ဟု ခေါ်သည်။

စျာန်သည် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန်အားဖြင့် အဆင့် ၅- ဆင့် ရှိသည်။ ထို ၅- ဆင့်လုံး ရရှိမှ "အဘိညာဉ်" အဆင့်ကို တက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် "သမထ" ကို စျာန်လမ်းဟု ခေါ်သည်။

စျာန်စိတ် ( သို့မဟုတ်) စျာန်ဇောတို့ အကြိမ်များစွာ ဖြစ်နေခြင်းကို " စျာန်ဝင်စားသည်" ဟူ၍လည်းကောင်း၊" သမာပတ်ဝင်စားသည်" ဟူ၍ လည်းကောင်း ခေါ်ပါသည်။

စျာန်ဝင်စားနေသည့် အချိန်တွင် ၁- နာရီ ကြာချင်ကြာမည်။ ၂- နာရီ ကြာချင်ကြာမည်။ မည်မျှလောက် ကြာကြာ၊ ကြာချင်သလောက်ကြာ၊ စိတ်က တခြားအာရုံဆီ လုံးဝ မရောက်တော့ပေ။ ရှုမှတ်နေသည့် အာရုံပေါ်မှာ ငြိမ်နေ၏။ ငြိမ်ချက်အား အလွန်ကောင်း၏။ ထို့ကြောင့် စျာန်ဝင်စားသည်ဟု ပြောကြခြင်း ဖြစ်သည်။

#ဝိပဿနာ ( သို့မဟုတ်) #ဉာဏ်လမ်း
---------------------

သမထကို "စျာန်လမ်း" ဟု ခေါ်ပြီး ဝိပဿနာကို တော့ "ဉာဏ်လမ်း" ဟု ခေါ်၏။

၀ိပဿနာဆိုသည်မှာ ရုပ်တရား နာမ်တရားတို့ကို အမှန်အတိုင်း သိဖို့အတွက် ဉာဏ်နှင့် ကြည့်သည့် အလုပ် ဖြစ်သည်။

ခန္ဓာကို ဉာဏ်နှင့် ကြည့်လျှင် ရုပ်နှင့် နာမ်ကို တွေ့ရမည် ဖြစ်သည်။ ထင်ရှားတွေ့နေ ရသည့် ကိုယ်ခန္ဓာသည် ရုပ်တရား၊ စိတ်သည် နာမ်တရား။ ဤကဲ့သို့ ရုပ်နာမ်ကွဲလျှင် "နာမရူပ ပရိစ္ဆေဒဉာဏ်" ဟု ခေါ်သည်။

ဆက်လက်ပြီး အားထုတ်လျှင် အဖြစ် အပျက်ကို မြင်ရမည် ဖြစ်သည်။ ထို့နောက် ဉာဏ်စဉ် ၁၀- ပါး, မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ တဆင့်ပြီး တဆင့် ရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဝိပဿနာ ဘာဝနာကို " ဉာဏ်လမ်း" လို့ ခေါ်သည်။

စျာန်လမ်းနှင့် ဉာဏ်လမ်းသည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေ၏။ မှန်၏။ စျာန်လမ်းကောင်းမှ ဉာဏ်လမ်း ရှင်းမည် ဖြစ်သည်။ စိတ်က တည်ငြိမ်လျှင် ဉာဏ်အမြင်ကလည်း ရှင်းသွားတော့သည်။ သမာဓိအားကောင်းမှ ဉာဏ်စဉ်တက်မည်ဟုဆိုလိုသည်။

#ဘုရားကအတင့်တယ်ဆုံး
------------------------

အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ သီတင်းသုံးနေ၏။ ထိုအချိန်မှာ ကောသလမင်းကြီး ရောက်လာ၏။ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက် ဘုရားဖူးလာခြင်း ဖြစ်သည်။ ပရိသတ်အခြံအရံများလည်း ပါလာ၏။

မင်းကြီးရောက်လာချိန်၌ ဘုရားနားတွင် အရှင်ကာဠုဒါယီ, အရှင်အာနန္ဒာ စသော ရဟန်းတော်များ ရှိနေကြ၏။ အားလုံး တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။ အရှင်ကာဠုဒါယီကတော့ မျက်လွှာလေး ချကာ စျာန်ဝင်စားနေ၏။

စျာန်ဝင်စားသည်ဆိုသည်မှာ သမာဓိပြဋ္ဌာန်းသော စျာန်စိတ်များ ဖြစ်နေခြင်းတည်း။ သမာဓိကြောင့် မလှုပ်မယှက် ငြိမ်သက်နေ၏။ ထို့ကြောင့် အရှင်ကာဠုဒါယီ၏ အသားအရေသည် ရွှေအဆင်းကဲ့သို့ တောက်ပနေတော့၏။

ဤကား စျာနပစ္စည်းပင် ဖြစ်သည်။သမာဓိပြဋ္ဌာန်းသော စျာန်အင်္ဂါတို့က အကြောင်းတရား၊ စျာန်ကြောင့် ဖြစ်ပေါ်လာသော ရုပ်တရား နာမ်တရားတို့က အကျိုးတရား ဖြစ်သည်။

ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လမင်းကလည်း ထွက်နေပြီ၊ နေမင်းကလည်း ဝင်လုဆဲဆဲ။ အရှင်အာနန္ဒာသည် အမှတ်မထင် ကောင်းကင်ကို မော့ကြည်လိုက်၏။ နေရောင်နှင့် လရောင် အပြိုင်တောက်ပနေသည်ကို မြင်သောအခါ " အော် အလွန်လှပါလား" ဆိုပြီး စိတ်ထဲမှာ ကြည်နူးသွား၏။

ထို့နောက် ပရိသတ်ကို အကဲခတ်လိုက်၏။ ခန်းနားကြီးကျယ်သော ကောသလမင်းကြီး၏ ပုံရိပ်ကို မြင်သောအခါ " မင်းကြီးကလည်း အလွန် တင့်တယ်တာပဲ" ဟု ဖြစ်သွားလေသည်။

ထိုအချိန်မှာပဲ ပရိသတ်အစွန်အဖျား၌ စျာန်ဝင်စားနေသော ကာဠုဒါယီမထေရ်ကို မြင်သွားလေသည်။ ထိုအခါမှာတော့ " အရှင်ကာဠုဒါယီက ပိုပြီး တင့်တယ်နေပါလား" ဟု ဖြစ်သွားလေတော့၏။

#အရှင်အာနန္ဒာလျှောက်ပြီ
---------------------------

ထို့နောက် အရှင်အာနန္ဒာသည် ဘုရားမြတ်စွာကို ဖူးမျှော်လိုက်၏။ ထိုအခါမှာ ပိုပြီး ကြည်နူးသွားတော့သည်။ " အော် နောင်တော်ဘုရားက အတိုင်းအထက်အလွန် တင့်တယ်နေပါလား၊ ဘယ်အချိန်ကြည့်ကြည့် ရှုမငြီးဘူး၊ တင့်တယ်မှုအားလုံးထဲမှာ နောင်တော်ဘုရားရဲ့ တင့်တယ်မှုက အသာလွန်ဆုံးပဲ" ဟု ကောက်ချက် ချလိုက်လေသည်။

အရှင်အာနန္ဒာသည် စိတ်ထဲဖြစ်ပေါ်လာသည့် အတွေးလေးကို မြတ်စွာဘုရားအား လျှောက်ထားလိုက်၏။ အရှင်အာနန္ဒာ၏ လျှောက်ထားမှုကြောင့် မြတ်စွာဘုရားက " ဒိဝါ တပတိ ဂါထာ" လေးကို မိန့်ကြားတော်မူလိုက်လေသည်။

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
စျာယီ တပတိ ဗြာဟ္မဏော။
အထသဗ္ဗ မဟောရတ္တိ ံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

နေမင်းသည် နေ့အခါ၌သာ တင့်တယ်တောက်ပ၏။

လမင်းသည် ညအခါ၌သာ တင့်တယ်တောက်ပ၏။

ရှင်ဘုရင်သည် မင်းမြောက်တန်ဆာ ဆင်ထားမှသာ တင့်တယ် တောက်ပ၏။

ရဟန္တာ အရှင်မြတ်သည် စျာန်ဝင်စား
မှသာ တင့်တယ်တောက်ပ၏။

မြတ်စွာဘုရားသည် နေ့ရော ညပါ အချိန်တိုင်း တင့်တယ်တောက်ပလေ၏။

#နာမည်ကျော်ဒိဝါတပတိ
----------------------

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
စျာယီ တပတိ ဗြာဟ္မဏော။
အထသဗ္ဗ မဟောရတ္တိ ံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

ဤဂါထာကို အဓိဋ္ဌာန်ပြီး အကြိမ် (၁၀၀၀) တစ်ထောင် ရွတ်ပါ။ အကြိမ် (၁၀၀၀) ပြည့်ပါက အဓိဋ္ဌာန်အောင်၏။ အဓိဋ္ဌာန်အောင်ပါက...

၁။ ဘေးအန္တရာယ် ကင်းမည်။
၂။ လူချစ်လူခင် ပေါများမည်။
၃။ လာဘ်လာဘ ရွှင်မည်။
၄။ လုပ်ငန်းများ တိုးတက်မည်။
၅။ မိတ်ဆွေကောင်း တွေ့ရမည်။

ဤကား ဆရာသမားများ၏ အစဉ်အလာ ပြောခဲ့သော မှာတမ်းစကား ဖြစ်သည်။ ဘာကြောင့် ပြောခဲ့ကြသနည်း၊ ဘုရားဂုဏ်တော်ပွားများ စေလိုသောကြောင့် ဖြစ်သည်။

မှန်၏။ ဂါထာရွတ်ဖတ်ခြင်း၏ အကျိုးအာနိသင်တို့ကို ပြောပြလိုက်သောအခါ လူအများ ပိုပြီး စိတ်ဝင်စားသွား၏။ စိတ်ဝင်စားသည့်အတွက် ဂါထာကို ရွတ်ကြ၏။ ရွတ်ကြသည့်အတွက် ဘုရားဂုဏ်တော်ကို ပွားများပြီးသား ဖြစ်သွားလေသည်။

ဂုဏ်တော်ပွားများသည့်အတွက် ဘုရားကို ပို ကြည်ညိုသွား၏။ ဘုရားကို ကြည်ညိုလျှင် အကုသိုလ် လုပ်ရမှာ ကြောက်သွား၏။

အမှန်ကား "ဒိဝါတပတိ" ဂါထာသည် မြတ်စွာဘုရား၏ ဂုဏ်တော်ကို ချီးကျူးထားခြင်း ဖြစ်သည်။ ထို့ကြောင့် "ဒိဝါ တပတိ" ဆိုသည်မှာ အမွှမ်းတင် ဂါထာ ဖြစ်သည်။ အမွှမ်းတင် ဂါထာ ဖြစ်သောကြောင့် "ဒိဝါတပတိ" ဂါထာကို ရွတ်လျှင် ဘုရားဂုဏ်တော်ကို ပွားများပြီးသား ဖြစ်သွားလေတော့၏။ များများရွတ်လေ များများပွားများ ဖြစ်လေ၊ များများပွားများ ဖြစ်လေ များများကုသိုလ် ရလေပင် ဖြစ်သည်။ ထို့ကြောင့် ရှေးဆရာများက ဒိဝါတပတိ ဂါထာကို မကြာမကြာ ရွတ်ကြဖို့ တိုက်တွန်းခဲ့ကြခြင်း ဖြစ်ပေသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Videos (show all)

Website