မြတ်ဗုဒ္ဓ၏ တရားတော်များ - Budda Tayar Taw
Mindfulness life
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်
ဟောကြားတဲ့ တရားတော်မှ
စေတနာထက်သန်လွန်းသောကြောင့် ကံကောင်းသွားတဲ့ ဇနီးမောင်နှံ အကြောင်း
သေခါနီး ဘာကို နှလုံးသွင်းမလဲ
ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။ သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။
မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။
လောဘနှင့်သေ ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။
ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့၊ရှင်းရှင်းလေးပါ။
လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။
တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။
အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ် ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။
အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။
ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။
ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။
ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။
ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။
ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော်လည်းကောင်း၊ ဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်...သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။
ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ် ဖြစ်လို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။
ဒီမှာက ဒီလိုမဟုတ်ဘူး.......
ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။
ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။
သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။
ဖြစ်ပျက်ရှုရင်ရှု မရှုတတ်ရင်
ဒုက္ခသစ္စာ အပိုင်သာ မှတ်နေပေတော့
မိုးကုတ်ဆရာတော်ဘုရာကြီး
🙏🙏🙏
သတိနဲ့ ကိုယ့်စိတ်ကိုကိုယ်သိ
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)၏တွေးမိတိုင်းပျော်တယ်စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
တရားအားထုတ်တယ်ဆိုတာ တကယ်ကို ရာခိုင်နှုန်းပြည့် ရိုးရိုးသားသား စိတ်ရောကိုယ်ပါ လုပ်မှပဲ တကယ်ထိထိ ရောက်ရောက် တိုးတက်မှု ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ရင်တော့ နဲနဲပါးပါး အပေါ်ယံ သတိ၊ သမာဓိလောက် ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိ ဥာဏ်ပညာ မရနိုင်ပါဘူး။ သိနေတာကိုသိနိုင်တဲ့သတိ ဖြစ်လာတော့ သိနေတာကို သိနေတဲ့အချိန်မှာမှ ငါအခုမှ လူဖြစ်ပြီ လို့ ခံစားလိုက်ရတယ်။
ဥပေက္ခာဝေဒနာဟာ မသိရင် မောဟဖြစ်နေတဲ့အတွက်ကြောင့် ငြိမ်းချမ်းတဲ့သဘောတော့မရှိဘူး။ ဒါကြောင့် ဥပေက္ခာကို မသိရင် ဒုက္ခနဲ့တူတယ်တဲ့။ ဥပေက္ခာကို သိရင် သုခနဲ့တူတယ်တဲ့။ ဥပေက္ခာက အခြေအနေကိုလိုက်ပြီးတော့ သုခဘက်ကိုလည်းပါတတ်တယ်။ ဒုက္ခဘက်ကိုလည်းပါတတ်တယ်။ ဥပေက္ခာဝေဒနာကို များများသိအောင်လုပ်လို့ရှိရင် စိတ်က ပိုပြီးတော့ငြိမ်းချမ်းလာတယ်။ သိပြီးတော့နေတဲ့စိတ်ကလေးဟာ ငြိမ်းချမ်းနေတယ်၊ အဲဒီငြိမ်းချမ်းနေတဲ့စိတ်ကလေးဟာ ညီမျှနေတယ်။ ဟိုဘက် မရောက်ဘူး။ ဒီဘက်လည်း မရောက်ဘူး။ ဝီရိယ ပိုတယ်လည်းမရှိဘူး။ ဝီရိယ လိုတယ်လည်းမရှိဘူး။ ဝီရိယ ညီမျှနေတယ်။ အဲဒီလို ဝီရိယညီမျှနေတာကိုလည်းပဲ ဥပေက္ခာလို့ပဲခေါ်တယ်။ အဲဒီလို စိတ်ထဲမှာအားလုံးဥပေက္ခာဖြစ်ပြီး ငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့ ငါငြိမ်းချမ်းတယ်လို့ခံစားရတယ်။ ငါပါနေတယ်နော်။ ဒီလိုနဲ့ဆက်ပြီးတော့ အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား ကြာလာတဲ့အခါမှာ ငါမပါတော့ဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာပဲရှိတော့တယ်၊၊ ငြိမ်းချမ်းမှုဟာ အနတ္တဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး၊ ငါပိုင်ဆိုင်တဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငြိမ်းချမ်းမှုဆိုတာ သဘာ၀တရားတစ်ခုဆိုတဲ့ သဘောမျိုးဖြစ်သွားတယ်နော်။ အဲဒီလို ဥပေက္ခာဖြစ်နေတဲ့အခါမှာ ကိုယ့်ဟာကိုယ် ငါတရားအားထုတ်နေရတယ်လို့တောင် မထင်တော့ဘူး။ သူ့အလိုလိုပဲတရားအားထုတ်တာ ဖြစ်သွားနေတာ။ အဲဒီလိုအခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုရဲ့အနတ္တကို သိရတယ်။ အနတ္တလက္ခဏာကို သိရတယ်။ ဒီငြီမ်းချမ်းမှုဟာလည်းပဲ အမြဲတမ်းတော့မရှိဘူး။ သူလည်း ပျက်ချင်တဲ့အခါ ပျက်သွားတာကိုး။ ဖြစ်နေတဲ့အချိန်မှာတောင်မှ တဆက်ထဲလို့ ပြောလို့မရဘူး။ တစ်ခုပြီးမှ တစ်ခုပဲ။ အဲသလို အားထုတ်သွားပြီးတော့ ငြိမ်းချမ်းနေတဲ့အနတ္တသဘောကို သိပြီးတော့နေရင်းကလည်း နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။
စိတ်က တခြားကိုပျံ့လွင့်သွားရင် အဲဒါကိုသိလိုက်ပါ။ တခြားတစ်ခုခုကို တွေးနေပြီ။ သိလိုက်ပြီ။ သိပြီးရင် ညင်ညင်သာသာ စိတ်ကလေး နူးနူးညံ့ညံ့ကလေးနဲ့ နဂိုနေရာကိုပြန်ယူလာပါ။ ကိုယ့်စိတ်ကိုပဲ ကိုယ်ပြန်ပြီးတော့ မကျေမနပ်မဖြစ်လိုက်ပါနဲ့။ ဒီစိတ်ကလည်း ဟိုတွေးဒီတွေး တွေးပြန်ပြီပေါ့လို့ ကိုယ့်စိတ်ကိုကိုယ် ပြန်ပြီးတော့ဒေါသမဖြစ်ဖို့နော်။ လောဘအားကြီးနေတဲ့အချိန်မှာ လောဘက သူလိုချင်တာရဖို့ပဲ။ ဘယ်လိုနည်းနဲ့ရရ ရရင်ပြီးရော။ ဒါကိုပဲ သူဆုံးဖြတ်မှာပဲ။ ဒေါသအားကြီးနေတဲ့အခါမှာ မကျေနပ်တဲ့စိတ် အားကြီးနေတယ်။ အဲဒီအချိန်မှာ သူ့အတွက် ဘာအရေးကြီးဆုံးလဲဆိုတော့ သူတစ်ပါးကို ပြောရဆိုရဖို့၊ ရိုက်ရ နှက်ရဖို့၊ အပြစ်ဒဏ်ပေးရဖို့၊ နှိပ်စက်ရဖို့က အရေးကြီးဆုံးဖြစ်နေတယ်။ အဲဒါဟာ တရားတယ်။ အဲဒါဟာ မျှတတယ်လို့ သူထင်မှာပဲ။ ဒါဟာလုပ်သင့်တဲ့ကိစ္စလို့ သူထင်မှာပဲ။ မာနဖြစ်တဲ့အခါမှာ ဘယ်လိုနေသလဲဆိုတော့ သူများထက်သာရဖို့ အရေးကြီးဆုံးပဲ။ တခြားကိစ္စတွေက အရေးမကြီးဘူး။ ထို့အတူ က္က ုဿာမစ္ဆရိယစိတ်သဘောထားလည်း ဒီလိုပဲ။ မနာလိုတဲ့စိတ်၊ ၀နျတိုတဲ့စိတျ ရှိတယ်။ သူများကြီးပွားတာကို မလိုချင်ဘူး။ သူ မကြီးပွားသင့်ဘူးလို့ယူဆတယ်။ ငါပဲ ကြီးပွားသင့်တယ် လို့ ထင်နေတယ်။ ကိုယ့်မှာရှိတာကို မျှပေးဖို့ စိတ်မကူးနိုင်ဘူး။ လူတွေရဲ့စိတ်မှာ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မာနဖြစ်လိုက်၊ မနာလို ၀နျတိုတဲ့စိတျဖွဈလိုကျ၊ တော်ကြာ လောဘပြန်ဖြစ်လိုက်၊ တော်ကြာမာနဖြစ်လိုက်၊ သတိမရှိတဲ့သူ၊ မောဟနဲ့နေတဲ့သူဆိုရင် တစ်ခုမဟုတ် တစ်ခုတော့ တစ်လှည့်စီဖြစ်နေတာနော်။ စိတ်ရဲ့သဘာ၀ဟာ လောဘဖြစ်နေတဲ့အချိန်မှာ လောဘကို ငါလို့ထင်တယ်။ လောဘကို ငါ့စိတ်လို့ ထင်တယ်။ လောဘကလိုချင်နေတာကို ငါလိုချင်တယ်လို့ထင်တယ်။ လောဘကတရားတယ်လို့ထင်ရင် ငါတရားတယ်လို့ပဲယူဆမှာပဲ။ ထို့အတူပဲ ဒေါသ၀င်လာတဲ့အခါမှာလည်း ဒေါသကို ငါလို့ထင်နေတယ်။ ဒေါသကလုပ်ချင်တာကို အရေးကြီးတယ်လို့ထင်တယ်။ အဲသလို ဖြစ်နေတာနော်။ ဒါပေမယ့် သတိနဲ့ ဥာဏ်နဲ့ ကြည့်တတ်တဲ့သူအဖို့ ဒီဒေါသ၊ လောဘဟာ ငါမဟုတ်ဘူးလို့မြင်လာတယ်။ ဒါကြောင့် သူတို့ခိုင်းတိုင်း မလုပ်တော့ဘူး။ သူတို့ရဲ့လွှမ်းမိုးမှုကနေ လွတ်သွားတယ်။
တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး၊ သူက ငါ့ကို ဘယ်လိုပြောလို့ ငါကစိတ်ဆိုးတယ်လို့ ဇာတ်လမ်းကိုစဉ်းစားမနေပဲနဲ့ စိတ်ဆိုးနေတဲ့စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကိုတွေးရင် စိတ်က ပိုပြီးတော့ဆိုးလာတတ်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲသွားတတ်တယ်။ ဇာတ်လမ်းကိုတွေးနေတာမဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ခံစားမှုကိုပဲကြည့်နေပါ.....။
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားသော
စေတနာကောင်းလျှင် ကံကောင်းသည်
If you are good, you will be lucky
🙏🙏🙏
တရား အလှူ က ဘာကြောင့် မြတ်သလဲ...?
ဒါနအားလုံးမှာ ဓမ္မဒါနဟာ
အမြတ်ဆုံးလို့ ပြောနေကြတယ်။
ဘာကြောင့်မြတ်သလဲဆိုတာ
စဉ်းစားမယ်ဆိုရင်
ပေးသူ နှင့် ယူသူမှာ အကျိုးတွေ
အတိုင်းအဆ မရှိလောက်အောင်
များပြားလို့ မြတ်တယ်လို့ပြောရတာ။
အကျိုးအမြတ် ရှိတာကို ကြည့်ပြီး
ဆုံးဖြတ်တာ ။
ဥပမာ...
သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင်
ဒီသင်္ကန်းက
မဟောင်းခင်၊ မစုတ်ခင်လေးပဲ
ဝတ်လို့ရမှာပေါ့။ ဟုတ်ရဲ့လား ?
ဆွမ်းလှူလိုက်မယ်ဆိုရင်လည်းပဲ
တစ်ရက်စာပဲရမှာပေါ့။
ဆွမ်းရဲ့ အကျိုးပြုမှုကလည်း
ဒီလောက်ပဲရှိမယ်။
သင်္ကန်းရဲ့ အကျိုးပြုမှုကလည်း
ဒီလောက်ပဲရှိတယ်။
အဆောက်အဦး
လှူလိုက်မယ်ဆိုရင်လည်း
အဆောက်အဦးရဲ့ အကျိုးပြုမှုက
ဒီလောက်ပဲရှိမယ် ။
ဓမ္မဒါန ကြောင့် ဓမ္မ ကို ရသွားတဲ့အခါ
အကျိုးပြုတာကျတော့
သံသရာ ဝဋ်က လွတ်သွားတယ်။
အသိဉာဏ်တွေ ရသွားတယ်။
နိဗ္ဗာန်ထိအောင်လည်း
ရောက်သွားတယ်ဆိုတော့ ...
ဘယ်က အကျိုးတွေများတုန်း... ?
ဓမ္မ ကိုလှူတာက များတယ်။
ဒါ့ကြောင့်မို့
သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ လို့
ပြောတာနော်။
"ဒါနထဲမှာ ဘယ်ဒါနက
အမြတ်ဆုံးပါလဲ ဘုရား"လို့
နတ်တွေ မေးလို့ မြတ်စွာဘုရား က
အဖြေပေးလိုက်တာ ။
ဘာ ရှုထောင့်က
ဟောတာ တုန်း ဆိုတော့
အကျိုးအမြတ် ရှုထောင့်က
ဟောတာ ။
တန်ဖိုးကို ဘယ်ကနေ
ကြည့်ဖြတ်တုန်းဆိုရင်
အကျိုးအမြတ် ကနေ ကြည့်ဖြတ်တယ်။
အခုဟာက လက်ခံ ရရှိသူမှာ..
ရလိုက်တဲ့ အကျိုးနှင့်ကြည့်ပြီး
တန်ဖိုးဖြတ်တာတဲ့ ။
ပေးတဲ့လူနဲ့ တန်ဖိုးဖြတ်တာ
မဟုတ်ဘူးနော်။
လက်ခံ ရရှိတဲ့ ပုဂ္ဂိုလ်မှာ
ခံစားရတဲ့ အကျိုးကိုကြည့်ပြီး
တန်ဖိုးဖြတ်လိုက်တယ်။
ဒီလိုမှတ်ရမယ် ။
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏