Burmese Folk Singer "Thiri Nyunt"

Burmese Folk Singer "Thiri Nyunt"

Singer, Drummer & Songwriter

24/12/2022

အမိမြေမှာ
လူတစ်စုရဲ့ ရူးသွပ်မှုကြောင့်
လောကအလှ ပျက်ခဲ့ရတယ်
ပျော်ရွှင်ခြင်းဟာ လူသားများအတွက်
အမှန်တကယ် လိုအပ်ပေမယ့်
ဒီလိုအချိန်မှာ ချိန်ခါလွဲမှား ပျော်ပြခြင်းက
တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင် ဖြစ်နေသလိုပဲ ...
ဆူးခင်းလမ်းကို မလျှောက်ဝံ့လည်း
အပြစ်မဆိုသာ နားလည်ပေးမှာ
သို့ပေမယ့်လည်း
ပန်းခင်းလမ်းမှာ အသိတရားနဲ့
ခဏလောက်တော့
တိုးတိုးတိတ်တိတ် နေပေးပါလား ...
#တိုးတိုးတိတ်တိတ်_နေပေးပါလား
သီရိညွန့်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်
ဓါတ်ပုံ - ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ထိုင်း_မြန်မာ နယ်စပ်အနီး၊ ဘုရားသုံးဆူဒေသ ABSDF တပ်ရင်း (၁၀၂)တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က။

Thiri Nyunt's song: Fill in the blank " ဒီကွက်လပ်ကလေးဖြည့်ပေးပါ - သီရိညွန့် " 15/12/2022

#ဒီကွက်လပ်ကလေး ဖြည့်ပေးပါ

Thiri Nyunt's song: Fill in the blank " ဒီကွက်လပ်ကလေးဖြည့်ပေးပါ - သီရိညွန့် " ပထမဦးဆုံးသီချင်းခွေ "တတိယ ဆည်းဆာ" မှ "ဒီကွက်လပ်ကလေးဖြည့်ပေးပါ - Fill in the blank" - သီရိညွန့်

05/07/2022

#သွေးနီည
တေးရေး/ဆို - သီရိညွန့်

10/06/2022

"ကျွန်မတို့က သွေးထွက်သံယိုမှုတွေ၊ လူတွေ သေကြေပျက်စီးမယ့် လက်နက်တွေ ဝယ်မှာကို အားမပေးချင်ဘူး"
အလှူရှင်အချို့ ပြောဆိုနေမှုကို ကြားလိုက်ရတော့
သူတို့တတွေရဲ့ နိုင်ငံရေးရေချိန် ဘယ်အဆင့်မှာပဲ ရှိနေလဲ ဆိုတာ သိမြင်လိုက်ပါတယ်။
တော်လှန်ရေးကို အခုအချိန်အထိ လေဝမ်း မကွဲသေးတဲ့ သူတွေ ရှိနေသေးပါလား
မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေး ဆိုတာ ဓမ္မနဲ့အဓမ္မ တိုက်ပွဲ။
စစ်ကျွန်ဘ၀ လုံးဝပြန်မသွားလိုကြတဲ့ ပြည်သူလူထု တစ်ရပ်လုံး၊ တညီတညွတ်တည်း တောင်းဆိုနေပြီဖြစ်လို့ တော်လှန်ရေးတစ်ခုရဲ့ အမြင့်ဆုံးအဆင့်၊ လက်နက်စွဲကိုင် တော်လှန်ရတဲ့အဆင့်ကို ရောက်နေပြီ။
တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ ဆိုတာ လူသူ၊ လက်နက်၊ ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး၊ ရှိသင့် သလောက် ရှိမှလည်း ဖြစ်မှာ။
လူအင်အားကတော့ စည်းရုံးနေစရာမလို။ ပြည်တွင်းမှာ ရှိပြီးသား။
အခြေခံ လိုအပ်တဲ့ လက်နက်၊ ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး၊ အစရှိတဲ့ ရုပ်ဝထ္ထုပစ္စည်းတွေ လုံလုံလောက်လောက် ရရှိစေဖို့ကတော့ ပြည်တွင်း၊ပြည်ပမှာ ရှိနေကြတဲ့ ပြည်သူလူထုကိုပဲ အားကိုးရမှာ (ဘယ်နိုင်ငံက အကူအညီကိုမှ မျှော်လင့် မနေစေချင်)။
သေနတ်ဆိုတာက ကျည်ဆန်ရှိမှ အသုံးဝင်တာ။
လက်နက်ကြီးတွေလည်း အတူတူပင်။
ပုခုံးထမ်း ပစ်လို့ရတဲ့ R.P.G (Rocket-Propelled Gr***de) ပဲ ဖြစ်ဖြစ်၊ ဒေါက်တိုင်နှင့် အခြေခံပြားပါတဲ့ မြေကြီးပေါ် ထောက်ပစ်ရတဲ့ 60 mm(၆၀ မမ) မော်တာ၊ 81 mm (၈၁ မမ) မော်တာတွေပဲဖြစ်ဖြစ်၊ သူ့ ဗုံးကျည်ပါမှ ပစ်လို့ရတာမို့ လက်နက်နှင့်ကျည်က တတွဲထဲ ပါရှိမှ။
ဆေးဝါးကလည်း အရေးကြီးသည်။ မရှိလို့မဖြစ်။
တိုက်ပွဲရှိလျှင် ထိခိုက်၊ဒဏ်ရာရသူရှိမည်။ အချိန်မီ ဆေးကုသဖို့ လိုမည်။ အထူးသဖြင့် သွေးတိတ်ဆေး၊ ဂွမ်း၊ ပတ်တီး စသည်ဖြင့်။
ရိက္ခာကတော့ ပြောစရာမလို။ အခြေခံ ဆန်ကတော့ ရှိကိုရှိမှ။
တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်တဲ့ အထက်ပါ လက်နက်၊ ရိက္ခာ၊ ဆေးဝါး၊ ဆိုတာတွေက တော်လှန်ရေးမှာ မရှိမဖြစ် လိုအပ်တာတွေ။
တစ်မျိုးတည်းပဲ ရှိနေလို့မရ။
အဲဒါတွေ အားလုံး ရှိသင့်သလောက် ရှိကိုရှိမှ။
ဒီတော့ တော်လှန်ရေးသမားတွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့က ငွေကြေးရန်ပုံငွေ များများ ရရှိဖို့နှင့် သူတို့ဆီကို အမှန်တကယ်ရောက်အောင် ပို့ပေးနိုင်ဖို့။
ဒီနေရာမှာ လှူတဲ့သူတွေထဲက "သွေးထွက်သံယိုမှုတွေ၊ လူတွေ သေကြေပျက်စီးမယ့် လက်နက်တွေ ဝယ်မှာကို အားမပေးချင်ဘူး" ဆိုတဲ့ အပြောမျိုးတွေ အခုအချိန်မှာ ဆင်ခြင်သင့်တယ်။
အဲဒီလို လူတွေ ဒီ နွေဦးတော်လှန်ရေးနဲ့ လာမပတ်သက်ပဲ၊ ကိုယ့်ဖာသာကိုယ် ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေမှာ ကိုယ့်စိတ်ကြိုက် သွားလှူကြတာက ပိုကောင်းမယ်။
လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသူတွေက အလကားနေရင်း စစ်သွေးကြွပြီး၊ သွေးထွက်သံယိုမှုတွေ ဖြစ်အောင် လုပ်နေကြတာမဟုတ်ဘူး။
အဲဒီလို အပြောမျိုးတွေက ပြည်တွင်းမှာ၊ တကယ့် စစ်မြေပြင်တွေမှာ၊ အသက်ကို ပဓာန မထားပဲ၊ ရဲရဲဝံ့ဝံ့ မရှိ ရှိတာလေးတွေနဲ့ ဒုက္ခဆင်းရဲခံ လုပ်နေကြတဲ့ လူငယ်လေးတွေ၊ တော်လှန်ရေးသမားတွေကို စော်ကားသလိုမျိုး ဖြစ်နေလို့။
စစ်ကြောင့် ပျက်စီးမှု၊ သွေးထွက်သံယိုမှု၊ ဆိုတာတွေကို ဘယ် ပြည်သူအများစုကမှ မလိုလားကြပါဘူး။
ဒါပေမယ့် စစ်ဆိုတာ လိုအပ်လာရင်၊ ရှောင်လွှဲလို့မရရင်၊ ကြုံကြ၊ ဆုံကြရမှာပါပဲ။
ဒီကနေ့ ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် တိုင်းပြည်ကိုချစ်ကြတဲ့၊ ကောင်းစားစေချင်ကြတဲ့ မြန်မာနိုင်ငံသားတွေ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာပွဲတွေကို ပုံစံ အမျိုးမျိုးနဲ့ ပြုလုပ်၊ တော်လှန်ရေးအတွက် လိုအပ်တဲ့ငွေကို တတပ်တအား ရှာပေးနေကြတာ ဘာကြောင့်လဲ?
ဒီ နွေဦးတော်လှန်ရေးကို ယုံကြည်ကြလို့ပေါ့။
စစ်ကျွန်ဘဝကို ဘယ်သောအခါမှ ပြန်မသွားချင်ကြတော့လို့ပေါ့။
အကြမ်းမဖက်၊ ငြမ်းချမ်းစွာ တောင်းဆိုခဲ့ကြတာကို ပစ်သတ်လို့၊ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းပေါ်ကို ရောက်လာကြရသူတွေရဲ့ တော်လှန်ရေးကို ယုံကြည်ကြလို့ပေါ့။
အလှူရှင်ဆိုတာ သူ့ကိုယ်ပိုင်ငွေကြေးကို သူဖြစ်စေချင်တာ၊ လှူချင်တာကို သူ့ဆန္ဒအတိုင်း လှူခွင့်ရှိတယ် ဆိုတာကို နားလည်ကြပါတယ်။
ဒီတော့ ယနေ့ ပြည်သူတစ်ရပ်လုံးက ဆင်နွှဲနေတဲ့ လက်နက်ကိုင်တော်လှန်ရေး ကို ယုံကြည်ရင်၊ လှူချင်ရင် "နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲ" တွေကို လာလှူနိုင်ပါတယ်။
သေနတ်တွေ ဝယ်မှာမို့လို့ မလှူချင်ဘူး ဆိုရင် အဲဒီပွဲတွေကို မလာနဲ့ပေါ့။ ရှင်းပါတယ်။
ဒီလိုပဲ "နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲ" ဆိုပြီး ခေါင်းစဉ်တပ် အလှူခံတာဆိုရင်၊ ရရှိလာတဲ့ ငွေကြေးတွေဟာ ပြည်တွင်းမှာ အမှန်တကယ် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဆီကိုပဲ ရောက်သင့်တယ်။
တော်လှန်စစ်ပွဲတွေ ဆင်နွှဲမှတော့ သေပျောက်မှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ သွေးထွက်သံယိုမှုတွေ ဆိုတာ ရှိလာရ၊ ရင်ဆိုင်ကြရမှာပါပဲ။ အခုချိန်က ရွှေပြည်အေးတရားဟော၊ စေ့စပ် ဆွေးနွေးရမယ့် အချိန်လည်း မဟုတ်တော့ဘူး။
လက်နက်ကိုင် တော်လှန်ရေး ဆိုတာ မည်မျှခက်ခဲ ကြမ်းတမ်း ပင်ပန်းဆင်းရဲသလဲ ဆိုတာ အမှန်တကယ် ဖြတ်သန်းဖူးသူတိုင်း သိကြပါတယ်။
၁၉၈၈ ခုနှစ်ကုန်ပိုင်း တောတွင်းမှာ လက်နက်ကိုင်တော်လှန်ရေး စတင် ဆင်နွှဲခဲ့ချိန်တုန်းက ကျွန်တော်တို့ ကျောင်းသား အဖွဲ့အစည်းကို ဘယ်နိုင်ငံ အစိုးရကမှ လက်နက်ခဲယမ်းတွေ မကူခဲ့၊ မလှူခဲ့ကြဘူး။
နယ်မြေခံ တိုင်းရင်းသားတွေ ကျွေးတဲ့ထမင်းနဲ့ ပြည်ပရောက် မြန်မာအနည်းငယ်က ကူညီထောက်ပံ့တာလေး တွေနဲ့အသက်ဆက်ခဲ့ကြရတယ်။
တပ်ရင်းအသီးသီးမှာ လူအင်အားကရှိပြီး၊ လက်နက်က လက်ချိုးရေလို့ရတဲ့ အရေတွေက် နည်းနည်းပဲ ရှိကြတော့ အခု PDF လူငယ်တွေ အစပိုင်းကလိုပါပဲ။
တိုက်မယ့်လူတွေကရှိပြီး၊ လက်နက်ကမရှိ ဆိုတာမျိုးပေါ့။
နောက်တော့ နိုင်ငံခြားက ဘာသာရေးဆိုင်ရာ အဖွဲ့အချို့နှင့် အစိုးရတွေနဲ့မသက်ဆိုင်တဲ့ အဖွဲ့ Non-Governmental Organization (NGO) တွေက လူသားချင်း စာနာထောက်ထားကူညီတဲ့ အနေနဲ့ Humanitarian aids ဆိုပြီး လာလှူကြတာတွေ ရှိလာတယ်။
လူသားချင်း စာနာထောက်ထားကူညီတာ ဆိုတော့ ရိက္ခာနှင့်ဆေးဝါးကိုပဲ ဝယ်ယူဖို့ ဆိုပြီး လာလှူကြတာပေါ့။
ကျွန်တော်တို့က သူတို့လာလှူတဲ့ငွေတွေကို ရိက္ခာ ဆန်၊ ဆား၊ ငပိ နဲ့ဆေးဝါးတွေ ဝယ်တာလည်းဝယ်။ သေနတ် တစ်လက်စ၊ နှစ်လက်စနဲ့ကျည်ဆန်ကို သူတို့မသိအောင် ဝယ်တာလည်းဝယ် လုပ်ခဲ့ကြတာပေါ့။ တပ်ရင်းတိုင်း လိုလို ပါပဲ။
နောက်တော့ ဘာဖြစ်လာသလဲဆိုတော့ အဲဒီအဖွဲ့တွေက သူတို့လှူတဲ့ငွေတွေကို ရိက္ခာနှင့်ဆေးဝါးပဲ ဝယ်ပါ။ လက်နက်၊ခဲယမ်းတွေ မဝယ်ဖို့။ တကယ်လို့ ကျွန်တော်တို့က သူတို့ပြောသလိုမလုပ်ပဲ လက်နက်ခဲယမ်းတွေ ဝယ်နေရင်၊ ပေးနေတဲ့ အကူညီတွေ ရပ်ပစ်မယ် ဖြစ်ပါလေရော။
အဲဒီမှာ ကျွန်တော်တို့ အနေနဲ့ကလည်း ကိုယ့်တော်လှန်ရေးမှာ လိုအပ်တာ၊ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ၊ မကြေလည်ရင်လည်း မကူပါနဲ့၊ ရတယ် ဆိုပြီး အမှန်အတိုင်းပဲ အကြောင်းပြန်လိုက်တယ်။
အဓိက ကတော့ ငွေရဖို့အတွက် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်တွေ ယိမ်းယိုင်တာမျိုး၊ တွေဝေတာမျိုးတွေ မဖြစ်စေလိုလို့ပါ။
ဒီအကြောင်းတွေ ကျွန်တော်ပြန်ရေးပြရတာက ပြီးခဲ့တာတွေ ပြန်လှန်နေတာမဟုတ်ပါဘူး။
ကျွန်တော်တို့ တော်လှန်ရေးမှာ ယုံကြည်ချက် ယိမ်းယိုင်မသွားဖို့က အဓိက အရေးကြီးပါတယ်။
လက်နက်ကိုင်တော်လှန်မှပဲ ရတော့မယ်ဆိုတာ ဆုံးဖြတ်ခဲ့ပြီး အိမ်ကနေ ထွက်လာခဲ့ကြတယ်။ ယုံကြည်ရာကို ကြိုးစားပြီး အတတ်နိုင်ဆုံး လုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှ စားဝတ်နေရေး အပေါ် မူတည်ပြီး Non-violent ဆိုပြီး လမ်းကြောင်း ပြောင်းသွားသူ အချို့ ရှိခဲ့လို့ပါ။
အခက်အခဲအမျိုးမျိူးကြောင့် ဘယ်ကမှ အကူအညီမရလို့၊ လက်နက်မရှိလို့၊ အင်အားမမျှလို့၊ နယ်မြေအတွင်း ဆက်လက် ရပ်တည်ခွင့် မရတော့လို့၊ စသည်ဖြင့် အခြေအနေ အချိန်အခါအရ အားမတန် မာန်လျှော့၊ တော်လှန်ရေးကနေ ခဏ ဘေးထွက်သွားရတဲ့ ရဲဘော်ရဲဘက် တွေလည်း ရှိခဲ့ပါတယ်။
တချို့လည်း တတိယနိုင်ငံတွေကို အပြီးတိုင် ထွက်ခွာသွားကြတယ်။
ဒါပေမယ့် သူတို့ တော်လှန်ရေးနယ်မြေမှာ ရှိနေခဲ့ကြချိန်မှာ တော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့ကြတယ်။ အရေးကြီးတဲ့ တိုက်ပွဲကြီးတွေမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတယ်။
တော်လှန်ရေးက ထွက်သွားပေမယ့်လည်း၊ သူတို့ရဲ့ မူလယုံကြည်ချက်က ပျောက်မသွားဘူး။
ဆက်လုပ်နေနိုင်တဲ့ အဖွဲ့အစည်းတွေကို အနှောက်အယှက် မဖြစ်အောင် နေခဲ့ကြတယ်။
အဲဒီ ရဲဘော်ဟောင်းတွေဟာ ဒီကနေ့ Gen Z လူငယ်တွေရဲ့ တော်လှန်ရေးကို အပြည့်အဝထောက်ခံ အားပေးရင်း ပြည်ပမှာ ရန်ပုံငွေ ရှာဖွေပေးရာမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြဆဲပါပဲ။
၁၉၈၈ ခုနှစ်၊ စောမောင်တပ် ဟန်ပြအာဏာ သိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့တော်လှန်ရေး စလုပ်ခဲ့တဲ့အချိန်တုန်းက အခုလို Internet တွေ၊ လက်ကိုင်ဖုန်းတွေ၊ Facebook တွေ မရှိသေးဘူး။ ဖုန်းဖွင့်လိုက်တာနဲ့ ကမ္ဘာလောကကြီးမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ချက်ချင်း သိနိုင်တဲ့ခေတ် မဟုတ်သေးဘူး။
ပြည်တွင်းမှာကလည်း သတင်းအမှောင်ချထားတော့၊ နယ်စပ်ဒေသနဲ့တောတွင်းမှာ ကျောင်းသားတွေ တိုက်ပွဲပေါင်းများစွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့်အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာတွေ၊ ကျဆုံးသွားသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူတွေ၊ ငှက်ဖျားနှင့်ရောဂါပေါင်းစုံကြောင့် သေဆုံးသွားသူတွေ၊ ပျောက်ဆုံးသွားသူတွေ၊ ဒီအကြောင်းတွေ ပြည်တွင်းက ပြည်သူတွေ မသိခဲ့ကြဘူး။
ကျောင်းသားတွေ ကရင့်တော်လှန်ရေးတပ်တွေနဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့ကြတာ တိုက်ပွဲပေါင်းများစွာ မရေမတွက်နိုင်အောင်ပါပဲ။
နဝတရဲ့ ၂နှစ် ကြာအောင်တိုက်ပြီး မရခဲ့တဲ့ ၁၉၉၁-၉၂ နာမည်ကျော် မာနယ်ပလောတိုက်ပွဲနှဲ့ ကော်မူးရာ(ဝမ်းခ)တိုက်ပွဲ၊ အဲဒီတိုက်ပွဲ ၂ ခုထဲမှာတင် နဝတ စစ်တပ်က စစ်သား တစ်ထောင်ကျော် သေပြီး ပြန်ဆုတ်သွားခဲ့ရတယ်။
အခြေအနေမဟန်တော့မှ ထိုးစစ်ခေါင်းဆောင် မောင်လှက ၁၉၉၂ ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့မှာ အပစ်အခတ်ရပ်စဲတယ် ဆိုပြီး ထလုပ်တယ်။
သူတို့က ထုံးစံအတိုင်း လိမ်ညာ၊ သတင်းအမှောင်ချထားခဲ့တော့၊ ပြည်သူတွေက သူတို့ရှုံးတာ အမှန်ကို ဘယ်သိပါ့မလဲ။
(ကရင့်တော်လှန်ရေးတပ်မှ အချို့ခွဲထွက်ပြီး DKBA အဖွဲ့ဆိုပြီး ထူထောင်၊ နဝတနှင့်ပူးပေါင်းသွားပြီး အဲဒီ DKBA တပ်ဖွဲ့ တွေ ရှေ့ဆောင်လမ်းပြ ဝင်တိုက်တော့မှ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့ကျမှ မာနယ်ပလောကို လွယ်လွယ်လေး ရသွားတာပါ။ နဝတ စစ်တပ်ရဲ့အစွမ်းအစကြောင့် မဟုတ်ပါ)
နှစ်(၂၀)အတွင်းမှာ ကျောင်းသား တစ်ထောင်ခန့် သေကြေ၊ဒဏ်ရာရခဲ့ကြတယ်။
ရန်သူက အရှင်ဖမ်းမိပြီး၊ ရွာလည်ခေါင် ပြည်သူရွာသားတွေရှေ့မှာ ကြိုးချည်၊ တရွတ်တိုက်ဆွဲ၊ ရိုက်နှက် ကန်ကြောက်၊ ဓါးနဲ့မွှန်း၊ နှိပ်စက်နေတာတောင် အံကြိတ်ခံပြီး၊ ရပ်ကြည့်နေတဲ့ ရွာသားတွေကြားထဲမှာ ရှိနေတဲ့ ကိုယ့်ရဲဘော်ကို ဖေါ်မပြောပဲ အသက်အသေခံသွားတဲ့ ABSDF ကျောင်းသားရဲဘော်တွေ၊ ဒဏ်ရာနဲ့ တိုက်ပွဲမှာ အရှင်ဖမ်းမိသွားပြီး အရှင်လတ်လတ် ရင်ခွဲအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေ၊ လာတွေ့တဲ့ ဖခင်ဖြစ်သူနဲ့ ဒီနေ့ ထမင်း လက်ဆုံစား၊ နောက်နေ့မနက် တိုက်ပွဲမှာ ကျသွားရတဲ့ကျောင်းသား၊ ဒီအကြောင်းတွေ ပြည်တွင်းက ပြည်သူ အများစုက မသိခဲ့ကြဘူး။ ပြောရရင်တော့ အများကြီးပေါ့။
ကိုယ်ယုံကြည်ရာကို အသက်ပေး တာဝန်ကျေပွန်သွားခဲ့တဲ့ တော်လှန်ရေးသမားတွေ ခေတ်အဆက်ဆက်မှာ အများကြီး ရှိခဲ့ကြတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ဦးဆောင်တိုက်ပွဲဝင်နေကြတဲ့ သားကောင်း၊သမီးကောင်း လူငယ်လေးတွေ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိပါတယ်။
ဒီလူငယ်တွေနှင့် စစ်မှန်တဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့နောက်မှာ အုတ်တံတိုင်းကြီးလို ကျွန်တော်တို့ ပြည်သူလူထုက မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုပါတယ်။
အာဏာရှင်စံနစ် အလုံးစုံ ပျက်သုဉ်းရေးအတွက် နွေဦးတော်လှန်ရေးဟာ အခုဆိုရင် အမြင့်ဆုံး လက်နက်ကိုင် တော်လှန်ရေး အဆင့်ကို ရောက်ရှိနေပြီမို့ စစ်ရဲ့အနိဌာရုံတွေ၊ မုန်တိုင်းလိုအရာတွေကိုတော့ အနည်းနှင့်အများတော့ ကြုံတွေ့ ဖြတ်သန်းကြရဦးမှာပါ။
မုန်တိုင်း လွန်သွားတဲ့ အချိန်မှာတော့
ပြည်သူတွေ မျှော်လင့် တောင့်တနေခဲ့ကြတဲ့ အေးချမ်းသာယာ ပျော်ရွှင်မှုတွေကို ပြန်လည်ရရှိကြမှာ ဧကန် မလွဲပါ။
တော်လှန်ရေးတစ်ခု အောင်မြင်စေဖို့၊ ယုံကြည်ချက်နှင့် ရပ်တည်ချက် ခိုင်မာဖို့လည်းလိုပါတယ်။
၈၈ အရေးတော်ပုံကာလမှာ လက်နက်မဲ့ ကျောင်းသားပြည်သူတွေ ပေတရာလမ်းမတွေပေါ်မှာ မောင်းပြန် ရိုင်ဖယ်သေနတ်တွေနှင့် ရက်ရက်စက်စက် ပစ်သတ်ခံရတယ်။ ဒိအရင် 7 July၊ ဦးသန့်၊ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားများ၊ မှိုင်းရာပြည့် စသည်ဖြင့် လူ့အသက်တွေကို တန်ဘိုးမထားခဲ့သော စစ်အာဏာရှင်ဆီမှာ လူသားချင်း စာနာထောက်ထားမှုတို့၊ နူးညံ့သောနှလုံးသားတို့ ရှိမှာမဟုတ် ဆိုတာ မြင်မိတယ်။
သည်တော့
ကောက်ကျစ် စဉ်းလဲတဲ့ ရန်သူကို အနုနည်းနှင့်တိုက်လို့ ဘယ်လိုမှ မရနိုင်ဘူး ဆိုပြီး ကျွန်တော် ခံယူလိုက်တော့တယ်။
ဘယ်လို ပြန်တိုက်မလဲ ဆိုတာ စဉ်းစားကြည့်မိတော့
လက်နက်ကိုင် တော်လှန်ပြန်တိုက်မှပဲ ရတော့မယ် ဆိုပြီး ယုံကြည်မိတယ်။
ယုံကြည်ရာကို အကောင်အထည်ဖေါ်ဖို့ဘို့အတွက် တော်လှန်ရေးအင်အားစုတွေ ရှိရာကို ထွက်ခွာလာခဲ့ လိုက်တယ်။
လက်နက်ကိုင်တော်လှန်ရေးကို ယနေ့အချိန်အထိ ကျွန်တော် ယုံကြည်ချက် ခိုင်မာနေဆဲ ပါပဲ။
ဒါ့ကြောင့်လည်း ၁၉၈၈ စက်တင်ဘာလ၊ နေအိမ်က ထွက်ခွာလာခဲ့ပြီးကတည်းက ယနေ့အချိန်အထိ စစ်အုပ်စုကို အောက်ကျခံပြီး တစ်ခေါက်မျှ အိမ်မပြန်ခဲ့။
အကြောင်းကြောင်းကြောင့် တော်လှန်ရေးနယ်မြေကို စွန့်ခွာခဲ့ရပေမယ့်လည်း ဆက်လက် တော်လှန်တိုက်ပွဲဝင် နေသူများကို ကျွန်တော် အမြဲ လေးစားမှုပေးခဲ့တယ်။
ဓမ္မနှင့် အဓမ္မ တိုက်ပွဲမှာ ကျွန်တော် ဓမ္မဘက်မှာ အစဉ်အမြဲရပ်တည်လျက်။
ဘယ်နေရာပဲ ရောက်ရောက်၊ ကျွန်တော့်ကိုယ် ကျွန်တော် "ငါ တာဝန် မကျေသေး" လို့ အမြဲ နှလုံးသွင်းပါတယ်။
ကျွန်တော့်အတွက် "တာဝန်ကျေသောနေ့" ဆိုတာ စစ်သူခိုးမျိုးဆက် လုံး၀ ချုပ်ငြိမ်း ပျောက်ကွယ်သွားသည်အထိ တော်လှန်ရေးမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကျရာတာဝန် ထမ်းဆောင်ရင်း ပြည်သူတွေ အကြွင်းမဲ့ အောင်ပွဲရအောင် စွမ်းဆောင်နိုင်သောနေ့ကို သတ်မှတ်ထားပါတယ်။
တော်လှန်ရေး အောင်မြင်ဖို့ စိတ်အား၊ လူအား၊ ငွေအား၊ တတ်နိုင်သမျှ အစွမ်းကုန် စိုက်ထုတ်ကြိုးစားကြရပါမယ်။
ရပ်တည်ချက်နှင့် ပက်သက်လို့ တွက်ချက်ပြီးမှ သာသည့်ဘက်ကို လွယ်လွယ် ကူးပြောင်းတတ်သည့် သာကူးများကိုတော့ ရပ်တည်ချက် မခိုင်မာမှုအတွက် ကျွန်တော် ဘယ်သောအခါမှ အယုံအကြည်ရှိမှာ မဟုတ်ပါ။
သို့ပေမယ့် သာသည် နာသည် မတွက်ပဲ၊ ကိုယ့်အသိစိတ်နှင့်ကိုယ် အမှန်တရားဘက်သို့(ဓမ္မဘက်သို့) ကူးပြောင်းလာသူများ ကိုတော့ ယုံကြည်ချက်မခိုင်မာသူများလို့ ကျွန်တော် မသတ်မှတ်ပါ။ ဥပမာ လက်ရှိ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသော အရာရှိ၊ အရာခံ၊ အကြပ်တပ်သား စစ်သားဟောင်းများနှင့် CDM ဝန်ထမ်း များ။
သူတို့ ဘက်ပြောင်းလာတာ သာသည့်ဘက်ကို ကူးလာတာ မဟုတ်ပါ။
မှန်ကန်တဲ့ဘက်ကို ယုံကြည်လို့ ရပ်တည်ချက် ပြောင်းလာခဲ့ကြတာပါ။
သူတို့ ကူးပြောင်းလာချိန်မှာ သူတို့အတွက် ဘယ်လောက် အန္တရာယ်ကြီးမားသလဲ ဆိုတာ သူတို့ အသိဆုံးပါ။
အခု
တော်လှန်ရေးက မပြီးသေးပါ။
မာရသွန် ပြေးပွဲတစ်ခုမှာ တာစလွှတ်လိုက်တဲ့ အချိန်၊ ဝင်ပြေးကြတဲ့သူတွေ ကတော့ အများကြီးပေါ့။
ဒါပေမယ့် အားလုံး ပန်းတိုင်ဝင်အောင် မပြေးနိုင်ခဲ့ကြဘူး။
ပန်းတိုင်ရောက်အောင် ပြေးနိုင်တဲ့သူတွေထဲမှာ ကိုယ် ပါနိုင်အောင် ကြိုးစားကြရမှာ။
စစ်ကျွန်ဘ၀ ပြန်မရောက်စေဘို့ အဓိကကျတဲ့ လက်နက်ကိုင်တော်လှန်ရေးကနေ တွေဝေ ယိမ်းယိုင်မသွားကြဘို့က အရေးကြီးပါတယ်။
ခြုံပြီးပြောရလျှင်တော့
အောင်မြင်သော တော်လှန်ရေးတစ်ခုအတွက်
▪ ပြည်သူလူထုရဲ့ ထောက်ခံမှု …
▪ ရုပ်ဝထ္ထုပစ္စည်းအရ လက်နက်၊ ကျည်၊ ရိက္ခာ၊ ဆေးဝါး …
▪ ယုံကြည်ချက်၊ ရပ်တည်ချက် ….. ဆိုတာတွေ ခိုင်မာဖို့ လိုပါတယ်။
တကယ်တော့ ဖက်ဆစ် နာဇီ ကျဆုံးမှုနှင့် ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ပေးခဲ့တာက စစ်ရေးအောင်မြင်မှုနှင့်ပါ။
ဟစ်တလာနဲ့တိုဂျိုကို မေတ္တာတရား ရှေ့ထားပြီး အောင်နိုင်ခဲ့တာ မဟုတ်ပါ။
လေးစားစွာဖြင့်
သီရိညွန့်
#ပန်းတိုင်ရောက်အောင်ပြေးမယ့်သူများ
၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့
(ဓါတ်ပုံ - ဒုတိယကမ္ဘာစစ်က စလို့ ပုံမှန် စစ်တပ်တစ်ခုမှာ တပ်ခွဲလိုက် အသုံးပြုနေကျ အလွန်အသုံးဝင် ထိရောက်တဲ့ အထောက်အကူပြု လက်နက်ကြီးတစ်ခု ဖြစ်တဲ့ 60 mm mortar ရဲ့ ပုံပါ။ အမေရိကန်ပြည်ထောင်စုက စတင် တီထွင် ထုတ်လုပ်ခဲ့တာပါ။ မြေပြင်တိုက်ပွဲတွေရဲ့လိုအပ်ချက်အရ မူလ 81 mm mortar (M1 Mortar) ကို သူ့ထက်ပိုမိုပေါ့ပါးပြီး၊ သယ်ပို့ရ ပိုလွယ်ကူတဲ့ Light-weight mortar အဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခဲ့တာပါ။ ၆၀ မမ ကို M2 Mortar လို့လည်း ခေါ်ကြပါတယ်။
ဒီမော်တာကို ပစ်ဖို့အတွက် ပစ်မိန့်ပေးမယ့် Squad leader တစ်ယောက်၊ ကျည်ထဲ့ ပစ်မည့်သူနှင့် အကူပစ်မည့်သူ တစ်ယောက်၊ ကျည်သယ်မယ့်သူ ၂ ယောက် လောက်တော့ လိုအပ်ပါတယ်။ မော်တာပြောင်းရဲ့ အောက်ခြေအပိတ်ပြားပေါ်မှာ Firing Pin ရှိတာကြောင့် ကျည်ကို ပြောင်းဝကနေ ကျည်ဖူးကို အပေါ်ဘက်ထားပြီး ပြောင်းထဲ ထည့်ပစ်ရတာပါ။ ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေမှာ ယခုအချိန် အထိ ထိရောက်စွာ သုံးစွဲနေဆဲဖြစ်တဲ့ လက်နက်ကြီး တစ်ခုပါ။)

01/06/2022

#မျိုးဆက်သစ်သို့
သီရိညွန့်
၂၀၂၁ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့

Videos (show all)

#သွေးနီညတေးရေး/ဆို - သီရိညွန့်
#မျိုးဆက်သစ်သို့သီရိညွန့်၂၀၂၁ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့