Moe Tain Nyo

Moe Tain Nyo

Just a blogger

23/01/2024

ခေတ်အဆ‌က်ဆက်မှာ စိန်တို့ ရွှေတို့ ကျောက်သံပတ္တမြားတို့ ကိုလူတွေ သဲသဲလှုပ်လိုချင်ကြတယ်ဗျ။ တစ်ချို့လူတွေနားမလည်တာက အဲဒါတွေက ဖလှယ်ရ ဂုဏ်သတ္တိပဲရှိတာ ဆိုတာကို။ ပိုက်ဆံလိုပဲ။
အသုံးဝင်မှု ‌အနေနဲ့ ပြောရရင် Smart ဖုန်းတစ်လုံးက စိန်တစ်ပွင့်ထက် လူတွေအတွက် အသုံးဝင်တယ်။ ကားတစ်စီးက ရွှေတစ်ပိဿာထက် အသုံးဝင်တယ်ဗျ။ ပါရာစီတယ်မော တစ်လုံးက ကျောက်တစ်ပွင့်ထက် အရေးကြီးတယ်။ (ကျောက်တစ်ပွင့် ပေးရုံနဲ့ ပါရာစီတယ်မောတွေ အများကြီးရနေတဲ့ ဖလှယ်ရ ဂုဏ်သတ္တိရှိ နေလို့သာ)
ရွှေလိုဟာမျိုးမှာရှိတာ ဖလှယ်လို့ရတဲ့ တန်ဖိုး။ ငွေစက္ကူကသာ ပျောက်ပျက်သွားနိင်တယ် ရွှေတန်ဖိုးက ကျွန်တော်တို့ ကမ္ဘာပေါ်မှာတော့ ပျောက်ပျက်ဖို့ မလွယ်ဘူး။ အဲဒါမျိုးကို ပညာရှင်တွေက Imagined Reality လို့ခေါ်ကြတယ်။ လူများစု လက်မခံတဲ့ တစ်နေ့မှာ အဲဒါတွေက ဘာတန်ဖိုးမှ မရှိတော့ဘူးတဲ့။
ဇာတ်ကားတွေမှာ တွေ့ဖူးမှာ‌ပေါ့ အာဖရိကက လူရိုင်းတွေဆီကနေ ချောကလက်နဲ့ စိန်နဲ့ လဲတာမျိုး။ လူရိုင်းတွေက ဖလှယ်လို့ရတာ မသိလို့။
အာကာသ သိပ္ပံပညာရှင်တွေက အလင်းနှစ် လေးဆယ်လောက် ဝေးတဲ့ နေရာမှာ 55 Cancri e လို့ နာမည်ပေးထားတဲ့ planet တစ်ခုတွေ့ထားသတဲ့။ သူတို့ရဲ့ တွက်ချက်မှုတွေအရ အဲဒီ Planet က ကမ္ဘာထက် နှစ်ဆကြီးပြီး Planet တစ်ခုလုံး စိန်တွေနဲ့ ဖွဲ့စည်းထားတာတဲ့။ အဲလို Planet မျိုးမှာဆိုရင် လမ်းခင်းရင်တောင် စိန်နဲ့ ခင်းရမှာပေါ့။ အဲဒီမှာဆို ကျောက်ခဲက စိန်ထက် ပိုတန်ဖိုးရှိမှာပေါ့။
မိုးတိမ်ညို
Jan 2024

16/06/2023

သမာအာဇီဝ
**********************
မဂ္ဂင်ရှစ်ပါးထဲမှာပါတဲ့ သမာအာဇီဝနဲ့ အသက်မွေးဝမ်းကျောင်းမပြုပဲ တရားရနိုင်သလား။
အရင်က ဆိုးချင်တိုင်းဆိုး လုပ်ချင်တိုင်းလုပ်ခဲ့ပြီး အသက်ကြီးမှ တရားရှာဖို့ကြိုးစားရင် ရနိုင်သလား။
အဲလိုဆိုးခဲ့တဲ့သူတွေက မဟုတ်တာတွေလုပ်ချင်တိုင်းလုပ်ခဲ့ပြီးမှ တရားရနိုင်သလား (အမှန်တော့ ကိုယ်လုပ်ခဲ့တဲ့ အကျိုးဆက်ကိုကြောက်လို့) ကံကံ၏အကျိုးကို ရှောင်လွှဲနိုင်သလားလို့ မေးလာရင် အင်္ဂုလိမာလကို ဉပမာပေးပြီး စိတ်ဖြေကြတယ်။ ဒီလောက် ဆိုးသွမ်းခဲ့ လက်ညှိုးတွေဖြတ်လူတွေသတ် အမေအရင်းတောင် သတ်ဖို့ ကြိုးစားတဲ့ လူမိုက်ကြီးတောင် ရဟန္တာ ဖြစ်သေးတာပဲဆိုပြီး။ ဒါလည်း Probability/Statistics ကိုနားမလည်လို့ပါပဲ။ လူတစ်ထောင် တစ်သောင်း တစ်သိန်း တစ်သန်း လောက်မှာ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တဲ့ ဟာကို ကိုးကားတာပါ။
သမာအာဇီဝနဲ့ အသက်မွေးတဲ့သူတစ်ယောက်မဟုတ်တဲ့ ဉပမာ လူဆိုးဂိုဏ်ခေါင်းဆောင် ဖြစ်ဖြစ်၊ ဒမြဖြစ်ဖြစ်၊ ဝိသမလောဘစီးပွားရေးသမားဖြစ်ဖြစ်၊ လာဘ်စားတဲ့ အစိုးရဝန်ထမ်းဖြစ်ဖြစ်ပေါ့။ အသက်တွေကြီး အနားယူမှ အေးအေးချမ်းချမ်းနေ တရားဘာဝနာလုပ် ဆိုရင် အောင်မြင်နိုင်ပါ့မလား။ လူများစု အတွက် အဖြေကတော့ နိုးပါ။ ဘာလို့လဲဆိုတော့ အဲလို စိတ်မျိုး (တရားမျိုး) ဆိုတာ နှစ်ပေါင်းများစွာ အသေးအဖွဲလေးက အစ လေ့ကျင့်ခဲ့မှရမှာပါ။ အနားယူမှ ဝုန်းခနဲ ထလုပ်တာမျိုးက ပါရမီရှိလွန်းမှ (တစ်သိန်း တစ်သန်းမှာ တစ်ယောက်လောက်) မှ ရမှာပါ။
ဉပမာ ပင်စင်မယူမချင်းလာဘ်စားလာ တဲ့ အစိုးရ ဝန်ထမ်းတစ်ယောက် ပင်စင်ယူတဲ့ အချိန်မှာ သူ့ရဲ့ စိတ်သန္တန် က တရားအတွက် ဘယ်လိုမှ အဆင်သင့် မဖြစ်နိုင်ဘူး။ အသက်ကြီးလို့က အလုပ်နားလိုက်ရလို့ မနားရရင် ဒါမျိုးပဲ ဆက်လုပ်နေဦးမယ်ဆိုတဲ့ လူမျိုး ဘယ်လိုမျိုးမှ တရားမရနိုင်ပါဘူး။ စိတ်ကို အနှစ်နှစ်အလလ အသေးအဖွဲလေးက အစပြင်ဆင်လာရမှာပါ။ တကယ် တရားကို ချစ်ခင်တဲ့သူဆိုရင် အဲလို အလုပ်ကတော့ စောစောစီးစီး ရုန်းထွက်ဖို့ ကြိုးစားမှာပါ။ ရုန်းမထွက်ခဲ့ဘူးဆိုတာကလည်း သူ့ရဲ့ စိတ်က တရားအတွက် အဆင်သင့် မဖြစ်လို့ပါ။
အဲဒီတော့ အနားယူပြီးမှ တရားထလုပ်တဲ့သူရာနုန်းအများစုကတော့ ကံကံ၏အကျိုးကို ဘယ်လိုမှ ရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်စိတ်က ပြင်လို့ဘယ်လိုမှ မရတော့လို့ပါ။ ကိုယ်လုပ်ခဲ့တာတွေရဲ့ အကျိုးဆက် Consequences ကို ခံရမှာပါပဲ။
June 2023
မိုးတိမ်ညို

26/03/2023

သောကြာဂြိုလ်ကြီး လနဲ့ နီး
*******
သောကြာဂြိုလ်ကြီး လနဲ့ နီးတော့ လူတွေက အတိတ်နိမိတ် မျိုးစုံ ကောက်ကြပါတယ်။ ကျွန်တော်တို့ မြန်မာတွေက More Logical ဖြစ်တဲ့ နိမိတ်ထက် Less Logical ဖြစ်တဲ့ အတိတ်ကို ပိုအလေးထားကြ သလိုပဲ။

လနဲ့ ဂြိုလ်တစ်ခုနဲ့ နီးသွားတာ ကမ္ဘာပေါ်က လူသားတွေအတွက် ဘာ effect ရှိနိုင်လဲ။ ရှေးတုံးက ဆရာကြီး တွေ ဂြိုလ်စီးဂြိုလ်နင်းတွေကြည့် ပြီး ဘာလို့ ရှေ့ဖြစ်တွေဟောခဲ့ကြသလဲ။ Scientifically စဉ်းစားကြည့်ရင် ဖြစ်နိုင်ချေတွေ အများကြီးပါ။ စကြာဝဠာထဲက ဂြိုလ်တွေ ကြယ်တွေဆိုတာ လူတွေကို တိုက်ရိုက်ရော သွယ်ဝိုက်ပါ အများကြီး အကျိုးသက်ရောက်စေပါတယ်တဲ့။ Physically ပြောရရင် ကျွန်တော်တို့ နေ ကြီး နည်းနည်း နေရာရွှေ့သွားရင်တောင်မှ ကမ္ဘာကြီး ပျက်သွားနိုင်ပါတယ်။ ဒီထက်ပိုပြီး နူးညံ့သိမ်မွှေ့တာကတော့ ဂြိုလ်တစ်ခုနဲ့ တစ်ခု လူသားတွေကို သက်ရောက်စေတဲ့ လှိုင်းတွေ (frequency) တွေ ရှိပါတယ်တဲ့။ အဲဒါတွေက မမြင်နိုင်ပေမယ့် လူတွေကို သက်ရောက်မှု အများကြီးရှိစေနိုင်ပါတယ်။ ဥပမာ လမင်းကြီးသာနေတာကို ညအချိန် အေးအေးဆေးဆေးကြည့်ရင် စိတ်ငြိမ်းချမ်းမှု အေးချမ်းမှုရသလိုမျိုးပေါ့။

အဲဒါကြောင့် ဘယ်အချိန် ဘယ်ကာလ ဘယ်ဂြိုလ်စီးဂြိုလ်နင်းမှာ မွေးတဲ့ ကလေးက ဘာဖြစ်မယ်ဆိုတာမျိုး နိမိတ် ဖတ်ကြတာမျိုးက တကယ်တော့ ဖြစ်နိုင် ချေရှိတာကို တွက်တာပါ။ statistics and probability distribution သင်ဖူးတဲ့သူ Bell Curve နည်းနည်းပါးပါးသင်ဖူးရင် ပို နားလည်နိုင်မှာပါ။ ဥပမာ ဆိုပါစို့ ဗုဒ္ဓဟူး ဂြိုလ် (Mercury) သာနေတဲ့ အချိန်မှာ မွေးတဲ့ကလေးက အနုပညာရှင် ဖြစ်မယ်လို့ ဟောတာမျိုးက အဲဒီဂြိုလ်သာ နေတဲ့ အချိန်မှာ ထုတ်လွတ်နေတဲ့ လှိုင်း(frequency) တွေက လူရဲ့ ဦးနှောက် Brain ထဲက Neurons လေးတွေ ကို အနုပညာဖက် အားသန်အောင် လှုံ့ဆော် (stimulate) လုပ်ပေးတာမျိုးပါတဲ့။ ဒီလိုပဲ စနေဂြိုလ် ဘယ်နေရာရောက်နေတဲ့ အချိန်မှာ မွေးတဲ့ ကလေးက စစ်ဘုရင်ဖြစ်မယ်ဆိုတာမျိုးကလည်း အဲဒီဂြိုလ်က လှိုင်းက တိုက်ချင်ခိုက်ချင်စိတ် နိုင်ချင်စိတ် စတဲ့ Brain Neurons တွေကို Stimulate လုပ်ပေးလို့ပါတဲ့။ အဲလိုကြေးဆိုရင် အဲဒီအချိန်မှာ ကလေးတစ်သိန်းမွေးရင် တစ်သိန်းလုံး စစ်ဘုရင် ဖြစ်မှာလားဆိုတော့ အဲလိုတော့ ဘယ်ဟုတ်ပါ့ မလဲ။ ဥပမာ အဆိုတော် ဝါသနာပါသူတိုင်း မအောင်မြင်သလိုပေါ့။ Brain Neurons ကို Stimulate လုပ်ခံထားရတဲ့ ကလေး တစ်သိန်းထဲမှာ အရေအတွက် တစ်ချို့ကတော့ အခြေအနေ အချိန်အခါ ကံဉာဏ်ဝိရိယ အပေါ်မူတည်ပြီး တခြားသူထက် စစ်ဘုရင် ဖြစ်နိုင်ချေ ပိုများတာမျိုးပါ။

အဲဒါကြောင့် "သောကြာဂြိုလ်ကြီး လနဲ့ နီးပြည်ကြီးပျက်လတံ့" ဆိုတဲ့ အဆိုသာ တိုက်ရိုက်ယူရင် သောကြာဂြိုလ်နဲ့ လ နီး နေတာ မြင်ရတဲ့ နိုင်ငံတွေ အကုန်ပျက်ရောပေါ့။ အဲလို မဟုတ်ပါဘူး။ ဖြစ်နိုင်ချေက အဲဒီအချိန်မှာ ထွက်နေတဲ့ လှိုင်း (frequency) က လူတွေရဲ့ Brain Neurons ထဲက တစ်ခုခုကို လှုံ့ဆော်ပေး လိမ့်မယ်။ ဥပမာ မတရားမှုကို ပိုတွန်းလှန်ချင်အောင် ဒါမှမဟုတ် မှန်တယ်ထင်တဲ့ အရာကို မဖြစ်ဖြစ်အောင် လုပ်ချင်အောင် သို့မဟုတ် တော်လှန် ပုန်ကန်ချင်အောင် သို့မဟုတ် တိုက်ချင်ခိုက်ချင်စိတ် ပိုဖြစ်အောင် သို့မဟုတ် တစ်ခုခုကို မဖြစ်မနေရအောင်လုပ်ချင်တဲ့ လောဘ စသဖြင့် လှုံ့ဆော်ပေးတာမျိုးဖြစ်နိုင်ပါတယ်။ လူသန်းပေါင်းများစွာကို တပြိုင်ထည်း လှုံ့ဆော်တာမျိုးဆိုတော့ တစ်ချို့ လူတွေအတွက် ဘာမှ effect မရှိဘူးဆိုပေမယ့် လူတစ်ချို့ လူတစ်စု အတွက်တော့ effect က ပိုကြီးပြီး တစ်ခုခု ဖြစ်စေတာမျိုးပါ။

မိုးတိမ်ညို
March 2023

22/03/2023

နုတ်ဆက်စကားများ
**************
လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ဘယ်လိုနုတ်ဆက်ကြတယ် ဘယ်လို စကားလုံးတွေ သုံးတယ်ဆိုတာ ကမ္ဘာပေါ်မှာ တစ်နေရာနဲ့ တစ်နေရာ မတူကြပါဘူး။ နုတ်ဆက်ပုံတွေကလည်း သူတို့ ဒေသ အခြေအနေ ယဉ်ကျေးမှု ယုံကြည်မှု စိတ်ဝင်စားမှု အလုပ်အကိုင် အပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။

ဥပမာ အင်္ဂလိပ်တွေ Good Morning, Good Afternoon, Good Evening, Good Night စသဖြင့် အချိန်ကာလ ကို အခြေပြုပြီး နုတ်ဆက်ကြတာ သူတို့ ဆီက ရာသီဥတု ကြောင့်လို့ ဖတ်ဖူးတယ်ဗျ။ နှင်းတွေ အမြဲကျနေတော့ နှင်းစဲပြီး နေလေးနည်းနည်းပွင့်ရင် Good Morning ပေါ့။ နှင်းတွေ မစဲရင်တောင်မှ နှင်းစဲပါစေ မကြာခင် ရာသီဥတု ကောင်းပါစေ စတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။

ရှမ်းပြည်ဖက်က ရှမ်းတစ်ချို့ကြတော့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး ပြန်ရင် "ဖြေးဖြေးသွားနော်" တဲ့။ ဘာလို့ အဲလို နုတ်ဆက်တာလည်း စဉ်းစားကြည့်ရင် ရှေးတုံးက ရှမ်းရွာတွေက တောင်ပေါ်ရွာတွေ တောင်တက် တောင်ဆင်းတွေနဲ့။ လမ်းလျှောက်ရင် မနည်း သတိထားလျှောက်ရတာမျိုး။ အဲတော့ သွားကြပြန်ကြရင် လိမ့်မကျ လဲမကျအောင်လို့ "ဖြေးဖြေးသွားနော်" လို့ နုတ်ဆက်တာမျိုး ဖြစ်နိုင်တယ်။

မြန်မာတွေကြတော့ "နေကောင်းလား" သို့ "စားပြီးပြီလား" စသဖြင့် နုတ်ဆက်ကြတယ်။ လူတစ်ယောက်လုံး လမ်းမှာ လမ်းလျှောက်ရက်တွေ့တာ "နေကောင်းလား" မေးရတာ နည်းနည်းတော့ ဂွကျတယ်နော်။ ရှေးခေတ် ရွာတွေဖက်မှာ ရောဂါထူပြောခဲ့လို့ အဲလိုနုတ်ဆက်တာလည်း ဖြစ်နိုင်တယ်။ "စားပြီးပြီလား" လို့ နုတ်ဆက်တာတော့ အစားအသောက်ခုံမင်တဲ့ လူမျိုးမို့ဖြစ်နိုင်တယ်။ တစ်ခါတစ်လေလည်း "ဘာဟင်းချက်လည်း" လို့ မေးတာလည်း ရှိတယ်။
ငယ်ငယ်တုံးက အညာဖက် ရေရှားတဲ့ အရပ်မှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် "ရေချိုးပြီးပြီလား" လို့ နုတ်ဆက်တာတောင် တွေ့ဖူးသေးတယ်။
မိတ်ဆွေတစ်ယောက်ပြောဖူးတယ်။ ဟိုးလွန်ခဲ့တဲ့ အပိတ်ခေတ် မဆလ ခေတ်ကဆို တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် "ဘာထူးသေးလဲ" တဲ့။ အပိတ်ခေတ်ဆိုတော့ နေ့စဉ်ဘာမှ ထူခြားတာ မရှိ ပျင်းစရာကြီးဆိုတော့ အဲလို မေးကြတာ ဖြစ်နိုင်တယ်။ ပွဲစားအချင်းချင်းတွေ့ရင် "ဒီနေ့ ပွဲဖြစ်လား" စသဖြင့် ဒါက ကိုယ့်အလုပ်အကိုင်ကို ထင်ဟပ်စေတာ။ အဲလိုစဉ်းစားကြည့်ရင် အစိုးရ ဝန်ထမ်းအချင်းချင်းတွေ့ရင် "ဂွင်ကောင်းလား" လို့ မေးမလားပဲ။

ဆိုတော့ နုတ်ဆက်စကားတွေ နုတ်ဆက်နည်းတွေက အဲဒီလူတွေ ဘယ်ဒေသကလာလည်း ဘယ်လိုအချိန်မှာ လည်း ဘာတွေစိတ်ဝင်စားသလဲ ဘာတွေ လုပ်နေလဲ စသဖြင့် ထင်ဟပ် နေလေ့ ရှိတယ်ဗျ။

ခုခေတ် 2023 မှာတော့ ကျွန်တော်တို့ မန္တလေးမှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ဘယ်လို နုတ်ဆက်လဲဆိုတော့
"မင်းတို့ဖက် မီးလာလား" တဲ့ဗျာ။

မိုးတိမ်ညို
March 2023

Website