EYE II United
အပျော်တမ်း ဖူဆယ်ဘောလုံးအသင်း
Trainning Time ✅
မြို့နယ် ဘောလုံးအားစားကွင်း
အပျော်တမ်း ခြေစမ်းပွဲ ⚽
Wisdom Eye 1 - 0 EYE II United
"ဖူဆယ်ကစားခြင်းဖြင့် သင်ရရှိနိုင်သောကျန်းမာရေး အကျိုးကျေးဇူး (၈)ရပ်"
ဖူဆယ်ပုံမှန် ကစားခြင်းဟာ သင့်အတွက် အပေါင်းအသင်းမိတ်ဆွေများတိုးပွားစေခြင်း၊ အသင်းလိုက်စုစည်းညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အကျင့် ကောင်းများရရှိစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေခြင်းတို့သာမက ကိုယ်စိတ် နှစ်ပါးစလုံးအတွက် ကျန်းမာရေး အကျိုးကျေးဇူးများကို လွတ်လပ်ပျော်ရွှင်စွာ ကစားရင်းနဲ့ အလိုအလျောက် ရရှိစေနိုင်သော အားကစားနည်းတစ်ခုဖြစ်ပါတယ်။
ဖူဆယ်ကစားခြင်းမှ ရရှိနိုင်တဲ့ အောက်ပါကျန်းမာရေး အကျိုးကျေးဇူး (၈) ရပ်ကို သိမြင်လာချိန်မှာ သင့်အနေနဲ့ ဖူဆယ်ပုံမှန်ကစားဖို့ ဆုံးဖြတ်ဖြစ်သွားဖို့ များမှာပါ။
(၁) ကြွက်သားများကို သန်မာစေခြင်း
ဖူဆယ်ကစား နည်းဟာ အင်အားထည့်ပြီး လျင်မြန် သွက်လက်စွာ ကစားရတဲ့အားကစားနည်း တစ်မျိုးဖြစ်တာကြောင့် သင့်ကြွက်သားများကို သန်မာစေပြီး ခန္ဓာကိုယ် ကြံ့ခိုင်စွမ်းရည်ကို မြင့်မားတိုးတက် စေပါတယ်။
(၂) ခန္ဓာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို အားကောင်းစေခြင်း
ဖူဆယ် ပုံမှန် ကစားခြင်းဖြင့် သင့်ခန္ဓာကိုယ်ရဲ့ရောဂါပြီးစနစ် (immune system)ကို ပိုအားကောင်းလာစေပြီး ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။
(၃) အရိုးများကို ကြံ့ခိုင်သန်စွမ်းစေခြင်း
ဖူဆယ်ကစားခြင်းဟာ ခန္ဓာကိုယ်ကျစ်လစ်သန်စွမ်းမှုကို ဖြစ်ပေါ်စေရုံသာမက ခန္ဓာကိုယ်မှ အရိုးများကို ကြံ့ခိုင်သန်စွမ်းစေပြီး ကြွက်သားစနစ်များ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ကူညီ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင်အရိုးများကို ထိခိုက်ဒဏ်ရာရခြင်းမှလဲ ကာကွယ်ပေးပါတယ်။
(၄) သွေးလည်ပတ် မှုကောင်းမွန်စေခြင်း
ဖူဆယ်ကစားရာမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လျင်မြန်စွာလှုပ်ရှားခြင်းစတဲ့လှုပ်ရှားမှုများပါ၀င်ပြီး နဖူးမှ ခြေမထိ ခန္ဓာကိုယ်ကြွက်သားများကို အသုံးပြုကစားရတာကြောင့် တစ်ကိုယ်လုံးရှိ သွေးကြောများအတွင်း သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး သင့်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ် (Cells) များကို
အောက်စီဂျင် ပိုမိုရရှိစေမှာဖြစ်ပါတယ်။
(၅) ခန္ဓာကိုယ်၏ ဟန်ချက် ထိန်းညှိမှုကို ပိုမိုကောင်းမွန်စေခြင်း
ဘောလုံး ဆွဲပြေးခြင်း၊ တစ်ဦးမှ တစ်ဦးသို့ဘောလုံးပေးခြင်း၊ဘောလုံးလိမ်ခေါက်ကစားခြင်းစတဲ့လှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းဖြင့် ဟန်ချက် ပိုမို ကောင်းမွန်စေပြီး၊ ကိုယ်အနေအထား အမျိုးမျိုးမှာ ဟန်ချက် ထိန်းညှိမှု ပိုမို ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၆) နှလုံးသွေးကြောရောဂါများမှ ကာကွယ်ပေးခြင်း
ဖူဆယ်ပုံမှန် လေ့ကျင့်ကစားခြင်းဖြင့် နှလုံးသွေးကြောရောဂါများမဖြစ်ပေါ်အောင် ကာကွယ်ပေးတဲ့အပြင် သွေးအတွင်းအဆီိဓာတ်များခြင်း၊ သကြားဓာတ်မြှင့်တက်ခြင်း၊ သွေးတိုးခြင်းတို့မှလဲ ကာကွယ်ပေးပါတယ်။
(၇) စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာတို့ကို တွန်းလှန်ပေးခြင်း
ဖူဆယ်ကစားခြင်းဖြင့်စိတ်ကိုပျော်ရွှင်စေသော (Serotonin) နှင့် (endorphins)ကဲ့သို့သော စိတ်ရွှင်လန်းတက်ကြွပြီး ကျန်းမာရေးစေရေး
အတွက် အရေးပါတဲ့ ဓာတ်များကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးရန် လှုံ့ဆော်ပေးနိုင်တာကြောင့် စိတ်ဖိစီးမှုများ၊ စိတ်ကျ ဝေဒနာများကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၈) ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးခြင်း
ဖူဆယ် ကစားနည်းဟာ လျင်မြန်သွက်လက်စွာ ဆုံးဖြတ်ကစားရတာကြောင့် ခန္ဓာကိုယ်မှ လျင်မြန်စွာ
တုံ့ပြန်ကစားနိုင်စွမ်းကို ဖြစ်ပေါ်လာအောင်လေ့ကျင့်ကစားရင်း သင့်ဦးနှောက်ရဲ့စွမ်းရည်ကိုလဲ အလိုအလျောက်မြင့်မားလာစေပါတယ်။
မူရင်းရေးသားသူ အားလေးစားစွာ Credit ပေးပါသည်။
အပျော်တမ်း ဖူဆယ်ခြေစမ်းပွဲ ⚽
EYE II United 24 - 10 Wisdom Eye Fc
အပျော်တမ်း ခြေစမ်းပွဲ ⚽
EYE II United Vs Wisdom Eye Fc
စနေနေ့ နေ့လယ် (11 - 1 ) ၊ စည်းစိမ်ရှင်ဖူဆယ်ကွင်း။
EYE II United Trainning Time ⚽
အလုံဘောလုံးကွင်း လေ့ကျင့်ခန်းဆင်းခြင်း အမှတ်တရ။
ဖူဆယ် ကောင်းကောင်း ကစားတတ်ဖို့ဆိုရင်
=============================
ဖူဆယ်ကစားရ ပိုကောင်းလာချင်သူတွေအတွက် အသုံးဝင်မယ့် ဖူဆယ်ကစားနည်းတွေ ပြောပြချင်ပါတယ်။ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ဖို့အတွက် အဆက်မပြတ်လေ့ကျင့်မှု၊ ဇွဲသန်မှု နဲ့ ဖြစ်လိုစိတ်က အရေးကြီးဆုံးပါ။ ပထမဆုံး ကိုယ်ဘယ်လိုကစားသမားမျိုး ဖြစ်လာချင်သလဲ ဆိုတဲ့ ရည်ရွယ်ချက် ရှိရမယ်။ ပြီးတော့ အဲဒီရည်ရွယ်ချက် ပြည့်ဝလာစေမယ့် ကြိုးစားမှုတော့ ရှိရပါလိမ့်မယ်။
ဘောလုံးကစားနည်းတွေ၊ ဗျူဟာတွေဆိုတာ ခင်ဗျားတို့လည်း နေရာပေါင်းစုံက သိပြီး၊ ဖတ်ပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်းစစ်ကြည့်တဲ့အခါမှာတော့ စိတ်ရှည်ဖို့ နဲ့ အချိန်က အဓိကပဲ မဟုတ်လား။ ဒါကြောင့် ပုံမှန်လေ့ကျင့်ပေးရုံနဲ့ တိုးတက်လာစေနိုင်မယ့် ဖူဆယ်ကစားနည်း ၁၅ ချက်ကို စုစည်းဖော်ပြလိုက်ပါတယ်။
၁။ ခြေဖဝါးနဲ့ ထိန်းသိမ်းနိုင်အောင် လေ့ကျင့်ပါ
အတော်ကောင်းတဲ့ ဖူဆယ်သမားတွေ ခင်ဗျား တွေ့ဖူးမှာပေါ့။ သူတို့တွေဟာ ကစားနေစဉ်အတွင်း အချိန်တော်တော်များများမှာ ဘောလုံးကို ခြေဖဝါးနဲ့သာ ထိန်းသိမ်းတတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အရှိန်နဲ့လာတဲ့ ဘောလုံးကို ထိန်းဖို့ ခြေဖဝါးဟာ အကောင်းဆုံးနေရာ ဖြစ်လို့ပါပဲ။ လေ့လာသူတွေရဲ့ ပြောစကားအရ ခြေဖဝါးနဲ့ ထိန်းသိမ်းခြင်းဟာ ဘောလုံးကို ငြိမ်စေရုံမကဘဲ ကိုယ့်အတွက် ရွေးချယ်စရာ ပိုများလာစေတယ်လို့ သိရတယ်။ ဒီနည်းကို လေ့ကျင့်ဖို့အတွက် သူငယ်ချင်းတစ်ယောက်နဲ့ အပြန်အလှန် လူပေးသည် ဖြစ်စေ၊ နံရံနဲ့ ဖြစ်စေ လေ့ကျင့်ရပါမယ်။ အဓိကက ကိုယ့်ဆီလာတဲ့ ဘောလုံးကို ငြိမ်နေအောင် ထိန်းတတ်ဖို့ပါပဲ။ ဘောထိန်းတင်မဟုတ်ဘဲ လိုချင်တဲ့နေရာ ရောက်အောင်ကန်တတ်ဖို့ပါ လေ့ကျင့်ပေးရပါမယ်။
၂။ လိုရင်းရောက်အောင် ကန်နိုင်ဖို့ လေ့ကျင့်ပါ
ကွင်းပြင်ကကြည့်ရင် လူပေးတာ သိပ်လွယ်တယ် ထင်ရပေမယ့် တကယ်တမ်းမှာတော့ ခင်ဗျားထင်သလောက် မလွယ်ပါဘူး။ ကိုယ်တိုင်ကန်ကြည့်မှသာ ဘောလုံးက လိုရာမရောက်ဘဲ သူ့စိတ်နဲ့သူများ သွားနေသလား သိလာမှာပါ။ ဒါကြောင့် ဘောလုံးကန်တဲ့အခါ ထိချက်တိကျစေဖို့ လေ့ကျင့်ပေးရပါမယ်။ ကိုယ်လိုချင်တဲ့ ပစ်မှတ်တစ်ခုချင်းစီအတွက် မှန်ကန်လုံလောက်တဲ့ အားရှိဖို့ လိုတယ်။ အကောင်းဆုံး လေ့ကျင့်နည်းကတော့ တိုင်နှစ်တိုင်ထောင်ပြီး ထောင့်ပေါင်းစုံကနေ ဝင်အောင်ကန်ဖို့ပါပဲ။ တစ်ဖြည်းဖြည်း ထိချက်တည့်လာလေ တိုင်ကို ကျဉ်းပေးလေ ပြုလုပ်သင့်ပြီး ပိုတိကျနဲ့ ကန်ချက်မျိုးပိုင်ဆိုင်လာအောင် လေ့ကျင့်ပေးရပါမယ်။
၃။ ကိုယ့် role ကိုယ်သိပါ
ဖူဆယ်ကောင်းကောင်းကန်တတ်ချင်ရင် ကိုယ်ဟာ ဘယ်နေရာနဲ့အလိုက်ဆုံးဖြစ်သလဲ သိဖို့လိုတယ်။ ဂိုးသမားတစ်ယောက်အနေနဲ့ ကိုယ့်အသင်း၊ ကိုယ့်နည်းပြ၊ ပရိသတ်တွေက ဘာကို မျှော်လင့်ထားသလဲ သိဖို့လိုသလို ပြေးလွှားရတဲ့ ကစားသမားဆိုရင်လည်း ကိုယ်ဘယ်လို role ကို တာဝန်ယူထားသလဲ နားလည်ရပါမယ်။ တော်တော်များများ နားလည်မှုလွဲနေတဲ့အချက်က ကွင်းထဲရောက်ရင် role ပျောက်သွားတဲ့ ပြဿနာပါ။ ဘယ်ခြမ်းမှာ ကစားရတဲ့သူက ညာခြမ်းထဲ ဝင်ဆော့မိပြီး ကိုယ့်တာဝန်ကိုယ် ပစ်ထားခဲ့သလို ဖြစ်တတ်တယ်။ ဥပမာ - ပွဲကအရမ်းအရေးကြီးနေလို့ ဂိုးသမားက ရှေ့တက်ပြီး အသင်းဖော်တွေကို ကူညီပေးတယ် ဆိုရင်တောင် သူ့တာဝန်က ဂိုးမပေးရဖို့ပဲ ဖြစ်တယ်။ ဒီနည်းတူ အခြားကစားသမားတွေလည်း ကိုယ့်တာဝန်ကိုယ် အပြည့်ယူရပါမယ်။ ကွင်းထဲမှာ ကိုယ့် role က ဘာလဲ၊ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ၊ ပွဲအပေါ် အာရုံစိုက်တယ်ဆိုတာ ဘာလဲ … ဒါတွေကို အပြည့်အဝ နားလည်ထားဖို့ လိုပါတယ်။
၄။ စနစ်ကျပါ
ဖူဆယ်မှာ ကစားကွက်အများကြီး ရှိသလို တစ်ခုချင်းစီမှာ သူ့ အားသာချက်၊ အားနည်းချက်ဆိုတာလည်း ရှိတယ်။ အများစုကတော့ စတုရန်း နဲ့ စိန်ပွင့်ပုံ ဆော့ကြတယ်။ အသင်းတော်တော်များများဟာ ဒီစနစ်၊ ဒီဗျူဟာကို ထပ်ဖန်တလဲလဲ လေ့ကျင့်ထားကြပေမယ့် တကယ်တမ်း ကွင်းထဲရောက်တဲ့အခါ ကိုယ့်ဗျူဟာအတိုင်း ဆော့နိုင်ဖို့က တကယ်ခက်တာပါ။ ဒါကြောင့်ပဲ ဟာကွက်တွေ၊ နေရာလွတ်တွေ ပေါ်လာရတယ်။ ဒီတော့ အရေးအကြီးဆုံးက ပွဲထွက်ကစားသမား ဖြစ်စေ၊ လူစားဝင်ကစားသမား ဖြစ်စေ အသင်းရဲ့ စနစ် ကို လုံးဝဥဿုံ ကျေညက်နေဖို့ လိုတယ်။ တိုက်သင့်တဲ့အချိန် မတိုက်ခြင်း၊ ခံစစ်ပြင်သင့်တဲ့အချိန် မပြင်ခြင်း … ဒါမျိုး ဘယ်သူမှ ဖြစ်ချင်လိမ့်မယ် မထင်ဘူး။ ဒီတော့ အသင်းလိုက်လေ့ကျင့်ကြတဲ့အခါ ကစားကွက်မျိုးစုံ စမ်းသပ်ပါ။ အသင်းသားအားလုံးနဲ့ လိုက်ဖက်တဲ့ စနစ်မျိုး ရှာဖွေပါ။ လေ့ကျင့်ပါ။ ဖူဆယ်မှာ စနစ်ကျခြင်းက အောင်မြင်ခြင်းပါပဲ။
၅။ ဘောလုံးကို နိုင်နင်းစွာ ကန်တတ်အောင် လေ့ကျင့်ပါ
ဖူဆယ်ဆိုတာ တစ်ချိန်လုံး ပြေးနေရတာ ဖြစ်လို့ ဘောလုံးကိုလည်း တစ်ချိန်လုံး ကန်နေရမှာပဲ ဖြစ်တယ်။ ဒီတော့ ကန်ချက်တိုင်းကို နိုင်နိုင်နင်းနင်း ဖြစ်နေအောင် လေ့ကျင့်ရပါမယ်။ တစ်ဖက်အသင်း ကြားကနေ ဖြတ်မယူနိုင်အောင် အားပြင်းပြင်းနဲ့ ဘယ်လိုကန်ရမလဲ သိထားရမယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်အသင်းဖော် လိုက်ရခက်လောက်တဲ့ အားပြင်းမှုမျိုး မဖြစ်ဖို့လည်း အရေးကြီးတယ်။ ကိုယ်ကန်လိုက်တဲ့ ဘောလုံးမှာ လုံလောက်တဲ့ အားနဲ့ တိကျမှု ပါဝင်နေသင့်တယ်။
ဆက်ပြောရရင် ဘောလုံးကို နိုင်နိုင်နင်းနင်း ကန်နိုင်ခြင်းဟာ လူပေးရုံတင်မကဘဲ ဂိုးသွင်းဖို့အတွက်လည်း အရေးပါတယ်။ ပါဝါ ဘယ်လောက်ထည့်နိုင်သလဲ အရေးကြီးသလို ဘယ်လောက်တိကျသလဲ ဆိုတာကလည်း စကားပြောပါတယ်။ လိုရာကန်နိုင်ဖို့အတွက်ကတော့ ပြောခဲ့ပြီးသလို အဖော်တစ်ယောက်နဲ့ လူပေးလေ့ကျင့်ခြင်း ဒါမှမဟုတ် ကိုယ့်ကန်နိုင်အား ကိုယ်ခန့်မှန်းနိုင်ဖို့ အကွာအဝေးပေါင်းစုံကနေ နံရံဆီ ကန်ခြင်း စတာတွေကို ပြုလုပ်ပေးနိုင်တယ်။ ခန့်မှန်းရခက်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက် ဘယ်ခြေ၊ ညာခြေ အစုံရနေဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် လေ့ကျင့်တဲ့အခါ သူငယ်ချင်းကို ဂိုးသမားလုပ်ခိုင်းပြီး ဂိုးသွင်းကျင့်ပါ။ ဘယ်ခြေ၊ ညာခြေကို ခြေဖမိုး၊ ခြေခွင် နေရာစုံနဲ့ ကန်နိုင်အောင် ကြိုးစားပါ။ ခြေထောက်တစ်ဖက်ချင်းစီဟာ ဘယ်လောက်ထိ ကစ်ထွက်နိုင်သလဲ သိထားသင့်တယ်။
၆။ ကွက်ကျော်မြင်တတ်ရမယ်
ကိုယ့်ဆီ ဘောလုံးရောက်လာပြီပဲ ထားပါတော့။ နောက်ထပ် ဘာဆက်လုပ်မလဲ … တော်တော်များများက ဒီအချက်ကို မတွေးဘဲ ချန်ထားတတ်ကြတယ်။ စက္ကန့်တိုင်းဟာ ဂိုးတစ်ဂိုး ဖြစ်လာနိုင်တာကြောင့် “ငါဘာဆက်လုပ်ရမလဲ” တွေးနေပြီး မဖြုန်းတီးပစ်သင့်ဘူး။ ပွဲချိန်တစ်လျှောက်လုံး ဘယ်သူတွေ၊ ဘယ်နေရာမှာရှိသလဲ ဖတ်ထား၊ မှတ်ထားရမယ်။ ဖူဆယ်ကစားသမားကောင်း တစ်ယောက်ရဲ့ မရှိမဖြစ် အရည်အချင်းတွေထဲမှာ ကိုယ့်ဆီ ဘောလုံးမရောက်ခင်ကတည်းက “ဘောလုံးရရင် ဘာလုပ်မယ်” ဆိုတဲ့ ကွက်ကျော်မြင်တတ်မှုလည်း ပါတယ်။
ဘောလုံးရလာရင် လိမ်မလား၊ ခေါက်မလား ဒါမှမဟုတ် ခံစစ်စည်းထဲ ဖြတ်ပြေးမလား။ ဘောလုံး ပြန်ပေးရမလား၊ ဂိုးကန်သွင်းမှု လုပ်မလား။ တစ်ခြား နေရာလွတ်တွေရော တွေ့ထားသေးလား …
ခင်ဗျားလုပ်ရမယ့် နောက်တစ်ကွက်မှာ ဒီမေးခွန်းတွေက အခရာပဲ ဖြစ်တယ်။ ဒါကြောင့် လေ့ကျင့်နေချိန်မှာပဲ ဖြစ်စေ၊ ဒီမေးခွန်းတွေကို အသုံးချကြည့်သင့်တယ်။ ဘောလုံးရမှ စဉ်းစားမယ်ဆိုတာမျိုး မဟုတ်ဘဲ နဂိုကတည်းက ပလန် နဲ့ ဆော့တတ်သူတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်။ တစ်ဖက်အသင်းက ခင်ဗျားလုပ်သမျှကို လိုက်ဟန့်တားနေရတာမျိုးပဲ ဖြစ်ပါစေ၊ သူတို့လုပ်သမျှကို ခင်ဗျားအသင်း လိုက်ဖျက်နေရတာမျိုး အဖြစ်မခံပါနဲ့။ ဒီလိုကွက်ကျော်မြင်တတ်မှုမျိုးဟာ လေ့ကျင့်ပေးမှသာ တိုးတက်မှာ ဖြစ်လို့ လေ့ကျင့်နေချိန်တိုင်း အလေးထားဖို့ လိုပါတယ်။
၇။ အသင်းလိုက် ဆော့တတ်အောင် လေ့ကျင့်ပါ
ဘောလုံးကစားခြင်းမှာ အနိုင်ရဖို့ လျှို့ဝှက်ချက်က တစ်ခုတည်းရှိတာပါ။ ဒါကိုတော့ အသင်းလိုက် စုစည်းခြင်း လို့ ခေါ်တယ်။ ခံစစ်သမားပဲ ဖြစ်စေ၊ ကွင်းလယ်၊ တိုက်စစ်သမားပဲ ဖြစ်စေ၊ ဘယ်သူမှ တစ်ယောက်တည်း လှုပ်ရှားလို့ မရပါဘူး။ ကွင်းကျယ်မှာဆိုရင်တော့ တိုက်စစ်ကစားသမားတွေ ဂိုးရဖို့ ကြိုးစားနေတဲ့အချိန် ခံစစ်တွေက နောက်မှာ ကျန်ခဲ့နိုင်သေးတယ်။ ဒါပေမယ့် ဖူဆယ်တို့၊ ဘတ်စကတ်ဘောတို့မှာ ဒီလိုမရှိဘူး။ ဒီကစားနည်းတွေက အသင်းသားအားလုံး ယူနစ်တစ်ခုတည်းလို စုစည်းပြီး ဆော့ရတာမျိုး ဖြစ်တာကြောင့် တိုက်စစ်ဖွင့်ပြီဆို အားလုံး တိုက်စစ်၊ ခံစစ်ပြင်ရပြီဆိုရင်လည်း အားလုံး ခံစစ်ဆော့ရမှာ ဖြစ်တယ်။ ဘယ်သူမှ နောက်အဝေးကြီးချန်ခဲ့လို့ မရသလို၊ ရှေ့အရမ်း တက်နေလို့လည်း မရဘူး။ အသင်းလိုက် စုစုစည်းစည်းနဲ့ block ဆန်ဆန် ကစားလာနိုင်တဲ့အခါ ဘောလုံးအလေ့အလွင့် နည်းပါးခြင်း၊ တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်ခြင်း၊ လူမကပ်မိခြင်း စတဲ့ ပြဿနာတွေ အတော်လေး နည်းပါးသွားတာ တွေ့ရပါလိမ့်မယ်။
၈။ အလိမ်အခေါက် ကောင်းအောင် လေ့ကျင့်ပါ
နာမည်ကြီးကစားသမားတွေအားလုံး အလိမ်အခေါက် ကောင်းကြတာချည်းပါပဲ။ လိမ်ခေါက်နိုင်လေလေ ကျဉ်းထဲကျပ်ထဲကနေ ရုန်းထွက်နိုင်လေ၊ ဒါမှမဟုတ် ခံစစ်စည်းကို ဖောက်ထွက်နိုင်လေ ဖြစ်တယ်။ အယိမ်းအနွဲ့၊ အရှောင်းအတိမ်း ကောင်းလာတာနဲ့အမျှ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး ပိုများလာပါလိမ့်မယ်။ စကားအရပြောရင်သာ လွယ်လင့်တကူ ဆိုပေမယ့် အလိမ်အခေါက် ပိုင်နိုင်ဖို့ဆိုတာ အချိန်အများကြီး ပေးဆပ်ရတဲ့ အလုပ်တစ်ခုပါပဲ။ လေ့ကျင့်သား ပြည့်ဝမှသာ ခြေထောက်က အော်တိုမစ်တစ် လှုပ်ရှားပေးမှာ မဟုတ်လား။ ပထမဆုံးလေ့ကျင့်သင့်တာက ဘောထိန်းတဲ့အခါ ဘောလုံးကိုချည်း ငေးမနေပါနဲ့။ ဘောလုံးလက်ခံချိန်မှာ ကိုယ့်မျက်လုံးတွေက ရှေ့ဆီကိုသာ ကြည့်နေရမယ်။ ဒါမှသာ ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်နိုင်မှာပါ။ ဒီအဆင့်အထိ ရောက်အောင် သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ပေးလို့ ရတယ်။ ဒါမှမဟုတ် ခင်ဗျား အိမ်မှာ ဘောလုံးနောက်လိုက်တတ်တဲ့ ခွေးလေးဘာလေး ရှိရင်လည်း သူဟာ လေ့ကျင့်ဖော်ကောင်း ဖြစ်လာနိုင်ပါတယ်။
၉။ နေရာစုံမှာ ကစားနိုင်အောင် လေ့ကျင့်ပါ
ဖူဆယ်ကစားခြင်းမှာ လုပ်ရမယ့်တာဝန်တွေအများကြီး ရှိပါတယ်။ ခင်ဗျားအနေနဲ့ ပြေးရမယ်၊ ပြိုင်ဘက်တွေကို ရှောင်ရတိမ်းရမယ်၊ အရှိန်နဲ့လာတဲ့ ဘောလုံးကို ထိန်းရမယ်၊ ပေးပို့မှု တိကျရမယ်၊ ဘယ်ခြမ်း၊ ညာခြမ်း နေရာစုံ ဖြန့်ပေးနိုင်ရမယ်၊ စသဖြင့်ပေါ့။ ဒီတော့ နေရာတစ်ခုထဲမှာသာ ကောင်းကောင်းဆော့တတ်ပြီး တစ်ခြားနေရာတွေမှာ အဆင်မပြေဖြစ်ခြင်းဟာ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်လာစေမှာပါ။ ဥပမာ ညာခြေတစ်ချောင်းထဲ သိပ်ကောင်းနေလို့ အဆင်မပြေပါဘူး။ ဘယ်ခြေနဲ့လည်း ကန်နိုင်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ တောင်ပံချိန်းဆော့တဲ့အခါ ကိုယ့်အတွက် ကန့်သတ်ချက်တွေ ရှိလာမှာပါ။
“ဖူဆယ်ကန်တာ စစ်တိုက်ရသလိုပဲ” လို့ ပြောကြတယ်။ ခင်ဗျားအနေနဲ့ နိုင်ပွဲရဖို့ဆိုရင် လေတပ်၊ ရေတပ်၊ ကြည်းတပ် အကုန်လုံးမှာ တောင့်တင်းနေရမယ်။ ဒီလိုမှမဟုတ်ဘဲ တစ်နေရာရာမှာ အားနည်းလေလေ နိုင်ဖို့ မျှော်လင့်ချက်နည်းလေ ဖြစ်နေမှာပါ။
ဖူဆယ်ကစားသမားတစ်ယောက် ဆိုရင်တော့ အင်အားတောင့်တင်းခြင်းဆိုတာ ဘယ်ခြေ၊ ညာခြေ စွယ်စုံရခြင်းပဲ ဖြစ်တယ်။ အစပိုင်းမှာတော့ ဒါတွေက ခက်ခဲနေမှာပါ။ စိတ်လိုလက်ရ လေ့ကျင့်ပေးနေမှသာ ရရှိလာမယ့် အားသာချက်တွေဖြစ်လို့ ပုံမှန်မပြတ် လေ့ကျင့်ပေးသင့်ပါတယ်။
၁၀။ တီထွင်ဆန်းသစ်မှု ရှိပါ၊ ဖြတ်ထိုးဥာဏ်ကို အသုံးချပါ
ဖူဆယ်ဆိုတာ နည်းစနစ်ပေါ် သိပ်ကို မှီခိုပါတယ်။ ခင်ဗျားအနေနဲ့ ကွက်ကျော်မြင်တတ်ဖို့ လိုသလို လေ့ကျင့်ချိန်တိုင်းမှာလည်း ဒီအမြင်တွေကို လက်တွေ့အသုံးချရပါမယ်။ စက်ရုပ်ကြီးတစ်ရုပ်လို အမြဲလိုလို တွက်နေ၊ ချက်နေရမယ်လို့တော့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေအနေတိုင်းက ကိုယ်မှန်းထားသလို ဖြစ်လာမှာ မဟုတ်လို့ဘဲ။ ဥပမာ - ခင်ဗျားဆီ ဘောလုံးရောက်လာရင် ညာခြေနဲ့ ဂိုးကန်သွင်းမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုပါစို့။ ဒါပေမယ့် ဘောလုံးတကယ်ရလာချိန်မှာ အထိန်းနည်းနည်းချော်ပြီး ဘောလုံးက ညာခြေနားကျရမယ့်အစား ဘယ်ခြေနား ကျသွားတယ်။ ပြီးတော့ အခြေအနေက ဘယ်ခြေနဲ့ကန်ရင် အဆင်မပြေမယ့် အနေအထား၊ ဒီလိုအခြေအနေမျိုးတွေအတွက် ကိုယ့်ရဲ့ တီထွင်ဆန်းသစ်မှုဥာဏ်ကို အသုံးချနိုင်ရမယ်။ မှန်းထားသလို ဖြစ်မလာလို့ ပျာယာခတ် မသွားဘဲ အကောင်းဆုံး ဗျူဟာကို ရုတ်ချည်းစဉ်းစားနိုင်ရပါမယ်။ လူပြန်ပေးမလား၊ ဖောက်ထွက်မလား ဆိုတာကိုပေါ့။ ဒီအတွက်ကတော့ အခြေခံလေ့ကျင့်ခန်းတွေ ပိုင်နိုင်ထားဖို့ လိုပါတယ်။
၁၁။ လူစားလဲခြင်းကို လေ့ကျင့်ပါ
ဖူဆယ်ကစားနည်းမှာ လူစားလဲရတဲ့အချိန်က သိပ်ကိုတိုတောင်းပါတယ်။ ဆိုလိုချင်တာက လူစားလဲဖို့အတွက် အချိန်လေးစက္ကန့်ပဲ ရမှာပါ။ ဒီတော့ လူစားလဲနေတဲ့အချိန် ခင်ဗျားအနေနဲ့ အချိန်ပိုသုံးမိသည် ဖြစ်စေ၊ ဒါမှမဟုတ် ဘယ်သူနဲ့ လူစားလဲရမှန်းမသိ၊ တစ်ပြိုင်တည်း လူစားနှစ်ယောက် ဝင်လာမိသည် ဖြစ်စေ … ဒါတွေက ကြိုတွေးထားသင့်တဲ့ ပြဿနာတွေပါ။ ဒီပြဿနာကို ကျော်လွှားဖို့အတွက် အကောင်းဆုံးကတော့ လေ့ကျင့်နေချိန်မှာ တကယ်ပွဲကန်နေရတဲ့အတိုင်း လူစားလဲခြင်းကိုပါ တစ်ပါတည်း လေ့ကျင့်ပေးရပါမယ်။ ဒီလို လေ့ကျင့်ပေးထားခြင်းကြောင့် ပွဲကန်စဉ်အတွင်း အရေးကြီးလှတဲ့ စက္ကန့်တွေကို အလေ့အလွင့် နည်းပါးစေမှာပါ။ လူစားဝင်ရမယ့် ကစားသမားကလည်း သူဘယ်သူနဲ့ လဲရမယ်၊ ဘယ်နေရာမှာ ကစားရမယ်၊ အသင်းအတွက် ဘာတွေ လိုအပ်နေတယ်ဆိုတာ အပြည့်အဝ နားလည်ထားဖို့ လိုတယ်။ ဒါကြောင့် ပွဲမကန်ခင် အသင်းလိုက် လေ့ကျင့်နေချိန်တွေအတွင်း လူစားလဲခြင်းကိုပါ ပူးတွဲလုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။
၁၂။ ယုံကြည်ချက် ရှိပါ
ဖူဆယ်ဟာ ကိုယ်ကာယပိုင်းအားပြိုင်မှု သပ်သပ်မဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း အဓိက ကျပါတယ်။ ဒီအချက်ဟာ အနိုင်ရအသင်းနဲ့ ရှုံးမယ့်အသင်းကို ခွဲခြားပေးထားတဲ့ ကန့်သတ်ချက်တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အားနည်းတဲ့အသင်းပင် ဖြစ်စေ၊ ကိုယ့်ထက်ကောင်းတဲ့ အသင်းကို မကြောက်ဘဲ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကန်တဲ့အခါ ရလဒ်လည်း ပြောင်းသွားနိုင်တယ်။ ဒီတော့ ကွင်းထဲရောက်တာနဲ့ ဒီပွဲကို အနိုင်ကန်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး မွေးမြူထားရမယ်။ ပြီးတော့ တကယ်ဖြစ်လာအောင် ကြိုးစားရမယ်။
ယုံကြည်ချက်နည်းပါးတဲ့အခါ ဘောထိန်းမသပ်ရပ်ခြင်း၊ လူပေးမတိကျခြင်း၊ ဘောလုံးအလွယ်တကူ ဆုံးရှုံးခြင်း စသဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေမှာပါ လိုက်ပြီး ဒုက္ခပေးပါတယ်။ ဒီတော့ ရင်ထဲစွဲထားရမယ့်အချက်က - “သူတို့ဟာ ငါတို့လောက် မကောင်းဘူး”၊ “ကောင်းတယ်ဆိုရင်တောင် ငါတို့လောက် စိတ်ဓာတ်မရှိဘူး” … ဒါပဲ။ ဒီလိုစိတ်မျိုးရှိနေအောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းကျောင်းသင့်တယ်။
ယုံကြည်စိတ်ဆိုတာ ကွင်းထဲရောက်မှ တည်ဆောက်ရတာမျိုး မဟုတ်ပါဘူး။ ပွဲမကန်ခင်ကတည်းက ရိုက်သွင်းထားသင့်တဲ့ အရာမျိုးဖြစ်တယ်။ နောက်ထပ်တစ်ချက်က ပွဲအစောပိုင်းတွေမှာ ခင်ဗျားအနေနဲ့ အမှားလုပ်မိလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုးတွေ မလုပ်မိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ ပွဲအစပိုင်းမှာ စိတ်အေးအေးထားမှသာ ပွဲကြာလာလေ တည်ငြိမ်လာလေ ဖြစ်မှာမို့လို့ပါပဲ။
၁၃။ အဆင်ပြေမယ့် ဖိနပ်မျိုးရွေးချယ်ပါ
အခုပြောပြမယ့် အဓိကအကြောင်းကတော့ ဟန်ချက်ညီခြင်း ပါ။ ဖူဆယ်ကစားသမားကောင်း တစ်ယောက်ဟာ လူအချမခံရ မချင်းဘယ်တော့မှ ချော်မလဲပါဘူး။ ဒါဟာ ဟန်ချက်ညီခြင်းရဲ့ အဓိပ္ပာယ်ပါ။ နောက်ပြီး ဟန်ချက်ညီခြင်းဟာ ဖိနပ်ရွေးချယ်ပုံနဲ့လည်း ဆက်စပ်နေပါတယ်။ ဖူဆယ်ဖိနပ်ဟာ ကုပ်အားကောင်းဖို့ အရေးကြီးပြီး အတွင်းပိုင်း နူးညံ့နေသင့်တယ်။ ပြီးတော့ လေဝင်လေထွက် ကောင်းရပါမယ်။ ဒါမှသာ ချွေးထွက်များပြီး ခြေဖဝါးနဲ့ ဖိနပ်သား ထပ်တူမကျ ချော်ချွဲချွဲ ဖြစ်နေခြင်းပြဿနာ က ကင်းဝေးစေမှာပါ။ ဖူဆယ်ဖိနပ်ဝယ်တော့မယ်ဆိုရင် လှတာထက် review ကောင်းတဲ့ တံဆိပ်မျိုး ရွေးဝယ်ဖို့ အကြံပေးချင်ပါတယ်။
၁၄။ အဆက်မပြတ် လှုပ်ရှားနေပါ
ဖူဆယ်ဆိုတာ အမြဲလိုလို အလှုပ်ပုံစံဖြစ်ကြောင်း ကန်ဖူးသူတိုင်း သိပါတယ်။ ခင်ဗျားအနေနဲ့ နားချိန်ရမှာဆိုလို့ လူစားလဲနေချိန် စက္ကန့်ပိုင်းလေးပဲ ရှိပါလိမ့်မယ်။ လူကိုယ်တိုင် လှုပ်ရှားနေရသလို ဘောလုံးကိုလည်း ကိုင်မထားဘဲ ကိုယ့်အသင်းခြေထောက်ထဲမှာ လှုပ်ရှားနေစေဖို့ ကြိုးစားရပါမယ်။ လူပေးမယ်၊ ပြေးမယ်၊ လူပြန်ပေးမယ်။ ဒီလိုပုံစံနဲ့ပဲ ဆော့ရမှာပါ။ တကယ့်ဖူဆယ် ပရော်ဖက်ရှင်နယ်တွေကို ကြည့်ကြည့်ပါ။ သူတို့ဟာ ဘောလုံးကို သုံးချက်ထိ ပိုမထိကြပါဘူး။ အများအားဖြင့် ဘောလုံးထိန်းဖို့ တစ်ချက်၊ လိမ်ခေါက်ပြီး ဘောလုံးထုတ်ဖို့ အနည်းဆုံး တစ်ချက်၊ ပြီးရင် လူပြန်ပေးဖို့ တစ်ချက် … စုစုပေါင်း သုံးချက်လောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အကွက်ကြိုမြင်မှုမျိုး ပိုင်ဆိုင်ထားပြီး မှန်းထားသလို မဖြစ်တဲ့အခါမှာလည်း ဖြတ်ထိုးဥာဏ်နဲ့ နောက်တစ်ကွက် ထပ်စဉ်းစားနိုင်ကြသူတွေ ဖြစ်လို့ပါပဲ။
၁၅။ ပျော်ပါ
ဖလားပွဲကန်ရသည် ဖြစ်စေ၊ ချန်ပီယံရှစ်တစ်ပွဲပွဲ ကစားရသည်ဖြစ်စေ၊ ဖူဆယ်ဟာ တောင်းဆိုမှုများလွန်းတဲ့ ကစားနည်းတစ်ခုပါ။ ဒီတော့ ခင်ဗျားဟာ အလွန်အကျွံ ကြိုးစားမိလိမ့်မယ်။ ဖိအားဒဏ်တွေ ခံလာရလိမ့်မယ်။ ဒါမှမဟုတ် တစ်ဖက်အသင်းက လူနဲ့ ထိပ်တိုက်တွေ့တာ၊ ဘောင်အပြင်ကနေ ကြမ်းကြမ်းရမ်းရမ်း ကစားမိတာတွေ ဖြစ်လာနိုင်တယ်။ ဒါပေယ့် စဉ်းစားကြည့်ပါ … ခင်ဗျားပျော်ရဲ့လား ဆိုတာကိုပေါ့။ အနိုင်ရဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ပျော်ရွှင်မှုကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ် မဟုတ်လား။ ကွင်းထဲက ထွက်သွားရချိန်ဟာ ဝင်လာရတုန်းကထက် ပိုပြီး ပျော်ရွှင်နေတာမျိုး ဖြစ်သင့်တယ်။
တစ်ခါတစ်လေ ရှုံးမှာပေါ့ … ဒါကို မလိုချင်လို့မှ မရဘဲ။ ဒါပေမယ့် အရှုံးတစ်ပွဲကြောင့် ကိုယ့်ရဲ့ တစ်နေ့လုံး၊ တစ်ပတ်လုံး စိတ်ဖိစီးမနေသင့်ဘူး။ တကယ်လို့ ဖူဆယ်ကစားရတာ ဘယ်တုန်းကမှ မပျော်ခဲ့ဘူး ဒါမှမဟုတ် အစွန်းရောက်တဲ့ ခံစားချက်တွေ ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိလာရင် ခဏထိုင်ပြီး စဉ်းစားပါ။ ”ငါဘာများ ဖြစ်နေပြီလဲ” သုံးသပ်ကြည့်ပါဦး။
- အဆုံးသတ်
အပေါ်မှာ ပြောသွားတာတွေအားလုံးက ဖူဆယ်ကစားသမားကောင်းတစ်ယောက် ဖြစ်လာမယ့် နည်းလမ်း ၁၅ ချက်ပါပဲ။ ဒါတွေဟာ သိပ်ကိုရိုးလွန်း၊ စင်းလွန်းတယ်လို့ ထင်ချင်ထင်မိလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း လိုက်နာရင် သိပ်ကိုအကျိုးရှိတဲ့ နည်းလမ်းတွေပါ။ ဖူဆယ်ဆိုတာ တစ်ခြားအားကစားနည်းတွေနဲ့ ဘာမှကွဲပြားတာ မဟုတ်ဘူး။ လေ့ကျင့်မယ်။ လေ့ကျင့်မယ်။ လေ့ကျင့်မယ် … ပိုပြီးလေ့ကျင့်ရမယ်၊ ဒါပါပဲ။
အချိန်ဇယားတစ်ခုဆွဲပြီး လေ့ကျင့်ရမယ့် အလုပ်တစ်ခုဖြစ်တာကြောင့် ပျင်းတယ်ဆိုရင်တောင် မပျက်ကွက်သင့်ပါဘူး။ လေ့ကျင့်ချိန်တိုင်းမှာလည်း အရင်ကထက် ပိုကောင်းလာစေဖို့ပဲ အာရုံထားသင့်တယ်။
Original Credit
ဖူဆယ်မှာ Pivot ကစားဖို့ ဘာတွေလိုမလဲ …?
ဖူဆယ်ကစားတဲ့နေရာမှာ ပြိုင်ဘက်အသင်းကိုတိုက်စစ်ဆင်ရာမှာ (pivot ) ကစားသမားတစ်ဦး ကို အသုံးပြုခြင်းဟာ ဂိုးရဖို့ လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဖူဆယ်မှာ (pivot) နေရာဟာ အသင်းအတွက် အရေးကြီးတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ pivot position ဟာ နည်းစနစ်မှန်ကန်တိကျစွာ ကစားနိုင်ပါက သွင်းဂိုး တွေအတွက် အဓိက ကျရုံသာမက တိုက်စစ်ဆင်ရာမှာ အသင်းဖော်တွေအတွက်လည်း နေရာ လွတ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
✅ဘာကြောင့် Pivot လို့ခေါ်တာလဲ…?
ဖူဆယ်ကစားရာမှာ ကွင်းထဲမှာ အသင်းကစားကွက်ရဲ့ ရှေ့ဆုံးမှာ နေရာယူကစားပြီး ပြိုင်ဘက်ကို ကျောခိုင်းတိုက်စစ်ဆင်တဲ့ ကစားသမားကို Pivot လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။
pivot ကစားသမားတစ်ဦးအတွက် လိုအပ်တဲ့ အရည်အချင်းများ
************************************
🔰Brilliant in the ability of Control the ball with both Feet
(ခြေဖဝါး နှစ်ဖက်စလုံးနဲ့ ဘောလုံးကိုအကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်)
🔰Strong at lower body Muscle
(ခန္တာကိုယ်အောက်ပိုင်း ကြွက်သားတွေတောင့်တင်းသန်မာရပါမယ်)
🔰Skill Full at Shielding the ball at least (5) Second
(ဘောလုံးကို လက်ခံချိန်မှာ ပြိုင်ဘက်ကို ခန္တာကိုယ်နဲ့ ကာကွယ်ပြီး အနည်းဆုံး (၅) စက္ကန့် ထိန်းချုပ်ထားနိုင်ရပါမယ်
🔰Best at turning with the ball
(ဘောလုံးနဲ့အတူ ပြိုင်ဘက်ကိုအကောင်းဆုံးလှည့်ထွက်နိုင်တဲ့စွမ်းရည်ရှိရပါမယ်)
🔰powerful at shooting
(ဂိုးကန်သွင်းချက်တွေ အားပါပြင်းထန်ပြီးတိကျရပါမယ်)
🔰Best at pass Skill
(ဘောလုံးကို မိမိအသင်းဖော်ကို အကောင်းဆုံး ပေးပို့နိုင်တဲ့ စွမ်းရည်ရှိရပါမယ်)
🔰Familiar at Futsal Signals
(ပြိုင်ဘက်ကို တိုက်စစ်ဆင်ဖို့အတွက် မိမိ အသင်းသားအချင်းချင်း အချက်ပြဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်) လို့ဆိုပါတယ်။
✅Pivot ကို အဓိက အသုံးပြုတဲ့ (3-1) System မှာဆိုရင်
🔰Fixed pivot (ပြိုင်ဘက် ဂိုးပေါက်ရှေ့မှာ ပုံသေ နေရာယူပြီး ကစားတဲ့ ပုံစံ)
🔰Mobile Pivot (ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ နေရာအနှံ ရွေ့လျားပြီး တိုက်စစ်ဆင်တဲ့ပုံစံ)
🔰Fake Pivot (ယောင်ပြ လှည့်စားပြီးတိုက်စစ်ဆင်တဲ့ ပုံစံ) ဆိုပြီး pivot နဲ့တိုက်စစ်ဆင်ပုံမူကွဲ (၃) မျိုးရှိပါတယ်။
Original Writer HtooKoKoZin
"ဖူဆယ်ကန်ရာမှာ အောင်မြင်မှုရရှိစေမယ့် အကောင်းဆုံး ကစားကွက် (၄) မျိုး"
ဖူဆယ်မှာ အောင်မြင်မှုတွေရရှိဖို့ဆိုတာဟာ ကစားသမားများရဲ့ အရည်အသွေး၊ စည်းလုံးညီညွတ်မှုနဲ့ ကောင်းမွန်စွာ ကစားနိုင်ခြင်းတို့အပေါ် မူတည်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ နည်းစနစ်နဲ့ ကစားကွက်တည်ဆောက်ပုံဟာလည်း အလွန်အရေးပါပါတယ်။
ဖူဆယ်ဟာ ကစားသမား ၅ ယောက် ကစားရတာ ဖြစ်တဲ့အတွက် ဂိုးသမားကို ဖယ်လိုက်ရင် ကစားကွက်တည်ဆောက်ရန် ကစားသမား ၄ ယောက်ကျန်ပါတယ်။ ထိုကစားသမား ၄ ယောက်နဲ့ တည်ဆောက်ပုံဖော်နိုင်တဲ့ အောင်မြင်မှု အရဆုံး ကစားကွက်များကို ပရိသတ်တင်ဆက်ပေးလိုက်ပါတယ်။
(၁) The Diamond (စိန်ပွင့်ပုံကစားကွက်)
လူကြိုက်များတဲ့ကစားကွက်ဖြစ်ပြီး တည်ဆောက်ပုံကတော့ (1-2-1) ဖြစ်ပါတယ်။ နောက်တန်းခံစစ် ၁ ယောက်၊ ကွင်းလယ် ၂ ယောက်နဲ့ ရှေ့တန်းတိုက်စစ် ကစားသမား ၁ ယောက်တို့ ဖြစ်ပါတယ်။ ကွင်းလယ်လူ ၂ ယောက်ဟာ တောင်ပံကစားသမားများအဖြစ်လည်း ကစားနိုင်ပါတယ်။
ကောင်းကျိုးများ
ကွင်းလယ်လူ ၂ ယောက်ဟာ ကစားကွက်ရဲ့ အကွာအဝေး၊ အကျဥ်းအကျယ်ကို ကောင်းစွာစီမံနိုင်ပါတယ်။ ပြိုင်ဖက်ဂိုးစည်းနားရောက်သည်အထိ ဘောလုံးကို (One-two) ရိုက်ကာ သယ်ဆောင်သွားနိုင်ပါတယ်။ ကွင်းလယ်လူ ၂ ယောက်ဟာ တိုက်စစ်အတွက် အရေးပါသလို ခံစစ်ကူဖို့အတွက်လည်း သော့ချက်ဖြစ်ပါတယ်။
သတိပြုရန်
ကွင်းလယ်လူ ၂ ယောက်ဟာ တိုက်စစ်နဲ့ခံစစ် အတက်အဆင်းမျှအောင် ကစားရမှာ ဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာအနေအထား အလွန်ကြံခိုင်ဖို့လိုပါတယ်။ တိုက်စစ်ကို အလွန်အကျွံလိုက်ပါသွားနိုင်တဲ့အတွက် စုစည်းကျစ်လစ်စွာ ကစားနိုင်ရန် လိုအပ်ပါတယ်။
(၂) The Square (စတုရန်းပုံ ကစားကွက်)
တည်ဆောက်ပုံ
စတုရန်းပုံကစားကွက်ရဲ့ အနေအထားကတော့
(2-0-2) ဖြစ်ပါတယ်။ ဒီကစားကွက်ပုံစံမှာ ကွင်းလယ်ကစားသမားမပါဝင်ပါ။ ခံစစ် ၂ ယောက်နှင့် တိုက်စစ်ကစားသမား ၂ ယောက်တို့ဖြစ်ပါတယ်။
ကောင်းကျိုးများ
တိုက်စစ်နှင့် ခံစစ်အတွက် အကောင်းမွန်ဆုံး ဟန်ချက်ညီမှုကို ဖြစ်စေပါတယ်။ တိုက်စစ်ဆင်ရာမှာဖြစ်စေ၊ ခံစစ်ခုခံရာမှာဖြစ်စေ အထောက်အပံ့ကောင်းကောင်း ရရှိစေပါတယ်။
သတိပြုရန်
အချိတ်အဆက်ကောင်းမွန်ဖို့ဟာ ဒီကစားကွက်မှာ အလွန်အရေးကြီးပါတယ်။ နားလည်မှု လွဲမှားပြီး ဘောလုံးပေးပို့မှု မှားယွင်းခဲ့ရင် ပေးဆပ်ရမှုက အတော်ကြီးမားနိုင်ပါတယ်။ ခံစစ်ကစားသမားနှစ်ယောက်ဟာ သတိလွတ်ကာ တိုက်စစ်လိုက်ပါမိသည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို အလူးအလဲ ခံရနိုင်ပါတယ်။
(၃) The Pyramid (ပိရမစ်ပုံ ကစားကွက်)
တည်ဆောက်ပုံ
ပိရမစ်ကစားကွက်ကတော့ စတုရန်းပုံကစားကွက်ကို
ခံစစ်ပုံစံပြုပြင်မွန်းမံထားခြင်းဖြစ်ပါတယ်။ တည်ဆောက်ပုံမှာ (2-1-1) ဖြစ်ပါတယ်။ ခံစစ် ၂ ယောက်၊ ကွင်းလယ် ၁ ယောက်နှင့် တိုက်စစ်ကစားသမား ၁ ယောက်တို့ဖြစ်ပါတယ်။
ကောင်းကျိုးများ
ခံစစ် ၂ ယောက်ဟာ ဂိုးသမားနဲ့ အနီးဆုံးမှာ နေရာယူပြီး ကျစ်လစ်တဲ့ ခံစစ်ကို ပုံဖော်နိုင်ပါတယ်။ ကစားကွက်ရဲ့ ထိပ်ဆုံးမှာ နေရာယူထားတဲ့ တိုက်စစ်ကစားသမားဟာလည်း ဂိုးသွင်းရန်သာ အဓိက အာရုံစိုက်ထားနိုင်ပါတယ်။ ခံစစ်တစ်ယောက်ဟာ တိုက်စစ်လိုက်ပါသွားမိရင်တောင် ကျန်ခံစစ် ၁ ယောက်က Cover လုပ်ပေးထားနိုင်ပါတယ်။
သတိပြုရန်
တိုက်စစ်စတင်ရာမှာ ခံစစ် ၂ ယောက်ဟာ
ကွင်းလယ်ကစားသမားကို အကူအညီပေးဖို့လိုအပ်ပါတယ်။ ကွင်းလယ်ကစားသမားဟာလည်း တိုက်စစ်နဲ့ ခံစစ် နှစ်ခုလုံး လိုက်ပါကစားနိုင်ဖို့အတွက် အံ့သြလောက်စရာ သက်လုံအားရှိဖို့ လိုအပ်ပါတယ်။
The "Y" ( "Y" ပုံစံ ကစားကွက်)
"Y" ပုံစံကစားကွက်ကတော့ တိုက်စစ်အားသန်အသင်းတွေအတွက် အသင့်တော်ဆုံး ကစားကွက်ဖြစ်ပါတယ်။ တည်ဆောက်ပုံမှာ (1-1-2) ဖြစ်ပြီး ခံစစ် ၁ ယောက် ၊ ကွင်းလယ် ၁ ယောက်နှင့် တိုက်စစ်ကစားသမား ၂ ယောက်တို့ ပါဝင်ပါတယ်။
ကောင်းကျိုးများ
တိုက်စစ်ကစားဖို့ အကောင်းဆုံး ကစားကွက် ဖြစ်ပါတယ်။ ၁ ဦးတည်းသောခံစစ်သမားကလည်း တိုက်စစ်ကို အကူအညီပေးရန်မလိုပဲ ခံစစ်အတွက်သာ ကောင်းကောင်း အာရုံစိုက်ထားနိုင်ပါတယ်။
ပြိုင်ဘက်အသင်းကို ကောင်းကောင်းဖိအားပေးနိုင်တဲ့ တိုက်စစ်အားသန် ကစားကွက်ပဲ ဖြစ်ပါတယ်။
သတိပြုရန်
တိုက်စစ်သမားများဟာ ပြိုင်ဘက်အသင်းကို ဖိအားပေးကစားခြင်း မရှိလျှင် မိမိအသင်းရဲ့ ခံစစ်လူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။ မိမိခံစစ်တန်းဟာ အချိန်ကြာမြင့်စွာ ဖိအားပေးခံနေရပါက ကစားသမားများအားလုံး လျင်မြန်တဲ့ အရှိန်နဲ့ ဝိုင်းဝန်းကာ ဘောလုံးလမ်းကြောင်းကို ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။
အထက်ပါကစားကွက်များကို မိမိအသင်းမှာပါဝင်တဲ့စားသမားများရဲ့ အရည်အချင်းအပေါ်မူတည်၍ နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Original Credit
ဖူဆယ်ပွဲတစ်ပွဲအတွက် ဗျူဟာအခင်းအကျင်း
ဖူဆယ်ကိုနှစ်ခြိုက်စွာရူးရူးမူးမူးကစားနေတဲ့ ဘော်ဒါတွေအနေနဲ့ ပွဲတိုင်းကို အသာစီးကစားနိုင်ဖို့ဆိုတာ အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုဖြစ်မှာ အသေအချာပါပဲ။
ဒီနေ့တော့ ဘော်ဒါတို့အတွက် Versus Gear ကနေပြီးတော့ ဖူဆယ်ပွဲတစ်ပွဲကို စစ်ပွဲတစ်ပွဲ တိုက်နေရသလို သဘောထားပြီး ပြိုင်ဘက်ကို ဗျူဟာကျကျအနိုင်ယူနိုင်မယ့်နည်းကို မျှဝေပေးလိုက်ပါတယ်။
(၁) တောင်ပံကစားသမားတွေအနေနဲ့ ကွင်းဘေးစည်းထိကပ်နိုင်သလောက်ကပ်ပြီး နေရာလွတ်ရှာပါ။အလယ်မှာ စုပြုံနေတာက ဘောလုံးပျက်နိုင်ခြေပိုများပြီး သင့်ကိုဘာလုပ်ရမလဲဆိုတာ စဉ်းစားချိန်မပေးပါဘူး
(၂) တစ်နေရာထဲမှာ သုံးစက္ကန့်ထက်ပိုမနေရ။အမြဲရွေ့လျားနေရပါမယ်။သင့်အသင်းမှာဘောလုံးမရှိနေရင်ရွေ့လျားပြီး Pressure လိုက်ပေးရပါမယ်။
(၃) ဘောလုံးကိုင်ထားတဲ့ဘော်ဒါကို အကူအညီလိုသလိုပေးပါ။ အဓိကက သူမြင်အောင် ထောင့်ဖြတ်ပြေးတာမျိုး ပြိုင်ဘက်ရဲ့ခံစစ်ကြားထဲကို ဝင်မွှေတာမျိုးက ဘောလုံးကို ဂိုးနဲ့ပိုနီးစေသလို ဘောလုံးကိုင်သူအတွက်လည်း ကန်ရမလား လူပြန်တွဲရမလား
ရွေးစရာကောင်းကောင်းရှိစေမှာပါ။
(၄) ဘောလုံးပေးတာတွေကို ဂရုစိုက်သင့်ပါတယ်။မလိုအပ်ပဲ အားထည့်တာမျိုးမလုပ်ပဲ တိကျသေချာတဲ့နေရာဆီကိုသာ ဘောလုံးပေးပို့တာမျိုးက နိုင်ဖို့အခွင့်အရေးပိုများစေပြီး အသင်းသားတွေကြားပိုပြီး
စည်းလုံးစေမှာပါ။
(၅) ဂိုးသမားတွေအနေနဲ့ အသင်းရှုံးနိမ့်နေတဲ့အချိန်မှာ ဘောလုံးပေးပို့မှုတွေကို မြန်မြန်ဆန်ဆန်တိတိကျကျစတင်သင့်ပါတယ်။ ကိုယ့်အသင်းနိုင်နေရင်တော့ အမှားမပါစေပဲ တိကျသေချာတဲ့ ပေးပို့မှုတွေကိုသာလုပ်သင့်ပါတယ်။ ဖိအားပေးမှုတွေကိုခံနိုင်ဖို့ဂိုးသမားတစ်ယောက်အတွက် အရမ်းကို အရေးကြီးပါတယ်။
Original Credit