National League for Democracy - Rakhine State
Official page of Information Committee, Rakhine State, National League for Democracy.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ (၂၇) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၂၃)
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မူလစတင်တည်ထောင်စဉ်ကပင် အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ကို ဦးတည်ချက်များထား၍ ရပ်တည်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုကို ဖိနှိပ်မည့်အာဏာ ရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်းမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် တည်ထောင်ခဲ့သော ပါတီဖြစ်ပါသည်။
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ဆန္ဒကိုသာ အလေးအနက်ထား အကောင်အထည်ဖော်မှုတို့ကြောင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါသည်။
၃။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရသည့် ထုံးစံရှိသော်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း ၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများရှိခြင်းတို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို ယနေ့အချိန်တွင်လည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိ အမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမည်ဖြစ်သည်။
၄။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ၊ အရပ်သားပြည်သူ များကို ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချထားလျက်ရှိရာ အရပ်သားပြည်သူပေါင်း (၁၅,၈၃၈) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်(၁,၇၆၉) ဦး ပါဝင်ကာ ဥပဒေမဲ့ မတရား ဖမ်းဆီးနှိပ်စက်အသတ်ခံရသည့် အရပ်သားပြည်သူ (၄,၀၁၁)ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၉၇) ဦး ပါဝင်ခဲ့ပါသည်။
၅။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ (၆၈၈) ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအား ဥပဒေမဲ့ ချိပ်ပိတ် သိမ်းဆည်းခဲ့မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၇၃) ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့သည်။ ထို့အပြင် ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့သည်။
၆။ စစ်ဖက်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆင့်ဆင့်သော ပါတီရုံးခန်း များတွင် ရုံးလုပ်ငန်းများကို မဆောင်ရွက်နိုင်သော်လည်း အွန်လိုင်းဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြု၍ အဖွဲ့ချုပ် အဖွဲ့ဝင်အင်အားများကို စုစည်းကာ ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် နွေဦးတော်လှန်ရေးကြီး အောင်မြင် စေရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိပြီး ပါတီဗဟိုကော်မတီအစည်းအဝေးကိုလည်း ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။
၇။ ထို့ပြင် တိုင်းနှင့်ပြည်နယ်အလိုက် ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့်လည်း ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက် ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကြီးအောင်မြင်စေရေး နည်းလမ်းများကို အတူပူးပေါင်း ရှာဖွေလျက်ရှိပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးကိုလည်း လက်တွေ့ကျသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိပါသည်။
၈။ မြန်မာ့အကြပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ် ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် အားဖြည့်ကူညီပေးကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းမေတ္တာ ရပ်ခံအပ်ပါသည်။
၉။ ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့်လည်း မြန်မာပြည်သူများ ရွေးချယ်တင်မြှောက် ထားသော အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၉ /၂၀၂၃)
၁။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလဒုတိယအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့်ကျင်းပခဲ့ပါသည်။
၂။ အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၄)ဦး၊ အရံဗဟိုကော်မတီဝင် (၁၀) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်(၂၀) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၈) ဦး စုစုပေါင်း (၉၂) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ ကြပါသည်။
၄။ စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက်ယုံကြည်ပါသဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် နှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီ ကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ပါသည်။
၅။ ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အကြံပြုချက် များ အားလုံးကိုလည်း ဒုတိယ ဗဟို ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မှတ်တမ်းတင် ထားရှိခဲ့ပါသည်။
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၁၄) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၈ /၂၀၂၃)
၁။ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင်ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၉ ရက်နေ့ တွင် အာဏာလုစစ်ကောင်စီ၏ သဘောတူညီချက်ရယူကာ သွားရောက်တွေ့ဆုံခဲ့သည်ဟု ၎င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်အရ သိရပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြား နိုင်သောအခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် ကျွန်ုပ်တို့ သံသယရှိသည်။
၃။ မတရားဖမ်းဆီးခံရစဥ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများဖြစ်သော
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်၊
(ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ ဟူသော အချက်များနှင့် ကွဲလွဲနေပါသည်။
၄။ သို့ဖြစ်ပါ၍ မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင် သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၅ /၂၀၂၃)
၁။ 2023 ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ နံနက် ၀၇ : 30 နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြို့နယ်ရှိ ပဇီကြီးကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လူမဆန်စွာ ကျူးလွန်ခဲ့သည်။
၂။အထက်ပါဖြစ်စဉ်မှာ ပဇီကြီးကျေးရွာ၌ လူအများစုဝေးနေမိချိန်၌ အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တစ်ပြိုင်နက် အမ်အိုင်-၃၅ စစ်ဖက်သုံးရဟတ်ယာဉ် တစ်စီးက စက်သေနတ်ဖြင့် အဆက်မပြတ် ၁၅ မိနစ်ကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
၃။အကြမ်းဖက်စစ်ကောင်စီ၏ စစ်မိစ္ဆာတပ်များသည် မြန်မာပြည်တစ်ဝန်းလုံး၌ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည်။
၄။ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့်လည်း မြန်မာအကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်တွင် လူမျိုးတုန်း သတ်ဖြတ်မှုများကို အရှက်တရားကင်းမဲ့စွာ ကျူးလွန်ပြနေမှုအား ထိရောက်သော တားဆီးမှုများပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်။
၅။မြန်မာပြည်တစ်ဝန်း၌ စစ်မိစ္ဆာများ၏ လူမျိုးတုန်း သတ်ဖြတ်မှုများအားလုံးအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာရှုတ်ချလိုက် သည်။
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၄ /၂၀၂၃)
၁။ အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းကတည်းက ပြည်သူလူထု၏မျှော်လင့်ချက်များကို ရိုက်ချိုးရန်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီး ရေးရည်ရွယ်၍ ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီး၊ မတရားအမှုများဆင်ကာ ထောင်ချခြင်းကို ဦးစွာ ဆောင်ရွက်ခဲ့ပါသည်။
၂။ ထို့အပြင် ပါတီဝင်များကိုလည်း ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယနေ့ထိ ၁၂၃၅ ဦးရှိပြီး၊ ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ကြပါသည်။ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်း ခံထားရသည့်အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရပါသည်။
၃။ တည်ဆဲဥပဒေများကိုချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထု အား ကိုယ်စားပြုမှုလည်းမရှိသည့်အတွက် ၎င်း၏လုပ်ကိုင်ဆောင်ရွက်သမျှသည် တရားဝင်မှုမရှိကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ကြေညာချက်အမှတ် ၇/၂၀၂၂ ၊ ၁၀/၂၀၂၂ ၊ ၁၂/၂၀၂၂ တို့ဖြင့် အတိအလင်းကြေညာထားပြီးဖြစ်သဖြင့် တရားဝင်ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိပါ။
၄။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါကြောင်း အသိပေးအပ်ပါသည်။
ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]
ရက်စွဲ - ၂၀၂၃ ခုနှစ်၊ မတ်လ (၂၁) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၂၃)