B Roof

B Roof

စကား‌ပြေ၊ ကဗျာနှင့် စကားပြေကဗျာများ

14/10/2022

◾ALWAYS SEVENTEEN IN YOUR HOMETOWN
◾ခေတ်လှိုင်း

ကျနော်ငယ်ငယ်က (ကျနော့်အထင် ‌ငါးတန်း၊ ခြောက်တန်းလောက်တုန်းက) သူငယ်ချင်းတယောက်ကမေးတယ်။ အသက်ကြီးလာတာကို ရပ်ထားလို့ရရင်၊ မင်းဘယ်အရွယ်မှာ နေချင်လဲ။ ကျနော် (၁၆) နှစ်လို့ဖြေခဲ့တယ်။ မင်းရောဆိုတော့ အခု၊ ငါ့အသက်အရွယ်ကိုပဲ အမြဲ နေချင်တယ်လို့ ပြောတယ်။ အဲဒီတုန်းက the dead never getting old တို့၊ always seventeen တို့လို စကားလုံးတွေကို ကျနော် မသိသေးဘူး။ ကျနော်တို့ဖြစ်ချင်တာက ကျနော်တို့ သဘောကျတဲ့အရွယ်မှာ ဗင်ပိုင်းယားတွေလို အသက်ကြီးပြင်းလာမှု ရပ်တန့်သွားဖို့။ ကျနော့်ကို အဲဒီလိုမေးခဲ့တဲ့သူငယ်ချင်းဟာ (၁၄) နှစ်ဆိုတဲ့ အသက်အရွယ်ကို ကျော်လာခဲ့တော့၊ အဲဒီနှစ်နောက်ပိုင်းမှာ သူကောင်းကောင်းမှ ပျော်နိုင်ပါ့မလား၊ ကျနော်မသိဘူး။ ကျနော်လည်းပဲ (၁၆) နှစ်ကိုလွန်လာခဲ့တယ်။ ကျနော့်ရဲ့ ၁၆-နှစ်ဟာ ဆိုးဝါးတဲ့နှစ်ဖြစ်တယ်။ သက္ကရာဇ်တခုလုံး နှင်းထဲ နစ်နေတယ်။ ကျနော့် တသက်လုံး မျှော်လင့်‌နေတဲ့ (၁၆) နှစ်ပြည့်မွေးနေ့ဟာ ဘာမှ လွမ်းစရာမရှိ။ အာရင်ဘတ်စကားလို မျိုး ကျနော့်တို့ဘဝတွေဟာ အမြဲဆက်သွားနေတယ်။ ခေတ်ဟာ ရွေ့လျားနေတယ်။ ကျနော်တို့ဟာ တဘဝလုံး စောင့်စားနေတဲ့ မွေးနေ့တွေ တခုပြီးတခုကို ဘာမှမဟုတ်သလို ဖြတ်သန်းလာခဲ့တယ်။ အခု၊ သူငယ်ချင်းတွေကို ကျနော်ပြောတယ်။ အသက်ကြီး လာတာ ဝမ်းနည်းစရာပဲ။ အသက်ကြီးလာပြီး ဘာမှထူးမခြားနားလာတာတော့ ပိုဝမ်းနည်းစရာပဲလို့။ ‌ဟာသပေမဲ့ လွယ်လွယ်ရယ်နိုင်စရာပဲလို့တော့ ကျနော်မထင်ဘူး။

ကျနော့်အဲဒီသူငယ်ချင်းအကြောင်း နည်းနည်းဆက်ပြောရရင် သင်္ချာတော်တယ်။ စော်ကြည်တယ်။ နာမည်မိုက်တယ်။ ကျနော့်ထက် နည်းနည်းငယ်ဦးမယ်။ ကျနော့်တို့ကျောင်းက အလှဆုံးစော်လေးကို သူရအောင်လိုက်ခဲ့တယ်။ အချိုဆုံးနှုတ်ခမ်းတွေကိုနမ်းပြီး ခါးတဲ့အရက်နဲ့ မြည်းခဲ့လိမ့်မယ်။ ဒါမဲ့၊ အဲဒီ အရွယ်မှာ ကျနော်စူးစမ်းချင်နေတာက ဆန့်ကျင်ဘက်လိင်မဟုတ်ဘဲ တခြားသောအရာတွေသာ ဖြစ်တယ်။ အရက်၊ ထူးဆန်းတဲ့အသားတွေ ( တခါကဆို ပုတ်သင်တွေကို မီးဖုတ်စားခဲ့ဖူးတယ်)၊ ငှက်တွေ၊ ရေချိုးတာ၊ ဘာသာစကား၊ ကာတွန်း၊ စာပေ။ ဒါတွေပဲ ဖြစ်ခဲ့မယ်ထင်တယ်။ ကျနော်တို့နှစ်ယောက်ဟာ နည်းနည်းကွဲတော့ အမြဲတပူးတွဲတွဲဆိုတာမျိုးအထိ ဖြစ်မလာခဲ့ဘူး။ ပြီးတော့၊ ဒီကောင့်မှာ ကျနော်မကြိုက်တာတွေကလည်း အများကြီး။ ဆိုပေမဲ့၊ ဒီကောင့်မှာ ကျနော်ကြိုက်တာတွေလည်း အများကြီး။ (၂၀၁၆) ဒါမှမဟုတ်၊ အဲဒီကာလတခုထဲက ကျနော်တို့ ကျူရှင်တက်တဲ့အိမ်မှာ နှစ်ကောင်သားထိုင်နေရင်း ကျနော်သူ့ကိုမေးတယ်။ ( အဲဒီတုန်းက ကျနော်တို့ (၁၆) နှစ်ဖြစ်နေပြီ။)

မင်း၊ နှင်းရီကို မကြိုက်ဘူးလား။ ဒီကောင်က ကျနော့်ကို ပြန်ကြည့်တယ်။ သူက စာသင်ခုံပေါ်မှာ တက်ထိုင်နေတာ။ ခြေထောက်တွေကို တွဲလဲချထားတယ်။ ပြီးတော့၊ လက်နှစ်ဖက်ကို အားပြုပြီး ခုံပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ ကျနော်မေးတာကို မဖြေဘဲ၊ မင်းရော၊ လို့ ပြန်မေးတယ်။ ကျနော့်မှာ ဖြေစရာသိပ်မရှိဘူး။ နှင်းရီနဲ့ပတ်သက်လို့ ပြောစရာတွေကတော့ အများကြီးပဲ။ အသားဖြူတယ်၊ သွားနဲ့ကိုက်ပစ်ချင်စရာ နားရွက်လေးတွေရှိတယ်၊ ပြီးတော့၊ ပြည့်ပြည့်တင်းတင်း။ ဟိုဘုန်းဘုရားစာဆိုတော်ကြီးပြောတဲ့ လေတိုးရင်တောင်ပဲ့ကြွေမှာစိုးရတဲ့ ရင်သားတွေလည်း သူမမှာရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ စော်လေးက တော်တော်ချောချောနဲ့ချစ်စရာလေးပါ။ ညအိပ်ခါနီးရင် ရမ္မက်ကို ကြွလာစေမဲ့ အမူအရာတွေကိုလည်း လုပ်ပြတတ်တယ်။

ကျနော်သူ့ကို ပြန်မဖြေဘဲ ကျူရှင်အိမ်ရှေ့က ထိုင်နေကျကွမ်းယာဆိုင်ကို လာခဲ့တယ်။ ကွမ်းယာဆိုင်က အန်တီဆီကနေ ကျနော်တို့ပညာတွေအများကြီး သင်ကြားခဲ့တယ်။ ဒါမဲ့၊ ကျနော်တို့ခေတ်ဟာ မြန်မြန်ကြီးထွားရပြီး၊ မြန်မြန် တတ်မြောက်လွယ်ရတဲ့ခေတ်ဖြစ်တော့ သူပြောတဲ့ စကားတွေနဲ့ သူပေးတဲ့အတတ်တွေ ဟာ မကြာခင်မှာပဲ ကျနော်တို့အတွက် ငြီးငွေ့ဖွယ်ရာတွေ ဖြစ်လာခဲ့တယ်။ ကျနော် စီးကရက်တလိပ်သောက်နေရင်း ကျူရှင်အိမ်ကို လှမ်းကြည့်လိုက်တယ်။ ဟိုကောင်က ကျူရှင်အိမ်ပြတင်းပေါက်ကနေ ကြောင်တကောင်လို ခုန်ချပြီး လမ်းကို ဖြတ်ကူးလာနေတယ်။ နေရောင်က သိပ်ပြင်းတော့ လမ်းကပြန်တဲ့နေရောင်ဟာ ဒီကောင့် မျက်နှာတည့်တည့်ကို ထိုးထားတယ်။ နှစ်တွေကြာလာတဲ့အခါ ကျနော်တခြားမြင်ကွင်းတွေ၊ အဖြစ်အပျက်တွေကို မေ့လာပေမဲ့၊ အဲဒီနေထိုးနေတဲ့ ဒီကောင့်မျက်နှာနဲ့ ကျနော့်ဆီ ပြေးလာတဲ့ ဒီကောင့်အမူအယာကို ကျနော်မေ့မရဘူး။ အနားရောက်တော့ ကျနော့်လက်ထဲက စီးကရက်ကို ဆတ်ခနဲ ဆွဲယူပြီး ‌ရှိုက်လိုက်တယ်။ ပြီးတော့၊ ချီးတဲ့မှ၊ ရာသီဥတုကလဲ လို့ပြောလိုက်တယ်။ ဆိုင်ထဲက အန်တီထွက်ပြီး ဒီအချိန်လင်ယူချင်တဲ့သူက ရှိသေးတယ်လို့ ပြောလိုက်တယ်။ ဟိုကောင်က ခွီးခနဲရယ်တယ်။ ကျနော်လည်း ရယ်လိုက်တယ်။ ပြီးတော့၊ ကျနော်တို့ အအေးတဗူးစီသောက်ကြတယ်။

အဲဒီနှစ်က burn တွေ ကျနော်တို့ မြို့ဆီ စရောက်လာတဲ့နှစ်ထင်တယ်။ speed တို့၊ burn တို့ ကျနော်တို့ မြို့ကို တနှစ်တည်းလိုလိုရောက်လာတာကို ကျနော်မှတ်မိတယ်။ စော်လေးတွေ စပီး (ဒါ့) လို 'ဒီ'သံပီပီကြီးနဲ့ အအေးဗူးလာ‌ဝယ်တိုင်း ကျနော်တို့ နှစ်ကောင်က အဲဒါကိုကြည့်ပြီး ခွီးကြတယ်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ပဲ နှင်းရီက speed တဗူးလာဝယ်တယ်။ ကျနော်တို့ရှေ့မှာပဲ ဗူးကိုဖောက်ပြီး မော့လိုက်တယ်။ ကျနော်တို့နှစ်ယောက်ခဏတိတ်သွားတယ်။ ပြောရရင်ဗျာ၊ ရုပ်ရှင်တွေထဲ စော်လေး ဝင်လာတဲ့ အခန်းလိုမျိုး။ နောက်က မြူးဇစ်သံသဲ့သဲ့လေးနဲ့။ စကားသံတွေ တိတ်သွားတယ်။ လူတွေက စော်လေးကိုကြည့်တယ်။ အဲဒီလိုပေါ့လေ။ ကျနော် မဟုတ်တမ်း တရားတွေ ပေါင်းထည့်ပြောရင် အဲဒီ scene နဲ့တင် စာသုံးမျက်နှာလောက် ကုန်သွားမယ် ထင်တယ်။ တကယ့်မှာတော့ အဲဒါ စက္ကန့် ၅၀ ထက် မပိုလောက်ဘူး။ ရုတ်တရက် စော်လေးက ဆိုင်ထဲဝင်လာတယ်။ ကျနော်တို့နှစ်ကောင်တိုင်ပင်ထားသလို တ‌ယောက်ကိုတယောက်ကြည့်တယ်။ စော်လေးက ရေခဲသေတ္တာကို ဖွင့်ဖို့ ခါးကုန်းလိုက်တော့ ဖင်ကို လှစ်ခနဲကြည့်တယ်။ စော်လေးက ပိုက်ဆံပေးတယ်။ အအေးသောက်တယ်။ ဆိုင်ထဲက ပြန်ထွက်သွားတယ်။ ဒါပဲ။ အဲဒီခဏမှာတော့ ဘယ်သူမှ စကားမပြောဖြစ်ကြဘူးပေါ့လေ။ စော်လေးပြန်ထွက်သွားပြီးမှ၊ ဒီကောင်ကပြောတယ်။ အေး၊ ငါလိုက်တော့မလို့တဲ့။

နှင်းရီက အတန်းထဲ စာတော်တယ်ဆိုတဲ့အုပ်စုထဲပါပေမဲ့ စာဂျပိုးတော့လည်း မဟုတ်ဘူး။ လူကိုရဲရဲကြည့်ပြီးစကားမပြောတတ်ဘူး။ စကားပြောရင် မျက်နှာကို အောက်ချလို့၊ ပြုံးလို့၊ သိမ်‌သိမ်မွေ့မွေ့၊ အေးအေးချမ်းချမ်း။ သူစကားပြောတာကို နားထောင်ရင်းက သူ့ကိုယ်ကိုယ်လှုပ်ယမ်းပြီး မြန်မြန်ပြောစမ်းပါဟာ မြန်မြန်ပြောစမ်းပါဟာလို့ လုပ်ပစ်ချင်စိတ် ခဏခဏဖြစ်ရတယ်။ ဒါမဲ့၊ သူ့မမှာ ထူးခြားတဲ့ မျက်ဝန်းတွေရှိတာတော့ ကျနော်သိတယ်။ အဲဒီမျက်လုံးတွေကို ကျနော်အခုလည်း မှတ်မိနေတယ်။ (နောက်‌လည်းမှတ်မိနေလောက်ဦးမယ်ထင်တယ်။ ကျနော်နဲ့နောက်ဆုံးတခေါက်တွေ့တုန်းကတော့ MBA တက်နေတယ်။ အရင်လို ရှက်တတ်တဲ့ကောင်မလေး မဟုတ်တော့ဘူး။) ကျနော်သေချာတော့လည်း မပြောပြတတ်ဘူး။

နောက်တပတ်လောက်ကြာတော့ အိမ်သာသွားတဲ့လမ်းမှာ စီးကရက်‌သောက်မလို့ ဆရာမတွေအလစ်ကိုစောင့်နေတုန်း နှင်းရီရောက်လာတယ်။ မိန်းကလေးအိမ်သာပဲသွားသွား၊ ယောက်ျားလေးအိမ်သာပဲသွားသွား အဲဒီနေရာကို ဖြတ်ရတော့ ဒါက ထွက်ခလုတ်ဝင်ခုလုတ်ဖြစ်နေတယ်။ ကျနော်သူ့ကို ကြည့်ပြီး မေးဆတ်ပြလိုက်တယ်။ ကျနော်ဘာလို့ အဲဒီလိုလုပ်ပြလဲ၊ ဟုတ်လား။ ယောက်ျားလေးတိုင်းမှာ အဲဒီအကျင့်ရှိတယ်လို့ ကျနော်ထင်တယ်။ အနည်းဆုံးကျနော့်မှာပေါ့လေ။ သိတဲ့သူကို စကားနဲ့မပြောဘဲ မေးဆတ်ပြပြီး နှုတ်ဆက်တဲ့အကျင့်ဆိုတာ ဆန်းတယ်လို့ ကျနော်မထင်ဘူး။ နှင်းရီက ကျနော့်အနားကို ရောက်တော့၊ ရှေ့ဆက်မသွားဘဲ ရပ်လိုက်တယ်။ ပြီးတော့၊ ကျနော်မှီနေတဲ့နံရံကို သူလည်း ကျောမှီလိုက်တယ်။ ပြီး၊ သူ့လက်သူ ထောင်ကြည့်ရင်း(လက်သည်းနီကို ကြည့်တာဖြစ်မယ်။) မေးတယ်။

နင်ဆေးလိပ်သောက်မလို့လား။ ကျနော့်က အင်းလို့ပြန်ပြောလိုက်တယ်။ ငါလည်းသောက်လို့ ရမလား။ ကျနော့်လက်ထဲက စီးကရက်ကို သူ့ပေးလိုက်တယ်။ ပြီးတဆက်တည်းပဲ ငါ့မှာတလိပ်ပဲပါတာ၊ သွားပဟလို့လည်း ဆက်တွေးနေမိတယ်။ ငါမီးမညှိတတ်ဘူး။ နင်မ‌သောက်တတ်ဘူးလား။ စော်လေးက ခေါင်းခါပြတယ်။( ဟုတ်ပ၊ ဘယ်သောက်တတ်မလဲ။) ကျနော် စီးကရက်ကိုပြန်ယူပြီး မီးညှိလိုက်တယ်။ တဖွာ ဖွာပြီး သူ့ကို ပြန်ပေးလိုက်တယ်။ သူက စီးကရက်ကို နှုတ်ခမ်းမှာ တပ်ပြီး ရှိုက်လိုက်တော့ အဟွက်ခနဲဖြစ်သွားတယ်။ ခဏကြာတော့ မီးခိုးနဲနဲထွက်လာတယ်။ ကျနော်က ‌စီးကရက်ကိုပြန်ယူပြီး ရလားလို့ မေးလိုက်တယ်။
အင်း။ ရတယ်။

ကျနော်တို့အပေါ်ထပ်မှာ သွားနေတဲ့ခြေသံတွေကို ကျနော်တို့နှစ်ယောက်စလုံး ကြားနေတယ်။ အပေါ်ထပ်ကနေဆင်းတဲ့လှေကားအောက်မှာ ကျနော်တို့ရပ်နေတာ ဆိုတော့ တယောက်ယောက်လှေကားအတိုင်း ဆင်းလာရင် ကျနော်တို့ တွေ့မှာပဲ။ ကျနော်သူ့ဘက်ကို လှည့်လိုက်တယ်။ တကယ်လှတဲ့စော်လေးလို့လည်း တဆက်တည်း တွေးလိုက်တယ်။ လိင်ဆွဲဆောင်မှုတို့၊ ဘာတို့ အဲဒီလိုပြောလို့ရမဲ့အလှမျိုး သူမမှာရှိကြောင်း အခု ကျနော်ပြန်တွေးမိလာပြီ။ ပြီးတော့၊ ယောက်ျားတွေကို မရိုးမရွဖြစ်လာစေမဲ့ အမူအယာမျိုးလည်း သူမမှာရှိတယ်။ ဒါက တမင်လုပ်တာ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင်မဟုတ်ဘူး။ အဲဒီစော်လေးကို အရုပ်ကလေးလို ဖြူစင်ချစ်ကြည်ဖွယ်ရာလေး လို့တော့ ကျနော်မပြောလိုပေမဲ့ ကောင်မလေးက တော်တော်တော့ ချစ်စရာလေးပါ။

သူမက ကျနော့်ဘက်ကိုလှည့်ပြီး ရယ်လိုက်တယ်။ ကျနော် သူ့ကို ပြန်ရယ်ပြမလို့လုပ်ပြီးမှ ကျနော့်နောက်ကကောင်ကို သတိထားမိသွားတယ်။ ဒီကောင်က ကျနော့်ပုခုံးကိုပုတ်ပြီး၊ စာသင်နေပြီလို့ပြောရင်း စော်လေးလက်ကို လှမ်းဆွဲလိုက်တယ်။ ကျနော်လည်း သူတို့အတွဲကိုထားပြီး စာသင်ခန်းထဲပြန်လာပေမဲ့ စာကို အာရုံစိုက်မရဘဲ ဟိုကောင့်စော် ( အဲဒီအချိန်ကတော့ အဲဒီကောင့်စော်ဖြစ်သွားပြီ) ကိုပဲ သတိရနေတယ်။ နှုတ်ခမ်းတွေ၊ ခြေထောက်တွေ၊ ပါးတွေ၊ မျက်လုံးတွေ၊ ရင်သားတွေ။ ချီးတဲ့မှ။ ဒုက္ခပဲ၊ ဒုက္ခပဲ၊ စာသင်နေတဲ့ ပုတီးစိတ်သလိုရေရွတ်နေတာ အဲ့တာပဲ။

နောက်တရက်နေတော့ ကျူရှင်မှာ ဟိုကောင်က ပြောတယ်။ စော်လေးကို အိမ်သာနားမှာ ဘယ်လိုကိုင်တာ၊ ဘယ်လိုနမ်းတာ၊ ဘယ်လိုနှိုက်တာ၊ စော်လေးက ဘယ်လိုပြန်လုပ်ပေးတာ။ အဲဒီအထဲက အားလုံးအမှန်လို့တော့ ကျနော်မထင်ဘူး။ ဒီကောင်ပြောတဲ့ အလုပ်တွေနဲ့၊ နှင်းရီကို ဆက်စပ်တွေးလို့ မရဘူး။ ဘယ်လောက်ပဲ အတွင်းပုန်းလေးဖြစ်ပစေ၊ ဒီလောက်တော့ မဟုတ်လောက်ဘူးလို့လည်း တဖက်က ဆက်တွေးနေမိတာလည်း ဖြစ်မယ်။ ဒီကောင့် လေသံကို ကြားပြီး ကျနော် တဖြည်းဖြည်း စိတ်ပျက်လာတယ်။ ရွံလာတယ်။ ဒီလိုတွေလျှောက်ပြောနေစရာ လိုလို့လားလို့ တွေးမိလာလို့လည်း ဖြစ်ချင်ဖြစ်မပေါ့။ စိုနေတာ၊ နှုတ်ကိုနမ်းတာ၊ လက်နဲ့သူ့ကို ပြန်လုပ်ပေးတာ၊ ချီးတဲ့မှ၊ အဲ့ဒီလောက်ပြောနေစရာလိုလို့လားကွာလို့ စိတ်ထဲက တွေးနေပေမဲ့ ဒီကောင့်ကို လုံးလုံးမတားမိဘူး။ တော်တော်ကြာတော့ ဒီကောင်လည်း ပြောရတာ တော်တော်ပင်ပန်းသွားလို့ထင်တယ်။ ဆက်မပြောဘဲရပ်ပြီး ကျားခုံကို သွားယူပြီး နောက်သူငယ်ချင်းတကောင်နဲ့ကျားထိုးနေတော့တာပဲ။

ညနေရောက်တော့ ကျနော်တို့ ဘောလုံးကန်ကြတယ်။ ဘောလုံးကန်တယ် ဆိုတာ တရားဝင်ညစ်လို့ရပြီး ဆောတီးတလုံးနဲ့လုပ်တတ်သလောက် လုပ်ပစ်လို့ရတယ်ဆိုတဲ့ စကားကို ကျနော်မသိသေးဘူး။ ကျနော်တို့ကန်တာက အင်္ဂတေခုံပေါ်။ ဒီတော့ ကြမ်းကြမ်းတမ်းတမ်းပြေးရင် ခြေဖဝါးတွေပေါက်မယ်။ ကြမ်းကြမ်းတမ်းတမ်း ပြေးလို့လဲရင် အရိုးတွေကျိုးမယ်။ ခေါင်းတွေပေါက်မယ်။ ဒီတော့လည်း မပြေးဘူး၊ မကြမ်းဘူးလားဆိုတော့ ပြေးတာကြမ်းတာပဲ။ ကျနော်က ဟိုကောင့်ခြေထောက်ထဲက ဘောလုံးလိုက်လုရင်းခြေထောက်ကို ဖြတ်ရိုက်သလိုဖြစ်သွားတယ်။ ဒီကောင်က ကျနော့် ရင်ဘတ်ကို ဆတ်ခနဲပြန်တွန်းတယ်။ ကျနော်ကအရင်ဦးအောင် ညာလက်သီး တလုံး ပစ်ကျွေးလိုက်တယ်။ ရန်ပွဲက ဆယ်မိနစ်လောက်ကြာမယ်။ ဟိုကောင့် နှာခေါင်းက သွေးယိုတယ်။ ကျနော့်မျက်ခုံး‌ကွဲတယ်။ လဲပြီး ခြေတွေလက်တွေရှတဲ့ ဒဏ်ရာတွေနဲ့၊ ပါးစပ်ထဲကကျတဲ့သွေးတွေနဲ့ အဆုံးသတ်သွားတယ်။ ကျနော်ကတော့ ဘယ်ပြောကောင်းမလဲ။ အိမ်မှာ ခွေးလို စော်ခံထပ်ထိတော့ နှစ်ဆခံရတာပဲ။

နောက်တ‌ရက်ကျောင်းရောက်တော့ စော်လေးက ဒီကောင့်ကို ဂရုစိုက်နေတာ မမြင်ချင်မှအဆုံးပဲ။ ကျနော်နဲ့ကတော့ စေ့စေ့ကို မကြည့်နိုင်ဘူး။ ဘောလုံးပွဲ တွေကတော့ ဒီလိုပဲ၊ အခန့်မသင့်ရင် ဖြစ်တတ်ပေမဲ့၊ ဒီတခေါက်ကတော့ ပါဆင်နယ်တွေလည်း ပါသွားသလားမသိဘူး။ အဲဒီနေ့က ရာသီဥတု အေးတယ်။ ကျနော့်ဘောလုံးဂျာစီပေါ်မှာ ‌နှင်းတွေတောင်စိုနေလို့ တော်တော်နေရခက်နေခဲ့တာပဲ။ နောက်နည်းနည်းကြာတော့၊ ဒီကောင်က စော်လေးကို ခိုးပြေးတယ်။ ဒီဇင်ဘာစာမေးပွဲဖြေခါနီးလို့ ကျနော်ထင်တယ်။ နှင်းတွေဘာတွေကျနေပြီ။ စောင်အောက်က ကိုယ်တုံးလုံးနဲ့စော်လေးကို ဖက်ထားဖို့ သိပ်ကောင်းနေပြီပေါ့။ သူတို့နှစ်ယောက် သုံးရက်လောက်ဟိုတယ်မှာနေကြတယ်။ ပင်လယ်တွေဘာတွေ မြင်ရတဲ့ အခန်းဆိုရင်တော့ ရှယ်ပဲ။ ဒါပေမဲ့ ဘဝရဲ့ အဲဒီပျော်ရွှင်ချိုမြိန်မှုတွေလည်း သိပ်ကြာကြာမခံပါဘူး။

စော်လေးရဲ့အိမ်က ဟိုတယ်အထိလိုက်ပြီး တရားစွဲမယ်၊ ထောင်ချမယ်၊ ပြောတော့ စော်လေးကငိုတယ်ပြောတယ်။ ‌ဟိုကောင်ကတော့၊ အေးဆေးပဲ။ ခုံပေါ်ထိုင်ရင်း သူ့ကို ခြိမ်းခြောက်နေတဲ့ စော်လေးအဖေကို မိုက်ကြည့်ကြည့်နေတာ ဆိုပဲ။ ( ဟုတ်မဟုတ်တော့ ကျနော်လည်းမသိဘူး။ ဟုတ်ဖို့တော့များတယ်။ အဲဒီလိုအခြေအနေဆိုရင် အဲဒီလို ပြန်လုပ်တာကလွဲလို့ ဘာများရှိလို့လဲ။ ) ပြန်ခွဲပြီး၊ နောက်တော့ သူတို့သမီးကို ကျောင်းပြောင်း၊ တနှစ်နားတွေဖြစ်ပြီး၊ ရန်ကုန်လား၊ မန်းလေးလား၊ ပြည်မဘက်ကို ပို့လိုက်ကြတယ်။

ဒီကောင်ကတော့ ကျောင်းပြန်တက်သလိုလို၊ မတက်သလိုလိုပဲ။ ဒါပေမဲ့၊ ဒီကောင်နဲ့ fairwell ကတော့ လွမ်းစရာပါ။ ဆယ်တန်းပြီးစရက်တွေမှာ နှစ်ယောက်စလုံးသိတဲ့ သူငယ်ချင်းတယောက်နဲ့ အရက်သောက်နေတုန်း ဒီကောင်ရောက်လာတယ်။ သူငယ်ချင်းနဲ့စကားပြောတယ်။ ကျနော့်ကိုပါ တခွန်းစနှစ်စပြောတာကနေ ပြန်ခေါ်ဖြစ်သွားတယ်။ သုံးကောင်စလုံးတော်မူးတဲ့အထိ သောက်ကြတယ်။ အမြည်းတွေလည်း နင်းကန်စားတော့ တော်တော်ရှင်းရတာလည်း မှတ်မိတယ်။ အိမ်အပြန် ဒီကောင်က ကျနော့်ဆိုင်ကယ်နောက်ကလိုက်တယ်။ နွေလရဲ့ကောင်းကင်ဟာ ပြာနှမ်းပြီး ခွက်ထဲက ကြယ်တွေကို လက်နဲ့ပက်ကြဲထားသလိုဖြစ်နေတယ်။ ကျနော်တို့ရဲ့ဘဝတွေကို သိန်းချီတဲ့နတ်ဘုရားတွေဟာ၊ သန်းချီတဲ့မျက်လုံးတွေနဲ့ စောင့်ကြည့်နေသလိုမျိုး။ (အဲဒီနတ်ဘုရားတွေဟာ ဟော်တယ်ထဲကအတွဲတွေကို ပွန်းကားကြည့်လိုကြည့်နေမှာလား။ ဂေါ်တာပေါ့ဗျာ။ )

အပြန်ခရီးက ဆယ်မိုင်လောက်ရှိမယ်ထင်တယ်။ ဒီကောင်က တလမ်းလုံး မူးမူးနဲ့တခုပြီး တခုပြီးတခုပြောလာရာကနေ နှင်းရီအကြောင်းရောက်လာတယ်။ နှင်းရီဘယ်လိုလှတာ၊ ဘယ်လို ချစ်စရာကောင်းတာကနေ၊ သူ့ကို ဘယ်လိုပြုစုတာတွေ ရောက်တော့ သူပြောတာတွေ ဆက်မကြားရအောင် လီဗာကို နင်းကန်ဆွဲလိုက်တယ်။ သစ်ပင်တွေဟာ ရိပ်ခနဲရိပ်ခနဲ။ မြင်ကွင်းတွေ တဖြည်းဖြည်း ပိုပိုမြန်ဆန်လာတိုင်း၊ ဘဝတွေကတော့ ပိုပြီးနှေးသွားတယ်။ အမြန်နှုန်းတွေဟာ အံ့ဖွယ်ဖြစ်တယ်။ လေတိုးသံဟာ အံ့ဖွယ်ဖြစ်တယ်။ ဆိုင်ကယ်စီးတဲ့အခါ နောက်ကလူပြောစကားကို ရှေ့က အမြဲကြားနေရတယ်။ ကျနော်တို့ တွေ့တာ အဲဒါနောက်ဆုံးပဲ။ နောက်တော့ ဒီကောင် KNU ထဲဝင်သွားတယ်။ ထိုင်းနယ်စပ်က အသားဖြူဖြူစော်လေးတဗွေနဲ့ ရသွားတယ်။ နောက်တော့၊ စော်နဲ့ကွဲတယ်။ တောထဲပြန်ရောက်တယ်။ မိုင်းနင်းတယ်။

ကျနော်တို့ အသက်အရွယ်တွေဟာ ရွေ့လျားနေတယ်။ တနှစ်ပြီးတနှစ်၊ တနှစ်ပြီးတနှစ်။ သေတဲ့ကောင်ပဲ ရှိတဲ့အရွယ်မှာ ရပ်သွားတာ။ ဘဝကို (၁၄) နှစ်မှာ မရပ်နိုင်ခဲ့ပေမဲ့(၂၁) နှစ်မှာ ရပ်နိုင်သွားလို့ သူ့ဘာသူ ထိုက်သင့်သလောက် ကျေနပ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ တခါတခါတော့ နွေကောင်းကင်ရဲ့ ကြယ်တွေအောက်က ဒီကောင့်စကားတွေကို ပြန်သတိရပါတယ်။ ရွေ့‌နေ
တဲ့အရှိန်ကြောင့် မျက်နှာကိုတိုးနေတဲ့လေရဲ့အထိအ‌တွေ့ကို ခုထိ ခံစားလို့ရနေတုန်းပဲ။ ။

(အောက်တိုဘာ/၂၀၂၂)

12/10/2022

ကြက်တူရွေး

ရေကြီးမှုကြီးပြီးတော့၊ တောကြီးဟာ အစိမ်းရောင်၊ ဒါမဲ့ ဘာမျှမရှိ။ ရှင်ကျန်သူဟာ သစ်ပင်ကို မြားနဲ့ပစ်လိုက်ပေမဲ့ အရိပ်နဲ့အရွက်ကလွဲလို့ ဘာကိုမျှမထိ။ တညနေမှာ ရှင်ကျန်သူဟာ လျှောက်သွားရှာဖွေခြင်းခရီးကနေ ခို‌အောင်းရာနေရာဆီပြန်ရောက်တော့ အသားကင်နဲ့မုန့်တွေအသင့်ရှိနေတာကို တွေ့လိုက်တယ်။ နောက်နေ့လည်း အဲဒီလိုပဲ။ နောက်‌ထပ်တနေ့လည်း အဲဒီလိုပဲ။ ပြင်းထန်တဲ့အထီးကျန်မှုနဲ့ဆာလောင်မှုတွေကနေလွတ်လာတော့၊ ကောင်းလာတဲ့ကံကြမ္မာလေးအတွက် ဘယ်သူ့ကျေးဇူးတင်ရမလဲ သူသိချင်လာတယ်။

တ‌မနက်မှာ သူပုန်းပြီးစောင့်တယ်။ ကြက်တူရွေးနှစ်ကောင်ရောက်လာတယ်။ မြေပေါ်နားပြီး သိပ်မကြာခင်ပဲ သူတို့ဟာ မိန်းမနှစ်ယောက်အဖြစ်အသွင်ပြောင်းသွားတော့တယ်။ သူတို့ မီးမွှေးတယ်။ ပြီးတော့၊ စတင်ချက်ပြုတ်ကြတယ်။ ရှင်သန်သူအမျိုးသားဟာ ဆံပင်ရှည်နဲ့၊ အလှပ၊ အတောက်ပဆုံးအမွေးအတောင်ရှိတဲ့ အ‌မျိုးသမီးကိုဖမ်းလိုက်တယ်။ နောက်ထပ်အမျိုးသမီးကတော့ စိတ်ပျက်ပြီး၊ ပျံသွားတယ်။

ဒီစုံတွဲကဆင်းသက်လာတဲ့ မေနာအင်ဒီယန်းတွေဟာ အပျင်းထူ၊ ပစိပစပ်များတဲ့မိန်းမနဲ့ရတိုင်း သူတို့ ဘိုးဘေးကိုကျိန်ဆဲကြတယ်။ ဘာမျှအသုံးမကျတဲ့မိန်းမကိုဖမ်းခဲ့လို့ ဒါတွေဖြစ်လာတယ်၊ ဒါတွေအားလုံး ခင်ဗျားအမှားပဲ။ နောက်ထပ်အမျိုးသမီးကတော့၊ တောထဲရှိသမျှကြက်တူရွေးအားလုံးရဲ့ အမိနဲ့အဖဖြစ်လာတယ်။

the parrot by Eduardo Galeano
the memory of fire trilogy

05/10/2022

ကျွန်တော်သည် သတင်းစာများကို လွှင့်ပစ်လိုက်ပါသည်။ လူတိုင်းလိမ်လည်နေကြသည်ဆိုလျှင် ဘာကြောင့်သတင်းစာကို ဖတ်နေဦးမည်နည်း။ ရိုတွန်းကဖေးတွင် သူတို့သည် နောက်ဆုံးသတင်းများကို ပြောနေကြသည်။ ဒူတွိုင်းမှာ ခြေတစ်ဖက်ပြတ် ကျန်ရစ်ခဲ့ပြီ။ မားဂေါ့က ခြေတုတစ်ဖက်တပ်ပေးဖို့ ရန်ပုံငွေကောက်နေသည်။ လူစီမှာ စိတ်ဖောက်ပြန်သွားပြီ။ တစ်ညတွင် ကိုယ်တုံးလုံးချွတ်ဖြင့် မီးရထားစက်ခေါင်းတစ်လုံးပေါ်တွင် ထိုင်နေသောလူစီကိုတွေ့ရသည်။ လူ့ဘဝသည် သွားမြဲသွားနေပါသည်။

ထိုစဉ် မိုဒီကလျာနီ ရောက်လာပါသည်။ ခဏကြာလျှင် ထိုအရာများအားလုံးသည် အကြားအမြင်ရပုဂ္ဂိုလ် နီစထရားဒါ့မတ်စ်၏ ကျမ်းထဲတွင် ရှေးပဝေဏသီကတည်းက ပါပြီးသားတွေဟု ပြောပါဦးမည်။

_လူများ၊ သက္ကရာဇ်များ၊ - ဘဝ(၁၈၉၁-၁၉၁၇)

01/10/2022

အချစ်

အမေဇုန်တောထဲမှာ ပထမဆုံးယောက်ျားနဲ့ ပထမဆုံးမိန်းမတို့ တယောက်ကိုယ်တယောက် စိတ်ဝင်တစားကြည့်တယ်။ သူ‌တို့ခြေထောက်ကြားကဟာတွေကြောင့် သူတို့အံ့ဩနေတယ်။

" မင့်ဟာကိုဖြတ်ပစ်လိုက်သလား " လို့ ယောက်ျားကမေးတယ်။
" မဟုတ်ဘူး၊ အရင်ကတည်းက ဒီလိုပဲ "လို့ မိန်းမကဖြေတယ်။

ယောက်ျားက မိန်းမအနားကိုကပ်တယ်။ ခေါင်းကိုကုတ်တယ်။ ဒဏ်‌ရာကြီးတခုပါလားလို့ ပြောတယ်။ " ကပ္ပလီဥ၊ ငှက်ပျောသီး ဒါမှမဟုတ် မှည့်ရင် ကွဲထွက်သွားတဲ့ ဘာအသီးမှ မစားနဲ့။ ငါမင်းကိုကုပေးမယ်။ ပုခက်ပေါ်တက်။ နားနေ "

မိန်းမက လိုက်နာတယ်။ ဆေးတွေသောက်တယ်။ ဆေးလူးခံတယ်။ ဆေးလူးပေးရင်း "မကြောက်နဲ့နော်" လို့ ယောက်ျားက ပြောတဲ့အခါ မရယ်မိအောင် သွားကို တင်းတင်းစေ့ထားရတယ်။

မိန်းမက အဲဒီလိုကစားရတာကြိုက်ပေမဲ့ ပုခက်ပေါ်နေပြီး အသီးငတ်နေတာကို ပျင်းလာတယ်။ အသီးအနှံတွေကိုသတိရပြီး သွားရည်ကျလာတယ်။

တညနေမှာတော့ ယောက်ျားဟာ တံခါးပေါက်ကိုဖြတ်ဝင်လာပြီး စိတ်လှုပ်ရှားစွာအော်လိုက်တယ်။ " ငါတွေ့ပြီ "
မျောက်ထီးက မျောက်မကို သစ်‌ပင်ပေါ်မှာ ဘယ်လိုကုသပေးတယ်ဆိုတာ သူမြင်ခဲ့တာပါ။

" ဘယ်လိုလုပ်ရမလဲသိပြီ " ပြောရင်း ယောက်ျားက မိန်းမအနားတိုးလာတယ်။

ရှည်လျားတဲ့ပွေ့ဖက်မှုကြီးပြီးတော့၊ ပြင်းထန်တဲ့ ပန်းနဲ့သစ်သီးရနံ့တွေ လေထဲပျံ့သွားတယ်။ အတူတကွလှဲလျောင်းနေတဲ့ကိုယ်ခန္ဓာတွေဆီက တခါမှမမြင်မကြားဖူးတဲ့ အခိုးအငွေ့ပြိုးပြိုးပျက်ပျက်တွေထွက်လာပြီး ဒါက သိပ်လှလွန်းလို့ နေနဲ့နတ်ဘုရားတွေကို ရှက်ပြီးသေသွားစေခဲ့တယ်။

love by Eduardo Galeano
the memory of fire trilogy

25/09/2022

Traffic light virus

တော်တော်တင်းတိမ်နိုင်တဲ့ လခြမ်းပဲ။ ဝါးလက်ခုပ်က စကားမပြောတတ်လို့ ကောင်းနေရဲ့နဲ့ ရှောင်ဖယ်သွားတယ်။ ငါတို့မှာလည်း ပြည်သူ့ရင်ပြင်က ရေလွှာမိကျောင်းလို လက်ဖဝါးတွေနဲ့။ သုခိတာထဲမှာ ပြေးပုန်းကနေတဲ့ မာနိုဘန်းရဲ့ အခါအယမ်းတွေ​ကြောင့် ပိုက်ဆံရနိုင်မယ့် စာအုပ်သာ ထုတ်လိုက်ကြပါ။ အောက်စျေးတွေအကြောင်း မေးလာခဲ့ရင် သင်တို့ တစ်ခုခုသာပြောပြလိုက်ပါ။ ငါတို့မှာလည်း အစွယ်တွေနဲ့ကိုမှ အဲရစ်ဆင်ရဲ့ killer passတွေထဲမှာ ဘယ်သူကမှ ကြံ့ဗဟုံးစုံစမ်းနိုင်တဲ့ မှုခင်းတွေနဲ့ blackpinkရဲ့ အခွေစီးရီးသစ်ကို မထည့်ပေးလိုက်ပါဘူး။ အနုပညာခံစားနိုင်စွမ်းမလုံလောက်တဲ့ လူအများစုရဲ့ စောက်ရာခိုင်နှုန်းတွေ မတိုးလာဘူး။ အဲဒီမှာ အာဏာကပြန်သိမ်းတယ်။ ပုံမှန်ဖြစ်စဥ်ပြန်ရောက်တယ်။ ကိုယ်တို့ဟာ ဒစ်ဂျစ်တယ်ဒိုင်ခွက် ပင်လယ်ကြီးထဲ မှောက်ယက်ကူးရင်း၊ အဇာတသတ်ကို upgradeလုပ် spellတွေသုံးပြီး ဂိမ်းထဲထည့်ရင်း၊ မပြီးဆုံးနိုင်သေးတဲ့ contentတွေ အိပ်မက်ထဲဝင်လာပြီး ငွေတစ္ဆေအဖြစ် ခြောက်လှန့်ရင်း၊ sweet december ကို ဗိုက်ကြွက်သားတင်းမာမှုတွေနဲ့ ဟစ်ကြွေး ရင်း၊ ကိုစစ်ကိုင်းနဲ့ စကားပြောဖြစ်တဲ့ ကျင်းတွေထဲမှာ ဖက်ကြမ်းတွေကို စတင်ထုတ်ခဲရင်း ကမ္ဘာကြီးကို မေ့ပစ်လိုက်ကြတာ။ စက္ကူရုပ်တွေဟာ မြို့ထဲကို ဝင်လာကြပြီး စကားပြောသင်တန်းတွေတက်ပြီး ပြန်ထွက်သွားကြတယ်။ မြို့နေလူထုကလည်း ကြောင်အအဖြစ်ပြီး ကျန်ခဲ့တယ်။ မိုးရွာရင်ရော ဒီစက္ကူရုပ်တွေ ဘယ်နေရာမိုးဝင်ခိုကြမလဲ။ ဓာတ်မီးရဲ့ အလင်းရောင်နဲ့ ကိုကာကိုလာနဲ့ အာလူးကြော်ကို အပူပင်ကင်းကင်းစား​နေခဲ့ကြတယ်။

ရွက်စိမ်း
၂၅ စက်တင်ဘာ ၂၀၂၂

06/09/2022

က၊ ခေတ်လှိုင်းရဲ့ ' အံ့ဘွယ်ခံစားချက် ' ebook ပါ။ သူရေးထားတဲ့ စကားပြေလိုလို ကဗျာလိုလို ( Dean Young ကတော့ ကဗျာမဟုတ်ဘူးပြောမဲ့) စာစုလေး အနည်းငယ်နဲ့၊ ဖန်တစီကဗျာအနီးငယ်ခန့်ကို စုဆောင်းလိုက်တာ 31 မျက်နှာရရှိပါတယ်။ 31 မျက်နှာသာရှိလို့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖတ်ကြပါ။ ။



' watch SpongeBob, read poetry & stay alive ' လို့ ဘိုလို ဖူးဖူးမှုတ်လိုက်ပါရစေ။ ။

https://www.mediafire.com/file/i7wl5y7jk1bmatv/prosepoemF.pdf/file

Photos from Wall Art Gallery's post 01/09/2022

Ko TZL

မတူညီတဲ့ပုံသဏ္ဍာန်များ၊ မတူညီ‌တဲ့ပြဿနာများ 27/08/2022

လမ်းပေါ်က လူတွေကို မြင်နေရပေမဲ့လမ်းပေါ်က လူတွေအကြောင်းကို ထွန်းလင်းဦးမတွေးမိဘူး။ ထွန်းလင်းဦးတွေးနေတာက ယန်းပေါဆတ်ရဲ့ ဝတ္ထုတပုဒ်ထဲက အရူးနဲ့လိင်ဆက်ဆံဆဲ အမျိုးသမီးအကြောင်းပဲ။ အဲဒီဝတ္ထုထဲက အရူးကလည်း နည်းနည်းတော့ အဆန်းတကြယ်ပဲ။ ယန်းပေါဆတ်ရဲ့ ‌ဇာတ်ကောင်တွေက ကြွတော့ အဆန်းတကြယ်ဖြစ်ရတယ်။ အခု ထွန်းလင်းဦးတို့နှစ်ယောက်ရဲ့ ဖြစ်ရပ်မှာဆိုရင်လည်း ယန်းပေါဆတ်နဲ့ တနဇကီကို သိတဲ့ ထွန်းလင်းဦးက ဒါမျိုး တွေးမိနေပြီး ဒါတွေမသိတဲ့ ချယ်ရီက ဒီလိုတွေ တွေးမနေဘူး။ သိတယ်ဆိုတာ တခါတခါတော့ ဆိုးဝါးနေတယ်။ taboo ကိစ္စတရပ်ကို သိပြီးနောက် လူတွေအပေါ် သာမာန် အတိုင်း မမြင်နိုင်သလိုပေါ့။ ထွန်းလင်းဦး အဲဒီလိုတွေးရင်း သူ့အတွေးသူ သဘောကျလို့ ထိန်းထားတဲ့ ကြားက လှစ်ခနဲ ပြုံးလိုက်မိတယ်။ ပြီး အမြန် ချယ်ရီ့ ကို ကြည့်လိုက်တယ်။ ချယ်ရီက လမ်းပေါ်ကို ကြည့်နေတာ။ အတိအကျပြောရရင် လမ်းပေါ်က လက်ချင်းချိတ်ပြီး လျှောက်လာတဲ့အတွဲကိုကြည့်နေတာ။ နှစ်ယောက်စလုံး ခပ်ငယ်ငယ်ဆိုတော့ ငယ်စိတ်နဲ့တက်ကြွမှုလည်း ပါနေတယ်။ ချယ်ရီက ထွန်းလင်းဦးဘက် လှည့်လိုက်တယ်။

kh

https://docs.google.com/document/d/1GdFJvZOUO4djyDYlEZvEn2t_1GqR8yBjKJuXV5EpXU8/edit?usp=sharing

မတူညီတဲ့ပုံသဏ္ဍာန်များ၊ မတူညီ‌တဲ့ပြဿနာများ မတူညီတဲ့ပုံသဏ္ဍာန်များ၊ မတူညီ‌တဲ့ပြဿနာများ -ခေတ်လှိုင်း ထွန်းလင်းဦးအတွက်ကတော့ နည်းနည်းရှက်ဖွယ်ဆိုတာမျို....

18/07/2022

စကပ ဘုတ်အုပ်တအုပ်ထုတ်မလို့ စီစဉ်နေပါတယ်ဗျ။
B roof မှာ မြင်နေကျ သုံးယောက်ရဲ့ ဝတ္ထုတွေပါ။
အနားနီးရင် အသေအချာပြန်ကြေညာပါ့မယ်။

09/07/2022

မတ်တပ်ရပ်ကိုယ်တော်

အတွင်းက သော့ခလောက်ကို အပြင်က ဖွင့်သလို ဖြစ်ရတယ်။ ကြောင်ရဲ့အမြီးကို ဖိထားဖို့ ကြိုးစားသူလို ထင်လိုက်မိတယ်။ ကားပေါ်မှာ လူသိပ်ကြပ်တော့ နောက်က အစ်မကြီးရဲ့ တင်ပါးတဖက်နဲ့ ကျနော့်တင်ပါးတဖက် တချက်ချက်မှာ ပူးကပ်လျက်ရှိတယ်။ ကျနော့်မှာ သာယာစိတ်လေးဖြစ်ရပေမဲ့ နောက်တဖက်မှာ ဒီဖြစ်နေတဲ့အထစ်ကလေးကို ဖြေချလိုက်ချင်တယ်။ ကွန်ပျူတာထည့်ထားတဲ့ အိတ်ကို ကားရဲ့တန်းတွေပေါ်အားပြုတင်လိုက်တယ်။ ကားတန်းတွေဟာ ငှက‌်ပျောသီးကာလာအတိုင်းပဲ၊ အဝါရောင်။ အဝါရောင်ဟာ လိင်စိတ်ကို ရပ်တန့်စေတယ်၊ ထင်ရှားစေတယ်၊ တိုးတက်စေတယ်၊ ငြိမ့်စေတယ်။ အဲဒီလက်‌တန်းတွေကိုအားပြုပြီး ကျနော့်ကိုယ်ကို 10 လက်မလောက်ရွေ့အောင် ရွှေ့လိုက်တယ်။ ချက်ချင်းပဲ နောက်ကတင်ပါးကြီးနဲ့ လွှတ်မြောက်မှုကြောင့် ပျော်ရွှင်ရပေမဲ့ ငနွား‌ဆိုတဲ့ အသုံးမကျမှုကိုလည်း ခံစားနေရတယ်။ နောက် တစ်မိနစ်လောက်ကြာတော့ နောက်ထပ်တင်ပါးတစ်ဖက်က ကျနော့်တင်ပါးကိုလာထိတယ်။ ‌အားရဝမ်းသာစွာနဲ့ နောက်လှည့်လိုက်တော့ တင်ပါးပိုင်ရှင် ရဟန်းတပါး။ သင်္ကန်းရဲ့အထိအတွေ့ကြောင့် ကျနော့်ကိုယ်‌ဟာ ယားလာတယ်။ ။

Kh
22

07/07/2022

မိုးရေချိုးချိန်

မိုးတွေရွာလာတယ်။ လျပ်စီးတွေလက်ပြီး မိုးချိန်းသံတွေ ဆူညံလာတယ်။ အိမ်ကနှစ်ထပ်အိမ်ဖြစ်တာမို့ အပေါ်ထပ်က ဝရံတာကနေ အပြင်ဘက်ကို ထွက်ကြည့်လိုက်တယ်။ သူတို့အိမ်ရှေ့မှာ အင်္ဂတေခင်းထားတဲ့ ကွင်းပြင်ကျယ်ကြီးရှိတယ်။ သစ်ပင်ကြီး နှစ်ပင်၊ သုံးပင်လောက်ရှိတယ်။ မကြာခင်မှာ ဘေးအိမ်က လူငယ်လင်မယားအတွဲက ကွင်းထဲကို မိုးရေထွက်ချိုးတယ်။ မိုးစက်တွေကျနေပြီး လွမ်းလွမ်းဆွေးဆွေးဖြစ်စေတဲ့ အရသာကိုပဲ ဆက်လက်ပြီး ခံစားနေဖို့ ဝရံတာမှာပဲဆက်ရပ်နေပါတယ်။ မိုးကြိုးက ကွင်းပြင်ကိုပစ်နိုင်တာကို ခန့်မှန်းမိနေတယ်။ မတွေ့တာကြာတဲ့ သူငယ်ချင်းဖြစ်သူ ညဆယ့်တစ်နာရီမိုးရေချိုးတာကို လေးထပ် ဝရံတာကနေလှမ်းကြည့်နေချိန်ကို သတိရလာတယ်။ ဆယ့်ငါးမိနစ်လောက်အကြာမှာ စုံတွဲကို မိုးကြိုးပစ်သွားတယ်။ ပစ်သွားတဲ့နေရာမှာ ကန္တာရဆူးပင်နှစ်ပင်သာ ကျန်ခဲ့တယ်။ အဲဒီအပင်နှစ်ပင်ကိုသွားယူပြီး အိမ်ရဲ့လွတ်နေတဲ့အခန်းထဲမှာ ပန်းအိုးအနီရောင်တစ်လုံးစီနဲ့စိုက်ပျိုးထားလိုက်တယ်။ နေရောင်ရအောင် နေ့ခင်းဘက်ကျ ပြတင်းပေါက်ကိုဖွင့်ပေးထားတယ်။ နေ့တိုင်း အပင်တွေက ညှိုးညှိုးလာတယ်။ သုံးရက်မြောက်ကျ အိမ်ကိုချိန်းထားတဲ့ သူငယ်ချင်းတစ်ယောက်က ရောက်မလာခဲ့ဘူး။ သူငယ်ချင်းကော သူကောအတွက် မာလာရှမ်းကောနှစ်ပွဲဝယ်ထားတာ။ မာလာရှမ်းကောက ဖော့ဗူးတွေနဲ့ ထည့်ထားတာ။ မလာတော့ သူတစ်ပွဲစားလိုက်တယ်။ နောက်တစ်ပွဲကိုမစားနိုင်တော့ဘူး။ ဒါနဲ့ လွှင့်ပစ်ရမယ့်အတူတူ မာလာရှမ်းကောတစ်ပွဲကို သစ်ပင်တွေရှိတဲ့အခန်းထဲ ဘာရယ်မဟုတ်ပဲသွားထားထားလိုက်တယ်။ မနက်ကျတော့ မာလာရှမ်းကောတွေ ကုန်နေတာတွေ့ရတယ်။ သစ်ပင်တွေက ပြန်လည်ပြည့်ဖြိုးသန်စွမ်းလာတယ်။ အခန်းက ကြွက်အပါအဝင် တခြားတိရစ္ဆာန်အကောင်ပလောင်မျိုး ဝင်လို့မရနိုင်ဘူး။ ဒါဆို သစ်ပင်နှစ်ပင်ကပဲ စားလိုက်တာဖြစ်ရမယ်။ အဲဒီနေ့ကစလို့ တစ်ရက်ကို မာလာရှမ်းကောတစ်ပွဲဝယ်ပြီး အခန်းထဲကို ထည့်ပေးထား၊ နောက်တစ်နေ့မနက်ကျ လွတ်နေပြီဖြစ်တဲ့ ဖော့ဗူးကိုသွားယူရတယ်။

ရွက်စိမ်း

04/07/2022

စေတီ

ဟဲလို grabကလား။ဟုတ်ပြီ လာပြီ။ ခဏစောင့်ပေးပါဆိုပြီး ပြောလိုက်တယ်။ ပစ္စည်းပို့တဲ့လူကရောက်နေပြီဆိုတာတောင် ဝရံတာကနေ တကယ်ရောက်မရောက်ထွက်ကြည့်ချင်သေးတယ်။ ဝရံတာကိုလျှောက်နေဆဲမှာ အဲနာကိုမေးလိုက်တယ်။ မင်း ဘာတွေမှာထားပြန်ပြီလဲ။ စေတီတစ်ဆူလို့ အဲနာကဖြေတယ်။ ဝရံတာကနေလှမ်းကြည့်တော့ အစိမ်းရောင်ဝတ်စုံနဲ့ grab rider ကရောက်နေပြီ။ သူ့ဘေးမှာ ပေသုံးဆယ်လောက်အမြင့်ရှိမယ့် ရွှေရောင်သုတ် စေတီငယ်တစ်ဆူ။ ဒီစေတီကို သူနေနေတဲ့တိုက်ရဲ့ လေးထပ်မြောက်ဆီ ဘယ်လိုသယ်ယူရမလဲဆိုတဲ့အတွေးက ဒိုင်းခနဲဝင်လာတယ်။ လာပို့တဲ့သူကကော ဆိုင်ကယ်နဲ့ဘယ်လိုသယ်လာတာလဲ။ သော့ကတ်ယူ၊ နှာခေါင်းစည်းတပ်ပြီး လှေကားတွေကနေ အောက်အထိဆင်းလာလိုက်တယ်။ အောက်ရောက်တော့ ကျသင့်ငွေကိုရှင်းပေးလိုက်တယ်။ ဘယ်လိုသယ်ရမလဲစဥ်းစားနေတာကို rider က သိဟန်တူတယ်။ သု့လက်နဲ့စေတီကို နှစ်ချက်ပုတ်လိုက်တယ်။ စေတီက တစ်တောင်သာသာလောက်ရှိမယ့် အရွယ်ကိုသေးငယ်သွားပြီး rider ကလည်း ဆိုင်ကယ်ကိုခွစီးပြီး မောင်းထွက်သွားတော့တယ်။ စေတီကို မ ကြည့်တော့ တော်တော်ပေါ့တယ်။ စေတီကိုသယ်ပြီး အပေါ်ကိုပြန်တက်လာလိုက်တယ်။ အခန်းပြန်ရောက်တော့ စေတီကို နှစ်ချက်ပုတ်လိုက်တယ်။ စစတွေ့ချင်းကအရွယ်အတိုင်းပြန်ကြီးမားသွားပြီး မျက်နာကြက်ကိုပါထိနေတော့ စေတီကလဲသွားပြီး လဲလျက်အတိုင်း မူလအရွယ်ထိရောက်အောင် ဆက်ကြီးထွားနေတယ်။ မူလအရွယ်အတိုင်းရောက်တော့ မ ကြည့်ပေမဲ့တော်တော်ကြီးကိုလေးနေတယ်။ ကြမ်းပြင်ကနေ ကြွတောင်မကြွဘူး။ အဲနာက စေတီကို မူလအကြီးအတိုင်းပဲ တည်ထားကိုးကွယ်ချင်နေတယ်။ ငါကတော့ စေတီကို သေးအောင်လုပ်ပြီးပဲ ကိုးကွယ်စေချင်တယ်။ အခန်းက စေတီကြီးကို တစောင်းထားဖို့လောက်ထိမကျယ်ဝန်းဘူး။ အကြီးအတိုင်းသာထားထားရင် အခန်းတစ်ခန်းလုံးပြည့်နှက်နေပြီ။ ခေါင်မိုးထပ်မှာ စေတီကိုသွားထားလိုက်ရမလား။ ဘုရားရှိခိုး၊ အမွှေးတိုင်ပူဇော်၊ ဘုရားပန်းကပ်စတဲ့လုပ်ဆောင်စရာတွေရှိလာမှ ခေါင်မိုးထပ်ဆီ သွားဦးညွှတ်ရမလားပေါ့။ အဆောင်ပိုင်ရှင်ကကော ခေါင်မိုးထပ်မှာစေတီတစ်ဆူထားထားတာကို ကြိုက်လောက်ရဲ့လား။ မိုးရွာရင်ကော ဘုရားရှိခိုးရတာအဆင်ပြေလောက်ရဲ့လား။ နှစ်ချက်စီ နှစ်ချက်စီနဲ့ စေတီကို ဘယ်နှခေါက်မြောက်မှန်းမသိ ပုတ်နေမိတော့တယ်။

ရွက်စိမ်း

Photos from B Roof's post 30/06/2022

Untitled Collages
by Ywet Same

24/06/2022

ချောတိုင်တက်ပွဲ

ရပ်ကွက်ထဲမှာ လွတ်လပ်ရေးအထိန်းအမှတ်ဆိုပြီး ချောတိုင်တက်ပွဲလုပ်တယ်။ ရွာကလူငယ်လူရွယ်နဲ့အားကောင်းမောင်းသန် ယောက်ျားသားတွေဝင်ပြိုင်ကျတယ်။ အဲဒီထဲမှာ ကိုထွန်းလည်းပါတယ်။ ကိုထွန်းက ဆယ့်ငါးပေအကျော် လူသုံးယောက်အပေါ်ကိုကုပ်ကပ်ပြီးတက်ပြီးတာနဲ့ သူတို့ရပ်ကွက်ကို အနီရောင်တွေသန်းနေတဲ့ လူသူလုံးဝမရှိတဲ့ နေရာအဖြစ်မြင်နေရတယ်။ အောက်ကသုံးယောက်ကိုလည်း ကြောင်နက်ကြီးတွေအဖြစ်တွေ့နေရတယ်။ အပေါ်ကိုမော့ကြည့်တော့ တိုင်ရဲ့ထိပ်က အလံတိုင်သေးသေးလေးကိုမြင်နေရပြန်တယ်။ ကောင်းကင်မှာတော့ ရှူးဖိနပ်အနက်ရောင်တွေအများကြီး လေထဲမှာ ပေါလောမျောနေတယ်။ နည်းနည်းကြောက်သွားတာမို့ အောက်ကိုပြန်ဆင်းလာလိုက်တယ်။ သူတို့အဖွဲ့ရဲ့အသက်အကြီးဆုံးလည်းဖြစ်၊ သူ ခုနတက်တုန်းကအောက်ဆုံးကနေထမ်းထားရတဲ့သူလည်းဖြစ်တဲ့ ကိုနွားကြီးကို အကျိုးအကြောင်းပြောလိုက်တယ်။ ကိုနွားကြီးက မယုံဘူး၊ သူတက်ကြည့်မယ်ဆိုပြီး လုပ်တယ်။ ကိုထွန်းက အောက်ကနေရယ်ရင် ဒုတိယလူနေရာမှာနေရတယ်။ အဲဒီနေရာကနေတော့ သူခုနမြင်ခဲ့တဲ့မြင်ကွင်းကို မမြင်ရဘူး။ သုံးယောက်ကျော်ကို ကိုနွားကြီးတက်သွားပြီးနောက် ပြန်ဆင်းလာတယ်။ သူလည်း ကိုထွန်းလို မြင်ကွင်းမျိုးတွေ့ခဲ့ကြောင်း အဖွဲ့သားတွေကို ပြောပြတယ်။ အဖွဲ့သားတွေက နေရာတွေအခါခါပြောင်းပြီး တက်ကြည့်ကြတယ်။ လာကြည့်တဲ့သူတွေကလည်း ကြွပ်စီကြွပ်စီပေါ့။ ပြန်တဲ့လူတွေတောင် ပြန်ကုန်တယ်။ တစ်ဖွဲ့လုံးက အဆိုပါမြင်ကွင်းကို မြင်ကြတယ်။ သတင်းက ရပ်ကွက်လူကြီးဆီရောက်သွားတယ်။ ရပ်ကွက်လူကြီးကလည်း မယုံဘူးကွာဆိုပြီး တက်ကြည့်တယ်။ သူလည်း မြင်ကွင်းကို တွေ့လာတယ်။ သတင်းက တစ်ရပ်ကွက်လုံးကို ပြန့်နှံ့သွားတယ်။ ရဲတွေရောက်လာပြီး တက်ကြည့်ကြတယ်။ ပြီးတော့ ရပ်ကွက်သူ၊ ရပ်ကွက်သားများ တစ်ယောက်ပြီးတစ်ယောက် ချောတိုင်ပေါ်အဆင့်ဆင့်တက်ကြည့်တယ်။ စောင့်ရတာကို စိတ်မရှည်ကြသူတွေက တိုင်တွေဝယ်ပြီးထောင်ပြီးတက်ကြည့်ကြတယ်။ ရပ်ကွက်ထဲမှာ ချောတိုင်ပမာဏအရှည်ရှိမယ့် တိုင်တွေဟာ လက်ညှိုးထိုးမလွဲအောင်တည်ရှိနေတဲ့အထိဖြစ်သွားပြီ။ တစ်မြို့လုံးရောက်လာကြတယ်။ တစ်နယ်လုံး ရောက်လာကြတယ်။ တည်းခိုခန်းစားရိတ်တွေနဲ့တခြားခြားသော ရပ်ကွက်တည်ရှိတဲ့မြို့ရဲ့ဝန်ဆောင်မှုစားရိတ်တွေဟာ ကြီးကြီးမားလာတယ်။ ပေသုံးဆယ်ကျော်ဝါးလုံးတိုင်ကြီးတွေက မြို့ရဲ့ နေရာလွတ်အားလုံးနီးပါးထိကို နေရာယူထားတယ်။

ရွက်စိမ်း

22/06/2022

ကော်ဖီဆိုင်မှာ ချိန်းဆိုခြင်း

သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတဲ့ ကော်ဖီဆိုင်ကို ဆယ့်ငါးမိနစ်လောက်စောအောင် အရောက်သွားလိုက်တယ်။ ရောက်တော့ ကော်ဖီတစ်ခွက်မှာ၊ ဖုန်းထုတ်ရင်း သတင်းလေးဘာလေးကြည့်ပေါ့။ ချိန်းထားတဲ့အချိန်မှာ သူငယ်ချင်းကရောက်မလာဘူး။ ဆယ်မိနစ်လည်းရောက်မလာ၊ ဆယ့်ငါးမိနစ်လည်းရောက်မလာ။ ဖုန်းပဲပါလာတော့ ဖုန်းပွတ်ရတာ နာရီဝက်ထက်ကျော်လာတော့ ပျင်းလာပြီ။ တခြားသူတွေဆီ ဖုန်းဆက်ဖို့ကျတော့လည်း လောက်လောက်လားလားဆက်ချင်လောက်တဲ့သူမရှိ။ လေးဆယ့်ငါးမိနစ်၊ တစ်နာရီ။ တစ်နာရီနဲ့ ဆယ့်ငါးမိနစ်လောက်ကြာတော့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ ကျသင့်ငွေကိုရှင်းပေးပြီး ထိုင်နေတဲ့ခုံကနေထတော့ စောင့်ဆိုင်းခြင်းတွေကို မင်းဘယ်လိုမြင်လဲဆိုတဲ့စကားအသံတစ်သံထွက်လာတယ်။ လှည့်ကြည့်တော့ သူငယ်ချင်းလည်းမဟုတ်ဘဲ ရှေ့က ကုလားထိုင်ခုံကြီးဆီကနေထွက်နေတာပါ။ ခုံက ကျနော့်နောက်ကိုလိုက်လို့ရမလားလို့ပါ ခွင့်ထက်တောင်းသေးတယ်။ ကျနော်လည်းတစ်ယောက်တည်းပျင်းနေတာနဲ့ သူငယ်ချင်းလည်းမလာတော့မယ့်အတူတူအဖော်ရှိတာကောင်းမယ်ဆိုပြီး ခွင့်ပြုလိုက်တယ်။ ခုံက ကျနော်သွားတဲ့နောက်ကိုလိုက်လာတယ်။

ရွက်စိမ်း
၂၀၂၂

22/06/2022

တွားသွားမက်ဆေ့ချ်
ရွက်စိမ်း

Music Prod: by Ywet Same
Mixing - Ywet Same
Art work - Ywet Same

Youtube - https://youtu.be/INC4m0kSuJE

Scoundcloud - Listen to တွားသွားမက်ဆေ့ချ် - ရွက်စိမ်း (Prod: by Ywet Same) by Ywet Same on
https://soundcloud.app.goo.gl/xxnp3

Spotify - https://open.spotify.com/episode/3AtQwM60bFf5cA12yy6cAX?si=vTVwGXE2RZ680Qu1H0EryA&utm_source=copy-link

12/06/2022

Coming Soon in this June

Planet-X ဆိုတဲ့ဂြိုဟ်က မျှော်လင့်ချက်တွေကို ၂၀၂၀မှာ အသံအဖြစ်ရောက်ရှိလာခဲ့ပြီး ၂၀၂၂မှာတော့ သူရောက်ရှိသွားတဲ့နေရာကအသံတွေ ထွက်လာမှာဖြစ်တယ်

available soon on

Youtube - https://youtube.com/channel/UC7njBxgMTHdDmHG5m7kfnrQ

Scoundcloud - Check out Ywet Same on
https://soundcloud.app.goo.gl/dFTNQ

Spotify - https://open.spotify.com/show/2vLvH6YmDvkL5Dvmy06A2E?si=wlKIIvFIS8mrkXaXgpZNxw&utm_source=copy-link

09/06/2022

ခါမြေနှင့်စကားပြောခြင်း

◼ အခုနှစ်ပိုင်းတွေမှာ ‌အခမကိုဂါတဲ့ လူငယ်တွေက အောင်ခင်မြင့် အသံနဲ့ ကဗျာရေးကြတယ်၊ ဟန်ကိုတုတယ်ဆိုတာမျိုး ပြောတာ တွေ ရှိလာတယ်။ တချို့ကျတော့ ဒီလိုကဗျာတွေကိုလည်း အောင်ခင်မြင့်မနေထိုင်ဖြစ်တဲ့တခြားဘဝလို့ ယူဆပြီး ဖတ်တယ် လို့ ပြောတယ်။ တချို့ကျတော့လည်း ကဗျာတောင်ရေးနေပြီပဲ၊ ပါးစပ်ဟပြီးမှ ဘာလို့ သူများအသံနဲ့အော်မလဲ၊ ဘာလို့ ကိုယ့်ဘဝ ကို သူများပါးစပ်ငှားအော်ရမလဲ ပြောကြတယ်။ ကိုခါမြေအနေနဲ့ " အခမ flow နဲ့ ကဗျာရေးသူများ " ဆိုတဲ့အ‌ကြောင်းနဲ့ ပတ်သက်လို့ ဘာများပြောချင်လဲ။

ဟုတ်၊ ဒီမေးခွန်းအတွက် အဖြေကို ယတိပြတ်ကြီး မဖြေတတ်တဲ့ အတွက် ကျနော်သိသလောက်လေး ကြိုးစားဖြေကြည့်ပါမယ်။ ကျနော် လည်း အခုနောက်ပိုင်း အခမဟန်နဲ့ ကဗျာရေးကြသူအများစုကို သတိထား မိပါတယ်။ အဲဒီကဗျာတွေက သူတို့ဟာသူတို့ တန်းတစ်ခုမှာ ရှိနေတာကို လည်း လက်ခံပေးရမှာပဲ။ ဒါမဲ့ ကဗျာဖြစ်ဖြစ်/ စကားပြေဖြစ်ဖြစ် ကိုယ့်ရှေ့ က ကိုယ်သဘောကျရတဲ့ စာရေးသူရဲ့ လွှမ်းမိုးမှုကတော့ အတိုင်းအတာ တစ်ခုထိ ခံရမှာပဲ မဟုတ်လား။ ကမ္ဘာကျော်စာရေးဆရာတွေ၊ တွေးခေါ်ရှင် တွေလည်း ဒီအတိုင်းပဲ။ ဘာလို့ဆို စာမဖတ်ဘဲ စာရေးလို့မှ မရပဲ။ အဲဒီ လွှမ်းမိုးခံရမှုအပေါ် အခြေခံပြီးမှ ကျနော်တို့က ဖောက်ထွက်ကြရမှာပဲ လေ။ ဖောက်မထွက်ပဲ မျှောလိုက်နေရင်တော့လည်း မပြောတတ်ဘူး။ ကျနော်အပါအဝင် စာရေးသူအများစုက ခုခါမှာ စပ်ကူးမတ်ကူး ကြား ကာလဖြစ်နေတယ် ထင်တယ်။ အများသူငါ တတွင်တွင် သုံးနေပြောနေ ကျအတိုင်း ပြောရရင်တော့ စု၊ တု၊ ပြု ပေါ့လေ။ ကိုယ်ပိုင်ဟန် ရလာရင်တော့ အောင်မြင်မှုလို့ ဆိုရမှာပဲ။ ဆိုတော့ အဲဒီမေးခွန်းနဲ့ ပတ်သတ်လို့ ကျနော် သတိထားမိတဲ့ စာရေးသူတစ်ယောက်ကို ဥပမာထား ပြီး ပြောချင်တယ်။ သူက ကိုလတ်လွန်းဝေဦးပဲ။ သူ့အရေးအသားတွေက မိုက်တယ်။ ဒါကိုလည်း ကျနော် လက်ခံတယ်။ ဖတ်ရသူကို ထုံထိုင်းပြီး လွင့်မျောသွားစေတာ။ အထူးသဖြင့် သေချာခဲ့တဲ့ အတိတ်တွေအကြောင်း တခုတ်တရပြောပြတဲ့ သူ့စကားပြေတွေပေါ့။ ကျနော်ဆို သူ့အရေးအသား တွေ ဖတ်ရတိုင်း သူ့လို တွေးပြီး ဒီလို ရေးပြချင်လိုက်တာလို့ အမြဲခံစား ရတယ်။ ဒါမဲ့ သူ့အရေးအသားတွေမှာက အခမရဲ့ လွှမ်းမိုးမှုကို တွေ့ရတယ် လို့ ကျနော်ခံစားရတယ်။ ကိုခေတ်လှိုင်းပြောတဲ့ အခမ မနေထိုင်ဖြစ် လိုက်တဲ့ဘဝ ဆိုတာမျိုး သဘောထားပြီး ဖတ်ရင်တော့ သိပ်ပြဿနာ မရှိ လှဘူး။ အဲလိုမဟုတ်လည်း ရိုးရိုး သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ ဖတ်မယ်ဆို သူ့အရေးအသားတွေက အောင်ခင်မြင့် အရေးအသားတွေ အောက် အများကြီး နိမ့်ကျနေတာမျိုးတော့ မရှိဘူးလို့ ကျနော်တော့ ထင် တာပဲ။ တန်းတူရည်တူပါပဲ။ တစ်ခုရှိတာက ဒီလိုအရေးအသားမျိုးက အခမ အရင်ရေးခဲ့တာဆိုတာကိုတော့ ကျနော်တို့က လက်ခံပေးရမှာပဲ။ ဆိုတော့ ကျနော့်အနေနဲ့က ကိုလတ်လွန်းဝေဦးအနေနဲ့ ခုရေးနေကျ ပုံစံကနေ(ခုသူ အသားကျနေတဲ့ ပုံစံပေါ့) တခြားပုံတစ်မျိုးပြောင်းရေးရင် ဘလိုဖြစ်သွား မလဲပေါ့။ အဲလိုရော သူပြောင်းရေးကြည့်ဖို့ ကြိုးစားမလားပေါ့။ သူ့ဟန် ဆိုတာကို ရမလားပေါ့။ အဲလိုတွေးမိတာပါ။ စာအနည်းအကျင်းရေးတဲ့ စာဖတ်သူတစ်ဦးအနေနဲ့ သူ့အရေးအသားကို ဖတ်ရင်ကျ အခမဖလိုး ဆိုတာကြီး အနည်းနဲ့အများပေါ်လွင်နေတော့ ခရီးက မှန်းထားသလောက် မတွင်တာမျိုး ဖြစ်ရတယ်။ ခြုံပြောရရင်တော့ ကိုလတ်လွန်းဝေဦး အရေး အသားကို ကျနော် သဘောကျတယ်ဆိုတာမျိုးပဲ ထွက်လာတာပါ။ ဒါက ကျနော် ခံစားရသလို ပြောတာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမှ တိုက်ခိုက် လိုစိတ် မရှိပါဘူး။ သူများသာ လျှောက်ပြောနေတာ ကျနော့်အရေးအသား လည်း ဘာမှလောက်လောက်လားလား မရှိပါဘူး။ ဆိုတော့ ဒီမေးခွန်းကို အနှစ်ချုပ်ရရင် အခမဖလိုးနဲ့ ရေးသူများ အကြောင်းနဲ့ ပတ်သတ်လို့ ကောင်းတယ်/ မကောင်းဘူးလို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးစရာတော့ မရှိပါဘူး။ ဖတ်သူအမြင်နဲ့ သိပ်အားမရတာမျိုးပဲ ရှိပါတယ်။ စာပေရေး သားသူတိုင်း ကိုယ်လွတ်လပ်ခွင့်နဲ့ကိုယ် ကိုယ့်စိတ်ကြိုက် လွတ်လွတ် လပ်လပ် ရေးခွင့်ရှိပါတယ်။ သူနဲ့အတူ လိုက်ပါနိုင်သူတွေအတွက် ကာလ တရားက ထိုင်ခုံအလွတ်တွေ ချန်ထားပေးမယ် ထင်ပါတယ်။ ကိုယ့်ဘဝကို သူများပါးစပ်ငှားအော်နေတဲ့ အကြောင်းကတော့ ကိုယ်အော်လိုက်တဲ့အသံ က ကီးဝင်နေရင် အများကြီး ပြောစရာရှိတယ် မထင်ပါဘူး။ အရုပ်မဆိုးဘူး ပေါ့ဗျာ။ ကိုလတ်လွန်းကို ကျနော် ဥပမာပေးထားသလိုပါပဲ။ အရမ်းကြီး တော့မတူပေမဲ့ ယေဘုယျဆိုရရင် သီချင်းကို ကာဗာဆိုကြသလိုပေါ့။ ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှု၊ တီထွင်ဆန်းသစ်မှုလေးတွေ ထည့်လိုက်ရင် တော့ မူရင်းကို မှီခြင်း/ မမှီခြင်းနဲ့ ကင်းပတဲ့ အရသာသစ်ကို ရတာပဲလေ။ ကိုယ်အော်တဲ့အသံက ကီးမဝင်တဲ့အပြင် နားမခံသာတာမျိုး ဖြစ်နေရင် တော့ တစ်ခုခုတော့ လွဲနေပြီဆိုတာသိပြီး အချိန်မီပြုပြင်ပြောင်းလဲနိုင်ရင် တော့ ကဗျာလောကမှာ အမှိုက်ကင်းတာပေါ့ဗျာ။ ..

ခါမြေနှင့်အင်တာဗျူးအပြည့်အစုံကို ဒီမှာ ဒေါင်းပါ
⬇️⬇️
https://www.mediafire.com/file/ztntiwhe5bom8ba/KMinterview.pdf/file



( mediafire ကဒေါင်းမရသူတွေ၊ page cb မှာ mail လိပ်စာလေးချန်ခဲ့ပါဗျ။ mail ကပို့ပေးပါ့မယ်။)

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

တွားသွားမက်ဆေ့ချ်ရွက်စိမ်းMusic Prod: by Ywet Same Mixing - Ywet Same Art work - Ywet SameYoutube - https://youtu.be/INC...
DarknessBlue Puppet music - download beatrecorded & mixed by phoneyoutube - https://youtu.be/E1CEIBDmSDosoundcloud - Lis...
ဟန်ဝေးပြောတဲ့ဖတ်ရခက်၊ ခေတ်လှိုင်း

Category

Art

Website

Address

Yangon

Other Art in Yangon (show all)
Shine Chit Aung Shine Chit Aung
ရန်ကုန်
Yangon, HI

A.L.W ဘဝကိုအရိုးသားဆုံးရှင်သန့်သည် TTဆော့သည်

De’ DUO De’ DUO
Yangon

We are representing the team of real artists. We only focus on the standard editorial art work here i

Sweet slime Sweet slime
Yangon

Sweet shop ကကြိုဆိုပါတယ်ပစ္စည်းလေးတွေဝယ်?

A Part Of Art A Part Of Art
Yangon

Selling Art & craft

Star Art & Fashion School Star Art & Fashion School
Yangon

Training art and fashion illustration

LaYaung Arts LaYaung Arts
Yangon

Just a raven for revo I love to draw

Ic kyaw Ic kyaw
Yangon

Onlineshort

Aung Kyaw Co Co Aung Kyaw Co Co
Yang(n
Yangon

Aung.  Khant Zin Aung. Khant Zin
Maharsi Sasana Yeikthar Street, Bahan Tsp;
Yangon

Aung Onile Shop

Aung Aung Aung Aung
Yangon

4th Mr.Tourism Myanmar2020 4th Miss &5th Mrs. Beauty Empress Myanmar 2020 4th Mr.Tourism Myanmar2020 4th Miss &5th Mrs. Beauty Empress Myanmar 2020
Yangon

အသားဖြူထိုးဆေး သောက်ဆေး lotion instock