NutriBeauty by Dr.Ei

Let’s build your perfect beauty with natural foods ����

Photos from NutriBeauty by Dr.Ei's post 07/01/2024

“ မျက်ကွင်းညို၊ မျက်တွင်းချိုင့်တဲ့ သူပဲ ဖတ်ပါ”

NutriBeauty နာမည်တပ်ထားပြီး ဆရာမက အာဟာရအကြောင်းတွေပဲရေးသလိုဖြစ်နေတယ်။ ဒီနေ့တော့ ပထမဆုံးအနေနဲ့ အလှအပအကြောင်းလေးလည်း တင်လိုက်ပါတယ်။ Review သဘောမျိုးလေးနဲ့ Sharing လုပ်ချင်တာပါ။

အစချီပြီးပြောရရင် ဒေါက်တာအိက မျက်ကွင်းအရမ်းညိုပြီး မျိုးရိုးအရ မျက်တွင်းချိုင့်တဲ့ထဲပါပါတယ်။ ဆယ်ကျော်သက်တည်းက ညိုလာတဲ့မျက်လုံးဟာဆိုရင်ဖြင့် အခုအရွယ်ရောက်ပြီး ဒီရက်ပိုင်းအိပ်ရေးတွေပျက်၊ စိတ်ဖိစီးတာတွေများလာတော့ ပိုချိုင့်ပိုညိုလာပြီရော။

အဲ့တာနဲ့ Best Friend ထဲကတစ်ယောက်ဖြစ်တဲ့ Doctor Albert က Under Eye Booster လေးထိုးပေးမယ်ဆိုတာနဲ့ ထိုးဖြစ်ခဲ့ပါတယ်။ စထိုးတုန်းကတော့ တစ်ကြိမ်တည်းနဲ့ result ကိုလည်းမှန်းမထားခဲ့ဖူးပေါ့နော်။ Under Eye Filler မဟုတ်တော့ ဖောင်းဖောင်းကြီးဖြစ်နေတာမျိုး မရှိပါဘူး။ ပထမဆုံးအကြိမ် လုပ်ဖူးတော့ နည်းနည်းကြောက်နေပေမယ့် ဆရာ့ရဲ့ လက်ရာကို အပြည့်အဝယုံကြည်တာမို့ စိုးရိမ်စိတ်တော့ အရမ်းမဖြစ်ခဲ့ဘူး။

ဒီတော့ ဆရာမဘာတွေပြောင်းလဲသွားလဲဆိုတာ တစ်ပုံချင်းစီအောက်မှာ ကြည့်သွားပေးပါဦး။ ရုပ်ဆိုးဆိုးပုံလေးတွေတော့ သည်းခံပေးပါရှင်။

ဒေါက်တာ Myo Oo နဲ့ ဆွေးနွေးချင်ရင်တော့Thu Nandar Aesthetic Clinicမှာ Appointment လေးယူပေးပါနော်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

31/12/2023

“ စပျစ်သီး စားတော့မယ်ဆိုရင် “

ဒီရက်ပိုင်း ရေပန်းစားနေတဲ့ စာလေးတစ်ခုဖတ်မိတာ ၁၂ မထိုးခင် နှစ်မကူးခင် စပျစ်သီး ၁၂ လုံးစားပြီး ဆုတောင်းရင် တစ်နှစ်လုံးကြွယ်ဝ ချမ်းသာနိုင်တယ် ဆိုလားပဲ။ အနီရောင်ဝတ်ပြီး ခုံအောက်ဝင်တာလည်း ထပ်ဖတ်လိုက်ရသေးတယ်။ ဒါကတော့ FA (Forever Alone) တွေအတွက်ဆိုလား။ လုပ်ကြည့်မယ့်သူတွေရော ရှိလား မသိဘူး။
ဒီတော့ ဆရာမလည်း စပျစ်သီးစားမယ့်လူတွေ အတွက် စပျစ်သီးရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်လေးတွေ အနည်းငယ်ရေးသားလိုက်ပါတယ်။

🍇 စပျစ်သီးက တကယ်တော့ သကြားပမာဏ များတဲ့အသီးထဲမှာ ပါပါတယ်။ စပျစ်သီးမှည့် ၁၂ လုံးခန့်မှာ သကြား ၆-၇ ဂရမ်ခန့် ပါဝင်နေပါတယ်။ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့်ရှိပါတယ်။ ဆီးချိုသမားတွေကတော့ အများကြီးစားဖို့ မသင့်တော်ပါဘူး။

🍇 ဒါပေမယ့် စပျစ်သီးမှာ ဓါတ်တိုး ဆန့်ကျင် ပစ္စည်းတွေ အများကြီးပါဝင်တဲ့ အတွက် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားကောင်းစေပါတယ်။

🍇 Vitamin C, Vitamin K နဲ့ အခြားဓါတ်ပေါင်းတွေလည်းကြွယ်ဝပါသေးတယ်။

🍇 ဆိုဒီယမ်ဓါတ်နည်းပြီး ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အတွက်သွေးတိုးကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

🍇 Melatonin ဓါတ် အနည်းငယ်ပါဝင်တဲ့ အတွက် စားပြီးရင်တော့ အိပ်ချင်စိတ်ဖြစ်တတ်ပါတယ်လို့ လေ့လာမှုတွေ အရတွေ့ရပါတယ်။

🍇 အသီးတွေထဲမှာ ပါတဲ့ Fructose သကြားကြောင့် အိပ်ရာမဝင်ခင် အများကြီးစားမယ်ဆိုရင် ဗိုက်အောင့်တတ်ပါတယ်နော်။ဒီတော့ ယတြာအနေနဲ့ စားမယ်ဆိုရင်လည်း ညဖက်ဖြစ်တဲ့အတွက် အများကြီး မစားဖို့တော့ တိုက်တွန်းချင်ပါတယ်။

စာဖတ်သူတို့ရော စပျစ်သီး ဝယ်ပြီးကြပြီလား။ ဆရာမတော့ မဝယ်ရသေးဘူး။ စားဖြစ်မယ် ဆိုရင်လည်းစပျစ်သီးအကျိုးကျေးဇူးလေးတွေသိရဖို့ အနည်းငယ်လေးရေးသားပေးလိုက်ပါတယ်ရှင်။ အားလုံးပဲနှစ်သစ်မှာလည်း ပျော်ရွှင်ကြပါစေ။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း



Picture credit - freepik

18/12/2023

Dr. Myat နဲ့ သူငယ်ချင်း ၂ ယောက်ဘာတွေပြောမလဲ? ခန့်မှန်းသွားပေးပါဦး?

13/12/2023

အခြားအလုပ်တွေ ရှုပ်နေလို့ အလုပ်လုပ်တဲ့ ပုံလေးတွေ မတင်တာ၊ စာလေးတွေ မရေးတာ ကြာသွားတယ်ရှင်။
ဆရာမ Page လေးမတွေ့တော့ဘူးတို့၊ စာလေးတွေ မရေးတော့ဘူးလားနဲ့ သတိတရမေးလို့ ဒီ Page လေးကို အတတ်နိုင်ဆုံးပြန်ရေးပါ့မယ်ရှင်။ အလုပ်တွေကိစ္စတွေ အတွက်ရော၊ ဆေးခန်းပြဖို့ရော လာလာမေးကြတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
Video လေးတွေလည်း ရိုက်ထားပါတယ်။

online appointment တွေအတွက်လည်း စုံစမ်းလို့ရပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

Photos from NutriBeauty by Dr.Ei's post 03/12/2023

“မီးသွေးနဲ့ ဖုတ်တဲ့ လတ်လတ်ဆတ်ဆတ် Pizza စားချင်ရင်"

စာရေးသူက အာဟာရနဲ့ ဆိုင်တဲ့ ဆရာဝန်လည်းဖြစ်တော့ အစားအသောက်လတ်ဆတ်တာ၊ သဘာဝနဲ့ နီးစပ်တာလေးတွေဆို တအားကြိုက်ပါတယ်။ ဒီတော့ သတိတရနဲ့ ရန်ကုန်မြို့ထဲကထင်းမီးဖိုနဲ့ ဖုတ်တဲ့ Pizza လတ်လတ်ဆတ်ဆတ်လေးရနိုင်မယ့် နေရာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ သွားထားတာကတော့ကြာပါပြီ။ တော်တော်များများလည်း သိပြီးသားနေရာလေးဖြစ်မှာပါ။

ထင်းမီးဖိုနဲ့လုပ်တာကို အရင်က မြန်မာနိုင်ငံမှာဆိုရင် ကလောမှာပဲ တွေ့ဖူးပြီး အရမ်းသဘောကျတာ။ အခုတော့ ရန်ကုန်မြို့၊ သင်္ဏန်းကျွန်းက Kokkoya Organicsမှာ လတ်လတ်ဆတ်ဆတ် စားခဲ့ရတယ်ရှင်။ သူ့ပေါင်မုန့်က ပွဆေး၊ တာရှည်ခံဆေးတွေ မသုံးထားပဲ တစ်ညလောက် ကြိုနှပ်ထားရပါတယ်။ စားခါနီးမှ Cheese လေးတွေ အသီးအရွက်လေးတွေ ထည့်ပြီးပူပူလေးလုပ်ပေးထားတော့ တကယ်ကို စားကောင်းပါတယ်။ Oven မဟုတ်ပဲ ထင်းမီးနဲ့သေချာဖုတ်ထားတာဆိုတော့ အချိန်တိုတဲ့အတွက် အသီးအနှံထဲမှာပါတဲ့ Nutrients တွေသိပ်မဆုံးရှံးပဲ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သူ့ဆိုင်မှာ Booking ကြိုတင်ရင် ကိုယ်တိုင်လည်း Pizza ဝင်လုပ်လို့ရပါတယ်။

Pizza လေးအပြင် Kombucha လည်းသောက်ခဲ့သေးတယ်။ အခြား Organic အသီးအရွက်သုတ်လေးတွေ၊ လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ မှိုဟင်းချိုလေးတွေ၊ Baked Potato လေးတွေ လည်း စားခဲ့ပါသေးတယ်။ သတ်သတ်လွတ်လေးတွေကြိုက်တတ်တဲ့သူဆိုရင် အဆင်ပြေပါတယ်။ သွားရဝေးတာရယ်၊ ကားပါကင်နေရာ အကျယ်ကြီး မရှိတာကလွဲရင် ကျန်တာတွေ သဘောကျပါတယ်။ Organic စိုက်ခင်းလေးတွေလေ့လာလို့ ရတဲ့အပြင် သဘာဝနဲ့ နေထိုင်ရတာ ကြိုက်တတ်ရင်တော့ သွားပျော်တဲ့နေရာလေးပါရှင်။

ဆရာမကတော့ အာဟာရဆရာဝန်ပီပီ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လတ်ဆတ်တဲ့ အစားအသောက်လေးမြင်ရင် မနေတတ်လို့ စာဖတ်သူတွေအတွက်လည်း လက်တို့လိုက်ပါတယ်။
🚫No Sponsored 🚫No Collaboration

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

11/11/2023

“အဆီစုပ်ထုတ်ခြင်းအကြောင်းတစေ့တစောင်း”

စာရေးသူမနေ့က သတင်းလေးတစ်ခုဖတ်လိုက်မိတယ်။ နိုင်ငံခြားက Influencer တစ်ယောက် Liposuction လုပ်ပြီး ဆုံးပါးသွားတာလေးပါ။ သေဆုံးရတဲ့ အကြောင်းအရင်းကတော့ Fat Embolism ပါ။ စာရေးသူတတ်သလောက်ဘာသာပြန်ရရင် အဆီစုပ်ထုတ်ရင်း အဆီခဲလေးတွေက သွေးကြောထဲပိတ်ဆို့တာပါ။

ယနေ့ခေတ်ကတော့ အားလုံးသိတဲ့အတိုင်းသူ့ထက်ငါ ပိန်ချင်လှချင်ကျန်းမာချင်ကြတာချည်းပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူညီတဲ့အတွက် ငါဒါမလုပ်ဘူး၊ နင်မလုပ်နဲ့သွားပြောလည်း မရပါဘူး။ အဲ့လိုပဲ ဝိတ်ချတဲ့နေရာမှာလည်း အချို့ကရေတိုလမ်း၊ အချို့ကသေချာဇွဲနပဲနဲ့ အချိန်ကုန်ခံလူပင်ပန်းခံကြိုးစားနိုင်ပါတယ်။ ဒါကြောင့်အချိန်ကုန်သက်သာတဲ့လမ်းကိုပိုရွေးကြတဲ့ယနေ့ခေတ်မှာတော်တော်လေးခေတ်စားလာတဲ့ Liposuction လေးအကြောင်းကို စာရေးသူက အတိုချုံးရေးသားလိုက်ပါတယ်ရှင်။

💉 Liposuction ဆိုတာ အားလုံးသိပြီးတဲ့အတိုင်းပဲ အရေပြားအောက်က မလိုအပ်တဲ့ အဆီတွေကို စုပ်ထုတ်တာပါ။
💉 အကျိုးအနေနဲ့ အချိန်တိုလေးအတွင်းမှာ အဆီတွေဖယ်ထုတ်နိုင်တော့ result ပြတာမြန်တယ်။အမာရွတ် သေးသေးလေး အချို့ကမကျန်သလောက်ဖြစ်တဲ့အတွက် အလှအပကြိုက်သူတွေ စိတ်ကျေနပ်ကြတယ်။ မလိုအပ်တဲ့အဆီတွေထွက်သွားတဲ့အတွက် ကျန်းမာရေးအတွက်ရော ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုတွေ confidence တွေလည်း တက်ပါတယ်။ ဒါဖြင့်ဒီလောက်ကောင်းနေတာကို ဘာလို့ လူတိုင်းမလုပ်တာလဲ? ဆိုးကျိုးတွေရှိလို့လား?

❗️ဟုတ်ပါတယ်။ ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုးက ဒွန်တွဲနေတာပါ။ အချို့တွေမှာ သွေးခြည်ဥတာ၊ အမာရွတ်ကျန်တာ၊ ပိုးဝင်တာ၊ ထုံဆေးမေ့ဆေးဆိုးကျိုးခံစားရတာ၊ လုပ်ထားတဲ့နေရာတွေမှာ နာတာ၊ ယောင်တာစတာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီထက်အဆိုးဆုံးကတော့ သွေးကြောထဲကို အဆီခဲရောက်သွားရင် ခန္ဓာကိုယ်ရဲ့ အဆုတ်၊ နှလုံး၊ ဦးနှောက်စတာတွေမှာ ပိတ်ဆို့တတ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ Fat Embolism ဖြစ်တိုင်းတော့ ၁၀၀ ရာခိုင်နှုန်းအသက်ဆုံးရှုံးတာမဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ပညာရှင်တွေလက်ထဲမှာတောင်မှ ဒါကဖြစ်နိုင်ချေရှိတာပါ။ ဒါ့အပြင်Liposuction လုပ်ရင် ပြန်မဝဘူးဆိုတာမဟုတ်ပါဘူး။ အစားမဆင်ခြင်ရင် Calorie Balance မဖြစ်ခဲ့ရင်တော့ ပြန်ဝမှာပါ။ လုပ်ပြီးရင်လည်း ဖြည်းဖြည်းမှန်မှန်နဲ့ သင့်တော်တဲ့အားကစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားမှသာ ရေရှည်အတွက်ထိန်းထားနိုင်မှာပါ။

အချုပ်အားဖြင့်ဆိုရရင် ဒီစာလေးရေးခြင်းကလည်း အားလုံးကို Liposuction မလုပ်ရဘူး။ မကောင်းဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးသားတာ မဟုတ်ပါဘူး။ Procedure တိုင်းမှာ သူနဲ့သက်ဆိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့အများရှိစမြဲပါ။ ဘေးထွက်ဆိုးကျိုးကို သိထားရင် ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် မှန်မှန်ကန်ကန်ရွေးချယ်ဖို့အတွက် မျှဝေပေးခြင်းသာဖြစ်ပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

29/10/2023

မိသားစုတွေအားလုံး ကျန်းမာပြီးပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

16/10/2023

ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအတွက်

“သိလိုရာမေး သင့်ကျန်းမာရေး’’

အားလုံးပဲ မင်္ဂလာပါ….

💁MyanCare ရဲ့ “သိလိုရာမေး သင့်ကျန်းမာရေး ‘’ အစီအစဥ်‌လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

💁ဒီတစ်ခေါက်မှာတော့ “ မိုင်ဂရိမ်း (သို့) ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေအနေနဲ့ ဘယ်လိုစားသောက်နေထိုင်သင့်သလဲ “ အချက်နဲ့ပက်သက်ပြီး သိလိုသည်များကို Comment မှာ မေးမြန်းနိုင်မှာပါပဲဖြစ်ပါတယ်။

မေးမြန်းထားသော မေးခွန်းများကို ဒေါက်တာ အိအိမင်းမှ Comment မှာ ပြန်လည်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်နော်။

မေးခွန်းလေးတွေကို (16.10.2023) ရက်မှ (23.10.2023) ရက်အတွင်း မေးမြန်းနိုင်မှာဖြစ်လို့ အခုပဲ သိချင်တာတွေ အမြန်မေးခဲ့လိုက်တော့နော်။


&Answer

Photos from ANDY's post 09/10/2023

စိတ်ကျန်းမာရေးအတွက် အထောက်အကူလေးရမယ်လို့မျှော်လင့်ပါတယ် 🤍

08/10/2023

နို့သကြားမတည့်ခြင်း (Lactose Intolerance)

ဒီနေ့တော့ မိုးအေးအေးနဲ့ စာမရေးတာလည်း ကြာပြီဆိုတော့ Lactose Intolerance အကြောင်းလေးရေးလိုက်ပါတယ်ရှင်။

🥛 Lactose Intolerance ဆိုတာကတော့ စာရေးသူတို့ အစားအသောက်မှာပါတဲ့ lactose သကြားဓါတ်ကို သေချာမချေဖျက်နိုင်တဲ့အခါ ဝမ်းသွားတာ၊ လေပွတာနှင့် ဗိုက်မအီမသာဖြစ်တာတွေခံစားရတတ်ပါသည်။ မွေးရာပါ အင်ဇိုင်းဓါတ် ချို့တဲ့ခြင်းကြောင့်လည်းဖြစ်တတ်သလို အသက်ကြီးမှလည်း အူလမ်းကြောင်းရောဂါတစ်ခုခုကြောင့်လည်းဖြစ်တတ်ပါသည်။

🥛 ဘယ်လိုအစားအသောက်တွေက Lactose ပါလဲ?
Lactose သကြားက နို့မှာ ပါတဲ့သကြားဓါတ် တစ်မျိုးဖြစ်တဲ့အတွက် နို့နှင့်နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နို့၊ ထောပါတ်၊ ချိစ်စ်၊ ကရင်မ်၊ ဒိန်ချဉ်၊ ရေခဲမုန့် ၊ နို့ဆီ၊ နို့စိမ်း စတာတွေမှာ ပါဝင်ပါတယ်။ နို့နှင့်ပြုလုပ်ထားသော ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ် စတာတွေမှာလည်း အနည်းငယ်ပါဝင်ပါတယ်။

🥛 ဘာတွေရှောင်ရမလဲ?
တစ်ယောက်နဲ့ တစ်ယောက်တော့ မတူတဲ့အတွက် သက်ဆိုင်ရာ အာဟာရဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ပမာဏ နည်းနည်းစားကြည့်ပြီး ခံနိုင်ရည်ရှိရင် ပမာဏတိုးတိုးပြီး စားသွားတာမျိုးလုပ်လို့ရပါတယ်။

🥛 ဘာတွေစားကြမလဲ?
Lactose ဓါတ်လျှော့ထားတဲ့ သို့မဟုတ် လုံးဝမပါဝင်အောင်ထုတ်ထားသော နို့နှင့်နို့ထွက်ပစ္စည်းများ။
ကယ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီကြွယ်ဝသော အစားအသောက်များ (ဥပမာ- အရိုးပါဝါးစားနိုင်သော ငါးသေးလေးများ၊ အစိမ်းရောင်အသီးအရွက်မျိုးစုံ၊ အစေ့အဆန်များ၊ တို့ဟူး၊ ပဲနို့၊ ဆီရီရယ်၊ အသီးများ) စတာတွေကိုတော့ ပိုတိုးစားပေးလို့ရပါသည်။

နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တဲ့ အတွက် Calcium, Vitamin D ချို့တဲ့တာ၊ အရိုးပွတာ စတဲ့ဆိုးကျိူးတွေရှိတတ်တဲ့အတွက် calcium vitamin D ပါတာလေးတွေကို အာဟာရပြည့်စုံအောင်စားသင့်ပါတယ်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

Photos from NutriBeauty by Dr.Ei's post 01/10/2023

ဆရာမလေး ကိုယ်တိုင်လည်း နည်းနည်းဝ လာလို့ ဝိတ်ပြန်ချနေပါပြီ 🐇

29/09/2023

“ သင့် နှလုံးကို ဂရုစိုက်ဖို့မေ့နေပြီလား? “

တစ်နေ့ကို အကြိမ်ရေ ၁ သိန်းလောက်ခုန်နေရတဲ့ ဆရာမတို့ရဲ့ နှလုံးလေး ကျန်းမာဖို့ စာဖတ်သူတို့ရော ဘာတွေများလုပ်ဆောင်ပါသလဲရှင်။ ဒါမှမဟုတ်ရင် နှလုံးလေး ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဆေးလိပ်သောက်၊ စိတ်ဖိစီးမှုတွေများ၊ ကိုယ်အလေးချိန်တက်၊ အဆီအဆိမ့်တွေပဲစားပြီး နေမိနေလား? မအားမလပ်အလုပ်ရှုပ်နေပေမယ့်လည်း တစ်သက်လုံး မနားမနေခုန်ရတဲ့ နှလုံးကျန်းမာရေးအတွက်တော့ ဆရာမတို့တွေဂရုစိုက်ပေးဖို့လိုပါလိမ့််မယ်။ ဒါကြောင့်ဒီနေ့ September 29 ရက်နေ့ ❤️ “ World Heart Day”မှာ နှလုံးကို ဂရုစိုက်ဖို့မေ့နေတဲ့ စာဖတ်သူတို့အတွက် သတိပေးတဲ့အနေနဲ့ စာလေးရေးသားလိုက်ပါတယ်ရှင်။

နှလုံးနှင့် သွေးကြောရောဂါကြောင့်သေဆုံးမှုက ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံးအကြောင်းအရာထဲမှာ တစ်ခုပါ။ ဆရာမတို့ ဆေးလိပ်သောက်တာ၊ အဆီအဆိမ့်စားတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ စိတ်ဖိစီးမှုများတာ စတာတွေက နှလုံးနဲ့ သွေးကြောကျန်းမာရေးကို အများကြီးထိခိုက်စေပါတယ်။ဒီတော့ စာရေးသူက နှလုံးနဲ့သွေးကြောလေးတွေကျန်းမာဖို့ လိုက်နာရမယ့် အချက်လေး တွေကို ရေးသားပေးလိုက်ပါတယ်။ စာဖတ်သူတို့ ဘယ် အချက်တွေ လိုက်နာဖြစ်လဲ ဆိုတာလေးရောပြောပေးပါဦးရှင်။

❤️ ၁။ အစားအသောက် နဲ့ အာဟာရဓါတ်

ဗိုက်တာမင်နဲ့ သတ္တုဓါတ် အမျိုးမျိုး၊ L-Carnitine, Omega-3 fatty acid, Coenzyme-Q, စတာတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒီဓါတ်လေးတွေရဖို့ ဆရာမတို့ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားသုံးရမယ့်အပြင် ဖြည့်စွက်စာအားဆေးလေးတွေလဲလိုအပ်ရင်သောက်သုံးလို့ရပါတယ်။ အစားအသောက်မှာတော့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ငါးအမျိုးမျိုး စတာလေးတွေကို အဓိကထားစားသုံးလို့ရပါတယ်။ ဟင်းသီးဟင်းရွက်လေးတွေကို တစ်နေ့ တရုတ်ပန်းကန် ၃-၄ လုံးလောက်ပါအောင်စားသင့်ပါတယ်။ ကြက်သွန်ဖြူနဲ့ လက်ဖက်စိမ်းလေးတွေကလည်း နှလုံးကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။ အဆီအဆိမ့်၊ ဆီကြော်တွေ၊ တိရစ္ဆာန်အဆီတွေ၊ အချိုတွေကိုတော့ ဆရာမတို့ တော်သင့်ရုံပဲ စားသုံးသင့်ပါတယ်။

❤️ ၂။ ကိုယ်အလေးချိန်ကို ပုံမှန်အတွင်းဝင်အောင်ထိန်းရန်
လူတစ်ယောက်က မိမိအရပ်အမြင့်နဲ့ ရှိသင့်ရှိထိုက်တဲ့ကိုယ်အလေးချိန်ထက်ပိုရင် နှလုံးရောဂါ၊ သွေးတိုးရောဂါ စတာတွေပိုဖြစ်နိုင်ပါတယ်။ ဒီတော့ အားကစားပုံမှန်လေးလုပ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေကိုစားရပါမယ်။ လိုအပ်ရင် အာဟာရကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ အားကစားပုံမှန်လုပ်ရင် နှလုံးနဲ့သွေးကြောတွေကို ပိုသန်မာစေပြီး နှလုံးကျန်းမာရေးကို အများကြီးအထောက်အကူပြုပါတယ်။

❤️ ၃။ အငန်ဓါတ်နဲ့ ကိုလက်စထရောများတဲ့အစားအသောက်တွေလျှော့ရန်

အငန်ဓါတ်တွေအစားများပြီး သွေးတိုးရင်လည်း သွေးကြောတွေနဲ့ နှလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဆရာမတို့ မြန်မာလူမျိုးတွေကြိုက်တတ်တဲ့ ဆား၊ ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆားစိမ်တွေ စတာတွေကိုလျှော့ချစားသောက်သင့်ပါတယ်။ ကိုလက်စထရော များတဲ့အစားအသောက်တွေကလည်း နှလုံးသွေးကြောကျဉ်းစေတတ်တဲ့အတွက် လျှော့ချရပါမယ်။ ကလီစာတွေ၊ ဝက်ဆီ၊ ထောပါတ်၊ စတဲ့တိရိစ္ဆာန်အဆီတွေကတော့ ကိုလက်စထရော တက်စေပါတယ်။

❤️ ၄။ ဆေးလိပ်နှင့် အရက်လျှော့ရန်
ဆေးလိပ်ထဲမှာပါတဲ့ Ni****ne ဓါတ်က သွေးကြောနံရံလေးတွေကို ပျက်ဆီးစေပြီး နှလုံးအလုပ်လုပ်ရတာကို ဝန်ပိစေပါတယ်။ နှလုံးရောဂါဖြစ်စေပါတယ်။ ဒီတော့ နှလုံးကျန်းမာရေးအတွက် ဒီနေ့ကစပြီး ဆေးလိပ်လျှော့သောက်ရင်းကနေ ဖြည်းဖြည်းချင်း ဖြတ်စေချင်ပါတယ်။ အရက်ကလည်း အနည်းငယ်ဆို ပြဿနာမရှိပေမယ့် များသွားရင် နှလုံးကြွက်သားတွေကို ပျက်ဆီးစေပါတယ်။ ဒီတော့ အရက်ကိုလည်း တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ ပမာဏထက် မကျော်အောင် Limit ထားရပါမယ်။

❤️ ၅။ စိတ်ဖိစီးမှုလျှော့ရန်
ပြောတော့လွယ်ပေမယ့် စိတ်ဖိစီးမှုတွေဖြစ်လာရင်တော့ တကယ်တမ်းထိန်းချုပ်ရခက်ပါတယ်။ ဒီတော့ စာဖတ်သူတို့က မိမိလုပ်နေကျ ဝါသနာပါတာလေးတွေလုပ်တာ၊ ဝင်လေထွက်လေမှတ်တာ၊ ယောဂကျင့်တာ၊ အားကစားလုပ်တာ စတာလေးတွေပြုလုပ်ပြီး စိတ်ဖိစီးမှုလျှော့ချသင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးပေါင်ချိန်တက်ရင် နှလုံးအတွက် ဝန်ပိစေပါတယ်။

“ Use Heart ❤️, Know Heart ❤️ is open-ended” ဆိုတဲ့စကားလေးအတိုင်းပဲ ဆရာမတို့ စက္ကန့်မလပ်အသုံးပြုနေတဲ့နှလုံးလေးကို ဂရုစိုက်ဖို့မေ့နေရင် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ အပေါ်ကပြောသွားတဲ့အချက်လေးတွေကို လိုက်နာတဲ့အပြင် နှလုံးကျန်းမာရေးအတွက် အပိုဆောင်း ဖြည့်စွက် အားဆေးမျိုးအနေနဲ့ ထပ်မံသောက်သုံးမယ်ဆိုရင်လည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးသောက်လို့ရပါတယ်။ စာဖတ်သူတို့ သိလိုတာလေးတွေရှိရင်လည်း comments မှာ မေးမြန်းနိုင်ပါတယ်။

(ဒီနေ့ September 29 World Heart Day အတွက်စာလေးရေးဖြစ်အောင်ရော ဓါတ်ပုံလေးရိုက်ဖြစ်ဖို့ T-Shirt လေးရော ကူညီပေးတဲ့ Heart-Q Myanmar ကိုလည်းကျေးဇူးတင်ပါတယ်ရှင်။)

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း (အာဟာရအထူးပြု)

27/09/2023

လမုန့် ပွဲတော် အတွက်လမုန့်လေးတွေလက်ဆောင်ရတော့ ကြည့်မိလိုက်တာ။

ကဲ
လမုန့်တစ်ခုမှာ ကယ်လိုရီ ၅၀၀-၇၀၀ ကြားလောက်ရှိပါတယ်။ ငါးဖယ်လုံးကြေးအိုးတစ်ပွဲစာလောက်နဲ့ သွားညီပါလိမ့်မယ်။ တစ်ခုဆို တစ်ခုသူက ဗိုက်တော့ဝပါတယ်။

စာရေးသူအရင်က အာဟာရအထူးပြု မတက်ခင်ဆို စားချင်တာ ကယ်လိုရီမကြည့်ပဲ ကောက်စားနေကျ။
အခုတော့ ဝိတ်ချနေသူလေးတွေရော ဆရာမကိုယ်တိုင်ရော လမုန့်ပွဲတော်မှာ သတိထားဖို့ရေးသားလိုက်ပါတယ်။ (လမုန့်လေးလက်ဆောင်ပေးတာ 谢谢 ပါ)

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

22/09/2023

“ကိုယ်အလေးချိန်တက်ချင်ရင်ရော ဘာလုပ်မလဲ?”

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း (အာဟာရအထူးပြု)

12/09/2023

အရက်သောက်ရင် ကျန်းမာရေးအတွက်မကောင်းဘူးလို့ သိထားပေးမယ့် ကောင်းကျိုးတွေလည်းရှိပါတယ်။ အရက်သောက်ရင် သက်သာတဲ့ ရောဂါလေး တွေ သိရင်ပြောပြသွားကြပါဦးရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

07/09/2023

ကော်ဖီသောက်ရင် ဝိတ်ကျလား?

30/08/2023

“ ကော်လာဂျင် သောက်သင့်မသောက်သင့်?”
“ကော်လာဂျင် ဆိုတာဘာလဲ? “ စတဲ့အကြောင်းအရာလေးတွေကို ဒီ Video လေးထဲမှာပြောပြထားပါတယ်ရှင်။

ကူညီပံ့ပိုးပေးတာကတော့ Common Collagen Myanmar မှ ဖြစ်ပါတယ်။

ဒေါက်တာအိအိမင်း

19/08/2023

“ ဝိတ်ချနေရင်”

စာဖတ်သူတို့ ဝိတ်ချပြီဆိုရင် ရေလုံပြုတ်တွေစားပြီး အစာတွေ အငတ်ခံနေရတုန်းပဲလား? တကယ်တော့ အစားအသောက်ရွေးချယ်စားတတ်မယ်ဆိုရင် အရသာ မရှိတာလေးတွေပဲစားပြီး၊ တရားလွန်အစာတွေဖြတ်ပြီး ဝိတ်ချနေစရာမလိုပါဘူး။

ဒါကြောင့် ဒီနေ့တော့ စာရေးသူက ဗဟုသုတရစရာ စာလေးတွေထက်စာရင် ပေါ့ပေါ့ပါးပါးစားစရာလေးတွေအကြောင်းပဲ ရေးသားလိုက်ပါတယ်ရှင်။ ဝိတ်ချနေတဲ့သူတွေ အတွက်လည်း ပိတ်ရက်လေးမှာ စားစရာ ခေါင်းမစားတော့ဘူးပေါ့နော်။

စာရေးသူတို့ နိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံရဲ့ စားစရာလေးတွေကပေါများပါတယ်။ ဆီပြန်ဟင်းတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေပဲ စားနေရင် “အာဂပါးစပ် လူဖြစ်ကျိုးနပ် “ မှာ မဟုတ်ပါဘူး။ ဆီပြန်ဟင်းတော်တော်များများက ဆီအကောင်းသုံးထားလည်း ကျန်းမာရေးရှုထောင့်က ကြည့်ရင် သင့်တော်တာ ရှားပါတယ်။ ဝိတ်ချနေတဲ့သူတွေ အတွက်လည်း ဆီပြန်ဟင်းက ကယ်လိုရီတွေ များစေပါတယ်။ ဒီတော့ ဝိတ်ချတဲ့သူလေးတွေ အစားအသောက်စဉ်းစားရလည်း ခက်နေရင် ကချင်စာလေးတွေ အပြောင်းအလဲ အနေနဲ့စားလို့ရပါတယ်။ အခြား ဆီပြန်ဟင်းတွေနဲ့ ယှဉ်ရင်တော့ ကယ်လိုရီ အများကြီးနည်းပါတယ်။

ဒီနေ့တော့ ဆရာမက ဆာဖြယ်၊ အသားထောင်း၊ ပိန်းဥ မုန်ညင်းချဉ်ဟင်းရည် လေးတွေစားခဲ့ပါတယ်။ ကချင်ဟင်းလေးတွေမှာ ဟင်းခတ်အနေနဲ့ အရွက်လေးတွေ၊ အစပ်လေးတွေ အများကြီးသုံးထားတော့ ခံတွင်းမြိန်စေပါတယ်။ ဆီများများမပါတာများတော့ ကျန်းမာရေးဆိုးကျိုးတွေ နည်းပါတယ်။ ဝိတ်ချနေတဲ့ သူတွေကတော့ အမဲသား၊ ဝက်သားအစား၊ ကြက်သားနဲ့ ငါးလေးတွေကို ပိုရွေးချယ်လို့ရပါတယ်။ ငရုတ်သီးစိမ်း သုံးတာများတော့ အဆီပိုတွေလောင်ကျွမ်းဖို့အားပေးတဲ့အပြင် ခံတွင်းလိုက်စေပါတယ်။ ဆာဖြယ်ဆိုရင်လည်း မုန့်ဖတ်ကို ထမင်းအစားထိုး ကစီဓါတ်ရအောင် စားလို့ရပါတယ်။ အသီးအရွက်လေးတွေကိုလည်း အရသာရှိအောင်ချက်ပြုတ်ထားလို့ အမျှင်ဓါတ်တွေ၊ antioxidants တွေပေါပေါများများ ရပါတယ်။ တစ်ခုရှိတာကတော့ စားကောင်းတယ် ဆိုပြီး ပမာဏအများကြီးတော့ မစားနဲ့ပေါ့နော်။

ကချင်စာ စားမယ်ဆိုရင် ဝိတ်မတက်ဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဆီပြန်ဟင်းတွေနဲ့ ယှဉ်ရင် ကယ်လိုရီ အများကြီးနည်းပါတယ်။ ဒါပေမယ့် ပမာဏ အများကြီးစားရင်လည်း ကိုယ်အလေးချိန်ထိန်းရခက်ပါလိမ့်မယ်။ သင့်တော်တဲ့ ပမာဏတွက်ချက်စားရင် ကချင်စာလေးတွေက အရသာရှိပြီး ဝိတ်ချတဲ့သူတွေအတွက်လည်း သင့်တော်တဲ့ ရွေးချယ် စရာလေးဖြစ်ကြောင်း ပိတ်ရက်လေးမှာရေးသားပေးလိုက်ပါတယ်ရှင်။ စာဖတ်သူတို့ရော ကချင်စာလေးတွေကြိုက်ကြလားရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း(အာဟာရအထူးပြု)


#ကချင် #ဆာဖြယ်

10/08/2023

သတ်သတ်လွတ်စားရင် နွားနို့၊ ကြက်ဥ သောက်လို့စားလို့​ရလား?

စာရေးသူတို့ အပြင်မှာများသော အားဖြင့် သတ်သတ်လွတ်စားရင် ကြက်ဥ စားလို့ ရလား ? နွားနို့သောက်လို့ရလား စသည်ဖြင့် အမေးများကြပါတယ်။ ဘာသာရေးကြောင့် စားတာရှိသလို အခြားအကြောင်းအမျိုးမျိုးကြောင့်စားတာတွေလည်းရှိပါတယ်။

မေးခွန်းလေးရဲ့ အဖြေကတော့ မိမိစားတဲ့ သတ်သတ်လွတ်အမျိုးအစားပေါ်လိုက်ပြီးကွဲပြားသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ စာရေးသူက သတ်သတ်လွတ်အမျိုးအစားလေးတွေကိုရေးသားပေးလိုက်ပါတယ်ရှင်။

၁။ အသား၊ငါးမစားသုံးပဲ နို့နှင့်နို့ထွက်ပစ္စည်းတွေကိုတော့ စားသောက်တယ်ဆိုရင် Lactovegetarian ပါ။

၂။ ဥအမျိုးမျိုး စားသောက်ရင်တော့ Ovo vegetarian လို့ခေါ်ပါတယ်။

၃။ အသားငါးမစားသုံးဘူး။ နို့၊နို့ထွက်ပစ္စည်းနှင့် ဥအမျိုးမျိုးစားသောက်ရင်တော့ Lacto-ovo vegetarianဖြစ်ပါတယ်။

၄ ။ Strict Vegetarian ကတော့ အသား၊ငါးသာမကနို့၊ နို့ထွက်ပစ္စည်းများနှင့် ဥအမျိုးမျိုးပါ လုံးဝမစားသောက်တဲ့ သတ်သတ်လွတ်သမားပါ။

၅။ Vegan ကတော့ သတ်သတ်လွတ်စားသုံးတဲ့ အပြင် တိရစ္ဆာန်ကရတဲ့ သားမွေး၊ တိရစ္ဆာန် ထွက် ပစ္စည်းများ( ဥပမာ ပျားရည် ) ကအစ မသုံးစွဲသူပါ။

၆။ Semi- vegetarian ကတော့ များသောအားဖြင့် သတ်သတ်လွတ်စားပြီး တစ်ခါတရံ အသားစားပါတယ်။ ဒီထဲမှာ -

Pescovegetarian - သတ်သတ်လွတ်ပေမယ့် တစ်ခါတစ်ရံ ငါး စားပါတယ်။
Pollovegetarian - တစ်ခါတစ်ရံ ကြက်သားစားသူပါ။

👩🏻‍⚕️ဒါဆိုရင် မိမိစားသုံးတာဘယ်လိုသတ်သတ် လွတ်အမျိုးအစားထဲပါလဲ ဆန်းစစ်လို့ရပါပြီရှင်။ ကြက်ဥနဲ့ နွားနို့စားမလားဆိုရင် မိမိစားတဲ့ အမျိုးအစားပေါ်လိုက်ပြီးကွဲလွဲနိုင်ပါတယ်။ သတ်သတ်လွတ်စားမိတ်ဆွေများအတွက်လည်း ဝေမျှပေးနိုင်ပါတယ်ရှင်။

ဒေါက်တာ အိအိမင်း(အာဟာရအထူးပြု)


#သတ်သတ်လွတ်

29/07/2023
29/07/2023

ညနေ ၆ နာရီ ကျရင် Counselling Corner ရဲ့ Live လေးမှာ တွေ့ကြပါမယ်ရှင် 🥰

27/07/2023

“နွားနို့သောက်ရင် ဝမှာလား?”

စာရေးသူ ငယ်ငယ်က အဖွားပြောတာလေးမှတ်မိသေးတယ်။ ဝချင်နွားနို့သောက်ဆိုပြီး။ ငယ်ငယ်က မော်ဒယ်တွေခေတ်စားတဲ့အချိန်မဝချင်တော့ စာရေးသူကတော့ မသောက်ဘူးပေါ့။ လုံးဝဆို လုံးဝပါပဲ။ အခုတော့ နွားနို့တွေလည်းသောက်နေပါပြီ။ ဝ မယ်ပြောတဲ့ အဖွားလည်း မရှိတော့ပါဘူး။ ဒီနေ့တော့နွားမွေးမြူရေးခြံလေးကိုရောက်ဖြစ်တာနဲ့ အဖွားပြောတာ ဟုတ်လား၊မဟုတ်လားသိရအောင် နွားနို့အကြောင်းလေးရေးသားလိုက်ပါတယ်။

နွားနို့ကကယ်လိုရီအရကြည့်မယ်ဆိုရင်
မလိုင်ပြည့်နွားနို့ ၂၄၀ မီလီလီတာ(တစ်ဖန်ခွက်) မှာ ကယ်လိုရီက ၁၅၀-၁၆၀ ခန့်
အဆီလျှော့နွားနို့ တစ်ဖန်ခွက်မှာ ၁၂၀ ကယ်လိုရီခန့်
အဆီထုတ် နွားနို့ တစ်ဖန်ခွက်မှာ ၉၀ ကယ်လိုရီခန့်ရှိပါတယ်။

နွားနို့မှာ အသားဓါတ်၊ကယ်လ်ဆီယမ်၊ ဗိုက်တာမင်ဘီနဲ့ ဗိုက်တာမင်ဒီကြွယ်ဝပါတယ်။ ဒါကြောင့်အရိုးနဲ့သွားကျန်းမာရေးကို အထောက်အကူတာ၊ ကိုယ်ခံအားကောင်းစေတာ၊ စတဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့အကျိုးကျေးဇူးများစွာရှိပါတယ်။

ဒီတော့စာရဲ့ ခေါင်းစဉ်ကိုပြန်သွားရရင် “နွားနို့သောက်လို့ ဝ လား?” ကိုယ်အလေးချိန်တက်လားဆိုရင် ထူးခြားပြီးတော့ မတက်ပါဘူး။ ဝတယ်ဆိုတာ ဆရာမအရင်စာလေးတွေမှာ ရေးသလိုပဲ စားသုံးတဲ့ကယ်လိုရီက သုံးစွဲတဲ့ကယ်လိုရီထက်ပိုလျှံသွားလို့ဖြစ်ပါတယ်။ အချို့လေ့လာမှုလေးတွေမှာတော့ နွားနို့သောက်တဲ့သူတွေမှာ အဝလွန်တာ လျှော့နည်းတယ်လို့တောင်တွေ့ရပါတယ်။ နွားနို့တစ်ဖန်ခွက်မှာလည်း ကယ်လိုရီအရကြည့်ရင် သိပ်အများကြီးမပါပါဘူး။ ဒါ့အပြင်အသားဓါတ်လည်းကြွယ်ဝတော့ အသားစားနည်းတဲ့သူတွေ လုံလောက်တဲ့ အသားဓါတ်ပြည့်ဝအောင်သောက်သင့်ပါတယ်။
တကယ်လို့ ဝိတ်ချနေတဲ့သူတွေ၊ သွေးတွင်းအဆီဓါတ်များနေတဲ့သူတွေဆို အဆီထုတ်နွားနို့သောက်ဖို့ တိုက်တွန်းပါတယ်။

သတိထားဖို့ကတော့
❌နွားနို့နဲ့ မတည့်တဲ့ Lactose intolerance ရှိတဲ့သူတွေကတော့ Almond Milk တို့ ပဲနို့တို့သောက်လို့ရပါတယ်။
❌နွားနို့သောက်မယ်ဆိုရင်လည်း ပိုးသတ်ဆေးတွေ အခြားဆေးတွေနဲ့တွဲမသောက်သင့်ပါဘူး။

(ဓါတ်ပုံလေးကတော့ စာရေးသူပုံလေးပါ)

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း(အာဟာရအထူးပြု ဆရာဝန်)

19/07/2023

Comment Section လေးမှာလည်း မေးခွန်းလေးတွေ မေးနိုင်ပါပြီရှင် 🤍

အစာလည်း​ဆေး ​ဆေးလည်းအစာ... စိတ်နဲ့ခန္ဓာ ကျန်းမာဖို့ ဥတုစိတ်အာဟာရ မျှတဖို့လိုအပ်ပါတယ်။

တချို့က စိတ်ခံစားချက်​တွေပေါ်မူတည်ပြီး စား​​သောက်ကြတယ်။ စိတ်ဖိစီးရင် အစားနဲ့နှစ်သိမ့်တဲ့သူတွေရှိသလို အစားအသောက် ပျက်သွားသူတွေလည်း ရှိပါတယ်။ စိတ်အလိုအတိုင်း အကန့်အသတ်မရှိ စားတာတွေ၊ စား​သောက်ချိန်မမှန်တာတွေ လိုအပ်တဲ့ အာဟာရအုပ်စုကို သင့်တင့်မျှတ​အောင် မစားတာတွေကလည်း ကျန်းမာ​ရေးကို ထိခိုက်​စေပါတယ်။

အစာလည်းဆေး ဆေးလည်းအစာ စိတ်နဲ့ခန္ဓာ မျှတကျန်းမာစေဖို့ ကျွန်တော်တို့ Counselling Corner မှ Counsellor Moh နဲ့ NutriBeauty by Dr.Ei မှ Nutritionist Dr. Ei တို့ကနေ Mental health & Nutrition ဆိုတဲ့ခေါင်းစဉ်နဲ့ July 29 ရက်နေ့ (wed) ညနေ (၆)နာရီမှာ Counselling Corner page ကနေ Live talk show လေးလုပ်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Nutrition နဲ့ ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေရှိရင်လည်း ဒီPost ရဲ့ Comment session (သို့) counselling corner page chat box မှ တဆင့် မေးထားခဲ့လို့ရပါတယ်။

16/07/2023

တစ်ပါတ်လုံး Gym သွားပြီး Cheat Day ရောက်သောအခါ🤓

Carbonara, Ramen, Miso, Dim Sum (အီတလီ-တရုတ်-ဂျပန်- မြန်မာ ဘာသာစုံချစ်ကြည်ရေး)
ဆရာမလို မလုပ်ကြနဲ့နော်

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း (အာဟာရအထူးပြုဆရာဝန်)

15/07/2023

“ဝိတ်ကျမြန်စေဖို့”

စာရေးသူတို့ပတ်ဝန်းကျင်မှာတွေ့ဖူးကြမှာပေါ့နော်။ အချို့ဆို နည်းနည်းလေးပဲစားပြီး ဝတယ် အချို့ဆို အများကြီးလည်းစားနေရဲ့လားနဲ့သိပ်မဝလာဘူး ဆိုပြီးတော့။
ဒါကအကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပေမယ့် အဖြစ်အများဆုံးကတော့တစ်ယောက်နဲ့တစ်ယောက် Metabolism (ဇီဝရုပ်ဖြစ်ပျက်မှု) ကွာလို့ပါ။

Metabolic Rate နှေးတဲ့လူက တစ်နေ့တာစွမ်းအင်သုံးစွဲတာနည်းပြီး စားသလောက် အဆီစုဖို့လွယ်ပါတယ်။ Metabolic Rate နှေးတာ အသက်ကြီးတာ၊ မျိုးရိုးလိုက်တာ အပြင် မိမိရဲ့ အစားအသောက်အနေအထိုင်ကြောင့်လည်းဖြစ်ပါတယ်။

ဒီနေ့ Metabolic Rate မြန်ဖို့ အဆီစုတာ နည်းဖို့ဘာတွေလုပ်ဆောင်ကြမလဲ အချက်လေး ၅ ချက်ပဲ အတိုချုံးရေးသွားပါ့မယ်။

၁။ ဘာစားစား အသားဓါတ်ပါအောင်စားပါ။
ခန္ဓာကိုယ်မှာ အသားဓါတ်ကိုချေဖျက်ဖို့က ကစီဓါတ်၊ အဆီဓါတ်ထက် စွမ်းအင်ပိုသုံးရပါတယ်။ လေ့လာမှုတွေအရ အသားဓါတ်များများစားရင် metabolism ကိုပိုမြန်စေပါတယ်။ အဆီများတာတွေ၊ အရေခွံတွေရှောင်ပြီး ကြက်သား၊ ကြက်ဥ၊ အဆီထုတ်နို့၊ ပဲအမျိုးမျိုးစားနိုင်ပါတယ်။

၂။ Fasting တွေ အကြာကြီးမလုပ်ပါနဲ့။
အစာဖြတ်တာမျိုး ခဏခဏလုပ်မယ်ဆိုရင် ခန္ဓာကိုယ်က Adapt ဖြစ်သွားပြီး metabolic rate နှေးမယ်။ ဒီတော့ဝိတ်ချရခက်ပါတယ်။

၃။ Cardio ရော Strength Training လေးတွေရောမျှလုပ်ပါ။
ဝိတ်ကျချင်စောနဲ့ Cardio တွေဇွတ်လုပ်တာထက် အလေးမတာလေးတွေလိုမျိုး၊ ခန္ဓာကိုယ် အလေးချိန်နဲ့ ကစားရတာမျိုး strength training လေးတွေကို လုပ်မယ်ဆိုရင် metabolism ပိုမြန်စေပါတယ်။ ကြွက်သားပမာဏများလေ metabolism ကမြန်လာလေပါ။

၄။ အိပ်ရေးဝဝအိပ်ပါ။
အိပ်ချိန်မမှန်ရင်လည်း ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး metabolism နှေး၊ ဝိတ်ကျနှေးကာ ဝိတ်တက်မြန်စေပါတယ်။

၅။ ရေများများသောက်ပါ။
ခန္ဓာကိုယ်မှာ reaction ဓါတ်ပြုမှုတွေဖြစ်ဖို့ရေဓါတ်ကလည်း အဓိက လိုပါတယ်။ ဒီတော့ ရေသောက်ဖို့လည်း မမေ့ပါနဲ့။

စာရေးသူဆရာမလည်း အစားတွေအရမ်းလျှော့တာ၊ ဖြတ်တာထက်စာရင် ပုံမှန်လေးပဲ Metabolism နဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါတယ်။ စာဖတ်သူတို့လည်း ဒီစာလေးဖတ်ပြီး အတွေးအနည်းငယ်ရလို့ ဝိတ်ချတဲ့ Journey မှာအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း(အာဟာရအထူးပြု)




#ဝိတ်ချ

10/07/2023

“ကော်လာဂျင်သောက်ရင် ဝိတ်တက်လား?”

ယနေ့ခေတ်မှာ စာရေးသူအပါအဝင်တော်တော်များများက နုပျိုလှပဖို့ အရွယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ကော်လာဂျင်ကိုသောက်သုံးလာကြပါတယ်။

🧬ကော်လာဂျင်ဆိုတာ အလွယ်ပြောရရင် အရေပြား၊ အဆစ်၊ သွေးကြောတွေမှာ တင်းတင်းရင်းရင်းရှိအောင်ချိတ်ဆက်ပေးထားတဲ့ ကော်လို ပရိုတင်းလေးတစ်မျိုးပါ။ အမီနိုအက်ဆစ် ၃ မျိုးနဲ့ ဖွဲ့စည်းထားပြီး ခိုင်ခိုင်မာမာရှိအောင် ကျစ်ဆံမြီးလေးလိမ်ကျစ်ထားသလိုပုံစံရှိပါတယ်။

🧬ကော်လာဂျင်အများစုက ငါးအရေခွံ၊ ဝက်၊ အမဲ က ထုတ်ထားတာများပါတယ်။ အချို့ကလည်း အမှုန့်ပုံစံနဲ့ ထုတ်သလို အချို့ကလည်း ဆေးတောင့်ပုံလေးလာတတ်ပါတယ်။ ကော်လာဂျင်တည်ဆောက်မှုကို ဗိုက်တာမင်စီ၊ ဇင့်၊ကော်ပါးတို့က အားပေးပါတယ်။ အချို့ကော်လာဂျင်တွေမှာတော့ ဒီဗိုက်တာမင်နဲ့ သတ္တုဓါတ်တွေ တစ်ခါတည်းထည့်သွင်းထားတာတွေ့ရပါတယ်။

🧬ကော်လာဂျင်သောက်ရင်ဝိတ်တက်လားဆိုရင် ထူးခြားပြီးတော့ တော့ မတက်စေပါဘူး။ အချို့ကော်လာဂျင်တွေမှာတော့ အချိုတွေ၊ သကြားတွေထပ်ထည့်ထားတဲ့ အတွက်ကယ်လိုရီက မဆိုသလောက်များနေတတ်ပါတယ်။ ကော်လာဂျင်သောက်ရင် ဝိတ်ကျလားဆိုရင်လည်း ထူးခြားပြီး ဝိတ်မကျစေပါဘူး။ ဝိတ်ကျတယ်ဆိုတာ ဆရာမတို့တစ်နေ့တာ စားသုံးတဲ့ကယ်လိုရီထက် သုံးစွဲတာ ပိုသွားလို့ဖြစ်ပါတယ်။ ဝိတ်တက်တာကလည်း ထိုနည်း၎င်းပါပဲ။ စားသုံးတာက သုံးစွဲတဲ့ကယ်လိုရီထက် ပိုသွားလို့ဖြစ်ပါတယ်။

🧬ဘယ်ကော်လာဂျင်ဖြစ်ဖြစ် တစ်ခါသောက်ပမာဏမှာ ပါဝင်တဲ့ကယ်လိုရီက အနည်းငယ်သာဖြစ်တဲ့အတွက် ထူးခြားပြီးဝိတ်မတက်စေပါဘူး။ ဒါကြောင့် မိမိနဲ့သင့်တော်တဲ့ စိတ်ချရတဲ့ကော်လာဂျင်အမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း(အာဟာရအထူးပြုဆရာဝန်)

28/06/2023

“ကလီစာ နဲ့ ကိုလက်စထရော “

စာဖတ်သူတို့တော့ မသိဘူး။ စာရေးသူ ဟိုးအရင်က ဝက်သားတုတ်ထိုးတော်တော်လေးစားတဲ့အထဲပါပါတယ်။ စားရင်လည်း ဝက်အူတော်တော်လေး ကြိုက်တဲ့အထဲပါပါတယ်။ အူပိတ်ကောက်ညှင်းအစာသွပ်၊ အူချိုကြော် စတာတွေကတော့ အကြိုက်ပေါ့။ မိုးအေးအေးနဲ့ အကင်လေးတွေနဲ့ဆိုရင်လည်း ရှယ်ပေါ့နော်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ တော်တော်လေး မစားဖြစ်တော့ပါဘူး။

🧠 ကလီစာတွေထဲမှာ ဝက်အူချောင်း၊ နှလုံး၊ ဦးနှောက်၊ အသည်း၊ လျှာ စတာတွေအားလုံးလည်း ပါပါတယ်။

🧠 ကလီစာ စားရင် ကောင်းကျိုးတွေအနေနဲ့ ဗိုက်တာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝပါတယ်။ အသားဓါတ်လည်း ကြွယ်ဝပါတယ်။ သံဓါတ်၊ သွပ်ဓါတ်၊ ဗိုက်တာမင်ဓါတ်အမျိုးမျိုး စတာတွေ အများကြီးရရှိနိုင်ပါတယ်။

🧠 ဒါပေမယ့် မကောင်းတဲ့အချက်ကတော့ ကလီစာတွေမှာ ပြည့်ဝဆီတွေ၊ တိရစ္ဆာန်အဆီဖြစ်တဲ့အတွက် ကိုလက်စထရောတွေ အများကြီး ပါဝင်ပါတယ်။ သွေးတွင်း အဆီဓါတ်နဲ့ ကိုလက်စထရောဓါတ်တွေကို မြင့်တက်စေပါတယ်။ နှလုံးရောဂါရှိတဲ့သူတွေ၊ သွေးတွင်းအဆီဓါတ်မြင့်မားတဲ့သူတွေ၊ အဝလွန်တဲ့လူတွေ ရှောင်ကိုရှောင်ရမယ့် အထဲမှာ ပါပါတယ်။

🧠 ဂေါက် အဆစ်အမြစ်ကိုက် (Gout) ရောဂါရှိသူတွေအနေနဲ့ ကလီစာ အမြည်းလေးအပြင် အရက်လေးပါတွဲစားမယ်ဆိုရင်တော့ Purine ဓါတ်တွေပိုများစေပြီး ရောဂါကို ပိုပြီးဆိုးရွားစေတတ်ပါတယ်။ဒါကြောင့် Gout ရောဂါရှိသူများလည်း ကလီစာတွေကိုရှောင်သင့်ပါတယ်။

ကျန်းမာရေး ကောင်းသူတွေ အနေနဲ့လည်း တည့်တယ်ဆိုပြီး ကလီစာကို အများကြီး မစားသင့်ပါဘူး။ ကောင်းတဲ့အချက်တွေ အများကြီးရှိပေမယ့် တန်ဆေးလွန်ဘေးလည်း ဖြစ်တတ်လို့ တော်သင့်ရုံပဲ စားဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း (အာဟာရအထူးပြု)

Photos from De' Orchid Aesthetic & Wellness Center's post 20/06/2023
Photos from NutriBeauty by Dr.Ei's post 18/06/2023

“သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာစားစရာလေးတွေ ရှောင်ရမလဲ?”

စာရေးသူ အလုပ်ရှုပ်နေတာနဲ့ စာလေးတွေ မရေးဖြစ်တာကြာပြီရှင်။ စာဖတ်သူတို့ရော နေကောင်းကြရဲ့လား?

ဒီရက်ပိုင်းတော့ မိုးတွေလည်းရွာနေပြီ။ ကလေးတွေလည်းတော်တော်များများဖျားကြတယ်။ သွေးလွန်တုပ်ကွေး ရာသီလည်းဖြစ်နေတော့ စာရေးသူက သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာလေးတွေကိုရှောင်ရမလဲ ဆိုတာကိုရေးသားပေးလိုက်ပါတယ်ရှင်။

၁။ အညိုရောင်ရှိသော အစားအသောက်များ
ချောကလက်အရည် ဥပမာ-မိုင်လို၊ အိုဗာတင်း၊ ကော်ဖီ၊ အနီရောင် အချိုရည်များ ဥပမာ- စပျစ်ဖျော်ရည်။
သွေးလွန်တုပ်ကွေးဖြစ်လို့ ရောဂါအခြေအဆိုးရင်သွေးထွက်မှု အလွယ်တကူဖြစ်တတ်ပါတယ်။ ဒီလိုမျိုးသွေးထွက်ရင် အစာအိမ်က အက်ဆစ်နဲ့ဓါတ်ပြုပြီး အညိုရောင်ပြောင်းသွားတတ်ပါတယ်။
ဒီတော့ကလေးက အညိုရောင်တွေအန်ရင် ရောဂါအခြေအနေနဲ့ရောထွေးတတ်ပါတယ်။ ဒါကြောင့် အညိုရောင်အစားအသောက်လေးတွေကိုရှောင်သင့်ပါတယ်။

၂။ ကာဖင်းဓါတ်ကဲသော အစားအသောက်များ
ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်
ကာဖင်းဓါတ်က ဆီးသွားတာကိုအားပေးပါတယ်။ ဆီးသွားပြီဆိုရင် ရေဓါတ်လည်း ဆုံးရှုံးတတ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါကိုပိုဆိုးစေတတ်ပါတယ်။

၃။ အပူအစပ်တွေ
ဥပမာ- စပ်လွန်းတဲ့ခေါက်ဆွဲထုပ်တွေ၊ မာလာရှမ်းကောလို အဆီနဲ့အစပ်များတာတွေ။
ကလေးလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ရင် အစားစားချင်အောင်အစပ်လေးတွေ မကျွေးသင့်ပါဘူး။ အစာအိမ်က အက်ဆစ်တွေပိုထွက်စေပြီး အစာအိမ်သွေးယိုမှုကို အားပေးတတ်ပါတယ်။

၄။ အဆီများတဲ့အစားအစာတွေ
ဥပမာ- ချိစ်၊ ထောပါတ်၊ ဆီကြော်တွေ။
ကလေးလေးက နေမကောင်းတာဖြစ်တဲ့အတွက် အစာအိမ်က အဆီများတာတွေကို ချေဖျက်ရခက်ပါတယ်။ ဒါကြောင့်ကလေးဖျားပြီဆိုရင် အဆီများတာတွေကိုရှောင်ပြီး အာဟာရမျှတအောင်ကျွေးသင့်ပါတယ်။

ဒီအစားအသောက်လေးတွေထဲမှာ ဖေဖေမေမေတို့ သတိမထားမိပဲကျွေးနေတဲ့အစားအသောက်လေးတွေရောပါနေရဲ့လား? ဒါဆိုရင်တော့ သတိထားပြီး ကျွေးပါလို့ စာရေးသူကတိုက်တွန်းလိုက်ရပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း(အာဟာရအထူးပြု)

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

“ကိုယ်အလေးချိန်တက်ချင်ရင်ရော ဘာလုပ်မလဲ?”ကျန်းမာစွာလှပဖို့ဒေါက်တာအိအိမင်း (အာဟာရအထူးပြု)#NutriBeautybyDrEi#weightgain#wei...
ကော်ဖီသောက်ရင် ဝိတ်ကျလား?
“ ကော်လာဂျင် သောက်သင့်မသောက်သင့်?”“ကော်လာဂျင် ဆိုတာဘာလဲ? “ စတဲ့အကြောင်းအရာလေးတွေကို ဒီ Video လေးထဲမှာပြောပြထားပါတယ်ရှင်။...
အစာ မျို ရခက်ခြင်း အကြောင်းလေးနဲ့ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးကို Clear DysphagiAide Myanmarနဲ့ပူးပေါင်းပြီး ရိုက်ကူးထားတ...
(မှတ်ချက် - ကြည့်ကိုကြည့်ရမယ့် Video လေးပါ။ ဘာလို့လဲဆိုတော့ ဆရာမတို့ ၃ ယောက်လုံးချောလို့ပါ) စ တာပါနော် ။ကဲ…Talk Time 🗣️ ...
NutriBeauty by Dr.Ei & De' Orchid
ကြက်ဥလေးတွေ ဘယ်လိုသိမ်းမလဲ?
ကြက်ဥ အစိမ်းစားမလား?
" ပေါင်မုန့်အကြမ်းနှင့် ပေါင်မုန့်ချော "
" အရက်နှင့်ကျန်းမာရေး "

Address

Yangon

Other Yangon health & beauty businesses (show all)
MAXX Fitness MAXX Fitness
Waizayantar 5th Street
Yangon

BE YOUR MAXIMUM

Saconest Bird's Nest Saconest Bird's Nest
No. 14, Kyaung Gyi Street, Kyimyindaing Township
Yangon

FOOD FOR SUPPLEMENT OF Swallow's Nest Juice SACONEST WITH SUGAR WITH ANNUAL CONTENTS 15% , NATURAL S

Clenzd Myanmar Clenzd Myanmar
Yangon

Clenzd is powerful and yet safe sterilizing liquid (HOCl) made by HOCLER machines. It is slightly acidic (ph 5 to 6.5) and produces little to no odors at all. It has been tested...

Shwe&La Online Shop.2 Shwe&La Online Shop.2
Pyay Road, , Mingalardom
Yangon, 11021

``ရွှေနဲ့လ"လျှပ်စစ်နှင့်အိမ်သုံးကုန်ပစ္စည်း လက်လီ/လက်ကားအရောင်းဆိုင် page. 1,2,3 ရှိတယ်နော်ချစ်တို့🥰

GoldenGout Colostrum - ဂေါက်ကုသမှု GoldenGout Colostrum - ဂေါက်ကုသမှု
Yagon
Yangon, 11051

စံအရည်အသွေး- Follow: လူ 4,93,722 ယောက် 🍀 အထူးသီးသန့် - လုံခြုံ - ထိရောက်မှု

MINN Specialist Clinic & Pharmacy MINN Specialist Clinic & Pharmacy
MINN Specialist Clinic & Pharmacy
Yangon

“မင်း” အထူးကုဆေးခန်း၊ရောဂါရှာဖွေရေးနှင့်ဆေးဆိုင် Licensed & Trusted Medical Centre Phone - 09880083384, 09777638453, 09795204911

Diet Guide by Dr. Suzan Diet Guide by Dr. Suzan
Yangon

Sharing nutrition, lifestyle and health education.

Hin Myat Hin Myat
Yangon

Nutri-Meal Myanmar Nutri-Meal Myanmar
No/497 , Shwe Phi Khaing Nyar Street, 41 Ward , North Dagon
Yangon

Healthy Food - Healthy Life - ☎️Hotline-095122122

Thin Myat Thu Zar Thin Myat Thu Zar
Yangon

အိမ်ရှင်မဖြစ်ပေမဲ့ငွေရှာတော်ရမယ် 💪💪ကလေးတို့မေမေ💪💪

Sandi Beauty Sandi Beauty
Yangon

Healthy&Beauty✨