Random Talk with Dr.Zaw
A passionate doctor with scattered thoughts
ကလေးများနဲ့ တနေ့တာ
(Saturday Knowledge sharing session)
Me - သားသားရဲ့ မေမေ(ဒါမှမဟုတ်)တီတီတို့၊မမတို့မှာ ရာသီလာနေတယ်ဆိုရင် သားသား ဘယ်လိုပြုမူမလဲ။
15 yrs old boy - မေမေ့ကို အဲ့နေ့ ဘာမှ မလုပ်ခိုင်းတော့ဘူး။ရှက်စရာ မဟုတ်ဘူး။မေမေ့ ကို နားလည်တယ်လို့ ပြောမယ်။
12 yrs old boy - မေမေ့ဖို့ ရေနွေးအိတ်ယူပေးမယ်။
9 yrs old boy - အားတင်းထားနော် လို့ ပြောပြီး ခါတိုင်းနေ့တွေထက် ပိုဂရုစိုက်ပေးမယ်။
6 yrs old boy - နာနေလား လို့ ပြောပြီး သားသားအဲ့နေ့မှာ မေမေ မကြိုက်တာ မလုပ်တော့ပါဘူး။
အဖြေလေးတွေက ချစ်ဖို့ကောင်းလ်ိုက်တာ
Different sessions with different age groups
Today is World Humanitarian Day.Gandhi once said that the best way to find yourself is to lose yourself in the service of others. I’m proud of myself how far I’ve come to help others during these 12 years.
တွေးကြည့်ရင် ကမ္ဘာမှာ ကြင်နာစရာတွေ လျော့နည်းပြီး နာကျင်စရာတွေ ပေါများနေတဲ့ကာလပေါ့။ဒီလိုခေတ်ပျက်ကြီးမှာတောင်မှ သတိတရနဲ့ အမြဲရှိနေကြသူ တဦးချင်းစီ ကျေးဇူးတင်ပါတယ်။
ဒါ့အပြင် ကုန်စျေးနှုန်းတွေဟာ ကမောက်ကမ ဖြစ်ပြီး အရာရာဟာ မတည်မြဲတာကို ပိုပိုမြင်သာလာရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။အသက်ရှူဖို့တောင် မေ့မေ့သွားတဲ့ လောကကြီးမှာ ပြုံးရယ်စေခဲ့သူ တဦးချင်းစီ ကို ကျေးဇူးတင်ပါတယ်။
အခါခါ ပြန်တွေးလည်း သူ့ထက်ငါ ပြိုင်ဆိုင်လိုစိတ်နဲ့ မျက်ခုံးမွှေးပေါ် စင်္ကြံ လျှောက်သူ အများသူငှါနဲ့ မလွဲမရှောင်သာ တွေ့ဆုံခဲ့ရပါတယ်။ဒါပေမယ့် ကိုယ်လဲကျချိန်တိုင်း စိတ်ပုတ်စိတ်ယုတ်မရှိဘဲကမ်းလင့်ခဲ့သော လက်ပိုင်ရှင် တဦးချင်းစီကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်လိုစိတ်မရှိသူ၊ရသမျှအခွင့်အရေး အကုန်လိုချင်သူ၊စေတနာနဲ့ မတန်သူ လူအများနဲ့လည်း ဘဝ ခရီးမှာ ကြုံတွေ့ခဲ့ရပါတယ်။အားပေးစကားတခွန်းက အစ တန်ဖိုးထားပြီး ကျေးဇူးအမြဲတင်နေတတ်တဲ့ တဦးချင်းစီ ကို ကျေးဇူးတင်ပါတယ်။
ဘာပဲလုပ်လုပ် အပြစ်တင်ခံရတဲ့ တန်ဖိုးမထားတတ်သော ဆူညံတဲ့ အရပ်ဒေသများ၌ ဘဝတကွေ့ကို ဖြတ်ကျော်လာခဲ့ရပါတယ်။သို့သော်ငြား စိတ်ညစ်နေရင်တောင် ရယ်မောပျော်ရွှင်စေပြီး ရေကြည်တပေါက်လို အင်အားများပေးတတ်သော ဆုံလာခဲ့ရသမျှ လူတဦးချင်းစီ ကို လည်း ကျေးဇူးတင်ပါတယ်။
Photo - crd
ဒီတခါမှာတော့ မရှက်နဲ့ မှာ သုက်ရည်အပြင်မှာစွန့်ထုတ်တဲ့နည်းလမ်းက ကိုယ်ဝန်တကယ်မရနိုင်ဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးထားပါတယ်။
#မရှက်နဲ့
Ananda Saytanar Foundation မှာ သူငယ်ချင်း ၂ ယောက် metformin အကြောင်း ပြောဖြစ်ခဲ့တုန်းကပေါ့
လူတွေဆီမှာယုံကြည်ကိုးကွယ်ရာ ဘာသာအသီးသီးရှိကြပါတယ်။
တချို့ကတော့ နိဗ္ဗာန်၊တချို့ကတော့ ကောင်းကင်ဘုံ စသဖြင့် လွတ်မြောက်ရာ လမ်းတစ်ခုအတွက် လုပ်နေကြတာပေါ့။တချို့ကတော့ လက်ရှိဖြစ်တည်နေရာဘဝမှာ ဘာဖြစ်ချငိလို့၊ဘာလိုချင်လို့၊လူအထင်ကြီးခံချင်လို့ ၊စိတ်အေးချမ်းချင်လို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်နေကြတဲ့သူတွေလည်း ရှိပါတယ်။
တကယ်တမ်းတော့ ဘဝတခုကို နှိုင်းရရင်အတန်းတင် စာမေးပွဲတခုပဲဖြစ်ပါတယ်။နေရသခိုက်လေးမှာ စာမေးပွဲအတွက် သေချာလေ့လာပြီး ဖြေရင် ရိုးရိုး အောင်နိုင်သလို၊ဂုဏ်ထူးနဲ့အောင်သွားနိုင်ပါတယ်။ဘာမှ မလေ့လာဘဲနဲ့ စာမေးပွဲဖြေရင်တော့ စာမေးပွဲမအောင်နိုင်ပါဘူး။
နိဗ္ဗာန်တွေ၊ကောင်းကင်ဘုံတွေ က ဝေးပါသေးတယ်။အရင်ဦးဆုံး နေ့စဉ်ဖြတ်သန်းနေရတဲ့တနေ့ချင်းစီမှာ ကိုယ့်စိတ် ကိုယ်ပိုင်ပြိလားပေါ့။တနေ့နဲ့ တနေ့ လိုချင်တာ၊ဖြစ်ချင်တာများ၊ထစ်ခနဲရှိ စိတ်တွေတို၊အမှန်ကို အမှန်မမြင်၊အမှားမှာပဲ ပျော်မွေ့နေရင် အတန်းမှန်မှန်တက်(ဘာသာရေး အမြဲလုပ်)လို့ စာမေးပွဲအောင်သွားရင်တောင် ကျောင်းပြင်ပရောက်တဲ့အခါ ဒီစာတွေကို လက်တွေ့အသုံးချနိုင်မှာမဟုတ်ပါဘူး။
တချို့ကျတော့လည်း မကောင်းတာ မလုပ်ဘူး၊မဟုတ်တာ မလုပ်ဘူး ဆိုပြီး လုံလောက်ပြီ ထင်နေတဲ့သူတွေလည်း အများကြီးရှိပါတယိ။မကောင်းတာမလုပ်၊မဟုတ်တာ မလုပ်ပေမယ့် ကိုယ့်စိတ်ကိုယ်မသိတဲ့အခါ (လက်တွေ့စာမေးပွဲဖြေရရင်) အကြောက်တရားတွေပဲ ရှိနေမှာ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှာ ငါးပါးသီလ ဆိုပြီး ပြောထားတာ ရွတ်နေဖို့ မဟုတ်ပါဘူး။စောင့်ထိန်းဖို့ပဲ ဖြစ်ပါတယ်။
ဥပမာ ကျောင်းစာသင်ခန်းနဲ့ ပမာနှိုင်းပြရရင် ကျောင်းတခုရဲ့ စိတ်ဓာတ်၊စည်းကမ်း၊ပညာဆိုတဲ့ဆောင်ပုဒ်အတိုင်း ငါးပါးသီလဆိုတာ လိုက်နာရမယ့် အကျင့်လေး ပဲ ဖြစ်ပါတယ်။ကျောင်းရဲ့စည်းကမ်းကို အရင်ဆုံးမလိုက်နာရင် ကျောင်းတက်ခွင့်ရမှာမဟုတ်ပါဘူး။ကျောင်းတက်ခွင့်ရပေမယိ့ စာမလေ့လာရင် စာမေးပွဲအောင်မှာ မဟုတ်ပါဘူး။စာမေးပွဲအောင်သွားလည်း စာတွေကို ဂဃဏန မသိရင် လက်တွေ့မှာ အသုံးချလို့မရပါဘူး။
ဘာသာရေးဆိုတာ ဘယ်ဘာသာပဲဖြစ်ဖြစ် ကောင်းကင်ဘုံတွေ၊နိဗ္ဗာန်တွေ ရောက်ဖို့ထက် နေ့စဉ်လုပ်မိနေတဲ့အပြုအမူထဲမှာ အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ့်စိတ်ကလေးကိုရော ပိုင်နိုင်ပြီလား၊ကိုယ်ပြောတဲ့ စကားတွေကိုရော တည်နိုင်ပြီလား၊တနေ့ တနေ့ လောဘ၊ဒေါသ၊မောဟ အနည်းဆုံးဖြစ်အောင် နေနိုင်ပြီလားပေါ့လေ။
"Be the reason why someone believes in the goodness and in the heart of other human beings" ဆိုတာ စာအုပ်လေးထဲက စာကြောင်းတခုပါ။
ကောင်းမွန်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ့်ကြောင့် ယုံကြည်သွားတဲ့ လူတစ်ယောက်ဖြစ်လာအောင် နမူနာပြတဲ့အနေနဲ့ နေထိုင်ပြုမူပေးလိုက်ပါ တဲ့။
လူတွေ က ဆိုးသွမ်းတယ်…ဟုတ်ပါတယ်။
လူတွေ က ယုတ်မာကြတယ်…ဟုတ်ပါတယ်။
လူတွေ က လှည့်စားတတ်တယ်…ဟုတ်ပါတယ်။
လူတွေ က ကတိမတည်ကြဘူး… ဟုတ်ပါတယ်။
လူတွေ က နာကျင်အောင် လုပ်ကြတယ်…ဟုတ်ပါတယ်၊
ဒါပေမယ့်…
လူတိုင်း က မယုတ်မာကြပါဘူး။
လူတိုင်း က မလှည့်စားတတ်ကြပါဘူး။
လူတ်ိုင်း က ကိုယ့်တကိုယ်စာပဲ ကြည့်တတ်သူ မဟုတ်ပါဘူး။
လောကကြီးမှာ လူဆိုးတွေ ရှိသလို လူကောင်းတွေလည်း အများကြီး ရှိပါသေးတယ်။သူတို့ဟာဉာဏ်ပညာ၊ချစ်ခြင်းမေတ္တာနဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး လောကကြီး က မကောင်းတဲ့လူတွေကြားမှာ ကောင်းတဲ့လူတွေရှိပါသေးလား ဆိုတာသက်သေပြမယ့်သူတွေပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အပြုအမူသေးသေးလေးကလည်း စိတ်ရင်းမှန်တဲ့အခါ တဖက်သားအပေါ် ကြီးကြီးမားမားနွေးထွေးမှုအဖြစ် သက်ရောက်စေပါတယ်။ကိုယ်၊နှုတ်၊နှလုံး ၃ ပါးလုံးမှာ စစ်မှန်မှုတွေနဲ့ အရင်းတည်ပြီး ကောင်းခြင်းတွေကို သာ ဖြန့်ဝေပေး ဖို့ အဓိက လိုအပ်ပါတယ်။
ကိုယ်က ဘယ်လောက်ပဲ ကောင်းသောအရာတွေ ပေးနေပေမယ့်လည်း အဆိုးပဲ ပြောနေတဲ့သူတွေကိုရော ဘယ်လိုလုပ်မလဲလို့ မေးစရာရှိပါသေးတယ်။ဒါတွေက သူတို့ဘဝ၊သူတို့အကြောင်း၊သူတို့ သမိုင်း ဖြစ်ပြီး ကိုယ့်ဘဝ၊ကိုယ့်ဇာတ်ကြောင်းမှာတော့ သေတဲ့အချိန်အထိ ကောင်းသောသူအဖြစ်နဲ့သာ နောင်တကင်းကင်း ရှင်သန်သွားဖို့ ပဓာနပါပဲ။
လိုရင်းကတော့ ဆရာ မင်းခိုက်စိုးစန် ရေးထားတဲ့ "ခရီးဝေးဝေးသွားမယ့် သူ က ဘဝကို နွေးနွေးထွေးထွေးထားရတယ်" ဆိုတဲ့ စာစုလေးအတိုင်း မိမိဘဝကိုရော သူများဘဝတွေကိုပါ နွေးထွေးအောင် ပြုလုပ်ပေးနိုင်တဲ့သူများ ဖြစ်ကြပါစေပေါ့။လူသေသွားရင်တောင် နာမည်မသေဘဲ ကျန်ခဲ့တဲ့သူများ အဖြစ်နဲ့လေ။
အားလုံးပဲ မတွေ့ဖြစ်တာ အတော်ကြာပြီနော်။
အရင်အပတ်က ကာလဝမ်းရောဂါအကြောင်းလေး MHB မှာ သွားရောက်ဆွေးနွေးထားတာကို share ပေးလိုက်ပါတယ်။
ဒီနေ့ က အဖေများနေ့တဲ့…..
အဖေအသက်ရှင်လျက်ရှိတဲ့သူတွေ ရှိသလို အဖေမရှိတော့တာ ကြာပြီဖြစ်တဲ့ သားသမီးတွေလည်း ရှိပါလိမ့်မယ်။
အဖေဟာ လူဆိုးဖြစ်စေ၊အဖေဟာ လူကောင်းဖြစ်စေ၊အဖေဟာ ခွင့်မလွှတ်နိုင်တဲ့အမှားကို ကျူးလွန်ထားသည်ဖြစ်စေ၊အဖေဟာ လူတွေမကောင်းပြောကြတဲ့သူဖြစ်စေ အပေါ်ယံတွေကို ဖယ်လိုက်ရင် ကျွန်မတို့ဆီမှာ အဖေ့ရဲ့သွေးတွေ စီးဆင်းနေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်…ကျွန်မတို့နဲ့ အဖေနဲ့ကြား က ဆက်ဆံရေးလေးဆီကို တခေါက်ပြန်သွားလိုက်ရအောင်။
ငယ်ငယ် က ခွက်ထဲကလက်ဖက်ရည်တွေကို ပူမှာစိုးလို့ အောက်ခံပန်းကန်ပြားထဲထည့်တိုက်ခဲ့တဲ့ ပထမဆုံးသူဟာ အဖေ ဖြစ်ခဲ့တဲ့ အမှတ်တရတွေရှိမယ်။
မေးသမျှကို အကုန်ဖြေနိုင်လွန်းလို့ အဖေ့ခေါင်းထဲမှာ စာကြည့်တိုက်ကြီးများ ရောက်နေမလား လို့ စူးစမ်းချင်ခဲ့ဖူးသေးတယ်။
ပုံဆွဲစာအုပ်မှာ ပုံလှလှဆွဲတတ်အောင်၊စာပေတွေကို မြတ်နိုးအောင်၊ဂီတကို အလေးထားအောင်၊လူတွေကို လေးစားတတ်အောင် အပြုအမူနဲ့ပဲ သင်ပြသွားတာ အဖေပဲဖြစ်တယ်။
အဖေဟာ မိသားစုအတွက် ရပ်ဝေးမှာ အလုပ်သွားလုပ်ရလို့ အမြဲအဖေ့ကျောပြင်ကိုပဲ အမှတ်ရနေသူတွေလည်းရှိမယ်။
အဖေ့ဆံပင်မွှေးတွေကို လက် ၂ ဖက်နဲ့ဆုပ်ကိုင်ဆွဲထားပြီး အဖေ့ပုခုံးပေါ်ကနေ တလောကလုံးကို အပိုင်စားရသလို ခံစားခဲ့ရတဲ့အမှတ်တရတွေလည်းရှိမယိ။
မစားဖူးတဲ့အစားအစာတွေ၊မရောက်ဖူးတဲ့နေရာတွေကို ခေါ်သွားခဲ့တဲ့ အဖေဟာ မျက်လှည့်ဆရာ လို အစွမ်းသတ္တိရှိသလားတောင် တွေးခဲ့ဖူးတယ်။
ညဖက် အဖေ့ကိုမစောင့်နိုင်လို့ အိပ်နေပေမယ့် အလုပိကပြန်လာတိုင်း အဖေဟာ မုန့်တခု မဖြစ်မနေ ဝယ်လာပြီး အိပ်နေတဲ့သားသမီးတွေကို နှိုးကျွေးလေ့ရှိတယ်။
စက်ဘီးစီး၊ဆိုင်ကယ်စီး၊ကားမောင်း စသင်ပေးသူဟာလည်း အဖေဖြစ်ခဲ့လိမ့်မယ်။
ညညဆို ပုံပြင်ပြောပြရင်း သူ့အလုပ်အကြောင်းတွေရောက်ပြီးဟောက်သံတွေ ထွက်လာတာလည်း အဖေပဲဖြစ်တယ်။
အမေခရီးသွားတဲ့အခါ ကျန်ခဲ့တဲ့သားသမီးတွေကို ပျော်အောင်၊အစားဝဝလင်လင်စားရအောင် မချက်တတ်ချက်တတ်နဲ့ အရသာအရှိဆုံးအစားအစာတွေ ချက်ပေးခဲ့တာလည်း အဖေပဲဖြစ်တယ်။
အဖေဟာ သမီးရဲ့ပါးနုနုမှာ သနပ်ခါးလေးလိမ်းပေးသလို သားရဲ့စိတ်ဓာတ်ကြံ့ခိုင်လာအောင်လည်း စံပြအဖြစ်နေပေးခဲ့တယ်။
အဖေ က အမြဲဆုံးဖြတ်ချက်ပြတ်သားပြီး စိတ်ဓာတ်ခိုင်မာလွန်းလို့ ပြတိုက်တွေက စစ်သူကြီးရုပ်တွေလို့တောင် ထင်ခဲ့ရဖူးပေမယ့် အဖေဟာ စိတ်ဓာတ်ကျတဲ့အချိန်တွေလညိးရှိခဲ့တယ်။
အဖေဟာ ခင်ပွန်းတစ်ယောက်မဖြစ်ခင်၊အဖေတစ်ယောက်မဖြစ်ခင် က သူလည်းပဲ သားတစ်ယောက်၊ကလေးတစ်ယောက်၊လူသားတစ်ယောက်ပဲမ်ို့ အဖေ့စိတ်ထဲမှာ ဝမ်းနည်းရတာတွေရှိလိမ့်မယ်၊အရှုံးပေးချင်တာတွေရှိလိမ့်မယ်၊မျိုသိပ်ရတာတွေရှိလိမ့်မယ်။
တည်တည်တံ့တံ့နေမှ အရိုအသေခံရမယ်ဆိုတဲ့ စိတ်ကို ဘယ်သူများလက်ဆင့်ကမ်းလိုက်လဲ မသိပေမယ့် ညဖက်အိပ်နေတဲ့အချိန် သားသမီးတွေရဲ့ပါးတဖက်ကို ခိုးနမ်းတာ အဖေပဲဖြစ်တယ်။
အိပ်နေတဲ့အချိန် မိုးရွာရင်း ရုတ်တရက်နိုးလာပြီး ပြတင်းပေါက်တွေ လိုက်ပိတ်၊ခန်းဆီးတွေကာပေးတာလည်း အဖေပဲ ဖြစ်တယ်။
သားသမီးတွေရဲ့ အောင်မြင်မှုဟာ အဖေ့ရဲ့ပျော်ရွှင်မှုပဲ ဖြစ်တယ်။
သားသမီးတွေ မျက်ရည်ကျတဲ့အခါ အဖေ့ရင်ထဲမှာ မိုးခြိမ်းသလို ခံစားရတယ်။
နပိုလီယံ မသိမ်းနိုင်တဲ့ ကမ္ဘာတခြမ်းကိုလည်း သားသမီးတွေအတွက်ဆို အဖေ က ရအောင် သိမ်းပေးလိမ့်မယ်။
ဒီအရွယ်ရောက်တဲ့အထိ မပြောင်းလဲတဲ့ ချစ်ခြင်းတရားတွေနဲ့ စိတ်ခွန်အားပေးခဲ့တဲ့အတွက် အဖေ့ကို ကျေးဇူးအများကြီးတင်ရပါတယ်။
𝐘𝐨𝐮𝐫 𝟑 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐚𝐮𝐝𝐢𝐨
𝐓𝐢𝐭𝐥𝐞 - မိမိစိတ်ကလေး
𝐘𝐨𝐮𝐫 𝟑 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐚𝐮𝐝𝐢𝐨
𝐓𝐢𝐭𝐥𝐞 - မိမိကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်း
မိုးသံ နည်းနည်းကြားတာနဲ့……
မိုးရိပ်မိုးရောင်လေး မြင်တာနဲ့……
ကော်ဖီပြေးဖျော်တဲ့ အဖွဲ့ရယ်
စာအုပ်ဖတ်တဲ့အဖွဲ့ရယ်
အလွမ်းသီချင်းနားထောင်တဲ့ အဖွဲ့ရယ်
အိပ်ရာထဲ အကျအနခွေဖို့ ပြင်တဲ့အဖွဲ့ရယ် နဲ့
အဖီးလ် mood ဝင်တဲ့ အဖွဲ့ရယ် ဆိုပြီး ရှိကြသတဲ့။
တကယ်တော့ မိုးသံလေး နည်းနည်းကြားတာနဲ့ တူတူနေချင်ကြတဲ့အဖွဲ့လည်း ရှိပါတယ်။အချင်းချင်း ချစ်ကြည်နူး တစ်တီတူးတာက ကောင်းပေမယ့် ယောင်္ကျားလေးတွေ က ကိုယ့်ညီလေးရဲ့ Size ကို ကိုယ်ကသေချာမသိတဲ့အခါမှာတော့ ချစ်ပြီးတဲ့အချိန် ခေါင်းမီးတောက်ရတတ်ပါတယ်။
"ဆရာမရေ ကယ်ပါဦး။တူတူနေရင်း ဆွဲထုတ်လိုက်တဲ့အခါ ဘယ်နားကျန်ခဲ့မှန်းမသိလို့။တအိပ်ရာလုံး ရှာတာလည်း နှံ့နေပြီ။မရှိဘူး" ဆိုပြီး ငိုသံပါကြီးနဲ့ ကျွန်မဆီလာတဲ့ အတွဲတွေ အများကြီးကြုံဖူးပါတယ်။အဲဒါအခါ ရှားလော့ဟုမ်း လို သဲလွန်စတွေ ချိတ်ဆက်ပြီး ကွန်ဒုံးရှာဖွေရသူကတော့ ဒေါက်တာဇော် ပဲ ဖြစ်သွားပါတော့တယ်။မိုးကသည်းသည်း သောကမုန်တိုင်းက ထန်ထန်နဲ့ ချစ်ကြည်နူးအပြီး နှစ်ကိုယ်တူပျော်ရမယ့်အစား ကောက်ရိုးပုံမှာ အပ်ပျောက်တဲ့ ကိစ္စလို ရတက်ပွေတာတွေ မဖြစ်ချင်ရင်တော့ ခု ကျွန်မရေးတာလေးကို သေချာဂရုတစိုက်နဲ့ ဖတ်စေချင်ပါတယ်။
ကွန်ဒုံးကို အဓိကကတော့ ကိုယ်ဝန်မရချင်လို့ သားဆက်ခြားအနေနဲ့ သုံးကြပေမယ့် တကယ်တမ်းတော့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အရင်ဆုံး အတူနေမယ့်အချိန်မှာ ဦးထုပ်ဆောင်းဖို့ ရွေးချယ်ကြတဲ့ မောင်မင်းကြီးသားများကို ဒီနေရာ က နေ တမှတ်ပေးပါရစေ။𝐘𝐨𝐮 𝐚𝐫𝐞 𝐚 𝐦𝐚𝐧 𝐧𝐨𝐰.
နောက်ထပ်အမှတ်တွေရဖို့ကတော့ ကွန်ဒုံးကို သေချာဝယ်တတ်ပြီလား နဲ့ ကွန်ဒုံးကို သေချာအသုံးပြုတတ်ပြီလား ဆိုတာကို မူတည်ပြီး ကိုယ့်ကိုယ်ကို အမှတ်တွေပေးလိုက်ကြနော်။ဒုတိယ တမှတ်ရဖို့ အတွက် ကွန်ဒုံးမဝယ်ခင် မိမိ ညီလေး Size ကို သေချာသိပြီလားလို့ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။မတော်တဲ့ ကွန်ဒုံးဝတ်ရတာဟာ မတော်တဲ့ရှူးဖိနပ် စီးနေရသလို ခံစားရမှာပါ။ညီလေး က သေးပြီး ဦးထုပ် က ကြီးရင် ဗလွတ်ဆိုပြီး ပြုတ်ထွက်သွားနိုင်သလို ညီလေးက ကြီးတာကို ဦးထုပ်သေးသေးလေး ဆောင်းပေးထားရင်လည်း ကွဲထွက်ပြီး စတိုင်ပျက်သွားနိုင်ပါတယ်။
ဘယ်လို ရွေးချယ်ရမလဲဆိုရင် ညီလေးအားရှိပြီး အစွမ်းကုန်ထောင်မတ်နေချိန်မှာ အရင်းကနေ အဖျားထိ တခါတိုင်းပါမယ်။လုံးပတ် ကို တခါတိုင်းရပါမယ်။မြန်မာနိုင်ငံကိုဦးထုပ်အမျိုးမျိုး brand ပေါင်းစုံ ဝင်ကြပေမယ့် ဒီကအမျိုးသားထုကြီးရဲ့ ဖြစ်နိုင်ချေရှိတဲ့ အရွယ်အစားတွေပေါ်မူတည်ပြီးပဲ ပစ္စည်းတွေ တင်သွင်းထားပါတယ်။
၄.၇” အောက်ဆို Small
၄.၇”- ၅.၁” ဆို Regular fit
၅.၁” အထက်ဆို Large လို့ အကြမ်းဖျဉ်းမှတ်လို့ရပါတယ်။တခြားပုံစံ၊အမျိုးအစားနဲ့ quality တွေကတော့ ကိုယ်နှစ်သက်ရာ ရွေးချယ်ဝယ်ယူလို့ရပါတယ်။
နောက်တချက်ကတော့ Expired date ကို သေချာရွေးချယ်ရပါမယ်။ကွန်ုဒုံးသုံးပြီး အတူနေဖို့ စဉ်းစားပြီဆိုတည်းကိုက ကိုယ့်ကိုယ်ကို အရွယ်ရောက်တဲ့ လူသားတဦးလို့ သတ်မှတ်စေချင်ပါတယ်။"You are a man, not a boy".ဒါကြောင့်မို့ Mini mart တွေ၊ဆိုင်တွေမှာ ကွန်ဒုံးဝယ်တဲ့အခါ ရှိုးတိုးရှမ်းတမ်းနဲ့ "ကောင်းတာလေး တထုပ်" ဆိုပြီး မျက်စိစုံမှိတ်ဝယ်လို့မရပါဘူး။ရောင်းတဲ့သူတွေကလည်း စပ်ဖြီးဖြီးဖြစ်နေလို့ မရပါဘူး။ရှင်းပြသင့်ကူရှင်းပြပေးရပါမယ်။အထုပ်ကို လက်နဲ့အသာအယာဖိကြည့်လို့ အထဲက ဦးထုပ်လေးက ချောဆီတွေထဲမှာရွေ့နေမယ်ဆိုရင် date ကောင်းပါတယ်။မဟုတ်ရင်တော့ ခြောက်ပြီး ဒိတ်လွန်နေတာကြီးသုံးပြီး ကွန်ဒုံးပလေးတာလည်းခံရ၊ကလေးဖေဖေတွေလည်း ဖြစ်ကုန်ကြမှာပဲ ဖြစ်ပါတယ်။
နံပါတ် ၄ အချက်ကတော့ ကွန်ဒုံးကို စတိုင်ပါပါ ဖောက်မယ်ဆိုပြီး သွားနဲ့ ကိုက်ဖြဲလို့မရသလို၊OCD ရှိလို့ ညီစေချင်ဇောနဲ့ ကတ်ကြေးနဲ့ ညှပ်လို့လည်းမရပါဘူး။အခန့်မသင့်ရင် အထဲက ကွန်ဒုံးလေးက ပေါက်သွားနိုင်ပါတယ်။ပေးထားတဲ့အရာအတိုင်း လက်နဲ့ဖြည်းဖြည်းချင်းဖောက်၊ထိပ် က အလုံးလေး ကို လေမဝင်အောင်ဖိပြီး ညီလေးခေါင်းကနေ ကိုယ်လုံးအထိ လုံအောင် ဝတ်ပေးလိုက်ပါ။ဝတ်ပြီးရင်တော့ တူတူနေလို့ရပပါပြီ။တူတူနေစကနေ နေလို့ပြီးတဲ့အဆုံး သုက်ရည်ထွက်ပြီးတဲ့အချိန်ထိ ဦးထုပ်လေးကို သေချာစွာဆောင်းထားပေးဖို့လိုပါတယ်။သုက်ရည်ထွက်ခါနီးမှ အမြန်ဝတ်လို့မရပါဘူး။
နောက်ဆုံးတချက်….
ချစ်ကြည်နူးတစ်တီတူးလို့ လုံးဝပြီးရင်တော့ဦးထုပ်လေးကို ဖြည်းဖြည်းချင်းချွတ်ပေးရပါမယ်။စိတ်ရှည်လက်ရှည်မရှိဘဲ "သွားလေရော့ဟယ်" ဆိုပြီး ဘတ်စကတ်ဘောကစားသလို အဝေးကနေ ရောက်ချင်ရာရောက် ဝှီးခနဲ လှမ်းပစ်လို့ မရပါဘူး။ဦးထုပ်လေးကို သေချာစွာ လိမ်ချည်ပြီး တစ်ရှူး or wet tissue လေးနဲ့ ထုပ်ကာ အမှိုက်ပုံထဲ စနစ်တကျစွန့်ပစ်ပေးဖို့ လိုအပ်ပါတယ်။
ကဲ သင်တို့ရော ဘယ်နှမှတ်ရကြလဲ။
ဦးထုပ်သေချာ ဝတ်တတ်ကြပြီလား။
(ညစ်ညမ်းသော comment များ၊ပေါက်ကရစကားများ ရေးသားမေးမြန်းခွင့်မပြုပါ)
သားသမီးများ at Mother’s Day - Happy Mother’s Day ပါ မေမေ
အမေများ for whole year - 👇
March 21 ရက်နေ့ဟာ World Down Syndrome Day ဖြစ်ပါတယ်။Down Syndrome, Autism, ADHD အစရှိတဲ့ ကလေးတွေကို ကျွန်မတို့က special needs လို့ တင်စားလေ့ရှိကြပါတယ်။အထူးဂရုစိုက်ပြီး ပျိုးထောင်ဖို့ လိုအပ်နေတဲ့ ပန်းပွင့်လေးများပေါ့။
Down Syndrome ဆိုတာနဲ့ မျက်နှာပြားပြား နှာခေါင်းပြားပြား ခြေတံလက်တံ တိုတို သေးသေးလေးလေးတွေနဲ့ လျှာတစ်လစ်လေး မကြာခဏ ထွက်နေတတ်တဲ့ ကလေးတွေကို ပြေးမြင်ယောင်ကြမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့် သူတို့တွေဟာ လူထူးဆန်းတွေမဟုတ်သလို လှောင်ပြောင်စရာ၊တအံ့တဩငေးကြည့်စရာ၊လူချင်းခွဲခြားဆက်ဆံစရာတွေ မဟုတ်ကြပါဘူး။
Down syndrome ကလေးတွေ မွေးဖွားရခြင်းဟာ စုန်းပြုစားတာ၊အပ မှီတာမဟုတ်သလို သိုက်ဆက်တွေလည်း မဟုတ်ပါဘူး။ကျွန်မတို့ လူ့ခန္ဓာကိုယ်မှာ မျိုးရိုးဗီဇစနစ်အတွက် ပုံမှန်ဆိုရင် chromosomes 23 စုံရှိပါတယ်။Down syndrome ကလေးအများစုကတော့ Chromosome နံပါတ် 21 မှာ တစုံ (2 ခု) ပါဝင်ရမယ့်အစား 3 ခုပါဝင်နေတဲ့အတွက်ကြောင့် ဒီလို လက္ခဏာတွေနဲ့ မွေးဖွားလာရခြင်းဖြစ်ပါတယ်။အသက် ၄၀ ကျော်မှ ကိုယ်ဝန်ဆောင်ပြီး မွေးရင်လည်း ဖြစ်နိုင်ချေများတာပေါ့နော်။
Down syndrome ကလေးတွေဟာ တခြား Syndromic baby တွေထက် လူမှုဆက်ဆံရေးပိုကောင်းပေမယ့် အထွေထွေဖွံ့ဖြိုးမှုဖြစ်တဲ့ လမ်းလျှောက်၊စကားပြော၊စာသင်တာကအစ နောက်ကျခြင်း တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။သူတို့ဆီမှာ မွေးရာပါရောဂါတွေလည်း ပါတဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုသေချာပြုလုပ်ပေးပြီး ရောဂါပိုးတွေ အလွယ်တကူမဝင်နိုင်အောင် သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
Down syndrome က ဆေးသောက်လို့ ပျောက်တဲ့ရောဂါ မဟုတ်ပါဘူး။ဆေးသောက်လ်ို့ မှတ်ဉာဏ်တွေပိုကောင်းလာတာမျိုးလည်းမရှိပါဘူး။ဆရာ မိဘ အတူတကွပူးပေါင်းပြီး ကလေးရဲ့အသက်အရွယ်နဲ့ဖွံ့ဖြိုးမှုအလိုက် လေ့ကျင့်ခန်းလုပ်ခိုင်းတာ၊ရေကူးသင်တာ၊ စကားပြောသင်တာ၊ စာသင်တာတွေကိုဖြည်းဖြည်းချင်း သင်ကြားပေးလို့ရပါတယ်။
Down syndrome ရှိနေပေမယ့် ထင်ရှားကျော်ကြားတဲ့ နာမည်ကြီးသူတွေလည်းရှိပါတယ်။ဥပမာ Victoria Secret model Latina Sofía Jirau အပြင် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် Chris Burke ၊cookie စက်ရုံပိုင်ရှင် Colletee Divitto၊တက္ကသိုလ်ထိပါဘွဲ့ရသွားတဲ့ Dylan Kuehul တို့လည်းရှိပါသေးတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်း Yes, We Can တို့လို vocational training လုပ်ပေးနေတဲ့ အဖွဲ့အစည်း လေ့ကျင့်ရေးသင်တန်းကျောင်းများစွာရှိပါတယ်။
ဒါကြောင့်မို့ စိတ်ရှည်ရှည်နဲ့ စနစ်တကျသာ အတူတကွ လက်တွဲခေါ်ပြီး သင်ကြားပေးရင် သူတို့တွေဟာလည်း တနေ့ကိုယ်တွေနီးပါးဖြစ်လာနိုင်ပါတယ်လို့ Down syndrome ကလေးလေးတွေရှိတဲ့ မေမေ၊ဖေဖေတွေကို အားပေးရင်း စာလေးကို နိဂုံးချုပ်ပါရစေ။
ကျွန်မတို့ ဆရာဝန်တွေက လူနာတွေကို ကရုဏာဒေါသနဲ့ ဟိုဟာမစားနဲ့ ဒီဟာရှောင် လို့ အမြဲပြောလေ့ရှိပါတယ်။
သူတို့ဖြစ်နေတဲ့ရောဂါတွေအပေါ် မူတည်ပြီး ရှောင်ခိုင်းတာတွေ မရှောင်တဲ့အခါ၊မသင့်တော်တာတွေ စားမိတဲ့အခါ အခြေအနေပိုဆိုးပြီး ပျောက်ကင်းမှု ကြန့်ကြာသွားမှာစိုးလို့ပဲ ပြောမိကြတာပေါ့လေ။
ဒီမနက်စိတ်ကူးမိတဲ့ မေးခွန်းလေးတခုကတော့
ကျွန်မတို့က ဒီခန္ဓာကိုယ်နဲ့ ဘယ်နှခါများ ထပ်နေရမှာမို့လို့လဲ ဆိုတဲ့ အတွေးပဲဖြစ်ပါတယ်။သေပြီးနောက်ပိုင်းဘဝရှိတယ်လို့ ယုံတဲ့သူရှိသလို သေပြီးနောက် ကောင်းကင်နဲ့ ငရဲ ပဲ ရှိတယ်ဆိုတဲ့ ကိုးကွယ်ရာ ဘာသာများလည်းရှိပါတယ်။
မည်သို့ပင်ဆိုစေကာမူ…
ဒီဘဝ ဒီခန္ဓာ နဲ့ ဒီအခြေအနေကို ဘယ်နှကြိမ်များ ပြန်ရနိုင်ခွင့်ရှိဦးမှာလဲပေါ့။မရနိုင်တော့တဲ့အတူတူ အသက်လည်းကြီးနေပြီး ရောဂါလည်း ဆိုးနေတဲ့လူနာတွေဆိုရင် သူတို့စားချင်တာလေးစားခိုင်းပြီး နေချင်တဲ့ဘဝမှာ နေခွင့်ပေးလိုက်ရင်များ ပိုမကောင်းဘူးလား လို့ တွေးမိပါတယ်။
ကျွန်မတို့ဆရာဝန်တွေ၊လူနာရဲ့ မိသားစုဝင်တွေကတော့ ပိုကောင်းစေချင်လို့ ဆေးတွေပေး၊အစားတွေရှောင်၊သွေးတွေစစ်၊အပ်တွေနဲ့ထိုးရင်း သူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆေးရုံ၊ဆေးခန်းနဲ့ပဲ ချာလည်လိုက်နေရင် သနားစရာ ပိုမကောင်းပေဘူးလား။
ဒီဘဝ ဒီခန္ဓာ ကို စွန့်ခွါခါနီးလူတွေအတွက်တော့ သူတို့နေချင်တဲ့ပုံစံလေးနဲ့ ပေးနေလိုက်ရင် ပိုများ စိတ်သက်သာရာရမလားလို့ …. နောက်ထပ် ဘယ်နှခါများ ဒီခန္ဓာ ကို ထပ်ပြီးအပိုင်ရဦးမှာတဲ့တုန်း..
ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပြီးဆုံးခဲ့ပါသည်။
မိဘတွေ၊ ဘေး က ပြုစုပျိုးထောင်တဲ့သူတွေ၊ဆွေမျိုးတွေကတော့ အမှတ်တမဲ့ ပြုမူပြောဆိုလိုက်ကြပေမယ့် ကလေးအတွက်တော့ တသက်စာသေရာပါ trauma တွေရသွားနိုင်ပါတယ်။
အဲဒီကလေးလေး က လူကြီးဖြစ်လာတဲ့အခါ သူ့ရဲ့ ပတ်ဝန်းကျင်ကို မြင်တဲ့အမြင် နဲ့ တုံ့ပြန်ပုံတွေ က သူရခဲ့တဲ့ စိတ်ဒဏ်ရာတွေပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ကြပါတယ်။
ဒီခေါက်ရိုးကျိုးနေတဲ့ဒဏ်ရာတွေကို ကိုယ်တိုင်ရင်ဆိုင်ပြီး တွန်းလှန်နိုင်ရင်တော့ ကလေးဘဝရဲ့အရိပ်မဲတွေအောက်ကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ခက်တယ်လေ။
ဒါကြောင့်မို့ အိမ်ထောင်ပြုပြီး ကလေးယူရမယ်ဆိုတဲ့ အစွဲကြီး က မမှန်ပါဘူး။လူတိုင်းကလေးမွေးနေလို့ ငါတို့လည်း မွေးကြမယ်ဆိုတဲ့ အတွေးရှိရင် မမွေးတာပဲ ကောင်းပါတယ်။ဒီကလေးတစ်ယောက်ကို စိတ်အနာတရ အနည်းဆုံးနဲ့ ကောင်ကောင်းမွန်မွန်ကြီးပြင်းအောင် စောင့်ရှောက်နိုင်မယ့် ယုံကြည်ချက်ရှိမှ ကလေးယူစေချင်ပါတယ်။
အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လို့ အိမ်ထောင်ပြုပြီး ကလေးမွေးတယ်ဆိုတာ trend မဟုတ်ပါဘူး။အထီးကျန်လို့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးရင်တောင် တယုတယမွေးရတာ လူဆိုတဲ့ အကောင်လေး ကို ဖြစ်ကတတ်ဆန်း ပျိုးထောင်မယ်ဆိုရင် အစထဲက မမွေးတာပဲ ပိုကောင်းပါတယ်။
ဗိုက်အောင့်တဲ့အခါ ဘယ်နားမှာအောင့်ရင် ဘာကို စိုးရိမ်ရမလဲဆိုတာ သတိပြုမိအောင် ပြောပြပေးထားပါတယ်
ဒီနေ့ည တွေ့ကြမယ်နော်
"သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ"
📅 Date: March 10, 2024 (Sunday)
⏱️ Time: 7:30 - 8:30 p.m.
🏫 Venue: Online Zoom Platform
Sharing Session အတွက် အသေးစိတ်အချက်အလက်တွေကို အောက်က Link ထဲမှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။
https://www.facebook.com/share/p/MBT6SgsJVssZ4My5/?mibextid=oFDknk
🖇️ Registration Link - https://forms.gle/gjwgs8XkDnn9ToVU6
ချစ်ခင်လေးစားရတဲ့ အစ်မတစ်ယောက်ရှိပါတယ်။သူပြောရင် အမြဲမှတ်သားစရာတွေ ပါလွန်းလို့ ဒါလေးတခုကို ပြန်လည် မျှဝေချင်ပါတယ်။
မေးခွန်း က ဘဝမှာ ၂ ခါပြန်မရနိုင်တော့တဲ့ ကောင်းမွန်ခြင်းကိစ္စတခုအတွက် လူတစ်ယောက်ကို ရွေးချယ်ပြီး ပေးရမယ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။
စာဆက်မဖတ်သေးဘဲနဲ့ မိမိကိုယ်ကို အရိုးသားဆုံးပြန်ဖြေပေးလိုက်ပါ။
ကျွန်မတို့ဘဝမှာ ဒီလိုကိစ္စမျိုး ခဏခဏ ကြုံခဲ့ကြဖူးမှာပါ။တတုံးထဲကျန်တဲ့ ဟင်းလေး ကို အမေ့ကိုကျွေးလိုက်တယ်တို့၊အဖေ က မစားဘဲ သားသမီးတွေဖို့ မုန့်ဝယ်လာတယ်တို့၊လစာအပိုကြေးရလို့ ယောင်္ကျားဖြစ်သူက မိန်းမအတွက် လက်ဆောင်ဝယ်လာတယ်တို့၊အရှိန်ပြင်းပြင်းဘောလုံးကြီးက မောင်အငယ်ဆုံးလေးဆီလာတာကို မမကြီး က ကိုယ်စားကာပေးလိုက်တယ်တို့….စတဲ့ မေတ္တာတရားတွေကို မြင်ဖူးကြမှာ ဖြစ်ပါတယ်။အဲဒီ လူတွေက Self-love မရှိတာလား။
လူတွေက ဘဝမှာ အမြဲလိုလို ကိုယ်ပဲကောင်းတာလေး ရချင်တယ်၊ကိုယ်ပဲ လှတာလေး ဝတ်ချင်တယ်၊ကိုယ်ပဲ ပျော်ရွှင်ချင်တယ်ဆိုပြီး မိမိကိုယ်ကို Self-center ထားပြီး နေတတ်ကြပါတယ်။ဒီလိုလူတွေကြားထဲမှာမှ ကိုယ့်ကိုယ်ကိုထက်ပိုချစ်ပြီး တခြားသူကို ကာကွယ်ပေးချင်တတ်တဲ့သူတွေဟာ နဂိုမူလအခံ self love ရှိပေမယ့်လည်း သူတို့ကိုယ်သူတို့ထက် ပိုပြီး အရေးကြီးတယ် ခံယူထားကြတဲ့ သူတို့ချစ်တဲ့သူတွေရဲ့ ကောင်းကျိုးကို အမြဲရှေးရှူပြီး စောင့်ရှောက်ပေးတတ်ကြပါတယ်။ဒါကို Self-love မရှိဘူးလို့ မစွပ်စွဲသင့်ပါဘူး။
အခြေအနေတခုကြုံလာလို့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုပဲ ရွေးတဲ့သူတွေကိုလည်း အတ္တကြီးလိုက်တာ မပြောရပါဘူးတဲ့။သူတို့ရုန်းမှ သူတို့စောင့်ရှောက်ပေးနေရတဲ့သူတွေကို ပြန်ပြီး ကာကွယ်ပေးနိုင်မှာဆိုတဲ့ စိတ်နဲ့ သူတို့ကလည်း တခုခုဆို သူတို့ကိုယ်သူတို့ရွေးချယ်ခြင်းဖြစ်ပါတယ်။အတ္တကြီး Ego များပြီး ငါပဲ ကောင်းရင်ပြီးရော၊တခြားသူ ဘာဖြစ်နေနေဆိုတဲ့ အယူအဆသမားတွေကို မဆိုလိုပါဘူး။
ဒါကြောင့်မို့ အရာရာတိုင်းမှာ တဖက်သူရဲ့အကြောင်းကို သေချာ ဂဃဏန နားမလည်ဘဲနဲ့ ဝေဖန်ရေး၊လေကန်ရေး မလုပ်သင့်ကြောင်း အစ်မပြောတာလေးကို ကိုးကားပြီး ဝေမျှပေးလိုက်ရပါတယ်။
့
Post inflammatory hyperpigmentation လို့ ခေါ်တဲ့ ခြင်ကိုက်ပြီးရင် ကျန်ခဲ့တဲ့ အမဲစက်တွေ အကြောင်း ပြောပြပေးထားပါတယ်
မှီခို ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်
——————————————————
"မင်းမိန်းမ က ဘာအလုပ်လုပ်လဲ?
ဘာအလုပ်မှ မလုပ်ဘူး၊အိမ်မှာ နေတာ…ငါပဲရှာကျွေးနေတာ"
"သားအမေ ဘာအလုပ်လုပ်လဲ?
ဘာမှ မလုပ်ဘူး၊မှီခို ပါ ဆရာမ"
ဒီလို ရင်နာစရာကောင်းတဲ့ စကားမျိုးကို ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ ဖြစ်ပါလိမ့်မယ်။
အလုပ်မလုပ်ဘဲ မှီခိုအဖြစ် အိမ်မှာ နေတယ်လို့ အများယူဆကြတဲ့ အမျိုးသမီးတစ်ယောက်ဟာ အပြင်ထွက် အလုပ်မလုပ်ရပေမယ့် အိမ်ထဲမှာ အသုပ်သုပ်နေရတာမျိုးရှိပါမယ်။ထမင်း၊ဟင်းချက်တာကအစ အိမ်ထောင့်တာဝန်မလစ်ဟင်းအောင် ထမ်းပိုးနေရတတ်ပါတယ်။အပြင်ထွက် အလုပ်လုပ်တဲ့သူတွေမှာ ရုံးချိန်တို့ နားရက်တို့ ရှိပေမယ့် အိမ်ရှင်မတစ်ယောက်မှာ အားလပ်ရက်ဆိုတာ မရှိနေပါဘူး။
အိမ်မှာနေပြီး တကယ်ဘာဆိုဘာမှ စိတ်မဝင်စား၊ဘာအလုပ်တခုမှ မလုပ်ဘဲ ပိုက်ဆံထိုင်ဖြုန်းနေတဲ့မိန်းမတွေလည်း ရှိပေမယ့် ကျွန်မတို့ မြန်မာဓလေ့ထုံးတမ်းအရ အမျိုးသမီးတစ်ယောက်ဟာ မှီခိုဆိုရင် အိမ်မှာ အိမ်အကူ ရှိရင်တောင် အရာရာထောင့်စေ့အောင် လိုက်ကွပ်ကဲပြီး ယောင်္ကျားရှာထားတဲ့ ပိုက်ဆံကို "စီးတဲ့ရေ ဆယ်တဲ့ကန်သင်း" ဖြစ်အောင်စု၊ကလေးတွေ လူလားမြောက်အောင် အနီးကပ်တာဝန်ယူပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေရတဲ့ သူရဲကောင်းများပဲ ဖြစ်ပါတယ်။
မိန်းမ ဆိုတာ….နဲ့ အစပြုခဲ့တဲ့ အတိတ်သမိုင်းတွေ၊ထုံးတမ်းစဉ်လာတွေအရ မိန်းမသည် ယောင်္ကျားထက် အားနည်းတဲ့ သတ္တဝါဖြစ်တဲ့အတွက် မိန်းမတွေကို ဘာမှမလုပ်နိုင်သူအဖြစ် တံဆိပ်ကပ်ထားလေ့ရှိပါတယ်။ဥပမာ အိမ်ထဲနေမယ့်သူ က အဲလောက်ထိ ပညာတွေ ထူးချွန်နေဖို့ လိုလို့လားဆိုတဲ့ အသုံးအနှုန်း၊ မိန်းကလေးဆိုတော့ စီးပွါးရေးမှာ အကွက်ကျကျ မစဉ်းစားတတ်ပါဘူး ဆိုတဲ့ အမြင်မျိုး၊ ယောင်္ကျားနဲ့ ပုခုံးချင်း ယှဉ်စရာ မလိုဘူး…ယောင်္ကျားပေးတာယူ၊ကျွေးတာစား၊ပြောသလောက်ပဲ သိ ဆိုတဲ့ ဘောင်ခတ်ထားမှုမျိုးတွေက ယနေ့ခေတ်အထိ ပါလာနေဆဲ ဖြစ်ပါတယ်။
အမျိုးသမီးမို့လို့ အမျိုးသားတွေလို လုပ်ခွင့်မရှိဘူး လို့ နှိမ်ထားရအောင်လည်း ယနေ့ခေတ် မိန်းမတော်တော်များများ က ယောင်္ကျားတွေနည်းတူစွာ ပိုက်ဆံရှာနိုင်နေကြပါပြီ။အိမ်ထောင်တစု၊ဆက်ဆံရေးတခုမှာ ယောင်္ကျားနဲ့ မိန်းမ ဟာ "အေးအတူ၊ပူအမျှ" "ဒိုးတူဘောင်ဖက်" ဖြစ်နေရပါမယ်။၂ ယောက်သားဟာ အားပြိုင်စရာ power struggle မဟုတ်ဘဲနဲ့ team တခုအဖြစ် အတူတကွပေါင်းစည်းပြီး တိုးတက်အောင်လုပ်ရမယ့် power couple အဖြစ် ပြောင်းလဲမြင်ရမှာဖြစ်ပါတယ်။
ဒါကို တချို့ယောင်္ကျားတွေက ဖိုဝါဒ ကြီးစိုးပြီး “ငါကတော့ အလုပ်လုပ်ရတယ်၊အိမ်ရောက်ရင် နားမယ်၊ကလေးလည်း ကူမထိန်းနိုင်ဘူး” ဆိုတဲ့ အထာတွေရှိပါတယ်။တကယ်တော့ ကလေးဆိုသည်မှာ ၂ ယောက်သားအတူတကွဖန်တီးပြီး လူ့လောကထဲခေါ်ဆောင်ထားတဲ့ သက်ရှိပစ္စည်းလေး မို့ မိန်းမလုပ်သူ က တနေကုန်ထိန်းထားရင် ယောင်္ကျားကလည်း အလိုက်တသိ ကူညီပေးတာမျိုး ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
"ငါကယောင်္ကျားပဲ၊ငါ့ကို အလိုက်တသိနားလည်ပေး” လို့ အမျိုးသားတွေက ယူဆရင် အမျိုးသမီးကိုရော အမျိုးသားတွေဖက်က နားလည်ပေးဖို့ ကြိုးစားခဲ့ကြဖူးရဲ့လား လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စေချင်ပါတယ်။အရာရာ ဟာ အပြန်အလှန်ဖြစ်တဲ့အတွက် မိန်းမ ဆိုတာ ကို တဆင့်နိမ့်သောအမြင်ဖြင့် ထင်မြင်ယူဆခြင်း၊နှိမ်ခြင်း၊ကိုယ်အမူအရာဖြင့်ဖြစ်စေ၊စကားဖြင့်ဖြစ်စေ၊စိတ်ခံစားချက်ပိုင်းဆိုင်ရာဖြစ်စေ ရိုင်းစိုင်းစွာ စော်ကားခြင်းများ မပြုလုပ်ကြဖို့ အမျိုးသားများနဲ့ အမျိုးသားများရဲ့မိသားစုဝင်များကို လေးနက်စွာ မေတ္တာရပ်ခံချင်ပါတယ်။
“ပုခက်လွှဲသော လက် သည် ကမ္ဘာကို အုပ်စိုးနိုင်၏" ဆိုတဲ့ အဆိုတောင် ရှိပါသေးတယ်။မိန်းမတွေဟာ ဗိုက်ထဲ အလေးကြီး ၉ လလောက် ထည့်ထားရမယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်ခြင်းအပိုင်းကိုလည်း မကြောက်မရွံ့ဖြတ်သန်းရဲကြပါတယ်။ချစ်သူတွေ၊မိသားစုတွေအတွက်ဆိုရင် အကြောက်တရားကို ဖျောက်ပြီး ရှေ့ကနေ ရင်ကော့၊ခေါင်းမော့လို့ ရင်ဆိုင်ရဲကြပါတယ်။မိန်းမတွေရဲ့ သတ္တိဟာ ယောင်္ကျားတွေနဲ့ မတူဘဲ ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ မိသားစုကိုသာ ဦးစားပေးတဲ့အထိ ကိုယ်ကျိုးစွန့်နိုင်သူများလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ အမျိုးသမီးများကို လေးစားခြင်း၊တန်ဖိုးထားခြင်း၊အသိအမှတ်ပြုခြင်းများကို ယနေ့ International Women’s Day က စပြီး အစဉ်တစိုက် လုပ်ဆောင်သွားကြပါစို့။
ကိုယ်ချင်းစာစိတ်
လူတစ်ဦးဟာ တခြားလူတစ်ယောက်လို တထပ်တည်းမဖြစ်မချင်း ကိုယ်ချင်းစာတတ်တယ်၊ကိုယ်ချင်းစာနိုင်တယ် ဆိုတာ အပြည့်အဝ မခံစားရကြပါဘူး။
ကျွန်မတို့ ဆရာဝန်ပေါက်စ House surgeon ဘဝတုန်းက ပိုးသတ်ဆေးတမျိုးထိုးရင် အရမ်းနာတာမို့ senior တွေ၊ဆရာတွေက အဲဒီဆေးက ထိုးတဲ့အချိန် သတိထားနော် လို့ မှာလေ့ရှိတယ်။ကျွန်မစိတ်ထဲမှာ နာတယ်ဆိုတာ တော်တော်နာလို့ နာတယ်မှာတာ နေမှာပေါ့ လို့ လက်ခံပြီး လူနာတွေကို ဆေးထိုးတဲ့အချိန် ဖြည်းဖြည်းလေး ထိုးတာတောင် နာလို့ပြောကြရင် စိတ်လျှော့နော်၊သိပ်မနာပါဘူး လို့ White lie လေး သုံးဖူးတယ်ပေါ့နော်။တကယ်တမ်း ကိုယ်တိုင် ခွဲစိတ်ခန်းဝင်ရတဲ့ လူနာဖြစ်လို့ အထိုးခံရမှ အားပါးပါး နာတာမှ အသေနာတာ။
ဒီလိုပဲ Dyslexia လို့ ခေါ်တဲ့ စာသင်ဖို့ ခက်ခဲနေတဲ့ကလေး၊စာလုံးပေါင်းဖို့ ခက်ခဲနေတဲ့ကလေးတွေကို မေမေတွေ၊ဆရာမတွေ က ဘယ်လောက်ပဲ စိတ်ရှည်ရှည် ထားတယ်ပြောပါဦးတော့။ကလေးဖြစ်နေတာကို သိပေမယ့် ထပ်တူထပ်မျှ မခံစားတတ်ကြတဲ့အခါမှာ လက်လျှော့ချင်လာကြတယ်။တကယ်တမ်း အဲဒီကလေးမျက်လုံးထဲမှာ မြင်နေတဲ့အရာတွေ၊စာလုံးတွေကို ကိုယ်တွေ ခံစားကြည့်ရှုလိုက်တဲ့အခါ၂ မိနစ်နဲ့တင် စိတ်တွေနောက်ကျိရှုပ်ထွေး အော့အန်မူးဝေလာပါတယ်။ဒီလိုမျိုး သူ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ မိနစ်ပိုင်းလေး ဝင်ခံစားကြည့်မှ သူဘဝတစ်လျှောက်လုံး ခက်ခဲနေရတဲ့အကြောင်းရင်း ကို သဘောပေါက်ကြတာပါ။
ဒါကြောင့်မို့ "ထပ်တူထပ်မျှ ခံစားရပါတယ်" တို့၊ "ကိုယ်ချင်းစာပါတယ်၊ ကိုယ်တွေတုန်းကလည်း ဖြစ်ဖူးတာပဲ" တို့ စတဲ့အသုံးအနှုန်းတွေဟာ Toxic positivity ကို ဖြစ်စေပါတယ်။ကိုယ်ကတော့ တဖက်သားကို အားပေးချင်လို့ ပြောလိုက်ပေမယ့် တယောက်နဲ့တယောက်ခံစားရမှုဖြစ်စဉ်ချင်းမတူတဲ့အခါမှာ ဘယ်လိုမှ သိနိုင်မှာမဟုတ်တဲ့အတွက် တခါတလေကျရင် Let if flow, let it go ကိုယ့်ဆီအားကိုးတကြီးရင်ဖွင့်လာတဲ့အခါမှာ တလွဲအားပေးမိခြင်းတွေ ရှောင်ရှားနိုင်ကြပါစေ။
10 ရက်နေ့ကျရင် တွေ့ကြမယ်နော်
Better Tomorrow Education website
ကျွန်မနားလည်သော Healing(ဘာသာရေးမဟုတ်ပါ)
အရင်တုန်းက Mindfulness လုပ်တယ်ဆိုတဲ့နေရာမှာ တရားထိုင် ပေါ်လာသမျှအသိစိတ်ကပ်ပြီး ကြည့်လိုက်တယ်ပေါ့နော်။နာရင် နာတယ်မှတ် ဆိုတာနဲ့ပဲ ရင်းနှီးနေတာ။နာတာကို မှတ်နေရင်းနဲ့ ပျောက်သွားလိမ့်မယ်တဲ့….အဲ့နားမှာ တိုင်ပတ်တော့တာပဲ။ဟယ် ဘယ်လိုကြီးလဲပေါ့။
တကယ်တော့ Mindfulness ဖြစ်ဖြစ် Healing ဖြစ်ဖြစ် အသက်လေးပုံမှန်ရှူ၊စိတ်ကိုလျှော့ပြီး ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာတဲ့ အတွေးတွေကို လိုက်ဖမ်းရတာ။အဲဒီထဲမှာ ကိုယ်မသိချင်လို့ မြုပ်နှံထားတဲ့အတွေးတွေ၊နာကျင်ရတဲ့အတိတ်တွေနဲ့ ကျော်ခဲ့ချင်တဲ့ ဖြစ်ရပ်တွေလည်း ပါတယ်။
တရားထိုင်နေရင်းနဲ့ အဲလိုအတွေးတွေပေါ်လာတဲ့အခါ သိတယ် သိတယ် ဆိုပြီး မှတ်နေရင် ရောဂါကို Diagnosis လုပ်ပြီး နာမည်တပ်ရုံအဆင့်လောက်ပဲရှိတယ်။အဲလို မကောင်းတဲ့အတွေးတွေကို မတွေးမိအောင် ကျော်ချသွားတာတို့၊ကောင်းတဲ့အရာနဲ့ အစားထိုးလိုက်တာတို့ကတော့ ရောဂါကို မကုဘဲ အားဆေးတွေ၊Pain killer တွေ လျှောက်သောက်နေတဲ့ အခြေအနေပေါ့။
အမြဲတမ်း အဲဒီအဆင့်ပဲရောက်ခဲ့တော့ ကောင်းတာလေးတွေပြောင်းတွေးလည်း အတိတ်ဟောင်းတွေ၊ဆိုးဝါးတဲ့ဖြစ်ရပ်တွေကို အမြစ်ပြတ်အောင် မကုဘဲ ခဏပဲ ဖုံးဖိထားသလိုဖြစ်သွားတယ်။အနီးစပ်ဆုံးကတော့ အမေ က အိမ်ရှင်းခိုင်းတဲ့အခါ မရှင်းချင်လို့ ပွနေတာတွေကို ဟိုတစု ဒီတစု အိတ်ကြီးတလုံးထဲ အကုန်ထိုးထည့်ထားတဲ့ သဘောပါပဲ။အဲဒီအိတ်ကို မဖွင့်မချင်းတော့ အိမ်လေးက သပ်ရပ်နေသလို ခံစားရပေမယ့် တကယ်တမ်း သန့်ရှင်းရေးသေချာလုပ်ထားတာမဟုတ်ဘဲ ဖြစ်ရပ်တခုကို မြန်မြန်အဆင်ပြေသွားအောင် အယောင်ပြလုပ်တဲ့အနေအထားဖြစ်နေတယိ။
တချိန်ချိန် အဲဒီအမှိုက်အိတ်ကြီး ပွင့်လာတဲ့အချိန်ကျရင် ငိုချင်စရာကောင်းလောက်အောင် ရှုပ်နေတာတွေရှင်းရဦးမှာပဲ။စုပုံပြီးဗီဒိုထဲ ထိုးထည့်ထားတဲ့ အဝတ်တွေက စီစီရီရီမခေါက်ထားရင် ဗီဒိုရုတ်တရက်ဖွင့်လိုက်တဲ့အခါအပုံလိုက်ကြီး ကျလာသလိုပေါ့။ကျွန််မတို့က အများအားဖြင့် စိတ်ခံစားမှုတွေကိုသေချာရှင်းရှင်းလင်းလင်းမလုပ်ဘဲ ပြီးစလွယ် ရောထွေးဖိသိပ်ထားတဲ့ လူတွေပဲ ဖြစ်ကြပါတယ်။တချိန်ချိန်မှာ အနာဟောင်းတွေ ပြန်ကြွလာရင် သူများအပြစ်ဆိုတာထက် နဂိုထဲက အမှိုကိမသိမ်းထားတဲ့ ကိုယ့်အပြစ်လည်းပါတယ်။အရင် တထောင်ဖိုး မသိမ်းထားတဲ့အမှိုက်ရှိခဲ့တော့ သူများက ၅၀ ဖိုး ပဲ အမှိုက်လာပုံပေမယ့်လည်း ကိုယ် က ၁၀၅၀ ဖိုးလောက် ခံစားနေရပြီး ထပ်ကျရှုံးပြန်ရော။
စောစောကတရားထိုင်တဲ့နေရာကို ပြန်ဆက်ရရင် မကောင်းတဲ့အတွေးတွေပေါ်လာတယ်၊ဆိုးဝါးနာကျင်စရာဖြစ်ရပ်တွေပေါ်လာတယ်…အဲဒီအချိန်မှာ ကောင်းတာတွေနဲ့ အစားထိုးရမှာမဟုတ်ဘဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ကိုယ့်ဒဏ်ရာတွေကို ကိုယ်တိုင်ဆေးထည့်ရတဲ့ အလုပ်က ဘယ်လောက်နာကျင်ရပါသလဲ။ဒါပေမယ့် ကိုယ်တိုင်မရင်ဆိုင်ရင် Diagnosis သိပြီး Treatment မပေးထားတဲ့ရောဂါတွေလိုပဲ ကြာလေဆိုးလေ ဖြစ်လာဖို့ပဲရှိပါတော့တယ်။
အရာအားလုံးက အတွေးကစပြီး အတွေးမှာပဲ အဆုံးသတ်တာမို့ ကိုယ့်ဒဏ်ရာတွေ၊ရင်မဆိုင်ချင်တဲ့အတိတ်တွေကို မြင်အောင်ကြည့်ပါ။ကြည့်လို့ နာကျင်တဲ့အခါမှာလည်း မကြောက်ပါနဲ့။ရင်ဆိုင်ပြီး တလွှာချင်းခွါချရင်း ကိုယ့်အနာ ကိုယ် ဆေးထည့်ပါ။ခွါချတာ ဘယ်လိုပုံစံတွေနဲ့ ခွါချကြလဲ မသိပေမယ့် ကျွန်မကတော့ တူညီသောဖြစ်ရပ်ကိုပဲ မတူညီသော ရှုထောင့်ကကြည့်ပြီး solution focus ကိုပဲ အာရုံစိုက်ပါတယ်။သူတို့ကိစ္စ သူတို့အကြောင်း ဖြစ်လာတဲ့အရာတွေက ကိုယ်ထိန်းချုပ်လို့မရတဲ့အတွက် ကိုယ်ထိန်းချုပ်လို့ရတဲ့ ကိုယ်စိတ်လေးကိုပဲ ရှုမြင်တဲ့ သဘောပေါ့။ဘယ်သူ့ကိုမှ ငါ့မှာ trauma ရှိပါတယ်ဆိုပြီး မျက်ရည်ထိုးခံပြစရာမလိုဘူး။Victim နေရာမှာနေပြီး သူများ နှစ်သိမ့်ပေးဖို့ မျှော်စရာမလိုဘူး။ကိုယ့် trauma ပျောက်ဖို့ ဘယ်သူ့ဆီမှာမှ တာဝန်မရှိဘူး။
ငယ်ငယ်က မတရားအနိုင်ကျင့်ခံရတယ်၊Sexual harassment ရှိတယ်၊အသည်းကွဲတယ်၊ Domestic violence ရှိတယ်၊ခြံခုန်ခံရတယ်၊အနှိမ်ခံရတယ်၊Father wound ရှိတယ်၊Attachment issues ရှိတယ် စသဖြင့် စသဖြင့် နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး၊ကျင်လည်ရာဒေသပေါ်မူတည်ပြီး လူတိုင်းမှာ သိုဝှက်ထားတဲ့ စိတ်ဒဏ်ရာတွေ အများကြီးပါပဲ။ဒါတွေ နောက်တခါဖြစ်လာမှာစိုးရိမ်နေလား၊နောက်တခါထပ်ဖြစ်ရင် tay ချင်တဲ့အထိ ကိုယ့်ဘဝကြီးကို အဆုံးထိ ဆွဲချသွားမှာလား။
တကယ်တော့လေ ဝမ်းနည်းခြင်း၊နာကျင်ခြင်း၊စိတ်ဓာတ်ကျခြင်းတို့ဖြစ်တဲ့ Secondary emotion ကို ကျော်ပြီး Primary emotion ကို ကြည့်ရင် အဖြေကိုသေချာမြင်ရပါတယ်။ဥပမာအားဖြင့် အကြောက်တရား လို ဟာမျိုးပါ။ကြောက်တယ်…ကြောက်လို့ ဒေါသထွက်တယ်၊ကြောက်လို့…..ငိုတယ်၊ကြောက်လို့….သိမ်ငယ်တယ်။ကိုယ်ကြောက်တာ ဘာလဲ။အဲဒီကိုယ့်အကြောက်တရား ကိုယ်အောင်မြင်မှသာ တဖက်လူတွေကပြုလုပ်တဲ့အရာတွေအပေါ် စိတ်ကနေ လိုက်ခံစားခြင်းမရှိတော့တာဖြစ်ပါတယ်။ဒါကိုပဲ Healing လို့ ဆိုကြလေမလား…..
MHB မှာ လွန်ခဲ့တဲ့ တနှစ်က အရင်ဆုံးရိုက်ထားတဲ့ video လေး
တားဆေးရဲ့ တခြားအသုံးဝင်ပုံတွေအကြောင်းအစအဆုံးကို MHB မှာ သွားရောက်ကြည့်ရှုလို့ရနေပါပြီ
နောက်လာမယ့် ၄ နှစ်
၂၀၂၈ ရောက်ရင် ကိုယ့်ကိုယ်ကို ဘယ်လိုမြင်ချင်လဲ။
ကျွန်မကတော့ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနေတဲ့ စိုးရိမ်ထိတ်လန့်ခြင်းအနည်းဆုံးဘဝမှာ အေးအေးချမ်းချမ်းလေး နဲ့ ဒေါက်တာဇော် ကိုမြင်ချင်ပါတယ်။
#အတူတူရှင်သန်ကြပါစို့
လူတွေက ထင်ကြတယ်။
ကိုယ့်ကိုယ်ကို မပြောင်းလဲနိုင်ပါဘူး။
ဒီလူ က ဒီပုံစံဆို တသက်လုံး ဒီပုံစံပါပဲပေါ့။
တကယ်တော့ ကိုယ့်ကိုယ်ကို ရင်ဆိုင်ရဲရင် ပြောင်းလဲလို့ရပါတယ်။ကိုယ့်အမှားတွေ၊ကိုယ် မကောင်းတာတွေ၊ကိုယ့်ရဲ့ အပြစ်တွေကို CT scan လို့ ခေါ်တဲ့ ကွန်ပျူတာဓာတ်မှန်ရိုက်သလို ပိုက်စိပ်တပ်ရှာ။ပြင်ရမယ့် နေရာကို ပြင်လိုက်ရင် ပြီးသွားပါပြီ။
ဒီလို မဟုတ်ဘဲ ကိုယ့်ကို တပ်ထားခံရတဲ့ label တွေအောက်မှာပဲ ကျင့်သားရပြီး နေထိုင်မလားပေါ့။ဒါဆိုရင် ရောဂါရှိတာ သိရက်နဲ့ မကုဘဲ အသေခံမယ့် လူနာပုံစံဖြစ်နေပါတယ်။
ကျွန်မ က အပြင်လူတွေရဲ့ စကားတွေကို သိပ်နားယောင်တတ်တဲ့သူမဟုတ်ပါဘူး။ပြောချင်တာက ပိန်တာရိုးမ အခေါ်ခံရတိုင်း အခန်းထဲပြေးဝင်ငိုတတ်တဲ့ လူစားထဲမှာ မပါပါဘူး။ဒါပေမယ့် ကြိမ်ဖန်များစွာ ကြားလာရတဲ့အချိန်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လေ့ရှိပါတယ်။ဒီလို အပြောခံရတာတွေကနေ တဆင့် ပြောင်းလဲလိုက်ရင် ကိုယ် က ပိုကောင်းလာနိုင်မလားပေါ့။ငါ့အရိုးနဲ့ ငါ ပိန်တာ ဘာဖြစ်လဲ က နေ ငါအစားပုံမှန်စားရင် ကျန်းမာတဲ့ ခန္ဓာကိုယ်လေး ဖြစ်လာမယ်လို့ အတွေးပြောင်းလိုက်ပါတယ်။
ကျွန်မ က အသက် တရက်ပဲရှင်သန်ခွင့်ရမယ်ဆိုရင်တောင် ပိုကောင်းတဲ့သူအဖြစ် ပြောင်းလဲရှင်သန်ချင်ပါတယ်။
ကိုယ့်ရဲ့ပြောင်းလဲမှု က သူများအတွက် မသိသာရင်တောင် ကိုယ့်ကိုယ်ကို အတွက် ပြောင်းလဲသွားတာတော့ အသေအချာပါပဲ။
Videos (show all)
Contact the practice
Website
Address
Yangon
11011