Soe Win Oo
အရေပြား ၊ အလှအပ ၊ ဂီတ ၊ ခရီးသွားခြင်း နှင့် ကိုယ်ပိုင် ဘလောဂ်
သင့်မျက်နှာက ပြောပြနေသည့် သင့်ကျန်းမာရေး
*******
ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး
------------------------------
ခန္ဓာကိုယ်မှာ အမှတ်မိလွယ်ဆုံးနေရာဟာ သင့်မျက်နှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက တစ်ဦးချင်း ခွဲခြားရ ခက်ခဲပေမဲ့ မျက်နှာကတော့ ခွဲခြားလို့ အကောင်းဆုံးပါ။ ဒါကြောင့်လည်း မှတ်ပုံတင်၊ လိုင်စင်ဓာတ်ပုံတွေမှာ မျက်နှာပုံကိုပဲ အဓိက အမှတ်အသားပြု ရိုက်ကူးခွဲခြားထားကြတာပါ။
အဲဒီလို တစ်ဦးနှင့်တစ်ဦး ခွဲခြားနိုင်ရုံတင်မကဘဲ သင့်မျက်နှာဟာ သင့်ကျန်းမာရေးအကြောင်းကို ပြောပြနေတယ်ဆိုတာ ယုံပါသလား။ ဟုတ်ပါတယ်။ သေချာကြည့်ရှု ခွဲခြားမယ်ဆိုရင် မျက်နှာအရေပြားဟာ ကျန်းမာရေးအကြောင်း တချို့သောအရာတွေကို ပြောပြနေပါတယ်။
အသားဝါတာ၊ မျက်လုံးတွေဝါတာ
အရေပြားနဲ မျက်လုံးတွေ ဝါလာတာဟာ ကိုယ်တွင်းမှာ ပြဿနာအချို့ ရှိနေပြီဆိုတာကို ပြပါတယ်။ သွေးနီဥဆဲလ်တွေ ပြိုကွဲပျက်စီးပြီး ထွက်လာတဲ့ ဘေးထွက်ပစ္စည်းဟာ သွေးကနေ တစ်ဆင့် အရေပြားနဲ့ မျက်လုံးတွေမှာ ထင်ကျန်နေခဲ့တဲ့အခါ အသားဝါမျက်လုံးတွေ ဝါလာပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာ အသည်းက ရာနှုန်းပြည့် အလုပ်မလုပ်နိုင်သေးတဲ့အခါ အသားဝါတတ်ပါတယ်။ လူကြီးတွေမှာတော့ အသားဝါတာဟာ အရေးကြီးပါတယ်။ အသည်းရောင်ပြီး အသားဝါလေ့ရှိပါတယ်။ အသည်းတင်မကဘဲ သည်းခြေအိတ်၊ ပန်ကရိယ စတာတွေမှာ ရောဂါဖြစ်ရင်လည်း အသားဝါပါတယ်။ အရက်ကြောင့် အသည်းပျက်စီးရင်လည်း အသားဝါပါတယ်။ ဒါကြောင့် အသားဝါတာဟာ အရေးကြီးပါတယ်။
မှဲ့
မျက်နှာမှာ မှဲ့တွေပေါ်တတ်ပါတယ်။ အဖုအလုံး စိတ်နေနဲ့ ရှိသလို ရိုးရိုးအစက်အကွက်လေးတွေပုံစံလည်း ရှိပါတယ်။ အညို၊ အမည်း အရောင်တွေ များတယ်။ မှဲ့အများစုဟာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမဲ့ မှဲ့ပုံစံ ပြောင်းလာလို့ဆိုပြီး လာပြကြတဲ့သူတွေ အများကြီးပဲ။ ဆရာဝန် ကို မပြခင် ဟောဒီအချက်တွေနဲ့ အရင် စစ်ဆေးကြည့်နိုင်တယ်။
A,B,C,D,E လို့ အလွယ်မှတ်ရအောင်။
A= Asymmetry - ဘေးနှစ်ဘက်မညီညာပါ။
B = Border - နှုတ်ခမ်းသားတွန့်နေတာပါ။
C = Color - မှဲ့အရောင် မညီညာတာပါ။
D = Diameter - မှဲ့အရွယ်အစား ပဲစေ့ (သို့) ၆မီလီ မီတာထက် ကြီးနေတာပါ။
E = Evolving - ရက်သတ္တပတ်အနည်းငယ်အတွင်း မှဲ့ပုံစံပြောင်းလာတာပါ။
ဒါတွေရှိရင်တော့ ကျွမ်းကျင်သူထံ အမြန်ပြသပါ။
နှုတ်ခမ်းရေယုန်
နှုတ်ခမ်း၊ ပါးစပ်၊ နှာခေါင်းတစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေ အစုလိုက် ပေါက်လာတယ်။ နာလည်းနာတယ်။ အဲဒါ ရေယုန်ပါ။ ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ထိတွေ့မှုနဲ့ ကူးစက်လာတာပါ။ ပြီးရင် ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာထဲမှာ အောင်းနေတယ်။ ဖျားနာတဲ့အခါ စိတ်လှုပ်ရှားတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ နေရောင်ခြည် ကြာကြာထိတွေ့တဲ့အခါ၊ လစဉ်ဓမ္မတာပေါ်တဲ့အခါ စတဲ့ တစ်ခုခုမှာ ပြန်ပြန်ပေါ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ သူ့ဟာသူ ပျောက်သွားတယ်။ ဖြစ်တာဆိုးတယ်။ ခဏခဏ ပြန်ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြပါ။
နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်း
လူတိုင်းလိုလို နှုတ်ခမ်းခြောက်ဖူးကြမှာပါ။ အထူးသဖြင့် ဆောင်းရာသီမှာ ပိုဆိုးတာပေါ့။ ခြောက်ရုံတင်မကဘူး။ ကွဲအက်ပြီး သွေးထွက်တာမျိုးတောင် ဖြစ်တတ်တယ်။ နှုတ်ခမ်းအဆီလိမ်းလိုက်ရင် ပြန်ကောင်းသွားတယ်။ ဒါပေမဲ့ တခြားအကြောင်းတွေကြောင့် နှုတ်ခမ်း ခြောက်တာ၊ ကွဲတာတွေလည်း ရှိတယ်။ ရေသောက်နည်းလို့ ရေဓာတ် ခန်းခြောက်တဲ့အခါ အလာဂျီဓာတ်မတည့်တာမျိုး၊ အလှကုန်မတည့် တာမျိုး၊ သောက်ဆေးတွေကြောင့် စတာတွေကြောင့်လည်း ဖြစ်တတ် တယ်။
မျက်နှာပေါ်က လိပ်ပြာပုံစံအနီကွက်
ဆေးပညာနဲ့ ရင်းနှီးတဲ့သူတွေ ဒါကို ကောင်းကောင်းသိတယ်။ မျက်နှာပေါ်မှာ အနီကွက်ပေါ်တိုင်း စိုးရိမ်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို လိပ်ပြာပုံအနီကွက်ပေါ်လာရင်တော့ သတိထားပေတော့။ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ လိပ်ပြာပုံစံ အနီကွက်ဟာ Lupus ခေါ် အရေပြားလေးဖက်နာရဲ့ လက္ခဏာတစ်ခုပါ။ ကိုယ်ခန္ဓာရောဂါခုခံမှု စနစ်မှာ ပြဿနာဖြစ်နေတယ်ဆိုတာ ပြတယ်။ ဒီလို အနီကွက်အပြင် ဖျားခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ လက်ချောင်း၊ ခြေချောင်းတွေ အအေးနဲ့ တွေ့တဲ့အခါ ပြာနှမ်းခြင်းတွေပါ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလို အနီကွက်ထွက်ရင် ကျွမ်းကျင်သူနဲ့ သေချာစစ်ဆေးသင့်တယ်။
မလိုအပ်သော အမွေးအမှင်များ
အမွေးဆိုတာ ပေါက်သင့်တဲ့နေရာမှာ ပေါက်မှ ကြည့်လို့ကောင်း တယ်။ ဥပမာ ဦးခေါင်း၊ မုတ်ဆိတ် စတာမျိုးပေါ့။ မပေါက်သင့်တဲ့နေရာမှာ ပေါက်ရင် ကြည့်ရဆိုးတယ်။ ဥပမာ အဘိုးကြီးတွေ မျက်ခုံး မွှေးတွေ ရှည်လာတာမျိုး၊ နားထဲမှာ အမွေးပေါက်တာမျိုး၊ အမျိုးသမီးတွေ မေးစေ့မှာ အမွေးပေါက်တာမျိုးပေါ့။ အဲလိုပဲ လူလတ်ပိုင်း အမျိုးသမီးတွေ သားဥအိမ်မှာ အရည်အိတ်တည်ရင် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ ပေါက်တတ်တယ်။ စတီးရွိုက်လိမ်းဆေးသောက်ဆေးတွေကြောင့်လည်း အဲလိုနေရာတွေမှာ အမွေးတွေ ပေါက်တတ်တယ်။
မျက်ခွံတွဲခြင်း
ဆေးပညာအရ မျက်ခွံတွဲတာကို ptosis (သို့) blephroptosis လို့ ခေါ်တယ်။ တစ်ဖက် (သို့) နှစ်ဖက်လုံး ဖြစ်တတ်တယ်။ သိပ်ဆိုးရင် မျက်လုံးပိတ်ပြီး မမြင်ရဘူး။ မွေးကတည်းက ပါလာပြီး မစိုးရိမ်ရတာလည်း ရှိတယ်။ ဒါမှမဟုတ် ဦးနှောက်၊ အာရုံကြောနဲ့ မျက်လုံးပြဿနာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေဖြစ်တဲ့အခါ နာရီအတော်ကြာ၊ ရက်အတော်ကြာ၊ အရာဝတ္ထု နှစ်ခုမြင်၊ ကြွက်သားအားနည်း၊ အစာမျိုရေမျိုရခက်၊ ခေါင်းအရမ်း ကိုက်တာမျိုးတွေလဲဖြစ်ရင် သတိထားရမယ်။ လေဖြတ်တာရဲ့ လက္ခဏာတွေပါ။
မျက်နှာတစ်ခြမ်းရွဲ့ ခြင်း
သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု လှုပ်လို့မရဘူး ဆိုရင်တော့ အရေးကြီးပြီ၊ ဆေးကုသမှုချက်ချင်းခံယူသင့်တယ်။ မျက်နှာတစ်ခြမ်း ရွဲ့ရင် လေဖြတ်တာမျိုးကြောင့် ဖြစ်တတ်သလို ဗိုင်းရပ်စ်ပိုးကြောင့် မျက်နှာ၊ အာရုံကြောရောင်ပြီး ကြွက်သားလှုပ်မရတာမျိုးလည်း ရှိတယ်။ ဒါကို Bell's Palsy လို့ ခေါ်တယ်။ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်ကောင်းသွားတယ်။
အခြားလက္ခဏာများနှင့် တွဲပေါ်သော မျက်နှာတစ်ခြမ်းသေခြင်း
လေဖြတ်ရင် ဒါမျိုးဖြစ်တယ်။ မျက်နှာတစ်ခြမ်း လှုပ်လို့မရဘူး။ မျက်ရည်တွေကျ၊ သွားရည်တွေကျတယ်၊ မျက်နှာတစ်ခြမ်းသေတယ်လို့ ခေါ်တယ်။ ဦးနှောက်သွေးကြောပေါက်လို့ (သို့) ပိတ်လို့လေဖြတ်တာပါ။ မျက်နှာတစ်ခြမ်း ရုတ်တရက်လှုပ်လို့မရတော့ဘူး။ အဲဒါ အပြင် လက်၊ ခြေတွေ ထုံတာ၊ ကျင်တာ၊ စကားမပီတာ၊ မျက်လုံးဝါတာ၊ ခေါင်းမူးတာ၊ ရေနဲ့ အစာရေမျိုရခက်တာတွေပါ ရောနှောဖြစ်တတ်တယ်။
မျက်ခွံပေါ်က အဝါဖတ်တွေ
အပေါ်မျက်ခွံ၊ အောက်မျက်ခွံရဲ့ ထောင့်တွေမှာ အဝါဖတ်တွေ ကပ်နေသလိုမျိုး ဖြစ်နေတယ်။ အဲဒါ မျက်ခွံမှာ ကိုလက်စထရော အဆီစုတာပါ။ xanthelasma လို့ ခေါ်တယ်။ နာကျင်မှုမရှိဘူး၊ ဒုက္ခမပေးဘူး။ ဒါပေမဲ့ ကြည့်မကောင်းတာမျိုး ရှိတယ်။ မကြိုက်ရင် ခွဲထုတ်လိုက်လို့ ရတယ်။ ဒါပေမဲ့ သင့်သွေးထဲမှာ ကိုလက်စထရော အဆီများနေနိုင်တယ်။ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။
အောက်မျက်ခွံမို့ခြင်း
အောက်မျက်ခွံမှာ အရည်လိုဟာမျိုးစုလာပြီဆိုရင် မျက်ခွံမို့ပြီး ဖောင်းလာပါတယ်။ လူအိုက်စွတ်စိုတဲ့ ရာသီ၊ အိပ်ရေးပျက်ခြင်း၊ အငန်စားတာများခြင်းနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဒါမျိုးဖြစ်တတ်တယ်။ အသက်ကြီးလေ ပိုဖြစ်လွယ်လေပါ။ မျက်ခွံတင်မကဘဲ မျက်လုံးတွေပါ နီရဲတာ၊ ယားယံတာတွေ ဖြစ်တယ်ဆိုရင်တော့ အစားအသောက်၊ မိတ်ကပ်၊ ရေမွှေး၊ အလှကုန်၊ ပန်းဝတ်မှုန် စတာတွေကြောင့် အလာဂျီဖြစ်တာ၊ ရောဂါပိုးကူးစက်တာတွေကြောင့် ဖြစ်တတ်တယ်ဆိုတာ သိထားသင့်တယ်။
တင်းတိပ်
မျက်နှာမှာပေါ်လာတဲ့ အညို၊ အမည်းအကွက်တွေဟာ တင်းတိပ်ဖြစ်ဖို့ များတယ်။ အလှဖျက်တယ်၊ ကြည့်ရတာဆိုးတယ်။ ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာ၊ ဟော်မုန်းပြောင်းလဲမှု၊ သန္ဓေတားဆေး၊ နေရောင်ခြည် ထိတွေ့မှုများတာတွေကြောင့် ဖြစ်လေ့ရှိတယ်။ အလှအပပြဿနာဖြစ်လို့ နေကာလိမ်းဆေး၊ အရောင်ချွတ်ဆေး၊ ပီးလင်း (Peeling) ဆေးလိမ်းခြင်း၊ လေဆာစတာတွေနဲ့ ကုသရတယ်။
ဆံပင်ကွက်ပြီး ကျွတ်ခြင်း
မျက်ခုံးမွေးတွေ၊ မျက်တောင်တွေ ကျွတ်တယ်။ ဆံပင်လည်း ကွက်ပြီး ကျွတ်တယ်၊ ကျွတ်တဲ့နေရာမှာ လည်း ပြောင်ချောနေတယ်။ ဆံပင်အမြစ်ကနေ ကျွတ်ထွက်သွားလို့ ချောနေတာပါ။ ဆံပင်ကွက် ကျွတ်တယ်လို့ ခေါ်တယ်။ ဖြစ်တဲ့အကြောင်းရင်း အတိအကျ မသိပေမဲ့ ကိုယ်ခန္ဓာခုခံမှုစနစ် အပြောင်းအလဲကြောင့် ဖြစ်တာ များတယ်။ ဒါပေမဲ့ ကိုယ်တွင်းရောဂါ ဆိုးဆိုးဝါးဝါးဖြစ်လေ့မရှိဘူး။ လအနည်းငယ်ကြာရင် ပြန်ပေါက်လာကြတယ်။ လိမ်းဆေး၊ သောက်ဆေးနဲ့တွဲလျက် ကုရင်တော့ ပိုမြန်မြန်ပျောက်တယ်။
#ဒေါက်တာစိုးဝင်းဦး
#အရေပြားအထူးကုဆရာဝန်ကြီး
Hiruscar Kids’ ရဲ့ သိလိုရာမေး သားသားမီးမီးတို့အတွက် အရေပြားကျန်းမာရေး အစီအစဉ် ( ဒုတိယပိုင်း )
ဖေဖေမေမေတို့ရေ...
သားသားမီးမီးလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ ပတ်သက်ပြီး သိလိုသမျှမေးခွန်းလေးတွေကို ဒီ postရဲ့ Commentမှာ မေးမြန်ထားနိုင်ပါတယ်ရှင်☺️☺️☺️
မေးမြန်းထားတဲ့ မေးခွန်းလေးတွေကို စုစည်းပြီးတော့ အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနဲ့အတူ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ကနေ လာမယ့် ဧပရယ်လ ၂၄ရက်နေ့ တနင်္ဂနွေနေ့ မှာ Videoကနေတဆင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်ရှင်။
*** ဒီအစီအစဉ်ကိုတော့ Hiruscar Kids မှ အဓိက ကူညီပံ့ပိုးပေးထားပါတယ်ရှင် ***
ဖေဖေမေမေတို့ရေ...
သားသားမီးမီးလေးတွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေနဲ့ ပတ်သက်ပြီး သိလိုတဲ့အကြောင်းအရာလေးတွေကို ဒီပိုစ့်ရဲ့ Comment မှာ မေးမြန်းထားနိုင်ပါတယ်ရှင်...
လာမယ့် ဧပြီလ ၁၅ရက်နေ့ သောကြာနေ့မှာတော့ အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနဲ့အတူ သရုပ်ဆောင် မနန်းမြတ်ဖြိုးသင်းတို့ကနေ ဖေဖေ၊မေမေတို့ သိလိုတဲ့ မေးခွန်းလေးတွေကို ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ပေးကြဖို့ မမေ့ကြနဲ့နော်...🤩🤩🤩
Hiruscar Kids အကြောင်း
Hirusar Kids မှာ အစွမ်းထက် မော်လီကျုး ၅ မျိုးပါဝင်ပြီး သားသားမီးမီးတို့ရဲ့ နူးညံ့တဲ့အသားအရေအတွက် ရှားစောင်းလက်ပတ် အပြင် နှံစားပြောင်း အနှစ် အဓိကပါဝင်တာကြောင့် ရေဓါတ်ကို ဖြည့်တင်းပေးပြီး အမာရွတ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ယားယံခြင်းများကိုလည်း သက်သာစေပါတယ်။
ကလေးတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စဖြစ်ခဲ့တဲ့ အမာရွတ်တွေ၊ ခြင်တွေ၊ အင်းဆက်ပိုးမွှားတွေ ကိုက်ရာက ကျန်ခဲ့တဲ့ကုတ်ခြစ်ရာတွေနဲ့ ရေကျောက်ပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေအတွက် အသုံးပြုနိုင်ပါတယ်။
အသက် ၂နှစ်နှင့်အထက် ကလေးငယ်တွေကို စသုံးပေးနိုင်ပြီး သွေးထွက် ဒဏ်ရာတွေပေါ်ကို လိမ်းလို့မရပါဘူး။ အနာကျက်ပြီဆိုမှပဲ Hiruscar Kids ကို စလိမ်းလို့ရမှာဖြစ်သလို ကလေးရဲ့မျက်လုံးနဲ့ ပါးစပ်ထဲကို မဝင်စေဖို့ကိုလည်း အထူးသတိပြုရမှာဖြစ်ပါတယ်ရှင်…
အမည်းစက်အမာရွတ်တွေ အမြန်ဆုံးပျောက်ကင်းစေမယ့်နည်းလမ်းများ
~~~~~~~~~~~~~~~~~
· အမည်းစက်အမာရွတ်တွေရဲ့ ဒုက္ခ
· ဒီပြဿနာတွေရဲ့ တရားခံက ဘာတွေလဲ
· အမည်းစက်အမာရွတ်တွေမဖြစ်အောင် ဘာတွေရှောင်မလဲ
· မြန်မြန်ပျောက်စေမယ့် နည်းလမ်းတွေ
စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အရေပြားအထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦးမှ လာမယ့် စနေနေ့ည( ၇ ) နာရီမှာ မျှဝေပေးသွားမှာဖြစ်တာကြောင့်မလို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်…
“ မေးချင်ရာမေး - လက်အရေပြား ကျန်းမာရေး “
ဒီတစ်ပတ်အတွက် အမေးအဖြေ အစီအစဉ်အချိန်လေးရောက်ရှိလာပြီဘဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ 'လက်အရေပြားကျန်းမာရေးနဲ့ပတ်သက်ပြီး' သိလိုရာမေးမြန်းလိုတာလေးတွေကို ကွန့်မန့်မှာ အောက်တိုဘာလ (၁၄) ရက် နေ့ အထိမေးမြန်းထားနိုင်ပါတယ်။
မေးခွန်းလေးတွေရဲ့အဖြေကိုတော့ Dr. စိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး) မှ အောက်တိုဘာလ (၁၅) ရက်နေ့တွင်ပြန်လည်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။
မှိုရောဂါအသိပညာပေးရက်သတ္တပတ် (Fungal Disease Awareness Week) အထူးအစီအစဥ် အနေနဲ့ စက်တင်ဘာလ (၂၄) ရက် (သောကြာနေ့) ည (၇) နာရီမှာ အရေပြားအထူးကုဆရာဝန်ကြီး Dr ဦးစိုးဝင်းဦး နှင့်အတူ အရေပြားမှို ရောဂါအကြောင်းအမေးအဖြေအစီအစဥ်လေး ထုတ်လွှင့်ပေးမှာဖြစ်လို့ မလွတ်တမ်း ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်
Give away အစီအစဥ်လေးလဲရှိတာမို့ See First လုပ်ထားပြီးစောင့်ကြည့်ကြဖို့ မမေ့နဲ့နော်…
💙❤️💙❤️
👋🏻👋🏻👋🏻
အလှဖျက်တဲ့ ဆားဝက်ခြံ
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)..
ဆားဝက်ခြံ
ဆားဝက်ခြံဆိုတာကလည်း ဝက်ခြံပဲ ဖြစ်ပါတယ်။ ဆားဝက်ခြံရယ်၊ ရိုးရိုးဝက်ခြံရယ်ဆိုပြီး မရှိပါဘူး။ သတ်သတ်စီ ခွဲထားလို့ မရပါဘူး။ ဝက်ခြံရဲ့လက္ခဏာတွေထဲမှာ ဆားဝက်ခြံလို အဖုငယ်တွေ၊ ထိပ်မှာ အမည်းစက် ဖြစ်နေတာတွေ၊ ရောင်နေတဲ့အဖု၊ ပြည်ဖု၊ ပြည်တည်နေတဲ့ အနာကြီးတွေ အားလုံးပါဝင်ပါတယ်။
ဆားဝက်ခြံဖြစ်တတ်သူတွေ
မျက်နှာအဆီထွက်များပြီး ချွေးပေါက်ပိတ်တတ်သူတွေမှာ ဆားဝက်ခြံအထွက်များပါတယ်။ တချို့က မျက်နှာအဆီ ထွက်များပေမဲ့ ချွေးပေါက်မပိတ်တတ်တဲ့အတွက် မျက်နှာအဆီပြန်တာပဲ ရှိတတ်တယ်။ ဝက်ခြံ မထွက်တတ်ပါဘူး။ တချို့ကျတော့ အဆီထွက်တာ အရမ်းမများဘူး။ ဒါပေမဲ့ ချွေးပေါက်ပိတ်တာများတော့ ဆားဝက်ခြံအထွက်များလာပါတယ်။ အဆီထွက်များပြီး ချွေးပေါက်ပိတ်တတ်သူတွေမှာတော့ ဆားဝက်ခြံအထွက်အများဆုံးပါ။ ချွေးပေါက်လို့ခေါ်ပေမဲ့ ချွေးအိတ်တင်မကဘဲ အဆီအိတ်တွေပါ ဒီအပေါက်ကနေပဲ အရေပြား မျက်နှာပြင်ပေါ်ကို ချွေးနဲ့ အဆီ စွန့်ထုတ်ကြတာပါ။ ချွေးပေါက်ပိတ်တော့ အဆီက အရေပြားမျက်နှာပြင်ပေါ် မထွက်နိုင်ဘဲ ခဲသွားပြီး အဖုတွေ ထွက်လာပါတော့တယ်။ အဲဒါကို ဆားဝက်ခြံလို့ ခေါ်နေကြတာပဲ ဖြစ်ပါတယ်။
ဝက်ခြံဖြစ်ဖို့ အခြေခံအကြောင်းရင်းတစ်ခုက မျက်နှာ အဆီထွက်များခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အဆီပြန်တတ်သူတွေက ဝက်ခြံပိုဖြစ်လေ့ရှိကြပါတယ်။ အစမှာတော့ ဆားဝက်ခြံအနေနဲ့ ဖြစ်ကြပါတယ်။ ညှစ်မိလို့ဖြစ်စေ၊ ပိုးဝင်လို့ဖြစ်စေ ဆားဝက်ခြံတွေ ရောင်ရမ်းပြီး အနီဖုတွေနဲ့ ဝက်ခြံ ဖြစ်ကြပါတယ်။ ဒီထက်ပိုဆိုးရင်တော့ ပြည်ထွက်ပြီး ပြည်ဖုဝက်ခြံတွေ ဖြစ်ပြန်ပါတယ်။ ထိုပြည်ဖုတွေ ပေါက်ထွက်တဲ့အခါတွင်လည်း အမာရွတ်ကျန်ပြီး အရုပ်ဆိုးစေပါတယ်။
ဆားဝက်ခြံကို စုပ်ခွက်နှင့် စုပ်ယူပြုပြင်ခြင်း
ဆားဝက်ခြံဖြစ်ရခြင်းအကြောင်းကို အထက်မှာ ဖော်ပြပြီးပါပြီ။ ဒါကို သက်သာစေချင်ရင် မျက်နှာအဆီပြန်တာကို ထိန်းဖို့ လိုအပ်ပါတယ်။ ဆက်လက်ပြီး ချွေးပေါက်ဝ အမြဲပိတ်တတ်သည်ကို လိမ်းဆေးသုံးပြီး ပြုပြင်ပေးရပါမယ်။ စုပ်ခွက်သုံးတာမျိုး၊ ညှစ်တံနဲ့ ညှစ်တာမျိုးတွေကို ယနေ့မှာ ကုသမှုအနေနှင့် မသုံးကြတော့ပေ။ အားမပေးတော့ဘူး။ ဒါကြောင့် မလုပ်သင့်ပါဘူး။
မျက်နှာ ကြေး(ဂျီး)ချွတ်ခြင်း
မျက်နှာကို ကြေး(ဂျီး)ချွတ်တာကို Scrub လုပ်တယ်လို့ ခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ ခန့်၊ ၁၉၈၀ ခုနှစ်များမှာ အရမ်းကိုပေါ်ပြူလာဖြစ်ခဲ့တဲ့နည်းလည်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အရေပြားကို ဆေးတစ်မျိုးမျိုးနဲ့ ပုံမှန်ထက်နည်းနည်း ပိုမိုပွတ်တိုက်စားပြီး အရေပြားအပေါ် လွှာက ကြေး(ဂျီး)၊ အဆီနဲ့ ဆဲလ်အဟောင်းတွေကို ဖယ်ရှားပစ်တာပါ။ အရေပြားအရောင်ပိုလက်ကာ ဆဲလ် အသစ်များ ပွားများပြီး ပိုမိုနုပျိုလာတယ်လို့ ဆိုပါတယ်။ လုပ်နည်းမှန်ရင် အတော်အသင့် အကျိုးရှိတဲ့နည်းလည်း ဖြစ်ပါတယ်။
လုပ်နည်းမှန်ရင်ဆိုတာက အရမ်းကြမ်းလို့ မရသလို အရမ်းပြင်းတဲ့ဆေးမျိုး မသုံးရဘူး။ တစ်ပတ် ၁ ကြိမ်၊ အလွန်ဆုံး ၂ ကြိမ်လောက်ပဲ ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အဲဒီလိုကြေး(ဂျီး)ချွတ်တဲ့ အာနိသင်ပါဝင်ပြီး ဖြစ်လေ့ရှိလို့ ကြေးချွတ်တာချည်းသတ်သတ် မသုံးကြ တော့ပါဘူး။
သဘာဝအသီးအနှံတွေနဲ့ မျက်နှာပြုပြင်ခြင်း၊ ပေါင်းတင်ခြင်း
သဘာဝအသီးအနှံတွေနဲ့ မျက်နှာပြုပြင်နည်း၊ ပေါင်းတင်နည်းတွေဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှုရှိပေမဲ့လည်း တစ်ခုမှတ်သားပေးပါ။ သဘာဝ ပဲ ဖြစ်ဖြစ်၊ ဓာတုနည်းပဲဖြစ်ဖြစ် မတည့်တာ ဖြစ်နိုင်ခြေ ရှိတယ်။ ဖြစ်တတ်တယ် ဆိုတာပါ။ ဥပမာ ကွမ်းရွက် ပေါင်းပြီး ကပ်ကြတာ ခေတ်စားခဲ့ဖူးပါသေးတယ်။ တချို့လည်း အခုထိလုပ်နေကြတာ ရှိတယ်။ ကွမ်းရွက်မှာပါတဲ့ သဘာဝအက်ဆစ်အပျော့စားကြောင့် မျက်နှာအသားအရေ နုပျိုလာစေတယ်။ ဒါပေမဲ့ ကွမ်းရွက်ရဲ့အစေးကြောင့် မတည့်တာဖြစ်ပြီး အဖြူနဲ့အမည်းကွက်တွေ ပါးမှာ ပေါ်လာပြီး နဂိုထက် ရုပ်ဆိုးသွားစေပါတယ်။ ဒါမျိုးဖြစ်လို့ လာပြတဲ့ လူနာတွေ မနည်းတော့ပါဘူး။ ကုရခက်တဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က မတည့်တာ ဖြစ်တတ်ရင်၊ အလာဂျီအခံရှိရင် သတိထားရပါမယ်။
ပေါင်းတင်တာရဲ့အခြေခံဟာ မျက်နှာအရေပြားကို ရေနွေးငွေ့နဲ့ ထိတွေ့စေပြီး လိမ်းဆေးလိမ်းပေးကာ အရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးတာပါ။ ဒါကြောင့် မိမိနဲ့အဆင်ပြေတဲ့ ပေါင်းတင်တာမျိုးကို တစ်လ ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
ခြေပိတ်ဖိနပ်၊ ရှူးဖိနပ်ဝတ်တဲ့သူတွေ ဘာကြောင့် ခြေနံ့ နံရလဲ
------
#ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်ကြီး).
လူတချို့က ရှူးဖိနပ်၊ ဖိနပ်အပိတ် တွေ စီးတဲ့အခါ ခြေထောက်က အနံ့ဆိုး ထွက်တတ်ကြတယ်။ တချို့ဆို ရိုးရိုး ခြေညှပ်ဖိနပ်နဲ့တောင် အနံ့ထွက်တယ်။ အဲဒီ အနံ့က အရမ်းဆိုးတယ်။ လူမှုရေးဒုက္ခ များစွာပေးတယ်။ အလုံခန်း၊ အဲယားကွန်း ခန်းထဲမှာဆို ကျန်တဲ့သူတွေ မနေနိုင် လောက်အောင် ဖြစ်စေတယ်။ ဒီလိုအနံ့ ထွက်တဲ့ အကြောင်းရင်းက ခြေဆီနဲ့ ဗက်တီးရီးယားပိုး ထိတွေ့ရာက ပေါက်ပွား လာလို့ အနံ့ထွက်တာပါ။ ကောင်းကောင်း မခြောက်တဲ့ ခြေအိတ်ဝတ်ထားရင် ပိုဆိုး ပါတယ်။ ခြေထောက်ကထွက်တဲ့ ချွေး၊ အဆီ၊ ခြေအိတ်က မခြောက်တာ၊ မသန့်ရှင်းတာတွေနဲ့ လှောင်ပိတ်တဲ့နေရာ မှာ ပေါက်ဖွားတဲ့ ဗက်တီးရီးယားပိုးတွေ ဓာတ်ပြုပြီး အနံ့ဆိုးထွက်လာတာပါ။
ခြေနံ့မနံစေဖို့
------
ခြေထောက်ကို လုံးဝကောင်းမွန်စွာ ခြောက်သွေ့နေရစေပါမယ်။ ဖိနပ်တွေ ကို ဆေးကြောပေးရမယ်။ နေလှန်းပေး ရပါမယ်။ အစိုမပြန်ဘဲ ခြောက်သွေ့နေ ရပါမယ်။ ခြေအိတ်တွေကို အမြဲ ပုံမှန် လဲပေးရမယ်။ ကော်တွန်သား ခြေအိတ် က ပိုကောင်းပါတယ်။ သေချာလျှော် ပြီး လုံးဝ ခြောက်သွေ့နေစေရပါမယ်။
ခြေထောက်အဆီ ထွက်တတ်ရင် ခြောက်အောင် ထုံးရည်ကြည်စိမ်ပေးလို့ ရတယ်။ တစ်ကြိမ်ကို ၅-၁၀ မိနစ်ကြာ၊ တစ်ရက် ၂ ကြိမ်ပြုလုပ်ပါ။ လိုအပ်ရင် ခြေထောက်နဲ့ ဖိနပ်မှာ ပေါင်ဒါမှုန့် ဖြူးထားပေးနိုင်တယ်။ ရေချိုးတိုင်း ခြေထောက်ကို ကြေးတွန်း၊ ဆပ်ပြာနဲ့ သန့်ရှင်းပေးရမယ်၊ ခြေသည်းတွေကို တိုအောင် ညှပ်ထားပေးရမယ်။
#ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်ကြီး)
လက်ယားနာ
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
ဒီလမှာတော့ လက်မှာဖြစ်တတ်တဲ့ ယားနာ အကြောင်းပါ။ လက်မှာဖြစ်နိုင်တဲ့ ဘယ်ယားနာမျိုးကို မဆို လက်ယားနာလို့ ခေါ်တယ်။
ဘာကြောင့် တခြားယားနာတွေလို နာမည် သတ်သတ်မှတ်မှတ် မရှိတာလဲလို့ မေးစရာရှိတယ်။
အဖြေက လက်ယားနာတွေဟာ အလုပ်အကိုင်၊ အနေအထိုင်တွေနဲ့ ဖြစ်ပွားရာမှာ ပတ်သက်မှု ရှိတယ်။ ဒါကြောင့် ကုသမှုမှာလည်း ဒီအချက်တွေကို ထည့် သွင်းစဉ်းစားရလို့ပါ။
လက္ခဏာတွေ
အစပိုင်းမှာ လက္ခဏာတွေက သိပ်မသိသာလှ ဘူး။ နည်းနည်းဖြစ်လိုက် ပျောက်သွားလိုက် ဖြစ်တတ် တယ်။ ဂရုမစိုက်ရင်၊ မကုရင် တဖြည်းဖြည်း ပိုဆိုးလာ တယ်။
- လက်တွေ ခြောက်နေတယ်။
- နောက်မှာတော့ အနီရောင်အဖတ်ကွာတဲ့ ယားနာ အကွက် ပေါ်လာတယ်။
- အရည်ကြည်ဖု ပေါ်နိုင်တယ်။ အရည်ထွက်ပြီး ကွဲအက်တတ်တယ်။
- ပြည်ဖု၊ အနာဖေး စတာတွေ တက်ရင် နာတယ်။
- လက်ကနေ လက်ဖျံ၊ ခြေထောက် စတာတွေ အထိ ဖြစ်နိုင်တယ်။
- ဖြစ်တာသိပ်ကြာရင် လက်သည်းထွက်တာ မညီ ညာဘဲ တွန့်နေတတ်တယ်။
- Dyshidrotic Eczema ခေါ်တဲ့ လက်ယားနာ တစ်မျိုးမှာတော့ အရမ်းယားပြီး သာကူစေ့လို အရည်ကြည်ဖုငယ်တွေ လက်ဖဝါး၊ လက် ချောင်းဘေးနဲ့ ခြေဖဝါးတွေမှာ ဖြစ်တတ်တယ်။ ဒီယားနာမှာ အထက်ပါလက္ခဏာတွေအပြင် လက်ဖဝါးတစ်ခုလုံး ယားယံပြီး ပူနေတတ် တယ်။ ယားနာပျောက်သွားတဲ့အခါ အရေခွံ လဲသလို အဖတ်တွေ ကွာပါတယ်။ မကြာခင် ဘဲ အရည်ကြည်ဖုငယ် တွေ ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ သံသရာလည်နေ တတ်တယ်။
ဘယ်သူတွေ ဖြစ်တတ်သလဲ
လူတစ်ရာမှာ ဆယ်ယောက် နှုန်းလောက်ဟာ လက်ယားနာ ပုံစံတစ်မျိုးမျိုး ဖြစ်နိုင်တယ်တဲ့။ မွေးကင်းစမှ သက်ကြီး ရွယ် အိုအထိ အရွယ်စုံဖြစ်နိုင်ပြီး အသက် ၂ဝ နဲ့ ၄ဝ ကြားမှာ အများဆုံး ဖြစ်ပွားလေ့ရှိတယ်။ မိန်းမတွေက အများစုပါ။ ဒါကလည်း အလုပ်အကိုင် အနေအထိုင်နဲ့ ဆိုင်လို့ပါ။ အမျိုးသမီးတွေက အိမ်မှုကိစ္စ တွေအတွက် ရေကိုင်တာ ပို များတာ၊ ကလေးထိန်းလို့ ဝေယျာဝစ္စများတာ၊ အလှကုန် နဲ့ ဆံပင်ပြုပြင်မှုအတွက် ဓာတု ပစ္စည်းများနဲ့ ထိတွေ့မှု ပိုများ တာ စတာတွေကြောင့်ပါ။ အေတိုးပစ်ယားနာ အခံရှိသူ တွေဟာလည်း လက်ယားနာ အမြဲဖြစ်တတ်ပါတယ်။
ဖြစ်ပွားသည့်အကြောင်းရင်း
အတိအကျပြောဖို့ ခက်ပေမဲ့ အကြောင်းအရင်းတစ်ခုတည်း ကြောင့် သတ်သတ်မှတ်မှတ်ဖြစ်တာ မဟုတ်ဘူး။ အကြောင်း ရင်း များစွာ ပေါင်းစပ်ဖြစ်ပွားတာပါ။ မျိုးရိုးဗီဇ၊ အရေပြား တုံ့ပြန်မှု၊ အလာဂျီနဲ့ လက်အသားအရေကို ဂရုစိုက်မှုနည်းတာ တွေ အားလုံးပါဝင်ပါတယ်။
ဗီဇအခံရှိသူတွေ ယားနာပိုဖြစ်လွယ်တယ်။ ဒါက ရှင်း တယ်။ နေ့စဉ် ကိုင်တွယ်နေတဲ့ အရာဝတ္ထုတွေ၊ လက်ဆေးတာ များတာ၊ ဆပ်ပြာ၊ အရက်ပြန်ကိုင်တာ များတာတွေက အရေပြား တုံ့ပြန်မှု ပိုများစေတယ်။ ဒီလိုပဲ ရာဘာ၊ ဓာတုပစ္စည်း စတာ တွေကို အလာဂျီရှိရင် လက်ယားနာပိုဖြစ်လွယ်တယ်။ ဗီဇအခံရှိရင် ပိုဆိုးပါတယ်။
နှီးနွှယ်သောအချက်များ
အလုပ်အကိုင်အရ တစ်ခုခုနဲ့ အမြဲထိတွေ့နေသူတွေ၊ ဓာတု ပစ္စည်းတွေ၊ အရက်ပြန်၊ သနပ်ခါး၊ ပေါင်ဒါစတဲ့ အသားခြောက် စေတာတွေက လက်ယားနာကို ပိုဆိုးစေတယ်။ ပန်းနာရင်ကျပ်၊ နှာချေခြင်း၊ အေတိုးပစ်ယားနာအခံရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ချွေးထွက်များခြင်း၊ အရေပြားရောဂါ အခံရှိခြင်းစတဲ့ အချက် တွေ အားလုံးကလည်း လက်ယားနာ ပိုအဖြစ်များ၊ ပိုဆိုးစေ တတ်တာတွေပါ။ အမျိုးသမီးများမှာ ပိုအဖြစ်များတယ်။ လေထု စိုထိုင်းမှုလျော့ပြီး အသားခြောက်တဲ့ဆောင်းရာသီလို ရာသီ အပြောင်းအလဲတွေမှာလည်း အဖြစ်များတာ တွေ့ရတယ်။
ဖြစ်တဲ့အချိန်ကာလ
ဂရုတစိုက်မကုသရင် မကာကွယ်ရင် လက် ယားနာဟာ အချိန်အကြာကြီး ဖြစ်လေ့ရှိတယ်။ နာတာ ရှည်ပါ။ လူနာတချို့ဆို အပျိုဘဝကတည်းက ဖြစ် လိုက်၊ သက်သာလိုက်နဲ့ ဆရာဝန်နဲ့ ပြဖြစ်တာမျိုးတွေ မကြာခဏ တွေ့ရတယ်။ နာတာရှည်လည်း ဖြစ်၊ လက္ခဏာတွေလည်း အမြဲပြန်ဖြစ် စတာတွေကြောင့် နိစဓူဝကိစ္စတွေကို ထိခိုက်တယ်။ ဘဝအရည်အသွေး (Quality of Life) ကို ကျဆင်းစေတယ်။
ရောဂါသတ်မှတ်ပုံ
အကြောင်းများစွာ ပေါင်းစပ်ဖြစ်ပွားတာကြောင့် အရေပြားဆရာဝန်က မေးခွန်းများစွာ မေးရတယ်။ အလုပ်အကိုင်ပုံစံ၊ နေထိုင်မှုပုံစံ၊ ဘာတွေနဲ့ ထိတွေ့မှု များသလဲ စတာမျိုးတွေပါ။ လက်ကိုလည်း ကြည့်ရှု စစ်ဆေးရတယ်၊၊ လိုအပ်ရင် Patch Test ခေါ် အလာဂျီ စစ်ဆေးမှု ပြုလုပ်ရတယ်။ မှိုဝင်ခြင်းစတာတွေအတွက် အရေပြား ခြစ်ယူစစ်ဆေးခြင်းများလည်း ရှိတယ်။
ကုသႈ
လက်ယားနာဟာ ကုသရခက်တဲ့ ပြဿနာပဲ။ အားလုံးကို တစ်ပုံစံတည်း ကုသလို့မရဘူး။ အသက်၊ အလုပ်၊ ဝါသနာ၊ ထိတွေ့မှုအရာများ၊ ယားနာအတိမ် အနက်၊ ဓာတ်ခွဲစစ်ဆေးချက်အဖြေများ စတာတွေ အားလုံး ပေါင်းခြုံပြီး အစီအစဉ်တကျ ကုသရတယ်။ ယားနာလိမ်းဆေးအမျိုးမျိုး၊ ပိုးသတ်ဆေး၊ ယားနာ ပျောက်ဆေး စတဲ့ သောက်ဆေးတွေအပြင် PUVA ခေါ် ရောင်ခြည်ပြကုသမှု၊ ဘိုတောက်စ်ဆေးထိုး ကုသမှုစတာတွေ ရှိတယ်။ ပြန်မဖြစ်အောင် လက်ကို ထိန်းသိမ်းဂရုစိုက်နည်းတွေလည်း သင်ကြားပေးရ တယ်။
ကာကွယ်ခြင်းနဲ့ အနေအထိုင်ပုံစံ
- ရေစိုဓာတ်ထိန်းခရင်မ်များကို များများနဲ့ ခဏခဏ လိမ်းပါ။ ရေချိုးပြီးပြီးချင်းမှာ လိမ်းပါ။ နာရီ အနည်းငယ်ခြားပြီး မကြာခဏ ထပ်လိမ်းပါ။
- အလာဂျီနဲ့ တုံ့ပြန်မှု များစေတတ်တာတွေကို ရှောင်ပါ။ မကြာခဏ ရေဆေးခြင်း၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခရင်မ်၊ ဆပ်ပြာအဆီ၊ အရက် ပြန်၊ သနပ်ခါး၊ ပေါင်ဒါ၊ ဆေးမှုန့်အမျိုးမျိုး၊ ဓာတုပစ္စည်းများ၊ အသားခြောက်စေတတ်တာ များ ဖြစ်တယ်။
- အလုပ်ပြောင်းပါ။ မတည့်တာကို အမြဲကိုင်တွယ် နေရတာကနေ ကိုင်ဖို့မလိုတဲ့ အလုပ်မျိုးကို ဆိုလို တာ။
- စိတ်ဖိစီးမှု၊ တင်းကျပ်မှု လျှော့ချပါ။
- ချွေးထွက်များတာ၊ အသားခြောက်တာ ရှောင်ပါ။
- လက်ကို ထိခိုက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ပါ။
- အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
ဒါဆိုရင် ဒုက္ခပေးတတ်တဲ့ လက်ယားနာကို ဒုက္ခမပေးနိုင်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
- လက်ယားနာဖြစ်သူအများစုဟာ ကုသမှုခံယူရမှန်း မသိကြဘူး။
- လက်ဆိုတာ လူတိုင်း မဖြစ်မနေ အသုံးပြုနေရလို့ လက်ယားနာဖြစ်ရင် အလုပ်အကိုင်နဲ့ နေထိုင်မှုပုံစံကို အနှောင့်အယှက် ဖြစ်စေတယ်။
- လက်အသားအရေ ထိန်းသိမ်းပုံကို သိထားသင့်တယ်။
- စနစ်တကျကုသရင် ဘဝအရည်အသွေးကို ထိန်းထားနိုင်တယ်။
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
တံတောင်ဆစ်တို့၊ ခြေမျက်စိတို့မှာ အညိုအမည်းစွဲရခြင်း
------
#ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး.
အဓိကအနေနဲ့ ပွတ်တိုက်မှုများလို့ ဖြစ်တာပါ။ အသားညိုတဲ့သူတွေ၊ မျိုးရိုးဗီဇအခံရှိသူတွေ၊ ထိခိုက်ပွတ်တိုက်မှုများသူတွေမှာ အများဆုံးဖြစ်ကြပါတယ်။ တင်ပလ္လင်ခွေထိုင်တဲ့အခါ ခြေမျက်စိကအပေါ် ခန္ဓာကိုယ်ဖိအားနဲ့ အောက်ခံကြမ်းခင်းကြားမှာ ဖိညပ်နေပြီး ပွတ်တိုက်တဲ့အတွက် အချိန်ကြာတဲ့အခါ အရေပြားတုံ့ပြန်မှုအနေနဲ့ အသားထူလာ၊ ကြမ်းလာပြီး အညိုအမည်းကွက်အနေနဲ့ တွေ့ရတာပါ။ ကုသရခက်ခဲပါတယ်။ အဓိကက ပွတ်တိုက်တာကို လုံးဝ ရှောင်ရပါမယ်။ ကုတ်တာ၊ ခြစ်တာ၊ ကြေးတွန်းကျောက်ခဲနဲ့ ပွတ်တာ၊ အဝတ်စကြမ်းကြမ်းနဲ့ပွတ်တာမျိုးတွေ အားလုံးပါတယ်။ ဆပ်ပြာလည်း လျှော့တိုက်ပါ။ ရေဆေး၊ ရေချိုးပြီးတိုင်း ဖွဖွသုတ်ပြီး ခရင်မ်ထူထူပျစ်ပျစ် ပုံမှန် လိမ်းပေးပါ။ Urea, Lactic acid, Petrolatum, Salycylic acid စတာတွေ ပါတာကို ရွေးချယ်ပါ။..
မှဲ့များမှပြောသော အရေပြားကျန်းမာရေး
ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်ကြီး)..
မှဲ့ဆိုတာ ခန္ဓာကိုယ်အရေပြားတစ်နေရာမှာ အညိုအမည်းအစက်အနေနဲ့ ပေါ်လာတာကို ပြောတာပါ။ မှဲ့တစ်ခုချင်းလည်း ဖြစ်နိုင်သလို အုပ်စုလိုက် ပေါ်လာတာလည်း ရှိနိုင်ပါတယ်။
အရေပြားအလွှာဖွဲ့စည်းပုံမှာ ဆဲလ်အမျိုးမျိုး ရှိတယ်။ အဲဒီအထဲမှာ မယ်လနိုဆိုက်(melanocyte)လို့ ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေလည်း ပါတယ်။ သူတို့ကထုတ်တဲ့ ရောင်ခြယ်ဓာတ်ကြောင့် အသားအရောင် ကာလာပေါ်လာတာပါ။ ပုံမှန်အားဖြင့် ရောင်ခြယ်ဆဲလ်တွေဟာ အရေပြားမှာ တစ်ခုချင်းပျံ့နှံ့နေတာပါ။ အဲဒီလိုမဟုတ်ဘဲ ရောင်ခြယ်ဆဲလ် မယ်လနိုဆိုက်တွေ အုပ်စုလိုက် အစုအဝေးအနေနဲ့ ပေါင်းစည်းသွားကြတဲ့အခါ အညိုရောင်၊ အမည်းရောင်မှဲ့တွေ ဖြစ်လာကြတာပါ။
မှဲ့ပေါ်တတ်တဲ့အရွယ်
ပုံမှန်အားဖြင့် ကလေးဘဝအနေနဲ့ အသက် ၃၀ အတွင်းမှာ မှဲ့တွေ ပေါ်လာလေ့ရှိတယ်။ လူတစ်ယောက်ကို မှဲ့ ၁၀ လုံးကနေ အလုံး ၄၀ လောက်အထိ ရှိနိုင်တယ်။ အဲဒီအရွယ်နောက်ပိုင်းမှာတော့ မှဲ့တွေဟာ တဖြည်းဖြည်း အရွယ်နဲ့အရောင် ပြောင်းလာတတ်ကြတယ်။ တချို့ဆို အသက်ကြီးတဲ့အခါ မှဲ့တွေ ပျောက်သွားတတ်တယ်။ မပျောက်ဘဲ ဒီအတိုင်းလည်း ရှိနေတတ်တယ်။ တချို့မှဲ့တွေမှာတော့ အမွေးအမှင် ပေါက်နိုင်တယ်။ ဒါတွေအားလုံး ပုံမှန်ပါ။
နေရောင်ထိတွေ့မှုများရင် ပိုမည်းလာတတ်တယ်။ ဆယ်ကျော်သက် အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သန္ဓေတားဆေးတွေကြောင့်လည်း မှဲ့ပိုမည်း လာ၊ ပိုများလာ၊ ပိုကြီးလာတတ်တယ်။
လူတိုင်းမှာ မှဲ့ရှိတယ်။ မမွေးခင်ကတည်းက ဗီဇ (gene)ထဲမှာ ဘယ်နေရာမှာ ဘယ်လိုမှဲ့ထွက်မယ်ဆိုတာ ပါပြီးသားပါ။ မြန်မာလိုပြောရရင် ကုသိုလ်ကံပေါ့။ အိုင်တီစကားနဲ့ပြောရရင် ပရိုဂရမ် ထည့်ပြီးသားပါ။ သင်ရော၊ ကျွနု်ပ်ပါ ရွေးချယ်လို့ မရပါဘူး။
သတိပြုရမယ့်မှဲ့
ဂရုစိုက်ရမယ့် မှဲ့နှစ်မျိုး ရှိတယ်။ congenital Nevi နဲ့ Dysplastic Nevi ပါ။
Congenital Nevi ဆိုတာ မွေးကတည်းကပါလာတဲ့မှဲ့ပါ။ လူတစ်ရာ မှာ တစ်ယောက်လောက် ဖြစ်တတ်တယ်။ မွေးပြီးမှပေါ်တဲ့မှဲ့ထက် ကင်ဆာ ဖြစ်နိုင်ခြေပိုများတယ်။ အရွယ်ကြီးလေ ပိုဆိုးလေပါ။ အရွယ် ၇ မီလီမီတာ ထက်ကြီးရင် ဂရုစိုက်ရမှာပါ။
Dysplastic Nevi ဆိုတာ သာမန်မှဲ့ထက် ပိုကြီးတယ်။ ခဲတံ၊ ခဲဖျက် အရွယ်ထက် ပိုကြီးတယ်၊ ပုံသဏ္ဌာန်လည်း မညီညာဘူး၊ အရောင်ညီညာမှု မရှိဘူး၊ နှုတ်ခမ်းတွန့်နေတာမျိုးတွေ ဖြစ်နေတတ်တယ်။ ဒီလိုမှဲ့ပိုင်ရှင်တွေ မှာ မှဲ့တစ်ရာကျော်အထိ ရှိနေတတ်တယ်။ မှဲ့ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်။ အရေပြားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေရပါတယ်။
မှဲ့ကင်ဆာ
မှဲ့ကင်ဆာဆိုတာ အရေပြားကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ အရေပြား ကင်ဆာတွေကို နှစ်မျိုးခွဲနိုင်တယ်။ မှဲ့ကင်ဆာနဲ့ မှဲ့ကင်ဆာမဟုတ်သော အခြားကင်ဆာတွေပါ။ အခြားကင်ဆာတွေက အသက်ဆုံးရှုံးမှု နည်းတယ်။ မှဲ့ကင်ဆာလောက် မဆိုးဘူး။ မှဲ့ကင်ဆာက အသိနောက် ကျရင် အသက်ဆုံးရှုံးမှု များတယ်။ ဒါဟာ သတိထား စရာပါ။ မှဲ့ကင်ဆာဟာ အများအားဖြင့် ယောကျာ်းတွေမှာ ကျောမှာဖြစ်တတ်ပြီး မိန်းမတွေမှာတော့ ခြေထောက်မှာ ဖြစ်တတ်ပါတယ်။
မှဲ့အများစုဟာ ပြဿနာမရှိပါဘူး။ ပုံမှန်နဲ့မတူတဲ့ မှဲ့တွေကတော့ သတိထားရမယ်။ အသက် ၂၀-၃၀ ကျော်မှ ပေါ်လာတဲ့ မှဲ့တွေကိုလည်း သတိထားသင့်တယ်။ မှဲ့တစ်ခုရဲ့ အရောင်၊ အရွယ်၊ ပုံသဏ္ဌာန်မှာ ပြောင်းလဲမှုရှိရင် ကျွမ်းကျင်သူ ဆီသွားပြီး စစ်ဆေးပါ။ မှဲ့မှာ သွေးထွက်တာ၊ အရည်ထွက်တာ၊ ယားတာ၊ အဖတ်ကွာတာ၊ နာတာတွေကလည်း အရေးကြီးတဲ့ အချက်တွေပါ။ တစ်ကိုယ်လုံးကို စစ်ဆေးပါ။ နေရောင် အထိများတဲ့ လက်မောင်း၊ လက်၊ ရင်ဘတ်၊ လည်ပင်း၊ နားရွက်နဲ့ မျက်နှာနေရာတွေကို ပိုပြီး သတိထားစစ်ဆေးပါ။ ထူးခြားမှုရှိရင် ကျွမ်းကျင်သူထံ သွားရောက်ပြသပါ။
မှဲ့ကင်ဆာ ဟုတ်၊ မဟုတ်
မှဲ့တစ်လုံးဟာ မှဲ့ကင်ဆာ ဖြစ်၊ မဖြစ်ဆိုတာကို သိရှိနိုင်တဲ့ ပြောင်းလဲမှုတွေ ရှိတယ်။ အရောင်၊ အရွယ်၊ ပုံသဏ္ဌာန်နဲ့ အခြားပြောင်းလဲမှုပေါ့။ အလွယ်အားဖြင့် ABCD အနေနဲ့ မှတ်သားနိုင်တယ်။
ဒီ ABCD ပြောင်းလဲမှုတွေကို သတိထားမိရင် အရေပြား ဆရာဝန်နဲ့ အမြန်ဆုံးတွေ့ဖို့ လိုတယ်။ အသားစယူစစ်ဆေးခြင်း (Biopsy)နဲ့ အခြားဓာတ်ခွဲစစ်ဆေးချက်တွေလည်း လိုကောင်းလိုမယ်။
မှဲ့အတွက် ခံယူနိုင်တဲ့ ကုသမှု
မှဲ့အများစုဟာ ဒုက္ခမပေးတတ်ဘူး၊ ကင်ဆာ မဖြစ်စေ ဘူး၊ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း မထိခိုက်စေဘူး။ သာမန် ကနေ ကွဲပြားတဲ့မှဲ့တွေကိုတော့ ဂရုစိုက်ရမယ်။ ကွဲပြားတယ် ဆိုတာ အရွယ်ပြောင်းတာ၊ အရောင်ပြောင်းတာ၊ ယားလာတာ၊ သွေးထွက်တာ၊ နာတာ၊ အသက်ကြီးမှ ပေါ်လာပြီး အကြီး မြန်တာ စတာတွေ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင် ကျွမ်းကျင်သူနဲ့ စစ်ဆေးရပါမယ်။ အသားစခွဲစိတ်စစ်ဆေးဖို့ လိုအပ်တယ်။ မှဲ့ကင်ဆာဆိုရင်တော့ ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ပြကုသခြင်းတွေ လိုအပ်တယ်။
တချို့ကတော့ ရိုးရိုးသာမန်မှဲ့ပဲ။ ဒါပေမဲ့ ထိခိုက်လွယ်တဲ့ နေရာမှာ ဖြစ်နေလို့၊ အဝတ်အစား စတာတွေနဲ့ အလွယ်တကူ ပွတ်မိလို့၊ ကြည့်လို့မကောင်းလို့၊ ဗေဒင်ကိန်းခန်းအရ မကောင်း လို့စတာတွေကြောင့် ဖျက်ကြတာလည်း ရှိတယ်။ ထုံဆေးသုံး ပြီး ခွဲစိတ်ခြင်း သို့မဟုတ် စက်နဲ့ထုတ်ခြင်းများပြုလုပ်နိုင်တယ်။ မှဲ့ပျက်စေဖို့ အက်ဆစ်နဲ့တို့ခြင်း၊ စားခြင်းကတော့ မလုပ် သင့်ဘူး။ မှဲ့ရော၊ အသားကောင်းပါ လောင်ပြီး အမာရွတ် ကျန်တတ်လို့ပါ။
လွဲမှားနိုင်သောအချက်များ
တင်းတိတ်၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေဟာ မှဲ့နဲ့ မှားတတ်တာတွေပါ။ တင်းတိတ်က သိသာတယ်။ မျက်နှာ၊ ပါးတွေမှာ ညိုညိုမည်းမည်းအကွက်တွေပါ။ မှဲ့ခြောက်ဟာ လည်း အညိုအစက်အပြောက်လေးတွေအနေနဲ့ ပါးမှာ အများစု တွေ့ရတယ်။ နေလောင်ကွက်ကတော့ လူကြီးပိုင်းမှာ ပိုတွေ့ရ တယ်။ တစ်ခါတစ်ရံ စမ်းလို့ရတယ်။ မည်းမည်းထူထူအဖတ် လေးတွေ ကပ်နေသလိုပဲ။ မျက်နှာအပြင် နေရောင်ထိတဲ့လက် တွေမှာပါ တွေ့ရတတ်တယ်။ ဆရာဝန်ကတော့ ဒါတွေကို အလွယ်တကူ ခွဲခြားပေးနိုင်ပါတယ်။
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်)
Click here to claim your Sponsored Listing.
Category
Website
Address
11151
No (53/1 To 53/3), Anawrahta Road, Shwe Kan Tharyar Housing (Shophouse), Hlaingtharyar
Yangon
(၂၄) နာရီ အထူးကုဆေးခန်း
No. 1237, 5/7 Byamaso Street , 7 Ward South Okkalapa
Yangon, 11091
အောင်အရိုးအကြောဆေးကုခန်း-တဥက္ကလာ
Parami Road
Yangon, 11061
လူကြီးမင်းများရဲ့ ကျန်းမာရေးကိစ္စသိလိုတာများကို မေးမြန်းနိုင်ပါသည်