MASES - Myanmar Astronomy & Science Enthusiasts Society

သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။ မြန်မာ့နက္ခတ်တာရာနှင့်သိပ္ပံပညာဝါသနာရှင်များအသင်း

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 09/01/2024

ရာသီခွင် ဟောပြောသူတွေ ကိုယ်တိုင် မသိတဲ့ အမှားများ

ကျွန်တော် ကိုယ်တိုင် ဆယ်နှစ်လောက် မှားပြီး မှတ်လာခဲ့တာတစ်ခုရှိပါတယ်။ တကယ်တော့ ကျွန်တော်က Aries မဟုတ်ပါဘူး။ Pisces ပါ။ April လမှာမွေးတဲ့ Pisces ပါ။

ရာသီခွင်‌ဟောစာတွေလိုက်ဖတ်ပြီး ငါ့စိတ်နဲ့ တိုက်ဆိုင်လိုက်တာလို့အဟုတ်မှတ်ယူခဲ့ရင်တော့ တချက်ပြန်စစ်ကြည့်ဖို့လိုပါတယ်။

ပထမဆုံး လူတစ်ယောက်ဟာ ဘယ်ရာသီဖွားလဲ ဆိုတာကို ဘယ်လိုသတ်မှတ်လဲကြည့်ရအောင်။

ကျွန်တော်တို့ညအခါ ကောင်းကင်မှာကြယ်တွေတွေ့ရတယ်။ ကြယ်တစ်လုံးချင်းစီက ကမ္ဘာကနေ မတူညီတဲ့အကွာအဝေးမှာရှိကြပေမယ့် ကျွန်တော်တို့ဒီကနေကြည့်လိုက်တဲ့အခါ သူတို့အားလုံးက ကောင်းကင်ပိတ်ကားကြီးတစ်ခုတည်းအပေါ်မှာချိတ်ထားတဲ့မီးလုံးလေးတွေလိုပဲ။ ဟိုးအရင်က လူတွေက အဲဒီကြယ်တွေကိုမှတ်သားဖို့အတွက် ကြယ်တွေကိုဆက် ပုံတွေဖော်ပြီး တာရာတွေအဖြစ်ပုံဖော်မှတ်သားခဲ့ကြတယ်။ ကောင်းကင်မှာ တာရာပေါင်း ၈၈ ခုရှိပါတယ်။ ရာသီဖွားတွေကိုသတ်မှတ်ပေးတဲ့ တာရာတွေကတော့ နေလုံးရွေ့တဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ၁၂ ခုပေါ့။ (အခု ၁၃ ခုရှိပါတယ်။ ရာသီခွင်ထဲမှာထည့်မတွက်တာက Ophiuchus ပါ။)
ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကနေကို လှည့်ပတ်နေတယ်။ ကမ္ဘာကနေကိုလှည့်ပတ်နေတဲ့အတွက် ကမ္ဘာပေါ်ကလူတွေ အနေနဲ့ကြည့်လိုက်တဲ့အခါ နေလုံးကြီးက တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ နောက်ခံကြယ်တာရာပိတ်ကားကြီးပေါ်မှာ ရွေ့နေတယ်လို့ထင်မြင်ရတယ်။ ပုံ ၁ နဲ့ ၂ မှာကြည့်ပါ။ ရာသီဖွားသတ်မှတ်ပုံက တကယ်လို့ ကိုယ်က December 25 မှာ မွေးတယ်ဆိုပါတော့။ အဲဒီ December 25 မှာ နေလုံးကြီးက ဘယ်တာရာထဲရောက်နေသလဲဆိုတာကိုကြည့်ပါတယ်။ အခု 2023 December 25 ဆိုရင် နေလုံးကြီးက Sagittarius constellation ထဲမှာပါ။ အဲဒီတော့ ကိုယ်က Sagittarius ဖွားပေါ့။

ဟုတ်ပြီ။ Horoscope ကပြတဲ့ December 25 မွေးတဲ့သူရဲ့ ရာသီခွင်က ဘာလဲ။ Capricorn ။ Sagittarius မဟုတ်ဘူး။ ဒါပေမယ့် အခု 2023 December 25 မှာ နေလုံးကြီးက ဘယ်တာရာထဲရောက်နေသလဲ။ Sagittarius ထဲမှာပါ။ အဲဒီတော့ ဒီနေ့မွေးတဲ့ ကလေးက Sagittarius လား Capricorn လား။ ဒီနေ့မွေးတဲ့ကလေးက Sagittarius ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့‌နှစ်ပေါင်း နှစ်ထောင်လောက်က December 25 မှာမွေးတဲ့ကလေးဆိုရင်တော့ Capricorn ပေါ့။
Horoscope ကပြတဲ့ ရာသီခွင်က နှစ်ထောင်နဲ့ချီနေပါပြီ။ အဲဒီနှစ်နှစ်ထောင်အတွင်းမှာ ရာသီခွင်တွေ ရွေ့သွားပါပြီ။ အခုခေတ် April အစမှာ နေလုံးကြီးက Aries ထဲမှာမဟုတ်ဘူး Pisces ထဲမှာပဲရှိ‌သေးတယ်။ July လလယ်လောက်မှာ Cancer ထဲမရောက်သေးဘဲနဲ့ Gemini မှာပဲရှိသေးတယ်။ ဘာကြောင့်လဲ။ ကမ္ဘာ့ဝင်ရိုးက တချိန်လုံးယိမ်းယိုင်နေလို့ပါပဲ။

ကမ္ဘာကြီးက မိမိဝင်ရိုးပေါ်မှာလည်နေတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြတယ်။ မြောက်ဝင်ရိုးစွန်းရဲ့ဦးတည်ဘက်က ဓူဝံကြယ်ဆီကို ဦးတည်တယ်ဆိုတာလည်းသိတယ်။ ကမ္ဘာလည်နေတဲ့အတွက် ညကောင်းကင်မှာ လရော ကြယ်တွေရောက နေလိုမျိုးပဲ အရှေ့ကနေထွက်ပြီး အနောက်အရပ်ကိုဝင်တယ်။ ဒါပေမယ့် ဓူဝံကြယ်ကတော့ ဝင်ရိုးစွန်းအပေါ်မှာ ရှိနေတဲ့အတွက် ကမ္ဘာမြေပေါ်ကနေကြည့်တဲ့အခါ ဝင်မသွားဘဲနဲ့ မြောက်အရပ်ကောင်းကင်ပေါ်မှာအမြဲရှိနေတယ်။ ကျွန်တော်တို့သိပ်မရင်းနှီးတာက အဲဒီမြောက်အရပ်က ဓူဝံကြယ်ဟာ မြောက်အရပ်မှာအမြဲတမ်းရှိမနေနိုင်ဘူး။ ပုံ ၃ မှာကြည့်ပါ။ ဂျင်တစ်လုံးလည်တဲ့အခါ ဂျင်လည်တဲ့ဝင်ရိုးက နည်းနည်းလေးမသိမသာ ယိမ်းယိုင်နေတတ်သလိုမျိုးပဲ ကမ္ဘာ့ဝင်ရိုးကလည်းအဲဒီလိုမျိုး ယိမ်းယိုင်နေတယ်။ ဂျင်လည်ပြီး အရှိန်လျော့လာတဲ့အခါမှာ ဝှေ့နေသလိုမျိုးပါ။
ကမ္ဘာက ၂၃.၅ ဒီဂရီတိမ်းစောင်းပြီးလည်နေတယ်။ လည်နေတဲ့အတွက် ကမ္ဘာက လုံးဝစက်လုံးကြီးမဖြစ်ဘဲ လည်အားကောင်းတဲ့ အီကွေတာမှာ ဗိုက်ပူနေတယ်။ အဲဒီပူနေတဲ့ဗိုက်စောင်းစောင်းကြီးကို တည့်တည့်ဖြစ်အောင် နေလုံးကြီးကဆွဲတည့်တယ်။ ဒါပေမယ့်မရဘူး။ အကျိုးဆက်အနေနဲ့ ကမ္ဘာ့ဝင်ရိုးက စောင်းပြီး ယိမ်းယိုင်‌ဝှေ့နေခဲ့တယ်။ ပုံ၃ နဲ့ ၄ မှာကြည့်ပါ။ အဲလိုအမြဲယိမ်းယိုင်နေတဲ့အတွက် ဓူဝံကြယ်က မြောက်အရပ်မှာအမြဲမရှိနိုင်ဘူး အချိန်ကြာလာရင်နေရာရွေ့သွားမှာ။ ပုံ ၃ မှာကြည့်ပါ။ အခုကနေ နှစ်ပေါင်း တစ်သောင်းသုံးထောင် တစ်သောင်းလေးထောင်လောက်ဆိုရင် မြောက်ဝင်ရိုးစွန်းအပေါ်နားမှာ Vega ဆိုတဲ့ကြယ်ဖြစ်သွားမှာ ဓူဝံကြယ်မဟုတ်တော့ဘူး။ ဝင်ရိုးကြီးက ဓူဝံကြယ်ရှိတဲ့ဘက်ကိုမဟုတ်တော့ဘူး တခြားဘက်ပြောင်းသွားပြီ။ အလားတူပဲ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်မှာလည်း ဝင်ရိုးညွှန်တဲ့အရပ်က အခုညွှန်နေတဲ့အရပ်နဲ့ထပ်တူမကျခဲ့ဘူး။ အမြဲတမ်းတရွေ့ရွေ့ပြောင်းလဲနေခဲ့တာ။

အဲဒီတော့ နေလုံးကျတဲ့တာရာဖြစ်တဲ့ ရာသီခွင်နဲ့ ဘယ်လိုဆက်စပ်သွားလဲ။ ပြက္ခဒိန်ပါ။ ကျွန်တော်တို့ ပြက္ခဒိန်က ကမ္ဘာ့မြောက်ခြမ်းရဲ့ ဆောင်းရာသီအစ winter solstice ကို ဒီဇင်ဘာ ၂၂ ဝန်းကျင်လောက်ကျအောင် ညှိထားတယ်။ နွေရာသီအစကိုလည်းညှိထားပါတယ်။ ပုံ၅ မှာကြည့်ပါ။ အဲဒီရက်မှာ ကမ္ဘာကနေလုံးကြီးကိုပတ်ရင်းနဲ့ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းက နေကနေ အဝေးဖက်ကိုဦးတည်သွားတယ်။ ခုခေတ်မှာဆိုရင် နေလုံးကြီးက Sagittarius တာရာထဲရောက်နေတဲ့ အခုလိုအချိန်မျိုးပေါ့။ ဒါပေမယ့် ဝင်ရိုးဦးတည်တဲ့ဘက်က ရှေ့မှာပြောခဲ့သလိုပဲ အမြဲတမ်းပုံသေဖြစ်မနေခဲ့ဘူး။ ခုထိ သုံးတဲ့ Horoscope ရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်မှာဆိုရင်တော့ အဲဒီ မြောက်ဝင်ရိုးစွန်းက နေကနေ အဝေးဖက်ကိုလှည့်သွားတဲ့ December 22 မှာ နေလုံးကြီးက Sagittarius နဲ့ Capricorn အကူးအပြောင်းကိုရောက်နေပြီ။ ခုလိုမျိုး Sagittarius ထဲမှာမဟုတ်ဘူး။

အဲဒီတော့ ရာသီခွင်တာရာတွေက ရွေ့ကုန်ကြပြီ။ Aries ကနေ Pisces, Cancer ကနေ Gemini, Capricorn ကနေ Sagittarius ကိုပြောင်းသွားပြီ။ ရာသီဖွားဟောစာတွေဖတ်ပြီး ငါနဲ့ကိုက်လှချည်လားတွေးမိရင် မွေးနေ့နဲ့ရာသီခွင်ပြန်တိုက်ကြည့်ကြပါဦး။ တခုခုကို စူးစမ်းဖို့အားသန်တဲ့စိတ်ပိုင်ရှင်တွေဖြစ်ကြတဲ့ ရာသီဖွားတွေဆိုရင်တော့ ကိုယ်မွေး‌တဲ့နေ့မှာ နေလုံးကြီးက ဘယ်တာရာထဲရောက်နေလဲဆိုတာ link မှာ ဝင် check သွားကြပါဦး။ ကိုယ့်ရာသီခွင်ကတစ်ခု ဖတ်ပြီးသဘောတွေကျနေတာက တစ်ခုဖြစ်နေပါဦးမယ်။

အဲဒီ astrology နက္ခတ် ဗေဒင်ဟာ လွန်ခဲ့တဲ့နှစ်ထောင်ချီကနေစခဲ့တာပါ။ Horoscope က ပြောနေတဲ့ မွေးနေ့မှာ နေလုံးတည်ရှိတဲ့ ရာသီခွင်တွေဟာလည်း လွန်ခဲ့တဲ့နှစ် နှစ်ထောင်ခန့်က ကျခဲ့တဲ့ရာသီခွင်တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် နှစ်ထောင်ခန့်ကဟာကို ဆက်သုံးနေတဲ့အတွက် အခုချိန်မှာ လူအများစုအတွက်မမှန်တော့ပါဘူး။ ကမ္ဘာရဲ့ ဝင်ရိုးညွှန်ရာအရပ်ပြောင်းလဲခြင်းဟာ နှစ်ပေါင်း 26000 ခန့်မှာ တစ်ပတ်ပြည့်ပါတယ်။ အဲဒီသုံးနေတဲ့ Horoscope ကနှစ် 2000 ခန့် ကြာခဲ့ပြီဆိုတော့ ဝင်ရိုးညွှန်ရာအရပ်ဟာ 13 ပုံမှာ 1 ပုံပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် Horoscope မှာ သုံးနေတဲ့ Sun sign ရာသီခွင်တွေဟာ အခုခေတ်အမှန်တကယ်ကျရောက်တဲ့ ရာသီခွင်နဲ့ တစ်လနီးပါးစာ ကွာဟနေမှာဖြစ်ပါတယ်။ ဒါကြောင့် Aries လို့ပြောတဲ့သူအများစုဟာ တကယ်တော့ Pisces ဖြစ်နေမှာဖြစ်ပြီး Cancer လို့ပြောတဲ့သူအများစုဟာ အမှန်တကယ်တော့ Gemini ဖြစ်နေကြမှာပါ။ ကိုယ့်ရဲ့ရာသီခွင်တောင်မမှန်တဲ့ ဟောစာတွေကို အတည်ကြီးလိုက်ယူနေဖို့မလိုပါဘူး။ အပျော်သဘောဖတ်ဖို့သာသင့်ပါတယ်။ အဲဒီစာတွေက ကိုယ့်ကို စိုးရိမ်စိတ်တွေ အားငယ်စိတ်တွေဖြစ်အောင်ပါ လုပ်နေပြီဆို‌ရင်တော့ မဖတ်ပါနဲ့တော့။

https://theskylive.com/planetarium?objects=sun-moon-mercury-venus-mars-jupiter-saturn-uranus-neptune-pluto&localdata=17.0093%7C96.0703%7C[17.0093N%2C%20456.0703E]%7CAsia%2FYangon%7C0&obj=sun&h=02&m=45&date=2023-12-25&fbclid=IwAR0JEsAFNAEAca3mQKDRm1FTrXmrkeHrK-RoohdN8qjdkona8nLwgkrpIuI

~ MASES / Min Thein Kyaw

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 07/01/2024

၂၀၂၄ အတွက် MASES - Myanmar Astronomy & Science Enthusiasts Society ရဲ့ ပထမဆုံး ကြယ်ကြည့်ပွဲလေး ဒုတိယရက် ကိုတော့ ဇန်နဝါရီလ ၄ ရက်နေ့ ည Quadrantid Meteor Shower ကျတဲ့ရက်မှာ ကလောမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးကို အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်အောင် ကလောအခြေစိုက်အဖွဲ့တွေ ဖြစ်တဲ့ At Kalaw နဲ့ Kha Yee Sin - ခရီးစဉ်အဖွဲ့ ၂ ခု နဲ့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။

Photos Credit to The Razi StudioThe Razi Studio

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 06/01/2024

၂၀၂၄ အတွက် MASES - Myanmar Astronomy & Science Enthusiasts Society ရဲ့ ပထမဆုံး ကြယ်ကြည့်ပွဲလေး ပထမရက် ကိုတော့ ဇန်နဝါရီလ ၃ ရက်နေ့ ည Quadrantid Meteor Shower ကျတဲ့ရက်မှာ ကလောမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးကို အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်အောင် ကလောအခြေစိုက်အဖွဲ့တွေ ဖြစ်တဲ့ At Kalaw နဲ့ Kha Yee Sin - ခရီးစဉ်အဖွဲ့ ၂ ခု နဲ့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။

Photos Credit to The Razi Studio

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 03/01/2024

၂၀၂၄ ရဲ့ ပထမဆုံး ကြယ်မိုးရွာခြင်း

ယနေ့ ဇန်နဝါရီ လ ၃ ရက် နေ့ ည ကနေ ဇန်နဝါရီ ၅ ရက်နေ့ မနက် နေမထွက်ခင် မှာ ၂၀၂၄ ရဲ့ ပထမဆုံး ကြယ်မိုးရွာခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါကြယ်မိုးကတော့ ယခင် Quadrans Muralis လို့ခေါ်တဲ့ ကြယ်တာရာ ထဲကနေ ဖြစ်ပေါ်တာ ကြောင့် Quadrantid Meteor Shower လို့ခေါ်ဆိုကြပါတယ်။ အဆိုပါ ကြယ်တာရာ နာမည်ကို တော့ ယခုအခါ ဆက်လက်အသုံးပြုခြင်းမရှိတော့ ပေမယ့် ယခင်ထဲက ခေါ်ဆိုခဲ့တဲ့ နာမည် အတိုင်း Quadrantids လို့ပဲ ဆက်လက်ခေါ်ဆိုကြတာဖြစ်ပါတယ်။ တခါတရံမှာ အဆိုပါ ကြယ်မိုးကို Bootids လို့ခေါ်ဆိုပြီး အနီးနားမှ ကြယ်တာရာအသစ် ရဲ့ အမည်ဖြစ်တဲ့ Bootes ကြယ်တာရာ ကိုအစွဲပြုပြီး ခေါ်ဆိုတာဖြစ်ပါတယ်။

Quadrantids Meteor Shower ကနေ ကျဆင်းတဲ့ ကျောက်ခဲတွေကတော့ 2003 EH1 လို့အမည်ပေးထားတဲ့ ဥက္ကာပျံ တစ်ခုကနေ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲလေးတွေ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ၁၈၂၅ ခုနှစ်မှာ ဒီ ကြယ်မိုးရွာခြင်းကို စတင်တွေ့ရှိခဲ့ရပါတယ်။

Quadrantid Meteor Shower က Peak လို့ခေါ်တဲ့ အများဆုံးကျဆင်း တဲ့ အချိန်ကာလ တိုတောင်းပြီး ၆ နာရီခန့်သာ ရှိပါတယ်။ ဇန်နဝါရီ လ ၃ ရက်နေ့ ည မှာ အရေအတွက်များများ စတင်တွေ့ရမှာဖြစ်ပေမယ့် ဒီနှစ်အတွက် ကြယ်မိုးကျဆင်းတာအများဆုံး အချိန်လို့ ခန့်မှန်းထားတာကတော့ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာ စံတော်ချိန် ည ၈ နာရီ ခန့် ကနေ ၅ ရက်နေ့ မနက် နေမထွက်ခင်အချိန်အထိဖြစ်ပါတယ်။ ဒါပေမယ့် Quadrantid Meteor Shower ဟာ အများဆုံးကျဆင်းချိန် ခန့်မှန်းရခက်တဲ့ ကြယ်မိုးရွာခြင်း ဖြစ်ပြီး ဇန်နဝါရီ ၄ ရက်နေ့ ည ၈ နာရီဟာ Zenith လို့ခေါ်တဲ့ သူကျဆင်းတဲ့ ကြယ်တာရာ ဟာ မိုးကုတ်စက်ဝိုင်းအောက်နားမှာသာ ရှိသေးပြီး မနက် ၁း၃၀ လောက်မှ သာ တဖြည်းဖြည်း အပေါ်ကို တက်လာမှာဖြစ်ပါတယ်။ Quadrantid Meteor Shower ဟာ တနာရီကို အနည်းဆုံး ၆၀ မှ အများဆုံး ၂၀၀ ကြားကျဆင်း လေ့ရှိပြီး Fireball လို့ခေါ်တဲ့ အလွန် တောက်ပတဲ့ ကြယ်မိုးကျဆင်းတာကိုလဲ မြင်တွေ့ရတတ်ပါတယ်။

Quadrantid Meteor Shower ကို ကြည့်မယ်ဆိုရင်တော့ ကောင်းကင်ကြည်လင်ပြီး အလင်းရောင် နည်းပါးတဲ့ နေရာမှ ကြည့်ရှုသင့်ပြီး ဇန်နဝါရီ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့ ညသန်းခေါင်ဝန်းကျင်မှာ ခုနှစ်စင်ကြယ် အမြီး အနီးတစ်ဝိုက် ကို စောင့်ကြည့်နိုင်ပါတယ်။ ဇန်နဝါရီ ၃ ရက် နဲ့ ၄ရက် နေ့ညတွေဟာ လဆုတ် ၇ ရက်နဲ့ ၈ ရက် နေ့ဖြစ်တာကြောင့် ၄၀ ရာခိုင်နှုန်းလောက်ပဲ လင်းနေမယ့် လအလင်းရောင် က ကြယ်မိုးရွာတာကို အများကြီး အနှောက်အယှက်မပြုနိုင်ပါဘူး။ ကြယ်မိုးရွာတာကို ကြည့်ဖို့အတွက် Telescope ကဲ့သို့​​​ equipment ပစ္စည်းတွေ လိုအပ်ခြင်းမရှိပဲ သာမန်မျက်စိနဲ့သာ အကောင်းဆုံး မြင်နိုင်တာလဲဖြစ်ပါတယ်။

~ MASES / Min Zaw Moe

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 01/01/2024

ကျွန်တော်တို့ နေအဖွဲ့အစည်းထဲမှာ နေနဲ့ဂြိုဟ်ကြီး ၈လုံးအပြင် နေကိုလှည့်ပတ်နေကြတဲ့ တခြားသေးငယ်တဲ့အရာဝတ္ထု‌တွေ အများကြီးရှိပါသေးတယ်။ အဲဒီအရာတွေဟာ ဖုန်မှုန့်လေး အရွယ်အစားကနေ ပလူတိုလို ဂြိုဟ်ပုလေး အရွယ်အစားအထိ အစားစားရှိကြပါတယ်။ သူတို့တွေဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှား(asteroid)၊ ကြယ်တံခွန် (comet)၊ ဂြိုဟ်ပု (dwarf planet)၊ ဥက္ကာပျံ (meteor) နဲ့ ဥက္ကာခဲ (meteorite) တို့ဖြစ်ပါတယ်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကျောက်သားအစိုင်အခဲတွေဖြစ်ကြပြီး ပုံသဏ္ဌာန်မျိုးစုံ အရွယ်အစားမျိုးစုံရှိကြပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားအများစုဟာ Mars ဂြိုဟ်နဲ့ Jupiter ဂြိုဟ် ကြားက asteroid belt လို့ခေါ်တဲ့ နေရာမှာ တည်ရှိကြပြီး နေကိုလှည့်ပတ်နေကြပါတယ်။ တခါတရံ ဂြိုဟ်သိမ်ဂြိုဟ်မွှားအပိုင်းအစများဟာ နေအဖွဲ့အစည်းအတွင်းဖက်ကို ဝင်ရောက်လာပြီး ကမ္ဘာပေါ်ရောက်ရှိလာတတ်ကြပါတယ်။

ကြယ်တံခွန်တွေကတော့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေလို ကျောက်သားချည်းမဟုတ်ဘဲ သူ့ဆီမှာ ရေခဲများစွာပါဝင်ပါတယ်။ ရေခဲလုံးကြီးတွေဖြစ်ကြပြီး ပုံမှန်အားဖြင့် နေအဖွဲ့အစည်းရဲ့အပြင်ဘက်အကျဆုံးနေရာဖြစ်တဲ့ Kuiper belt နဲ့ Oort cloud ထဲမှာတည်ရှိပြီး နေကိုလှည့်ပတ်ကြပါတယ်။ သူတို့တည်ရှိတဲ့နေရာဟာ ဂြိုဟ်ကြီး ၈ လုံးထဲက အပြင်ဘက်အကျဆုံးဂြိုဟ်ဖြစ်တဲ့ Neptune ဂြိုဟ်ကြီးရဲ့ အ‌ပြင်ဘက်ဝေးဝေး‌ အေးတဲ့နေရာမှာရှိကြတာပါ။ ဒါပေမယ့် အဲဒီကြယ်တံခွန် comet တွေဟာ ဂြိုဟ်ကြီးတွေရဲ့ ဒြပ်ဆွဲအားလွှမ်းမိုးမှုကြောင့်သော်လည်းကောင်း၊ comet အချင်းချင်း ဒါမှမဟုတ် ကြယ်တွေရဲ့ အနှောင့်အယှက်ကြောင့် လမ်းကြောင်းယိုယွင်းပြီး နေအဖွဲ့အစည်းရဲ့ အတွင်းဖက်ကိုဝင်ရောက်လာတတ်ပါတယ်။ အတွင်းဖက်ကိုဝင်ရောက်လာတဲ့ comet တွေဟာ နေကလာတဲ့ရောင်ခြည်တွေကြောင့် သူရဲ့အမှုန်အမွှားတွေ ဓာတ်‌ငွေ့တွေနဲ့ဖွဲ့စည်းထားတဲ့ အမြှီးလေးတွေ ထွက်လာကြပါတယ်။ အဲဒီအမြှီးကြောင့်ပဲ ကြယ်တံခွန်တွေလို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်က ဂြိုဟ်ကြီး ၉ လုံးလို့သင်ရပြီးတော့ အငယ်ဆုံးလေးဟာ ပလူတိုဂြိုဟ်ဖြစ်ပါတယ်။ ပလူတိုဟာ ကြယ်တံခွန်တွေတည်ရှိတဲ့ Kuiper belt ထဲမှာရှိပါတယ်။ နောက်ပိုင်းမှာ ပလူတို‌လေးဟာလုံးဝန်းတဲ့သဏ္ဌာန်ရှိပေမယ့် ဂြိုဟ်လို့ခေါ်လို့မရအောင်သေးလွန်းတာကိုတွေ့ရှိလာကြပါတယ်။ ဒါ့အပြင် ပလူတိုလိုမျိုး လုံးဝန်းပြီး သေးငယ်တဲ့အရာများကို Kuiper belt ထဲမှာ ထပ်တွေ့လာကြပါတယ်။ ပလူတိုရဲ့အရွယ်အစားလောက်ရှိပြီး ပလူတိုထက်ပိုပြီးဒြပ်ထုကြီးတဲ့ Eris ဆိုတဲ့ဂြိုဟ်ပုကိုလည်း Kuiper belt ထဲမှာတွေ့လာကြပါတယ်။ 2006 ကစပြီးတော့ ပလူတိုအပြင် တခြားဂြိုဟ်လို့ခေါ်လို့မရအောင်သေးငယ်ပြီး ဂြိုဟ်လိုလုံးဝန်းတဲ့ Pluto, Eris, Makemake, Haumea, Ceres (asteroid) နဲ့ အရွယ်အစားကြီးတဲ့ ဂြိုဟ်သိမ်တွေကို ဂြိုဟ်ပု dwarf planet တွေလို့သတ်မှတ်ခဲ့ပါတယ်။

ဥက္ကာပျံနဲ့ ဥက္ကာခဲ

ဥက္ကာပျံ ကြယ်ကြွေတာတွေ့ရင် ဆုတောင်းကြပါတယ်။ အသင့်တော်ဆုံးဆုတောင်းကတော့ ဥက္ကာပျံလေးကနေ ဥက္ကာခဲကျန်ပြီး ကောက်ရပါစေလို့ဆုတောင်းသင့်ပါတယ်။ ရောင်းရင် ပိုက်ဆံရမှာပါ။ ဥက္ကာပျံတွေကို ကြယ်ကြွေတာအဖြစ်ကျွန်တော်တို့သိကြပါတယ်။ ကြယ်ကြွေခြင်းကို ကံကောင်းတိုက်ဆိုင်ရင်တွေ့မြင်ရနိုင်ပါတယ်။ တကယ်တော့ ကြယ်ကြွေတယ်ဆိုတဲ့ ဥက္ကာပျံလေးတွေအများစုဟာ လေထုထဲကိုအရှိန်နဲ့ဝင်လာတဲ့ ကျောက်စရစ်ခဲသာသာ အမှုန်လေးတွေဖြစ်ပါတယ်။ အရှိန်နဲ့ဝင်လာတဲ့အတွက် ဘေးပတ်ဝန်းကျင်ကလေဟာ ပွတ်တိုက်မှုအပူကြောင့် လင်းလာပြီး အပူကြောင့်ဥက္ကာပျံပျက်စီးသွားတဲ့အခါမှာ ငြိမ်းသွားပါတယ်။ ဒါကိုကြယ်ကြွေတဲ့သဏ္ဌာန်မျိုးတွေ့ရပါတယ်။ တကယ်လို့ဝင်လာတဲ့ ဥက္ကာပျံဟာ အရွယ်အစားကြီးလို့ လမ်းတစ်လျှောက်မှာလောင်ကျွမ်းပြီးမပျောက်သွားဘဲနဲ့ ကမ္ဘာမြေပေါ်ထိကျလာခဲ့ရင်တော့ အဲ‌ဒီကောင်ကို ဥက္ကာခဲလို့ခေါ်ပါတယ်။

ဥက္ကာပျံကြယ်ကြွေခြင်းအများစုဟာ comet ကြယ်တံခွန်တွေကြောင့်ဖြစ်ပါတယ်။ ကြယ်တံခွန်တွေဟာ နေအဖွဲ့အစည်းအစွန်မှာ သာမန်ရေခဲလုံးတွေဖြစ်ကြပေမယ့် အတွင်းထဲဝင်ရောက်လာတဲ့အခါမှာတော့ နေကလာတဲ့ရောင်ခြည်တွေကြောင့် သူ့ဆီမှာပါလာတဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေ၊ သဲမှုန်အရွယ်ကနေ ကျောက်စရစ်ခဲအရွယ်ရှိတဲ့ အပိုင်းအစလေးတွေဟာ သူသွားရာလမ်းတစ်လျှောက်အာကာသထဲမှာ ကျန်ခဲ့ပါတယ်။ အဲဒီကြယ်တံခွန်သွားခဲ့တဲ့ လမ်းကြောင်းကို ကမ္ဘာကနေကိုပတ်ရင်းနဲ့ ဖြတ်မိတဲ့အခါ အလုံးရေအများကြီးနဲ့ ကြယ်ကြွေတဲ့ ကြယ်မိုးရွာခြင်း meteor shower ဖြစ်ပေါ်ပါတယ်။ ကြယ်မိုးရွာခြင်းဟာ ကြယ်တံခွန်တွေသွားရာလမ်းတစ်‌လျှောက် ချခဲ့တဲ့အပိုင်းအစလေးတွေရှိတဲ့နေရာကိုရောက်မှသာလျှင်ဖြစ်ပေါ်တာဖြစ်တဲ့အတွက် ရက်အတိအကျနဲ့တွက်ချက်ပြီး စောင့်ကြည့်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ ကြယ်မိုးရွာခြင်းတစ်ခုစီအတွက် သက်ဆိုင်ရာ ကြယ်တံခွန်တွေရှိကြပါတယ်။ ကြယ်တံခွန်တွေဖွခဲ့တဲ့အမှိုက်လေးတွေဟာ ကျွန်တော်တို့အတွက် ရင်ခုန်စရာ၊ ကြည်နူးစရာ၊ လေ့လာစရာတွေ အများကြီးပေးတဲ့ ကြယ်မိုးရွာခြင်းကို‌ဖြစ်ပေါ်စေပါတယ်။

~ MASES / Min Thein Kyaw

25/12/2023

MASES စာဖတ်ပရိသတ်အယောက်စီတိုင်း ပျော်ရွှင်ဖွယ်ခရစ်စမတ်အချိန်ကာလလေးကို ပိုင်ဆိုင်နိုင်ကြစေလို့ကိုယ်တိုင်ရိုက်ယူထားတဲ့ Christmas Tree Nebula လေးနဲ့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

MASES

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 21/12/2023

ဒက္ခိဏယဉ်စွန်းချိန် ( Winter Solstice ) သို့ မြောက်ကမ္ဘာခြမ်း ဆောင်းရာသီ အစ

ဒက္ခိဏ ယဉ်စွန်းချိန် ဆိုတာဟာ နက္ခတ္တဗေဒ ဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး နေ့တာအတို ဆုံးနဲ့ ညတာ အရှည်ဆုံး ရက် ဖြစ်ပေါ်ချိန်ကို သတ်မှတ်တာဖြစ်ပါတယ်။ ကမ္ဘာ ဟာ သူ့ဝင်ရိုးပေါ်မှာ ၂၃.၅ ဒီကရီ တိမ်းစောင်းကာ နေ ကို လှည့်ပတ်နေပြီး သူ့ရဲ့ ဝင်ရိုး တစ်ဖက်ဟာ နေရဲ့ အဝေးဆုံး ကိုရောက်ရှိတဲ့ နေ့ကို ဒက္ခိဏ ယဉ်စွန်းချိန် လို့ခေါ်ဆို သတ်မှတ်ပါတယ်။ ဒီဖြစ်စဉ် ဟာ ၁ နှစ်မှာ ၂ ကြိမ်ဖြစ်ပေါ်ပြီး ကမ္ဘာ့တောင်ဖက်ခြမ်းမှာ တစ်ကြိမ် နဲ့ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ တစ်ကြိမ် ဖြစ်ပေါ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့ ဟာ ကမ္ဘာ့မြောက်ဖက်ခြမ်း ဒေသတွေ အတွက် နေ့တာအတိုဆုံး ညတာ အရှည်ဆုံး ဒက္ခိဏ ယဉ်စွန်းချိန်ဖြစ်ပြီး ကမ္ဘာ့တောင်ဖက်ခြမ်းဒေသတွေ အတွက် ပြောင်းပြန် နေ့တာအရှည်ဆုံး နဲ့ ညတာ အတိုဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီ ဖြစ်ပြီး တောင်ဖက်ခြမ်းမှာ နွေရာသီ ကာလ ဖြစ်ပါတယ်။

ဒက္ခိဏယဉ်စွန်းချိန် ကို ရှေးခေတ် ထဲက နိုင်ငံအလိုက် သူ့ယဉ်ကျေးမှု နဲ့ လိုက်ဖက်ညီစွာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ 217 BC လောက်မှာ ရှေးခေတ်ရောမ တွေက Satunalia လို့ခေါ်တဲ့ ပွဲတော် တစ်ခု ကို သူတို့ရဲ့ နတ်ဘုရား ဖြစ်တဲ့ Saturn ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပကြပြီး အဆိုပါ ပွဲတော် ကို ဒီဇင်ဘာ ၁၇ ရက်မှ စတာ ၇ ရက်တိုင်တိုင် ကျင်းပကြပါတယ်။ အဆိုပါပွဲတော် မှာ ယဇ်ပူဇော်မှု တစ်ခုကို စေတန်ဘုရားကျောင်း (Temple of Saturn) မှာ ပြုလုပ်ပြီး ထိုယဇ်မှုဇော်ဖို့ အတွက် လူ ကိုတော့ ကျွန်တွေ ရာဇဝတ်မှုသင့်ထားတဲ့ သူတွေ ထဲက ရွေးချယ်ကာ ထို ပွဲတော်ကာလ ၇ ရက်မှာ အဆိုပါ ရွေးချယ်ခံရတဲ့သူကို စည်းစိမ်ခံခွင့်ပေးထားပြီး နောက်ဆုံးရက်ကျမှ ယဇ်ပူဇော်မှု ကို ပြုလုပ်ပါတယ်။ ဒါ့အပြင် ပွဲတော် ကာလ အတွင်းမှာ အဆင့်အတန်းတွေ စည်းကမ်းချက်တွေ ကို ဘေးဖယ်ထားပြီး ကျွန်တွေ လူဆင်းရဲ တွေဟာ သူတို့ရဲ့ သခင် တွေ နဲ့ အတူတူ တစ်ဝိုင်းထဲ မှာ စားသောက်ခွင့် နဲ့ အခြားသောအခွင့်အရေး တွေ ရရှိကြပါတယ်။ စစ်မက် ဖြစ်ပွားတာတွေ ကို ရပ်ဆိုင်းထားကြပြီး ရန်ငြိုးတွေ အမုန်းတရားတွေ ကို ဘေးဖယ် ပြီး ပွဲတော် ကို အတူတူ ပါဝင်ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။

The Feast Of Juul ဆိုတာကတော့ စကင်ဒီနေးဗီးယား နိုင်ငံတွေမှာ ဒက္ခိဏယဉ်စွန်းချိန်မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး သူတို့ကိုးကွယ်တဲ့ နတ်ဘုရားဖြစ်တဲ့ Thor မိုးကြိုးနတ်ဘုရား ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပကြတာပါ။ ပွဲတော် ကာလ အတွင်းမှာ သေချာစွာရွေးချယ်ထားတဲ့ သစ်တုံးကြီး တစ်တုံးကို ပွဲကျင်းပတဲ့ နေရာ အလယ်မှာ ထားကာ ပြာကျတဲ့အထိ မီးရှို့ပြီး ရရှိလာတဲ့ ပြာတွေကိုတော့ နောက်နှစ်မှာ မြေသြဇာကောင်းမွန်စေရန် ရည်ရွယ်ကာ လယ်ကွင်းတွေမှာ ပက်ဖြန်းခြင်း၊ အဆောင် ပစ္စည်း သို့မဟုတ် ဆေးအဖြစ်သုံးစွဲ ရန်အတွက် ရည်ရွယ်ကာ သိမ်းဆည်းထားတတ်ပါတယ်။ အဆိုပါ ပြာ ကို အိပ်ရာအောက်မှာ ထားထားပါ က အဆိုပါ အိမ် ကို မိုးကြိုးရန်က ကာကွယ်ပေးတယ်လို့ လဲအယူရှိကြပါတယ်။
အင်္ဂလန်နိုင်ငံ မှာရှိ တဲ့ Stonehenge ဟာ ဒက္ခိဏယဉ်စွန်းချိန် နောက်ဆုံးနေဝင်တာ နဲ့ ချိန်ထိုး ကာ ဆောက်လုပ်ထားတာဖြစ်ပြီး 3000-2000 BC ခန့် က ဆောက်လုပ်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အိုင်ယာလန်နိုင်ငံရှိ Newgrange အဆောက်အဦးကိုတော့ ဒက္ခိဏယဉ်စွန်းချိန်ပြီး ပထမဆုံးထွက်လာတဲ့ နေ ကို ကြည့်ရှုနိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပြီး 3200 BC ခန့်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ် လူသားတွေ ဟာ အချိန် နေ့ရက်တွေကို မှတ်သားဖို့ အခြားနည်းလမ်းတွေ မရှိခင်မှာ နေ ကို မြင်ရတဲ့ နေရာ ကိုမှတ်သားပြီး ရာသီဥတု ပြောင်းလဲတာကို တွက်ချက်ကြတာပါ။

၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံ အပါအ၀င် မြောက် ကမ္ဘာခြမ်းက နိုင်ငံတွေ အတွက် ဒက္ခိဏယဉ်စွန်းချိန်ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၅၇ မိနစ်မှာ ကျရောက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ ဟာ နေ့တာအတိုဆုံး နဲ့ ညတာ အရှည်ဆုံးနေ့ ဖြစ်မှာပါ။ နောက် ရက်တွေမှာတော့ တဖြည်းဖြည်း နေ့ တာ ပြန်ရှည်လာကာ Summer Solstice ခေါ် ဥတ္တရ ယဉ်စွန်းချိန် မှာ နေ့တာအရှည်ဆုံး ညတာ အတိုဆုံးနေ့ ကို တပတ် ပြန်လည်ရောက်ရှိသွားမှာပါ။

MASES / Min Zaw Moe

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 20/12/2023

Camping under Meteor Shower 2023 @ Kalaw မှာ မပါဝင်လိုက်ရတဲ့သူတွေအတွက်ရော၊ ကြယ်မိုးအများဆုံး ရွာမယ့် နောက်နှစ် ဒီဇင်ဘာ အထိ မစောင့်ချင်ဘူး၊ ကြယ်တွေကြွေတာ ကြည့်ချင်နေပြီဆိုသူတွေအတွက် သတင်းကောင်းလေး ရှိပါတယ်…​

တစ်နှစ်တာလုံးမှာ ကြယ်တွေ ကြွေတဲ့ဖြစ်စဉ်တွေက တစ်နှစ်ကို အကြိမ်ရေများစွာဖြစ်လေ့ရှိပေမယ့် အရေအတွက် များများ မြင်ရတဲ့ အကြိမ်ကတော့ နည်းပါတယ်။

ဒါပေမယ့် လာမယ့် ဇန်နဝါရီ လ (၃) ရက်နေ့ ညမှာ ကျဆင်းမယ့် ကြယ်ကြွေဖြစ်စဉ်က တစ်နာရီ ကို အနည်းဆုံး (၆၀)လုံးလောက် ကြယ်ကြွေတာမြင်ရနိုင်တာကြောင့် အရေအတွက်များတဲ့ ဖြစ်စဉ်ထဲမှာ ပါဝင်ပြီးတော့ (၂၀၂၄)ခုနှစ်အတွက် ပထမဆုံး ကြယ်မိုးရွာတဲ့ညကလေးပေါ့။ နောက်ရက် ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့ ညမှာလည်း ကြယ်မိုးရွာခြင်းက အရေအတွက် နည်းသွားပေမယ့် ဆက်လက် မြင်တွေ့ရမှာပါ။

ဒါ့ကြောင့် MASES - Myanmar Astronomy & Science Enthusiasts Society အနေနဲ့ At Kalaw နဲ့ Kha Yee Sin - ခရီးစဉ် တို့နဲ့ ထပ်မံပူးပေါင်းပြီး (၂၀၂၄)ခုနှစ်အတွက် ပထမဆုံး ကြယ်မိုးရွာခြင်းကို မြင်တွေ့ရမယ့် ညဖြစ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ Camping Under 1st Meteor Shower of 2024 ပွဲလေးကို စီစဉ်ထားရှိပါတယ်။

🔭 ဒီပွဲလေးရဲ့ ထုံးစံအတိုင်း တမူထူးခြားချက်က ဘာလဲဆိုတော့ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့ လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ရှိပါမယ်။ 🌠💫🔭

📢✅ ဒါ့အပြင် နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🧩ကြယ်တာရာတွေအကြောင်း ပိုသိနိုင်မယ့် ပျော်စရာ quiz အစီအစဉ်လေးလည်း ပါမယ်။ 🧩

🏕️Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ် ⛺️🏕️
🔥ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥
🍲🍡အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲

Camping Under 1st Meteor Shower of 2024 ရဲ့ ဈေးနှုန်းလေးကတော့ (၁၀၀,၀၀၀)ကျပ်ပါ 🥳
ဒီ့ထက်ပို သိချင်တာတွေရှိရင်လည်း Chat Box ကိုလာခဲ့ပါ… ဒါမှမဟုတ် 09-953303090, 09 5109622, 09250789486 တို့ကို ဖုန်းဆက်ပြီး လှမ်းမေးလိုက်နော်…

17/12/2023

Orion Nebula and Flame Nebula in Orion Constellation.

Photo Credit to Ye Pyae Photography

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 17/12/2023

၂၀၂၃ အတွက် MASES ရဲ့ တခုထဲသော ကြယ်ကြည့်ပွဲလေးကိုတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ ည Geminids Meteor Shower အများဆုံးကျတဲ့ရက်မှာ ကလောမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးကို အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်အောင် ကလောအခြေစိုက်အဖွဲ့တွေ ဖြစ်တဲ့ At Kalaw နဲ့ Kha Yee Sin - ခရီးစဉ် အဖွဲ့ ၂ ခု နဲ့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။

Photos Credit to The Razi Studio

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 13/12/2023

ကြယ်မိုးအများဆုံး ရွာမယ့် ဒီဇင်ဘာ ၁၄ရက်နေ့ ည

ယနေ့ ဒီဇင်ဘာ ၁၃ ည ကနေ ၁၅ ရက်နေ့ နေမထွက်ခင် အစောပိုင်းတွေ မှာတော့ ကြယ်မိုး ရွာခြင်း ဖြစ်စဉ်တွေ ထဲ က အများဆုံး မြင်ရတဲ့ Geminids Meteor Shower ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနှစ်အတွက် Geminids Meteor Shower အများဆုံးကျဆင်းတာကို မြင်ရမယ့် ရက် က တော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည သန်းခေါင် က နေ ၁၅ ရက်နေ့ မိုးမလင်းခင်အချိန်ထိဖြစ်ပါတယ်။ Timezone မတူတဲ့ နိုင်ငံအလိုက် ဒီ Peak Time ခေါ် အများဆုံးကျဆင်းချိန် ဟာ အနည်းငယ်စီ ကွာခြားပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ အိန္ဒိယနိုင်ငံ အစရှိတဲ့ အိမ်နီးနားချင်းနိုင်ငံ တွေမှာတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ ည သန်းခေါင် အချိန် ဟာ Peak Time ဖြစ်ပါတယ်။ ကျွန်တော်တို့ Page မှာ ၁၃ ရက်နေ့ ည နဲ့ ၁၄ ရက်နေ့ ည ဘယ်ရက် မှာ Peak Time လဲဆိုတာ ကို အတိအကျ လာမေးသူတွေ အတွက် ဖြေကြားပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အနီးဆုံး ဖြစ်ပြီး နက္ခတ္တဗေဒ ဆိုင်ရာ တက္ကသိုလ် ရှိတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညမှာ Geminids Meteor Shower ကို ကြည့်ရှုဖို့ Star Party တွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတာကိုလဲ တွေ့ရပါတယ်။ ကျွန်တော်တို့ MASES အနေဖြင့်လဲ ရှမ်းပြည်နယ်တောင် ပိုင်း ကလောမြို့အနီး မှာ အာကာသ ဝါသနာရှင်တွေ စုပေါင်းပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ ညမှာ Star Party ပြုလုပ်ဖို့ ပြင်ဆင်ထားရှိပါတယ်။ စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေ လာရောက်လိုပါက ကျွန်တော်တို့ Page ကို လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဒီ ကြယ်မိုး က တော့ 3200 Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံ က နေ ကျန်ရစ်ခဲ့ တဲ့ အပိုင်းအစ လေးတွေ ကြောင့် ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ 3200 Paethon ဟာ ၁.၄ နှစ် မှာ တစ်ကြိမ် နေကို လှည့်ပတ်နေတာဖြစ်ပါတယ်။ Geminids Meteor Shower ကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည သန်းခေါင် က နေ ၁၅ ရက်နေ့ မနက် အာရုံမတက်ခင် ထိ အများဆုံး မြင်ရမှာဖြစ်ပြီး တစ်နာရီ ကို ကြယ်မိုးပေါင်း ၁၅၀ လောက်ထိ မြင်ရမှာဖြစ်ပါတယ်။ ဒီနေ့ည ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လဲ အများဆုံးကျဆင်းတဲ့အချိန်မဟုတ်သေးပေမယ့်လဲ မြင်ရမှာဖြစ်ပြီး ဒီနှစ် Geminids ကြယ်မိုးရွာတဲ့ ရက်ဟာ လကွယ်နေ့ နဲ့နီးကပ်နေတာကြောင့် လ ရဲ့ အလင်းရောင် နှောင့်ယှက်မှု မရှိသလောက်နည်းပါးပြီး တောက်ပတဲ့ ကြယ်မိုး အရေအတွက် များစွာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကြယ်မိုးရွာ တယ်ဆိုတာ အာကာသ ထဲရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ ၊ ဥက္ကာပျံ တွေရဲ့ လမ်းကြောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှား တွေ က ကမ္ဘာ က နေကို ပတ်နေတဲ့ လမ်းကြောင်း ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။

Geminids Meteor Shower ကို ကြည့် ရှုမယ်ဆိုပါ က အလင်းရောင် နည်းပါးတဲ့ နေရာ ကနေ အရှေ့ဖက် ကောင်း ကင် ကို စောင့်ကြည့်နိုင်ပါတယ်။ ဆောင်းရာသီ ဖြစ်တာကြောင့် နွေးနွေးထွေးထွေး ဝတ်ပြီး ကြည့်ဖို့လဲ အကြံပြုလိုပါတယ်။

~ MASES/MZM

27/11/2023
Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 18/11/2023

Elon Musk ရဲ့ SpaceX ကုမ္ပဏီ အနေနဲ့ အာကာသ သမိုင်းမှာ အရွယ်အစား အကြီးမားဆုံးနဲ့ စွမ်းအား အမြင့်ဆုံး ဒုံးပျံစနစ်ကို မကြာခင်မှာ ဒုတိယအကြိမ် စမ်းသပ်လွှတ်တင်ဖို့ ပြင်ဆင်နေကြပါတယ်။ ယနေ့ ည မြန်မာ စံတော်ချိန် ၇:၃၀ နာရီခန့်မှာ စမ်းသပ်လွှတ်တင်မှာဖြစ်ပြီး ယခုတကြိမ် ဟာ လွှတ်တင်ရန် ကြိုးစားမှု ပထမအကြိမ်ဖြစ်ပါတယ်။ ဧပြီ ၂၀ ရက်နေ့တုန်း က ပထမအကြိမ် စမ်းသပ်လွှတ်တင်ခဲ့တာဖြစ်ပြီး နည်းပညာအခက်အခဲ တစ်ခုကြောင့် မျှော်မှန်းထားတဲ့ ရလဒ် မရရှိခဲ့ပဲ SpaceX အနေ နဲ့ လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာ ဒုံးပျံကို ဖောက်ခွဲခဲ့ရပါတယ်။ ယခု တကြိမ်မှာ လဲ မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေ ပေါ်လာနိုင်တယ်လို့ SpaceX ဖက်က ပြောကြားထားတာဖြစ်ပြီး လွှတ်တင်ဖို့ကို လဲ ရက်ရွှေ့ဆိုင်းတာဟာ ဖြစ်နိုင်ခြေရှိနေပါသေးတယ်။ Starship လွှတ်တင်တာကိုတော့ အမေရိကန်နိုင်ငံ Texas မှာရှိတဲ့ SpaceX ရဲ့ စခန်းတစ်ခုဖြစ်တဲ့ Starbase ကနေ ပြုလုပ်မှာဖြစ်ပါတယ်။

Starship လို့အမည်ပေးထားတဲ့ ယခု ဒုံးပျံ စနစ်ဟာ အမြင့်ပေပေါင်း ၄၀၀ ခန့် မြင့်မားပြီး လောင်စာအပြည့်ဖြည့်ထားပါက အလေးချိန်အနေနဲ့ တန်ပေါင်း ၅၀၀၀ ခန့် လေးပါတယ်။ Starship ဟာ အပြည့်အ၀ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံအမျိုးအစား ဖြစ်ပြီး နောင်တချိန်မှာ လပေါ် ကို လူ ပြန်လည်သွားရောက်မယ့် အစီအစဉ်တွေ မှာအသုံးပြုဖို့ တည်ဆောက်ထားတာဖြစ်ပြီး Elon Musk က တော့ အင်္ဂါဂြိုဟ် (Mars) ပေါ်ကို လူတွေ ကို သယ်ဆောင်သွားမယ့် ဒုံးပျံ ဖြစ်လာမယ်လို့ လဲ ပြောထားပါတယ်။ ယနေ့ လွှတ်တင်မယ့် Starship ရဲ့ ပျံသန်းမယ့် အစီအစဉ်ဟာ ပထမအကြိမ် နဲ့ အနည်းငယ်ကွာခြားပါတယ်။ လွှတ်တင်မယ့် ဒုံးပျံမှာ အဆင့် ၂ ခု ပါဝင်ပြီး အစီစဉ်တိုင်းသာဖြစ်ခဲ့ပါက အဆိုပါ အဆင့် ၂ ခုဟာ လွှတ်တင်ပြီး ၂ မိနစ် စက္ကန့် ၄၀ အကြာမှာ ခွဲထွက်ကြမှာဖြစ်ပြီး Super Heavy ဒုံးပျံပါဝင်တဲ့ အောက်အဆင့်ဟာ လွှတ်တင်ပြီး ၇ မိနစ်အကြာမှာ မက္ကဆီကို ပင်လယ်ကွေ့မှာ ပင်လယ်ထဲကို ဆင်းသက်မှာဖြစ်ပါတယ်။ Star Ship ပါဝင်တဲ့ အပေါ်ဆင့် ဟာ အပေါ်ကို ဆက်တက်သွားမှာပြီး ကမ္ဘာပတ်ဖို့ အတွက်လိုအပ်တဲ့ အလျင်နှုန်းဖြစ်တဲ့ 17000 mph နီးပါးထိ အမြန်နှုန်း ကိုရောက်ရှိမှာဖြစ်ပေမယ့် ကမ္ဘာကို တော့ တစ်ပတ် အပြည့်ပတ်မှာ မဟုတ်ပါဘူး။ စတင်လွှတ်တင်ပြီး မိနစ် ၉၀ အကြာမှာတော့ ဟာဝိုင်အီ ကျွန်းအနီး ပစိဖိတ် သမုဒ္ဒရာထဲမှာ ပြန်လည်ဆင်းသက်မှာဖြစ်ပါတယ်။ ယခု လွှတ်တင်မယ့် Starship Prototype က တော့ ပြန်လည်အသုံးပြုဖို့ မဟုတ်ပဲ စမ်းသပ်ပျံသန်းဖို့အတွက် တစ်ကြိမ်သုံးဖြစ်ပေမယ့် နောင်အနာဂတ်မှာတော့ Starship ရဲ့ အဆင့် ၂ ခုလုံးကို ပြန်လည်အသုံးပြုနိုင်အောင် တည်ဆောက်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Starship ဟာ သမုဒ္ဒရာထဲကို တိုက်ရိုက်ကျဆင်းမှာဖြစ်ပြီး ယခင် version တွေဖြစ်တဲ့ Falcon 9 နဲ့ Falcon Heavy ဒုံးပျံ တွေတုန်းကလို Drone ship ပေါ်ကိုဆင်းသက်မှာမဟုတ်ပါဘူး။

ဒီ လင့်ကနေ Starship လွှတ်တင်တာကို တိုက်ရိုက်စောင့်ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=uOI35G7cP7o

~ MASES / MZM

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 17/11/2023

ယနေ့ည နိုဝင်ဘာလ ၁၇ ရက်နေ့ ည နှင့် ၁၈ ရက်နေ့ မနက် အစော ပိုင်းမှာ Leonids Meteor Shower ကြယ်မိုး ရွာတဲ့ ဖြစ်စဉ် ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ် ဟာ နှစ်စဉ် တွေ့မြင်ရတဲ့ ကြယ်မိုးရွာတဲ့ဖြစ်စဉ်တွေ ထဲမှာ ထင်ရှားတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပြီး အများဆုံး တစ်နာရီမှာ ဥက္ကာခဲပေါင်း ၁၅-၂၀ ခန့် ကမ္ဘာ့လေထု ထဲကို ဝင်ရောက် ကျဆင်းလေ့ရှိပါတယ်။

Leonids ကြယ်မိုးကို ကြည့်ရှုမယ်ဆိုပါက အလင်းရောင် နည်းပါးပြီး ကောင်းကင်ကြည်လင်တဲ့ နေရာ မှာ အရှေ့တောင်ဖက်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ Leo Constellations ရှိရာအရပ်မှ ကျဆင်းတာကြောင့် Leonids Meteor Shower လို့ခေါ်ဆိုတာဖြစ်ပါတယ်။ ည ၁၂ နာရီ ခန့်မှ မနက် နေမထွက်ခင်အချိန်အထိ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Leonids Meteor Shower မှာ ကျဆင်းတဲ့ ဥက္ကာခဲလေးတွေဟာ Comet Tempel-Tuttle ကြယ်တံခွန် မှ ကျန်ရစ်ခဲ့တဲ့ ကျောက်သား အစိုင်အခဲလေးတွေ ဖြစ်ပြီး အဆိုပါ ကြယ်တံခွန်ဟာ နေအဖွဲ့အစည်း အတွင်းပိုင်း ကို ၃၃.၃ နှစ်မှာ တစ်ကြိမ်လှည့်ပတ်နေတာဖြစ်ပါတယ်။ Tempel-Tuttle ကြယ်တံခွန်ဟာ ၂၀၃၁ ခုနှစ်မှာ မှာမှ နေ အနီးမှ ထပ်မံ ဖြတ်သန်းသွားမှာဖြစ်ပေမယ့် သူ့ရဲ့ နေကို လှည့်ပတ်နေတဲ့ ပတ်လမ်းထဲမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်တုံးလေး တွေ ကို ကမ္ဘာ မှ နှစ်တိုင်း ဖြတ်သန်းသွားတာကြောင့် Leonids Meteor Shower အနေနဲ့ တွေ့မြင်ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ သူတွေ နိုဝင်ဘာ ၁၇ရက်နေ့ ည မှာ တိမ်ကင်းစင်နေပါက ည ၁၂နာရီ မှ မနက် ၄ နာရီ ခန့်အတွင်း အရှေ့တောင်ဖက်ကောင်းကင်ကို စောင့်မျှော်ကြည့်ရှုပါက လင်းလက်တဲ့ ဥက္ကာခဲ ကျဆင်းမှု လေးများကို မျက်မြင်တွေ့ရမှာဖြစ်ပါတယ်။

~ MASES/MZM

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 12/11/2023

Camping under Meteor Shower @ Kalaw 🌠 ✨🌟💫🔭

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်လေးကတော့ ဒီနှစ်မှာ ဒီဇင်ဘာလ (၁၃) ရက်နေ့လေးပါပဲ…
အဲ့ဒီနေ့မှာ တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေမယ့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ညကောင်းကင်ကြီးအကြောင်း ၊ ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာနိုင်ဖို့ တမူထူးခြားတဲ့ Camping under Meteor Shower အစီအစဉ်လေး ရှိပါမယ် 💫🌠🌌

ကျွန်တော်တို့ MASES - Myanmar Astronomy & Science Enthusiasts Society ၊ Kha Yee Sin - ခရီးစဉ် နဲ့ ကလောအခြေစိုက် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ At Kalaw တို့ ပူးပေါင်းပြီး စီစဉ်တာဖြစ်ပြီး နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🔭 တမူထူးခြားတာလေးက ညပိုင်းမှာ နက္ခတ်တာရာ၊ မစ်ကီးဝေး၊ ဂလက်ဆီ၊ နက်ဗျူလာနဲ့ ဂြိုဟ်များကို တယ်လီကုပ်များ အသုံးပြုပြီး လက်တွေ့ လေ့လာကြည့်ရှုခြင်းနဲ့ Astrophotography လက်တွေ့ရိုက်ကူးခြင်း စတာတွေကို ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ 🌠💫🔭

Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ်⛺️🏕️
ကလောကနေ Campsite ကိုသွားဖို့ အသွားအပြန် ကားစီစဉ်ပေးမယ် 🚌
ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥🌌
ညစာနဲ့ မနက်စာအတွက် အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲
ပျော်စရာ အသိဉာဏ်တိုးစရာ ဂိမ်းလေးတွေကလည်း မပါမဖြစ်ပေါ့လေ… 🧩
နိုဝင်ဘာ (၂၀) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းမယ့် Earlybird လေးတွေအတွက်လည်း Special Discount ရှိပါတယ်… 🤩
အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေအတွက် Chat Box မှာ လာမေးလို့ရပါတယ် 🥰

01/11/2023

ဒီနေ့ဟာ MASES - Myanmar Astronomy & Science Enthusiasts Society ကို ထူထောင်သူတွေထဲက တစ်ဉီးဖြစ်တဲ့ ကိုဇော်မြင့်သူကွယ်လွန်ခြင်း တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်။ ကိုဇော်မြင့်သူကွယ်လွန်သွားခြင်းဟာ MASES အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ရပါတယ်။

ကိုဇော်မြင့်သူကို MASES ညီအစ်ကိုမောင်နှမများက အချိန်နဲ့အမျှသတိရတမ်းတလျှက်ရှိပါတယ်။ အထူးသဖြင့် ညကောင်းကင်ကို မော့်ကြည့်မိတိုင်းသတိရပါတယ်။

MASES

28/10/2023

Partial Lunar Eclipse Oct 2023.
Taken from Kalaw, Myanmar.

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 28/10/2023

လတစိတ်တပိုင်းကြတ်ခြင်းကို မြန်မာနိုင်ငံမှမြင်ရမယ့် သီတင်းကျွတ်လပြည့်နေ့

ယနေ့ည အောက်တိုဘာ လ ၂၈ ရက်နေ့ ည သန်းခေါင်ကျော် အချိန်မှာ လတစိတ်တပိုင်းကြတ်ခြင်းဖြစ်စဉ် ( Partial Lunar Eclipse ) ကို မြန်မာနိုင်ငံမှ မြင်ရမှာဖြစ်ပါတယ်။ လ ကြတ် တဲ့ဖြစ်စဉ် စတင်တဲ့အချိန် ဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေ ရဲ့ ညသန်းခေါင် ကျော်အချိန် ၁၂ ခွဲ နာရီ ဝန်းကျင်ခန့်မှာ စတင်မှာပါ။ လကြတ်ခြင်းဖြစ်စဉ် ကြာချိန်အားဖြင့် ဖြစ်စဉ်အစ အဆုံး ၄ နာရီ ၂၅ မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ လကြတ်ခြင်း ဖြစ်စဉ် အချိန်ဇယား ကိုအောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။

လ စတင်ကြတ်ချိန် ၁၂း၃၀
လ တစိတ်တပိုင်း စကြတ်ချိန် ၂း၀၅
လ တစိတ်တပိုင်း အမြင့်ဆုံး ကြတ်ချိန် ၂း၄၄
လတစိတ်တပိုင်းကြတ်ခြင်း ပြီးဆုံးချိန် ၃း၂၂
လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန် ၄း၅၆

အချို့လကြတ်တဲ့အချိန်တွေမှာ လက သွေးနီရောင်ပြောင်း သွားတတ်ပါတယ်။ ဒီလိုအနီရောင်ပြောင်းသွားတာက ဘာလို့လဲဆိုတော့ နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားတဲ့အခါ နေရောင်ထဲမှာပါတဲ့ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စတဲ့အရောင်တွေဟာ လေထုထဲမှာ refract (အလင်းယိုင်) သွားတာကြောင့် ကျန်နေတဲ့အနီရောင်ကသာ လပေါ်ကိုကျရောက်တဲ့ အတွက် လက အနီရောင်ပြောင်းသွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ လေထုထဲမှာ ရှိတဲ့ ဖုန်မှုန့်တွေ နဲ့ အမှုန်အမွှားတွေ မီးခိုးတွေ ကြောင့် အနီရောင် အနေနဲ့ မြင်ရတာလဲဖြစ်ပါတယ်။

လပြည့်တဲ့အချိန်မှာ ကမ္ဘာဟာ နေနဲ့ လကြားကျရောက်တဲ့ အတွက်“လကြတ်”တာကလဲ လပြည့်နေ့မှာပဲဖြစ်ပေါ်ပါတယ်။ လဟာ ကမ္ဘာရဲ့ အရိပ်ထဲ ဝင်သွားတဲ့အတွက်လကြတ်ခြင်း ဆိုတာဖြစ်ပေါ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကမ္ဘာက နေနဲ့လကြား ရောက်နေတဲ့အချိန်မှာ ကမ္ဘာ၊ နေ၊ လ ဟာ တစ်တန်းတည်းဖြစ်ဖို့လိုတာကြောင့် လပြည့်ညမှာသာ လကြတ်ခြင်းဖြစ်ပေါ်တာပါ။ ဒါ့အပြင် လ အမှန်တကယ်ပြည့်တဲ့ရက် သို့မဟုတ် လကြတ်ခြင်း ဖြစ်ပေါ်တဲ့နေ့ နဲ့ မြန်မာ ပြက္ခဒိန်ထဲ က လပြည့်နေ့ ဟာ တချို့ လတွေမှာ တရက် ကွာခြားပါတယ်။

လပြည့်တဲ့ အချိန်နဲ့ နောက်တစ်ခါထပ် လပြည့်မယ့်အချိန် နှစ်ခုကြားက ကြာချိန်က ပျမ်းမျှ ၂၉.၅၃ ရက်ရှိပါတယ်။ အဲ့တာကြောင့် လဆန်းတစ်ရက်နေ့မှာ လတစ်ခုကိုစတဲ့ လကိုအခြေခံတဲ့ ကျွန်တော်တို့မြန်မာပြက္ခဒိန်လိုမျိုး ပြက္ခဒိန်တွေမှာဆိုရင် လပြည့်နေ့ဟာ ၁၄ရက်နေ့ ဒါမှမဟုတ် ၁၅ရက် နေ့မှာကျရောက်တာပါ။ ဘာလို့လဲဆိုတော့ ပြက္ခဒိန်တွေမှာ ရက်တွေက အပြည့်ကိန်းတွေအနေနဲ့ ပါဝင်ပြီး လတစ်လဟာ ၂၉ရက်/ ၃၀ရက်လောက် ပါဝင်နေလို့ပဲဖြစ်ပါတယ်။

လကြတ်ခြင်းဖြစ်စဉ် ကို စောင့်ကြည့်မယ်ဆိုပါ က လ ခေါင်းပေါ်တည့်တည့်ရောက်နေချိန် ည သန်းခေါင် ၁၂ နာရီခွဲ ခန့်ကစပြီး ကောင်းကင် ကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့နေရာ ကနေ စောင့်ကြည့်ဖို့ အကြံပြုလိုပါတယ်။ မြန်မာနိုင်ငံမှာ အချို့နေရာများမှာ မိုးတိမ်များရှိနေပြီး မိုးရွာနေဆဲ ဖြစ်တာကြောင့် လကြတ်ခြင်းဖြစ်စဉ်ကို မြင်တွေ့ရဖို့ခက်ခဲပါမယ်။

~ MASES / MZM

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

မြန်မာနိုင်ငံအနှံ့အပြားက MASESမိတ်ဆွေများအတွက် Total Lunar Eclipse 8th Nov, 2022
Space junk, 1962-2022
Mercury’s retrograde motion

Telephone

Address

Yangon

Other Nonprofit Organizations in Yangon (show all)
British Council Myanmar British Council Myanmar
78, Strand Road, Kyauktada Township
Yangon, 11182

We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...

Internet Society Myanmar Chapter Internet Society Myanmar Chapter
Yangon

We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.

Myanmar Storytellers Myanmar Storytellers
Online
Yangon, 095

မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူငယ်လူ

Movement during Crisis Movement during Crisis
Yangon

အများပြည်သူရွေးချယ်တင်မြှောက်ထားသ?

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

TMK Philanthropic သန်းမင်းကြွယ် ပရဟိတ TMK Philanthropic သန်းမင်းကြွယ် ပရဟိတ
သုနန္ဒာ(12)လမ်း
Yangon

People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...

B.M.G spt B.M.G spt
ထန်း‌ေြခာက်ပင်
Yangon

Anthropology Association Myanmar - AAM Anthropology Association Myanmar - AAM
Yangon

We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...

Given Kindness And Charity Organization Given Kindness And Charity Organization
No. 101/5 Street/Zayyar Thiri Ward, Dawbon Township
Yangon

Equality Rights Equality Rights
Yangon, 12

Forward Myanmar Institute - FMI Forward Myanmar Institute - FMI
Gadamar Street
Yangon, 11421

We have reinvented as a non profit organization for continuing education for electrical, electronic, mechatronic, embedded and control, and IT and computer science students in Myan...

Grace Home For The Needy Children Grace Home For The Needy Children
No. 12, U Pho Khin Lane, Karen National Qr, Kyimyindine Township
Yangon, 11101

Grace Home help the needy children, the poor students to be able to continue their studies and to get a job for their survival.