Saw Kapi
Nearby public figures
Yangon <<NOT-APPLICABLE>>
No Yangon Pyay Road, Yangon
Upper Maharbandula Garden Street, Yangon
09455766670, Yangon
Kajang
No.15-A, Golden Valley Avenue Road, Bahan Township, Yangon
Ahyoekone Street, Yangon
Yangon 00000
Yangon
Kawasaki-shi 213-0002
A passionate educator and a believer of right to self-determination for all peoples
◉ ကရင့်တော်လှန်ရေးလမ်းဆုံနှင့် နိုင်ငံရေးအတွေးစများ ◉
By စောကပီ
___________
လာမည့်နှစ် ဇန်နဝါရီလ(၃၁)ရက်ဆိုလျှင် ကရင်အမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်မှာ (၇၅)နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။ ၁၉၄၉ ခုနှစ်ကတည်းက ကြုံတွေ့လာခဲ့ရသည့် ဖြတ်သန်းမှုနှင့်အတူပေးဆပ်ခဲ့ရသည့် အသက်ပေါင်းများစွာကို အတိအကျရေတွက်နိုင်ရန်မူကား ခက်ခဲလွန်းလှသည်။ လူမသိသူမသိအသက်စတေးခဲ့ကြသူပေါင်း မြောက်များစွာရှိသကဲ့သို့ လူသိရှင်ကြားအသက်ဆုံးရှုံးခဲ့ကြသူများလည်း ဒုနဲ့ဒေးဖြစ်သည်။ အခက်အခဲပေါင်းမြောက်များစွာကို ကျော်ဖြတ်နိုင်ခဲ့ရုံမက ခေတ်စနစ်အဖုံဖုံကိုလည်း ဖြတ်သန်းခဲ့ရပြီး အတွေ့အကြုံရင့်ကျက်သည့် တော်လှန်ရေး၊ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး တော်လှန်ရေးဟုဆိုပါကလည်း မမှားပေ။
ဤကဲ့သို့ တော်လှန်ရေးတွင် ကရင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ကော်သူးလေပြည် တည်ထောင်ရေးပန်းတိုင်နှင့် ယနေ့ထက်ထိတိုင် တစိုက်မတ်မတ် ဦးဆောင်တိုက်ပွဲဝင်လာခဲ့သည့် တခုတည်းသောအဖွဲ့အစည်းမှာ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး (KNU- Karen National Union)ပင် ဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ခေတ်အဆက်ဆက် မြန်မာအာဏာရှင်အဆက်ဆက် (အမျိုးမျိုး)ကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေသည့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးသည် ခြောက်ပြစ်ကင်း သဲလည်းစင်တော့ မဖြစ်နိုင်သည်မှာ သေချာလှသည်။ အပြစ်အနာအဆာ များစွာရှိနေသည်ကိုလည်း ငြင်းချက်ထုတ်စရာမလိုဟု ယူဆပါသည်။ အားသာချက်များစွာရှိသကဲ့သို့ အားနည်းချက်များလည်း တပုံတပင်ဖြစ်နိုင်သည်။ စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရသည်မှာလည်း သိသာမြင်သာဖြစ်သည်။ သို့သော် အသစ်ပေါ်ထွန်းလာသည့် အခွင့်အလမ်းများလည်း ရှိနေသည်ကို သတိလက်လွတ် မဖြစ်ဖို့လိုပါသည်။
ဤကဲ့သိုသော အခြေအနေတွင် ကရင်အမျိုးသားတော်လှန်ရေး၏ အခြေခံအတွေးအခေါ်အယူအဆများကိုလည်း မှတ်သားနာယူရန် လိုအပ်သကဲ့သို့ ဆင်ခြင်သုံးသပ်ကြရန်လည်း အရေးကြီးပေသည်။ နည်းပညာအပြောင်းအလဲဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လွန်းလှသည့် ကာလတွင် တရားသေ လှေနံဓားထစ်အယူဝါဒဖြင့် ကျော်ဖြတ်ဖို့ ကြိုးစားပါက မလိုအပ်ဘဲ တော်လှန်ရေး သက်ဆိုးရှည်သွားနိုင်ပါသည်။ လက်နက်ကိုင်တော်လှန်ရေး ဒီကနေ့ထက်ထိ မကျဆုံးဘဲ ရပ်တည်နေနိုင်သေးသည်မှာ ကရင်အမျိုးသားများအတွက် ဂုဏ်ယူစရာဟုဆိုနိုင်သော်လည်း၊ လက်နက်ကိုင်တော်လှန်ရေးသက်တမ်း အဘယ်ကြောင့် ရှည်ကြာလွန်းရပါနည်း ဆိုသည်ကို ကျနော်တို့အားလုံးက သုံးသပ်ကြဖို့တာဝန်ရှိပါသည်။ မိမိကိုယ်မိမိ မသုံးသပ်မဆင်ခြင်ပါက သူတပါးကလာ၍ သုံးသပ်သွားသည်ကို ခံရမည်မှာဧကန်မလွဲပါ။ အပြုသဘော သုံးသပ်ခြင်းဖြစ်ဖို့နှင့် အားနည်းချက်ရှိက ပြင်ဆင်လိုစိတ်ရှိခြင်း ကသာလျှင် အရေးကြီးပါသည်။
ကရင့်တော်လှန်ရေး၏ အခြေခံအတွေးအခေါ်အုတ်မြစ်ကို ချမှတ်ပေးခဲ့သူသည် ကော်ခိုစောဘဦးကြီးပင်ဖြစ်သည်။ ဤနေရာတွင် သူ့အကြောင်းအကျယ်တဝင့် မပြောလိုတော့ပါ့။ သူချမှတ်ခဲ့သည့် မူ (၄)ချက်မှာ …
၁။ လက်နက်ချစကား အလျဉ်းမပြောရ
၂။ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်
၃။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်
၄။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံ စေရမည် ဟူ၍ဖြစ်သည်။
ဤရိုးရှင်းလွန်းလှသည့် မူလေးချက်ကို ကရင့်တော်လှန်ရေးအား ဦးဆောင်ပဲ့ကိုင်နေသည့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးက ယနေ့ထိတိုင် စွဲကိုင်ထားသည်မှာ ရှင်းလင်းထင်ရှားလှသည်။ ထိပ်ပိုင်းခေါင်းဆောင်တဦးစ နှစ်ဦးစက သွေဖြည်သွားခဲ့သည့် သာဓကများရှိသော်လည်း အများစုက ထိုမူလေးချက်ကို ဆုပ်ကိုင်ထားသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မူလေးချက်ကို မေးခွန်းထုတ်စရာ အကြောင်းမရှိပေ။ မေးခွန်းထုတ်ဖို့ကြိုးစားပါကလည်း နိုင်ငံရေးအပယ်ခံဘဝ ရောက်သွားနိုင်သည်။
သို့သော် ကရင်လူမျိုးများအနေဖြင့် ကော်ခိုစောဘဦးကြီး ချမှတ်ပေးခဲ့သည့် တန်ဖိုးဖြတ်၍ပင် မရနိုင်သည့် ဤမူလေးချက်ကို လေးလေးနက်နက် အဓိပ္ပါယ်ဖွင့်ဆိုရန် အချိန်ရောက်ပြီဟုဆိုနိုင်သည်။
လက်နက်ချစကား အလျှင်းမပြောရ ဆိုသည့်အချက်က ပြတ်သားသည်။ ရန်သူထံအညံ့မခံခြင်းကို ဆိုလိုသည်မှာရှင်းသည်။ ရန်သူနှင့်ဆွေးနွေးခြင်းမပြုရဟု ဆိုလိုခြင်း မဟုတ်သည်မှာလည်း ရှင်းသည်။ နိုင်ငံရေးပြဿနာများကို ဖြေရှင်းသည့်အခါ တနေ့တချိန်မှာတော့ စားပွဲဝိုင်းပေါ်တွင် အဖြေရှာရစမြဲဖြစ်သည်။ အချိန်အခါနှင့်အခြေအနေမှန်ဖြစ်ဖို့သာလျှင် အဓိကအရေးကြီးသည်။ ၂၀၁၀ ခုနှစ်လွန်ကာလတလျှောက်လုံး ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များက ဤနည်းနာကို အသုံးပြုခဲ့ကြသည်။ မြန်မာစစ်တပ်၏ သဘောထားမမှန်ကန်မှုကြောင့် ကြိုးစားခဲ့သမျှ အချည်းနည်းခဲ့ရသည်မှာ ကျနော်တို့အားလုံးအသိ ဖြစ်သည်။
ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည် ဆိုသည့်အချက်က စကားလုံအကျအနကောက်ပြီး စဉ်းစားပါကအနည်းငယ် ဝေဝါးစေနိုင်သည်။ နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့ကြသည့်သူများကလည်း ၎င်းတို့လက်နက် ၎င်းတို့လက်ထဲတွင်သာရှိကြောင်း တတွင်တွင်ပြောဆိုနေခဲ့ကြသည်ကို ကြားဖူးကြမည်ဖြစ်သည်။ မိမိတို့အလိမ်ခံရသည်ကို လက်ခံရန်ခက်ခဲ၍ ဆင်ခြေပေးခြင်းသာ ဖြစ်နိုင်သည်။ သို့မဟုတ် အ လွန်းသောကြောင့် မြန်မာစစ်တပ်အသုံးချခံ ဖြစ်နေသည်ကိုပင် မသိခြင်းလည်းဖြစ်နိုင်သည်။ ကရင့်လက်နက် ကရင်လက်ထဲရှိပါလျှက်နှင့် ကရင်အချင်းချင်း အပြန်အလှန်ပစ်ခတ်နေကြသည်မှာလည်း နားလည်ရခက်လှသည်။ ထိုသူများသည် အသိဉာဏ်ခေါင်းပါးလွန်းသည်ဟု ယူဆရုံမှတစ်ပါး အခြားပြောစရာမရှိ ဖြစ်ရသည်။
ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည် ဆိုသည့် တတိယအချက်က အဓိပ္ပါယ်ဖွင့်ရန် အလိုအပ်ဆုံးအချက်ဖြစ်သည်။ကရင်အမျိုးသားတို့၏ ကံကြမ္မာ ဆိုသည်မှာအဘယ်နည်း — လေးလေးနက်နက်စဉ်းစားဖို့ လိုအပ်လှသည်။ ခေတ်စကားနှင့်ပြောရလျှင် အင်ဒီကေတာ (indicators) ရှိဖို့လိုအပ်သည်။ မည်သို့သောအချက်များ ရရှိမှာသာလျှင် မိမိအမျိုးသားကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးနိုင်သည်ဟု ယူဆမည်နည်း ဆိုသည့်မေးခွန်းကို ဖြေရန်လိုအပ်နေသည်။
အထူးသဖြင့် ကရင်အမျိုးသားထုတစ်ရပ်လုံး၏ နိုင်ငံရေး စီးပွါးရေး လူမှုရေးကံကြမ္မာကို ဆိုလိုခြင်းဖြစ်သည်။ထိုသို့ဆိုပါက နိုင်ငံရေးကံကြမ္မာဆိုသည်မှာ အဘယ်နည်း။ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ယန္တယားများ မတည်ဆောက်ဘဲ အကောင်အထည်ဖေါ်ရန် မဖြစ်နိုင်သည်မှာလည်း ထင်ရှားသည်။ အုပ်ချုပ်ရေးအတတ်ပညာ အုပ်ချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စုစည်းမှု နည်းစနစ် အစရှိသည်တို့ကို တည်ဆောက်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ လက်တွေ့အကောင်အထည်ဖေါ်ရန် ကြိုးစားသည့်အခါ မိမိတို့ လိုရာပန်းတိုင်ရောက်မရောက် သိနိုင်မည်ဖြစ်သည်။ တော်လှန်ရေးကာလဖြစ်သည့်အတွက် အုပ်ချုပ်ရေးကိစ္စများကို လစ်လျူရှုမည်ဆိုပါက အမှားကြီးမှားသွားနိုင်သည်။
တဆက်တည်း စဉ်စားတွေးခေါ်ဖို့လိုအပ်သည်မှာ လူနှင့်ပထဝီအနေအထား ဆက်စပ်နေသည့်ကိစ္စပင်ဖြစ်သည်။ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးဖို့က လူမျိုးနှင့်ဆိုင်သည် မဟုတ်ပါလား — မည်သည့်နေရာမှာပင် နေပါလေ့စေပေါ့။ တတိယမူ (လူမျိုးအခြေခံစဉ်းစားချက်) နှင့် စတုတ္ထမူ (နေရာဒေသအခြေခံစဉ်းစားချက်) ဤနှစ်ချက်ကိုဆက်စပ်စဉ်းစားရမည်ဟု ကျနော်မြင်မိသည်။
ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံ စေရမည် ဆိုသည့်အချက်တွင် ရရှိလိုသည့် ကရင်ပြည်၏အကျယ်အဝန်းကို လက်ရှိအခြေအနေဖြင့် ချိန်ထိုးစဉ်းစားတတ်ရန်လိုသည်။ နိုင်ငံရေး စစ်ရေးအရ ဖြစ်တန်ချေများကို တွက်ဆထားရမည်။ သို့မှသာ အပေးအယူ အလျှော့အတင်းကို အသင့်တော်ဆုံး ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ကရင်ပြည် သို့မဟုတ် ကော်သူးလေကို တည်ဆောက်လိုသူများသည် ကော်သူးလေတွင် နေထိုင်လိုစိတ်ရှိသူများဖြစ်ရန်လည်း လိုအပ်သည်။ အထူးသဖြင့် တည်ဆောက်လိုသည့် ကော်သူးလေ၏ အကျယ်အဝန်းနှင့်ကော်သူးလေ၏ အုပ်ချုပ်ရေးစနစ်အမျိုးအစားများကို ဆုံးဖြတ်ရာတွင်ပါဝင်လိုပါက ထိုတည်ဆောက်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် လက်တွေ့ကျကျ ပါဝင်ရန်လိုအပ်သည်။ အင်္ဂလိပ်ဘာသာဖြင့် state building ကိစ္စများကို ရည်ညွှန်းပါသည်။
မိမိလူမျိုး၏ကံကြမ္မာကိုဖန်တီးရာတွင် အခြားသောလူမျိုးများနှင့်လည်း လက်တွဲကြိုးပမ်းသွားရန်လိုအပ်သည်။အခြားသောတိုင်းပြည် သို့မဟုတ် နေရာဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်နေရသော ကရင်လူမျိုးများအတွက်လည်းပါဝင်ခြင်းကြောင့် ဖြစ်သည်။ သတိချပ်ရမည်မှာ တည်ထောင်လိုသည့် ကော်သူးလေအကျယ်အဝန်းနှင့် ကရင်လူမျိုးများ ရှင်သန်နေထိုင်ကြသည့် နေရာဒေသများအားလုံး ထပ်တူကျရန် မဖြစ်နိုင်သကဲ့သို့ တည်ဆောက်မည့် ကော်သူးလေပြည်ကို အုပ်ချုပ်သည့်အခါတွင်လည်း ကရင်လူမျိုးတမျိုးတည်းကိုသာလျှင် ကွက်ပြီးအုပ်ချုပ်စီမံခန့်ခွဲမည်ဟု ဆို၍မရ။
အမည်နာမနှင့် ဝိသေသလက္ခဏာအားဖြင့် ကော်သူးလေ ဆိုသော်လည်း ကရင်မဟုတ်သော မှီတင်းနေထိုင်သူလူမျိုးစုပေါင်းများစွာရှိနိုင်သည်။ ထို့ကြောင့် ကော်သူးလေ နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကိုလွှမ်းခြုံနိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် အစီအမံများ ထားရှိရန်လိုအပ်သည်။ ကော်သူးလေပြည်တွင် နေထိုင်ခြင်းမရှိသော ကရင်လူမျိုးများစွာလည်း ရှိနေဦးမည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ၎င်းတို့အား နေထိုင်အခြေချရာဒေသသို့မဟုတ် နိုင်ငံတစ်ခုခုတွင် လူသားတို့၏ နဂိုမူလရပိုင်ခွင့်များကို ရလိုသည်ဆိုပါက ကော်သူးလေပြည်တွင်အခြေချနေထိုင်ကြသူများအားလုံးကိုလည်း ၎င်းတို့၏အခွင့်အရေးများကို အာမခံရန် လိုအပ်မည်ဖြစ်သည်။
ယခုကဲ့သိုပြောလိုက်သည်နှင့် ကော်သူးလေပြည်က လွတ်လပ်တဲ့တိုင်းပြည်ဖြစ်ရမှာလား ပြည်ထောင်စုတခုခုထဲမှာရှိရမည့်ပြည်နယ်လား ဆိုသည့်မေးခွန်းကို မေးလိုကြသည့် ကရင်လူကြီးလူငယ်အမြောက်အများ ရှိကြမည်ကို သဘောပေါက်ပါသည်။ သည်နေရာတွင် အရေးကြီးသည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်လူမျိုး၏ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ဖြစ်ပါသည်။ ကော်သူးလေတိုင်းပြည်ဟုဆိုကာ သူတပါးအုပ်ချုပ်မင်းလုပ်ပြီး အနိုင်ကျင့်ဗိုလ်ကျသည်ကို ခံနေရပါကလည်း အဓိပ္ပါယ်မဲ့သော ကော်သူးလေသာဖြစ်မည်။ နည်းပညာတိုးတက်လှသည့် ဤခေတ်ကြီးတွင် လူမျိုးတမျိုးနှင့်တမျိုး နိုင်ငံတနိုင်ငံနှင့်တနိုင်ငံ ဆက်စပ်နေမှု ကူးလူးဆက်ဆံမှု ရှိနေမည်ကိုကား ငြင်းပယ်၍မရနိုင်။ မိမိကိုယ်မိမိ အုပ်ချုပ်နိုင်စွမ်းရှိသောသူများ ဖြစ်ရန်သာအထူးအရေးကြီးသည်ဟု ယူဆပါသည်။
သေချာသည်မှာ ကော်သူးလေ မတည်ဆောက်ဘဲ ကျနော်တို့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် မရနိုင်၊ ထိုနည်းတူကော်သူးလေပြည်မရှိဘဲ ပြည်ထောင်များကို စုစည်းထားသည့် ပြည်ထောင်စုဆို၍ တည်ဆောက်ရန် ဖြစ်နိုင်မည်မဟုတ်။
ပြည်ထောင်များစုစည်းတည်ဆောက်ဖို့ သဘောမျှကြတဲ့အခါ ပေါင်းစည်းတည်ဆောက်နိုင်ဖို့ ယနေ့မှစ၍ ကော်သူးလေ အုပ်ချုပ်ရေးစနစ်၊ ကော်သူးလေကာကွယ်ရေးစနစ်၊ ကော်သူးလေကုန်သွယ်ရေးစနစ်၊ ကော်သူးလေပညာရေးစနစ်၊ ကော်သူးလေကျန်းမာရေးစနစ် အစရှိသည်တို့ကို တည်ဆောက်ထားကြရမည်။ ကရင်အမျိုးသားတော်လှန်ရေး၏ ပင်မအနှစ်သာရမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးပင်ဖြစ်သောကြောင့် — မကောင်းဆိုးဝါးမြန်မာစစ်တပ်ကို — တိုက်ဖျက်ခြင်းနှင့် — မိမိတိုမြင်လိုရလိုသည့်ကော်သူးလေကို — တည်ဆောက်ခြင်း ကို တစ်ပြိုင်တည်း ကြိုးစားလုပ်ဆောင်ကြရုံမှတပါး အခြားမရှိတော့ကြောင်း အတွေးစတချို့ဝေမျှလိုက်ရပါသည်။
စောကပီ
၂၄ ဇွန်လ ၂၀၂၃ ၊ ကော်သူးလေ
Myanmar, so long as it is under military rule, is irredeemable. After the repeated violent suppression of initially non-violent protests against the military coup, the people of Myanmar feel they have no option but to fight against the dictatorial system, whatever shape or form it takes, in the name of freedom and self-determination. They had given the benefit of the doubt to the military for the last seventy years but it has proven consistently that it is not interested in building an inclusive nation and state.
Understanding Myanmar’s Spring Revolution Many outside observers have yet to come to grips with the depths of the changes that have occurred since last year’s military coup.
အသီးတစ်ရာ အညှာတစ်ခု
ဖက်ဒရယ်စနစ်နှင့်ပညာရေး
ဖက်ဒရယ်စနစ်နဲ့တည်ဆောက်ထားတဲ့နိုင်ငံတွေအတော်များများမှာတော့ အများသိပြီးဖြစ်တဲ့အတိုင်း ပညာရေးကဏ္ဍကို ပြည်နယ်တွေရဲ့လက်ထဲမှာပဲ ထားကြတာများပါတယ်။ ဖက်ဒရယ်ရဲ့အခြေခံမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပူတွဲခွဲဝေအုပ်ချုပ်တာ နှစ်မျိုးစလုံးပါတယ်ဆိုတော့ အချို့က ပညာရေးဆိုင်ရာလုပ်ပိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးကြပါတယ်။
အခုလည်း ကျနော်တို့ပြောပြောနေတဲ့ကိစ္စက ပြည်ထောင်စု့ထဲမှာပါဝင်ကြမယ့် ပြည်နယ်တွေဟာ သူ့ယူနစ်အတွင်းမှာ သူ့ပညာရေးကိစ္စ အတော်များများကို သူ့ဟာသူတာဝန်ယူနိုင်ဖို့လိုပါတယ်။ အခြေခံပညာအဆင့်မှာကို ဆိုလိုတာပါ။
အခုချက်ခြင်းကြီး အဆင်သင့်မဖြစ်သေးရင်တောင်မှ အဆင်သင့်ဖြစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုပါတယ်။ အခြေခံ ဖွဲ့စည်းတည်ဆောက်မှုကို လုပ်ထားရင်အကောင်းဆုံးပါ။
တစ်ခုရှိတာက ပညာရေးစနစ်ကိုတည်ဆောက်တာနဲ့ကျောင်းတည်ထောင်တာနဲ့ကမတူပါ။ စနစ်တည်ဆောက်တာကတော့ သင်ကြားပိုချတာအပြင် ကျောင်းသား/သူများရဲ့ ကျောင်းတစ်ကျောင်းကနေတစ်ကျောင်း ကူးလူးပြောင်းရွှေ့ဖိုလိုအပ်လာတဲ့အခါ ပြောင်းရွှေ့တာကို အလွယ်တကူလုပ်နိုင်ဖို့ ပညာရေးအဆင့်ဆင့်ကို (မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိသဖြင့်) သတ်မှတ်တဲ့အခါမှာ စံချိန်စံနှုန်းတွေရှိဖို့ ကျောင်းသားကျောင်းသူတွေရဲ့တတ်မြောက်မှုကို အကဲဖြတ်တိုင်းတာတဲ့အခါမှာလည်း စံနှုန်းနဲ့နည်းစနစ်တွေထားရှိဖို့ပါ ပါဝင်တာဖြစ်ပါတယ်။
မေးစရာရှိခါတာက — အဲဒီလိုသာ တစ်ပြည်နယ်တစ်မျိုးတွေ လုပ်နေကြရင် ပြည်နယ်တစ်ခုနဲ့တစ်ခုကြား အပြောင်းအရွှေ့တွေလုပ်ရတဲ့အခါ ဘယ်လိုတွေလုပ်ကြမလဲ — ဆိုတဲ့ကိစ္စပါ။ ပြည်ထောင်စုတစ်ခုတည်းအတွင်းမှာ နိုင်ငံသားအားလုံးက မိမိကြိုက်ရာပြည်နယ်မှာ ပြောင်းရွှေ့နေထိုင် လုပ်ကိုင်ပိုင်ခွင့်တွေရှိသင့်ပါတယ်။ ကြိုတင်စဉ်းစားထားရမယ့် အရေးကြီးအချက်တစ်ချက်ပါ။ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ကျော်လွားပြီး ဖက်ရယ်စနစ်ထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရှိနေခြင်ကြောင့် တက်လာနိုင်တဲ့ပြဿနာတွေကို ဖြေရှင်းခဲ့ကြတဲ့ တိုင်းပြည်တွေကလည်းအများကြီးပါ။
ကနေဒါနိုင်ငံကတော့ ကောင်းတဲ့ဥပမာတစ်ခုလို့ဆိုရမှာပါ။ အခြေခံပညာအဆင့်မှာကို ပညာရေးစနစ်ပေါင်း ၁၃ ခုနဲ့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပညာရေးစနစ်လို့ ဆိုနိုင်ပါတယ်။ မတူညီတဲ့ ပညာရေးစနစ်တွေကျင့်သုံးတဲ့ ပြည်နယ် (provinces) တွေကြား ညှိနှိုင်းဆောင်ရွက်တာတွေလုပ်နိုင်ဖို့ (coordination role) အခန်းကဏ္ဍကိုတောင်မှ ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနကို မပေးထားပဲ ပြည်နယ်ပညာရေးဝန်ကြီးတွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်ပညာရေးဝန်ကြီးများကောင်စီကို ဖွဲ့စည်းပြီးတာဝန်ပေးတာကိုတွေ့ရပါတယ်။ ပညာရေးကဏ္ဍကိုပဲတာဝန်ယူဆွေးနွေးရတဲ့အထက်လွတ်တော်ကဲ့သို့သော တာဝန်ကိုယူရတဲ့ ကောင်စီဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု သို့မဟုတ် ပြည်ထောင်စုအဆင့်ကနေပြည်နယ်များအပေါ်ကို လွှမ်းမိုးတာကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ပြည်နယ်တွေ လူမျိုးစုတွေကြား ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်မယ့် ကဏ္ဍအလိုက် ပလက်ဖေါင်းတွေရှိနေဖို့လိုကြောင်း ထင်ရှားတဲ့သာဓက တစ်ခုပါပဲ။
ကျနော်တို့တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာလည်း ပညာရေးစနစ်ပေါင်း ၁၀ ခုထက်ပိုရှိနိုင်ပါတယ်။ ကျနော်တိုတည်ဆောက်မယ့် ပညာရေးစနစ်တွေရဲ့ အရည်အသွေးနဲ့ ဒီလိုပညာရေးစနစ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာလျှင် အဓိကကျပါကြောင်း တစေ့တစောင်းပါ။
Photo Credit — ပွဲတစ်ခုမှာ sketcher ဆရာတစ်ယောက်ကသရုပ်ဖေါ်ဆွဲပေးတာပါ။
သံတမန်အသိုင်းအဝိုင်းမှာ ညင်သာပျော့ပြေင်းစွာ ပြောဆိုဆက်ဆံတတ်ခြင်းဟာ အရေးကြီးကြောင်း အထူးပြောစရာမလို။ ထိုနည်းတူ နိုင်ငံတကာဆက်ဆံရေးမှာ သံတမန်တွေဟာ မိမိနိုင်ငံရဲ့အကြိုးစီးပွါးကို အဓိက ကာကွယ်ကြရတယ်ဆိုတာက အခြေခံစံတစ်ခု။ ဒီထဲမှာမှ သံတမန်ဆက်ဆံရေး ပရိုတိုကောလ် (protocols) တွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား ကူးလူးဆက်ဆံပြောဆိုတုံ့ပြန်ကြရတဲ့ သံခင်းတမန်ခင်း အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်တဲ့ ပြုမှုကျင့်ကြံရပုံအဆင့်ဆင့်လို့ ဆိုနိုင်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ဆက်ဆံရာမှာ လိုက်နာသင့်တဲ့အစီအစဉ်နဲ့ ကျင်သုံးသင့်တဲ့နည်းနာတွေ၊ သတ်မှတ်ချက် တွေဟာ နိုင်ငံတွေရဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအပေါ်မှာ မူတည်နိုင်သလို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ပြောဆိုဆက်ဆံတတ်ပုံ အပေါ်မှာလည်း အများကြီး မူတည်နိုင်ပါတယ်။ တစ်ဘက်တည်း လုပ်ရတဲ့ကိစ္စမဟုတ်သလို ကြိုတင်ပြီး သဘောတူညီမှုရယူထားရတဲ့ ကိစ္စတွေပါ။
ပရိုတိုကောလ်ကိုရှေ့တန်းတင်လွန်းတဲ့အခါ လုပ်ရကိုင်ရတာ ခြုတ်တည်းမှုကြောင့်နှောင့်နှေးသွားတာမျိုး ဖြစ်နိုင်သလို ပရိုတိုကောလ် မရှိပြန်တော့ ပရမ်းပတာဆက်ဆံရေးမျိုး ရောက်သွားနိုင်ပါတယ်။ နိုင်ငံကိုယ်စားပြု အစိုးရလို့ အသိအမှတ်ပြုခံထားရခြင်း မရှိသေးတဲ့အဖွဲ့အစည်းတွေ အနေနဲ့တောင်မှ နိုင်ငံတကာအဖွဲ့အစည်း သို့မဟုတ် အစိုးရတွေနဲ့ ဆက်သွယ်မှုပြုလုပ်ဖို့ လိုလာတဲ့အခါမှာ နိုင်ငံတကာဆက်ဆံရေးပရိုတိုကောလ်ကို အနည်းနဲ့အများတော့ သိထားဖို့၊ လိုက်နာကျင့်သုံးဖို့ လိုမယ်လို့ထင်ပါတယ်။ ဒါက ဆက်ဆံရေး ပြေပြစ်စေဖို့အတွက်ပါ။
တခါတလေမှာ ပရိုတိုကောလ်ဟာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာမတူသူတွေကြား ဆက်ဆံရေးကို တန်းညှိပေးရာလည်းရောက်ပါတယ်။ အစားအသောက် အမူအရာ စကားလုံးအသုံးအနှုန်းကအစ သင့်တော်မှုကို ချင့်ချိန်ကြရတာကို တွေ့ရပါတယ်။ ဒီမှာ အဓိကပြောချင်တာက ကြိုတင်ညှိနှိုင်းရတယ်ဆိုတဲ့ အချက်ပါ။ ကြိုတင်ညှိနှိုင်းထားမှုမရှိရင်တော့ တစ်ကယ့်ပွဲမှာ အဆင်မချောမွေ့မှုတွေဖြစ်ဖို့များပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပါစေဦးတော့ နိုင်ငံတကာနဲ့ ဆက်ဆံဖို့ လိုအပ်လာတဲ့အခါ တစ်နည်းတစ်ဖုံနဲ့ ပရိုတိုကောလ် ကြိုညှိထားနိုင်ရင် တန်းတူဆက်ဆံတာခံရနိုင်ပါတယ်။ မိမိကိုယ်၌က ဘာပရိုတိုကောလ်မှ မသိမရှိပုံပြရင်တော့ ဒုက္ခများဖို့ပဲရှိပါတယ်။ ကျနော်တို့အိမ်နီးခြင်းနိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။
မည်သို့ဆိုစေ သံခင်းတမန်ခင်း ဆိုတာကို ညင်သာပျော့ပြောင်းမှုဖြင့်အကျိုးစီးပွါးကာကွယ်ခြင်း လို့ဆိုရင် အဆင်ပြေမလားမသိ။ 😉
Some Spring Revolution Thoughts — နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်လာတဲ့ အတွေးအခေါ် အမျှော်အမြင်များ —
တော်လှန်ရေးကိစ္စအဓိကထား ပြောချင်တာပါ။ ဒါပေမယ့် ဘယ်တော်လှန်ရေးမှာမဆို အတွေးအခေါ်အခြေခံရှိရစမြဲပါ။ တွေးခေါ်မျှော်မြင်မှုအခြေခံအုတ်မြစ်မရှိပဲ ဘယ်တော်လှန်ရေးမျိုးမဆို အောင်မြင်ဖို့ မပြောနဲ့ ရေရှည်ခုခံတော်လှန်နိုင်စွမ်းရှိဖို့တောင် မဖြစ်နိုင်ပါ။
စကားကြီး စကားကျယ် ပြောရရင်တော့ တော်လှန်ရေးဒဿနဆိုတာ ရှိရမှာပေါ့။ အဲ့တော့ မေးစရာဖြစ်လာတာက မြန်မာ့နွေဦးတော်လှန်ရေးမှာကော တော်လှန်ရေးဒဿနရှိလား။ ရှိတယ်ဆိုရင်ကော ကျနော်တို့အများစုက ခံယူလိုက်နာလိုတဲ့ အဲဒီတော်လှန်ဒဿနက ဘာလဲ။
ကျနော်နားလည်ရသလောက်တော့ ဗမာ/မြန်မာလူမျိုးအများစုကပင်လျှင် တချိန်က သူတို့ရဲ့တပ်မတော်လို့ အသိအမှတ်ပြုထာခဲ့တဲ့ စစ်တပ်ကို အခုအချိန်မှာ နိုင်ငံကိုကာကွယ်မည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလို့ မမြင်ကြတော့ပါဘူး။
မြန်မာစစ်တပ်ဟာ လူသတ် အာဏာလု တဲ့အလုပ်ကိုသာ ကျွမ်းကျင်မှုရှိလာပြီး တိုင်းပြည်ကိုဓားပြ ပြန်တိုက်နေတဲ့အနေအထားမျိုးဖြစ်နေတာကို စစ်ကိုင်း မကွေး မန္တလေး ဒေသတွေက မြန်မာ/ဗမာလူမျိုးတွေကိုယ်တိုင်က မြင်လာ သိလာတဲ့အခါ သူတို့ကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးကိုစတင်လုပ်ကိုင်လာတာပါပဲ။ ဒါကထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုပဲလို့ ဆိုရမယ်။
တစ်ချိန်ထဲမှာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး ဘာကြောင့်ပေါ်ပေါက်လာခဲ့ရသလဲ၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးပန်းတိုင်ကဘာလဲဆိုတာကို အကုန်မဟုတ်ရင်တောင်မှ အတော့ကို နားလည်မှုရေချိန်မြင့်လာတာကို တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးဟာ အနှစ်သာရအားဖြင့် အာဏာရှင်မှန်သမျှကိုဖိဆန်တဲ့ လူမျိုးပေါင်းစုံ လူတန်းစားအလွာပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက် တစ်ပါတီကမှ မောင်ပိုင်စီးလို့မရ ဦးဆောင်မှုပေးလိုက ပေးနိုင်သည် သို့သော် တော်လှန်ရေးကိုငါတို့ပိုင်သည် ငါတို့ကစလုပ်သည် ဆိုပြီး အဖွဲ့တံဆိပ် ပါတီတံဆိပ်ကပ်တာလည်းမဖြစ်သင့်။
နောက်တစ်ချက် ကျနော်မြင်တာက နွေဦးတော်လှန်ရေးဟာ စနစ်တစ်ခုကိုတော်လှန်တာထက်ကျော်လွန်ပြီး လူသားဂုဏ်သိက္ခာကို အသိအမှတ်ပြု လေးစားတဲ့ တော်လှန်ရေးဖြစ်တယ်။ လူမျိုးစုံပါဝင်ပြီး လူမျိုးစုတိုင်းရဲ့ ရပိုင်ခွင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အသိအမှတ်ပြုလက်ခံတယ် ဒါပေမယ့် လူမျိုးရေးအသွင်တော့မဆောင်ဘူးလို့ ဆိုရမယ်။
ကျနော်တို့နိုင်ငံရဲ့အနာဂတ်ကို တော်လှန်ရေးမှာပါဝင်ကြတဲ့သူတိုင်းက စိတ်ကူးယဉ်ပုံဖေါ်ပိုင်ခွင့်ရှိတယ်။ ဖွင့်ဟပြီးတွေးခေါ်နိုင်တဲ့ လူငယ်မျိုးဆက်သစ်ရဲ့ အခန်းကဏ္ဍက အတော်ကြီးမားတာကိုလည်း ကျနော်တို့ တွေ့ရတယ်။
၂၀၀၈ ဖွဲ့စည်းပုံမပြောနဲ့ ဖက်ဒရယ်ဘောင်ထက်ကျော်ပြီး စဉ်းစားနိုင်ကြသူတွေကိုလည်း မျိုဆက်သစ်လူငယ်တွေကြားထဲမှာ တွေ့လာရတယ်။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်တာဖြစ်နိုင်သလို ပြည်ထောင်စုတည်ဆောက်မှာကို အဟန်အတားလုပ်နေတာ ကြာလာရင်တော့လည်း ကွန်ဖက်ဒရယ်ရေးရှင်းနဲ့ လွတ်လပ်တဲ့တိုင်းပြည်သစ်တွေ မွေးဖွားပေးလိုက်နိုင်တဲ့အထိပါ တွေးခေါ်မျှော်မှန်းရမယ်လို့ ယူဆနေကြသူတွေလည်းရှိပါတယ်။
ဆိုလိုချင်တာက နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရေးမှာ အရင်ကရှိခဲ့တဲ့ အတွေးအခေါ်တွေအားလုံးထက်ပိုတဲ့ အတွေးအခေါ်သစ် အယူအဆသစ်တွေကိုပါ မွေးထုတ်ပေးလိုက်တယ်လို့ပဲ ကျနော်တော့သုံးသပ်တယ်။
နိုင်ငံရဲ့သမိုင်းမှာ တခါမှမပေါ်ပေါက်ခဲ့ဖူးတဲ့ ဗမာလူမျိုးတော်လှန်ရေးအင်အားစုလည်း ပေါ်ပေါက်လာခဲ့တယ်။ အခြားလူမျိုးစုတော်လှန်ရေးများရဲ့ ရည်ရွယ်ချက်ကိုအသိအမှတ်ပြုသလို ယခုရှိနေတဲ့ စစ်တပ်ကိုလည်း သူတို့ကို ကိုယ်စားပြုတဲ့ တပ်မတော်လို့ အသိအမှတ်မပြုကြတော့ဘူး။ ဗမာပြည်နယ်ကို အသစ်စက်စက်တည်ဆောက်မယ့် အနာဂတ်ပြည်ထောင်စုရဲ့အစိတ်အပိုင်းဖြစ်ရမယ်ဆိုတာကိုလည်း သဘောပေါက်လက်ခံလာကြတယ်။ ဒါတွေအားလုံးက နွေဦးတော်လှန်ရေးကနေ မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးရေချိန်အသစ်တွေပဲ။
ဒီလိုအတွေးအခေါ်သစ် နိုင်ငံရေးရေချိန်သစ်ကို အမိအရဆုတ်ကိုင်ပြီး ဒီတော်လှန်ရေးကြီးကို စုပေါင်းအားနဲ့ အရှိန်အဟုန်မြှင့်တငိနိုင်မယ်ဆိုရင်တော့ ကျနော်တို့မှာ မျှော်လင့်စရာတွေ အများကြီးရှိပါတယ်။ နိုင်ငံရေးမှာ အနိုင်အရှုံးကို ဗေဒင်တွက်သလို တွက်လို့တော့ ဘယ်ရပါ့မလဲ။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက တိုင်းပြည်အာဏာလုယူပြီးကတည်းက ကျနော်တို့ တိုင်းပြည်အရေးကို အပြန်ပြန် အလှန်လှန် တွေးမိတယ် How did we as a country get here? Where have we got what wrong? အစရှိသဖြင့်ပေါ့။ soul searching လုပ်တဲ့သဘောပါ။ ကြုံရင်ကြုံသလိုလည်း စာအုပ်တွေဆွဲရှာဖတ်မိပါတယ်။
ကျနော်တို့ မြန်မာစစ်တပ်ကို ပိုတွက်ခဲ့မိတာတော့အမှန်ပါ။ ဒီလောက်အထိ ဒေါ်စုက လိုက်လျောနေခဲ့တာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အခွင့်ထူးခံတွေ ရနေတာ restorative justice နောက်ကြောင်းပြန် တရားမျှတမှုကို လုံးဝ လက်လွတ်ပေးလိုက်တာ — ဒီလောက်ကြီးတော့ အာဏာမရူးလောက်ပါဘူး ဒီလူတွေ သူတို့ကိုယ်ကျိုးစီးပွါးကို အသားပေးရင်တောင်မှ အကြောင်းနဲ့အကျိုးတော့ စဉ်းစားလောက်ပါရဲ့ ဆိုပြီး ပိုတွက်ပေးခဲ့တဲ့သဘောပေါ့။
အမှန်တော့ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရန့်ကြီး ရွေးကောက်ပွဲနိုင်ပြီး သမတဖြစ်လာတော့မယ် ဆိုတုန်းကလည်း အဲဒီလိုခံစားခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ အမေရိကန်ပြည်သူလူထုကို ပိုတွက်ခဲ့တာ။ ထရန့်တစ်ယောက် ရီပတ်ပလစ်ကန် primary မှာအနိုင်ရတဲ့အချိန်အထိ သိပ်မထင်ထားခဲ့ပေမယ့် သမတတစ်ကယ်ဖြစ်လာတော့မယ်ဆိုတော့ စိတ်ပျက်မိသလို အံ့လည်းဩမိပါတယ်။
ဒီလိုခံစားခဲ့ရတာကလည်း လူနည်းစုတော့ မဟုတ်ပါဘူး။ Francis Fukuyama လို နိုင်ငံရေးသိပ္ပံပညာရှင်လည်း အပါအဝင်ပါ။
သူ့ရဲ့ Identity (ဗမာလို “ကြန်အင်လက္ခဏာ” လို့ဘဲပြောမလားမသိ၊ ကရင်လိုကတော့ “ပဒါမေတာ” လို့သုံးပါတယ်) ဆိုတဲ့ စာအုပ်ထဲမှာ စကားချီးရေးတော့ သူ ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။ စာအုပ်ထဲမှာ အမေရိကန်လူ့အသိုင်းအဝိုင်းမှာရှိတဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ယိုယွင်းပျက်စီးလာနေတဲ့အကြောင်းကို ထဲထဲဝင်ဝင် လေ့လာသုံးသပ်ထားတာလည်းပါပါတယ်။ သူက အင်စတီကျူးရှင်းလို့ ဆိုရာမှာ အဖွဲအစည်းတွေကို ဆိုလိုတာထက် အဲဒီအဖွဲ့အစည်းတွေကို ဖွဲစည်းတည်ဆောက်ပြီး လည်ပတ်စေတဲ့ ဒီမိုကရေးစီ စံနှုန်းကျင့်ထုံးတွေကို ဆိုလိုတာလို့ ကျနော် နားလည်ပါတယ်။
ယူကရိန်းတို့ မြန်မာတို့လို ဒီမိုကရေစီဖက်ကို ယိမ်းတော့မလို့ ကြိုးစားနေခဲ့တဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစံချိန်စံနှုန်းတွေ့ ကျင့်စဉ်တွေ အမြစ်တွယ်ဖို့ ဘာကြောင့်ခက်နေရသလဲဆိုတဲ့ မေးခွန်းကို သူကဆွေးနွေးထားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှင်သန်အမြစ်တွယ်နေတတ်တဲ့ ကြန်အင်လက္ခဏာအခြေပြု နိုင်ငံရေး (identity politics) လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဆွေးနွေးရေးသားထားတာပါ။ အများသဘောကျ အမျိုးသားရေးဝါဒီတွေ (populist nationalists) ပေါ်ထွန်းလာတာဟာလည်း လစ်ဘရယ်ဒီမိုကရေစီ စံချိန်စံနှုန်းတွေကို အားလျော့စေတယ်လို့ သူကပြောပါတယ်။
တဖက်မှကလည်း အများဆန္ဒနဲ့ဒီမိုကရေစီ စနစ်ကို ကျနော်တို့လိုလားပေမယ့် လူနည်းစု မတူကွဲပြားတဲ့ လလူမျိုးစုတွေရဲ့ ကြန်အင်လက္ခဏာကို အသိအမှတ်ပြုတာ လေးစားတန်ဖိုးထားတာ တန်းတူညီမျှအခွင့်အရေးရရှိတာတွေ မရှိဘူးဆိုရင်တော့ မကျေနပ်မှုတွေ ခုခံတွန်းလှန်မှုတွေ တောင်းဆိုတိုက်ပွဲဝင်တာတွေ ရှိလာမှာပဲဆိုတာတော့ ဧကန်မလွဲပါ။
ရွေးကောက်ပွဲမှာအောင်ပွဲရပြီး တက်လာတဲ့ နိုင်ငံရေးသမားတွေအနဲ့ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲလောက်နဲ့ပဲ တိုင်းတာကြပြီး ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေကို (တစ်ကယ့်ဒီမိုကရေစီစံနှုန်းနဲ့ကျင့်ထုံးတွေကို) မထေမဲ့မြင်ပြုလာတဲ့အခါ မှာ တိုင်းပြည်ဟာ အာဏာရှင်ဆန်ဆန်နိုင်ငံရေးဖက်ကို ဦးတည်လာတာကို ကြောက်ခမန်းလိလိ တွေ့ရတယ်လို့ ဖူကူယားမားကပြောပါတယ်။
သူပြောသွာတဲ့အထဲ စိတ်ဝင်သားစရာကောင်းတဲ့ နောက်တစ်ချက်က — ဒီကနေ့ ဒီမိုကရေစီအမြစ်တွယ်နေပြီလို့ ကျနော်တို့လက်ခံထားတဲ့ တိုင်းပြည်တွေထဲကနေပဲ ဒီမိုကရေစီစနစ်ကို အကြီးမားဆုံးစိန်ခေါ်ခြိမ်းချောက်မှုပြုနေတယ်လို့ဆိုပါတယ်။ ဒါကလဲ ရွေးကောက်ပွဲကနေတစ်ဆင့် အာဏာရလာပြီဆိုတာနဲ့ ထင်တိုင်းကြဲလို့ရပြီဆိုတဲ့ ယူဆချက်ကနေ လာတာဖြစ်နိုင်ပါတယ်။
ရွေးကောက်ပွဲကပေးတဲ့ မန်းဒိတ် mandate ရွေးကောက်ပွဲကရတဲ့ တရားဝင်မှု legitimacy တစ်ခုတည်းနဲ့ ဒီမိုကရေစီ ပြီးပြည့်စုံသွားပြီလို့ ယူဆမိရင်လည်း အန္တရယ်က အတော်ကြီးပါတယ်။ အထူးသဖြင့် ရွေးကောက်ခံရဖို့အတွက် မဲအများစုရရှိရေးကိုသာ ဦးစားပေးပြီး လူမျိုးစုများရဲ့ ကြန်အင်လက္ခဏာနဲ့ဆိုင်တဲ့ ရပိုင်ခွင့်၊ သမိုင်းအစဉ်အလာနဲ့ တန်ဖိုးထားမှုတွေကို လစ်လျူရှုလာတဲ့အခါ ရွေးကောက်ပွဲဘောင်ကို ကျော်ပြီးမစဉ်းစားနိုင်တော့တဲ့အခါ ဒီမိုကရေစီ အမြစ်မတွယ်ခင် ပျက်သုဉ်းဖို့ စိန်ခေါ်မှုကို အစပျိုးမိသလို ဖြစ်ခဲ့ရပါတယ်။
ကျနော်တို့တိုင်းပြည် ဖြတ်သန်းခဲ့ရတဲ့နိုင်ငံရေး အတွေ့အကြုံနဲ့ တနည်းတဖုံ ဆက်စပ်နေမယ်ထင်လို့ ပြန်ပြောမိတာပါ။ Book Review မဟုတ်ပါ။ စာအုပ်ကို ကျနော်ကိုယ်တိုင်က chapter နှစ်ခုလောက်ပဲဖတ်ရပါသေးတယ်လို့ ဝန်ခံထားပါရစေ။ ခင်ဗျားတို့ကြုံရင်လည်း ဖတ်ကြည့်ကြပေါ့။ 😉
စူဘတ်ရှ်ချန်ဒရာဘို့စ် (Subhash Chandra Bose) လို့ ပြောလိုက်တယ်ဆိုရင်ပဲ ကျနော်တို့ခေတ်မှာဆို အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်၊ အိန္ဒိယတပ်မတော်ကို တည်ထောင်ခဲ့သူလို့ လူသိများခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာတော့ သိပ်မသိကြတော့ပါဘူး။ ဂန္ဓီ နဲ့ နေရူး တို့ကို လူတွေက ပိုသိ ပိုလက်ခံကြတဲ့ သဘောတော့ရှိပါတယ်။ တကယ်တော့ စူဘတ်ရှ် က အိန္ဒိယတပ်မတော်ကိုတည်ထောင်ခဲ့တာမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သလို အင်္ဂလိပ်လက်အောက်ကနေ လုံးဝလွတ်လပ်ရေးရရှိဖို့ကို တစိုက်မတ်မတ် အားထုတ်ကျိုးစားခဲ့တဲ့ ခေါင်းဆောင်ကြီးပါ။ သူ့ကိုချစ်စနိုးနဲ့ “နက်တာဂျီ” လေးစားရတဲ့ခေါင်းဆောင်ကြီး ဆိုပြီးလည်း ခေါ်ကြပါတယ်။ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီရဲ့ ဥက္ကဌအဖြစ် နှစ်ကြိမ်တိုင်တိုင် အရွေးခံခဲရဖူးသူလည်းဖြစ်ပါတယ်။
တစ်ချိန်မှာတော့ အိန္ဒိယလွတ်လပ်ရေး အမြန်ရလိုဇောနဲ့ ဒါမှမဟုတ် ဗြိတိသျှတွေကိုဆန့်ကျင်ဖို့စိတ်စောနေခဲ့တာကြောင့်လားတော့မသိ စူဘတ်ရှ်က နာဇီဂျာမဏီ နဲ့ အီတလီက မူဆိုလိုနီ တိုကိုပါချဉ်းကပ်ပြီး အကူအညီရယူခဲ့တာမှာ လုံးဝလူပေါင်းမှားသလို ဖြစ်ပြီး ဒီကနေ့အထိ သူနာမည်ကို နိုင်ငံတကာစာမျက်နှာမှာ အဖတ်ဆည်ဖို့ ခက်နေခဲ့တာလို့ ပြောလို့ရပါတယ်။
စူဘတ်ရှ်ဟာ မြန်မာ့နိုင်ငံ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းနဲ့တော့ နီးကပ်တဲ့ ဆက်စပ်မှုတွေ ရှိခဲ့ပုံရပါတယ်။ သူကိုယ်တိုင်လည်း ၁၉၄၄ ခုနှစ်မှာ ဗြိတိသျှလက်အောက်ခံမြန်မာကို လာခဲ့ပြီး အိန္ဒိယနွယ်ဖွားများနဲ့ တွေ့စဉ် ပြောခဲ့တဲ့ "Give me blood, and I shall give you freedom!" စကားက အတော်လူသိများပါတယ်။ သူဟာ အိန္ဒိယလွတ်လပ်ရေးကို လက်နက်ကိုင်တော်လှန်ရေးနဲ့တိုက်ယူမှ ရမယ်လို့ တစ်စိုက်မတ်မတ်ယုံကြည်ခဲ့သူလည်းဖြစ်ပါတယ်။ သူပြောခဲ့တဲ့အထဲက နောက်တစ်ခုကတော့ “Freedom is not given, it is taken.” ပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
မြန်မာနိုင်ငံရဲ့ပထမဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ အဓိကအခန်ကဏ္ဍကနေပါဝင်ခဲ့သူ ဦးချန်ထွန်းဟာ မြန်မာနိုင်ငံလွတ်လပ်ရေးကိစ္စတွေကို စူဘတ်ရှ်နဲ့ တိုင်ပင်တာတွေရှိခဲ့တယ်လို့လည်း ကြားဖူးပါတယ်။ စာအုပ်စာပေမှတ်တမ်းနဲ့တော့ ရေးထားတာ မတွေ့ရပါဘူး။ ဝါရှင်တန်ဒီစီမှာရှိတဲ့ Smithsonian Instructions မှာ အလုပ်သင်ဘဝနဲ့တုံးက အိန္ဒိယနိုင်ငံက မနုဿဗေဒပါမောက္ခတစ်ယောက်နဲ့တွေတော့ သူပြောပြလို့ ကြားဖူးတာပါ။ စူဘတ်ရှ်နဲ့တိုင်ပင်မိလို့ မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်မဟုတ်ပဲ အနှစ်သာရအားဖြင့် ယူနစ်တရီဖြစ်သွားပုံရတယ် လို့တောင်သူက ပြောပါတယ်။ ဘယ်လောက်အထိ မှန်တယ် မမှန်ဘူး ကတော့ ကျနော်လည်း အတိအကျတော့ မသိပါ။
ဘယ်လိုပဲပြောပြောပါ ဖိနိပ်သူတွေဟာ သူတို့ဖိနှိပ်တဲ့သူတွေကို လွတ်လပ်ရေး ပေးရတော့မယ်ဆိုရင်တောင် လက်နက်ကိုင်တော်လှန်လို့ မပေးမဖြစ်ပေးရတယ်ဆိုတာမျိုး မဖြစ်စေချင် မတွင်စေချင်တာတော့အမှန်ပါပဲ။ အမေရိကန်နိုင်ငံက အဖရိကန်အနွယ်ဖွားတွေရဲ့ တန်းတူရေးအတွက်ကြိုးစားမှုမှာ မာတင်လူသာကင်းဂျူနီယာကဲ့သို့သော ခေါင်းဆောင်အပြင် Malcom X လိုခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကလည်း အဓိကကျပါတယ်။ အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းမှုမှာ မဟတမဂန္ဓီဟာ လွတ်လပ်ရေးဖခင်ဖြစ်သလို စူဘတ်ရှ် တို့လိုခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်ကြီးမားပါတယ်။
စူဘတ်ရှ်ချန်ဒရာဘို့စ်ကတော့ ကံမကောင်းစွာနဲ့ပဲ — နာဇီဂျာမဏီ နဲ့ ဖက်ဆစ်အီတလီတွေရဲ့ အကူအညီတွေရယူခဲ့တာမှာ — လူပေါင်းမှားခဲ့တဲ့ကိစ္စက သူ့သမိုင်းမှာ မဟာ အမည်းစက်လို ဖြစ်ခဲ့ပါတယ်။ သို့သော် သူ့ကြိုးပမ်းမှုမပါပဲ ဂန္ဓီရဲ့ အနုနည်းကြိုးပမ်းမှုဟာ ဘယ်လောက်အထိ တာသွားမလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။
ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာခဲ့တဲ့ စူဘတ်ရှ်ဟာ ကလကတ္တားတက္ကသိုလ်ကနေ BA ဘွဲ့ကို ဒဿနိကဘာသာနဲ့ ရရှိခဲ့ပြီး Cambridge တက္ကသိုလ်ကနေ Moral Sciences နဲ့ BA ဘွဲ့ကို ၁၉၂၁ မှာ ထပ်မံရရှိခဲ့သူပါ။ စောဘဦးကြီးကတော့ သူနောက် ၃ သုံးနှစ်လောက်မှာ Cambridge တက္ကသိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပေမယ့် ပညာရှာရာမှာတော့ contemporaries တွေလို့ပြောလို့ရပါတယ်။
နိုင်ငံတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေကို လေ့လာရင်း ကြုံလို့ မျှဝေတာပါ။
From the desk of Salween Institute of Public Policy
နောင်ကျနော်တို့နိုင်ငံမှာ ပညာရေးစနစ်အသစ်တစ်ခုကိုတည်ဆောက်တဲ့အခါ စနစ်တွေအများကြီးနဲ့ တည်ဆောက်ထားတဲ့စနစ်ကြီးတစ်ခု (a system of many systems) ဖြစ်ဖို့ လိုမယ်ထင်ပါတယ်။ ရှုတ်ထွေးမယ် အကုန်အကျများမယ် သို့သော် မတူကွဲပြားမှုတွေကို လက်ခံကြိုဆိုဖို့ ထိန်းညှိနိုင်ဖို့ အဲ့ဒီလိုဖြစ်မှရမယ်။
ပညာရေးနဲ့ဆိုင်တဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို ပြည်ထောင်စု နဲ့ ပြည်နယ် အစိုးရနှစ်ရပ်စလုံးမှာ ထားရှိဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ပြည်နယ်တစ်ခုစီမှာ သူ့ပြည်နယ်နဲ့သူ ကိုက်ညီမယ့် ပညာရေးစနစ်တွေကို တည်ထောင်ခွင့် ရှိရပါမယ်။
ပြည်ထောင်စုအဆင့်မှာပဲဖြစ်ဖြစ် ပြည်နယ်တွေမှာပဲဖြစ်ဖြစ် အစိုးရတွေအနေနဲ့ ပညာရေးမူဝါဒ ချမှတ်တဲ့အပိုင်း နဲ့ ပညာရေးဆိုင်ရာ ဘတ်ဂျက်တွေ သတ်မှတ်ပေးတာလောက်ပဲ တာဝန်ယူပြီး ကျောင်းစီမံခန်ခွဲရေး၊ သင်ကြားရေး အပိုင်းတွေကိုတော့ ပညာရေးခရိုင်တွေ (School Districts) နဲ့ ကျောင်းတစ်ကျောင်းခြင်းစီအထိ လုပ်ပိုင်ခွင့်တွေ ပေးထားရင် သင့်တော်ပါတယ်။
ပညာရေးမှာ အစိုးရရဲ့အခန်းကဏ္ဍရှိသလို (အမြတ်အစွန်းမယူသော) ပုဂ္ဂလိက ပညာရေးအင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍလည်း အရေးကြီးပါတယ်။ ဆိုလိုတာက ပုဂ္ဂလိကပညာရေးစနစ်ကို အားပေးဖို့ အကျယ်တဝင့်ဖြစ်လာဖို့ လိုအပ်ပါတယ်။
ရံဖန်ရံခါ ဖြစ်တတ်တာက အစိုးရ — ပြည်ထောင်စုဖြစ်စေ ပြည်နယ်ဖြစ်စေ — ကဦးဆောင်ပြီးပညာရေးစနစ်ကို အကောင်အထည်ဖေါ်တဲ့အခါ access လို့ခေါ်တဲ့ ပညာရေးကို လူတန်းစေ့ရရှိခံစားနိုင်ဖို့ ဦးစားပေးလုပ်ဆောင်ရင်းနဲ့ quality အရည်အသွေးမှာ ဖြေလျှော့ပေးရတာမျိုးတွေ ဖြစ်တတ်တာကို သတိထားမိပါတယ်။ ဒါကလည်း အစိုးရရဲ့ ပညာရေးအတွက်သတ်မှတ်တဲ့ ဘတ်ဂျက်တွေက လုံလောက်မှုမရှိတဲ့အတွက်ကြောင့်လို့ ပြောလို့ရပါတယ်။ ငွေကြေးရံပုံငွေ မလုံလောက်တဲ့အခါ ဒါမှမဟုတ် လူသားရင်းမြစ် မလုံလောက်တာတွေရှိလာတဲ့အခါ အရည်အသွေးကို ဦးစားမပေးနိုင်တော့ပဲ လူတန်းစေ့ခံစားခွင့်ရရှိရေးကိုပဲ ဦးစားပေးဆောင်ရွက်ရတာမျိုးတွေ ဖြစ်လာတာပါပဲ။
ဒီနေရာမှာ ကျနော့အမြင်ပြောရရင် (အမြတ်အစွန်းမယူတဲ့) ပုဂ္ဂလိကပညာရေးစနစ်က ဒီလိုအပ်ချက်နှစ်ခုကို ထိန်းညှိပေးလို့ ရနိုင်ပါတယ်။ အများပြည်သူများရဲ့ ပညာရေးအကျိုးအလို့ငှါ တည်ထောင်ထားတဲ့ ပုဂ္ဂလိကကျောင်းများ တက္ကသိုလ် ကောလိပ်များက လိုအပ်တဲ့ကွက်လပ်ကို ဖြည့်ရုံတင်မက အရည်အသွေးပိုင်းကို ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ ဦးစားပေးနိုင်ပါတယ်။ အစိုးရနဲ့ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်မှုလည်းဖြစ်နိုင်ပါတယ်။
စနစ်တွေအမျာကြီးစုပေါင်းထားတဲ့စနစ်လို့ ဆိုပေမယ့် ဆက်စပ်နေမှုတော့ရှိရမှာပါ။ ပညာရေးအရ ပြောင်းရွှေ့မှုတွေ ကူးလူးဆက်ဆံမှုတွေ ပြုလုပ်နိုင်ဖို့အတွက် Common Standards ဘုံစံချိန်စံနှုန်းတွေသတ်မှတ်ပြီး (ဒေသဆိုင်ရာ) စနစ်တစ်ခုနဲ့တစ်ခုအကြား အပြန်အလှန်အသိအမှတ်ပြုနိုင်မယ့် အရည်အသွေး စံချိန်စံနှုန်း သတ်မှတ်ချက်တွေရှိမယ်ဆိုရင် ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့စနစ် ဖြစ်မှာပါ။
နောင်အနာဂတ်မှာဆို ပြည်ထောင်စုအစိုးရကနေ အကုန်အကျခံဖွင့်လစ်တဲ့ ဖက်ဒရယ်တက္ကသိုလ်တွေရှိလာတဲ့အခါ အဲဒီလိုတက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်အဖြစ်သတ်မှတ်ပြီး လူမျိုးစုတွေရဲ့ စာပေ သမိုင်း နဲ့ ယဉ်ကျေးမှုအကြောင်းအရာတွေကို သုတေသနပြုလေ့လာတဲ့ Faculty of Ethnic Studies လို ဌာနကြီးတွေတောင်ထားသင့်တယ်လို့ မြင်ပါတယ်။ (မြန်မာစာဌာနရှိလိုပေါ့)။ အဲဒီလို အစီအစဉ်မျိုးကိူဆောင်ရွက်တဲ့အခါ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အပြန်အလှန်နားလည်မှုရှိရေးကို ပညာရေးကဏ္ဍအားဖြင့် ဆောင်ရွက်ရာလည်းရောက်ပါတယ်။
တွေးမိတွေးရာ —
မျိုးချစ်စိတ် — လူရယ်လို့ဖြစ်လာတဲ့အခါ ကျနော်တို့မှာ တစ်ဦးခြင်းစီရဲ့ဖြစ်တည်မှု (individual identity) ဆိုတာရှိသလို (လူဆိုတာ) အစုအဖွဲ့နဲ့နေတတ်တဲ့ သတ္တဝါဖြစ်လို့ ကျနော်တို့မှာ ဓလေ့စရိုက် ထုံးတမ်းစဉ်လာ အပြောအဆို ယဉ်ကျေးမှုတူသူတွေအချင်းချင်း စုစည်းဖြစ်တည်မှု (group identity) လည်းရှိတတ်ကြပါတယ်။ ရှေးပဝေသဏီကပင် ရှိခဲ့ကြတာဖြစ်လို့ အဲဒီလို အစုအဖွဲလိုက်ဖြစ်တည်မှုကို တန်ဖိုးထားကြ၊ ထိမ်းသိမ်းချင်ကြတာလည်း အပြစ်မဟုတ်ပါ။ လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။
သို့သော် ကိုယ့်အစုအဖွဲ့ကို မြတ်နိုးလို့ တန်ဖိုးထားလို့ ထိမ်းသိမ်းချင်တာနဲ့ပဲ ကိုယ်နဲ့မတူသူတွေကို ထိခိုက်တာတွေ မုန်းတီးတာတွေ မရှိစေချင်တာတွေဖြစ်လာတဲ့အခါ အစုအဖွဲများကြား ပဠိပက္ခဆိုတာ ဖြစ်လာတော့တာပါပဲ။ အဲ့တော့ ကိုယ်နဲ့မျိုးတူရာ အစုအဖွဲ့တစ်ခုတည်းအတွက်ကိုပဲ ကြည့်လို့မရပါဘူး။ အထူးသဖြင့် ကိုယ်က အင်အားသာတဲ့အခါ ကိုယ့်တစ်မျိုးထဲ တစ်ဖွဲ့ထဲ အတွက်ကြည့်လို့ မဖြစ်ပါ။
ကျနော်စဉ်းစားမိတယ် — အကယ်၍သာ စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီကွမ်ယုက မန်ဒရင် (Mandarin) စာသည်တို့စာ ဆိုပြီး စင်ကာပူနိုင်ငံရဲ့ ပညာရေးကို အားလုံး မန်ဒရင်လိုသာ သင်စေဆိုပြီး လုပ်ခဲ့ရင် အခုလောက်ဆို သူတို့တိုင်းပြည် ဘယ်လိုများဖြစ်နေလောက်ပြီလဲ။
အကယ်၍သာ အိန္ဒိယနိုင်ငံမှာ ဟင်ဒီဘာသာစကားသည်တို့စကားမို့ တစ်နိုင်ငံလုံးအတွက် တစ်ခုတည်းသော ရုံးသုံးဘာသာစကားပါဆိုပြီး လွတ်လပ်ရေးရပြီးစမှာ သတ်မှတ်ခဲ့မယ်ဆိုရင် အိန္ဒိယပြည်ကြီး အခုလို တစုတစည်းထဲ ရှိနေပါဦးမလား။
ဒါဆိုရင် မျိုးချစ်စိတ်ရှိတာ မကောင်းဘူးလား။ မဟုတ်ပါ။ ရှိသင့်ရှိထိုက်ပါတယ်။ ဒါဆို ဘယ်လောက်အထိရှိသင့်သလဲ။ မေးစရာပါ။
ကျနော့အမြင်ကတော့ ကိုယ်အမျိုးကိုလည်းချစ်ပါ ကိုယ့်အစုအဖွဲ့ကိုလည်း တန်ဖိုးထားပါ ထိမ်းသိမ်းပါ။ ကိုယ်နဲ့မတူတဲ့သူတွေကိုလည်း အခြေခံလူသားဆန်မှုနဲ့ဆက်ဆံတတ်တဲ့အခါ လူလိုသူလို လေးစားတတ်တဲ့အခါ ကျနော်တို့ဟာ — တိရိစ္ဆာန်တွေ သူ့အမျိုးသူချစ်သလိုမဟုတ်ပဲ — လူသားဆန်တဲ့ မျိုးချစ်တွေပါလားလို့ အသိအမှတ်ပြုခံရမှာပါ။
လူသားမဆန်တော့ဘာဖြစ်လဲလို့ ထပ်မေးစရာအကြောင်းရှိလာပြန်တယ်။ ရှင်းရှင်းလေးပါ လူဖြစ်ပြီး လူကိုမလေးစားတတ်ရင် အခြားလူ့အဖွဲ့အစည်းတွေကိုတန်ဖိုးမထားတတ်ဘူးဆိုရင် ဟိုဖက်အိမ်က အိမ်စောင့်ပေးတဲ့ အကောင်နဲ့တူနေမှာမို့ပါပဲ။
အချုပ်ပြောရရင်တော့ — မရှိရင်လည်းမကောင်း ရှိလွန်းပြန်ရင်လည်း (သောက်) တလွဲတွေဖြစ်စေတတ်တာ မျိုးချစ်စိတ်ပါပဲ။
Spears of the Nation လို့ အဓိပပ္ပါယ်ရတဲ့ Umkhonto we Sizwe — MK လို့လည်းအတိုကောက်လူသိများခဲ့ပါတယ်။ လူသိများတယ်ဆိုပေမယ့်လို့ တောင်အာဖရီကနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး အပြောင်းအလဲ အကြောင်းပြောကြတဲ့အခါ ဖြစ်နိုင်ရင် မပြောပဲချန်ထားခဲ့ကြလေ့ရှိပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံအစိုးရတွေဆိုရင် MK ရဲ့အခန်းကဏ္ဌကိုအသိအမှတ် မပြုလိုကြတဲ့သဘောရှိတာကို မကြာခဏဆိုသလို တွေ့ရ ကြုံရပါတယ်။
အကြောင်းကတော့ Umkhonto we Sizwe အူမ်ခေါန်တိုဝေစီဇွေ ဟာ အာဖရိကန်အမျိုးသားကွန်ကရက် ANC ရဲ့လက်နက်ကိုင်တော်လှန်ရေးအစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ။ MK ကို ၁၉၆၁ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီး နယ်လဆင်မန်ဒဲလား ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပါတယ်။
တောင်အာဖရိကရဲ့ လူမျိုးရေးနဲ့အသားအရောင်ခွဲခြားမှုကိုဆန့်ကျင်တဲ့တိုက်ပွဲမှာ အကြမ်းမဖက်တဲ့နည်းလမ်းကိုသာ အသုံးပြုလိုသော်လည်း အခြေအနေတစ်ခုရောက်တဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကိုပါ ဆင်နွဲဖို့ နယ်လဆင်မန်ဒဲလား အပါအဝင် အခြားသော ANC ခေါင်းဆောင်ပိုင်းတွေက ဆုံးဖြတ်ခဲ့ကြတာပါ။
အဓိက မဟာဗျူဟာအနေနဲ့ မဟုတ်သော်လည်း အကြမ်းမဖက်လှုပ်ရှားမှု့ကို ဟန်ချက်ညီညီပံ့ပိုးနိုင်ဖို့ အသုံးပြုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် MK ရဲ့အခန်းကဏ္ဌကိုမပြောဘဲ ANC ရဲ့တော်လှန်ရေးလှုပ်ရှားမှုဟာ မပြည့်စုံနိုင်ဘူးလို့ ကျနော်ယူဆပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကိုအမွှန်းတင်လိုတဲ့ သဘောနဲ့မဟုတ်ပါ။ အကြမ်းမဖက်တဲ့နည်း သီသန့်နဲ့ တော်လှန်ရေးအောင်မြင်ခဲ့သယောင်ယောင် အမှတ်မှားနေမှာစိုးလို့သာ သိစေကြောင်း တင်ပြရခြင်းသာ။
သိတဲ့အတိုင်းပဲ ကျနော်တို့ဆီမှာလည်း အကြမ်းမဖက်ရေးလမ်းစဉ်ကိုလိုက်ပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာ။ ရန်ကုန်နဲ့ အခြားမြို့တွေမှာ လူထုလူတန်းစားအသီးသီး သန်းချီလမ်းပေါ်ထွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတာကို လက်နက်အားကိုးပြီးလူသတ်လမ်းစဉ်နဲ့ တုံ့ပြန်ခဲ့တဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြဖို့သာ အားသန်ခဲ့တဲ့လူထုက အခြားနည်းလမ်းမျိုးစုံကိုထည့်သွင်းစဉ်းစားလာရတာဟာ သဘာဝကျပါတယ်၊ လိုလည်းလိုအပ်ပါတယ် ပြည်သူလူထုမှာ မိမိကိုယ်မိမိခုခံပိုင်ခွင့် ရှိတယ်လို့ပဲ ဆိုရမှာပါ။
စိတ်ပူစရာရှိတာလည်းပူ လှူစရာရှိတာလည်း လှူရမယ့် အခြေအနေမျိုးပါ။ တွေးစရာရှိတာလည်း တွေးရမှာဖြစ်သလို ရေးစရာရှိတာကိုလည်း ရေးကြရမှာပါ။ တစ်ချိန်ထဲမှာ တိုက်စရာရှိလာတဲ့အခါ တိုက်ကြမည့်သူများလည်း ရှိဖို့လိုမယ်လို့ပဲ ကျနော်ယူဆပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Naypyidaw