Happy & Healthy

မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေပါတယ်

ကျန်းမာရေးအသိပညာနဲ့ သတင်းတွေ မျှဝေပေးမယ်။ စနစ်တကျ ကုသပေးမယ်။ တရားဝင်ဆေးဝါးတွေ အလွယ်တကူ ဝယ်နိုင်အောင် စီစဉ်ပေးမယ်။ Set See First/Get Noti Please

21/12/2023

အစာအိမ်ဆေးစနစ်တကျသောက်နည်း

ကျွန်တော် ခဏခဏ ပြောဖူးသလို ဗိုက်အပေါ်ပိုင်းအလယ်နားက မကြာခဏ အောင့်တတ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အစာအိမ်ပိုးရှိနေသလား စစ်သင့်ပါတယ်။ Stool H pylori Antigen Test ဝမ်းစစ်ဆေးခြင်းကတော့ နီးစပ်ရာဓာတ်ခွဲခန်းမှာ အလွယ်တကူ စစ်လို့ရနိုင်ပြီး ဈေးသိပ်မကြီးပါဘူး။ အစာအိမ်ပိုးရှိနေရင်တော့ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော် သို့မဟုတ် ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သင့်တော်တဲ့ ပိုးသတ်ဆေး အစာအိမ်ဆေးတွေ (၂) ပတ်လောက် သောက်ရပါမယ်။ ပိုးရှိသေးလား ပြန်စစ်ရပါမယ်။

ဗိုက်မကြာခဏအောင့်တယ် အစာအိမ်ပိုး‌တော့မရှိဘူးဆိုရင် Aceclofenac, Diclofenac, Ketorolac, Ibuprofen စတဲ့ အကိုက်အခဲပျောက်အ‌‌ရောင်ကျဆေးတွေ မကြာခဏသောက်နေသလား၊ သောက်နေရင် ရပ်ရပါမယ်။ သွေးကျဲဆေးတွေသောက်နေရင် အစာအိမ်ဆေးတွဲပေးဖို့ လိုနိုင်ပါတယ်။

အချိန်မှန်စားပါ၊ စားလိုက်တိုင်းဗိုက်ပိုအောင့်စေတဲ့ အစားအသောက်တွေကို သတိထားမှတ်သားပြီး ရှောင်ကြည့်ပါ။

အစာအိမ်ပိုးကြောင့်မဟုတ်တဲ့ အစာအိမ်အနည်းငယ် ရောင်ခြင်း၊ ပွန်းခြင်း ပြဿနာ အများစုကို အစာအိမ်ဆေးလို့ အလွယ်ခေါ်တဲ့ Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole စတဲ့ Proton Pump Inhibitor (PPI) အုပ်စုဝင် အစာအိမ်အက်စစ်ထုတ်တာလျှော့ချတဲ့ဆေးတွေ သောက်ရင် သက်သာစေနိုင်ပါတယ်။

👉 စနစ်တကျသောက်နည်းဆိုတာက ခုမှ စပြောမှာပါ။
အစာအိမ်ဆေးတွေကို နံနက်စာ မစားမီ နာရီဝက်အလိုမှာ သောက်တာက အာနိသင် အကောင်းဆုံး ရရှိနိုင်လို့ တစ်ရက် တစ်ကြိမ်သောက်ရုံနဲ့ လုံလောက်ပါတယ်။
(လိုအပ်သူတွေမှာတော့ မနက် ည ပေးရတာလည်းရှိပါတယ်)

အရေးကြီးတာက အနည်းဆုံး (၂) ပတ်ကြာအောင် သောက်ဖို့ပါ။ လိုအပ်ရင် တစ်လလောက်ကြာအောင် သောက်ခိုင်းရပါတယ်။

တစ်လလောက် ဆေးသေချာသောက်တာကို မသက်သာပဲ ဗိုက်အောင့်နေသေးရင်တော့ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပြီး စစ်ဆေးကုသရပါမယ်။ အစာအိမ်မှန်ပြောင်း ကြည့်သင့်ပါတယ်။
အစာအိမ်ကြောင့်မဟုတ်တဲ့ ဗိုက်အောင့်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

ဗိုက်အောင့်ရောဂါကို စနစ်တကျ ကုသမှုရရှိပြီး ပျောက်ကင်း ကျန်းမာ ပျော်ရွင်ကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

01/11/2023

အစာရေမျိုပြွန်/အစာအိမ်/အူသိမ် သွေးယိုခြင်း
********************************************
လူနာက သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းနဲ့လာနိုင်ပါတယ်။
သွေးထွက်တာများရင် ဝမ်းက သွေး‌ရောင်သွားနိုင်ပါတယ်။
(လိပ်ခေါင်းကြောင့် သွေးထွက်ခြင်းကတော့ ဝမ်းသွားချိန်မှာ လိပ်ခေါင်း သွေးကြောဖောင်းထွက်လာပြီး သွေး တစ်စက်စက် နဲ့ ကျပါတယ်၊ ဝမ်းမကြာခဏ ချုပ်လေ့ရှိခြင်း၊ ဝမ်းသွားလျှင် နာခြင်း နဲ့ တွဲတွေ့ရတာများပါတယ်)

အသည်းခြောက်ရောဂါကဲ့သို့ အသည်းတွင်းသွေးဖိအားများပြီး အစာရေမျိုပြွန်/အစာအိမ် သေွးကြောထုံးပွတွေ ပေါက်လို့ သွေးထွက်တဲ့ လူနာက ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ အဲ့လို လူနာတွေကတော့ အသက်အန္တရာယ်ပိုများနိုင်ပါတယ်။ အသက်ဆုံးရှုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
(Ref: Pongprasobchai 2009, Matei 2013, Haq 2017)

ကျန်တဲ့ ၇၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း လောက်က အစာရေမျိုပြွန်/အစာအိမ်/အူသိမ် အနာ/ပွန်းရောင်ခြင်း/အကျိတ်/သွေးကြောပြဿနာ ဖြစ်ခြင်းကြောင့် သွေးယိုတာပါ။ အသက်ဆုံးရှုံးနိုင်ခြေ ၅-၁၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
(Ref: Szura 2015, Chason 2013)

လူနာအခြေအနေနဲ့ သွေးပေါင်ကျနေတာကို ထိန်းနိုင်ပြီဆိုတာနဲ့ အစာအိမ်မှန်ပြောင်းကြည့်ပြီး လိုအပ်သလို ကုသပေးရပါတယ်။ သွေးနီဓာတ် Hemoglobin ၇ အောက် ရောက်တဲ့ လူနာတွေကို သွေးသွင်းကုသသင့်ပြီး ၉ ကျော်အောင်တော့ သွေးမသွင်းသင့်ကြောင်း၊ ၉ ကျော်အောင် သွေးသွင်းရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများကြောင်း ကမ္ဘာတစ်ဝှမ်းမှ လေ့လာတွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်။

သွေးကြောထုံးပွတွေ ပေါက်ပြီး သွေးယိုတယ်လို့ ယူဆရရင် ဆေးရုံ/ဆေးခန်းကို ရောက်ပြီး (၁၂) နာရီအတွင်း အစာအိမ်မှန်ပြောင်းကြည့်ပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ အဲ့လို (၁၂) နာရီအတွင်း မှန်ပြောင်းကြည့် ကုသပေးနိုင်ဖို့ကတော့ သိပ်မလွယ်ပါဘူး၊ တတ်နိုင်သလောက် အမြန်ဆုံး ကြည့်ရှုကုသနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။
အစာရေမျိုပြွန် သွေးကြောထုံးပွပေါက်ပြီး သွေးထွက်တာဆိုရင် သွေးကြောထုံးပွကို သားရေကွင်းတွေနဲ့ချည်တဲ့ ကိရိယာလေး အစာအိမ်မှန်ပြောင်းထိပ်မှာ တပ်ပြီး ချည်ပေးလို့ ရပါတယ်။ အစာအိမ်သွေးကြောထုံးပွပေါက်လို့ သွေးထွက်တာဆိုရင် မှန်ပြောင်းကြည့်ပြီး သို့မဟုတ် အာထရာဆောင်းမှန်ပြောင်း Endoscopic Ultrasound (EUS) ကြည့်ပြီး သွေးကြောထုံးပွထဲကို ကော်တစ်မျိုးထိုးသွင်းကာ ခဲစေခြင်းနဲ့ ကုသပေးနိုင်ပါတယ်။ ကော်နဲ့အတူ အမျှင်လေးတွေပါတဲ့ဝါယာခွေလေးပါ ထည့်ပြီး ထိုးသွင်းပေးခြင်းက ပိုကောင်းတာကို တွေ့ရပါတယ်။ ကော်ထိုးသွင်း ကုသခြင်းမလုပ်မီ သွေးကြောပွတွေအတွင်း သွေးစီးဆင်းမှုအနေအထားကို သေချာသိပြီး သွေးခဲပြုတ်ထွက်ပိတ်ဆို့ခြင်း အန္တရာယ်ကို ရှောင်ရှားနိုင်အောင် သွေးကြောတွင်းဆေးသွင်းရိုက်တဲ့ MDCT ဓာတ်မှန် ရိုက်ဖို့ လိုပါတယ်။ အစာအိမ်သွေးကြောထုံးပွပေါက်လို့ သွေးထွက်ခြင်းကို မြန်မာနိုင်ငံမှာ ကော်တစ်မျိုးထိုးပြီး ကုသပေးနိုင်ပေမဲ့ ကန့်သတ်ချက်လေးတွေ ရှိပါတယ်။

ကျန်တဲ့အကြောင်းတွေကြောင့် သွေးယိုစီးတာဆိုရင် ဆေးရုံ/ဆေးခန်းကို ရောက်ပြီး (၂၄) နာရီအတွင်း အစာအိမ်မှန်ပြောင်းကြည့်ပြီး ကုသတာ အကောင်းဆုံး ဖြစ်ပါတယ်။
သွေးထွက်နေတဲ့နေရာကို ယာယီသွေးတိတ်ဆေးထိုးပေးပြီး ကလစ်နဲ့ညှပ်ကာ သွေးတိတ်စေခြင်း၊ သွေးတိတ်စေတဲ့ အပူပေးကိရိယာနဲ့ တို့ထိပြီး တိတ်စေခြင်း၊ သွေးတိတ်အောင် အာဂွန်ဂက်စ်အသုံးပြု အပူပေးပြီး သွေးတိတ်စေခြင်း၊ ယာယီသွေးတိတ်စေတဲ့ပေါင်ဒါဖြန်းပေးခြင်း စတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကုသပေးနိုင်ပါတယ်။

သိရဲ့သားနဲ့ ကန့်သတ်ချက်တွေရှိလို့ မလုပ်နိုင်တာဆိုရင်တော့ ထားပါတော့၊ လူနာ/လူနာရှင်တွေအနေနဲ့ မသိလို့ အချိန်မီ ကုသမှု မရလိုက်တာ ဖြစ်မှာစိုးလို့ အသိပညာ မျှဝေပေးခြင်း ဖြစ်ပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်

References
ESGE Guideline Gralnek 2022, ACG Guideline Loren 2021, In-text citations

အစာအိမ်အူလမ်းကြောင်း၊ မုန့်ချိုအိတ်နဲ့ သည်းခြေလမ်းကြောင်းရောဂါတွေအတွက် မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ ရရှိအောင်၊ မှန်ကန်တဲ့ ကုသမှုတွေ ရရှိအောင် တတ်နိုင်သလောက် အသိပညာ မျှဝေပေးနေပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ။

မိတ်ဆွေတွေ သိအောင်လည်း ထပ်ဆင့် မျှဝေနိုင်ပါတယ်

Photos from Happy & Healthy's post 15/10/2023

IBS အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ

IBS IBS ဆိုတဲ့ ရောဂါနာမည်ကို ကြားဖူးနားဝ ရှိနေကြမယ် ထင်ပါတယ်။ နာမည် အရှည်ကတော့ Irritable Bowel Syndrome ဖြစ်ပါတယ်။
အူလမ်းကြောင်းပြဿနာကြောင့် ခံစားရတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဗိုက်အောင့်တယ် ဝမ်းလျှော/ဝမ်းပျော့လာတယ် သို့မဟုတ် ဝမ်းချုပ်လာတယ် သို့မဟုတ် ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေတယ်ဆိုတာ ဒီရောဂါရဲ့ အဓိက လက္ခဏာ ဖြစ်ပါတယ်။

⚛ အဖြစ်များသလား
အဖြစ်များပါတယ်။ လူတစ်ရာမှာ ဆယ်ယောက်-အယောက်နှစ်ဆယ်လောက် ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၄၀ ဝန်းကျင်လောက်မှာ စဖြစ်လေ့ရှိပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

⚛ ဘာကြောင့်ဖြစ်သလဲ
IBS ရောဂါ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ ယူဆချက်တွေ ရှိပါတယ်၊ တစ်ခုတည်းကြောင့်ဖြစ်ပါတယ်လို့ တိတိကျကျ ပြောလို့တော့ မရပါဘူး။
ယူဆချက်တစ်ခုကတော့ IBS ရောဂါဟာ အူမကြီးနှင့်အူများ ပုံမှန်မဟုတ်ပဲ ညှစ်နေတာကြောင့် ဖြစ်တယ် ဆိုတာပါ။ အူတွင်းမှ အစာများ ရှေ့ဆက်သွားစေရုံ စည်းချက်ကျကျ ညှစ်နေတာ မဟုတ်ပဲ တရားလွန်တွေ ညှစ်တော့ ဗိုက်တွေ ကြွက်တက်သလို ထိုးထိုးအောင့်တတ်ပါတယ်။ အစာကြေလွယ်တဲ့ အမျှင်ဓာတ်ပါ အသီးအရွက်အစားအသောက်တွေ စားပေးရင်၊ ကြွက်သားညှစ်တာကို လျော့စေတဲ့ဆေးတွေ ပေးလိုက်ရင် သက်သာတဲ့အချက်က IBS ရောဂါ ဖြစ်စေတာ အူ ညှစ်အားများနေလို့ဆိုတာကို ဖော်ပြနေပါတယ်။

မွေးရာပါ ရောဂါတော့ မဟုတ်ပါဘူး။ တစ်ချို့လူတွေမှာ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ကဲ့သို့ ပြင်းထန်တဲ့ ရောဂါပိုး အူလမ်းကြောင်းမှာ ဝင်ပြီးမှ IBS ရောဂါ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ IBS ရောဂါရှိသူအများစုကတော့ အူလမ်းကြောင်းပိုးဝင်သလို ဖြစ်ခဲ့ဖူးတဲ့ ရောဂါရာဇဝင်ရှိမနေကြပါဘူး။

စိတ်ဖိစီးမှုများတာ၊ စိတ်ပူပန်မှုများတာက IBS ရောဂါ ဖြစ်စေတဲ့ အကြောင်းပါလို့ မပြောနိုင်ရင်တောင် IBS ရောဂါ လက္ခဏာတွေကို ပိုဆိုးစေတဲ့ အကြောင်းတွေ ဖြစ်တာ သေချာပါတယ်။ ငယ်ငယ်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာများတဲ့ ကလေးတွေ ကြီးလာရင် IBS ဖြစ်နိုင်ခြေများပါတယ်။

တကယ်တော့ လူသားတွေက အသီးအရွက်ကို အဓိကစားဖို့ ဒီဇိုင်းလုပ်ထားတယ်လို့ ပြောနိုင်ပါတယ်၊ တခြားတိရိစ္ဆာန်တွေနဲ့ သွားပေါက်တဲ့ပုံစံ နှိုင်းယှည်ကြည့်နိုင်ပါတယ်။ သားငါးတွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေကို အဓိကစားတဲ့ လူနေမှုပုံစံတွေ ပြောင်းလာတာနဲ့အမျှ အစာအိမ်အူလမ်းကြောင်းတွင်းက ပုံမှန်ရှိရမဲ့ အကျိုးပြုပိုးမွှားတွေ ဖွဲ့စည်းပုံနဲ့ အရေအတွက်တွေ ပြောင်းလဲပြီး IBS ကဲ့သို့ ရောဂါတွေ ဖြစ်လာရတယ်လို့လည်း တွေ့ရှိချက်တွေ ယူဆချက်တွေ ရှိပါတယ်။

တချို့အစားအသောက်တွေကြောင့် IBS လက္ခဏာတွေ သိသိသာသာ ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် နို့နဲ့ နို့ထွက်ပစ္စည်းအစားအသောက်အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ ကဲ့သို့ ဂေါ်ဖီအုပ်စုဝင် အစားအစာများကြောင့် အူတွင်းလေပွစေပြီး အူတွေပိုညှစ်စေလို့ ဗိုက်ပိုအောင့်စေပါတယ်။ ရှောင်သင့်တဲ့ အစားအသောက်တွေ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

လုံးဝ မတည့်တဲ့ အစားအသောက်ကို သေချာသိလာအောင် ဆရာဝန်နဲ့တိုင်ပင် စနစ်တကျ မှတ်သားပြီး ရှောင်ကြဉ်ရမှာပါ။ သေချာမတိုင်ပင်ပဲ အစားအသောက်တွေကို ကာလရှည်ကြာ ရှောင်နေရင်လည်း အာဟာရဓာတ်ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် စားချင်တာမစားရလို့ စိတ်ညစ်လာနိုင်ပါတယ်။

အူတွင်းက လေနဲ့ ပုံမှန်ညှစ်နေတာကို Oversensitive ဖြစ်ပြီး လေတွေ အရမ်းပွတယ်၊ အရမ်းညှစ်နေတယ်လို့ ခံစားရခြင်းက IBS ရောဂါရဲ့ အဓိက ပြဿနာတစ်ခု ဖြစ်ပါတယ်။

⚛ ဘယ်လိုလက္ခဏာတွေ ခံစားရသလဲ
ဗိုက်အောင့်ခြင်း
ကြွက်တက်သလို ညှစ်ညှစ်အောင့်တာများပါတယ်။ စိတ်ဖိစီးမှုနဲ့ တစ်ချို့အစားအသောက်တွေအပြင် ရာသီပေါ်တဲ့နေ့ရက်တွေမှာလည်း IBS လက္ခဏာဗိုက်အောင့်ခြင်း ပိုဆိုးနိုင်ပါတယ်။

ဝမ်းပြောင်းလဲခြင်း
ဗိုက်အောင့်ခြင်းအပြင် ပုံမှန်သွားနေကျ ဝမ်းထက် အကြိမ်ရေ ပိုများလာခြင်း၊ ပိုပျော့ပြီး အရည်ပုံစံဖြစ်လာခြင်း သို့မဟုတ် အကြိမ်ရေ ပိုနည်းလာခြင်း၊ ပိုမာပြီး အတုံးအခဲပုံစံ ဖြစ်လာခြင်း သို့မဟုတ် ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေခြင်း။

ဝမ်းပျော့/ဝမ်းလျှောခြင်း
တစ်ရက်ကို ၃ ကြိမ်နဲ့အထက် ဝမ်းပျော့ပျော့/အရည် သွားနေတတ်ပါတယ်။ ပုံမှန်သွားနေကျ အကြိမ်ထက်ပိုများပြီး၊ ပုံမှန်ဝမ်းထက်ပိုပျော့လာတာကိုလည်း IBS ဝမ်းလျှောခြင်းလို့ သတ်မှတ်လေ့ရှိပါတယ်။ များသောအားဖြင့် မနက်ပိုင်း အစာစားပြီးချိန်မှာ ဝမ်းသွားလေ့ရှိပါတယ်။ သွားခါနီးမှာ မထိန်းနိုင်လောက်အောင် အရမ်းသွားချင်ပြီး ဝမ်းသွားပြီးရင်လည်း ကုန်စင်အောင် မသွားလိုက်ရပဲ ဝမ်းကျန်နေသေးတယ်လို့ ခံစားရနိုင်ပါတယ်။ IBS ဝမ်းလျှောသူတွေရဲ့ တစ်ဝက်လောက်က ဝမ်းထဲမှာ အကျိအချွဲ ပါတတ်ပါတယ်။

ဝမ်းချုပ်ခြင်း
IBS ဝမ်းချုပ်ရောဂါရှိရင်တော့ ဝမ်းမကြာခဏ ချုပ်လေ့ရှိပါတယ်။ တစ်ခါချုပ်ရင် ရက်တော်တော်ကြာ ဖြစ်လေ့ရှိပါတယ်။ တစ်ပတ်ကို ဝမ်း ၃ ကြိမ်တောင်မသွားပဲ မာပြီးညှစ်ရခက်ရင် စမြင်းလုံးလေးတွေလို ဖြစ်နေရင် ဝမ်းချုပ်တယ် သတ်မှတ်နိုင်ပါတယ်။ ဝမ်းသွားဖို့ အိမ်သာမှာ အချိန်တော်တော်ကြာ ထိုင်ညှစ်နေရပြီး သွားပြီးရင်လည်း ကုန်တယ်လို့ မခံစားရတတ်ပါဘူး။

တခြားလက္ခဏာများ
ဗိုက်တင်းပြည့်ခြင်း၊ လေပွခြင်း၊ လေတက်ခြင်း

⚛ IBS ရောဂါသတ်မှတ်ခြင်း
IBS ရောဂါလို့ ပြောဖို့ Rome IV ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။
အကြမ်းဖျင်းအားဖြင့် သုံးလနဲ့အထက် တစ်ပတ်ကိုအနည်းဆုံးတစ်ရက် ဗိုက်အောင့်ရပါမယ်၊ ဗိုက်အောင့်ခြင်းက အောက်ပါအချက်များထဲမှ (၂) ချက်နဲ့ ဆက်စပ်နေရပါမယ်
(၁) ဝမ်းသွားလျှင်သက်သာခြင်း/ပိုဆိုးခြင်း
(၂) ဝမ်းသွားသောအကြိမ်ရေ ပုံမှန်ထက် များလာခြင်း/နည်းသွားခြင်း
(၃) ဝမ်းပုံစံ ပုံမှန်ထက် ပျော့/မာ လာခြင်း

⚛ စစ်ဆေးခြင်း
IBS ရောဂါ လက္ခဏာတွေက အစာစုပ်ယူမှုအားနည်းခြင်းရောဂါ (Malabsorption)၊ နာတာရှည်အူရောင်ရမ်းရောဂါ (Inflammatory Bowel Disease IBD)၊ ဂျုံမတည့်သောရောဂါ (Celiac disease)၊ အူမကြီး မသိမသာရောင်ခြင်းရောဂါ (Microscopic Colitis) စတဲ့ရောဂါတွေနဲ့လည်း ခပ်ဆင်ဆင်ဖြစ်နေလို့ သေချာအောင် မေးမြန်းစမ်းသပ်စစ်ဆေးမှု လုပ်ဖို့ လိုပါတယ်။

သွေးစစ်ဆေးခြင်းအနေနဲ့ သွေးအားနည်းသလား၊ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတဲ့ဓာတ်တွေ တက်နေသလား၊ ဂျုံမတည့်သောရောဂါဖြစ်နိုင်ခြေများလျှင်စစ်ဆေးခြင်း (မြန်မာမှာတော့ မရှိသလောက်ရှားပါတယ်) လည်ပင်းသိုင်းရွိုက်ဟော်မုန်းနည်း/များခြင်း၊ ကယ်လ်ဆီယမ်ဓာတ်များခြင်း၊ အူတွင်းရောင်ရမ်းမှုရှိနေသလား ဝမ်းစစ်ဆေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

စစ်ဆေးမှုတွေ အားလုံးပုံမှန်ဖြစ်နေမှ IBS ရောဂါလို့ သတ်မှတ်မှာဖြစ်ပါတယ်။

⚛ အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း
IBS ရောဂါလို့ထင်ရတဲ့ လက္ခဏာတွေရှိသူဟာ
အသက် (၄၅) ကျော်မှ ဖြစ်လျှင်
အကြောင်းမဲ့ပိန်လာလျှင်
ဝမ်းသွားလျှင် မနာ/မအောင့်ပဲ သွေးပါလျှင်
အကြောင်းမဲ့ သွေးအားနည်းလျှင်
မိသားစုထဲတွင် အူမကြီးကင်ဆာဖြစ်သူရှိလျှင်
မိသားစုထဲတွင် နာတာရှည် အူမကြီးရောင်ရောဂါရှိလျှင်
ဝမ်းဗိုက်အောက်ပိုင်းမှာ အလုံးအကျိတ်စမ်းမိလျှင်
စတဲ့အချက်တွေရှိရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေရှိလို့ အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးသင့်ပါတယ်။

⚛ အစားအသောက်
မိမိအတွက် IBS ရောဂါလက္ခဏာပိုဆိုးစေတဲ့ အစားအသောက်တွေကို သေချာသိနိုင်ဖို့ အောက်ပါ အစားအစာအုပ်စုအားလုံးကို အနည်းဆုံး ၂ ပတ်မှ ၆ ပတ်အထိ လုံးဝ ရှောင်လိုက်ပါ (၆ ပတ်ထက် ပိုရှောင်တာတော့ မကောင်းပါ)။ သက်သာလာမှ တစ်မျိုချင်းစီ ပြန်စားကြည့်ပါ။ စားလိုက်တိုင်း လက္ခဏာပိုဆိုးစေတဲ့ အစားအသောက်ကို မှတ်သားပြီး ရေရှည်ရှောင်သင့်ပါတယ်။

⚛ ရှောင်ရန် အစားအသောက်များ
လေပွစေတဲ့ အစားအသောက်တွေကို ရှောင်ပါ
နို့နှင့်နို့ထွက်ပစ္စည်းအစားအသောက်အမျိုးမျိုး၊ ပူတင်း၊ ရေခဲမုန့်၊ ပဲအမျိုးမျိုး၊
ပေါင်မုန့် ခေါက်ဆွဲ ပီဇာကဲ့သို့ ဂျုံဖြင့်ပြုလုပ်သောအစား‌အသောက်အမျိုးမျိုး၊
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ကညွတ်၊ မှို၊
ပန်းသီး၊ သစ်တော်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ မက်မွန်သီး၊ ဆီးသီး၊ ချယ်ရီသီး၊
သီဟိုဠ်စေ့၊ ပစ်စတာချီယိုစေ့၊
အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည်အမျိုးမျိုး၊ ပျားရည်၊
ကိတ်၊ ချောကလက်၊ ချိုချဉ်စသော မုန့်အချိုအမျိုးမျိုး

တခြားအစားအသောက်တွေက များသောအားဖြင့် တည့်ပါတယ်။ ဒိန်ချဉ်ကတော့ တည့်သူရှိသလို မတည့်သူလည်းရှိပါတယ်။ IBS ဝမ်းချုပ်ရောဂါမှာ အစာကြေလွယ်တဲ့ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်နဲ့ အစားအစာတွေက အကျိုးရှိပါတယ် စားလိုက်တိုင်း လေပွနေရင်တော့ များများမစားသင့်ပါ။ ဘယ်အစားအသောက်ဖြစ်ဖြစ် စားလိုက်တိုင်း IBS ရောဂါလက္ခဏာတွေ ပိုဆိုးစေတယ်ဆိုရင် မှတ်သားပြီး ရှောင်ကြဉ်သင့်ပါတယ်။

⚛ နေထိုင်မှုပုံစံ
စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်အောင် ကိုယ်လက်လှုပ်ရှားအားကစား တစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ခြင်း (တစ်ရက် နာရီဝက်၊ တစ်ပတ် ၅ ရက်ခန့်)၊ ဝါသနာပါသော အလုပ်တွင် အာရုံစိုက်ခြင်း၊ တရားထိုင်ခြင်း ပြုလုပ်သင့်ပါတယ်။
တစ်ရက်အနည်းဆုံး ၇ နာရီခန့် အိပ်ရေးဝဝ အိပ်ပါ။
ဆေးလိပ်သောက်ရင် ဖြတ်သင့်ပါတယ်။

⚛ ကုသခြင်း
သေချာမကုရင် သိသိသာသာမသက်သာပါဘူး စိတ်ညစ်ရပါတယ်။
သိသိသာသာ သက်သာလာအောင် စနစ်တကျကုရပါတယ်၊ ရေရှည် ဆောင်ရန် ရှောင်ရန်နဲ့ သင့်တော်တဲ့ ဆေးဝါးများပေးပြီး ကုသရပါတယ်။
နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး အရှင်းပျောက်အောင်ကုဖို့မလွယ်ပါ၊ သက်သာအောင် နေကောင်းအောင် ကုသပေးနိုင်ပါတယ်။
ကျွမ်းကျင်တဲ့ သမားတော် သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်း အထူးကုသမားတော်နဲ့ တိုင်ပင်ကုသင့်ပါတယ်။

လူနာရော၊ ကုသပေးနေရတဲ့ဆရာတွေပါ မသိသေးရင် သိနိုင်အောင် ဆေးနာမည်တွေပါ ရေးပေးထားပါတယ်။ မိမိသဘောနဲ့ ဆေးတွေ မသောက်သင့်ပါ စနစ်မကျရင် ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။

IBS ရောဂါမှာ ဗိုက်အောင့်သက်သာရန်အတွက် အစားအသောက်အနေအထိုင်ကို ညွှန်ကြားချက်အတိုင်း အရင် လိုက်နာပြောင်းလဲသင့်ပါတယ်။ အောင့်နေသေးရင် Hyoscine, Mebeverine, Drotaverine ကဲ့သို့ အူညှစ်တာကို ထိန်းတဲ့ဆေးတွေ အကျိုးရှိပါတယ်။ မသက်သာသေးရင် Oversensitive သိရှိခံစားနေရတာကို ထိန်းတဲ့ Amitriptyline, Escitalopram, Sertraline လိုဆေးတွေက အကျိုးရှိနိုင်ပါတယ်။

IBS ဝမ်းလျှောရောဂါအတွက် Loperamide လို ဝမ်းပိတ်ဆေးတွေက အကျိုးရှိပါတယ်။ ဝမ်းလျှောနေသေးရင် Alosetron (ဒီမှာတော့ Ondansetron ပဲ ရမယ်)၊ Rifaximin လိုဆေးတွေက အထောက်အကူပြုနိုင်တယ်။
Probiotics တွေက တစ်ချို့မှာ သက်သာစေပေမဲ့ ဘယ်အမျိုးအစား ပမာဏဘယ်လောက် အချိန်ဘယ်လောက်ကြာကြာပေးပါဆိုတဲ့ ခိုင်မာတဲ့ သုတေသနနဲ့ ညွှန်ကြားချက်တွေ နည်းနေပါသေးတယ်။

IBS ဝမ်းချုပ်ရောဂါအတွက် အစာကြေလွယ်တဲ့ အမျှင်ဓာတ်ပါ အစားအစာကို ဗိုက်ပိုပွလို့ မစားနိုင်ရင် အမျှင်ဓာတ်ဖြည့်ဝမ်းပျော့ဆေးအထုပ်လေးတွေ သောက်တာ သင့်တော်ပါတယ်၊ ဒီမှာလည်း ရနိုင်ပါတယ်၊ မသက်သာရင် Polyethylene glycol (PEG) ဝမ်းနှုတ်ဆေးအထုပ်လေးတွေ သောက်တာ အကျိုးရှိပါတယ်။ ဝမ်းချုပ်မသက်သာသေးရင် ဆက်ပေးသင့်တဲ့ ဆေးတွေတော့ ရှိတယ် မြန်မာနိုင်ငံမှာတော့ ရှားတယ် ရအောင် ကြိုးစားကြည့်နေပါတယ်။

ရောဂါလက္ခဏာ ပြောင်းလဲမှုအပေါ်မူတည်ပြီး ဆေးအတိုးအလျှော့လုပ်ပေးဖို့ လိုတာမို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ညွှန်ကြားတဲ့အတိုင်း ပြန်လည်တိုင်ပင်ကုသဖို့ တိုက်တွန်းချင်ပါတယ်။

အဖြစ်များတဲ့ စိတ်ဒုက္ခပေးတဲ့ IBS ရောဂါအကြောင်း ဗဟုသုတ တိုးပွားပြီး ကျန်းမာပျော်ရွင်ကြပါစေ။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

References:
UpToDate, ACG & BSG Guidelines 2021, AGA Guideline 2022

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ ပြန့်ပွားစေဖို့ ရောဂါဝေဒနာတွေ မှန်ကန်တဲ့ ကုသမှုရပြီး ပျောက်ကင်းကြစေဖို့ စေတနာအရင်းခံနဲ့ ၂၀၁၃ ခုနှစ်ကစပြီး Happy & Healthy page အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင် ရေးသားမျှဝေပေးနေတာ ဖြစ်ပါတယ်။

လိုအပ်တဲ့သူတွေ သိနိုင်အောင် ထပ်ဆင့် မျှဝေပေးနိုင်ပါတယ်။

Photos from Happy & Healthy's post 26/09/2023

ဆီးချိုတိုင်းစက် Glucometer

ဆီးချိုရှိသလား ❓
အနည်းဆုံး ၈ နာရီ မစားမသောက်ပဲ (နံနက်စာမစားမီ) စစ်လို့ ဆီးချို ၁၂၆ mg/dl နဲ့အထက် သို့မဟုတ်
ပုံမှန်ထမင်းစားပြီး ၂ နာရီအကြာမှာ စစ်တဲ့ ဆီးချို ၂၀၀ mg/dl ကျော်ဖြစ်နေရင် ဆီးချိုရှိနေဖို့ များပါတယ်။

မိသားစုထဲမှာ ဆီးချိုရှိသူ ရှိရင် မဖြစ်မနေ ဆောင်ထားသင့်တဲ့စက်
ဆီးချိုရှိတယ်လို့တော့ မသိသေးဘူး စိတ်ချရအောင် ကိုယ်စစ်ချင်တဲ့အချိန် စစ်နိုင်အောင်လည်း ဆောင်ထားသင့်တဲ့စက်

အဖြေမှန်ပြီး ဈေးနှုန်းသက်သာတဲ့ ဆီးချိုသွေးချိုတိုင်းတာစက် Thada Glucometer စက်တစ်လုံးမှ ၅၀၀၀ နဲ့ ငြိမ်းဆေးခန်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ စက် ပြဿနာကြုံတွေ့ရရင်လည်း အဆင်ပြေအောင် စီစဉ်ပေးတဲ့ ကုမ္ပဏီမို့လို့ သဘောကျပါတယ်။
Test strip ဝယ်ရခက်မှာ၊ ဈေးကြီးမှာလည်း စိတ်ပူဖို့ မလိုပါဘူး။
အချောင်း (၅၀) ပါ တစ်ဘူးကို ၂၆၀၀၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
(၅) ချောင်းတစ်တွဲယူရင်တော့ ၃၀၀၀ ပါ။

ရန်ကုန်၊ ဗဟန်းက ဆေးခန်းမှာ လာဝယ်နိုင်သလို၊ မြို့တော်တော်များများက အမှာတွေကိုလည်း ပစ္စည်းရောက်မှ ငွေချေစနစ်နဲ့ ပို့ပေးပါတယ်။ K pay နဲ့ ကြိုပေးပြီး မှာရင်လည်း ရပါတယ်။

အထူးကုသမားတော်နဲ့ Teleconsultation တိုင်ပင်ချင်ရင်လည်း ဆက်သွယ်နိုင်ပါတယ်။

Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်
Phone & Viber 09 977 273420

ဆီးချိုသွေးချို စောစောသိပြီး ပုံမှန်စစ်ဆေး ကုသနိုင်ကြပါစေ

17/09/2023

စားချဉ့်ပြန်ရောဂါ

ဒီပို့စ်မှာ စားချဉ့်ပြန်ရောဂါ GERD နဲ့ပတ်သက်လို့ စုံစုံလင်လင်သိရအောင် ရေးပေးထားပါတယ်။
အောက်ပါခေါင်းစဉ်လေးတွေပါပါတယ်
⨀ စားချဉ့်ပြန်ရောဂါဆိုတာဘာလဲ
⨀ စားချဉ့်ပြန်ရောဂါဘာကြောင့်ဖြစ်လဲ
⨀ စားချဉ့်ပြန်ရောဂါဖြစ်စေသောအကြောင်းများ
⨀ ဘာလက္ခဏာတွေပြလဲ
⨀ ရောဂါကြီးကြီးမားမားရှိနိုင်သော လက္ခဏာများ
⨀ စမ်းသပ်စစ်ဆေးခြင်း
⨀ ရှောင်သင့်သော အစားအသောက်များ
⨀ ကုသခြင်း

ပထမဆုံးသိစေချင်တာက
⨀ စားချဉ့်ပြန်ရောဂါဆိုတာဘာလဲ

❝ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် မကြာခဏ ရင်ပူတယ်၊ လေချဉ်တက်တယ် ❞

စားချဉ့်ပြန်ရောဂါရဲ့ ထုံးစံ ခံစားရလေ့ရှိတဲ့ လက္ခဏာတွေပါ
လူဆယ်ယောက်မှာ တစ်ယောက်လောက်ခံစားရအောင် အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
ရောဂါမရှိသူတွေမှာလည်း တစ်ခါတစ်ရံ ရင်ပူတာ လေချဉ်တက်တာ ဖြစ်နိုင်ပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် မကြာခဏဖြစ်နေမှ စားချဉ့်ပြန်ရောဂါအဖြစ် သတ်မှတ်ပါတယ်။
အသက်အန္တရာယ်မဖြစ်လောက်ပေမဲ့ သင့်ရဲ့ ပုံမှန်ဘဝနေထိုင်သွားလာစားသောက်မှုပုံစံကို ပျက်ယွင်းစေနိုင်ပါတယ်။ အစားပျက် အအိပ်ပျက်ဖြစ်စေပါတယ်။

⨀ စားချဉ့်ပြန်ရောဂါဘာကြောင့်ဖြစ်လဲ
အစာအိမ်ထဲက အစာခြေဖို့ အက်ဆစ်အရည်တွေ အစာရေမျိုပြွန်ထဲကို ပုံမှန်မဟုတ်ပဲ ပြန်တက်လာလို့ ဖြစ်တာပါ။ ပါးစပ်ထဲထိ ပြန်တက်နိုင်ပါတယ်။
ပုံမှန်အခြေအနေမှာ အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ပြန်မတက်လာအောင် အစာမျိုပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာမှာ ရှုံ့ကြွက်သားနဲ့ ရှုံ့ကြိုးလေးလို စုပြီးပိတ်ထားပေးပါတယ်။
ရှုံ့ကြွက်သားက လျော့ရဲနေရင်ဖြစ်စေ၊ အစာရေမျိုပြွန်အောက်ပိုင်းက ပုံမှန်မဟုတ်ပဲ ကျယ်ကျယ်နဲ့ကြာကြာပွင့်နေရင် ဖြစ်စေ၊ အစာအိမ်အပေါ်ပိုင်းတစ်စိတ်တစ်ပိုင်းက ရင်ဝမ်းခြားကြွက်သားအပေါက်ကိုကျော်ပြီး ရင်ခေါင်းအကန့်ထဲကို ကျွံလာရင်ဖြစ်စေ စားချဉ့်ပြန်ရောဂါ ဖြစ်လာတော့တာပါပဲ။

⨀ စားချဉ့်ပြန်ရောဂါဖြစ်စေသောအကြောင်းများ
စားချဉ့်ပြန်ရောဂါက အောက်ပါအကြောင်းတွေနဲ့ ဆက်စပ်နေပါတယ်
👉 ပြောရတာတော့အားနာပါတယ် ဝလို့ ဖြစ်ပါတယ်။ အဝလွန်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းမှာ ဝမ်းဗိုက်တွင်းဖိအားတက်လာပြီး အစာအိမ်ကို ဖိလို့ အစာအိမ်တွင်းက အက်ဆစ်ရည်တွေ အပေါ်ပြန်တက်လာပါတယ်။
👉 အစာရေမျိုပြွန်အောက်ပိုင်းရှုံ့ကြွက်သား လျော့ရဲစေသော ဆေးများ၊ အက်ဆစ်ဓာတ်ထွက်တာများစေသော ဆေးများ သောက်သုံးနေမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးကျဲဆေး၊ အကိုက်အခဲပျောက်အရောင်ကျဆေးတွေကြောင့်လည်း ပိုဆိုးပါတယ်။
👉 ဆေးလိပ်သောက်ရင်ပါတဲ့ နီကိုတင်းဓာတ်ကြောင့် အစာမျိုပြွန်ရှုံ့ကြွက်သားလျော့ရဲလို့ အက်ဆစ်ဓာတ်တွေ ပြန်ဆန်တက်ပါတယ်။
👉 အရက်သောက်ခြင်းကြောင့် အစာမျိုပြွန်လှုပ်ရှားမှုနှေးစေ အတွင်းနံရံထိခိုက်ပျက်စီးစေပြီး စားချဉ့်ပြန်ရောဂါ ဖြစ်စေနိုင်ပါတယ်။
👉 အသက်အရွယ်ကြီးလာရင်လည်း အစာမျိုပြွန်အောက်ပိုင်း ရှုံ့ကြွက်သားတွေ လျော့ရဲလာပြီး စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။
👉 တချို့သောအစားသောက်တွေ၊ ဘယ်လောက်မြန်မြန်စားလိုက်သလဲ၊ ဘယ်လောက်များများစားလိုက်သလဲ စတဲ့အချက်တွေကလည်း စားချဉ့်ပြန်ရောဂါနဲ့ သက်ဆိုင်ပါတယ်။

⨀ ဘာလက္ခဏာတွေပြလဲ
➡️ ရင်ပူခြင်း - ရင်ဝမှာပူနေပြီးလည်ချောင်းနားထိတက်လာနိုင်တယ်၊ ပက်လက်လှဲလိုက်ရင်၊ ခါးရှေ့ကိုင်းလိုက်ရင် ပိုဆိုးနိုင်တယ်၊ စားပြီးခါစပိုဖြစ်တတ်တယ်။
➡️ ပါးစပ်ထဲထိအစာပြန်တက်ခြင်း - စားထားတဲ့အစားအသောက်တွေ အစာအိမ်ထဲက အစာခြေရည်နဲ့ရောပြီး အစာရေမျိုပြွန်ကတစ်ဆင့် ပါးစပ်ထဲကို ပြန်တက်လာနိုင်ပါတယ်။ ချဉ် သို့မဟုတ် ခါးတဲ့ အရသာပါ ရှိပါလိမ့်မယ်။ (ချဉ်တာက အက်ဆစ်ဓာတ်ကြောင့်၊ ခါးတာက အူသိမ်ဦးပိုင်းတွင်းက သည်းခြေရည်ပါ ပါလာတာကြောင့်ပါ)
➡️ လည်ချောင်းနာခြင်း - ပြန်တက်လာတဲ့အက်ဆစ်ရည်ကြောင့် လည်ချောင်းပူခြင်း၊ နာခြင်းက ပုံမှန်လို မပျောက်ပဲ ကြာရှည်ဖြစ်နေနိုင်ပါတယ်။
➡️ အသံကွဲအက်အက်ဖြစ်ခြင်း - အသံကြိုးနဲ့ အသံအိုးကိုပါ ပြဿနာပေးလို့ပါ
➡️ ချောင်းဆိုးခြင်း - အက်ဆစ်ရည်ရဲ့ လှုံ့ဆော်မှုကြောင့် နာတာရှည် ချောင်းဆိုးခြင်းလည်း ဖြစ်နိုင်ပါတယ်။
➡️ ပန်းနာရင်ကျပ် - ပြန်တက်လာတဲ့ အက်ဆစ်ရည်အနည်းငယ် လေပြွန်ထဲဝင်လို့ လေပြွန်ကျဉ်းတဲ့ တုံ့ပြန်မှုကြောင့် နာတာရှည် ပန်းနာရင်ကျပ်လည်း ဖြစ်နိုင်ပါတယ်။ ရင်ကျပ်သက်သာတဲ့ဆေး ပေးရုံနဲ့ မပျောက်နိုင်တဲ့ ရင်ကျပ်ရောဂါပေါ့။
➡️ ရင်ဘတ်အောင့်ခြင်း - အက်ဆစ်ရည်နဲ့ထိတွေ့ရင် အစာရေမျိုပြွန်က အောင့်တဲ့ဝေဒနာနဲ့လည်း ဖော်ပြတတ်ပါတယ်။ နှလုံးရောဂါလို့မှားနိုင်လို့ နှလုံးစစ်ဆေးမှုတော့ လုပ်သင့်ပါတယ်။ အက်ဆစ်ဓာတ်လျော့ကျစေတဲ့ အစာအိမ်ဆေးပေးလိုက်ရင် သက်သာတတ်တဲ့ ရင်ဘတ်အောင့်ရောဂါပါ။
➡️ လည်ချောင်းမှာတစ်ဆို့ဆို့ခံစားရခြင်း - အက်ဆစ်ရည်နဲ့ထိတွေ့တာများလို့ အစာရေမျိုပြွန်က တုံ့ပြန်မှုလွန်ကဲပြီး တကယ်တစ်ဆို့နေတာမရှိပေမဲ့ လည်ချောင်းတစ်နေရာရာမှာ တစ်ဆို့တစ်ဆို့ ဖြစ်နေတယ်ဆိုတဲ့ ခံစားမှုကို ပေးနေတာပါ။ တော်တော်ကို အဖြစ်များ အတွေ့ရများတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။
➡️ အစားအသောက်မျိုချရင် ခက်ခဲခြင်း၊ တစ်နေခြင်း၊ နာခြင်း - အစာမျိုပြွန်၊အစာအိမ်နဲ့အူသိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးပေးဖို့ လိုပါမယ်။
➡️ ပျို့ပျို့နေခြင်း - အန်မထွက်ပေမဲ့ ပြန်ဆန်တက်လာတဲ့ အက်ဆစ်ရည်ကြောင့် ပျို့ပျို့နေတတ်ပါတယ်။
➡️ တံတွေးထွက်များခြင်း - ပါးစပ်တွင်းထိပြန်တက်လာတဲ့ အက်ဆစ်ရည်ရဲ့ လှုံ့ဆော်မှုကြောင့် တံတွေးထွက်တာများလာပါတယ်။
➡️ အေ့အေ့နဲ့ လေတက်ခြင်း - မကြာခဏ တအေ့အေ့နဲ့ လေပျို့ခြင်း၊ လေတက်ခြင်း၊ လေချဉ်တက်ခြင်း၊ ကြို့ထိုးခြင်း။
➡️ အန်ခြင်း - တချို့မှာတော့ မကြာခဏအန်ခြင်း ဖြစ်နိုင်ပါတယ်။

⚠️ ရောဂါကြီးကြီးမားမားရှိနိုင်သော လက္ခဏာများ
သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ မကြာခဏအန်ခြင်း၊ အစာမျိုချရခက်ခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ဗိုက်တွင်အလုံးအကျိတ်စမ်းမိခြင်း၊ သွေးစစ်ဆေးမှုတွင် သွေးအားနည်းနေခြင်း၊ မိသားစုရင်းများတွင် အစာအိမ်ကင်ဆာဖြစ်ဖူးခြင်း။
အထက်ပါအချက်တစ်ခုခု ရှိရင်တော့ ဘယ်အသက်အရွယ်ဖြစ်ဖြစ် အစာမျိုပြွန်၊အစာအိမ်နဲ့အူသိမ်မှန်ပြောင်း ကြည့်ဖို့ လိုပါတယ်
ဗိုက်ကသိကအောက်ဖြစ်သူက အသက် (၅၀) ကျော်ရင်တော့ မှန်ပြောင်း စောစောကြည့်ဖို့ တိုက်တွန်းပါတယ်။
အစာရေမျိုပြွန်၊ အစာအိမ်နဲ့အူသိမ်ရောင်ခြင်း၊ ပွန်းခြင်း၊ အနာဖြစ်ခြင်း၊ အကျိတ်ရှိခြင်း၊ အစာအိမ်ကျွံခြင်း ပြဿနာတွေ တွေ့ရနိုင်ပါတယ်။

⨀ စမ်းသပ်စစ်ဆေးခြင်း
ကျွမ်းကျင်တဲ့ဆရာဝန် သို့မဟုတ် အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပါ။
👉 ရင်ပူခြင်း လေချဉ်တက်ခြင်းကဲ့သို့ စားချဉ့်ပြန်ခြင်းရဲ့ ထုံးစံ လက္ခဏာတွေပဲရှိတယ်ဆိုရင် အစပိုင်းမှာ စစ်ဆေးမှုလုပ်ဖို့ မလိုပဲ ကုသမှုစပေးနိုင်ပါတယ်။
👉 အစာအိမ်မှန်ပြောင်း ကြည့်သင့်တဲ့အချက်တွေရှိရင်တော့ မှန်ပြောင်းကြည့်ပြီး စစ်ဆေးခြင်း၊ လိုအပ်ရင် အသားစယူပြီး စစ်ဆေးခြင်း ပြုလုပ်ရပါမယ်။
👉 စားချဉ့်ပြန်ရောဂါကို ၂ လခန့် စနစ်တကျ ကုသပြီးပေမဲ့ မသက်သာရင်လည်း အစာအိမ်မှန်ပြောင်းကြည့်ဖို့ လိုအပ်ပါတယ်။ စားချဉ့်ပြန်ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အစာမျိုပြွန်ပွန်းပဲ့ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ ကျဉ်းခြင်း၊ ကင်ဆာဖြစ်နိုင်သောအခြေအနေ ပြောင်းလဲခြင်းတွေ တွေ့ရနိုင်ပါတယ်။
အစာအိမ်မှန်ပြောင်းလို့ အလွယ်ပြောလိုက်ပေမဲ့ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေကို ကြည့်ရှုစစ်ဆေး ကုသပေးနိုင်တဲ့ မှန်ပြောင်းကြည့်နည်းစနစ်ဖြစ်ပါတယ်။ ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်သန်းအရွယ်ပိုက်ပျော့လေးကို ပါးစပ်ကတစ်ဆင့် ထည့်ကြည့်တာပါ။
👉 ထုံးစံလက္ခဏာတွေနဲ့လာတာတော့မဟုတ်ဘူး စားချဉ့်ပြန်ရောဂါလို့လည်း သံသယရှိတယ်ဆိုရင် အက်ဆစ်ဓာတ်နဲ့အစာတွေ ပြန်ဆန်တက်လာတာကို သိနိုင်တဲ့ Sensor ပါတဲ့ ပိုက်လေးကို နှာခေါင်းကတစ်ဆင့်ထည့်ပြီး တစ်ရက်လောက်တပ်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံ ဆေးရုံဆေးခန်းတော်တော်များများမှာတော့ အဲ့စမ်းသပ်မှုကို မလုပ်နိုင်ပါဘူး။
👉 အစာမျိုပြွန်လှုပ်ရှားမှုမမှန်လို့ဖြစ်တဲ့ရောဂါများ၊ အနာနဲ့ အကျိတ်များကို အကြမ်းဖျင်းသိနိုင်အောင် အဖြူရောင်ဆေးရည်ပျစ်ပျစ်တစ်မျိုးသောက်ပြီးရိုက်တဲ့ ဓာတ်မှန်လည်း အထောက်အကူပြုပါတယ်။
👉 အစာမျိုပြွန်လှုပ်ရှားမှုမမှန်ခြင်း၊ ရှုံ့ကြွက်သားအလုပ်လုပ်တာမမှန်ခြင်းကို သိနိုင်တဲ့ စစ်ဆေးမှုလည်း ရှိပါတယ်။ လုပ်ပေးနိုင်တဲ့ ဆေးရုံတော့ ရှားပါတယ်။

⨀ စားချဉ့်ပြန်ရောဂါတွင် ရှောင်သင့်သော အစားအသောက်များ
စားသောက်လိုက်တိုင်း ရင်ပူပြီး ဗိုက်ကသိကအောက်ဖြစ်စေတဲ့ အစားအသောက်တွေကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့်
⚠️ ဆီကြော်/အဆီများသော အစားအသောက်များ
⚠️ ချောကလက်
⚠️ ပူစီနံရွက်/အရည်
⚠️ အရက်/ဘီယာ
⚠️ ကော်ဖီ
⚠️ ဂက်စ်များသော ဖျော်ရည်များ
⚠️ အချဉ်ရည်ဆော့စ်အမျိုးမျိုး
⚠️ မုန်ညှင်းချဉ်
⚠️ ရှာလကာရည်
⚠️ အချဉ်များသောအသီးနှင့်ဖျော်ရည်အမျိုးမျိုး

⨀ အမူအကျင့်ပြောင်းလဲခြင်း
👉 တစ်ခါတည်းဗိုက်အရမ်းပြည့်အောင့်မစားပဲ နည်းနည်းချင်းစီ ခွဲစားပါ။
👉 လှဲမအိပ်မီ ၃ နာရီအတွင်း စားသောက်ခြင်းကို ရှောင်ပါ။
👉 အိပ်ရာ/ကုတင်ခေါင်းရင်းပိုင်းကို ခုပြီး ၆ လက်မခန့် မြှင့်ထားပါ။
👉 ဝနေရင် ဝိတ်ချပါ။ ကိုယ့်ဖာသာ ဝနေသလား မသေချာရင် BMI တွက်ကြည့်ပါ 25 ကျော်ရင် ဝနေပါပြီ။ အရပ်နဲ့ ကိုယ်အလေးချိန်ကို သိရင် ကိုယ့်ဖာသာတွက်ကြည့်လို့ရတဲ့ Online BMI Calculator တွေရှိပါတယ်။
👉 အစာအိမ်တွင်းက အက်ဆစ်နဲ့အစာတွေ ပြန်တက်စေနိုင်လို့ ဗိုက်တင်းကျပ်စေသော အဝတ်အစားကျပ်ကျပ်များဝတ်ခြင်း၊ ဝမ်းဗိုက်ဖိအားများစေမဲ့လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
👉 ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

⨀ ကုသခြင်း
အကောင်းဆုံးကုသမှုရအောင် ထပ်ပြောပါရစေ၊ ကျွမ်းကျင်တဲ့ဆရာဝန် သို့မဟုတ် အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပါ။
American College of Gastroenterology ACG Guideline (2022) အရ
⚛ ရင်ပူခြင်း လေချဉ်တက်ခြင်းကဲ့သို့ စားချဉ့်ပြန်ခြင်းရဲ့ ထုံးစံ လက္ခဏာတွေပဲရှိတယ်ဆိုရင် Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole ကဲ့သို့ အစာအိမ်အက်ဆစ်ဓာတ်လျော့ကျစေသောဆေးတစ်မျိုးကို နံနက်စာမစားမီ နာရီဝက်လောက်မှာ တစ်ကြိမ်၊ ၈ ပတ် (၂ လခန့်) သောက်ရုံနဲ့ သက်သာမဲ့သူများပါတယ်။ တခြားလက္ခဏာတွေပါ ရှိရင်တော့ တစ်ရက် ၂ ကြိမ် နံနက်စာမစားမီနဲ့ ညစာမစားမီ နာရီဝက်မှာ သောက်သင့်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အစားအသောက်၊ အမူအကျင့်လည်း ဂရုစိုက်ရပါမယ်။
၂ လလောက် သေချာသောက်ပြီး သက်သာပြီဆိုရင် အစာအိမ်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့ တဖြည်းဖြည်း လျှော့ပြီး ရပ်နိုင်အောင် လုပ်ရပါမယ်။ မလိုအပ်ပဲ နှစ်နဲ့ချီပြီးသောက်ရင် ဘေးထွက်ဆိုးကျိုးရှိပါတယ်။
⚛ အစာအိမ်လှုပ်ရှားမှုနှေးခြင်းရောဂါပါ တွဲပြီးရှိနေရင်တော့ အစာအိမ်လှုပ်ရှားမှုကို အားပေးတဲ့ Metoclopramide, Domperidone, Itopride, Mosapride စတဲ့ဆေးတွေပါ တွဲပေးနိုင်ပါတယ်။ သက်သာလာရင် ဆေးကို ရပ်နိုင်အောင် လျှော့ကြည့်ရပါမယ်။
⚛ စမ်းသပ်လေ့လာတွေ့ရှိချက်တွေအရ Sodium Alginate (ဥပမာ Gaviscon, Nugel) ပါဝင်တဲ့ ဆေးကို အစာစားပြီးသောက်ရင် စားချဉ့်ပြန်တဲ့လက္ခဏာတွေ သက်သာတာကို တွေ့ရှိရပါတယ်။
⚛ ဆေးတွေ သတ်မှတ်ချိန်ပြည့်အောင် သေချာသောက်လို့မှ စားချဉ့်ပြန်ရောဂါ မသက်သာရင် အစာအိမ်နဲ့အစာမျိုပြွန်ဆက်တဲ့နေရာကျယ်နေတာကို ပုံမှန်ပြန်ဖြစ်အောင် အစာအိမ်မှန်ပြောင်းမှတစ်ဆင့် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

References
AGA gi patient center, ACG Guideline 2022, UpToDate

(မှတ်ချက်။ ရေးသားဖော်ပြထားသော ဆေးများနှင့်ပတ်သတ်၍ အကျိုးအမြတ် တစ်စုံတစ်ရာ ရယူထားခြင်းမရှိပါ)

ဒေါက်တာငြိမ်းကိုဟိန်း
M.B.,B.S, M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
ERCP and EUS Training (AIG Hospitals, India)
အစာအိမ်အူလမ်းကြောင်း၊မုန့်ချိုအိတ်နှင့်သည်းခြေလမ်းကြောင်း အထူးကုသမားတော်

ကျန်းမာရေးဗဟုသုတတိုးပြီး စားချဉ့်ပြန်ရောဂါဝေဒနာ ကင်းဝေးကြပါစေ

ဆေးခန်းတွေကတစ်ဆင့်ဖြစ်စေ၊ လူနာတိုက်ရိုက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း၊မုန့်ချိုအိတ်နှင့်သည်းခြေလမ်းကြောင်း အထူးကုသမားတော်နဲ့ လာရောက်ပြသဖို့၊ Teleconsultation တိုင်ပင်ကုသဖို့ လိုအပ်ရင်
လူနာတွေ၊ ဆေးခန်း/ဆေးရုံတွေ ဆေးလိုအပ်ရင်
ငြိမ်းဆေးခန်း (ဗဟန်း၊ ရန်ကုန်)
Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။

ခင်မင်သူတွေသိအောင်လည်း မျှဝေပေးနိုင်ပါတယ်

Photos from Happy & Healthy's post 20/08/2023

👉 အသားစယူပြီး အစာအိမ်ပိုး စစ်ဆေးခြင်း

အစာအိမ်မှန်ပြောင်းကြည့်သင့်လို့ ကြည့်ချိန်မှာ အသားစသေးသေးယူပြီး အစာအိမ်ပိုးစစ်လိုက်တာ များပါတယ်။ Rapid Urease Test (RUT) လို့ ခေါ်ပါတယ်။

👉 အဖြေမှန်ဖို့အတွက်
ပိုးရှိမရှိ မစစ်ဆေးမီ
Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole စတဲ့ ဆေးတွေကို အနည်းဆုံး (၂) ပတ် ရပ်ထားရပါမယ်
ပိုးသတ်ဆေးအမျိုးမျိုးနဲ့ Bismuth ဆေး ကို အနည်းဆုံး (၄) ပတ် ရပ်ထားရပါမယ်
အဲ့လို သေချာ မရပ်ထားပဲ စစ်ရင် ပိုးရှိရင်လည်း အဖြေမှားပြီး မရှိဘူး ပြပါတယ်။

👉 အစာအိမ်ပိုးစစ်တဲ့အဖြေရဖို့ ဘယ်လောက်စောင့်ရမလဲ
လူနာတွေတင်မကဘူး၊ ဆရာဝန်၊ သူနာပြုတွေပါ သေချာသိဖို့ လိုလာပါတယ်
Test kit ရောင်းတဲ့ ကုမ္ပဏီတွေကပြောတာနဲ့၊ လက်တွေ့ လေ့လာစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေက နည်းနည်း ကွာလို့ပါ။

CLOtest လိုမျိုး Gel type ဆိုရင် အဖြေပြတဲ့ Reaction နည်းနည်းကြာပါတယ်။

Pronto Dry လို Paper type ဆိုရင် ပိုမြန်နိုင်ပါတယ် တစ်နာရီလောက်အတွင်း အဖြေပေါ်တာများပါတယ်။ နောက်မှ အရောင်ပြောင်းတာလည်း ရှိပါတယ်။

👉 ပိုးရှိရင် အဝါရောင်ကနေ ပန်းရောင်/အနီရောင်ပြောင်းသွားပါတယ်။

👉 လက်တွေ့လေ့လာထားချက်တွေအရတော့ ဘယ် Test ကို သုံးသုံး ၂၄ နာရီထိ စောင့်ကြည့်တဲ့ အဖြေက ပိုမှန်ပါတယ်။

လူတစ်ထောင်ကျော်မှာ လေ့လာထားတဲ့ အီတလီက လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်အရ Sensitivity လို့ခေါ်တဲ့ RUT စစ်ဆေးတဲ့နည်းလမ်းတွေရဲ့ အစာအိမ်ပိုးရှိရင် ရှိကြောင်း ပြနိုင်စွမ်းတွေကို အောက်ကပုံမှာ တွေ့နိုင်ပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

ဆေးခန်းတွေကတစ်ဆင့်ဖြစ်စေ၊ လူနာတိုက်ရိုက်ဖြစ်စေ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ Teleconsultation တိုင်ပင်ကုသဖို့ လိုအပ်ရင်
ငြိမ်းဆေးခန်း (ဗဟန်း၊ ရန်ကုန်)
Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။

07/08/2023

⨀ HIV ကုသသော ART ဆေးတွဲ အသစ် ⨀

HIV ပိုးရှိတဲ့သူတွေကို ကုသဖို့အတွက် ART ဆေးအတွဲတွေ များပါတယ်။
Guideline တွေ တိုက်တွန်းထားတဲ့၊ မြန်မာနိုင်ငံမှာလည်း ရနိုင်တဲ့ ပထမ ဦးစားပေးဆေးအတွဲတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

Dolutegravir 50 mg
TAF 25 mg or TDF 300 mg
Emtricitabine 200 mg or Lamivudine 300 mg

အထက်ပါဆေးသုံးမျိုးတွဲထုတ်ထားတဲ့ ဆေးကို နေ့စဉ် တစ်လုံးသောက်ရင် ရောဂါပိုးကို ထိရောက်စွာ နိုင်နင်းနိုင်ပါတယ်၊ တခြားသူကို ကူးစက်နိုင်ခြေလည်း မရှိသလောက်ဖြစ်သွားပါတယ်။ ဆေးဖြတ်လို့တော့ မရပါဘူး။ ဆေးဖြတ်လိုက်ရင် ပိုးတွေ ပြန်ပွားလာပါလိမ့်မယ်။

TDF ဆေးကို ရေရှည်သောက်ရင် ကျောက်ကပ်အားနည်းခြင်းနဲ့ အရိုးပွခြင်း ဖြစ်လာနိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက် ရှိလို့ TAF ဆေးပါတဲ့အတွဲကတော့ ပိုသင့်တော်ပါတယ်။
ကူးစက်နိုင်တဲ့ထိတွေ့မှုဖြစ်ပြီး ကာကွယ်ဖို့အတွက် ၇၂ နာရီအတွင်း မီအောင် စသောက်ရတဲ့ PEP ဆေးအနေနဲ့လည်း သုံးပါတယ်။

မြန်မာနိုင်ငံမှာ အရင်က သုံးခဲ့ကြတဲ့ Efavirenz ဆေးပါဝင်တဲ့ TLE, TEE ဆေးအတွဲတွေကို လက်ရှိသောက်နေတဲ့လူနာတွေ အများကြီးရှိတာ တွေ့ရပါတယ်။ အခမဲ့ ပေးနိုင်ဖို့အတွက် ကုန်ကျစားရိတ်သက်သာလို့ ကုသမှုစင်တာတွေမှာ သုံးတာများပါတယ်။ အာနိသင်လည်း မဆိုးပါဘူး ဘေးထွက်ဆိုးကျိုးအနည်းငယ်တော့ ရှိပါတယ်။ တစ်ချို့ စင်တာတွေမှာ Dolutegravir+Lamivudine+TDF အတွဲကိုပါ အခမဲ့ ပေးနိုင်တာတွေ့ရပါတယ် ဝမ်းသာစရာပါ။ ပုံမှန် ဆေးသွားထုတ်နိုင်ဖို့တော့ လိုတာပေါ့။

အကြောင်းအမျိုးမျိုးကြောင့် အခမဲ့ဆေးမထုတ်ပဲ ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိအစီအစဉ်နဲ့ ART ဆေးဝယ်သောက်နေတဲ့ လူနာတွေလည်း များပါတယ်။

မိမိစားရိတ်နဲ့ ဘယ်ဆေးအတွဲ သောက်နေတဲ့သူဖြစ်ဖြစ် ကုန်ကျစားရိတ်ပြဿနာမရှိရင် အာနိသင်ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ Dolutegravir+Emtricitabine+TAF ဆေးအတွဲ ပြောင်းသောက်သင့်တယ်လို့တောင် ဆိုချင်ပါတယ်။
ဆေးပြောင်းမသောက်မီ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တော့ တိုင်ပင်ပါ၊ စိတ်ချရအောင် ပြန်စစ်သင့်တာလေးတွေ ရှိတယ်။

-------------------------------------

မှန်ကန်တဲ့ တရားဝင်ဆေးတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ပြည်တွင်း/ပြည်ပက လူနာတွေ လက်ထဲ အရောက်ပို့ပေးချင်တာ ငြိမ်းဆေးခန်းနဲ့ဆေးဆိုင်မိသားစုရဲ့ စေတနာမှန်ပါ။
လူနာအနေနဲ့ ရေရှည်သောက်ဖို့ မိမိတတ်နိုင်တဲ့ ကုန်ကျစားရိတ်နဲ့ ကိုက်ညီတဲ့ ဆေးကို ရွေးချယ်နိုင်အောင်လည်း ဆေးအမျိုးအစားတူ Brand စုံအောင် တင်ပေးထားပါတယ်။
တခြားဆေးဆိုင်တွေမှာ ဝယ်မရ/ဈေးများတဲ့ ဘီပိုး၊ စီပိုးနဲ့ အစာအိမ်အူလမ်းကြောင်း ဆေးတွေလည်း In Stock ရှိပါတယ်။
Delivery ရောက်တဲ့မြို့ဆိုရင် ပစ္စည်းရောက်မှ ငွေချေလို့လည်း ရလို့ မြို့ပေါင်းစုံက လစဉ်မှာနေတဲ့ လူနာတွေလည်း များပါတယ်။

အကောင်းဆုံး ART or PEP ဆေးလိုချင်ရင်
Dolutegravir+Emtricitabine+TAF ဆေးအတွဲ ၂ မျိုးရပါမယ်။
လက်ရှိဈေး တစ်လစာ တစ်မျိုးက ၉၀၀၀၀၊ တစ်မျိုးက ၁၁၀၀၀၀ ပါ။ ကုမ္ပဏီမတူလို့ ဈေးကွာတာပါ။

Dolutegravir+Lamivudine+TDF ဆေးအတွဲ ၂ မျိုးရပါမယ်။
တစ်မျိုးက ၇၅၀၀၀၊ တစ်မျိုးက ၁၀၅၀၀၀ ပါ။

-------------------------------------

ကျွမ်းကျင်တဲ့သမားတော်နဲ့ တိုင်ပင်လိုရင်
လက်ရှိအနေအထားမှာ အကောင်းဆုံးနဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံး
ART or PEP ဆေး ဝယ်ယူလိုရင်

ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်
Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်

HIV မကူးစက်အောင်ဆင်ခြင်ပါ၊ ပိုးရှိရင် အကောင်းဆုံးကုသမှု ခံယူပါ။

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Hepatitis B ဘီပိုးရှိလျှင် သိသင့်သည့်အချက်များ

Address


Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
Yangon

Other Yangon health & beauty businesses (show all)
ZAR & ZAR Co., Ltd. ZAR & ZAR Co., Ltd.
No. 99/A3, Boe Hla Garden, Than Lwin Road
Yangon

One of the leading phamarceutical distributors in Myanmar. Contact - (01)7532640/1/2/3, 09791089803

Harmony Myanmar Online Shop Harmony Myanmar Online Shop
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY

We are selling Thailand & Korea cosmetic, skin care

Jolie C Coffee Jolie C Coffee
No 70, Yadanar Street, Kamayut Tsp
Yangon, 11041

ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့

ဟာန်နုမာန် By Dawhninkhaing ဟာန်နုမာန် By Dawhninkhaing
Yangon

သဘာဝတိုင်းရင်းဆေးများ နှင့် ဆေးမှီ?

Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Max Man Spray ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09754999258

ကျွန်ုပ်တို့သည် ကုန်ပစ္စည်း အစစ်အမှန်များကိုသာ ရောင်းချပါသည်။ အတုအပများ "လုံးဝ" မရောင်းပါ။

YE TA KHON Pharmaceuticals YE TA KHON Pharmaceuticals
Thingangyin Township
Yangon

Healthcare is always our priority

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Aung Htoo Sann Healthy Food Mart Aung Htoo Sann Healthy Food Mart
No. 16 , Ground Floor , Sa Ka Sein Street , Alone Township
Yangon, 11111

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များကို ရောင်းချပေးတဲ့ Healthy Food Mart မှ ဖိတ်ခေါ်ပါတယ်နော်

Mi Wynne Cosmetics Mi Wynne Cosmetics
Yangon, 11011

Grab now pay later �

Junphyo Jundi Junphyo Jundi
ကြည့်မြင်တိုင်အုန်းပင်လမ်း
Yangon

မင်္ဂလာပါရှင့် ရွေအိုးပုတ်ဆေးရွက်ထုပ်